Switch Mode

အခန်း ( ၁၈၇ )

သိသိသာသာ တိုးပွားလာမည့်တန်ခိုးအာဏာ

” အံ့သြဖို့ကောင်းတဲ့ ကိစ္စကြီးတစ်ခု ဆိုပါလား ”
သူ၏ မီးမုန်တိုင်းပညာရပ်ကို စမ်းသပ်ရန်ပြင်နေသော ဝမ်ပေါင်လဲ့မှာ ချန်းယွီထုံ၏ စကားများကို ကြားလိုက်ရပြီးနောက် မျက်တောင်တဖျတ်ဖျတ် ခပ်မိသွား၏။ သူသည် အနည်းငယ်ခန့် ဇဝေဇဝါဖြစ်သွားရပြီး ရောက်သည့်နေရာတွင်ရပ်ကာ အသံလွှင့်လက်စွပ်ကို စိုက်ကြည့်နေလိုက်တော့သည်။

သူ အသေးစိတ် မမေးနိုင်ခင်မှာပင် စိတ်လှုပ်ရှားမှု အပြည့်ပါသော ချန်းယွီထုံ၏ စကားသံမှာ အသံလွှင့်လက်စွပ်ထဲမှနေ၍ ထပ်မံထွက်ပေါ်လာပြန်သည်။

” မဟာသခင်ကြီး ကျန်းကျန့်သဲ့က အမြုတေအဆင့် အစောပိုင်းကို ဖောက်ထွက်သွားပြီးတော့ အမြုတေအဆင့် အလယ်ပိုင်းကို တရားဝင် ရောက်ရှိသွားပြီတဲ့။ အဲဒီတော့ သူ့ရဲ့ရာထူးကလည်း အဆင့်တက်သွားပြီ။ သူ့ရဲ့ အရင် ရာထူးဖြစ်တဲ့ ဓမ္မလက်နက်အဆောင် မဟာအကြီးအကဲဆိုတဲ့ ရာထူးကနေ ကောင်းကင်တာအိုကျောင်းရဲ့ လက်ထောက်ဂိုဏ်းချုပ်ဆိုတဲ့ ရာထူးကို တိုးသွားတာ ”

” အရင်တုန်းက ကောင်းကင်တာအိုကျောင်းမှာ လက်ထောက်ဂိုဏ်းချုပ် သုံးယောက်ပဲရှိပေမဲ့ အခု လေးယောက် ဖြစ်သွားပြီကွ။ ညီလေးပေါင်လဲ့။ နောက်ဆုံးတော့ ငါတို့တွေအတွက် နေ့ထူးနေမြတ်တွေ ရောက်ရှိလာပြီဟေ့ ”
ချန်းယွီထုံ၏ လေသံမှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေပြီး ထိုအသံလွှင့်အကြောင်းကြားစာထဲတွင် သူ၏ အသက်ရှူသံများ မြန်ဆန်နေသည်ကိုပါ ကြားနေရသည်။ ထို့ကြောင့် သူ မည်မျှစိတ်လှုပ်ရှားနေကြောင်းကို အထင်အရှားမြင်နိုင်ပေသည်။

ချန်းယွီထုံမှာ ထိုကဲ့သို့ စိတ်လှုပ်တရှား ဖြစ်နေရပါသော်လည်း ဝမ်ပေါင်လဲ့မှာမူ ဇဝေဇဝါ ဖြစ်နေရ၏။ သူသည် မီးမုန်တိုင်းလျှို့ဝှက်ဆန်းကြယ်ပညာရပ်အား တက်မြောက်နိုင်ရန်အတွက် အချိန်အနည်းငယ်ပေးခဲ့ရသည်ဖြစ်ပြီး တံခါးပိတ် ကျင့်ကြံနေခဲ့သည့်အလား အာရုံအပြည့်စိုက်ထားခဲ့သည်။ ထို့ကြောင့် သူသည် ထိုအတောအတွင်း တာအိုကျောင်းထဲ၌ ဖြစ်ပျက်သွားခဲ့သည့် ကိစ္စများကို မသိဘဲဖြစ်နေရသည်။ ချန်းယွီထုံ ထုတ်ပြောခဲ့သော မျိုးနွယ်စုအကြောင်းကိုမူ ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် နားလည်ထားပါသော်လည်း ရှင်းရှင်းလင်းလင်း မသိသေးပေ။

