Switch Mode

အခန်း ( ၁၈၈ )

လျှပ်စီးပိုင်နက်နယ်မြေကို ဝင်ရောက်ခြင်း

” သုံးလဆိုတဲ့အချိန်က ကြာလည်းမကြာသလို၊ တိုလည်းမတိုဘူးလို့ ပြောလို့ရတယ်။ ငါ ကောင်းကောင်းအသုံးချမှ ဖြစ်မယ် ”
ဝမ်ပေါင်လဲ့မှာ နတ်ဝိဇ္ဇာဂူထဲတွင် တင်ပျဉ်ခွေထိုင်ကာ တွေးလိုက်၏။ မီးနတ်ဘုရားအမြောက်အတွက် လိုအပ်သော ကမ္ဗည်းစာလုံးများကို အသေးစိတ်ပြင်ဆင်လိုက်ပြီးနောက် သူ၏မျက်နှာပေါ်တွင် စိတ်ဓာတ်ပြတ်သားသော အရိပ်အယောင်တစ်ခု ပေါ်လာ၏။

” အဲဒါဆိုရင် မီးနတ်ဘုရားအမြောက်ကိုပဲ ရွေးလိုက်တာပေါ့ ”
ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူကာ ကျောက်စိမ်းပေလွှာကို ချက်ချင်းထုတ်ယူလိုက်သည်။ ထို့နောက် သူသည် အသေးစား မီးနတ်ဘုရားအမြောက်အတွက် လိုအပ်သော ကမ္ဗည်းစာလုံးများကို စတင်ပုံဖော်နေလိုက်တော့သည်။ သူ့မှာ ကိုးကားစရာအချက်အလက်များ ရှိနေပါသော်လည်း ၎င်းတို့မှာ ကြုံရာကျပန်း ဖန်တီးထားသော အရာများ ဖြစ်သောကြောင့် အခက်အခဲအချို့နှင့် ကြုံနေရဆဲပင်။

ကံကောင်းသည်မှာ ဝမ်ပေါင်လဲ့သည် မီးနတ်ဘုရားအမြောက်များ၏ ကမ္ဗည်းစာလုံးများကို ထဲထဲဝင်ဝင် နားလည်ထားခြင်းဖြစ်သည်။ သူသည် ခံတပ်ထဲတွင် တိုက်ပွဲကြီးနှင့် ကြုံတွေ့ခဲ့ရစဉ်တုန်းက မီးနတ်ဘုရားအမြောက်ကို လက်တန်းပြင်ဆင်မှု အမြောက်အမြား ပြုလုပ်ခဲ့သောကြောင့် ထိုအမြောက်ကြီးထဲရှိ အစိတ်အပိုင်း တစ်ခုချင်းစီနှင့် ရင်းနှီးနေပြီဖြစ်သည်။

” ငါ ဖန်တီးမယ့် မီးနတ်ဘုရားအမြောက်က အရမ်းကြီးသေးနေလို့မဖြစ်ဘူး။ အရမ်းကြီး သေးနေမယ်ဆိုရင်က ပြင်းအားလုံလုံလောက်လောက် ထုတ်ပေးနိုင်မှာမဟုတ်သလို ပစ္စည်းတွေကို တပ်ဆင်ဖို့ကလည်း ခက်ခဲနေမှာ ”
ဝမ်ပေါင်လဲ့မှာ အစီအစဉ်များကို လိုသလိုပြောင်းလဲရင်း ခေါင်းကုတ်ကာ အတွေးများထဲတွင် နစ်မျောနေတော့သည်။

” ငါ အရမ်းကြီး အတွေးလွန်နေလို့လည်း မဖြစ်ဘူး။ မူရင်းမီးနတ်ဘုရားအမြောက်တစ်လက်လိုပဲ သဘောထားပြီးတော့ ကမ္ဗည်းစာလုံးတွေကို တိုးတက်သွားအောင်ပဲ လုပ်ဖို့လိုတာ ”

ထိုသို့ဖြင့် အချိန်များကုန်လွန်သွားပြီး သုံးရက်တိတိ ကုန်ဆုံးသွား၏။

ထို သုံးရက်အတွင်း ဝမ်ပေါင်လဲ့မှာ အအိပ်ပျက် အစားပျက်ခံ၍ ၎င်းအား မရပ်မနား ပုံဖော်တည်ဆောက်ခဲ့၏။ နောက်ဆုံးတွင် သူ၏ စိတ်ထဲတွင် ဖန်တီးတည်ဆောက်လိုသော မီးနတ်ဘုရားအမြောက်၏ ပုံကြမ်းကို အောင်မြင်စွာ ရေးဆွဲနိုင်သွားတော့သည်။

၎င်း၏ ပုံစံမှာ မီးနတ်ဘုရားအမြောက်နှင့် တော်တော်လေး ကွဲပြားနေ၏။ ပို၍တိတိကျကျဆိုရလျှင် ၎င်းမှာ ဒုံးပျံတစ်စင်းနှင့် ပို၍တူနေသည်။

