အပိုင်း(၃၂) လူကြီးမင်းဒေါင်နှင့် နေသူတော်စင်
နေသူတော်စင်ဂိုဏ်းဝတ်စုံ ဝတ်ဆင်ထားသည့် တစ်ဖက်လူ ပြောသည်ကို ကြားသောအခါ ဝါဒတောင်ဂိုဏ်း၏တပည့်များ ဒေါပွသွားကြသည်။
မုတ်ဆိတ်ထူသည့် အဖြူရောင်ဝတ်လူက သူတို့အနားသို့ လျှောက်လာရင်း သူ့အကြည့်က အခြားတစ်နေရာသို့ ရောက်နေသည်။ “လူတွေက လက်ရှိမှာပဲ နေထိုင်သင့်တယ်”
သူကြည့်နေသော နေရာမှာ အခြား စင်မြင့်တစ်ခုဖြစ်သည်။
“နေသူတော်စင်….၊ နေမွန်းတည့်မှာ သက်တန့်အဖြစ် ပြောင်းလဲသွားပြီး ပျံသန်းသွားတယ်၊ ကောင်းကင်နဲ့ မြေကြီးကို အလင်းဆောင်တယ်” စင်မြင့်၏နောက်တွင် ဇာတ်လမ်းရွတ်သံ တစ်ခု ကြားရသည်။ မြင့်ချည် နိမ့်ချည် ရပ်ချည် ဆွဲချည်နှင့် ထိုအသံမှာ ဇာတ်ကွက်အတိုင်း စီးမျောလျက်ရှိသည်။
ဝါဒတောင်ဂိုဏ်းတစ်ခုတည်းကသာ ချောက်နက်ကြီးကြပ်ခြင်းမြို့တွင် ခြေကုပ်ယူထားခြင်းမဟုတ်ပေ။ နေသူတော်စင်ဂိုဏ်းကလည်း ဤနေရာတွင် အခြေစိုက်ကာ ဩဇာလွှမ်းမိုးမှု အသင့်အတင့် ရှိသည်။
ထို့ကြောင့် နေသူတော်စင်ဂိုဏ်း၏ ဒဏ္ဏာရီများအကြောင်းကို ဖြန့်ဖြူးကြသော ပုံပြောဆရာများ၊ ရုပ်သေးဆရာများ ရှိစမြဲ ဖြစ်သည်။
ထိုလူအများစုသည် အဆိုပါ အင်အားစုနှစ်ခုအပေါ် ထူးခြားသော အတွေးများ၊ တိမ်းညွတ်မှုများ မရှိကြပေ။ သူတို့ အသက်မွေးဝမ်းကြောင်းပြုရန်အတွက် သူတို့နှစ်သက်ရာဇာတ်လမ်းများကို အများပြည်သူထံ ဖျော်ဖြေနေကြခြင်းသာ ဖြစ်၏။
သာမာန်လူ၊အရပ်သားများအကြားတွင် လူသိအများဆုံးသော နေသူတော်စင်ဂိုဏ်း၏ဒဏ္ဏာရီမှာ သူတို့ဂိုဏ်း၏ ပထမဂိုဏ်းချုပ်၊ ဒဏ္ဏာရီလာပုဂ္ဂိုလ်နှင့် ဆက်စပ်နေသည်။
ထိုပုဂ္ဂိုလ်မြတ်က တောက်ပသော နေရောင်အောက်တွင် အထက်ဘုံသို့ တက်လှမ်းသွားသည့်အကြောင်းသည် ဤကမ္ဘာ၏ ကျင့်ကြံသူများအကြားတွင် ထင်ရှားကျော်ကြားသည်။ ထိုပုံပြင်အကြောင်း မူကွဲအမျိုးမျိုးလည်း ပျံ့နှံ့လျက်ရှိသည်။
အချို့က သူသည် အမြင့်မားဆုံး ကျင့်ကြံမှုအဆင့်ကို ကျော်လွန်သွားသည့်အတွက် သေမျိုးကမ္ဘာကို ကျော်ဖြတ်ပြီး အထက်ဘုံသို့ တက်လှမ်းသွားသည်ဟု ဆိုကြသည်။
အချို့ကတော့ သူသည် နေသူတော်စင်ဂိုဏ်း၏ လျို့ဝှက်၊ တားမြစ်နယ်မြေတစ်ခုတွင် ဆက်ရှိနေပြီး သီးခြား ကျင့်ကြံလျက် ရှိသည်ဟု ဆိုကြသည်။
သူက တံခါးပိတ် ကျင့်ကြံနေစဉ် သေဆုံးသွားသည်ဟူသော ကောလဟာလများလည်း ရှိသေးသည်။ စသဖြင့်…….