ချန်းယွီထုံဆီမှ ” မဟာသခင်ကြီး ကျိုးကျန့်သဲ့ ” ဟူသော အမည်ကို ကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ ထိုနာမည်ကို မကြားဖူးသောကြောင့် အသေးစိတ်ထပ်၍ မေးမြန်းလိုက်ရ၏။

” မဟာသခင်ကြီး ဟုတ်လား ”

ဝမ်ပေါင်လဲ့၏ လေသံကိုကြားလိုက်ရသောအခါ သူသည် ဇဝေဇဝါ ဖြစ်နေခြင်းဖြစ်ကြောင်း ချန်းယွီထုံက ချက်ချင်းပင် ရိပ်မိသွား၏။ ထို့ကြောင့် သူသည် ရယ်မောလိုက်ပြီး ထိုကိစ္စနှင့် ပတ်သက်၍ အသေးစိတ် ရှင်းပြလိုက်တော့သည်။

” ညီလေးပေါင်လဲ့။ မဟာသခင်ကြီးဆီမှာ တပည့်နှစ်ယောက်ရှိတယ်။ တစ်ယောက်က အဆင့်နိမ့်ကျွန်းရဲ့ ပါမောက္ခကြီးလုပဲ။ သူ့ကို ဦးလေးဆရာ လုယွင်ခွင်းလို့လည်း ခေါ်ကြတယ်။ တခြားတစ်ယောက်ကတော့ ငါ့ရဲ့ဆရာ စွန်းရိဖုန်းပေါ့ ”

” မင်း အဆင့်မြင့်ကျွန်းကို ဝင်ခွင့်ရခဲ့တဲ့ အချိန်တုန်းက ဦးလေးဆရာလုက လိုအပ်တဲ့ လုပ်ရိုးလုပ်စဉ်တွေကို ပြင်ဆင်ထားပြီးသား။ ဆရာကလည်း မင်းကို သူ့ရဲ့တပည့်အဖြစ် လက်ခံဖို့ ရည်ရွယ်ထားတာ တော်တော်ကြာနေပြီ။ ဒါပေမဲ့ မင်း ဝိညာဉ်အမြစ်ရွာထဲမှာ ရှိနေခဲ့တုန်းက တာအိုကျောင်းအတွက် အများကြီး ကူညီထောက်ပံ့ပေးနိုင်ခဲ့လို့ လူတွေအများကြီးက မင်းကို စိတ်ဝင်စားနေခဲ့ကြတာလေ။ ပြီးတော့ အဲဒီတုန်းက မဟာသခင်ကြီးကလည်း တံခါးပိတ်ကျင့်ကြံနေခဲ့တာ။ အခုလို မင်းကို တပည့်အဖြစ်လက်ခံဖို့ နှောင့်နှေးကြန့်ကြာနေရတဲ့ အကြောင်းအရင်းက လုပ်ထုံးလုပ်နည်းတွေ အများကြီးလိုအပ်တဲ့ ကိစ္စရပ်ကြီးတစ်ခု ဖြစ်နေလို့ပဲ ”

” အခု မဟာသခင်ကြီးက တံခါးပိတ် ကျင့်ကြံခြင်းထဲကနေ ထွက်လာပြီး လက်ထောက်ဂိုဏ်းချုပ်အဆင့်ကို ရောက်သွားပြီဆိုတော့ အခြေအနေတွေအားလုံး တည်ငြိမ်သွားပြီဆိုရင် မင်းက သူ့ကို ဆရာအဖြစ် တရားဝင် သတ်မှတ်လိုက်လို့ရပြီ ”
ချန်းယွီထုံက ဝမ်းမြောက်ဝမ်းသာ ရှင်းပြလိုက်၏။