ကျောက်စိမ်းပေလွှာပေါ်တွင် သူ ရေးဆွဲထားသော ပုံကြမ်းကိုကြည့်ရင်း ဝမ်ပေါင်လဲ့မှာ ကျေနပ်အားရသွား၏။ သူသည် သူ၏ ပုံကြမ်းနှင့် ထိုအမြောက်ထဲတွင် ထည့်သွင်းလိုသော အစွမ်းများပေါ်လိုက်၍ လိုအပ်သော ကမ္ဗည်းစာလုံးများကို ပြင်ဆင်လိုက်၏။ ထိုသို့ဖြင့် သူ၏အတွေးထဲတွင် ဆန်းသစ်သော အကြံမျိုးစုံပေါ်ပေါက်လာပြီး တစ်ခုနှင့်တစ်ခု ရိုက်ခတ်ကာ မီးပွားလေးများ ထွက်ပေါ်လာသကဲ့သို့ ဖြစ်နေတော့သည်။

ရက်ပေါင်းများစွာ ကုန်ဆုံးသွားပြီးနောက် မီးနတ်ဘုရားအမြောက်အား ပြင်ဆင်မွမ်းမံရာတွင် အာရုံအပြည့် စိုက်ထားခဲ့သည့် ဝမ်ပေါင်လဲ့မှာ ကမ္ဗည်းစာလုံးများကို အောင်မြင်စွာ စီစဉ်ပြီးသွားပြီ ဖြစ်သည်။ သူ၏ပုံစံမှာ မောပန်းနွမ်းနယ်နေသည့်ပုံ ပေါက်နေ၏။

သူသည် မီးနတ်ဘုရားအမြောက်တွင် ပါရှိသော ကမ္ဗည်းစာလုံးများကို ကိုးကားကာ ကမ္ဗည်းစာလုံးရေ တစ်သန်းကျော် ပြင်ဆင်ခဲ့ရ၏။ သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်နှင့် ဓမ္မလက်နက်ပညာရပ် ကျွမ်းကျင်မှုအဆင့်‌တို့ကြောင့် သူ စီစဉ်ထားသော ကမ္ဗည်းစာလုံးအားလုံးကို နတ်ဘုရားရတနာတစ်ခုတည်းပေါ်တွင် ရေးထိုးနိုင်ရန်မှာ မဖြစ်နိုင်ပေ။

” ဒီ ကိုယ်ထည်ကို အပြီးအထိ တည်ဆောက်နိုင်ဖို့ဆိုရင် နတ်ဘုရားရတနာ ခုနစ်ဆယ့်ရှစ်ခုကို အတူတကွ တပ်ဆင်ဖို့လိုသေးတယ်… ”
ဝမ်ပေါင်လဲ့မှာ နဖူးပွတ်ကာ ဝိညာဉ်ရေခဲရေတစ်ဘူးကို ထုတ်ယူလိုက်၏။ သူသည် ၎င်းအား မော့သောက်လိုက်ပြီးနောက် ခေတ္တအနားယူကာ အလုပ်ပြန်စလိုက်ပြန်သည်။

သူသည် ထိုအဆင့်တွင် အချိန်အများဆုံး ကုန်ဆုံးစေခဲ့၏။ အသွင်ပုံသဏ္ဍာန်၊ ကမ္ဗည်းစာလုံးနှင့် ဂုဏ်သတ္တိအပိုင်းတို့တွင် ကွဲပြားခြားနားသော နတ်ဘုရားရတနာ ခုနစ်ဆယ့်ရှစ်ခုကို ဖတ်တီးနိုင်ရန်အတွက်ဆိုလျှင် သူ သတ်မှတ်ထားခဲ့သော လိုအပ်ချက်များအတိုင်း တသွေမသိမ်း လိုက်လုပ်ရန် လိုအပ်ပေသည်။

ထို့အပြင် နတ်ဘုရားရတနာများပေါ်တွင် ကမ္ဗည်းစာလုံးရေ တစ်သန်းကျော် အညီအမျှ ပျံ့နှံ့သွားနိုင်ရန်အတွက် အရာအားလုံးမှာ သူ၏ ပုံကြမ်းနှင့် တစ်ထေရာတည်း ကိုက်ညီနေရမည်ဖြစ်ရာ အမှားအယွင်း တစ်ခုတလေပင် ပေါ်လာ၍ မဖြစ်ပေ။ သို့မှာသာ ၎င်းတို့ကို အတူတကွ တပ်ဆင်မည့်အချိန်တွင် ၎င်းတို့မှာ တစ်ခုနှင့်တစ်ခု ကိုက်ညီနေမည်ဖြစ်ပြီး ချောချောမွေ့မွေ့ လည်ပတ်နိုင်မည် ဖြစ်သည်။

