ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းကြောင့် ဆွံ့အကာ ရီဝေဝေ ဖြစ်သွားရ၏။ သူသည် ယခုမှ ထိုနေရာသို့ ပထမဆုံးအကြိမ်ဖြစ် ရောက်ဖူးခြင်းဖြစ်ရာ ထိုနေရာကြီး၏ ထူးဆန်းမှုကြောင့် အံ့သြတုန်လှုပ်သွားရ၏။ သူ၏ ဘေးပတ်ပတ်လည်ရှိ စေတီ ခုနစ်ဆူ၊ ရှစ်ဆူပေါ်တွင် ကျင့်ကြံသူတစ်ယောက်စီ ရှိနေကြသည်ကို သတိထားမိလိုက်၏။ သူတို့အားလုံးမှာ ကျင့်ကြံခြင်း အဆင့်တက်လာရန် ထိုနေရာသို့ လာရောက်ကြိုးစားကြသော အဆင့်မြင့်ကျွန်းမှ ကျောင်းသားများဖြစ်ကြသည်။
လျှပ်စီးများ တဖျတ်ဖျတ် လက်နေပြီး မိုးခြိမ်းသံများမှာ ပဲ့တင်ထပ်နေ၏။ ထို လူခုနစ်ယောက် ရှစ်ယောက်ခန့်မှာ အတိုင်းအတာတစ်ခုအထိ ပြန်လည်တုံ့ပြန်နေကြသည်။ အချို့မှာ မိုးကြိုးပစ်ခံရသည့် ဒဏ်ကို ကြံ့ကြံ့ခံနေပါသော်လည်း အချို့မှာမူ လျှပ်စီးတန်းများ၏ ပြင်းအားကြောင့် တည်နေရာရွှေ့ပြောင်းခြင်း ကိရိယာကို ချက်ချင်းပင် ဖွင့်ကာ ထိုနေရာမှ ထွက်ပြေးသွားကြ၏။
” ကြမ်းလှပါလား ”
ဝမ်ပေါင်လဲ့မှာ မျက်ခွံများပင် တွန့်နေရတော့သည်။ သူသည် ချီတုံချတုံ ဖြစ်သွားပြီးနောက် အံကြိတ်လိုက်၏။ ထို့နောက် သူ၏ ပတ်ပတ်လည်ရှိ လူများကို လျစ်လျူရှုကာ သူ၏ခန္ဓာကိုယ်အား ယိမ်းနွဲ့လှုပ်ရှားလိုက်ပြီး အနီးနားရှိ စေတီတစ်ဆူပေါ်သို့ ခုန်တက်လိုက်၏။ ထို့နောက် အမြင့်ဆုံးနေရာတွင် ရပ်ကာ ခေါင်းမော့၍ မိုးကောင်းကင်ကြီးအား စိုက်ကြည့်နေလိုက်တော့သည်။
” စုစုပေါင်း မိုးကြိုးအချက်လေးဆယ် ပစ်ပြီးတော့ တစ်ချက်ပစ်ပြီးတိုင်း ပိုပိုပြီးတော့ အစွမ်းထက်လာမှာဖြစ်တယ်။ ရှစ်ကြိမ်တိတိ အပစ်ခံပြီးတိုင်း လျှပ်စီးထဲကနေ လျှို့ဝှက်ဆန်းကြယ်ပညာရပ်တစ်ခုကို လေ့လာတတ်မြောက်နိုင်မှာဖြစ်တယ် ”
ဝမ်ပေါင်လဲ့ ဝိညာဉ်ကွန်ရက်ပေါ်တွင် ဖတ်ရှုခဲ့သော စာတိုလေးမှာ သူ၏ အသိစိတ်ထဲတွင် ပေါ်လာ၏။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ ကျင့်ကြံခြင်းစွမ်းအားကို လည်ပတ်သွားအောင် လုပ်လိုက်၏။
ထိုအချိန်တွင် မိုးကောင်းကင်၌ မိုးခြိမ်းသံများ မြည်ဟည်းသွားပြီး ကောင်းကင်ယံတွင် တလက်လက်ထနေသော လျှပ်စီးတန်းကြီးမှာ ရုတ်တရက်ဆိုသလို လမ်းကြောင်းပြောင်းလဲသွားပြီး ကောင်းကင်ယံထဲမှ ထွက်လာ၏။ ထို့နောက် ၎င်းမှာ အံ့ဩမှင်တက်ဖွယ်ရာ အမြန်နှုန်းမျိုးဖြင့် အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့်အလား ဆင်းသက်လာတော့သည်။ ၎င်း၏ ပစ်မှတ်မှာ ဝမ်ပေါင်လဲ့ဖြစ်သည်။
ထို လျှပ်စီးတန်းမှာ မြန်ဆန်လွန်းနေ၏။ ဝမ်ပေါင်လဲ့ ၎င်းအား မြင်လိုက်ရသည့် အချိန်မှာပင် ထို လျှပ်စီးစက်ဝန်းပြတ်ကြီးမှာ သူ့ပေါ်သို့ တည့်မတ်စွာ ကျရောက်လာတော့သည်။
