Switch Mode

အခန်း ( ၁၉၀ )

ဓမ္မလက်နက်စစ်သည် စစ်ဆေးပွဲ

ဝမ်ပေါင်လဲ့မှာ ခံစားချက်မျိုးစုံဖြင့် ယောက်ယက်ခတ်နေတော့သည်။ သူသည် အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေပြီး နောက်ထပ် အချက်ရေအနည်းငယ်ခန့် ထပ်၍ ပစ်ခတ်ကြည့်လိုက်၏။ ထို့နောက် သူသည် စိတ်နှလုံး လှုပ်ရှားသွားရပြီး ပျော်ရွှင်လွန်းနေသောကြောင့် အသားများပင် တုန်ရီလာတော့သည်။ သူ၏ မျက်ဝန်းများမှာလည်း တဖြည်းဖြည်းနှင့် ပို၍ တောက်ပလာကြ၏။

ဝမ်ပေါင်လဲ့မှာ အတိုင်းမသိလောက်အောင် စိတ်ကျေနပ်နေပြီဖြစ်သည်။ ထို နတ်ဘုရားရတနာ၏ ပစ်ခတ်အားမှာ မီးနတ်ဘုရားအမြောက် အစစ်လောက် အားမပြင်ပါသော်လည်း ၎င်းမှာ လိုသလို နေရာရွှေ့ပြောင်းနိုင်သလို သယ်ဆောင်ရသည်မှာလည်း လွယ်ကူ၏။ ထိုတစ်ချက်နှင့်ပင် ၎င်း၏ တန်ဖိုးမှာ တိုင်းတာ၍မရနိုင်လောက်အောင် ကြီးမားသွားပြီဖြစ်သည်။

” ဒီလိုမျိုး နတ်ဘုရားရတနာတွေ အများကြီးရှိပေမယ့် သူတို့ထဲကအများစုက စတုတ္ထအဆင့် ဒါမှမဟုတ် ပဉ္စမအဆင့် ရတနာတွေ ဖြစ်ကြတာများတယ်။ သူတို့ရဲ့ ပစ်ခတ်အားတွေက အံ့ဩဖို့ကောင်းပေမယ့် သူတို့ကို အသုံးပြုဖို့က စွမ်းအင်ပမာဏ အများကြီး လိုအပ်တာ။ အဲ့အပိုင်းမှာဆိုရင် အဲဒီရတနာတွေက ငါ့ရဲ့ ပေါင်လဲ့အမြောက်ကို ယှဉ်နိုင်မှာမဟုတ်ဘူးကွ ”

ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ အကဲဖြတ်ကြည့်လိုက်ပြီးနောက် သူ၏ ချင့်ချိန်သုံးသပ်မှုများကို ကျေနပ်အားရသွား၏။ သူသည် ထိုအမြောက်အား အကြိမ်အနည်းငယ်ခန့်ထပ်၍ ပွတ်သပ်လိုက်ပြီးနောက် ၎င်းအား သူ၏ သိုလှောင်လက်ကောက်ထဲသို့ မထည့်ချင် ထည့်ချင်နှင့် ပြန်ထည့်ကာ သိမ်းဆည်းလိုက်၏။
ထို့နောက် သူသည် ပျော်ရွှင်မြူးထူးစွာ လေချွန်၍ အဆင့်မြင့်ကျွန်းပေါ်ရှိ သူ၏ နတ်ဝိဇ္ဇာဂူဆီသို့ စိတ်ဓာတ်တက်ကြွစွာ ပြန်သွားလိုက်တော့သည်။

သူသည် တွက်ချက်မှုအချို့ ပြုလုပ်လိုက်ပြီးနောက် ဓမ္မလက်နက်စစ်သည် စာမေးပွဲကျင်းပရန် တစ်ပတ်တိတိ လိုသေးကြောင်း သိလိုက်ရသည်။

စာမေးပွဲဖြေဆိုမည့် နေ့ရက်တွင် အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်နေစေရန်အတွက် သူသည် ပေါင်လဲ့အမြောက်အား တစ်စစီ ပြန်ဖြုတ်ထားလိုက်၏။ ထိုစာမေးပွဲအတွင်းတွင် မိမိတို့၏ နတ်ဘုရားရတနာများကို ပြန်လည်တပ်ဆင်ပြရသည့် အခိုက်အတန့်များ ရှိခဲ့ဖူးကြောင်း သူက သိရှိထားသည် မဟုတ်ပါလော။

ဝမ်ပေါင်လဲ့မှာ အဆိုးဆုံးအခြေအနေ အတွက်ပင် ပြင်ဆင်ထားပြီး ပေါင်လဲ့အမြောက်အတွက် လိုအပ်သော စုပေါင်းနတ်ဘုရားရတနာများကို နောက်ထပ်အသစ်တစ်စုံ ထပ်၍ ဖန်တီးသန့်စင်ထားသေးသည်။ ထို့အပြင် ကုန်ကြမ်းပစ္စည်းများနှင့် လိုအပ်သောပါဝင်ပစ္စည်းများကိုလည်း လုံလောက်အောင် ပြင်ဆင်ထားလိုက်သည်။ သို့မှာသာ အဆိုးဆုံး ဖြစ်စဉ်ဖြစ်သည့် သူ၏ အမြောက်ကို လက်တန်း ဖန်တီးပြရမည့် အနေအထားနှင့် ကြုံရပါက ချက်ချင်းဖန်တီးပြနိုင်ရန် အဆင်သင့်ဖြစ်နေမည်ဖြစ်သည်။ သူသည် အရာအားလုံးကို အပြီးအထိ ပြင်ဆင်လိုက်ပြီးနောက် စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီး ဓမ္မလက်နက်စစ်သည်စာမေးပွဲအား အကောင်းမွန်ဆုံး အနေအထားနှင့် ဝင်ရောက်ဖြေဆိုနိုင်ရန်အတွက် အနားယူရန် ဆုံးဖြတ်လိုက်တော့သည်။