သေချာတာ တစ်ခုကား သူ့ကို မမြင်ရသည်မှာ ခေတ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည်။ ထိုကောလဟာလအားလုံးမှာ အခြေအမြစ် ကင်းမဲ့လေသည်။
ကျန်းဒေါင်ဂီ ကျဆုံးသွားသောအခါ နေသူတော်စင်ဂိုဏ်းသည် ထိုပုဂ္ဂိုလ်၏ဦးဆောင်မှုအောက်တွင် အဆက်မပြတ်တိုးတက်လာပြီး နောက်ဆုံးတွင် မျိုးဆက်သစ် ထိပ်သီးနယ်မြေများအနက် အင်အားအကြီးဆုံး ထိပ်သီးနယ်မြေအဖြစ် ရပ်တည်နိုင်ခဲ့သည်။
အဖြူရောင်ဝတ်စုံဝတ် လူ၏ အကြည့်က ထိုစင်မြင့်သို့ ရောက်နေသည်။ သူ့စကား၏ နောက်ကွယ်မှ အဓိပ္ပာယ်ကိုတော့ ရှင်းပြစရာ မလိုတော့ပေ။
ဝါဒတောင်ဂိုဏ်းတပည့်များမှာ သူတို့၏လက်ရှိ အခြေအနေကို စိတ်ပျက်လက်ပျက်ဖြစ်နေကြသည်။
“ရှောင်ရှန်း၊ ဘယ်လိုလုပ် မျက်နှာက အမွှေးဗလဗျစ်နဲ့ ဖြစ်လာတာလဲ” ရန်ကျောက်ကဲ တစ်ယောက်တည်းကသာ တည်ငြိမ်နေ၏။ သူသည် ရှောင်ရှန်း၏မျက်နှာကိုကြည့်ပြီး ရယ်ချင်နေပုံရသည်။
ရှောင်ရှန်းက ပြန်မဖြေပေ။ တစ်ခုခုကို နားထောင်နေသည့်အလား သူ့နားရွက်က ဆတ်ခနဲ လှုပ်သွားသည်။ တစ်ချိန်တည်းတွင် ရန်ကျောက်ကဲကို စိုက်ကြည့်နေ၏။
“သွေးစီးဆင်းမှုနဲ့ သွေးခုန်နှုန်းက မကြားရသလောက်ပဲ၊ တည်ငြိမ်တယ် ဒါပေမယ့် ညက်ညောတယ်…. သွေးက ပြဒါးနဲ့ ဆင်တူနေပြီ၊ မင်း အပြင်ပိုင်းကြယ်တာရာချီသိုင်းပညာရှင်အဆင့်ကို ရောက်သွားပြီလား၊ ရိုးတွင်းချင်ဆီကို ဒုတိယအကြိမ် သန့်စင်ပြီးတာ မြန်လှချည်းလား”
“ဒါပေမယ့် ဒီအဆင့်လောက်က အရေးမကြီးပါဘူး” ရှောင်ရှန်းက နောက်ထပ် မှတ်ချက် မပေးတော့ဘဲ ရန်ကျောက်ကဲကို ကြည့်လိုက်သည်။
“ရန်ကျောက်ကဲ၊ နဂါးချုပ်လှောင်ခြင်း ချောက်နက်ထဲမှာ မင်းက ငါ့ရဲ့နေသူတော်စင်ဂိုဏ်းသားတွေကို ရိုက်နက်ခဲ့တယ်၊ အဲ့ကိစ္စက အဲ့မှာပဲ ပြီးသွားပြီလို့ ထင်နေတာလား”
ရန်ကျောက်ကဲ ရယ်မောလိုက်သည်။ “မင်းက ချောင်ယွမ်လုံနဲ့ အခြားသူတွေအတွက် လက်စားချေပေးချင်တယ်ပေါ့”
ရှောင်ရှန်းက ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာပြီး ရန်ကျောက်ကဲ၏ ရှေ့တွင် ရပ်လိုက်သည်။ “တခြား ဘာရှိမှာလဲ”
ဝါဒတောင်ဂိုဏ်းတပည့်အုပ်စုမှာ တစ်ဖက်လူကို အစက မမှတ်မိကြပေ။ ရှောင်ရှန်းဟူသော နာမည်ကြားမှ ထိုလူ မည်သူမှန်း သူတို့ သဘောပေါက်သွားကြသည်။
သူသည် နေသူတော်စင်ဂိုဏ်း မဟာအကြီးအကဲ၏ မြေးဖြစ်သည်။ တစ်ချိန်တည်းတွင် နေသူတော်စင်ဂိုဏ်း၏ ထွန်းသစ်စ နေလေးစင်းအနက် ချောင်ယွမ်လုံနှင့်အတူ တစ်ဦးအပါအဝင်လည်း ဖြစ်သည်။ အချိန်ကြာမြင့်စွာ ကျင့်ကြံခဲ့သဖြင့် သူ့ကျင့်ကြံမှုက ချောင်ယွမ်လုံထက် မြင့်မားသည်။
“အပြင်ပိုင်း ကြယ်တာရာချီ သိုင်းပညာရှင် နှောင်းပိုင်းအဆင့်” စစ်ခုန်ချင်း မျက်မှောင်ကြုံ့သွားပြီး ရန်ကျောက်ကဲနှင့် ရှောင်ရှန်းကို ကြည့်နေသည်။
အတွင်းပိုင်းကြယ်တာရာချီနှောင်းပိုင်းအဆင့်များတွင် ပြိုင်ဘက်ကင်းလုနီးပါးဖြစ်သော ချောင်ယွမ်လုံကဲ့သို့ပင် ရှောင်ရှန်းသည်လည်း သူ့ကျင့်ကြံခြင်းခရီးလမ်းတစ်လျှောက်တွင် အဆင့်တူများအနက် ခေါင်းဆောင်တစ်ဦးဖြစ်သည်။ တကယ်တော့ တိုက်ပွဲများတွင် သူ့အောင်မြင်မှုက ချောင်ယွမ်လုံထက်ပင် ပိုမို ကြီးကျယ်ခမ်းနားလေသည်။
မထင်မရှား သိုင်းပညာအတွက် ဓားကို စွန့်လွှတ်သော ချောင်ယွမ်လုံနှင့် ယှဉ်လျှင် ရှောင်ရှန်းသည် အစဉ်အလာကို လိုက်၍ နေသူတော်စင်ဂိုဏ်း၏ အဓိက သိုင်းပညာရပ်များကိုသာ လေ့ကျင့်လေသည်။
သို့သော်ငြားလည်း သူသည် နေသူတော်စင်ဂိုဏ်း၏ အခြားလူငယ်ပါရမီရှင်များကို ကျော်လွန်၍ တောက်ပနိုင်ခဲ့သည်။
အပြင်ပိုင်း သိုင်းပညာရှင် ကနဦးအဆင့်၌ ရှိနေစဉ် သူသည် အပြင်ပိုင်း သိုင်းပညာရှင် အလယ်အလတ်အဆင့် ကျင့်ကြံသူများကို အနိုင်ယူနိုင်ခဲ့ကာ သူ့နာမည်က ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်သွားခဲ့သည်။
ဝါဒတောင်ဂိုဏ်းတပည့်များက ရန်ကျောက်ကဲအပေါ် ယုံကြည်မှု ရှိသော်လည်း ရှောင်ရှန်း၏ လက်ရှိ ကျင့်ကြံမှုအဆင့်နှင့် သူတို့နှစ်ယောက်အကြား အတွေ့အကြုံချင်း ကွာဟမှု ကြီးမားခြင်းကြောင့် သူတို့ရင်ထဲတွင် တဒိန်းဒိန်း ခုန်နေမိသည်။
ရှောင်ရှန်း၏အသံက ကြမ်းတမ်းသော်လည်း သူ စကားပြောသည့်ပုံစံက နှေးကွေးပြီး ဩဇာအပြည့်ပါသည်။ “ချောင်ယွမ်လုံနဲ့ အခြားသူတွေကို မင်း လုပ်ခဲ့တာ အကုန်လုံးကို….၊ ငါ ဒီနေ့မှာ မင်းကို အပြည့်အဝ ပြန်ပေးဆပ်ခိုင်းမယ်”
“ချောင်ယွမ်လုံကလွဲရင် ငါ့ရဲ့ အခြား ဂျူနီယာညီလေးတွေကိုလည်း မင်းရိုက်ခဲ့သေးတယ်၊ ဒီနေ့မှာ မင်းကို အဖော်ပြုဖို့ မင်းနောက်က လူအချို့ကိုလည်း ငါ ရွေးထုတ်လိုက်မယ်”
ရှောင်ရှန်းက သူ့ကျင့်ကြံမှုအဆင့်အားကိုးဖြင့် သူတို့အား စိတ်တိုင်းကျ ဩဇာပေးနေသည်ကို မြင်ရသောအခါ တပည့်များ စိတ်ထဲတွင် မကျေမနပ် ဖြစ်မိကြသည်။ “ငါတို့ဂိုဏ်းမှာလည်း နှောင်းပိုင်းအဆင့် အပြင်ပိုင်း သိုင်းပညာရှင် မရှိဘူးလို့ထင်နေလား”
သို့သော် ရန်ကျောက်ကဲ၏ အမူအရာက မပြောင်းလဲပေ။ “အသက်လေးဆယ်အောက် ကျင့်ကြံသူတွေ သိုင်းပညာဖလှယ်တဲ့ နေရာမှာ အလွန်ဆုံး ငါးနှစ်လောက် ကွာခြားတဲ့လူတွေကိုပဲ တန်းတူညီတူအဖြစ် သတ်မှတ်လေ့ ရှိတယ်”
“ခင်ဗျားနဲ့ ကျွန်တော်က အသက်ကွာလွန်းတယ်၊ ဒါပေမယ့် ကျွန်တော်က အဆင်ပြေပါတယ်၊ ကျွန်တော်တို့ အသက်အရွယ် တန်းတစ်ခုထဲအဖြစ် ပဲ သဘောထားလိုက်တာပေါ့”
“အားဟူ၊ မင်း ဝင်ပါစရာမလိုဘူး”
အားဟူက ရှောင်ရှန်းအား ရန်လိုသောအကြည့်ဖြင့် ကြည့်လိုက်သည်။ ရန်ကျောက်ကဲ၏ အမိန့်ကို ကြားသောအခါ သူ ခေါင်းငြိမ့်၍ နောက်ဆုတ်သွားသည်။
ရှောင်ရှန်းက ရန်ကျောက်ကဲကို စိုက်ကြည့်လိုက်သည်။ “အစွမ်း အသာထားဦး၊ သတ္တိတော့ မဆိုးဘူးပဲ”
“ငါ မင်းထက် ကျင့်ကြံမှုမြင့်မားတာကို အခွင့်ကောင်းယူပြီး မင်းကို အနိုင်မကျင့်ချင်ဘူး၊ မင်းရဲ့ဓားက ချောင်ယွမ်လုံရဲ့ မဟာယန် ရွှေအပ် သိုင်းနဲ့ ကောင်းကင် လက်ဝါးကို ဖျက်စီးနိုင်ခဲ့တယ်ဆိုတော့ မင်းရဲ့ဓားပညာမှာ ထူးခြားမှု တစ်ခုခုတော့ရှိရမယ်၊ ငါတို့နှစ်ယောက် ဓားသိုင်းချင်း ယှဉ်ပြိုင်ကြတာပေါ့” ထိုသို့ ပြောရင်း ရှောင်ရှန်းသည် သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ဆွဲယူသည့် လက်ဟန်မျိုး ပြုလုပ်လိုက်သည်။
အဝေးမှ “လူကြီးမင်းဒေါင် မီးမိစ္ဆာဘုရင်ကို သတ်ဖြတ်ခန်း” နှင့် “နေရောင်အောက်မှာ နေသူတော်စင် တက်လှမ်းခန်း”တို့ အသီးသီး ဖျော်ဖြေနေသော ရုပ်သေးဆရာ နှစ်ယောက်သည် ရုတ်တရက် သူတို့၏ လက်များ ပေါ့ပါးသွားသည်ကို ခံစားရသည်။
ထို့နောက် လူကြီးမင်းဒေါင်နှင့် နေသူတော်စင်ကို ကိုယ်စားပြုသော သစ်သားရုပ်နှစ်ရုပ်သည် သူတို့ ကြိုးဆွဲနေရာမှ လုံးဝ ပျောက်ကွယ်သွားသည်ကို တွေ့ရသည်။
ပရိသတ်များ အုတ်အုတ်ကျက်ကျက် ဖြစ်သွားပြီး ထိုရုပ်သေးရုပ်နှစ်ရုပ်ကို ဇာတ်စင် အထက် အောက်၊ ဘေးဘီများတွင် လှည့်ပတ် ရှာဖွေကြသည်။ သို့သော် ထိုရုပ်သေးရုပ်နှစ်ရုပ်က မည်သည့်နေရာသို့ ရောက်သွားမှန်း၊ မည်သို့ပျောက်ကွယ်သွားမှန်း သူတို့ မသိကြပေ။
ထိုရုပ်သေးရုပ်နှစ်ရုပ်သည် ရှောင်ရှန်းလက်ထဲသို့ ရောက်သွားသည်။ ထိုနှစ်ရုပ်ကို ထိန်းချုပ်နေသည့်အလား ရှောင်ရှန်းသည် ၎င်းတို့ကို ကြိုးမှ စုကိုင်ထားသည်။
“မင်းက ဝါးကိုင်းကို ဓားအနေနဲ့ ပညာသားပါပါ အသုံးပြုသွားတယ် ကြားတယ်၊ မင်းက ကြယ်တာရာချီကို ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်နိုင်တော့ ငါနဲ့ ဒီကစားနည်း သေးသေးလေး ကစားဖို့ အရည်အချင်း ပြည့်မီပါတယ်”
ရှောင်ရှန်း ရယ်မောလိုက်သည်။ “ဒီအရာလေးက ဝါးကိုင်းလေးထက်တော့ မာကြောပေမယ့် အရမ်းကြွပ်ဆတ်တယ်၊ အထဲကို ကြယ်တာရာချီ ထည့်တာ ကြမ်းတမ်းသွားရင် ပေါက်ကွဲသွားလိမ့်မယ်”
“အဲ့တာကြောင့် ငါ့ရဲ့မြင့်မားတဲ့ကျင့်ကြံမှုနဲ့ မင်းကို အနိုင်ကျင့်မှာကို မင်း စိတ်ပူစရာမလိုတော့ဘူး၊ ဒီကစားစရာလေးကို သုံးတာက ငါတို့အသုံးပြုနိုင်တဲ့ ချီကို ကန့်သတ်ထားတာနဲ့ အတူတူပဲ”
“ငါတို့ ထည့်သွင်းနိုင်တဲ့ ချီပမာဏအရ နှစ်ဖက်စလုံးက အတူတူပဲ၊ အနိုင်ရဖို့ဆိုရင် ဘယ်သူ့သိုင်းက ပိုသာလွန်လဲ၊ ဘယ်သူက ကြယ်တာရာချီ ထိန်းချုပ်ရာမှာ ပိုကျွမ်းကျင်လဲ ဆိုတာကိုပဲ ငါတို့ ယှဉ်ပြိုင်ရမယ်” ထိုသို့ ပြောပြီး ရှောင်ရှန်းက လူကြီးမင်းဒေါင် ရုပ်သေးရုပ်ကို ရန်ကျောက်ကဲထံသို့ ပစ်ပေးလိုက်သည်။
ရန်ကျောက်ကဲက ထိုအရုပ်ကို ဖမ်းပြီး ရုတ်တရက် ရယ်မောလိုက်သည်။ “ကျွန်တော် အမှတ်မမှားဘူးဆိုရင် ခင်ဗျားတို့ ဂိုဏ်းက တည်ထောင်သူကြီးက ကျွန်တော်တို့ဂိုဏ်းတည်ထောင်သူ ဟန်ထျန်း ပုဂ္ဂိုလ်မြတ် လိုက်လို့ မီးတောင်အပေါက်ဝထဲကို ပြေးရတယ်နော်၊ သက်တမ်းတစ်ဝက်လောက်ထိ ပြန်တက်မလာရဲတော့ဘူးမလား”
“မီးမိစ္ဆာတွေ ကျုးကျော်ဝင်ရောက်လာတော့ ကျွန်တော်တို့ဂိုဏ်းတည်ထောင်သူက ခွင့်ပြုကြောင်း အရိပ်အယောင်ပြမှ အတွင်းကနေ ဖြည်းဖြည်းချင်း တွားတက်လာတာမလား ဟား ဟား”
ရှောင်ရှန်းက ရန်ကျောက်ကဲအား ကြည့်၍ အေးစက်စွာ ပြောလိုက်သည်။ “ဝါဒတောင်ဂိုဏ်းက လူတွေက အတိတ်အကြောင်း ဘယ်လိုပြောရမလဲပဲ သိတာလား၊ အတိတ်မှာပဲ ပျော်မွေ့နေတဲ့သူတွေက သမိုင်းနဲ့အတူ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားသင့်ပြီ”
ထိုသို့ ပြောပြီးသည်နှင့် သူ့လက်ကို ဆတ်ခနဲလှုပ်ကာ ကြယ်တာရာချီကို သူ့ခန္ဓာကိုယ်ပတ်လည်တွင် ထုတ်ဖော်လိုက်သည်။
ရုပ်သေးရုပ်ကို ဆွဲထားသော ကြိုးများက အပိုင်းပိုင်းအစစ ဖြစ်သွားသည်။ သို့သော် ရုပ်သေးရုပ်သည် မြေပေါ်သို့ ပြုတ်ကျမသွားဘဲ လေထဲတွင်သာ တန့်နေသည်။ ၎င်း၏ တစ်ကိုယ်လုံးတွင် သတ္တုရောင်ဖျော့ဖျော့ ပြောင်လက်လာသည်။
ထုတ်လွှတ်ထားသော ကြယ်တာရာချီ၏ သက်ရောက်မှုကြောင့် သစ်သားရုပ်ထုသည် အသက်ဝင်လာသည့်အလား ၎င်း၏ အတွင်းပိုင်းမှ အလင်းများ စတင် တောက်ပလာသည်။
ထိုသစ်သားရုပ်ထု၏ခြေလက်များသည် စတင်လှုပ်ရှားလာပြီး ရန်ကျောက်ကဲ၏လက်ထဲရှိ လူကြီးမင်းဒေါင် သစ်သားရုပ်ထံသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
သေးငယ်သော ရုပ်သေးရုပ်၏ လက်ဝါးရိုက်ချက်ကြောင့် မုန်တိုင်းတိုက်လာသကဲ့သို့ လေအေးများ တိုက်ခတ်လာသည်။
နားကွဲမတတ် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု လေထဲတွင် ပဲ့တင်သွားသည်။
ထိုဖြစ်ရပ်ကို မြင်ပြီး ဝါဒတောင်ဂိုဏ်းတပည့်အားလုံး တုန်ရီသွားကြသည်။ “စီနီယာအကိုကြီးရန် ချောင်ယွမ်လုံကို ဘယ်လိုအနိုင်ယူလိုက်လဲ ဆိုတာ သိတာတောင် သူ ဒီလို လာစိန်ခေါ်ရဲတာ အံ့ဩစရာ မရှိဘူး”
အခြားတစ်ဖက်တွင် ရန်ကျောက်ကဲက ရယ်မောနေသည်။ သူ့လက်ကို ဆတ်ခနဲ လှုပ်ပြီး သူသည်လည်း သူ့ရုပ်သေးရုပ်နှင့် ချိတ်ဆက်ထားသော ကြိုးများကို ဖြတ်လိုက်သည်။
သူ့ချီကို ဖြည့်သွင်းလိုက်သောအခါ လူကြီးမင်းဒေါင်ရုပ်သေးရုပ်၏ မျက်လုံးများသည် အသက်ဝင်လာသလို အလင်း မှိတ်တုတ် မှိတ်တုတ် ဖြစ်နေသည်။
ချက်ချင်းပင် လူကြီးမင်းဒေါင်က ဟန်တျန်းပုဂ္ဂိုလ်မြတ် အဖြစ် အသွင်ပြောင်းလဲသွားသည့်အလား အရောင်အဝါများ ခမ်းနားကြီးကျယ်စွာ တောက်ပလာသည်။
သစ်သားရုပ်ထု၏ လက်ထဲမှ သစ်သားဓားတိုက လှုပ်ရမ်းသွားပြီး လေထဲတွင် ထောင်လိုက်မျဉ်းကြောင်း သဏ္ဌာန် ပိုင်းဖြတ်လိုက်သည်။ လေထဲတွင် နေသူတော်စင် သစ်သားရုပ်၏ လက်ဝါးချက်စွမ်းအား ပြိုကွဲသွားလေသည်။
“မဆိုးဘူး ရန်ကျောက်ကဲ၊ နည်းနည်းတော့ အပျင်းပြေတာပေါ့”
ထိုအခိုက်တွင် မြွေတစ်ကောင်၏ မျက်လုံးများနှင့် ဆင်တူသော အေးစက်၊မည်းနက်သော အကြည့်က ရှောင်ရှန်း၏မျက်လုံးထဲတွင် ကိန်းဝပ်နေသည်။
သူ၏ ထိန်းချုပ်မှုအောက်တွင် နေသူတော်စင်ရုပ်သေးရုပ်က ရန်ကျောက်ကဲ ထိန်းချုပ်နေသော ရုပ်သေးရုပ်အား လက်နှစ်ဖက်ဖြင့် တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်လိုက်သည်။