ဝမ်ပေါင်လဲ့မှာမူ မျက်လုံးများ ပြူးသွားရတော့သည်။ ထိုအဖြစ်အပျက်ကြီး တစ်ခုလုံးမှာ သူ မျှော်လင့်ထားခဲ့သည့်အတိုင်း ဖြစ်လာပါတော့လည်း ထိုသတင်းကို သူကိုယ်တိုင် ကြားလိုက်ရသောအခါ အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်များထဲတွင် ရေးသားထားသော မျိုးနွယ်စုများအကြောင်းကို သတိရသွား၏။ ထို့ကြောင့် သူသည် သူ့ကိုသူ မထိန်းနိုင်တော့ဘဲ အသားများတုန်ရီလာပြီး သူ၏ ဦးနှောက်မှာလည်း စတင် အလုပ်လုပ်လာတော့သည်။ ထို့နောက် သူသည် အဓိကအချက်ကို ချက်ချင်းပင် သဘောပေါက်သွားသောကြောင့် အလျင်စလိုနှင့် မေးမြန်းလိုက်၏။

” အစ်ကိုချန်း။ မဟာသခင်ကြီးက သူ့ရဲ့ အရင် ဓမ္မလက်နက်အဆောင်ရဲ့ မဟာအကြီးအကဲကြီးအဆင့်ကနေ လက်ထောက်ဂိုဏ်းချုပ်အဆင့်ထိ ရာထူးတိုးသွားပြီဆိုတော့ အခု ဓမ္မလက်နက်အဆောင်ရဲ့ မဟာအကြီးအကဲရာထူးက လစ်လပ်နေပြီမလား။ အဲ့နေရာကို ဘယ်သူ အစားထိုးမှာလဲ ”

ဝမ်ပေါင်လဲ့၏ မေးခွန်းကြောင့် ချန်းယွီထုံမှာ ကျေနပ်သွားရပြီး သူသည် အသေးစိတ်အချက်အလက်များကိုပါ ဂရုစိုက်တတ်ကြောင်း စိတ်ထဲတွင် ချီးကျူးလိုက်၏။ ထို့ကြောင့် သူသည် အသံတိုးတိုးဖြင့် ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
” ညီလေးပေါင်လဲ့။ မဟာသခင်ကြီးက လက်ထောက်ဂိုဏ်းချုပ်အဆင့်ကို ရာထူးတိုးသွားတုန်းက အစ်ကို့ဆရာကို သူ့ရဲ့ မဟာအကြီးအကဲနေရာမှာ အစားထိုးခိုင်းရင် သင့်တော်လိမ့်မယ်ဆိုပြီးတော့ ဂိုဏ်းချုပ်ကြီးကို အကြံပေးခဲ့တာကွ ”

ဝမ်ပေါင်လဲ့မှာ ထိုစကားကို ကြားလိုက်ရသောအခါ သူ၏ အသိစိတ်ထဲတွင် အတွေးပေါင်းစုံ ပေါ်လာတော့သည်။ ထိုစကားသာ အမှန်ဆိုပါက သူတို့၏ မျိုးနွယ်မှာ အထူးသဖြင့် ကောင်းကင်တာအိုကျောင်းထဲတွင် အလွန်အင်မတန်မှ အင်အားကြီးမားလာတော့မည်ဖြစ်ကြောင်း သူက ချက်ချင်းပင် ရိပ်မိသွား၏။

ထိပ်ဆုံးတွင် လက်ထောက်ဂိုဏ်းချုပ် မဟာသခင်ကြီးရှိနေပြီး သူ၏နောက်တွင် ဓမ္မလက်နက်အဆောင်၏ မဟာအကြီးအကဲကြီး ရှိနေမည်ဖြစ်သလို နောက်ဆုံးတွင် အဆင့်နိမ့်ကျွန်းတစ်ကျွန်းလုံး ရှိနေမည်မဟုတ်ပါလော။ ထိုကဲ့သို့သော အစုအဖွဲ့မျိုးနှင့်ဆိုလျှင် သူနှင့် ချန်းယွီထုံတို့မှာ ပို၍ပင် နာမည်ကျော်ကြားလာမည်မှာ အသေအချာပင်။

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောကာ စိတ်လှုပ်တရှားနှင့် အသက်ပြင်းပြင်းရှူလိုက်၏။ ထိုအချိန်တွင် သူ၏ အသိစိတ်ထဲ၌ အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်များထဲတွင် ရေးသားဖော်ပြထားသော တိုက်ပွဲပုံရိပ်များ ချက်ချင်းပင် ပြန်ပေါ်လာတော့သည်။ သူသည် ထိုအကြောင်းကို တွေးလေလေ ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်နေတော့သည် နောက်ဆုံးတွင် သူသည် သာမန်လူတစ်ယောက် မဟုတ်တော့ဘဲ ကောင်းကင်တာအိုကျောင်း၏ သြဇာအာဏာကို အဓိကချုပ်ကိုင်ထားသော အဖွဲ့အစည်းတစ်ခု၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာပြီဖြစ်ကြောင်း ခံစားလိုက်ရတော့သည်။

” ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မသေချာမရေရာတဲ့ ကိစ္စလေးတွေတချို့ ရှိသေးတယ်။ အဲဒီလစ်လပ်သွားတဲ့ နေရာအတွက် ဓမ္မလက်နက်အဆောင်က တခြားအကြီးအကဲကြီးတွေကလည်း ယှဉ်ပြိုင်နေကြတာ။ နောက်လာမယ့် ရက်အနည်းငယ်အတွင်းမှာ အပြိုင်အဆိုင်တွေ ဖြစ်လာတော့မှာ အသေအချာပဲကွ ”

” ဘယ်လိုပဲဖြစ်ဖြစ်ပါ ဒီကိစ္စကို ရာထူးအာဏာကြီးတဲ့ မဟာသခင်ကြီး ကိုယ်တိုင်က ကူညီထောက်ပံ့ပေးထားတာဆိုတော့ အောင်မြင်နိုင်မယ့် ရာခိုင်နှုန်းက တစ်ရာရာခိုင်နှုန်းအထိ မရှိရင်တောင် အနည်းဆုံး ရှစ်ဆယ်ရာခိုင်နှုန်းအထိတော့ ရှိပါတယ် ”
ချန်းယွီထုံ၏ လေသံမှာ အေးဆေးတည်ငြိမ်နေသဖြင့် သူသည် မဟာသခင်ကြီး၏ စွမ်းဆောင်နိုင်ရည်များကို အပြည့်အဝ ယုံကြည်ထားကြောင်း သိနိုင်ပေသည်။

သူသည် ဝမ်ပေါင်လဲ့နှင့် ထပ်၍ စကားစမြည်ပြောဆိုရင်း သူ၏ စိတ်လှုပ်ရှားမှုများကို ဝေမျှလိုက်တော့ကြောင့် တဖြည်းဖြည်းနှင့် တည်ငြိမ်စပြုလာ၏။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ဝမ်ပေါင်လဲ့အား ရိုးရိုးသားသား ပြောလိုက်တော့သည်။

” ညီလေးပေါင်လဲ့။ အကုန်လုံး အဆင်ပြေသွားပြီး အစ်ကို့ဆရာ ဓမ္မလက်နက်အဆောင်ရဲ့ မဟာအကြီးအကဲကြီး ဖြစ်လာတဲ့အချိန်ကျရင် အစ်ကို ဓမ္မလက်နက်အဆောင်ရဲ့ လက်ထောက်အဆောင်မှူးအဖြစ် ရာထူးတိုးတာကို ဘယ်သူမှ တားဆီးနိုင်တော့မှာမဟုတ်ဘူး ”

” အဲဒီတော့ ညီလေးပေါင်လဲ့ရော သိပ်မကြာခင်မှာ ဓမ္မလက်နက်စစ်သည်တစ်ယောက် ဖြစ်လာနိုင်ဖို့အတွက် ကြိုးစားဦး။ အစ်ကို့ဆရာ မဟာအကြီးအကဲကြီး ဖြစ်သွားတဲ့အချိန်ကျရင် မင်း ကျောင်းစီမံရေးဌာနကို ဦးဆောင်နိုင်မယ့် အခွင့်အလမ်းတွေ များလာအောင်လို့ သူက စီစဉ်ပေးလိမ့်မယ် ”

” ဒါ အဖိုးတန် အခွင့်အရေးကြီး တစ်ခုပဲကွ။ ပေါင်လဲ့။ မင်းသာ အောင်မြင်သွားမယ်ဆိုရင် နှစ်အနည်းငယ်အတွင်းမှာကို လက်ထောက်အဆောင်မှူးတစ်ယောက် ဖြစ်လာနိုင်တယ်။ အဲဒီလိုသာဆိုရင် ငါတို့ညီအစ်ကိုတွေက ဓမ္မလက်နက်အဆောင်ထဲမှာ ပြောရေးဆိုခွင့်ရှိလာမယ့်အပြင် လုပ်ပိုင်ခွင့်အာဏာတွေပါ ရှိလာမှာကွ ”