အမှားခံ၍ လုံးဝမဖြစ်သောကြောင့် တစ်နေရာရာတွင် အမှားအယွင်းတစ်ခု ပေါ်လာပါက အရာအားလုံးကို အစမှ ပြန်စရမည်ဖြစ်သည်။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ တံခါးပိတ်ကာ သန့်စင်ခြင်းလုပ်ငန်းစဉ်ထဲတွင် တစ်လတိတိ ကိုယ်ရောစိတ်ပါ နှစ်မြုပ်ထားလိုက်ပြီးနောက် နတ်ဘုရားရတနာ ခုနစ်ဆယ့်ရှစ်ခုစလုံးကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သဖြင့် စိတ်လှုပ်တရှားနှင့် ပြန်ထွက်လာတော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုပစ္စည်းအားလုံးကို တစ်ခုမကျန် စိတ်တိုင်းကျသည့်အဆင့်သို့ မရောက်သေးပါသော်လည်း သူ၏ လက်ရှိ ပညာအဆင့်အတန်းနှင့်ဆိုလျှင် ၎င်းမှာ သူအတတ်နိုင်ဆုံး အနေအထားပင် ဖြစ်သည်။ သူ ယခင်တုန်းက ပြုလုပ်ခဲ့သည့် နတ်ဘုရားရတနာများပင်လျှင် ယခု ဖန်တီးခဲ့သည့် နတ်ဘုရားရတနာများလောက် အာရုံစိုက်စရာမလိုခဲ့သလို အားစိုက်စရာလည်း မလိုခဲ့ပေ။

ထို တစ်လအတွင်း သူသည် မီးနတ်ဘုရားအမြောက်၏ ပြုပြင်မွမ်းမံထားသော ကိုယ်ထည်ပေါ်တွင် အာရုံအပြည့် စိုက်ထားခဲ့သောကြောင့် သူ၏ မုန့်များကိုပင် မေ့ပျောက်သွားခဲ့ရ၏။

” နောက်တစ်ဆင့်က အခက်ခဲဆုံးပဲ။ ပစ္စည်းတွေအားလုံးကို အတူတူ ပေါင်းစည်းသွားအောင် တပ်ဆင်ပေးရမှာ ”
ဝမ်ပေါင်လဲ့မှာ သူ၏ရှေ့တွင်ရှိနေသော နတ်ဘုရားရတနာများကိုကြည့်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ စိတ်လှုပ်ရှားမှုများကို ချုပ်တည်းလိုက်၏။ နတ်ဘုရားရတနာများကို တပ်ဆင်ခြင်းမှာ သစ်သားတုံးများကို တစ်တုံးပေါ်တစ်တုံး ဆင့်ခြင်းလောက် မရိုးရှင်းကြောင်း သူက နားလည်ထား၏။ ၎င်းတို့ကို သန့်စင်ခြင်း လုပ်ငန်းစဉ်အတွင်း ဝိညာဉ်စွမ်းအင်ဖြင့် ထိန်းချုပ်ပြီးမှသာ တစ်ခုနှင့်တစ်ခု ပေါင်းစည်းသွားအောင် တပ်ဆင်နိုင်မည် ဖြစ်သည်။

ထိုလုပ်ငန်းမှာ အလွန်အင်မတန်မှ ခဲယဥ်းပြီး ဝိညာဉ်စွမ်းအင် အမြောက်အများကို အသုံးပြုရန် လိုအပ်သလို အာရုံအပြည့်စိုက်နိုင်ရန်လည်း လိုအပ်၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ရက်တိတိ အနားယူလိုက်ပြီးနောက် တပ်ဆင်ခြင်းလုပ်ငန်းစဉ်ကို စတင်လိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ နတ်ဘုရားရတနာအားလုံးကို တပ်ဆင်ရခြင်းမှာ ခက်ခဲမည်ဖြစ်ကြောင်း ကြိုတင်မှန်းဆထားခဲ့သည့်တိုင်အောင် အခက်အခဲများစွာနှင့် ရှုံးနေမှုများစွာကို ကြုံနေရဆဲပင်။ အထူးသဖြင့် ငါးရက်မြောက်နေ့တွင် ဝမ်ပေါင်လဲ့၏ ရှေ့တွင်ရှိနေသော မီးနတ်ဘုရားအမြောက် ပုံစံတူလေးမှာ အသံကျယ်ကြီးတစ်သံ ပေါ်ထွက်လာပြီး ရုတ်တရက်ဆိုသလို ပေါက်ကွဲသွား၏။

ဝမ်ပေါင်လဲ့မှာ ရွှေခေါင်းလောင်းပုတီးစေ့ကို အသုံးပြု၍ ပေါက်ကွဲမှုဒဏ်မှ သူ့ကိုယ်သူ ကာကွယ်နိုင်ခဲ့၏။ သို့သော် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားသော နတ်ဘုရားရတနာများကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ ရှုံ့မဲ့သွားရပြီး စိတ်ပျက်လက်ပျက်နှင့် သူ၏ ဆံပင်မွေးများကို အားပါပါ ဆောင့်ဆွဲလိုက်တော့သည်။

” ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က မလုံလောက်သေးဘူးပဲ ”
ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲတွင် ခေါင်းမာသော အရိပ်အယောင်များကို မြင်နိုင်ပေသည်။ သူသည် အကြိမ်ပေါင်းများစွာ ကျရှုံးခဲ့ပြီးနောက် နတ်ဘုရားရတနာများကို တပ်ဆင်နိုင်ရန် အလို့ငှာ ဝိညာဉ်စွမ်းအင်များကို အဘက်ဘက်မှ တိတိကျကျ ထိန်းချုပ်နိုင်စွမ်းရှိရန် လိုအပ်ကြောင်း သိလိုက်ရ၏။ ထို့ကြောင့် သူ၏ ဝိညာဉ်စွမ်းအင်မှာ သန့်စင်မှုအမြန်နှုန်းကို အမီ မလိုက်နိုင်တော့သည်နှင့် တစ်ပြိုင်နက် ထိုလုပ်ငန်းစဉ်မှာ နှောင့်နှေးကာ ရပ်တန့်သွားမည်ဖြစ်ပြီး နောက်ဆုံးတွင် မအောင်မြင်တော့ဘဲ ကျရှုံးသွားမည်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ အခြားသော အာနာပါန ဒုတိယအဆင့် ကျင့်ကြံသူများထက် ပို၍သာလွန်နေပါသော်လည်း တပ်ဆင်ခြင်း လုပ်ငန်းစဉ်ကို တစ်ခေါက်တည်းနှင့် အပြီးအထိ ဆောင်ရွက်နိုင်ခြင်းမရှိသေးပေ။ ထို့ကြောင့် သူသည် နတ်ဝိဇ္ဇာဂူထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ကာ စဉ်းစားတွေးတောနေရင်း ရုတ်တရက်ဆိုသလို ရပ်တန့်သွား၏။

” ငါ အာနာပါန တတိယအဆင့် ရောက်မှပဲ နတ်ဘုရားရတနာတွေကို အောင်အောင်မြင်မြင် တပ်ဆင်နိုင်မှာ ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီး အံကြိတ်ကာ ဆေးလုံးများကို ထပ်၍ဝယ်ယူရန် စီစဉ်လိုက်၏။ ထို့နောက် ရုတ်တရက်ဆိုသလို သူ၏ ဗိုက်ကို ငုံ့ကြည့်မိလိုက်ပြီး လက်ဖြင့်ပွတ်ကြည့်လိုက်သောအခါ သူ၏မျက်နှာပေါ်တွင် အံ့ဩတုန်လှုပ်နေသည့် အမူအရာတစ်ခု ပေါ်လာ၏။

” ဒီ ဆေးလုံးတွေရဲ့ အာနိသင်က ငါ့ရဲ့ဗိုက်ထဲက သလင်းကျောက်နဲ့ ယှဉ်လိုက်မယ်ဆိုရင် ဘာအဆင့်မှကို ရှိမှာ မဟုတ်လောက်ဘူး။ ငါ့ရဲ့ ကျင့်ကြံခြင်းစွမ်းအားကို လည်ပတ်အောင် လုပ်လိုက်တဲ့အခါတိုင်း အဲဒီ သလင်းကျောက်ရဲ့ တစ်စိတ်တစ်ပိုင်းက စုပ်ယူခြင်းခံနေရတာ။ ဒါပေမဲ့ အဲဒါတောင် တော်တော်ကြီး နှေးနေတုန်းပဲ။ တကယ်လို့ စုပ်ယူနှုန်းကိုသာ မြှင့်တင်နိုင်မယ်ဆိုရင် ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်က သေချာပေါက် ဖောက်ထွက်သွားနိုင်မှာပဲ ”
ဝမ်ပေါင်လဲ့မှာ သူ၏ဝမ်းဗိုက်ကို ရိုက်ကာ ချက်ချင်းပင် တင်ပျဥ်ခွေ ထိုင်ချလိုက်ပြီး ချန်းယွီထုံ သူ့အား လက်ဆောင်ပေးခဲ့သည့် လူ့စိတ်ကို လှည့်ဖျားနိုင်စွမ်းရှိသော နတ်ဘုရားရတနာကို ထုတ်ယူလိုက်တော့သည်။

ထို့နောက် ဝမ်ပေါင်လဲ့မှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ထို နတ်ဘုရားရတနာကို သူ၏ခေါင်းပေါ်သို့ ချက်ချင်းတင်၍ အမိန့်များပေးလိုက်၏။

” ငါ အပြင်းအထန် ဒဏ်ရာရထားလို့ အာဟာရဓာတ်တွေ အများကြီးလိုအပ်တယ် ”
ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်သောအခါ ခမောက်သဏ္ဍာန် နတ်ဘုရားရတနာမှာ တုန်ရီသွား၏။ သူ၏ ဦးခေါင်းထဲသို့ လျှပ်စီးကြောင်းတစ်ခု ဝင်ရောက်လာပါသော်လည်း မည်သည့် တုံ့ပြန်မှုမှ ဆက်ဖြစ်မလာခဲ့ပေ။