ထိုအခါ လေထဲတွင် မိုးခြိမ်းသံကြီးတစ်သံ ပဲ့တင်ထပ်သွား၏။ ဝမ်ပေါင်လဲ့မှာလည်း ချက်ချင်းပင် မျက်လုံးပြူးသွားကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ထိန်းမနိုင်သိမ်းမရ တုန်ရီလာပြီး သူ၏ အသိစိတ်များမှာလည်း ချာချာလည်သွားရတော့သည်။ ထို လျှပ်စီးတန်းမှာ ရွှေရောင်မြွေဝိညာဉ်တစ်ကောင်ကဲ့သို့ သူ၏ ခန္ဓာကိုယ်အား ချက်ချင်းပင်ဖြတ်သွားပြီး ခန္ဓာကိုယ်ထဲတွင် ရပ်နားခြင်းမရှိဘဲ နေရာအနှံ့သို့ ပျံ့နှံ့သွား၏။ ၎င်းမှာ ဝိညာဉ်ချီ သလင်းကျောက်အား နှိုးဆွလိုက်သဖြင့် ထိုသင်းကျောက်လေးမှာ တုန်ရီသွားရပြီး ချက်ချင်းပင် ပြိုကွဲပျက်စီးလာတော့သည်။
” အလုပ်ဖြစ်တယ်ဟေ့ ”
ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားသွား၏။ ထို့နောက် အသားများတုန်ရီသွားကာ ကြက်သီးမွေးညင်းများ ထလာပြီး မျက်လုံးပြူးကျယ်သွားရတော့သည်။ သူသည် ဓာတ်လိုက်နေပြီ ဖြစ်သည်။
ထို လျှပ်စီးတန်းမှာ အစွမ်းထက်ပါသော်လည်း ပုံရိပ်ယောင်နယ်မြေထဲတွင် မကြာခဏဆိုသလို ဓါတ်လိုက်ခံခဲ့ဖူးသော ဝမ်ပေါင်လဲ့မှာ မမှုပေ။ အထူးသဖြင့် သလင်းကျောက်လေးမှာ ပြိုကွဲပျက်စီးနေပြီဖြစ်ကြောင်း အာရုံခံမိလိုက်သဖြင့် သူသည် နာကျင်မှုများကိုပင် ဂရုမစိုက်နိုင်တော့ချေ။
သလင်းကျောက်လေးမှာ လျှပ်စီးတန်းကြောင့် ပြိုကွဲပျက်စီးနေသဖြင့် ဝိညာဉ်ချီ အမြောက်အမြား ပျံ့နှံ့ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးထဲ၌ ပြည့်နှက်သွားတော့သည်။ ၎င်းတို့မှာ သူ၏ ဝိညာဥ်သွေးကြောများကို ဖြတ်၍ စီးဆင်းသွားကြသဖြင့် ဝိညာဉ်ချီစမ်းချောင်လေးများမှာ တဖြည်းဖြည်းနှင့် ကျယ်ပြောလာကြပြီး မြစ်များအသွင် ပြောင်းလဲသွားကြတော့သည်။
ထိုသလင်းကျောက်လေး ပြိုကွဲပျက်စီးသွားပြီး ဝိညာဉ်ချီများ ထုတ်လွှတ်လိုက်သောအခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ လျှပ်စီးတန်း၏ လှုံ့ဆော်မှုကြောင့် ဝိညာဉ်ချီများကို အာဟာရဓာတ်များအဖြစ် စုပ်ယူလိုက်ကြ၏။ ထို့ကြောင့် တချိန်တည်းမှာပင် သူ၏ အပြင်ခန္ဓာကိုယ်မှာလည်း ပို၍ သန်မာလာတော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ပို၍ စိတ်လှုပ်ရှားသွားရသလို ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရပြီး အသက်ရှူနှုန်းများ မြန်ဆန်လာတော့သည်။ ထို့နောက် သူသည် ချက်ချင်းပင် ကောင်းကင်ကြီးအား မော့ကြည့်လိုက်ပြီး လက်ညှိုးထိုးကာ စိန်ခေါ်လိုက်၏။
” သတ္တိရှိရင် ထပ်ပြီးတော့ ပစ်လိုက်လေ ”