ချန်းယွီထုံ၏ တည်ကြည်ကာ ယုံကြည်မှုအပြည့်ရှိနေသော စကားများကိုနားထောင်ရင်း ဝမ်ပေါင်လဲ့မှာ စိတ်ဓာတ်များတက်ကြွလာပြီး အသိစိတ်ထဲတွင် အံ့ဩဖွယ်ရာ အတွေးများဖြင့် ပြည့်နှက်နေတော့သည်။ သူသည် စိတ်လှုပ်ရှားနေသလို မျှော်လင့်တကြီးဖြစ်လာပြီး ချက်ချင်းပင် ပြန်ပြောလိုက်၏။

” စိတ်ချပါ အစ်ကိုချန်း။ တကယ်တမ်းပြောရရင် ကျနော်က အခုချက်ချင်း ဓမ္မလက်နက်စစ်သည်စာမေးပွဲကို ဝင်ဖြေလို့ရနေပြီ။ ဒါပေမဲ့ ကျနော်က အောင်မြင်နိုင်ခြေရာခိုင်နှုန်း ပိုများလာအောင် ပြင်‌ဆင်ပြီးမှ သွားမလို့ ”
ဝမ်ပေါင်လဲ့က ရှင်းပြလိုက်၏။ ထိုအခါ ချန်းယွီထုံမှာ ရယ်မောလိုက်ပြီး ဝမ်ပေါင်လဲ့၏ စကားကို သဘောတူလိုက်၏။

” ဓမ္မလက်နက်စစ်သည်စာမေးပွဲကို အဓိကစာမေးပွဲနဲ့ အသေးစားစာမေးပွဲဆိုပြီးတော့ ခွဲထားတယ်။ အဲ့ စာမေးပွဲနှစ်ခုစလုံးကို ဖြေဖို့အတွက် စာရင်းပေးသွင်းဖို့လိုတယ်။ အဲ့ထဲက ဘယ်စာမေးပွဲကိုပဲ အောင်အောင် ဓမ္မလက်နက်စစ်သည်အဆင့်ကို ရာထူးတိုးနိုင်ပေမဲ့ အဲ့စာမေးပွဲနှစ်ခုကြားမှာ ခြားနားချက်လေးတွေရှိတယ်ကွ ”

” အသေးစားစာမေးပွဲကို တစ်လတစ်ခါ ကျင်းပပြီးတော့ စာရင်းပေးသွင်းထားတဲ့ လူတိုင်း ဝင်ရောက်ဖြေဆိုခွင့်ရှိတယ်။ အဲ့စာမေးပွဲကို လက်ထောက်အဆောင်မှူးက ကြီးကြပ်ရတာ။ အဓိကစာမေးပွဲကတော့ တစ်နှစ်နေမှ တစ်ခါပဲကျင်းပတာ။ အဲ့စာမေးပွဲကို ဖြေချင်ရင် ကြိုပြီးတော့ စာရင်းပေးထားဖို့လိုတဲ့အပြင် ပြိုင်ဘက်တွေအများကြီးနဲ့ ရင်ဆိုင်ရမှာ။ အဲ့စာမေးပွဲကိုက လက်ထောက်အဆောင်မှူးတွေအကုန်လုံးနဲ့ အဆောင်မှူးနဲ့ ပေါင်းပြီးတော့ ကြီးကြပ်ကြတာ။ အဲဒီေတာ့ အသေးစားစာမေးပွဲထက် ပိုပြီးတော့ အရေးပါတဲ့ စာမေးပွဲဆိုတာ သိသာပါတယ်။ ဒါကြောင့်လည်း အဲ့စာမေးပွဲကနေ ရာထူးတိုးရင်က နောင်ကျရင် အသေးစားစာမေးပွဲကနေ ရာထူးတိုးတာနဲ့ လုံးဝတူတော့မှာ မဟုတ်ဘူး ”

” ပြီးတော့ အဓိက ဓမ္မလက်နက်စစ်သည် စာမေးပွဲကို ဝင်‌ဖြေချင်တဲ့လူတိုင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိနေမှရမှာ။ အဲ့စာမေးပွဲကို ဝင်ဖြေကြတဲ့လူတွေက ရာထူးတိုးရုံသက်သက် ပြိုင်ဆိုင်နေကြတာ မဟုတ်ဘဲနဲ့ အဆင့်သတ်မှတ်ချက်စာရင်းထဲမှာ နေရာကောင်းရနိုင်ဖို့နဲ့ အဆင့်တစ်အထိ ရနိုင်ဖို့ ပြိုင်ဆိုင်ကြတာလေ ”

” ပေါင်လဲ့။ ဒီနှစ်ရဲ့ အဓိက ဓမ္မလက်နက်စစ်သည်စာမေးပွဲစဖို့ သူံလကျော်လောက် လိုသေးတယ်။ မင်းရဲ့ ပြင်ဆင်မှုတွေက ပြီးခါနီးပြီဆိုရင် ဒီအခွင့်အရေးကို လက်လွှတ်မခံသင့်ဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အရမ်းကြီးဖိအားမပေးနဲ့ပေါ့။ အစ်ကို့ဆရာ မဟာအကြီးအကဲ ဖြစ်လာတာနဲ့ ကိစ္စတိုင်းကို ညှိနှိုင်းလို့ရသွားမှာပါ ”

ချန်းယွီထုံမှာ ဝမ်ပေါင်လဲ့အား ဓမ္မလက်နက်စစ်သည်စာမေးပွဲနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို ပြောပြလိုက်ပြီးနောက် အသံလွှင့်အကြောင်းကြားစာကို အဆုံးသတ်လိုက်၏။ ဝမ်ပေါင်လဲ့မှာလည်း သူ၏ နတ်ဝိဇ္ဇာဂူ အပြင်ဘက်တွေရပ်ကာ အသံလွှင့်လက်စွပ်ကို အောက်သို့ပြန်ချလိုက်ပြီး အနာဂတ်အတွက် ယုံကြည်ချက်အပြည့် ရှိနေတော့သည်။

ချန်းယွီထုံ၏ ဆရာ မဟာအကြီးအကဲကြီး ဖြစ်လာပြီး သူ ဓမ္မလက်နက်စစ်သည်အဆင့်သို့ ရာထူးတိုးသွားသည်နှင့် တစ်ပြိုင်နက် သူသည် ကျောင်းစီမံရေးဌာနကို အုပ်ချုပ်နိုင်မည့် အခွင့်အရေးတစ်ခုကို ရရှိမည်ဖြစ်ကြောင်း တွေးမိလိုက်သောအခါ ပို၍ပင် စိတ်လှုပ်ရှားသွားရ၏။ သူသည် ရင်ခုန်သံများမြန်လာပြီး သူ၏ မျက်ဝန်းများထဲတွင်လည်း စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်တစ်ခု ထင်ဟပ်လာတော့သည်။

” သုံးလဆိုရင်… လောက်ပါတယ် ”
ဝမ်ပေါင်လဲ့မှာ အစီအစဉ်အချို့ ရေးဆွဲချမှတ်လိုက်ပြီးနောက် စိတ်ဓာတ်ပြတ်သားမှုအပြည့်ဖြင့် သူ၏ နတ်ဝိဇ္ဇာဂူထဲသို့ ပြန်လည်လျှောက်လှမ်းသွားပြီး ဝိညာဉ်ကွန်ရက်ကိုဖွင့်ကာ နောင်သုံးလအကြာတွင် ကျင်းပမည်ဖြစ်သော အဓိကဓမ္မလက်နက်စစ်သည်စာမေးပွဲအတွက် စာရင်းပေးသွင်းလိုက်၏။

ထိုသို့ စာရင်းပေးသွင်းလိုက်ပြီးနောက် သူသည် နတ်ဝိဇ္ဇာဂူထဲမှ ပြန်ထွက်လာပြီး စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ကွင်းပြင်တစ်ခုထဲသို့ သွားလိုက်၏။ ထို့နောက် သူ၏ညာလက်ကိုမြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သောအခါ သူ၏လက်ထဲမှ အ‌သေးစား မီးပင်လယ်လေးတစ်စင်း ထွက်ပေါ်လာပြီး သူ၏ ပတ်ပတ်လည် ပေသုံးဆယ်အကွာတွင် လည်ပတ်ရင်း မီးမုန်တိုင်းတစ်ခုအသွင် ပြောင်းလဲသွား၏။

ထို့နောက် အပူလှိုင်းများ ပျံ့နှံ့သွားသဖြင့် မြေပြင်ပေါ်တွင် မီးလောင်ကျွမ်းနေသော အမှတ်အသားများ ပေါ်ပေါက်လာသည်။ ဝမ်ပေါင်လဲ့မှာ စိတ်ဓာတ်များ တက်ကြွသွားပါသော်လည်း သူ၏ ဝိညာဉ်ချီများ အလျင်အမြန် ကုန်ခန်းနေသည်ကို အာရုံခံမိလိုက်သည်။ သူသည် ထိုအတိုင်း အနည်းငယ်ခန့် ထပ်၍ စမ်းသပ်ကြည့်လိုက်ပြီးနောက် ထိုမီးပင်လယ်ကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်၏။

” ငါ အစွမ်းအကုန် ထုတ်သုံးမယ်ဆိုရင် အသက်ရှူကြိမ် သုံးဆယ်လောက်အထိပဲ အကြမ်းဖျင်း အသုံးပြိုနိုင်မှာ ”
၎င်းမှာ ကြာမြင့်သော အချိန်ပမာဏတစ်ခု မဟုတ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ အလွန်ကျေနပ်အားရနေပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏ နတ်ဝိဇ္ဇာဂူဆီသို့ ရွှင်ပျစွာ ပြန်သွားလိုက်ပြီး မုန့်ထုပ်တစ်ထုပ်ကို ထုတ်ယူကာ တဂျွတ်ဂျွတ်မြည်အောင် ဝါးစားနေလိုက်တော့သည်။

အချိန်အနည်းငယ်ခန့် ကြာမြင့်သွားပြီး မုန့်ထုပ်ခုနစ်ထုပ်လုံးကို စားပြီးသွားသောအခါ သူသည် ဗိုက်ကိုပွတ်လိုက်ပြီး ဓမ္မလက်နက်စစ်သည်စာမေးပွဲအတွက် အသုံးပြုမည့် နတ်ဘုရားရတနာအကြောင်းကို စတင်တွေးတောလိုက်၏။

” ငါက နဂါးသွားတစ်ခုကို လုပ်ဖို့ စီစဉ်ထားတာ။ အခြေတည်အဆင့် သွားတွေအပါအဝင် သွားတွေအများကြီးကိုလည်း ပြင်ဆင်ပြီးသွားပြီ။ ဒါပေမဲ့…. ”
ဝမ်ပေါင်လဲ့မှာ တစ်ယောက်တည်းရေရွတ်နေရင်း သူ၏မျက်ဝန်းများထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု ဖျတ်ခနဲ လက်သွား၏။ သူသည် အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ဖတ်ရှုထားသောကြောင့် အကြီးအကဲများထံမှ အသိအမှတ်ပြုခြင်းကို ခံရလျှင်တောင် တိုက်ပွဲတစ်ဝက်ကိုသာ အနိုင်ရရှိဦးမည်ဖြစ်ကြောင်း ကောင်းကောင်းကြီး နားလည်ထား၏။ သူကိုယ်တိုင် ကြိုးစားပြပြီး သူ၏ အရည်အချင်းများကို ထုတ်ပြနိုင်မှသာ အောင်မြင်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် သူသည် ချန်းယွီထုံ၏ ဆရာဖြစ်သူ မဟာအကြီးအကဲကြီးအဆင့်သို့ အောင်မြင်စွာ ရာထူးတိုးသွားနိုင်မည့် ဖြစ်စဉ်အပေါ် ယုံကြည်ချက်အားလုံး ပုံအောထား၍ မဖြစ်ပေ။ ဓမ္မလက်နက်စစ်သည်အဆင့်သို့ ရာထူးတိုးရုံသာမကဘဲ အဆင့်တစ် ရရှိနိုင်ရန်အတွက် သူကိုယ်တိုင် ကြိုးစားကာ လုံလုံလောက်လောက် ပြင်ဆင်ထားရမည် ဖြစ်ပေသည်။