ဝမ်ပေါင်လဲ့မှာ အချိန်အနည်းငယ်ခန့် ထပ်၍ စောင့်ဆိုင်းလိုက်ပြီးနောက် စိတ်ညစ်သွားရ၏။ သူသည် ဆာလောင်မွတ်သိပ်ခြင်းနှင့် ပြေးလွှားခြင်းတို့နှင့် သက်ဆိုင်သော အမိန့်အမျိုးမျိုးကို ပေးခဲ့ပါသော်လည်း ၎င်းတို့အားလုံးမှာ အလုပ်မဖြစ်ကြောင်း သိလိုက်ရ၏။ ထို့နောက် သူသည် မျက်လုံးပြူးကြီးများဖြင့် ပို၍ပြင်းထန်သော အမိန့်တစ်ခုပေးရန် လိုအပ်ကြောင်း ဆုံးဖြတ်လိုက်တော့သည်။

” ငါ ထပ်ပြီးတော့ ဗိုက်ကြီးနေပြန်ပြီ ”
သူ ထိုသို့ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် နတ်ဘုရားရတနာထဲမှ လျှပ်စီးကြောင်းမှာ အရွယ်အစား ပိုမိုကြီးမားလာ၏။ သို့သော် ဝမ်ပေါင်လဲ့တစ်ယောက် မပျော်ရွှင်နိုင်ခင်မှာပင် ထို လျှပ်စီးကြောင်းမှာ သူ၏ဦးခေါင်းထဲသို့ ဝင်ရောက်သွားပြီးနောက် အားကုန်သွားတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဆွံ့သွားရတော့သည်။

” ငါ့ရဲ့ စိတ်ကို လှည့်စားတာ အရမ်းများသွားလို့ ခုခံအား ပိုကောင်းလာပြီးတော့ ငါပြောတဲ့စကားတွေကို မယုံတော့တာများလား ”
ဝမ်ပေါင်လဲ့မှာ ထိုဖြစ်နိုင်ခြေကို တွေးတောကာ အသက်ပြင်းပြင်းရှူမိလိုက်ပြီးနောက် အံ့ဩတုန်လှုပ်သွားရ၏။ သူသည် မယုံကြည်နိုင်လောက်အောင် ဖြစ်နေသလို အနည်းငယ်ခန့် ရှက်ကိုးရှက်ကန်းလည်း ဖြစ်နေရတော့သည်။ သူ၏ အသိစိတ်ကိုယ်တိုင်က သူ့အား ယုံကြည်ခြင်းမရှိသော အချက်မှာ ထူးဆန်းလွန်းနေသည် မဟုတ်ပါလော။

” မဖြစ်သေးဘူး…. ”
ဝမ်ပေါင်လဲ့မှာ အားမလိုအားမရ ဖြစ်သွားပြီး ဝိညာဉ်ကွန်ရက်ကိုဖွင့်ကာ ဝယ်ယူနိုင်သောဆေးလုံးများကို လိုက်လံရှာဖွေလိုက်၏။ သို့သော် အချိန်အတော်အတန်ကြာအောင် ရှာဖွေပြီးသွားသည့်တိုင်အောင် ဘေးထွက်ဆိုးကျိုးမရှိသလို အချိန်တိုအတွင်း သူ့အား ဖောက်ထွက်သွားအောင် ကူညီပေးနိုင်မည့် ဆေးလုံး တစ်လုံးတလေကိုပင် ရှာမတွေ့ခဲ့ပေ။

ဆေးလုံးအများစုမှာ ကာလရှည် မှီဝဲသုံးစွဲပါမှ ကျင့်ကြံခြင်းအဆင့်ကို တိုးတက်လာအောင် ကူညီပေးနိုင်သော အပျော့စား ဆေးလုံးများသာဖြစ်ကြသည်။ ဝမ်ပေါင်လဲ့လိုချင်သော ဆေးလုံးများရှိပါသော်လည်း ၎င်းတို့ကို ကံကောင်းမှရှာဖွေတွေ့ရှိနိုင်မည် ဖြစ်ပြီး အတင်းအကျပ်ဝယ်ယူ၍ မရနိုင်ပေ။