ထိုသို့ဖြင့် စာမေးပွဲကျင်းပြမည့်နေ့ရက်သို့ တဖြည်းဖြည်း ချဉ်းကပ်လာပြီး အဆင့်မြင့်ကျွန်းပေါ်ရှိ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားကြသော ကျောင်းသားအားလုံးမှာလည်း နောက်ဆုံးပြင်ဆင်မှုများကို စတင်လိုက်ကြတော့သည်။

အထူးသဖြင့် လင်းတျန်ဟောက်မှာဆိုလျှင် ဝမ်ပေါင်လဲ့နှင့် ကပ်လျက်ရှိသော နတ်ဝိဇ္ဇာဂူထဲမှ ထွက်ခွာလာခဲ့ပြီးနောက် ဝမ်ပေါင်လဲ့အား ထပ်၍ ရန်မစတော့ပေ။ သို့သော် သူ၏စိတ်နှလုံးထဲတွင်မူ အမုန်းတရားများနှင့် ရန်ငြှိုးများမှာ အမြစ်တွယ်နေပြီဖြစ်သည်။ သူသည် လက်တုံ့မပြန်ခင် အရင်ဆုံး ဓမ္မလက်နက်စစ်သည် စာမေးပွဲအား အောင်မြင်အောင်လုပ်ရန် စိတ်ကူးထား၏။

သူသည် ထိုစာမေးပွဲအတွက် ကြီးကြီးမားမား ပြင်ဆင်ထားခဲ့၏။ သူ၏ ရည်မှန်းချက်ပန်းတိုင်းမှာ စာမေးပွဲကို အောင်မြင်ရုံလောက်တင် မဟုတ်ဘဲ ဓမ္မလက်နက်စစ်သည်စာမေးပွဲတွင် အဆင့်တစ်နေရာကို သိမ်းပိုက်နိုင်ရန်ဖြစ်သည်။

သာမန်အတိုင်းသာဆိုလျှင် သူ့လို အရည်အချင်းမျိုးနှင့် ကျောင်းသားတစ်‌ယောက်မှာ အချိန်တိုလေးအတွင်း ယခုအဆင့်အထိ မရောက်နိုင်ပါသော်လည်း သူ၏ မိသားစုမှာ ကြွယ်ဝချမ်းသာနေသည် မဟုတ်ပါလော။

ထို့ကြောင့် သူ၏ မိသားစုမှာ သူ နတ်ဘုရားရတနာများအား တစိုက်မက်မက် သန့်စင်ရာ၌ မည်မျှပင် ငွေကုန်ကြေးကျ များစေကာမူ ကူညီထောက်ပံ့ပေးခဲ့၏။ ထို့အပြင် သူတို့မှာ သူ့အား အနီးကပ် ကူညီသင်ကြားပေးနိုင်ရန် ပြည်ထောင်စုကြီးမှ မဟာသခင်တစ်ယောက်ကိုပင် ဖိတ်ခေါ်ခဲ့သေးသည်။ သူတို့၏ ထောက်ပံ့မှုများကြောင့် သူသည် ယခုလို လျင်မြန်စွာ တိုးတက်လာရခြင်းဖြစ်သည်။

” ငါက တတိယအဆင့် နတ်ဘုရားရတနာတွေထထဲမှာ ဖန်တီးရ အခက်ခဲဆုံး ဖြစ်တဲ့ ဂြိုလ်တုပုလင်းကို ရွေးချယ်ထားတာ။ ဒီ နတ်ဘုရားရတနာက စာရင်းထဲမှာရှိတဲ့ တတိယအဆင့် နတ်ဘုရားရတနာတွေထဲမှာ အဆင့်အမြင့်ဆုံးပဲ ” လင်းတျန်ဟောက်မှာ သူ၏ နတ်ဝိဇ္ဇာဂူထဲတွင် တင်ပျဉ်ခွေထိုင်ကာ သူ၏ရှေ့တွင်ရှိနေသည့် ကြယ်အလင်းရောင်များ ထုတ်လွှတ်နေပြီး စူးရှတောက်ပနေသော ကျောက်စိမ်းပုလင်းတစ်လုံးကို ယုံကြည်မှု အပြည့်ရှိသည့်အမူအရာဖြင့် လေ့လာနေ၏။

ဝမ်ပေါင်လဲ့မှာလည်း လာမည့် ဓမ္မလက်နက်စစ်သည်စာမေးပွဲအတွက် စာရင်းပေးသွင်းထားကြောင်း သူက ကြားသိထား၏။ သူသည် ထိုကိစ္စနှင့် ပတ်သတ်၍ အလွန်တရာ အလေးထားနေ၏။ ထို့အပြင် သူသညါ် ကျောင်းပြင်ပရှိ အဆက်အသွယ် အချို့နှင့်ပင် ချိတ်ဆက်ခဲ့ပြီးနောက် ဝမ်ပေါင်လဲ့မှာ ခံတပ်ထဲတွင် ရှိနေခဲ့စဉ်တုန်းက သားရဲကြီများ၏ သွားများကို လိုက်လံစုဆောင်းနေခဲ့ကြောင်း ကြားသိခဲ့ရ၏။

” သူက သားရဲကြီးတွေရဲ့ သွားတွေ လိုက်ရှာနေတာဆိုတော့ သူ ဖန်တီးဖို့ ကြံရွယ်ထားတဲ့ နတ်ဘုရားရတနာက နဂါးသွားပဲ ဖြစ်ရမယ် ”

” နဂါးသွားက ရတနာကောင်းတစ်ခု ဆိုပေမယ့် ဂြိုလ်တုပုလင်းနဲ့ အဆင့်လုံးဝ မတူဘူးကွ။ ပြီးတော့ နဂါးသွားရဲ့ စွမ်းအားက ကမ္ဗည်းစာလုံးတွေပေါ်မှာ မဟုတ်ဘဲ အသုံးပြုတဲ့ ပစ္စည်းတွေအပေါ်မှာ အဓိက မူတည်တာ။ တကယ်လို့ ဝမ်ပေါင်လဲ့သာ ဒီ စာမေးပွဲအတွက် နဂါးသွားကို ရွေးချယ်လိုက်မယ်ဆိုရင် သူ ငါ့ကို သေချာပေါက်ရှုံးမှာပဲ ”
လင်းတျန်ဟောက်မှာ လှောင်ပြုံးပြုံးလိုက်ပြီး ယုံကြည်ချက်များ ကြီးထွားလာတော့သည်။

စာမေးပွဲဖြေဆိုမည့် ကျောင်းသားများ သဲကြီးမဲကြီး ပြင်ဆင်နေကြရင်း နောက်ဆုံး၌ ဓမ္မလက်နက်စစ်သည်စာမေးပွဲ ကျင်းပမည့်နေ့ရက်သို့ ရောက်ရှိလာတော့သည်။

ထိုနေ့တွင် ခေါင်းလောင်းသံများ မြည်ဟည်းထွက်ပေါ်လာပြီး ပဲ့တင်ထပ်သွား၏။ ထိုအခါ သူ၏ နတ်ဝိဇ္ဇာဂူထဲတွင် တင်ပျဉ်ခွေထိုင်နေသော ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် မျက်လုံးများပွင့်လာ၏။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူကာ မတ်တတ်ထလာပြီး နတ်ဝိဇ္ဇာဂူ အပြင်ဘက်သို့ ထွက်သွားလိုက်တော့သည်။

” အဆင့်တစ်ဓမ္မလက်နက်စစ်သည်ဆိုတဲ့ ရာထူးက ငါ့အတွက်ပဲကွ ”
ဝမ်ပေါင်လဲ့မှာ စိတ်အားထက်သန်နေပြီး စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ ထင်ဟပ်နေသော မျက်ဝန်းတစ်စုံဖြင့် သူ၏ သင်္ဘောပျံကြီးကို ထုတ်ယူကာ အလယ်တောင်ထိပ်ဆီသို့ တည့်မတ်စွာ ပျံသန်းသွားလိုက်တော့သည်။

ဓမ္မလက်နက်စစ်သည်စာမေးပွဲ ကျင်းပမည့်နေရာမှာ ဓမ္မလက်နက်အဆောင်ထဲရှိ အလယ်တောင်ထိပ်ရင်ပြင်ထဲတွင် ဖြစ်သည်။ ထိုရင်ပြင်ကြီး၏ အလယ်တွင် အာရုံဖမ်းစားနိုင်စွမ်း အပြည့်ရှိသော စစ်ပွဲသုံးဗုံးကြီးတစ်လုံး ရှိနေ၏။ ၎င်းမှာ ဓမ္မလက်နက်စစ်သည် စာမေးပွဲတစ်ခု ကျင်းပနေစဉ် ဝမ်ပေါင်လဲ့တစ်ယောက် ဘေးမှ ဖြတ်လျှောက်သွားခဲ့စဉ်တုန်းက တွေ့မြင်ခဲ့ရသော စစ်ပွဲသုံး ဗုံကြီးပင်ဖြစ်သည်။ ဓမ္မလက်နက်စစ်သည်များသာလျှင် အကြီးအကဲဆင့်ခေါ်ခြင်းဗုံကို တီးခတ်ခွင့်ရှိကြောင်း ဆိုကြ၏။

အဘယ်ကြောင့်ဆိုသော် ထို‌ဗုံအား တီးခတ်ရမည့် တုတ်ချောင်းကို ထိုနေရာ၌ပင် ဖန်တီးရသောကြောင့် ဖြစ်သည်။ ထို တုတ်ချောင်းမှာလည်း တတိယအဆင့် နတ်ဘုရားရတနာ ဖြစ်သောကြောင့် ဓမ္မလက်နက်အဖွဲ့ဝင်များမှာ ၎င်းကို ဖန်တီးနိုင်မည် မဟုတ်ဘဲ ဓမ္မလက်နက်စစ်သည်များကသာ ဖန်တီးနိုင်မည်ဖြစ်သည်။

ယခုလက်ရှိတွင်မူ အလယ်တောင်ထိပ်ရင်ပြင်ထဲရှိ ထိုစစ်ပွဲသုံး ဗုံကြီး၏ရှေ့တွင် လူပေါင်းများစွာစုဝေးနေကြ၏။ သူတို့မှာ ဤ ဓမ္မလက်နက်စစ်သည်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန် ရောက်လာကြသော ကျောင်းသားများ ဖြစ်ကြသည်။ သူတို့မှာ တစ်ယောက်နှင့်တစ်ယောက် စကားပြောနေခြင်း မရှိဘဲ မတ်တတ်သာရပ်၍ တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေကြ၏။

ဝမ်ပေါင်လဲ့မှာ အလယ်တောင်ထိပ်ရင်ပြင်သို့ ရောက်လာသောအခါ စာမေးပွဲဖြေဆိုကြမည့် အခြားကျောင်းသားများကို မြင်လိုက်ရပြီး သူတို့ထဲတွင် လင်းတျန်ဟောက် ပါနေသည်ကိုလည်း သတိထားမိလိုက်၏။ ထို့ကြောင့် သူ၏စိတ်ထဲတွင် အထင်သေးစိတ်များ ပေါ်လာတော့သည်။

” ဟို မျိုးမစစ်ကောင်ကလည်း စာမေးပွဲ လာဖြေတာပဲဟ။ သူလည်း နတ်ဘုရားရတနာတွေကို ဖန်တီးသန့်စင်နိုင်စွမ်း ရှိနေပြီလား ”
ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ နှာမှုတ်လိုက်၏။ သူသည် အခြေကျနေပြီဖြစ်ပြီး မိတ်ဆွေအမြောက်အမြား ဖွဲ့ထားပြီးပြီ ဖြစ်သောကြောင့် လင်းတျန်ဟောက်အား စိတ်ထဲတွင် ထည့်နေစရာမလိုကြောင်း မှတ်ယူလိုက်၏။ ထို့ကြောင့် သူသည် သူ့အား လျစ်လျူရှုလိုက်ပြီး စစ်ပွဲသုံး ဗုံကြီးဆီသို့ ချဉ်းကပ်သွားလိုက်၏။

လင်းတျန်ဟောက်မှာမူ ဝမ်ပေါင်လဲ့အား ထိုကဲ့သို့ မမြင်သည်မှာ သိသာထင်ရှားပေသည်။ သူသည် ဝမ်ပေါင်လဲ့မှာ အချိန်အတော်အတန်ကြာအောင် စိုက်ကြည့်နေလိုက်ပြီးမှ လှောင်ပြုံးပြုံးလိုက်၏။

ဓမ္မလက်နက်အဆောင်မှ ကျောင်းသားများမှာလည်း ပွဲကြည့်ရန် ရောက်လာကြပြီဖြစ်ပြီး ရင်ပြင်ပတ်ပတ်လည်တွင် စုပြုံနေကြပြီဖြစ်သည်။ ဓမ္မလက်နက်စစ်သည်စာမေးပွဲမှာ ဓမ္မလက်နက်အဆောင်အတွက်ဆိုလျှင် ကြီးမားသော ပြိုင်ပွဲကြီးတစ်ခု မဟုတ်ပါလော။ ထို့ကြောင့် ကျောင်းသားများမှာ ခေါင်းများငုံ့ကာ သဲကြီးမဲကြီး ဆွေးနွေးငြင်းခုံနေကြတော့သည်။

” ဒီတစ်ခေါက် ဓမ္မလက်နက်စစ်သည်စာမေးပွဲကို ငွေဖြည့်တဲ့ လူအရေအတွက်က ဒီလောက်ကြီး များနေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ဘယ်သူကများ အဆင့်တစ် ရသွားမလဲမသိဘူး ”

” ဓမ္မလက်နက်စစ်သည်စာမေးပွဲတိုင်းမှာ အဆင့်တစ်ရတဲ့ ကျောင်းသားက ကိုယ်ပိုင်ရာထူးကို ရွေးချယ်ခွင့်ရှိတယ်။ ဘယ်ဌာနမှာပဲဖြစ်ဖြစ် လစ်လပ်နေတဲ့ ရာထူးတစ်ခုရှိနေရင် အဲ့ကျောင်းသားက အဲဒီအခွင့်အရေးကို အသုံးပြုပြီးတော့ ချက်ချင်း ရာထူးတက်သွားအောင် လုပ်လို့ရတယ် ”

” အဲ့တာကြောင့်လဲ လူတွေက အဆင့်တစ်နေရာကို ငမ်းငမ်းတက် လိုချင်နေကြတာပေါ့။ ရာထူးကသာ ဓမ္မလက်နက်စစ်သည်တစ်ယောက် ဖြစ်နေပေမယ့် ဘာလုပ်ပိုင်ခွင့်မှမရှိတဲ့ ကျောင်းသားတွေအများကြီး ရှိနေတာလေ ”
ထိုကဲ့သို့ ကျောင်းသားများ အပြင်းအထန် ဆွေးနွေးငြင်းခုံနေကြရင်း အချိန်များ တရွေ့ရွေ့နှင့် ကုန်လွန်သွား၏။ အချိန်အနည်းငယ်ခန့်ကြာပြီးနောက် ခေါင်းလောင်းမြည်သံများမှာ ပို၍မြန်ဆန်လာပြီး သုံးကြိမ်တိတိ မြည်ဟည်းသွား၏။ ထို့နောက် အလယ်တောင်ထိပ် မဟာခန်းမထဲမှနေ၍ လူရိပ်ငါးခု ထွက်ပေါ်လာပြီး သူတို့မှာ ထိုနေရာသို့ လျင်မြန်စွာ ရောက်ရှိလာကြ၏။ သူတို့ထဲမှ တစ်ယောက်မှာ ရှေ့ကဦးဆောင်လာပြီး ကျန်လေးယောက်မှာ နောက်ကလိုက်လာ၏။

ရှေ့ဆုံးမှတစ်ယောက်မှာ ခရမ်းရောင်ဝတ်ရုံတစ်ခုကို ဆင်မြန်းထားပြီး အမူအရာ တည်ငြိမ်နေပါသော်လည်း ခံ့ညားထည်ဝါသော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေ၏။ သူသည် ဓမ္မလက်နက်အဆောင်၏ အဆောင်မှူးပင်ဖြစ်သည်။ သူ၏နောက်မှ လိုက်ပါလာသူ လေးယောက်ထဲမှ တစ်ယောက်မှာ အသက်ကြီးပိုင်းထဲမှဖြစ်ပြီး အခြားသုံးယောက်မှာ သက်လတ်ပိုင်းလူကြီးများ ဖြစ်ကြသည်။ သူတို့အားလုံးမှာ အာနာပါန ထိပ်ဆုံးအဆင့်သို့ ရောက်နေသော ကျင့်ကြံသူတစ်ယောက်၏ အငွေ့အသက်များကို ထုတ်လွှတ်နေကြပြီး အခြေတည်အဆင့်သို့ ဖောက်ထွက်နိုင်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့သည်။

သူတို့မှာ ဓမ္မလက်နက်အဆောင်၏ လက်ထောက်အဆောင်မှူး လေးယောက်ပင် ဖြစ်သည်။
လက်ထောက်အဆောင်မှူးများမှာ ကျောင်းတွင်းကျောင်းပြင်တွင် လူအများက တလေးတစားဆက်ဆံရသော လူများဖြစ်ကြသည်။ သူတို့၏ ကျင့်ကြံခြင်းအဆင့်မှာ အရေးပါပါသော်လည်း ထိုအချက်တစ်ချက်တည်းကြောင့် အဆင့်မြင့်သော ရာထူးများကို ပိုင်ဆိုင်ထားကြခြင်းမဟုတ်ပေ။ သူတို့မှာ နတ်ဘုရားရတနာများ ဖန်တီးရာတွင် အများနှင့်မတူ တမူထူးခြားသော စွမ်းရည်များကို ပိုင်ဆိုင်ထားရန် လိုအပ်သည်။ ၎င်းမှာ ဓမ္မလက်နက်အဆောင်၏ လက်ထောက်အဆောင်မှူးများ ဖြစ်လာရန် အဓိကသော့ချက်တစ်ခု ဖြစ်သည်။

တချိန်တည်းမှာပင် သူတို့မှာ သက်ဆိုင်ရာ အချိတ်အဆက်များ ရှိနေရန် လိုအပ်သလို လူအများ၏ ထောက်ခံချက်ကို ပိုင်ဆိုင်ထားရန်လည်း လိုအပ်သေးသည်။ လက်ထောက်အဆောင်မှူး တစ်ယောက်ချင်းစီတိုင်းမှာ အံ့ဩဖွယ်ရာ နောက်ခံအင်အားများကို ပိုင်ဆိုင်ထားသည်ဟုပင် ဆိုနိုင်၏။ ဓမ္မလက်နက်စစ်သည်ပေါင်း မြောက်မြားစွာထဲမှ လက်ထောက်အဆောင်မှူးတစ်ယောက် ဖြစ်လာနိုင်ရန်အတွက်ဆိုလျှင် တစ်နည်းမဟုတ်တစ်နည်းဖြင့် တမူထူးခြားနေရန် လိုအပ်သည် မဟုတ်ပါလော။

လက်ထောက်အဆောင်မှူးတစ်ယောက် ဖြစ်လာရန်ပင်လျှင် ထိုမျှလောက် လိုအပ်နေသည်ဆိုပါက ဓမ္မလက်နက်အဆောင်၏ အဆောင်မှူးရာထူးဆိုလျှင် ပြောနေစရာပင်မလိုတော့ပေ။

သူတို့ငါးယောက်မှာ တစ်ယောက်ပြီးတစ်ယောက် အလယ်တောင်ထိပ်ရင်ပြင်ထဲသို့ ရောက်ရှိလာကြ၏။ သူတို့ ရောက်ရှိလာကြာသောအခါ လူအုပ်ကြီးမှာ ရုတ်တရက်ဆိုသလို ငြိမ်ကျသွားပြီး ဝမ်ပေါင်လဲ့မှာလည်း အသက်ပြင်းပြင်းရှူလိုက်၏။ သူ၏ မျက်ဝန်းများထဲတွင်လည်း စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ ဖျတ်ခနဲလက်သွား၏။ ထို့နောက် သူအပါအဝင် အခြား စာမေးပွဲဖြေဆိုသူ အားလုံးမှာ ဓမ္မလက်နက်အဆောင်၏ အဆောင်မှူးငါးယောက်ကို စိုက်ကြည့်နေလိုက်ကြတော့သည်။

” ဓမ္မလက်နက်စစ်သည် စာမေးပွဲနဲ့ ပတ်သတ်လို့က စည်းမျဉ်းစည်ကမ်းတွေ အများကြီးမရှိပါဘူး။ မင်းတို့တွေအကုန်လုံး ဒီစာမေးပွဲအတွက် ပြင်ဆင်ထားကြတဲ့ နတ်ဘုရားရတနာ‌တွေကို တစ်ယောက်ချင်းစီ ထုတ်ပြရမှာဖြစ်တယ်။ ငါတို့ငါးယောက်က အဲ့ပစ္စည်းတွေကို အကဲဖြတ်ပြီးတော့ မင်းတို့တွေကို မေးခွန်းတွေမေးပြီးရင် မင်းတို့တွေ ဒီစာမေးပွဲကို အောင်သလား၊ ကျသလားဆိုတာ ကြေညာပေးမှာ။ စာမေးပွဲအဆင့်နဲ့ ပတ်သက်လို့ကတော့ အဆင့်တစ်ရတဲ့သူက ရာထူးတစ်နေရာ ရရှိဖို့ ဦးစားပေးခံရမှာပဲ ”
ခရမ်းရောင်ဝတ်ရုံနှင့် အဆောင်မှူးက တည်ကြည်စွာ ရှင်းပြလိုက်၏။ သူသည် ထိုသို့ရှင်းပြပြီးသွားသောအခါ ဝမ်ပေါင်လဲ့နှင့် အခြားစာမေးပွဲဖြေဆိုမည့်သူများကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် သူတို့ထဲမှတစ်ယောက်အား လက်ညှိုးထိုးကာ ဆိုလိုက်၏။
” မင်းကနေ စလိုက်ကြတာပေါ့ ”

အဆောင်မှူးရွေးချယ်လိုက်သော ကျောင်းသားမှာ အတွေ့အကြုံရှိသည့် ကျောင်းသားတစ်ယောက်ဖြစ်သည်။ သူသည် အဆောင်မှူး၏ စကားကို ကြားလိုက်ရသောအခါ ခေါင်းညိတ်လိုက်ပြီး ကြေးမုံတစ်ချပ်ကို ချက်ချင်းထုတ်ယူလိုက်၏။ ၎င်းမှာ သာမန်ပုံပန်းသွင်ပြင်သာ ရှိသော ကြေးမုံဟောင်းတစ်ချပ်သာ ဖြစ်ပါသော်လည်း အစွမ်းထက်သော ဝိညာဉ်အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေသောကြောင့် လူအများ၏ အာရုံကို ဖမ်းစားသွားနိုင်၏။ လူတိုင်းမှာ အသက်များ အောင့်ထားလိုက်ရတော့သည်။

ထို အတွေ့အကြုံရှိသော ကျောင်းသားမှာ သူ၏ ကြေးမံုကို ကျေနပ်အားရမှု အပြည့်ရှိနေသည့်ပုံ ပေါက်နေ၏။ သူသည် အဆောင်မှူးနားသို့ တရိုတသေ ချဉ်းကပ်သွားလိုက်ပြီး ထိုကြေးမုံအား ပြသလိုက်၏။
” အဆောင်မှူးနဲ့ လက်ထောက်အဆောင်မှူး‌တို့ကို ဂါရဝ ပြုပါတယ်။ ဒါက ကျနော် ဖန်တီးထားတဲ့ ကောင်းကင်မြေပြင် ကြေးမုံပါ။ ကျေးဇူးပြုပြီး အဆောင်မှူးတို့ အကဲဖြတ်သုံးသပ်ပါဦး ”

ထိုကောင်းကင်မြေပြင် ကြေးမုံကို မြင်လိုက်ရသောအခါ ပရိသတ်များမှာ လေသံတိုးတိုးဖြင့် တီးတိုးပြောဆိုနေကြတော့သည်။

” ကောင်းကင်မြေပြင် ကြေးမုံ‌ဆိုပါလားကွ။ အဲဒါက ဖန်တီးရခက်တဲ့ တတိယအဆင့် နတ်ဘုရားရတနာတစ်ခုပဲ ”

” အဲဒီကြေးမုံက မန္တန်တွေကို အတိုင်းအတာတစ်ခုအထိ ပြန်ကန်ထွက်သွားအောင် လုပ်နိုင်တယ်။ အဲဒီကြေးမုံထဲမှာ ရေးထိုးရတဲ့ ကမ္ဗည်းစာလုံး အရေအတွက်က တခြား နတ်ဘုရားရတနာတွေထက် အများကြီး ပိုများတယ်ကွ ”

လူအုပ်ကြီးက ဆွေးနွေးငြင်းခုန်နေကြစဉ် ဝမ်ပေါင်လဲ့မှာ ထို နတ်ဘုရားရတနာအား ကြည့်ရှူအကဲခတ်နေ၏။ ထို့နောက် သူ၏ ပေါင်လဲ့အမြောက်အကြောင်းကို ပြန်တွေးမိလိုက်ပြီး နောက်ထပ်တစ်ကြိမ်ထပ်၍ ယုံကြည်ချက်များဖြင့် ပြည့်နှက်သွားရပြန်သည်။ သို့သော် သူသည် ပေါ့ဆခြင်း မရှိဘဲ အဆောင်မှူးနှင့် လက်ထောက်အဆောင်မှူးတို့ အကဲဖြတ်သုံးသပ်နေကြသည်ကို အာရုံစိုက်ကာ စောင့်ကြည့်နေလိုက်၏။

အဆောင်မှူးမှာ ထိုကြေးမုံကို ယူကာ အလျင်အမြန် ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် လက်ထောက်အဆောင်မှူးဆီသို့ လှမ်းပေးလိုက်၏။ သူတို့မှာ ဓမ္မလက်နက် ကျင့်ကြံသူများဖြစ်ကြသလို နတ်ဘုရားရတနာများနှင့် လက်ပွန်းတတီး ရှိကြသူများလည်း ဖြစ်သည်။ ထို့ကြောင့် သိပ်မကြာလိုက်ဘဲ တစ်နာရီနီးပါးခန့် ကုန်ဆုံးသွားပြီးနောက် သူတို့မှာ ကိုယ်ပိုင် ဆုံးဖြတ်ချက်များကို ချမှတ်ပြီးသွားကြတော့သည်။ ထိုကြေးမုံအား ဖန်တီးသည့် လုပ်ငန်းစဉ်နှင့် ပတ်သတ်၍ သူတို့ မေးမြန်းခဲ့သော မေးခွန်းအချို့ကိုလည်း ထို အတွေ့အကြုံရှိသည့် ကျောင်းသားမှာ ချောချောမွေ့မွေ့နှင့် ဖြေဆိုပြလိုက်၏။ ထိုသို့ဖြင့် အကဲဖြတ်မှုမှာ ပြီးစီးသွားတော့သည်။

ထို့နောက် သူတို့မှာ ခေတ္တမျှ ဆွေးနွေးသုံးသပ်လိုက်ကြပြီး ရလဒ်များကို ကြေညာလိုက်ကြ၏။

” မင်း စာမေးပွဲအောင်ပြီးတော့ ဓမ္မလက်နက်စစ်သည်တစ်ယောက်အဖြစ် ရာထူးတိုးသွားပြီ။ မင်းရဲ့အဆင့်ကို နောက်ဆုံးကျရင် သိရမယ် ”
အဆောင်မှူးက တည်ကြည်စွာဆိုလိုက်ပြီး နောက်ထပ်ကျောင်းသားတစ်ယောက်ကို လက်ညှိုးထိုးကာ ခေါ်လိုက်၏။ ထိုသို့ဖြင့် ဓမ္မလက်နက်စစ်သည် စာမေးပွဲအား ဆက်လက်ကျင်းပလိုက်ပြီး အောင်မြင်သူများရှိသလို ကျရှုံးသူများလည်း ပေါ်ထွက်လာကြတော့သည်။

အချို့မှာ မေးခွန်းများသာ ဖြေဆိုရပါသော်လည်း အချို့မှာမူ အစိတ်အပိုင်းတစ်ခုကို ထိုနေရာ၌ လက်တွေ့ ဖန်တီးပြရ၏။ နတ်ဘုရားရတနာ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာကြပြီး လူအုပ်ကြီး၏ စကားသံများမှာလည်း ကျယ်လာလိုက် တိုးသွားလိုက် ဖြစ်နေတော့သည်။

ဝမ်ပေါင်လဲ့မှာ ဘေးမှနေ၍ အကဲခတ်ကြည့်ရှုနေရင်း တဖြည်းဖြည်းနှင့် နားလည်စပြုလာ၏။

” လူတိုင်းကတော့ ကိုယ်ကိုယ်တိုင် ထပ်ပြီးတော့ ဖန်တီးပြဖို့ မလိုပါဘူး။ ဒါပေမဲ့ မေးခွန်းတွေကတော့ လူတိုင်း အမေးခံရမှာပဲ။ အဲ့မေးခွန်းတွေထဲမှာလည်း လှည့်ကွက်တွေပါနေတော့ ကိုယ်ကိုယ်တိုင် အဲဒီ နတ်ဘုရားရတနာကို ဖန်တီးထားတာမဟုတ်ရင် အတိအကျ ဖြေဆိုနိုင်ဖို့က ခက်ခဲနေမှာ ”
ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ တွေးတောနေရင်း မကြာမီ လင်းတျန်ဟောက်၏အလှည့်သို့ ရောက်ရှိလာတော့သည်။ သူသည် ဂြိုလ်တုပုလင်းတစ်လုံးကို ထုတ်ယူလိုက်သောကြောင့် ပရိတ်သတ်များမှာ ချက်ချင်းဆိုသလိုပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။ တအံ့တဩ အော်ဟစ်သံများ ပေါ်ထွက်လာကြပြီး အခြားစာမေးပွဲဖြေဆိုသူများမှာလည်း သူနှင့် ထိုပုလင်းအပေါ် ချက်ချင်းပင် အာရုံရောက်သွားကြတော့သည်။ အဆောင်မှူးနှင့် လက်ထောက်အဆောင်မှူး လေးယောက်ပင်လျှင် မျက်နှာများပေါ်၌ အံ့အားသင့်သွားကြသည့် အရိပ်အယောင်များ ပေါ်လာကြ၏။

” ဂြိုလ်တုပုလင်း ပါလား ”

” အဲဒါက ဖန်တီးရ အခက်ဆုံး နတ်ဘုရားရတနာလို့ ပြောကြတာပဲကွ။ အခုမှ ငါ ပထမဆုံး မြင်ဖူးတာပဲ ”

” ဒီ ရတနာအတွက် လိုအပ်တဲ့ ကမ္ဗည်းစာလုံးတွေက တော်တော်ကိုရှုပ်ထွေးတယ်။ ပြီးတော့ ဂြိုလ်တုကျောက်တုံးကိုလည်း သန့်စင်ဖို့ လိုသေးတာ။ အဲဒါက အရမ်းဈေးကြီးတာကွ… ”
ပရိသတ်များက ဆွံ့အမှင်တက်ကာ ပင့်သက်ရှိုက်နေကြစဉ် ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြူးသွားရတော့သည်။ သူသည် ဂြိုလ်တုပုလင်းအကြောင်းကို သိထား၏။ ကျောင်းထဲတွင် ဂြိုလ်တု‌ကျောက်တုံး အနည်းငယ်ခန့် ရှိပါသော်လည်း ထို နတ်ဘုရားရတနာကို ဖန်တီးလိုပါက အပြင်ဘက်တွင် ထိုကျောက်တုံးကို ဝယ်ယူနိုင်ရန်အတွက် ငွေကြေး‌အမြောက်အမြား သုံးစွဲရမည်ဖြစ်သည်။ ထို့ကြောင့် သူသည် ထိုရတနာအား လက်လျှော့ခဲ့ခြင်းဖြစ်ပြီး ထိုရတနာပြီးလျှင် အကောင်းဆုံးဖြစ်သော နဂါးသွားကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ နဂါးသွားမှာ ထိုရတနာနှင့် ခက်ခဲမှု အဆင့်အတန်းချင်း ဆင်တူနီးပါး ရှိပါသော်လည်း လိုအပ်သော ပါဝင်ပစ္စည်းများအား စုဆောင်းနိုင်ရန်မှာမူ ဂြိုလ်တုကျောက်တုံးလောက် ခဲယဉ်းမှု မရှိပေ။

လက်ရှိတွင် လင်းတျန်ဟောက်မှာ သူ၏စိတ်နှလုံးထဲတွင် ခံစားနေရသော အောင်နိုင်မှုနှင့် ပျော်ရွှင်မှုများကို ထုတ်ပြခြင်းမရှိသေးပေ။ သူသည် ဂြိုလ်တုပုလင်းအား အဆောင်မှူးဆီသို့ တရိုတသေနှင့် ပေးလိုက်၏။ ထိုသို့ ပေးပြီးသွားသောအခါမှသာ သူသည် ဆွံ့အမှင်တက်နေသော ဝမ်ပေါင်လဲ့အား တစ်ချက်လှမ်း၍ ကြည့်လိုက်ပြီး စိတ်ထဲတွင်ကျိတ်၍ လှောင်ပြုံးပြုံးလိုက်၏။

” ငမွဲကောင်။ မင်းကများ ငါနဲ့ ယှဉ်ချင်တယ်ပေါ့ ”

ဝမ်ပေါင်လဲ့မှာ လင်းတျန်ဟောက် သူ့အား ကြည့်နေသည်ကို သတိထားမိလိုက်၏။ ထို့ကြောင့် သူသည် မျက်ခုံးတစ်ဖက် ပင့်ကာ ပြုံးရွှင်မှု မရှိသော မျက်နှာအမူအရာဖြင့် တွေးလိုက်၏။
” ဂြိုလ်တုပုလင်းဆိုတော့ရော ဘာလုပ်ရမှာလဲ။ ငါ့အမြှောက်ကို ထုတ်ပြလိုက်တာနဲ့ လင်းတျန်ဟောက်တောင်မှ တခြားရွေးချယ်စရာမရှိဘဲ အရှုံးကိုလက်ခံပြီးတော့ ငါ့ကို အဖေလို့ခေါ်ရမှာ ”

ဆွံ့အမှင်တက်နေသော ပရိတ်သတ်ကြီး၏ရှေ့တွင် အဆောင်မှူးသည် အံ့အားသင့်နေသော မျက်ဝန်းများဖြင့် လင်းတျန်ဟောက်လက်ထဲမှ ဂြိုလ်တုပုလင်းကို ယူလိုက်၏။ ထို့နောက် ၎င်းအား ကြည့်ရှုစစ်ဆေးကြည့်လိုက်သောအခါ သူ၏ မျက်နှာပေါ်တွင် ချီးကျူးလိုသော အရိပ်အယောင်များ ပေါ်လာ၏။ ထို့နောက် သူသည် ခေါင်းညိတ်လိုက်ပြီး ထိုပုလင်းအား လက်ထောက် အဆောင်မှူးများဆီသို့ လှမ်းပေးလိုက်၏။

လက်ထောက် အဆောင်မှူးလေး‌ယောက်မှာလည်း ထို ဂြိုလ်တုပုလင်းအား သဘောကျနှစ်ခြိုက်နေသည်ကို အထင်အရှားမြင်နိုင်ပေသည်။ သူတို့မှာ ၎င်းအား အကဲဖြတ်လိုက်ပြီးနောက် လင်းတျန်ဟောက်အား မေးခွန်းအချို့မေးလိုက်သောအခါ လင်းတျန်ဟောက်ကလည်း ချောချော‌မွေ့မွေ့ပင် ပြန်ဖြေပြလိုက်၏။ လက်ထောက် အဆောင်မှူးတစ်ယောက်က ကမ္ဗည်းစာလုံးများကို လက်တန်းရေးထိုးပြရန် တောင်းဆိုလိုက်သောအခါတွင်လည်း လင်းတျန်ဟောက်မှာ တွေ့ဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ချက်ချင်းရေးထိုးပြလိုက်၏။

လူအုပ်ကြီးမှာ ထိုမြင်ကွင်းကြောင့် အံ့ဩတုန်လှုပ်သွားရပြီး လင်းတျန်ဟောက်အား လေးစားသောမျက်ဝန်းများဖြင့် ကြည့်နေကြတော့သည်။ ဂြိုလ်တုပုလင်းပုလင်းအား အောင်မြင်စွာဖန်တီးနိုင်သည့်သူမှာ အစွမ်းအစရှိသလို ကြယ်ဝချမ်းသာသူ တစ်ယောက်ပင် ဖြစ်သည်။

” အထင်ကြီးစရာ နတ်ဘုရားရတနာတစ်ခုပါပဲ။ မင်း စာမေးပွဲအောင်သွားပြီ လင်းတျန်ဟောက်။ မထင်မှတ်ထားတာတွေ ဖြစ်မလာဘူးဆိုရင် မင်း အဆင့်တစ်ရ‌နိုင်ခြေ တော်တော်များတယ် ”
အဆောင်မှူးက သူ့အား ချီကျူးလိုက်၏။ လင်းတျန်ဟောက်မှာ စိတ်လှုပ်တရှားဖြင့် နောက်သို့ ဆုတ်သွားသောအခါ အဆောင်မှူးမှာ ဝမ်ပေါင်လဲ့အပါအဝင် ကျန်ရှိနေသေးသော ကျောင်းသားအနည်းငယ်ကို ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား လက်ညှိုးထိုးကာ ခေါ်လိုက်သည်။
” ဝမ်ပေါင်လဲ့။ မင်း ပြင်ဆင်ထားတဲ့ နတ်ဘုရားရတနာကို ပြ ”

အဆောင်မှူး၏စကားကို ကြားလိုက်ရသောအခါ အနည်းငယ်ခန့် စိတ်ရှုပ်နေရသော ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် ရှေ့သို့လျှောက်လှမ်းလာ၏။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ညာလက်ကို မြှောက်ကာ လှန်လိုက်ပြီး အမြောက်ကြီးတစ်လက်ကို ထုတ်ယူလိုက်တော့သည်။

သူသည် ထိုအမြောက်ကြီးအား အသံအကျယ်ကြီးမြည်အောင် မြေကြီးပေါ်သို့ ချလိုက်၏။ ထို့နောက် သူသည် ခေါင်းမော့ကာ တည်ကြည်စွာ ဆိုလိုက်တော့သည်။
” ကျနော် ဖန်တီးသန့်စင်ထားတဲ့ နတ်ဘုရားရတနာက ဓမ္မလက်နက်အဆောင်ရဲ့ နတ်ဘုရားရတနာစာရင်းထဲက မဟုတ်ပါဘူး။ ကျနော်ကိုယ်တိုင် တီထွင်ထားတဲ့ နတ်ဘုရားရတနာတစ်ခုပါ။ အဲ့ရတနာရဲ့ နာမည်ကတော့ … မဟာ့မဟာ ပေါင်လဲ့အမြောက်လို့ ခေါ်ပါတယ်။ အတိုကောက်ဆိုရရင်တော့ ပေါင်လဲ့အမြောက်ပေါ့ ”

***

Comment

Leave a Reply

Options

not work with dark mode
Reset