သူ၏ စကားသံမှာ အဘက်ဘက်သို့ ပျံ့နှံ့သွား၏။ ထို့ကြောင့် ဘေးပတ်ပတ်လည်ရှိ မိုးကြိုးပစ်ချက်များကို အံတုနေကြသော ကျောင်းသားများက သူ၏ စကားကို ကြားလိုက်ရသဖြင့် သူ့အား တအံ့တဩနှင့် လှမ်းကြည့်လိုက်ကြ၏။ သို့သော် သူတို့မှာ သူ့အပေါ် ကြာကြာ အာရုံမစိုက်နိုင်ဘဲ သူတို့အား ပစ်ခတ်နေသည့် လျှပ်စီးတန်းများကို ခုခံနိုင်ရန်သာ ပြန်၍ အာရုံစိုက်လိုက်ရ၏။
ခဏအကြာတွင် အသံတဂျိန်းဂျိန်းမြည်အောင် မိုးကြိုးများ ပစ်ချလိုက်သဖြင့် ဝမ်ပေါင်လဲ့မှာလည်း ဒုတိယအကြိမ်မြောက် မိုးကြိုးပစ်ခံလိုက်ရ၏။ ၎င်းမှာ ပထမပစ်ချက်ထက် အဆပေါင်းများစွာ ပို၍အစွမ်းထက်ပြီး သူ့ပေါ်သို့ တည့်မတ်စွာ ကျဆင်းလာ၏။
ထိုအခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ တုန်ရီသွားရပြီး သူ၏ သလင်းကျောက်လေး ပြိုကွဲသွားသည်ကို ခံစားလိုက်ရပြန်သည်။ ထို့ကြောင့် သူသည် စိတ်လှုပ်ရှားသွားပြီး မချိမဆံ့ ခံစားနေရသော ဝေဒနာကြီးကို ခေါင်းမာမာနှင့် ဆက်၍ ထောက်ခံလိုက်ပြန်သည်။ ထိုသို့ဖြင့် တတိယမြောက်နှင့် စတုတ္ထမြောက် လျှပ်စီးတန်းတို့မှာ တစ်ချက်ပြီးတစ်ချက် ပစ်ခတ်လိုက်ကြပြန်သည်။
လျှပ်စီးတန်းတစ်တန်း သူ၏ ခန္ဓာကိုယ်ထဲတွင် ပျံ့နှံ့သွားသည့် ခံစားချက်မှာ သူ၏ ခန္ဓာကိုယ် အတွင်းပိုင်းများကို ဓားဖြင့်မွှန်းနေသကဲ့သို့ပင်။ လျှပ်စီးတန်းများမှာ တစ်တန်းပြီးတစ်တန်း ပို၍ အစွမ်းထက်လာသောကြောင့် ခံစားရသော နာကျင်မှုဝေဒနာများမှာလည်း ပိုပိုဆိုးလာ၏။
စတုတ္ထမြောက် လျှပ်စီးတန်း ပစ်ခတ်လိုက်သောအခါ ဝမ်ပေါင်လဲ့မှာ လုံးဝ တောင့်မခံနိုင်တော့ပေ။ သူသည် အရေထူပြီး အသားများကာ တစ်ကိုယ်လုံး ဝိညာဉ်ချီများနှင့် ပြည့်နှက်နေပါသော်လည်း လက်လျှော့လိုက်ပြီး လျှပ်စီးပိုင်နက် လျှို့ဝှက်ဆန်းကြယ်နယ်မြေ အပြင်ဘက်သို့ ပြန်ထွက်လာတော့သည်။ ထို့နောက် သူသည် သူ၏ နတ်ဝိဇ္ဇာဂူဆီသို့ ပြန်လာပြီး တင်ပျဉ်ခွေထိုင်ကာ သူ၏စွမ်းရည်များကို ထုတ်သုံး၍ သူ၏ သလင်းကျောက်ထဲမှ ထွက်ပေါ်လာသော ဝိညာဉ်ချီများကို စုပ်ယူနိုင်ရန် အာရုံအပြည့် စိုက်ထားလိုက်တော့သည်။
ရက်အနည်းငယ်ခန့် ကုန်ဆုံးသွားပြီး စွမ်းအင်များဖြင့် ပြည့်နှက်နေသော ဝမ်ပေါင်လဲ့မှာ သူ၏ကျင့်ကြံခြင်းအဆင့် သိသိသာသာ တိုးတက်သွားသည်ကို ခံစားမိလိုက်၏။ ထို့ကြောင့် သူသည် စိတ်ဓာတ်များ လန်းဆန်းတက်ကြွသွားပြီး လျှပ်စီးပိုင်နက် လျှို့ဝှက်ဆန်းကြယ်နယ်မြေဆီသို့ ထပ်သွားလိုက်ပြန်သည်။
ထိုသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွား၏။ ဝမ်ပေါင်လဲ့မှာ မိုးကြိုးအချက်ရေ အနည်းငယ်ခန့် အပစ်ခံလိုက် သူ၏ သလင်းကျောက်လေးကို ထပ်၍ဖြိုခွဲလိုက် လုပ်နေရင်းဖြင့် လျှပ်စီးပိုင်နက် လျှို့ဝှက်ဆန်းကြယ်နယ်မြေအား ထပ်ကာတလဲလဲ စိန်ခေါ်နေတော့သည်။ သူသည် ဆက်၍ တောင့်မခံနိုင်တော့သည့် နောက်ဆုံးအနေအထားထိ ရောက်အောင် တောင့်ခံပြီးမှ နတ်ဝိဇ္ဇာဂူဆီသို့ အလျင်အမြန်ပြန်လာပြီး ထွက်ပေါ်လာသော ဝိညာဉ်ချီများကို အလျင်စလို စုပ်ယူနေ၏။