အဓိက ဓမ္မလက်နက်စစ်သည်စာမေးပွဲ စတင်ရန်မှာ နှစ်လပင် မလိုတော့ကြောင်း တွေးမိလိုက်သောအခါ ဝမ်ပေါင်လဲ့မှာ စိုးရိမ်စိတ်များ ကြီးထွားလာရတော့သည်။ သူသည် ဘန်နီလေးနှင့် တုမင်တို့ကိုပါ ဆက်သွယ်လိုက်ပါသော်လည်း ဘန်နီလေးမှာ တံခါးပိတ် လေ့ကျင့်နေပုံ ရသောကြောင့် အကြောင်းမပြန်ခဲ့ပေ။ တုမင်ကမူ ချက်ချင်းပင် အကြောင်းပြန်ခဲ့ပါသော်လည်း သူမဆီတွင် ဝမ်ပေါင်လဲ့လိုအပ်သော ဆေးလုံးများမရှိကြောင်း ပြန်ပြောခဲ့ခြင်းသာဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ချန်းယွီထုံအား အကူအညီတောင်းရန် တွေးလိုက်စဉ်မှာပင် သူ ခံတပ်ထဲ၌ သားရဲကြီးများ၏ သွားများကို နှုတ်ခဲ့စဉ်တုန်းက ဓာတ်လိုက်သွားခဲ့ပြီး ထိုဓာတ်လိုက်မှုကြောင့် သူ၏ သလင်းကျောက်လေးမှာ အနည်းငယ်ခန့် ကွဲအက်သွားခဲ့သည်ကို ရုတ်တရက် ပြန်၍ အမှတ်ရသွား၏။

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိလိုက်သောအခါ မျက်လုံးများ အရောင်လက်သွားတော့သည်။ ထို့နောက် သူသည် သူ၏ ပုံရိပ်ယောင်ခေါင်းအုံးကို ချက်ချင်းထုတ်ယူလိုက်ပြီး ပုံရိပ်ယောင်မြေထဲသို့ ဝင်သွားလိုက်၏။ ထို့နောက် မမလေးကိုရှာဖွေကာ ဓာတ်လိုက်ခံခြင်းအကြောင်း ထုတ်ပြောလိုက်တော့သည်။

သူ၏ တောင်းဆိုမှုကြောင့် မမလေးမှာ ဇဝေဇဝါနှင့် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရပါတော့လည်း သူ့အား ဓာတ်လိုက်အောင် လုပ်ပေးလိုက်၏။

သို့သော် ကြိမ်ဖန်များစွာ ဓာတ်လိုက်ခံရပြီး နာကျည်းစွာ အော်မြည်တမ်းခဲ့ရသည့်တိုင်အောင် အရာအားလုံးမှာ အချည်းနှီးသာ ဖြစ်နေကြောင်း သိလိုက်ရသဖြင့် ဝမ်ပေါင်လဲ့မှာ စိတ်ဓာတ်ကျသွားရတော့သည်။

” မဟုတ်သေးပါဘူး။ မဟုတ်မှလွဲရော ပုံရိပ်ယောင်မြေထဲမှာ ဓာတ်လိုက်ခံရတာက အစွမ်းမရှိဘဲ တကယ့်ဘဝမှာ ဓာတ်လိုက်မှ အလုပ်ဖြစ်တာများလား ”
ဝမ်ပေါင်လဲ့မှာ စိတ်ရှုပ်သွားရပြီး အားမလိုအားမရ ဖြစ်သွားတော့သည်။ ထိုလမ်းကိုသာ ဆက်လျှောက်နေမည်ဆိုပါက သူသည် သေဆုံးသွားနိုင်ကြောင်း တွေးမိလိုက်၏။ သို့သော် ဓမ္မလက်နက်စစ်သည်စာမေးပွဲနှင့် ကျောင်းစီမံရေးဌာနအား ဦးစီးနိုင်မည့် ရာထူးအကြောင်းကို တွေးမိလိုက်သောအခါ စမ်းကြည့်ရန်အတွက် အဆင့်နိမ့်ကျွန်းပေါ်တွင် လျှပ်စစ်ကြိုးတစ်ကြိုးကို ရှာဖွေရန် ဆုံးဖြတ်လိုက်တော့သည်။

သို့သော် ထိုအချိန်တွင် မျက်နှာဖုံးထဲမှ မမလေးက ဝမ်ပေါင်လဲ့အား အကြံတစ်ခုပေးလိုက်၏။

” နင် ဒီ စိတ်ကူးယဉ် လျှပ်စီးအားကို စမ်းသုံးကြည့်ပေါ့။ ဒီ လျှပ်စီး အမျိုးအစားထဲမှာက နိယာမတချို့ပါတော့ နင် ဖန်တီးနိုင်တဲ့ လျှပ်စစ်ဓာတ်ထက်တောင်မှ ပိုပြီးတော့ တမူထူးခြားတယ် ”

” လျှပ်စီး ဟုတ်လား ”
ဝမ်ပေါင်လဲ့မှာ အတွေးများထဲတွင် ခေတ္တမျှ နစ်မျောသွား၏။ သူသည် ပုံရိပ်ယောင်မြေထဲမှ ထွက်ခွာလာပြီးနောက် အနည်းငယ်ခန့် စဉ်းစားတွေးတောကြည့်လိုက်သောအခါ အဆင့်နိမ့်ကျွန်း၏ ပါမောက္ခကြီးမှာ အဆင့်မြင့်ကျွန်းပေါ်ရှိ ကျောင်းသားအားလုံး ဝင်ခွင့်ရှိသော လျှပ်စီးပိုင်နက် လျှို့ဝှက်ဆန်းကြယ်နယ်မြေတစ်ခု ရှိကြောင်း ပြောဆိုခဲ့ဖူးသည်ကို ပြန်၍ သတိရသွား၏။

