ထို တမူထူးခြားသော လျှို့ဝှက်ဆန်းကြယ်ပညာရပ်ကို အသုံးပြုလိုက်ပြီးသည်နှင့် ထိုပစ္စည်းမှာ ပျောက်ကွယ်သွားမည်ဖြစ်သည်။ ကောင်းကင်တာအိုကျောင်း၏ အစဉ်အလာအရဆိုလျှင် အောင်မြင်မှု ကြီးကြီးမားမား မရရှိထားပါက ထိုကဲ့သို့သော ပစ္စည်းမျိုးကို ပိုင်ဆိုင်ရန်မှာ အလွန်အင်မတန်မှ ခဲယဥ်း၏။ သူတို့မှာ နှစ်ပေါင်းများစွာအတွင်း ထိုကဲ့သို့သော ပညာရပ် တစ်ရာနီးပါးကိုသာ စုဆောင်းနိုင်ခဲ့သည် မဟုတ်ပါလော။
ဝမ်ပေါင်လဲ့ ဝိညာဉ်အမြစ်ရွာထဲတွင် ရရှိခဲ့သည့် အောင်မြင်မှုများကိုပါ ထည့်တွက်လျှင်တောင် ယခုလို တမူထူးခြားသော လျှို့ဝှက်ဆန်းကြယ် ပညာရပ်ကို ဆုချခံရရန်မှာ မဖြစ်နိုင်ပေ။ အကယ်၍ ဝမ်ပေါင်လဲ့မှာ တာအိုကျောင်းအတွက် ဘဝတစ်ခုလုံးကို ပေးဆပ်မည်ဆိုပါက ဖြစ်နိုင်ပါသော်လည်း ထိုသို့သာမဟုတ်လျှင် စိတ်ကူးပင် ယဉ်နိုင်မည် မဟုတ်ပေ။
ကျိုးဖုန်းဟိုင်နှင့် စွန်းဖန်တို့မှာမူ လျှို့ဝှက်ဆန်းကြယ် ပညာရပ်များအကြောင်းကို သိထားခြင်း မရှိသောကြောင့် အနည်းငယ်ခန့် ဇဝေဇဝါဖြစ်နေ၏။ သို့သော် ချန်းယွီထုံမှာမူ ထိုအကြောင်းကို ကြားဖူးထားသည်ဖြစ်ရာ မျက်လုံးပြူးကြီးများဖြင့် ဝမ်ပေါင်လဲ့ကိုကြည့်ကာ အသက်ပင်မရှူနိုင်တော့ပေ။ သူသည် အလွန်အင်မတန်မှ အားကျနေရပြီး အံ့ဩတုန်လှုပ်နေရပြီ ဖြစ်သည်။
ဝမ်ပေါင်လဲ့ပင်လျှင် အနည်းငယ်ခန့် ဆွံ့အနေရ၏။ သူသည် ထိုလျှို့ဝှက်ဆန်းကြယ် ပညာရပ်မှာ မည်မျှအဖိုးတန်ကြောင်းကို မသိပါသော်လည်း အခြားသူများ၏ မျက်နှာအမူအရာများကို ကြည့်၍ ၎င်း၏ တန်ဖိုးကို မှန်းဆမိနေပြီဖြစ်သည်။ ချန်းယွီထုံ၏ဆရာဖြစ်သူမှာ အံ့ဩတုန်လှုပ်ကာ စိတ်လှုပ်တရှား ဖြစ်နေသည့် အမူအရာဖြင့် ဝမ်ပေါင်လဲ့အား ချက်ချင်းပင် အမိန့်ပေးလိုက်၏။
” ပေါင်လဲ့။ လက်ထောက်ဂိုဏ်းချုပ်ကြီးကို အခုချက်ချင်း ကျေးဇူးတင်လိုက်ဦးလေ ”
ထိုအကြီးအကဲကြီး၏ စကားကို ကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ တွေဝေမနေတော့ပေ။ သူသည် ရင်ခုန်နှုန်းများ မြန်ဆန်သွားကာ ချက်ချင်းပင် ရှေ့သို့လှမ်းလာပြီး ဦးညွှတ်ကာဆိုလိုက်၏။
” ကျေးဇူးတင်ပါတယ် လက်ထောက်ဂိုဏ်းချုပ်ကြီး ”
အနီရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းလူကြီးမှာ ပြုံးကာ ဝမ်ပေါင်လဲ့နှင့်တကွ သူ၏ အပေါင်းအပါများနှင့် စကားစမြည် ပြောဆိုလိုက်ပြီးနောက် ထွက်ခွာသွားတော့သည်။ သူ ထွက်ခွာသွားပြီးနောက် ဓမ္မလက်နက်အဆောင်၏ အဆောင်မှူးမှာလည်း ရှေ့သို့ လှမ်းလာပြီး သူတို့အား ချီးကျူးလိုက်၏။ သို့သော် သူ၏လေသံမှာ လက်ထောက်ဂိုဏ်းချုပ်ကြီးလောက် ဖော်ရွေနေခြင်းမရှိဘဲ ဟိန်ဟန်များလှသည်။
သို့ရာတွင် ထိုအခိုက်အတန့်၌ ရှားပါးဖြစ်ရပ်တစ်ခုလည်း ဖြစ်သွားခဲ့သေးသည်။ ၎င်းမှာ ဓမ္မလက်နက်အဆောင်က ဝမ်ပေါင်လဲ့အား သင်္ဘောပျံတစ်စင်း ဆုချလိုက်ခြင်းပင်ဖြစ်သည်။ ထို သင်္ဘောပျံမှာ ငွေရောင်ဖြစ်နေသောကြောင့် ၎င်း၏ပုံစံမှာ ရေစက်တစ်စက်နှင့် တူနေ၏။ ၎င်းကို ထုတ်ပြလိုက်သည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့မှာ ၎င်းအား ချက်ချင်းပင် သဘောကျနှစ်ခြိုက်သွားတော့သည်။
ထို ငွေရောင်ရေစက်နှင့်တူသော သင်္ဘောပျံကြီးမှာ ချန်းယွီထုံ၏ သင်္ဘောပျံကြီးထက် ပို၍အဆင့်မြင့်ကာ အရည်အသွေး ပိုကောင်း၏။ ၎င်းမှာ အလွန်အင်မတန်မှ သားနားနေသောကြောင့် ချန်းယွီထုံမှာ ၎င်းအား မြင်လိုက်ရသောအခါ အားကျသွားရပြီး ရှုံ့မဲ့မဲ့နှင့် ရယ်မောလိုက်ရ၏။ ဓမ္မလက်နက်အဆောင်မှာ ငွေကုန်ကြေးကျခံ၍ ၎င်းအား ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သူက သိလိုက်သည်။
” ညီလေးပေါင်လဲ့။ ဒီ သင်္ဘောပျံကြီးက လက်ထောက်အဆောင်မှူးတွေကိုပဲ အထူးချီးမြှင့်တဲ့ သင်္ဘောပျံတွေနဲ့ တူတူပဲ။ ဒီ သင်္ဘောပျံရဲ့ တန်ကြေးနဲ့ဆိုရင် ကောင်းကင်မြို့တော်ရဲ့ တန်ဖိုးအကြီးဆုံး ရပ်ကွက်ထဲမှာ တိုက်ခန်းတစ်ခန်းတောင် ဝယ်လို့ရတယ် ”
ထို သင်္ဘောပျံကြီး၏ တန်ကြေးကို သိလိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားရပြီး ချက်ချင်းပင် ကျေးဇူးတင်စကားများ ဆိုလိုက်၏။ ဓမ္မလက်နက်အဆောင်မှူး ထွက်ခွာသွားသောအခါ နောက်တွင်နေခဲ့သော ချန်းယွီထုံ၏ ဆရာဖြစ်သူမှာ ထို လျှို့ဝှက်ဆန်းကြယ်ပညာရပ်အကြောင်းကို အကျဉ်းချုံး ရှင်းပြလိုက်၏။
အကြီးအကဲကြီး၏ ရှင်းပြချက်များကို နားထောင်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်ကာ မျက်လုံးများ ပြူးကျယ်သွားရတော့သည်။ အဖြစ်အပျက်အားလုံးမှာ မြန်ဆန်လွန်းနေသည်ဟု သူက ခံစားနေရ၏။ ထို လျှို့ဝှက်ဆန်းကြယ် ပညာရပ်အကြောင်းကို ကြားသိလိုက်ရပြီးနောက် ၎င်းမှာ အလွန်အင်မတန်မှ အဖိုးတန်ကြောင်း နားလည်သွားတော့သည်။ သူသည် သင်္ဘောပျံကြီး၏ တန်ဖိုးကို ထည့်မတွက်လျှင်တောင် အခြားအရာအားလုံး၏ တန်ဖိုးအတိအကျကို တွက်ချက်ရန်မှာ ခဲယဉ်းနေပြီ ဖြစ်သည်။
အပိုင်းအစတစ်ခုပေါ်တွင် မှတ်တမ်းတင်ထားသော လျှို့ဝှက်ဆန်းကြယ် ပညာရပ်အား တစ်ကြိမ်သာ လေ့လာသင်ယူခွင့် ရှိသည်။ ၎င်းကို လေ့လာသင်ယူပြီးသည်နှင့် ထိုအပိုင်းအစမှာ ဖုန်မှုန့်အသွင် ပြောင်းလဲသွားမည်သာဖြစ်သည်။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှား ဖြစ်နေရတော့သည်။ သူသည် ဓမ္မလက်နက်အဆောင်ထဲရှိ နတ်ဝိဇ္ဇာဂူထဲသို့ ပြန်ရောက်လာသည့်တိုင်အောင် သူ၏ ခံစားချက်များနှင့် အတွေးများမှာ တည်ငြိမ်သွားခြင်း မရှိသေးပေ။
” ပုံမှန်အတိုင်းဆိုရင် ငါ ဒီလောက်ကြီး ဆုလာဘ်တွေ အများကြီး ရမနေသင့်ပါဘူးဟ ”
ချက်ချင်းဆိုသလိုပင် ဝမ်ပေါင်လဲ့မှာ တစ်ခုခု လွဲနေပြီဖြစ်ကြောင်း ရိပ်မိသွား၏။ သူသည် တအံ့တဩနှင့် ထိုကိစ္စအကြောင်းကို စဉ်ဆက်မပြတ် ချင့်ချိန်တွေတောနေတုန်းမှာပင် ရက်အနည်းငယ်ခန့် ကြာပြီးနောက် အဆင့်မြင့်ကျွန်းပေါ်တွင် သူတို့ ခံတပ်ထဲ၌ ကြုံခဲ့ရသည့် ဖြစ်ရပ်များကို လူသိရှင်ကြား ကြေညာလိုက်တော့သည်။
သူတို့အား ဆုချပေးခဲ့သည့် ပစ္စည်းများကိုပင် ထိုကြေညာချက်ထဲ၌ ထည့်သွင်းထား၏။ ထို့ကြောင့် အဆင့်မြင့်ကျွန်းတစ်ခုလုံးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကာ ဆွေးနွေးငြင်းခုံနေကြပြီး လျှိုတောက်ပင်းပင်လျှင် သူ့အား အသံလွှင့်အကြောင်းကြားစာတစ်ခု ပေးပို့လိုက်၏။ ထို့ကြောင့် ထိုဖြစ်ရပ်ကြီးတစ်ခုလုံးကို အဆင့်နိမ့်ကျွန်းတွင်ပါ ကြေညာလိုက်ပြီဖြစ်ကြောင်း ဝမ်ပေါင်လဲ့က ချက်ချင်းပင်သိသွားတော့သည်။
” ဥပမာ ပြချင်လို့များလား ”
ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှုားနှင့် ခန့်မှန်းကြည့်လိုက်၏။ တာအိုကျောင်းမှာ အရည်အချင်းရှိသူများကို မြှောက်စားတတ်ကြောင်း သူက သိလိုက်ရတော့သည်။ ထို့ကြောင့် သူသည် မုန့်များကို တဂျွတ်ဂျွတ်မြည်အောင် ဝါးစားရင်း ဝိညာဉ်ကွန်ရက်ပေါ်ရှိ ဆွေးနွေးငြင်းခုံမှုများကို လိုက်လံဖတ်ရှုနေတော့သည်။
ကောင်းကင်တာအိုကျောင်းမှာ ဝမ်ပေါင်လဲ့နှင့် သူ၏ အပေါင်းအပါများ ခံတပ်ထဲတွင် ဆွတ်ခူးနိုင်ခဲ့သည့် အောင်မြင်မှုများအားလုံးကို ကြေညာထား၏။ သူတို့မှာ သူတို့လေးယောက်ကို သူရဲကောင်းများအဖြစ် သတ်မှတ်ထားကြပြီး ဝမ်ပေါင်လဲ့အား ပို၍ အမွှမ်းတင်ထား၏။ ထို့ကြောင့် ထိုကြေညာချက် ပြီးဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့၏ အမည်မှာ အဆင့်မြင့်ကျွန်းတစ်ခုလုံး၏ နှုတ်ဖျားတွင် ရှိနေတော့သည်။
တာအိုကျောင်းကြီး တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်နေကြစဉ်တွင် ဝမ်ပေါင်လဲ့မှာ ရေစက်ပုံစံ သင်္ဘောပျံကြီးကို စမ်းသပ်ကြည့်လိုက်၏။ ၎င်း၏ အမြန်နှုန်းမှာ အလွန်အင်မတန်မှ မြန်ဆန်နေပြီး ချန်းယွီထုံ၏ သင်္ဘောပျံကြီးထက်ပင် ပို၍သာလွန်နေသလို အထင်သေး၍မရနိုင်သော တိုက်ခိုက်ရေး လက်နက်များကိုလည်း တပ်ဆင်ထား၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ပျော်ရွှင်ကျေနပ်ကာ အံ့အားသင့်သွားရပြီး လျှို့ဝှက်ဆန်းကြယ် ပညာရပ်မှာ ဤ သင်္ဘောပျံကြီးထက် ပို၍ပင် ကောင်းမွန်နေလိမ့်မည် ဖြစ်ကြောင်း ကြိုတင်တွေးတောရင်း စိတ်များ လှုပ်ရှားလာရတော့သည်။
သူသည် အကြာကြီး မစောင့်လိုက်ရပေ။ ရက်အနည်းငယ်ခန့် ကြာပြီးနောက် လက်ထောက်ဂိုဏ်းချုပ်ကြီး ဆုချသော လျှို့ဝှက်ဆန်းကြယ် ပညာရပ်ကို သူ လက်ခံရရှိလိုက်၏။
၎င်းမှာ လက်သည်းခွံ အရွယ်အစားရှိကာ ရဲရဲနီနေသော အပိုင်းအစတစ်ခုဖြစ်ပြီး ၎င်းကို ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့် ကြော့ရှင်းသော သေတ္တာတစ်လုံးထဲတွင် ထည့်ကာ သိမ်းဆည်းထား၏။ ဝမ်ပေါင်လဲ့မှာ ထိုသေတ္တာလေးအား စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် အတွင်းပိုင်းကို သက်တံ့ရောင် ဝိညာဉ်ကျောက်တုံးများဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး အပြင်ဘက်တွင် ကျောက်စိမ်းဖြင့် အုပ်ထားခြင်းဖြစ်ကြောင်း သိလိုက်ရ၏။ ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့သော အရာမျိုးကို လုံးဝမမြင်ဘူးသောကြောင့် အံ့ဩတုန်လှုပ်သွားရ၏။
” ဒီသေတ္တာနဲ့တင် တော်တော်လေး တန်ဖိုးကြီးနေပြီ ”
ဝမ်ပေါင်လဲ့မှာ အတိုင်းသား ကျေနပ်နေတော့သည်။ သူသည် ၎င်းအားဖွင့်ကာ ရဲရဲနီနေသော အပိုင်းအစလေးကို ကြည့်ရှုလိုက်၏။ ထိုအခါ ထိုအပိုင်းအစလေးထဲမှ အလွန်အင်မတန်မှ သိပ်သည်းထူထဲသော ဝိညာဉ်ချီလှိုင်းများ ထွက်ပေါ်လာပြီး သူ့ဆီသို့ ပျံ့လွင့်လာ၏။
ထို ဝိညာဉ်ချီများမှာ ၎င်းတို့ထဲတွင် မျက်လုံးဖြင့် မမြင်နိုင်သော အပူဓာတ်ဝိညာဉ်တစ်ခု ကိန်းအောင်းနေသည့်အလား အပူလှိုင်းများကို သယ်ဆောင်လာ၏။ ၎င်းဆီမှ အသံမထွက်ဘဲ ဟိန်းဟောက်နေသဖြင့် ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားသွားရ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ
တောင့်တင်းသွားရပြီး အသက်ရှူနှုန်းမှာလည်း မြန်ဆန်လာတော့သည်။
” အာကာသ အပိုင်းအစတွေက အမျိုးအစား အများကြီး ရှိတယ်။ တချို့ကို ခန္ဓာကိုယ်ထဲ တိုက်ရိုက်စုပ်ယူနိုင်ပြီး တချို့ကိုတော့ ဝိညာဉ်အမြစ်ရွာထဲက အပိုင်းအစတွေလိုမျိုး ငှားယူပြီးတော့ အသုံးပြုလို့ရတယ်။ အခု ငါ့လက်ထဲမှာ ကိုင်ထားတဲ့ အပိုင်းအစလိုမျိုးတွေလည်း ရှိသေးတယ်။ ဒီအပိုင်းအစတွေကို စုပ်ယူလို့မရပေမယ့် ဝိညာဉ်တံဆိပ်တော်တွေနဲ့ ဆင်တူတဲ့ အငွေ့အသက်တစ်ခုကို ငါ ခံစားမိနေတယ် ”
ဝမ်ပေါင်လဲ့မှာ ချန်းယွီထုံ၏ ဆရာဖြစ်သူ သူ့အားသင်ပေးခဲ့သော ဂါထာကို စိတ်ထဲတွင်ရေရွတ်လိုက်၏။ သူသည် စစချင်း ၎င်းအား ရှင်းရှင်းလင်းလင်း နားမလည်ခဲ့ပါသော်လည်း ၎င်းအား မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပြီး ၎င်းဆီမှ ထွက်ပေါ်နေသော အပူလှိုင်းများကို ခံစားမိလိုက်သောအခါ ရုတ်တရက်ဆိုသလို ဉာဏ်အလင်းပွင့်သွားတော့သည်။
အနည်းငယ်ခန့် ကြာပြီးနောက် ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်၏။ သူသည် တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေပါသော်လည်း နောက်ဆုံးတွင် သူ၏ မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ ထင်ဟပ်လာ၏။ ထို့နောက် ချန်းယွီထုံ၏ ဆရာ သင်ကြားပေးခဲ့သည်အတိုင်း သူ၏ ညာလက်ကိုမြှောက်ကာ ထိုအပိုင်းအစပေါ်သို့ ဖိချလိုက်၏။
သူ၏လက်မှာ ထို အပိုင်းအစနှင့် ထိသွားသည်နှင့် တစ်ပြိုင်နက် သူ၏ လက်ချောင်းထိပ်များမှနေ၍ ချစ်ချစ်တောက်ပူနေသော အပူဓာတ်များ ထွက်ပေါ်လာ၏။ သို့သော် ၎င်းတို့မှာ တစ်စုံတစ်ခု ဖြစ်ပေါ်လာရန် စောင့်ဆိုင်းနေသည့်အလား ရုတ်တရက်ဆိုသလို ရပ်တန့်သွားသည်။
ဝမ်ပေါင်လဲ့မှာမူ အသက်အောင့်ထားလိုက်၏။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်ထဲ၌ သူ၏ ကျင့်ကြံခြင်းစွမ်းအားများ လည်ပတ်နေပြီဖြစ်သည်။ ၎င်းတို့ လည်ပတ်သွားသောအခါ ဆက်ထွက်မလာတော့ဘဲ ရပ်တန့်သွားခဲ့သည့် အပူဓာတ်များမှာ သူ၏ လက်များမှတစ်ဆင့် သူ၏ ခန္ဓာကိုယ်အနှံ့အပြားသို့ ပျံ့နှံ့သွားပြီး နောက်ဆုံးတွင် သူ၏ ဦးခေါင်းထဲသို့ စီးဝင်သွားတော့သည်။
ထိုအခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ရီသွားပြီး သူသည် ချက်ချင်းဆိုသလိုပင် ကယောင်ချောက်ချားဖြစ်ကာ သူ၏ ခန္ဓာကိုယ်အား ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ သတိလစ်သွားတော့သည်။
ခဏာအကြာတွင် ဝမ်ပေါင်လဲ့မှာ သတိပြန်ရလာပြီး အရာအားလုံးကို မေ့ပျောက်သွား၏။ သူ မည်သူမည်ဝါ ဖြစ်ကြောင်းကိုပင် မသိတော့ပေ။ သူ ခံစားနိုင်စွမ်းရှိသည့် တစ်ခုတည်းသော အချက်မှာ သူသည် မီးလုံးကြီးတစ်လုံးအသွင် ပြောင်းလဲသွားပြီဆိုသော အချက်ပင် ဖြစ်သည်။ သူ၏ မျက်စိရှေ့တွင် ရှိနေသော ကမ္ဘာကြီးမှာလည်း ပြောင်းလဲသွားပြီး သူသည် မီးမုန်တိုင်းကြီးတစ်ခုကို လှမ်း၍မြင်လိုက်ရ၏။
ထို မီးမုန်တိုင်းကြီးမှာ ကောင်းကင်ယံပေါ်သို့ ဦးတည်ကာ တဟုန်းဟုန်း ပေါက်ကွဲနေပြီး ၎င်း၏ ရှေ့တွင်ရှိနေသော အရာအားလုံးကို ဖြတ်တိုက်ကာ ဖျက်ဆီးပစ်နေ၏။ ၎င်းမှာ အရာအားလုံးကို ဖုံးလွှမ်းထားပြီး သူ၏ နှလုံးသားနှင့် ဝိညာဉ်တို့ကိုပါ လွှမ်းခြုံသွားတော့သည်။
ရက်ပေါင်းများစွာကုန်ဆုံးသွားပြီး လဝက်တိတိ ကြာမြင့်သွားသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ သူ၏ နတ်ဝိဇ္ဇာဂူထဲတွင် မလှုပ်မယှက်နှင့် တင်ပျဉ်ခွေ ထိုင်နေဆဲပင်။ သူ၏ မျက်ခုံးနှစ်ဖက်ကြားတွင်မူ ကြက်သွေးရောင် အမှတ်အသားလေးတစ်ခု ဖြည်းဖြည်းချင်း ရွှေ့လျားနေ၏။ ထို အမှတ်အသားလေး လှုပ်ရှားသွားသောအခါ သူသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး ဇဝေဇဝါဖြစ်နေသော အမူအရာဖြင့် တဖြည်းဖြည်းချင်း မျက်လုံးများ ပွင့်လာ၏။
သို့သော် ထိုသို့ ဇဝေဇဝါဖြစ်နေခြင်းမှာ သိပ်မကြာလိုက်ပေ။ သူသည် တဖြည်းဖြည်းနှင့် အသိစိတ်ပြန်ဝင်လာပြီး မိနစ်အနည်းငယ်ခန့် ကြာပြီးနောက် ရီဝေဝေခံစားချက်များ ပျောက်ဆုံးသွားသောအခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး အသက်ရှူသံများ မြန်လာတော့သည်။ အသိစိတ် အပြည့်အဝ ပြန်ဝင်လာသောအခါ သူသည် မျက်လုံးများပြူးသွားပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်တော့သည်။
အိပ်မက်တစ်ခုကဲ့သို့ပင်… ဝမ်ပေါင်လဲ့မှာ သူ၏ မြန်ဆန်နေသော အသက်ရှုနှုန်းကို တည်ငြိမ်အောင်လုပ်လိုက်ပြီး ခေါင်းငုံ့ကာ သူ၏ရှေ့တွင်ရှိနေသော သေတ္တာလေးကို ကြည့်လိုက်၏။ ထိုအခါ သူ မကြာသေးမီကမှ ထိလိုက်သည့်ပုံပေါ်သော အပိုင်းအစလေးမှာ ပြာမှုန့်အသွင် ပြောင်းလဲသွားပြီဖြစ်သည်။ ထိုပြောင်းလဲမှုများစွာကို ကျော်ဖြတ်လိုက်ရပြီးနောက် သူသည် ချက်ချင်းပင် အချိန်ကို စစ်ဆေးကြည့်လိုက်တော့အခါ သူသည် လဝက်တိတိ သတိမေ့နေခဲ့ခြင်း ဖြစ်ကြောင်း သိလိုက်ရ၏။ ထိုအခါ သူ၏ စိတ်နှလုံးထဲတွင် အတွေးနှင့် ခံစားချက်မျိုးစုံတို့ဖြင့် ယောက်ယတ်ခပ်သွားရတော့သည်။
ထိုအခိုက်အတန့်တွင် သူ၏ မျက်ခုံးနှစ်ဖက်ကြား ၌ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူသည် လက်ဖြင့် စမ်းကြည့်လိုက်သော်လည်း မည်သည့်အရာကိုမှ မခံစားမိသောကြောင့် မှန်ထဲတွင် ကြည့်လိုက်၏။ ထိုအခါ သူမြင်လိုက်ရသော မြင်ကွင်းကြောင့် အံ့ဩတုန်လှုပ်သွားပြီး ချက်ချင်းပင် မတ်တတ်ထရပ်မိသွားတော့သည်။
” ဒါက…. ”
ဝမ်ပေါင်လဲ့မှာ စိတ်ကိုတည်တည်ငြိမ်ငြိမ် မထားနိုင်တော့ပေ။ သူသည် အသက်အောင့်လိုက်ပြီး သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ တဖြည်းဖြည်းချင်း မှေးမိန်ပျောက်ကွယ်သွားနေသော မီးအမှတ်အသားလေးကို စိုက်ကြည့်နေလိုက်တော့သည်။ တစ်ခဏမျှ ကြာမြင့်သွားပြီးနောက် ဝမ်ပေါင်လဲ့မှာ လက်နှစ်ဖက်ကိုမြှောက်၍ ချန်းယွီထုံ၏ ဆရာဖြစ်သူ သူ့အားသင်ကြားပေးခဲ့သော နည်းလမ်းအတိုင်း စိတ်ထဲတွင် ဂါထာရွတ်ဖတ်လိုက်၏။
” မီး ”
ထို အခိုက်အတန့်တွင် ဝမ်ပေါင်လဲ့၏ လက်ဖဝါးထဲ၌ အနီရောင်မီးလုံးတစ်လုံး ပေါ်ပေါက်လာ၏။ ၎င်းမှာ တဟုန်းဟုန်း တောက်လောင်နေပါသော်လည်း ဝမ်ပေါင်လဲ့မှာ မည်သည့်နာကျင်မှုကိုမှ မခံစားရပေ။ သူသည် စိတ်လှုပ်တရှားနှင့် သူ၏ ညာလက်ကိုမြှောက်ကာ အားပါပါ ဝှေ့ယမ်းလိုက်၏။ ထိုအခါ သူ၏ရှေ့တွင် အသေးစား မီးပင်လယ်တစ်စင်း ပေါက်ကွဲထွက်ပေါ်လာ၏။ အပူလှိုင်းများမှာ ချက်ချင်းပင် နတ်ဝိဇ္ဇာဂူ အနှံ့အပြားသို့ ပျံ့နှံ့သွားသဖြင့် ဘေးပတ်ပတ်လည်ရှိ ကျောက်သားနံရံများမှာ လောင်ကျွမ်းသွားတော့မည့် အရိပ်အယောင်များ ပေါ်လာကြသည်။
ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားသွားပြီး ချက်ချင်းပင် အရာအားလုံးကို ရပ်တန့်လိုက်၏။ ထို့နောက် သူ၏စိတ်ထဲတွင် တွေးလိုက်သောအခါ ဘေးပတ်ပတ်လည်ရှိ ထိုမီးပင်လယ်ကြီးမှာ လျှပ်စီးကဲ့သို့သော အမြန်နှုန်းမျိုးဖြင့် ချက်ချင်းဆိုသလိုပင် သူ၏ ညာလက်ထဲသို့ ပြန်ဝင်သွား၏။
” ဒါ မီးမုန်တိုင်းလို့ခေါ်တဲ့ လျှို့ဝှက်ဆန်းကြယ် ပညာရပ်လား ”
ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေရတော့သည်။ သူသည် နတ်ဝိဇ္ဇာဂူထဲတွင် ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေလိုက်ပြီးနောက် အပြင်ဘက်၌ ထို လျှို့ဝှက်ဆန်းကြယ်ပညာရပ်ကို စမ်းသပ်နိုင်မည့် နေရာတစ်ခုကို ရှာဖွေရန် ဆုံးဖြတ်လိုက်ပြီး ဂူထဲမှ ထွက်ခွာလာတော့သည်။
သို့သော် ဝမ်ပေါင်လဲ့ မီးမုန်တိုင်း လျှို့ဝှက်ဆန်းကြယ်ပညာရပ်အား စမ်းသပ်နိုင်မည့် နေရာတစ်ခုကိုရှာဖွေရန် သူ၏ နတ်ဝိဇ္ဇာဂူ အပြင်ဘက်သို့ လှမ်းလိုက်စဉ်မှာပင် ချန်းယွီထုံထံမှ အသံလွှင့်အကြောင်းကြားစာတစ်ခုကို ရုတ်တရက် လက်ခံရရှိလိုက်၏။ ချန်းယွီထုံမှာ သူ၏ စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်နိုင်စွမ်းမရှိဘဲ အလျင်စလိုဖြစ်နေသည့် လေသံ ပေါက်နေ၏။ ဝမ်ပေါင်လဲ့မှာ သူ၏ အသံလွှင့်လက်စွပ်ကို ဖွင့်ကြည့်လိုက်သောအခါ သူ၏ စိတ်လှုပ်ရှားနေသော စကားသံကြီးကို ရှင်းလင်းပြတ်သားစွာကြားလိုက်ရသည်။
” ညီလေးပေါင်လဲ့ရေ။ အစ်ကိုတို့ မျိုးဆက်တွေအတွက် အံ့သြဖို့ကောင်းတဲ့ ကိစ္စကြီးတစ်ခု ဖြစ်သွားပြီကွ ”
***
good