ထိုသို့ဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ တဖြည်းဖြည်းနှင့် မြင့်တက်လာပြီး သူ၏ အပြင်ခန္ဓာကိုယ်မှာလည်း သန်မာလာသလို သူ ခံစားရသော လျှပ်စီးတန်းများ၏ ပြင်းအားမှာလည်း ပို၍ပင် အစွမ်းထက်လာတော့သည်။ သူ တောင့်ခံနိုင်သော လျှပ်စီးတန်း အရေအတွက်မှာလည်း တဖြည်းဖြည်းနှင့် ငါးချက်မှ ခြောက်ချက်၊ ထို့နောက် ခုနစ်ချက်အထိ မြင့်တက်သွား၏။
သူ လျှပ်စီးပိုင်နက် လျှို့ဝှက်ဆန်းကြယ်နယ်မြေထဲသို့ ရောက်နေသည့် အကြောင်းကိုလည်း လူသိများလာကြပြီ ဖြစ်သည်။ လူအများစုအတွက်မူ ဝမ်ပေါင်လဲ့တစ်ယောက် မိုးကြိုးပစ်ချက် ခြောက်ချက်၊ ခုနစ်ချက်အထိ တောင့်ခံနိုင်စွမ်းရှိနေခြင်းမှာ အံ့ဩမှင်တက်ဖွယ်ရာ အောင်မြင်မှုကြီးတစ်ခု ဖြစ်သည်။
သူတို့ထဲမှ အများစုမှာ နှစ်ချက် သို့မဟုတ် အများဆုံး သုံးချက်အထိသာ တောင့်ခံနိုင်ကြသည် ဖြစ်ပြီး အချိန်အတော်အတန်ကြာပြီးမှသာ နောက်ထပ်တစ်ကြိမ်ပြန်၍ စိန်ခေါ်ကြသည်ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာမူ အစပိုင်းတွင် သုံးရက်လေးရက်ခြားတစ်ခါ စိန်ခေါ်နေရမှာ ယခုဆိုလျှင် နေ့တိုင်းနီးပါး စိန်ခေါ်နေပြီ ဖြစ်သည်။
ထို့ကြောင့် ထိုမြင်းကွင်းကို မြင်လိုက်ရသည့်လူတိုင်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြတော့သည်။
” ဘာလို့ သူက နေ့တိုင်း ပြန်လာနေတာလဲဟ ”
” သူ့ရဲ့ ခန္ဓာကိုယ်က ဘယ်လိုလုပ်ပြီးတော့ တောင့်ခံနိုင်ရတာလဲ ”
” ကြည့်ပါဦး သူ့ရဲ့ မျက်နှာအမူအရာကလည်း ထူးဆန်းလိုက်တာ။ တောက်ကွာ…. မသိရင် သူက သူ့ကိုယ်သူ ကျေနပ်နေတဲ့ပုံစံနဲ့ ”
လူအုပ်ကြီးမှာ အံ့ဩတုန်လှုပ်စွာ စိုက်ကြည့်နေစဉ် ဝမ်ပေါင်လဲ့မှာမူ တဖြည်းဖြည်းနှင့်ပို၍ ကျင့်သားရလာတော့သည်။ အထူးသဖြင့် လျှပ်စီးတန်း ပို၍ အစွမ်းထက်လာသော နောက်ဆုံးပြီးခါနီး အချိန်များတွင်ဆိုလျှင် ပို၍ပင် သိသာ၏။ ထိုအချိန်တွင် နာကျင်မှုများကို ခံစားနေရဆဲ ဖြစ်ပါသော်လည်း သလင်းကျောက် ပြိုကွဲရာမှ ထွက်ပေါ်လာသော ဝိညာဉ်ချီများမှာ ထိုနာကျင်မှုများကို သက်သာသွားအောင် ကူညီပေးနေ၏။ သူ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာခြင်းကြောင့်လည်း သူသည် အားအင်များ တိုးပွားလာသလို လျှပ်စီးတန်းများကို တောင်ခံနိုင်စွမ်းမှာလည်း ပိုမိုတိုးတက်လာတော့သည်။
ထိုတစ်လလုံး ထိုကဲ့သို့ ထပ်ခါတလဲလဲ ဆက်ဖြစ်နေခဲ့၏။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့တစ်ယောက် လျှပ်စီးတန်း ခုနှစ်ချက်တိတိကို ဆက်တိုက်တောင့်ခံနိုင်ခဲ့သည့် ရက်သို့ ရောက်ရှိလာတော့သည်။ ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်ထဲရှိ သလင်းကျောက်လေးမှာ တုန်ရီသွားပြီး ဝိညာဉ်ချီ အမြောက်အမြားကို ထုတ်လွှတ်လိုက်သောကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ နောက်တစ်ဆင့်သို့ တက်သွားတော့သည်။
သူသည် အာနာပါန ဒုတိယအဆင့်မှနေ၍ အာနာပါန တတိယအဆင့်သို့ ဖောက်ထွက်သွားပြီဖြစ်သည်။
သူ၏ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်သွားသောအခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲတွင်ရှိသော ဝိညာဥ်သွေးကြောများမှာ သေးသွယ်ကျဉ်းမြောင်းသော စမ်းချောင်းများအသွင် ရှိနေရာမှ ကြီးမားကျယ်ဝန်းသော မြစ်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ၎င်းတို့မှာ သူ၏ ခန္ဓာကိုယ်တစ်လျှောက် ဒလဟော စီးဆင်းသွားသောအခါ သူ၏ ဝိညာဉ်စွမ်းအင်များမှာလည်း မြင့်တက်လာ၏။ ထိုအချိန်တွင် သူသည် အပြင်ဘက်သို့ တည်နေရာပြောင်းရွှေ့သွားခြင်းမရှိဘဲ စိတ်အားထက်သန်နေသော မျက်ဝန်းများဖြင့် ရှစ်ချက်မြောက် လျှပ်စီးတန်းကို စောင့်ဆိုင်းနေလိုက်တော့သည်။
ထို ရှစ်ချက်မြောက် လျှပ်စီးတန်းမှာ အခြား လျှပ်စီးတန်းများနှင့် မတူဘဲ ကြက်သွေးရောင် သန်းနေ၏။ ထို လျှပ်စီးတန်း ဆင်းသက်လာသောအခါ ထိုနေရာတွင် ကျင့်ကြံနေကြသည့် ကျောင်းသားများဆီမှ ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာတော့သည်။ သူတို့မှာ ထို ကြက်သွေးရောင်သန်းနေသော လျှပ်စီးတန်းကြီး မိုးကောင်းကင်အား ထိုးခွင်းကာ ဝမ်ပေါင်လဲ့အား ပစ်ခတ်သွားသည်ကို စိုက်ကြည့်နေလိုက်တော့သည်။
ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ ဆန့်ငင်ဆန့်ငင် ဖြစ်သွား၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ဆုတ်ပြဲသွားလုမတတ် ခံစားနေရပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ သလင်းကျောက်လေး အများအပြား ပြိုကွဲပျက်စီးသွားသည်ကိုလည်း ခံစားမိလိုက်၏။ တချိန်တည်းမှာပင် သူ၏ အသိစိတ်ထဲ၌ လျှပ်စီးကို ထိန်းချုပ်နိုင်မည့် ပညာရပ်များ ပေါ်ပေါက်လာတော့သည်။
ထို လျှပ်စီးထိန်းချုပ်နည်း ပညာရပ်များမှာ သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်တို့ပေါ်တွင် အမှတ်တံဆိပ်တစ်ခုကဲ့သို့ စွဲထင်သွားပြီး သူ၏ အသိစိတ်ထဲတွင် ပြီးပြည့်စုံခြင်း မရှိသေးသော ကျောက်စာများအသွင် ပြောင်းလဲသွား၏။
ထို ကျောက်စာများမှာ တလက်လက်တောက်ပနေ၏။ အခြားသူများမှာ နားလည်နိုင်မည် မဟုတ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ အာရုံခံလိုက်ပြီးနောက် ထိုကျောက်စာများ၏ အဓိပ္ပါယ်ကို အလိုလို နားလည်သွားတော့သည်။
၎င်းမှာ လျှပ်စီးပိုင်နက် လျှို့ဝှက်ဆန်းကြယ်နယ်မြေ၏ လျှို့ဝှက်ဆန်းကြယ်ပညာရပ် ငါးခုထဲမှ ပထမဆုံး ပညာရပ်ဖြစ်သည်။
တအုန်းအုန်းမြည်ဟည်းနေသော မိုးခြိမ်းသံများကြားတွင် ဝမ်ပေါင်လဲ့မှာ ဆက်လက် တောင့်ခံထားနိုင်စွမ်း မရှိတောပေ။ သူသည် လျှပ်စီးပိုင်နက် လျှို့ဝှက်ဆန်းကြယ်နယ်မြေထဲမှ ချက်ချင်းပင် တည်နေရာပြောင်းရွှေ့ကာ ထွက်ခွာသွား၏။ သူသည် အပြင်ဘက်သို့ ဒယိမ်းဒယိုင်နှင့် ပြန်လည်ရောက်ရှိလာချိန်တွင် သူ၏ ပါးစပ်ထဲမှ နီစွေးသော သွေးပွက်တစ်ပွက် အန်ထွက်လာ၏။ သူ၏ မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုများကြောင့် နီမြန်းနေပြီး သူသည် ကောင်းကင်ကြီးအား မော့ကြည့်ကာ ဟက်ဟက်ပက်ပက် အော်ဟစ်ရယ်မောလိုက်တော့သည်။
” ငါ အောင်မြင်သွားပြီကွ ”
ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှားနှင့် မတ်တတ်ထလာပြီး သူ၏ တင်ပါးကိုပုတ်ကာ ညာလက်ကိုမြှောက်လိုက်၏။ ထို့နောက် လက်ကို ဝှေ့ယမ်းလိုက်သောအခါ ချက်ချင်းဆိုသလိုပင် သူ၏ လက်ချောင်းများပေါ်၌ လျှပ်စီးကွေးတစ်ခု ပေါ်ပေါက်လာ၏။ ၎င်းမှာ အင်မတန်မှ သေးငယ်ပါသော်လည်း ထို အသေးစား လျှပ်စီးတန်းထဲတွင် ကိန်းအောင်းနေသော လျှပ်စစ်စွမ်းအင်များကြောင့် လျှို့ဝှက်ဆန်းကြယ်နယ်မြေ၏ ဝင်ပေါက်နားတွင် စုဝေးနေကြသော ကျောင်းသားများမှာ အံ့ဩမှင်တက်သွားကြ၏။ တချို့မှာဆိုလျှင် အသံအကျယ်ကြီး ပင့်သက်ရှိုက်မိသွားကြ၏။
” အလင်းကွေးပဲ ”
အလင်းကွေးဆိုသည်မှာ လျှပ်စီးပိုင်နက် လျှို့ဝှက်ဆန်းကြယ်နယ်မြေထဲတွင် ရှာတွေ့နိုင်သော လျှို့ဝှက်ဆန်းကြယ် ပညာရပ်များထဲမှ တစ်ခုဖြစ်ပြီး အဆင့်မြင့်ကျွန်းပေါ်၌ ထိုပညာရပ်ကို တတ်မြောက်ထားသည့် လူအရေအတွက်မှာ မရှိသလောက်ကို နည်းပါး၏။ ထို့ကြောင့် ထိုပညာရပ်အား တတ်မြောက်ကျွမ်းကျင်သွားသည့် လူအသစ်တစ်ယောက်ပေါ်လာတိုင်း လူအများ၏ အာရုံကို ဖမ်းစားသွားနိုင်သည်သာ ဖြစ်သည်။
တအံ့တဩနှင့် ပင့်သက်များ ရှိုက်နေကြသည့် လူအုပ်ကြီး၏ အလယ်တွင် ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ကျေနပ်မှုအပြည့် ရှိနေသည့်ပုံ ပေါ်နေ၏။ သို့သော် သူသည် ဆက်၍ ကြွားဝါမနေတော့ဘဲ သူ၏ ရေစက်ပုံစံ သင်္ဘောပျံကြီးကို ထုတ်ယူကာ ဓမ္မလက်နက်အဆောင်ရှိ သူ၏ နတ်ဝိဇ္ဇာဂူဆီသို့ ဝမ်းမြောက်ပျော်ရွှင်စွာ ပြန်သွားလိုက်တော့သည်။ ထို့နောက် သူ၏ လက်ဖဝါးကို လှန်ကြည့်လိုက်သောအခါ အလင်းကွေးတစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရ၏။ နောက်ထပ်တစ်ကြိမ် ထပ်၍ လှန်ကြည့်လိုက်သော အခါတွင်မူ တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်တစ်ခု ပေါ်လာပြန်သည်။ ထိုသို့ဖြင့် သူသည် အလွန် အစွမ်းထက်လာပြီဖြစ်ကြောင်း ခံစားလိုက်ရတော့သည်။
” အခုဆိုရင် ငါ့မှာ မီးမုန်တိုင်းရယ်၊ အလင်းကွေးရယ် တိမ်လွှာလက်ချောင်းရယ်လို့ ခေါ်တဲ့ ဇီဝိန်ချုပ်တိုက်ကွက် သုံးကွက်အထိ ရှိသွားပြီ ”
ဝမ်ပေါင်လဲ့မှာ နှလုံးသားထဲတွင် ကျေနပ်မှုများဖြင့် ပြည့်နှက်နေပြီး သူ၏ ဝိညာဥ်သွေးကြောများတစ်လျှောက်တွင် မြစ်ကြီးတစ်စင်းကဲ့သို့ စီးဆင်းနေသော ဝိညာဉ်ချီများကို ခံစားလိုက်ရသလို တချိန်တည်းမှာပင် သူ၏ အပြင်ခန္ဓာကိုယ် ပို၍ သန်မာလာသည်ကိုလည်း ခံစားမိလိုက်၏။ ထို့ကြောင့် သူသည် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ အော်ဟစ်ရယ်မောလိုက်တော့သည်။
” အာနာပါန တတိယအဆင့် ရောက်သွားပြီကွ ”
သူသည် စိတ်ဓာတ်များ လန်းဆန်းတက်ကြွသွားပြီး ဝိညာဉ်ရေခဲရေ ငါးဘူးခန့် ထုတ်ယူကာ တစ်ခါတည်း မော့သောက်လိုက်၏။ ထို့နောက် သူသည် ပါးစပ်ကိုသုပ်ကာ ဗိုက်ကိုပုတ်လိုက်ပြီး တင်ပျဉ်ခွေထိုင်ချလိုက်သည်။ ထို့နောက် အားမာန်အပြည့်ဖြင့် အရောင်တောက်နေသော မျက်ဝန်းများဖြင့် အဆင့်မြှင့် မီးနတ်ဘုရားအမြောက်အတွက် လိုအပ်သော ဓမ္မအဆောင်များကို ထုတ်ယူလိုက်တော့သည်။
” ဓမ္မလက်နက်စစ်သည်စာမေးပွဲအတွက် လိုအပ်တဲ့ နတ်ဘုရားရတနာကို အပြီးအထိ ဖန်တီးဖို့ပဲ လိုတော့တယ် ”
ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ နှလုံးသားထဲရှိ ပျော်ရွှင်နေသော စိတ်များကို ချုပ်တည်းလိုက်၏။ သူသည် တဖြည်းဖြည်းနှင့် တည်ငြိမ်လာပြီးနောက် နတ်ဘုရားရတနာများကို စတင်ပေါင်းစည်းလိုက်တော့သည်။
အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားပြီး နောက်ဆုံးတွင် လဝက်တိတိ ကုန်ဆုံးသွားပြီဖြစ်သည်။ ဓမ္မလက်နက်စစ်သည်စာမေးပွဲ မစတင်ခင် တစ်ပတ်အလိုတွင် ညဉ့်နက်သန်းခေါင်းယံ အချိန်၌ ဝမ်ပေါင်လဲ့၏ နတ်ဝိဇ္ဇာဂူတံခါးမှာ ရုတ်တရက် ပွင့်သွားပြီး သူသည် အထဲမှ ပြေးထွက်လာ၏။
သူ၏ ဆံပင်များမှာ ရှုပ်ပွနေပြီး သူသည် အားအင်ကုန်ခန်းနေသည့်ပုံစံ ပေါက်နေပါသော်လည်း သူ၏ မျက်လုံးများမှာ ဝင်းလက်တောက်ပနေ၏။ သူသည် စိတ်လှုပ်တရှားနှင့် သူ၏ သင်္ဘောပျံကြီးပေါ်သို့တက်ကာ အဆင့်မြင့်ကျွန်းထဲမှနေ၍ ကောင်းကင်မြို့တော်၏ အပြင်ဘက်ရှိ တောနက်ကြီးထဲသို့ ဦးတည်သွားလိုက်၏။
ဝမ်ပေါင်လဲ့မှာ သူ၏ သင်္ဘောပျံကြီးပေါ်တွင်ရပ်ကာ တောနက်ကြီး၏ အထက်ရှိ ကောင်းကင်ယံတွင် ရစ်ဝဲနေ၏။ သူသည် ညာလက်ကိုမြှောက်၍ တစ်ကြိမ် ဝှေ့ယမ်းလိုက်သောအခါ လက်မောင်းတစ်ဖက်အရွယ်အစားခန့် တုတ်သော ပိုက်ရှည်တစ်ချောင်း သူ၏ လက်ထဲတွင် ပေါ်လာ၏။ ထို ပိုက်ချောင်းမှာ မည်းနက်ကာ အမြောက်ပြောင်းတစ်ခုနှင့် တူနေပြီး ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်မျိုးနှင့်အတူ အားကောင်းသော ဝိညာဉ်စွမ်းအားတစ်ခုကိုပါ ထုတ်လွှတ်နေ၏။
” ဒါ ငါ သန့်စင်ထားတဲ့ အဆင့်မြှင့် မီးနတ်ဘုရားအမြောက်ပဲကွ ”
ဝမ်ပေါင်လဲ့မှာ အေးစက်နေသော အမြောက်ပြောင်းလေးကို ပွတ်သပ်ကာ စိတ်လှုပ်တရှားနှင့် မြှောက်လိုက်ပြီး သူ၏အောက်တွင် ရှိနေသော တောင်ကုန်းတစ်ခုကို လှမ်းချိန်လိုက်၏။ ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ချီများ ထွက်ပေါ်လာပြီး ပေါက်ကွဲထွက်သွားတော့သည်။
ထိုအခါ ထိုအမြောက်ထဲမှနေ၍ ချက်ချင်းဆိုသလိုပင် မျက်စိကျိန်းမတတ် စူးရှသော အလင်းတန်းတစ်ခု ပေါ်ထွက်လာ၏။ ထို့နောက် ကောင်းကင်ယံတွင် ကမ္ဘာမြေကြီးကိုပင် ကွဲအက်သွားစေနိုင်သော ပေါက်ကွဲသံကြီးတစ်သံ ပဲ့တင်ထပ်သွားပြီး အလွန် အားပြင်းသော ပြန်ကန်အားတစ်ခု ဝမ်ပေါင်လဲ့၏ ပခုံးအား ရိုက်ခတ်သွား၏။ သူ စီးနင်းထားသည့် သင်္ဘောပျံကြီးမှာလည်း နောက်သို့ ကိုက်ပေါင်းများစွာ လွင့်ထွက်သွား၏။ ထို့နောက် အမြောက်ထဲမှ ခရမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာတော့သည်။
ထိုအလင်းတန်းမှာ တောင်ကုန်းဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွား၏။ ကောင်းကင်ယံတွင် ပေါက်ကွဲသံများ ပဲ့တင်ထပ်နေစဉ် ထိုတောင်ကုန်းလေးမှာ တုန်ရီသွားတော့သည်။ ၎င်းမှာ အပေါ်တည့်တည့်မှနေ၍ ပစ်ခတ်လိုက်ရသည် ဖြစ်ရာ အချင်း နှစ်မီတာခန့်ရှိသော ဧရာမအပေါက်ကြီးတစ်ပေါက် အောက်တည့်တည့်သို့ ထိုးဖောက်သွား၏။
ဝမ်ပေါင်လဲ့မှာ အဆင့်မြှင့် မီးနတ်ဘုရားအမြောက်၏ အဖျက်စွမ်းအားကို ငေးကြည့်ရင်း အံ့ဩမှင်တက်သွားရပြီး သူ၏ မျက်လုံးများမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားတော့သည်။
” ဒီလိုစွမ်းအားမျိုးက…. တတိယအဆင့် ထိပ်ဆုံးအဆင့်ထက်ကို ပိုပြီး သာလွန်နေတာပဲ။ စတုတ္ထအဆင့်လို့တောင် သတ်မှတ်လို့ရတယ် ”
” ငါ နာမည်တစ်ခုတောင် စဉ်းစားပြီးသွားပြီ။ ဒီအမြောက်ကို…. ပေါင်လဲ့အမြောက်လို့ ခေါ်ကြတာပေါ့ ”
ဝမ်ပေါင်လဲ့မှာ သင်္ဘောပျံကြီးပေါ်တွင် ရပ်ရင်း သူ့ကိုယ်သူ ဂုဏ်ယူမဆုံး ဖြစ်နေတော့သည်။ ထို့နောက် လက်တစ်ဖက်ဖြင့် မီးနတ်ဘုရားအမြောက်အား ကောင်းကင်ပေါ်သို့မြှောက်ကာ ကျယ်လောက်စွာ ရယ်မောလိုက်တော့သည်။
” ဓမ္မလက်နက်စစ်သည်စာမေးပွဲမှာ ပေါင်လဲ့အမြောက် ပေါ်လာရင် ဘယ်သူက အာကျယ်အာကျယ် လုပ်ရဲဦးမှာလဲကွ ”
***