ဝမ်ပေါင်လဲ့မှာ အဆင့်မြင့်ကျွန်းပေါ်တွင် ကျောင်းသားတစ်ယောက် ဖြစ်လာခဲ့သည့် အချိန်ကတည်းက လျှပ်စီးပိုင်နက် လျှို့ဝှက်ဆန်းကြယ်နယ်မြေဆီသို့ မသွားခဲ့ဘူးပါသော်လည်း ဝိညာဉ်ကွန်ရက်ပေါ်တွင် ထိုအကြောင်းနှင့် ပတ်သက်သည့် အခြားသူများ၏ ဆွေးနွေးငြင်းခုံမှုများကို ဖတ်ရှုထားဖူးသည် ဖြစ်သည်။ ထို လျှို့ဝှက်ဆန်းကြယ်နယ်မြေဟု အမည်ရသော အရာမှာ ရှေးဟောင်း ကြေးညိုရောင်ဓားကြီးဆီမှ ရရှိသော အပိုင်းအစတစ်ခုကို ပုံစံမပျက်ယွင်းအောင် ထိန်းသိမ်းထားခြင်းသာ ဖြစ်ကြောင်းကိုလည်း သိထား၏။

ထို အပိုင်းအစအကြီးကို ထိုနေရာတွင် မြှုပ်ထားပြီး ၎င်းထဲတွင် ရှေးဟောင်း ကြေးညိုရောင်ဓားကြီးဆီမှရသော လျှပ်စီးတန်းတစ်ခုကို အမွေအနှစ်တစ်ခုအဖြစ် ထည့်သွင်းထား၏။ ထိုအမွေအနှစ်ကို ငါးပိုင်း ခွဲထားပြီး ထိုငါးပိုင်းမှာ မန္တန်နှင့် လျှို့ဝှက်ဆန်းကြယ်ပညာရပ် ငါးမျိုးကို ကိုယ်စားပြုကြသည်။

” အဲဒီ မန္တန်ငါးခုကို အလင်း‌ကွေး၊ လျှပ်စစ်သံလိုက် သွေးခုန်နှုန်း၊ လျှပ်တစ်ပြက်ဓား၊ ေဒါသနဂါးနဲ့ ငရဲပင်လယ်လို့‌ ခေါ်ကြတယ် ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးရင်း စိတ်ထဲတွင်ရေရွတ်လိုက်၏။ ထို မန္တန်ငါးခုစလုံးကို လေ့လာသင်ယူကာ ပေါင်းစည်းနိုင်မည်ဆိုပါက ထိုအ‌‌မွေအနှစ်ကြီး တစ်ခုလုံးကို ရယူနိုင်မည်ဖြစ်ကြောင်း သူက သိထားသည်။

ထို အမွေအနှစ် တစ်ခုလုံး၏ ပုံစံမှာ ပြည်ထောင်စုထဲရှိ အလွန်အင်မတန်မှ ဆိုးရွားလှသော ရာသီဥတုနှင့် တစ်ထေရာတည်း ဆင်တူနေ၏။ ၎င်းကို လျှပ်စစ်သံလိုက် ပေါက်ကွဲမှုဟု ခေါ်ဆိုကြသည်။

ဝမ်ပေါင်လဲ့မှာ အချက်အလက်အားလုံးကို စိတ်ထဲတွင် ချင့်ချိန်သုံးသပ်လိုက်ပြီးနောက် သူ၏ မျက်ဝန်းများထဲတွင် စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်တစ်ခု ဖျတ်ခနဲ လက်သွား၏။ သူသည် အာနာပါန ဒုတိယအဆင့်မှ အမြန်ဆုံး ဖောက်ထွက်ကာ အာနာပါန တတိယအဆင့်သို့ တက်လှမ်းရန်လိုအပ်သောကြောင့် အချိန်ဖြုန်းနေ၍ မဖြစ်ကြောင်း သိထား၏။

ထိုသို့ ဖောက်ထွက်နိုင်မှသာ သူသည် နတ်ဘုရားရတနာ ခုနစ်ဆယ့်ရှစ်ခုကို အောင်မြင်စွာတပ်ဆင်နိုင်မည်ဖြစ်ပြီး ဓမ္မလက်နက်စစ်သည်စာမေးပွဲအတွက် လိုအပ်သော သူကိုယ်တိုင် ပြုပြင်မွမ်းမံထားသည့် မီးနတ်ဘုရားအမြောက်ကို ဖန်တီးနိုင်မည်ဖြစ်သည်။