သို့မှသာ ချန်းယွီထုံ၏ ဆရာဖြစ်သူ ရာထူးတိုးမည့်ကိစ္စ အလွဲလွဲအချော်ချော် ဖြစ်သွားခဲ့လျှင်တောင် သူလိုချင်သော အဆင့်သတ်မှတ်ချက်အတွက် ယှဉ်ပြိုင်နိုင်မည့် ကောင်းမွန်သောရလဒ်များကို ပိုင်ဆိုင်‌နေမည် ဖြစ်သည်။

သို့သော် ထိုစာမေးပွဲအတွက် နဂါးသွားကို နတ်ဘုရားရတနာအဖြစ် အသုံးပြုရန်မှာ လုံလောက်မှု မရှိလောက်ပေ။ နဂါးသွားမှာ အစွမ်းထက်ပါသော်လည်း ရေးထိုးရမည့် ကမ္ဗည်းစာလုံးများထက်ပင် အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများအပေါ် ပို၍ မှီခိုနေသည် မဟုတ်ပါလော။ အခြားသူများမှာ ထိုအချက်ကို အလွယ်တကူ ထောက်ပြနိုင်သောကြောင့် သူ၏ အဆင့်သတ်မှတ်ချက်ကို ထိခိုက်နိုင်ပေသည်။

တစ်ခဏမျှ ဆိတ်ငြိမ်သွားပြီးနောက် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာ ဖျတ်ခနဲလက်သွားပြီး သူ၏အတွေးထဲ၌ ရဲတင်းသော အကြံအစည်တစ်ခု ပေါ်လာ၏။

သူသည် ခံတပ်ကြီးဆီမှ ပြန်လာခဲ့ပြီးနောက် သူ၏အသိစိတ်ထဲတွင် ဇဝေဇဝါဖြစ်နေသော အတွေးတစ်ခု လွင့်မျောနေခဲ့၏။ သူသည် ထိုအကြောင်းကို ပို၍စဉ်းစားလေလေ ထိုအတွေးမှာ ပို၍ထင်ရှားလာလေလေ ဖြစ်နေသည်။

” အသေးစား မီးနတ်ဘုရားအမြောက်တစ်လက်ကို ထွင်လို့ရမလား မသိဘူး ”
ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် လေသံတိုးတိုးနှင့် ရေရွတ်လိုက်၏။ ထိုအတွေးမှာ သူ၏အသိစိတ်ထဲတွင် မရပ်မနား လည်ပတ်နေခဲ့သောကြောင့် ဝမ်ပေါင်လဲ့မှာ ပို၍ပင် ဆန္ဒများ ပြင်းပြလာရတော့သည်။

” တကယ်လို့ ငါသာ တတိယအဆင့်ရှိတဲ့ အသေးစား မီးနတ်ဘုရားအမြောက်တစ်လက်ကို ဖန်တီးနိုင်မယ်ဆိုရင်…. အဓိက ဓမ္မလက်နက်စစ်သည်စာမေးပွဲရောက်ရင် ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်မှာ အသေအချာပဲ။ အဲ့အချိန်ရောက်ရင် ငါကလွဲပြီး တခြားဘယ်သူက ပထမ ရနိုင်တော့မှာလဲကွ ”

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောရင်း ရင်ခုန်သံများမြန်လာ၏။ ထို့နောက် မီးနတ်ဘုရားအမြောက်ထဲရှိ ကမ္ဗည်းစာလုံးများအပြင် လက်နက်သဲကြောင့် ပေါ်လာသော လျှို့ဝှက်ကမ္ဗည်းစာလုံးများပါ သူ၏အတွေးထဲ၌ ပေါ်လာတော့သည်။ ဝမ်ပေါင်လဲ့မှာ ထို ကမ္ဗည်းစာလုံးများကို စိတ်ထဲတွင် အာရုံခံမိလိုက်သောအခါ အခိုင်အမာ ယုံကြည်သွားတော့သည်။

” ငါ… ငါ အသေးစား မီးနတ်ဘုရားအမြောက်တစ်လက်ကို တီထွင်ဖန်တီးနိုင်ရမယ် ”

***

Comment

Leave a Reply

Options

not work with dark mode
Reset