” ငါ ဒီလောက်နဲ့တော့ မသေနိုင်လောက်ပါဘူး ”
ဝမ်ပေါင်လဲ့မှာ တွေဝေတုံ့ဆိုင်းမှုများကို ဖျောက်ဖျက်လိုက်ပြီး နတ်ဝိဇ္ဇာဂူထဲမှ စိတ်ဓာတ်ပြတ်သားစွာ ထွက်လာတော့သည်။ သူသည် သူ၏ ရေစက်ပုံစံ သင်္ဘောပျံကြီးကို ထုတ်ယူလိုက်ပြီး ဓမ္မလက်နက်အဆောင်ထဲမှ ပျံထွက်ကာ မန္တန်အစီအရင်အဆောင်ဆီသို့ ဦးတည်သွားလိုက်တော့သည်။

လျှပ်စီးပိုင်နက် လျှို့ဝှက်ဆန်းကြယ်နယ်မြေမှာ မန္တန်အစီအရင်အဆောင်ထဲရှိ တောင်ကုန်းလေးတစ်ခုပေါ်တွင် တည်ရှိသည်။ ထိုနေရာတွင် ဧရာမ အစိမ်းရောင် ကျောက်တုံးကြီး ခုနစ်တုံး ရှစ်တုံးခန့် ရှိနေပြီး ၎င်းတို့၏အလယ်တွင် စက်ဝိုင်းပုံစံ မန္တန်အစီအရင်တစ်ခု ရှိနေ၏။

ထို နေရာကို လူတိုင်းအသုံးပြုခွင့် ရှိသောကြောင့် အစောင့်တစ်ယောက်လေပင် ချမထားပေ။ မည်သူမဆို စာရင်းပေးသွင်းပြီးပါက ထိုထဲသို့ ဝင်ရောက်နိုင်ပြီး မန္တန်အစီအရင်၏ စွမ်းအားကိုလည်း အကာအကွယ်အဖြစ် အသုံးပြုနိုင်၏။ အတွင်းထဲတွင် အန္တရာယ်တစ်ခုခုနှင့် ကြုံရပါက ချက်ချင်းပင် အပြင်ဘက်သို့ ပြန်ထွက်နိုင်ပေသည်။

ဝမ်ပေါင်လဲ့ ထိုနေရာသို့ ရောက်သွားသောအခါ နေဝင်ရီတရောအချိန်သို့ ရောက်နေပြီဖြစ်သည်။ လျှပ်စီးပိုင်နက် လျှို့ဝှက်ဆန်းကြယ်နယ်မြေထဲတွင် လူတချို့ရှိနေဆဲ ဖြစ်ပါသော်လည်း အများကြီးတော့မဟုတ်ပေ။ ဝမ်ပေါင်လဲ့မှာ ရှည်ရှည်ဝေးဝေး တွေးမနေတော့ဘဲ ရောက်ရောက်လာချင်း ချက်ချင်း စာရင်းပေးသွင်းလိုက်ပြီး မန္တန်အစီအရင်ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားလိုက်၏။ ထိုအခါ သူ၏ အမြင်အာရုံမှာ ချက်ချင်းဆိုသလိုပင် ဝေဝါးသွားပြီး ကြည်လင်ရှင်းလင်းသွားသောအခါ သူသည် အခြားနယ်မြေတစ်ခုထဲသို့ ရောက်နေပြီဖြစ်သည်။

ထိုနေရာမှာ အမှောင်အတိပြီးနေ၏။ မြေပြင်ပေါ်တွင် ရွှေသားနှင့် တည်ထားသည့်ပုံရသော စေတီတစ်ဆူရှိနေ၏။ အဝေးမှကြည့်လိုက်ပါက မြေပြင်ပေါ်တွင် ဓားထိပ်များကဲ့သို့ ထောင်မတ်နေကြသည့် ထိုကဲ့သို့သော စေတီ တစ်ထောင်ကျော်ခန့် ရှိနေသည်ကို မြင်ရနိုင်ပေသည်။ ကောင်းကင်ယံထဲတွင်လည်း မိုးခြိမ်းသံများ ဆက်တိုက် မြည်ဟည်းနေ၏။ ခေါင်းမော့ကြည့်လိုက်မည်ဆိုလျှင် အမှောင်ထုထဲရှိ တိမ်လွှာများကြားတွင် လျှပ်စီးများ လက်ချင်သလို လက်နေကြသည်ကို မြင်နိုင်၏။

တစ်တရံတွင် မြေပြင်ပေါ်ရှိ ဉာဏ်တော်မြင့်သော စေတီများကို မိုးကြိုးများ ပစ်ခတ်လေ့ရှိသောကြောင့် ၎င်းတို့မှာ တုန်ရီသွားကြ၏။ အဝေးမှ ကြည့်လိုက်မည်ဆိုပါက မြေပြင်ပေါ်သို့ ကျဆင်းလာသော လျှပ်စီးတန်းများမှာ လျှပ်စီးနဂါးကြီးများနှင့် တူနေ၏။ ၎င်းတို့မှာ မိုးကောင်းကင်မှ ပေး‌သော ပြစ်ဒဏ်များကဲ့သို့ အင်မတန်မှ ကြောက်မက်ဖွယ်ရာ ကောင်းနေတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset