ဓားနေမင်းကြီးမှာ ကောင်းကင်ယံထဲတွင် ဝင်းလက်တောက်ပနေသဖြင့် ရာသီဥတုမှာ ကြည်လင်သာယာနေ၏။
ချန်းယွီထုံ၏ သင်္ဘောပျံကြီးမှာ ခံတပ်ရှိရာ နယ်မြေမှ ထွက်ခွာလာပြီးနောက် မိုးကောင်းကင်ကြီးကို ထိုးခွင်း၍ ပျံသန်းနေ၏။ သူတို့ ဖြတ်ပျံသွားကြသည့် တောင်စဉ်တန်းများနှင့် တောအုပ်များမှာ တဖြည်းဖြည်းနှင့် အရွယ်အစား သေးငယ်သွားကြ၏။ သူတို့ ထိုနယ်မြေထဲမှ ဖြတ်ကျော်လာပြီးနောက် ခံတပ်၏ရှေ့တွင် ကြုံခဲ့ရသည့် သားရဲစီးကြောင်းကြီးကို ရင်ဆိုင်ခဲ့ရစဉ်တုန်းက ခံစားခဲ့ရသည့် ဝမ်းနည်းမှုများမှာလည်း တဖြည်းဖြည်းနှင့် လွင့်ပါးပျောက်ကွယ်သွား၏။
အသက်ဆုံးရှုံးသွားသူများကို လူ့ရွာသို့ ပြန်ခေါ်နိုင်မည် မဟုတ်သောကြောင့် ရှေ့သို့ချီတက်ရမည့် တစ်ခုတည်းသောနည်းလမ်းမှာ သူတို့ ခံတပ်ထဲတွင် ကြုံခဲ့ရသည့် အတွေ့အကြုံများကို နှလုံးသားထဲ၌ ထာဝရသိမ်းဆည်းကာ ဖျောက်ဖျက်ပစ်၍မရနိုင်သော ဘဝအစိတ်အပိုင်းတစ်ခုအဖြစ် ပြောင်းလဲပစ်ရန်သာဖြစ်သည်။
ကျိုးဖုန်းဟိုင်နှင့် စွန်းဖန်တို့ နှစ်ယောက်စလုံးမှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြ၏။ သူတို့မှာ ဆေးလုံးများကြောင့် ပြန်လည်သက်သာလာခဲ့ပါသော်လည်း ဖြူဖတ်ဖြူရော် ဖြစ်နေကြဆဲပင်။ သို့သော် သူတို့မှာ ပို၍ သက်သောင့်သက်သာ ဖြစ်လာပြီး ယခင်တုန်းကလောက် စိတ်ပူပန်နေခြင်း မရှိတော့သည်ကို အထင်အရှားမြင်နိုင်ပေသည်။ သူတို့မှာ ခံတပ်ကြီးဆီမှ အကြည့်လွှဲလိုက်ကြပြီး ကောင်းကင်တာအိုကျောင်း ရှိရာဘက်သို့ မျှော်လင့်တကြီးဖြင့် လှမ်းကြည့်နေကြ၏။
စစ်တက်မှ ပေးအပ်သော ဆုလာဘ်များမှာ အများအားဖြင့် အသိအမှတ်ပြုခြင်းနှင့် ဆုတံဆိပ်များသာ ဖြစ်သည်။ တာအိုကျောင်းများကမူ အရာဝတ္ထုပစ္စည်းများကို ဆုချလေ့ရှိပြီး ပြည်ထောင်စုကြီးမှာလည်း ထိုနည်း၎င်းပင်။ သူတို့မှာ အချက်အလက်အားလုံးကို စာရင်းသတ်မှတ်ကာ၊ ပြန်လည်စစ်ဆေး၍ တွက်ချက်ပြီးပါက တစ်ခါတည်း ဆုချပေးမည် ဖြစ်သည်။
သူတို့ နှစ်ယောက်မှာ နှလုံးသားများထဲတွင် တာအိုကျောင်းသို့ ပြန်ရောက်လိုသော မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပြီး လေသံတိုးတိုးနှင့် စကားပြောနေကြ၏။ သေရေးရှင်ရေး အန္တရာယ်ကြီးကို နှစ်ယောက်အတူတူ ကျော်ဖြတ်ခဲ့ပြီးနောက် အစတုန်းက တစ်ယောက်နှင့်တစ်ယောက် ခပ်ကင်းကင်းသာ ရှိခဲ့ကြသော ကျိုးဖုန်းဟိုင်နှင့် စွန်းဖမ်းတို့မှာ ပိုမို ရင်းနှီးလာကြပြီဖြစ်သည်။
ချန်းယွီထုံမှာမူ ဝမ်ပေါင်လဲ့ဘေးတွင်ထိုင်ရင်း သူ၏ ပခုံးကိုပုတ်ကာ ပြုံး၍ ဆိုလိုက်၏။
” ညီလေး ပေါင်လဲ့။ ဒီတစ်ခေါက် မင်းက တာဝန်အကြီးကြီးတစ်ခုကို ဆောင်ရွက်ပေးနိုင်ခဲ့တာပဲ။ မင်း တာအိုကျောင်း ပြန်ရောက်တာနဲ့ မင်းရဲ့နာမည်က ပိုပြီးတော့ကျော်ကြားနေမှာ သေချာတယ်။ ငါတို့က ကောင်းကင်တာအိုကျောင်းကို ကိုယ်စားပြုနေတာဆိုတော့ ငါတို့ ဒီတစ်ခေါက် ဆောင်ရွက်နိုင်ခဲ့တဲ့ တာဝန်တွေက တာအိုကျောင်းအတွက် ဂုဏ်ယူစရာဖြစ်နေမှာ အမှန်ပဲကွ ”
ချန်းယွီထုံ၏ နှစ်သိမ့်ပေးနေသော စကားများကို ကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ခံစားချက်များကို ထိန်းချုပ်လိုက်၏။ ထို့နောက် သူသည် ချန်းယွီထုံနှင့် ခင်မင်ရင်းနှီးစွာ စကားစမြည် ပြောနေလိုက်တော့သည်။ သူတို့နှစ်ယောက်မှာ တာအိုကျောင်းနှင့် ပတ်သတ်သော အကြောင်းအရာများကိုပါ ပြောဆိုရင်း စွန်းဖန်နှင့် ကျိုးဖုန်းဟိုင်တို့ကိုပါ လှမ်းခေါ်လိုက်ပြီး အပြန်အလှ စကားပြောနေကြ၏။
အချိန်များ တရွေ့ရွေ့နှင့် ကုန်လွန်သွားပြီး နာရီအနည်းငယ်ခန့် ကုန်ဆုံးသွား၏။ အပြန်ခရီးမှာ အသွားခရီးအတိုင်းပင် ချောမွေ့နေ၏။ သူတို့လေးယောက် ကောင်းကင်တာအိုကျောင်း၏ ပိုင်နက်ထဲသို့ ဝင်ရောက်လာသောအခါ မတ်တတ်ထလာကြပြီး သူတို့၏ ရှေ့တွင်ပေါ်လာသည့် သူတို့၏ ပန်းတိုင်ဖြစ်သော သစ်တောစိတ်ရေကန်အား လှမ်းကြည့်လိုက်ကြ၏။
” အိမ်ပြန်ရောက်ပြီကွ ”
ကျိုးဖုန်းဟိုင်နှင့် စွန်းဖန်တို့က တစ်ပြိုင်နက်တည်း ရေရွတ်လိုက်ကြ၏။ သူတို့မှာ ထိုခံစားချက်မျိုးကို ယခင်တုန်းက မခံစားဖူးပါသော်လည်း ခံတပ်ထဲတွင် ကြုံခဲ့ရသော သေရေးရှင်ရေး အတွေ့အကြုံကြီးကြောင့် သစ်တောစိမ်းရေကန်ကို မြင်လိုက်ရသောအခါ သူတို့၏နှလုံးသားထဲတွင် ရင်းနှီးနေသော အရာတစ်ခုနှင့် ပြန်ဆုံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ သူတို့မှာ အိမ်သို့ပြန်ရောက်လာသော အိမ်ပြေးလေးများ သကဲ့သို့ပင်။
ဝမ်ပေါင်လဲ့မှာလည်း သူတို့နည်းတူ ခံစားနေရပြီး သင်္ဘောပျံကြီး၏ ရှေ့နားသို့ လျှောက်လှမ်းသွားလိုက်၏။ သင်္ဘောပျံကြီးမှာ လေဟုန်စီးကာ နှေးကွေးသွားခြင်းမရှိဘဲ ငွေရောင် လျှပ်စီးတန်း တစ်တန်းကဲ့သို့ သစ်တောစိမ်းရေကန်ကြီးဆီသို့ တည့်မတ်စွာ ဦးတည်သွားတော့သည်။
ထို သင်္ဘောပျံကြီးမှာ ဝမ်ပေါင်လဲ့ မြင်ဖူးသမျှထဲတွင် အရည်အသွေးအကောင်းဆုံးများထဲမှ တစ်စင်းဖြစ်သည်။ သူတို့၏ ခရီးလမ်းတစ်လျှောက်တွင် ပေါ်ပေါက်လာခဲ့သော သားရဲကြီးများကို တိုက်ခိုက်ရန် သူတို့မှာ လက်တစ်ချောင်းပင် မြှောက်စရာမလိုပေ။ ထို သင်္ဘောပျံကြီးမှာ ထိုသားရဲကြီးများကို ဝင်တိုက်ကာ မောင်းထုတ်ပစ်ခဲ့၏။
တချိန်တည်းမှာပင် ၎င်းမှာ ဆိုးဆိုးရွားရွားကြီး မဟုတ်သော ရာသီဥတု အပြောင်းအလဲများကိုပါ ဘေးကင်းစွာ လျစ်လျူရှုနိုင်စွမ်း ရှိနေ၏။
သူတို့ အနားသို့ရောက်လာသောအခါ သစ်တောစိမ်းရေကန်ကြီးမှာ သူတို့၏ မျက်လုံးရှေ့တွင် အထင်အရှားပေါ်လာ၏။ သင်္ဘောပျံကြီးမှာ အဆင့်မြင့်ကျွန်းအား ဝန်းရံနေသော မြူခိုးများကို ဖြတ်သန်းသွားချိန်တွင် တဖြည်းဖြည်းနှင့် အရှိန်လျော့သွား၏။ မန္တန်အစီအရင်က သူတို့ မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်ရန်အတွက် မြူခိုးများထဲတွင် ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် သင်္ဘောပျံကြီးမှာ မြူခိုးများထဲမှ တဖြည်းဖြည်း ထွက်ပေါ်လာပြီး အဆင့်မြင့်ကျွန်းပေါ်ရှိ ပြည်သူ့ရင်ပြင်ထဲတွင် ဆင်းသက်လိုက်၏။
ထိုအချိန်တွင် အဆင့်မြင့်ကျွန်း၏ ပြည်သူ့ရင်ပြင်ထဲ၌ လူဆယ်ဂဏန်းအထိ ရှိနေကြပြီဖြစ်သည်။ ဓမ္မလက်နက်အဆောင်၏ အဆောင်မှူးနှင့် လက်ထောက်အဆောင်မှူး လေးယောက်စလုံးမှာလည်း ထိုနေရာတွင် ရှိနေကြ၏။ သူတို့၏ရှေ့တွင် ချန်းယွီထုံ၏ ဆရာဖြစ်ပြီး ဝမ်ပေါင်လဲ့အား အင်မတန်မှ သဘောကျနှစ်သက်သော ဓမ္မလက်နက်အဆောင်၏ အကြီးအကဲကြီးလည်း ရှိနေ၏။ သူ၏ မျက်နှာမှာ ပြုံးရွှင်နေပြီး ပီတိများဖြင့် ဖုံးလွှမ်းနေ၏။
သူတို့အားလုံး၏ အလယ်တွင် အနီရောင် ဝတ်ရုံရှည်ကြီးကို ဆင်မြန်းထားသော သက်လတ်ပိုင်း လူကြီးတစ်ယောက် ရှိနေ၏။ ထိုလူကြီးမှာ ကောင်းကင်တာအိုကျောင်း၏ လက်ထောက်ဂိုဏ်းချုပ်သုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။
သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြုံးရင်း သင်္ဘောပျံကြီးပေါ်မှ ဆင်းသက်လာပြီး သူ့အား လာရောက်နှုတ်ဆက်နေကြသော ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများကို ကြည့်နေလိုက်၏။
ဝမ်ပေါင်လဲ့မှာ ရင်ခုန်သွားရပြီး ချန်းယွီထုံ၊ ကျိုးဖုန်းဟိုင်နှင့် စွန်းဖန်တို့မှာလည်း ထိုနည်းတူပင်။ သူတို့လေးယောက်မှာ ယခုလေးတင် မြူခိုးများထဲမှ ထွက်လာကြခြင်း ဖြစ်ပါသော်လည်း ဓမ္မလက်နက်အဆောင်မှ အဆင့်မြင့်အရာရှိကြီးများကို မြင်လိုက်ရသည် မဟုတ်ပါလော။ ထို့ကြောင့် သူတို့မှာ သင်္ဘောပျံကြီးပေါ်မှ ဆင်းလာကြပြီး သူတို့အား ချက်ချင်းပင်နှုတ်ဆက်လိုက်ကြ၏။
” မင်္ဂလာပါ ဆရာ။ မင်္ဂလာပါ လက်ထောက်ဂိုဏ်းချုပ်။ မင်္ဂလာပါ အဆောင်မှူးတို့ ”
ချန်းယွီထုံမှာ ထိုအနီရောင်ဝတ်ရုံနှင့် သတ်လတ်ပိုင်းလူကြီးမှာ မည်သူမည်ဝါဖြစ်ကြောင်းကို သိထားသည့်ပုံ ပေါ်သောကြောင့် ချက်ချင်းပင် စိတ်လှုပ်တရှား ဖြစ်သွားပြီး လေသံကျယ်ကျယ်နှင့် နှုတ်ဆက်လိုက်၏။ သူသည် တရိုတသေ ဦးညွတ်လိုက်ပြီး ဝမ်ပေါင်လဲ့နှင့် သူ၏အပေါင်းအပါများကိုလည်း သူ့အတိုင်းလိုက်၍ အရိုအသေပေးရန် သတိပေးလိုက်၏။
” လက်ထောက်ဂိုဏ်းချုပ် ဆိုပါလားဟ ”
ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် အံ့အားသင့်သွားရ၏။ ချန်းယွီထုံ အရိပ်အမြွက်ပြနေသည့် အချက်ကို နားလည်သွားပြီး သူ ရည်ညွှန်းနေသည့် လူကို သိလိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ ချင်ချင်းပင် သူ့အား နောက်ထပ်တစ်ကြိမ် ပြန်၍ နှုတ်ဆက်လိုက်ပြန်သည်။ ကျိုးဖုန်းဟိုင်နှင့် စွန်းဖန်တို့မှာဆိုလျှင် ပို၍ပင် အံ့အားသင့်သွားရ၏။ လက်ထောက်ဂိုဏ်းချုပ်မှာ သူတို့အတွက် စံထားရသည့် အရေးပါအရာရောက်သော လူတစ်ယောက် မဟုတ်ပါလော။
” ဒီနေ့ မင်းတို့အားလုံး ဒီလောက်ကြီး ကိန်းကြီးခန်းကြီးတွေ လုပ်နေစရာ မလိုပါဘူး ”
အနီရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းလူကြီးက ရယ်မောကာ ဆိုလိုက်ပြီး သူ၏ညာလက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်၏။ ထိုအခါ သိမ့်မွေ့သော အင်အားတစ်ခု ထွက်ပေါ်လာပြီး ဒူးထောက်နေကြသော ထိုလေးယောက်အား ပြန်၍ ဆွဲထူပေးလိုက်၏။ ထို့နောက် ကောင်းကင်တာအိုကျောင်းမှ လက်ထောက်ဂိုဏ်းချုပ်ကြီးမှာ ရှေ့သို့လှမ်းလာပြီး အသိအမှတ်အပြုသည့် အမူအရာဖြင့် ချန်းယွီထုံနှင့် ဝမ်ပေါင်လဲ့တို့၏ ပခုံးများကို ပုတ်လိုက်၏။
” လူတော်လေးတွေပဲကွ။ မဆိုးဘူးပဲ။ ဒီတစ်ခေါက် မင်းတို့တွေက ကောင်းကင်တာအိုကျောင်းအတွက် ဂုဏ်ဆောင်နိုင်ခဲ့တာပဲ ”
လက်ထောက်ဂိုဏ်းချုပ်မှာ တည့်တိုးပြောတတ်သော လူတစ်ယောက် ဖြစ်ပုံရသည်။ သူ၏အမြင်တွင် ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများမှာ သေမင်းခံတွင်းဝမှ ပြန်ရောက်လာခဲ့ကြသူများဟု သတ်မှတ်ထား၏။ ခံတပ်ထဲတွင် သူတို့ တိုက်ခိုက်ခဲ့ရသည် တိုက်ပွဲကြီးမှာ စစ်တပ်ထဲ၌ပင် ကြီမားသော အောင်မြင်မှုကြီး တစ်ခုအဖြစ် သတ်မှတ်ခံထားရသည် မဟုတ်ပါလော။ ပထမမြောက်မှ သတ္တမမြောက် ခံစစ်ကြောင်းအားလုံးထဲတွင် သူတို့၏ အောင်မြင်မှုမှာ အကြီးအကျယ်ဆုံး မဟုတ်ပါသော်လည်း ကောင်းကင်တာအိုကျောင်းမှာ စတင်တည်ထောင်ခဲ့သည့် အချိန်ကတည်းက ဆုပေးဒဏ်ပေးစနစ်ကို ပြတ်ပြတ်သားသား အသုံးပြုခဲ့သည်။
ထို့ကြောင့် သူသည် ဂိုဏ်းချုပ်ကြီး၏ အမိန့်အတိုင်း သူတို့လေးယောက်အား ဆုချကာ အခြားကျောင်းသားများကိုလည်း ယခုကိစ္စအား ဥပမာတစ်ခုအဖြစ် အသုံးချဖို့ တိုက်တွန်းရန် ရောက်လာခဲ့ခြင်းဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများကို စံပြပုဂ္ဂိုလ်များအဖြစ်သတ်မှတ်ကာ အခြားသူများအပေါ် လွှမ်းမှိုးနိုင်ရန် ကြံရွယ်ထား၏။ ထို့ကြောင့် သူသည် ရွှင်ပျနေသောလေသံဖြင့် ဆိုလိုက်သည်။
” မင်းတို့ ဖြစ်ချင်တာကိုပြော။ ငါ လုပ်ပေးနိုင်တယ်ဆိုရင် ဒီနေ့ချက်ချင်း ဖြစ်လာစေရမယ် ”
လက်ထောက်ဂိုဏ်းချုပ်ကြီး၏ စကားကိုကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများမှာ ချက်ချင်းပင် မျက်လုံးများ ဝင်းလက်သွားကြ၏။ သူတို့အားလုံးမှာ စိတ်လှုပ်ရှားသွားကြပါသော်လည်း ဝမ်ပေါင်လဲ့အား ဆုအများဆုံး ချသင့်သည်ဖြစ်ကြောင်း ချန်းယွီထုံနှင့် အခြားသူများက သိထားကြ၏။ သူတို့မှာ သူတို့၏ လိုအင်ဆန္ဒများကို ထုတ်ပြောခွင့်ရှိပါသော်လည်း အလွန်အကျူး တောင်းဆို၍တော့ မရနိုင်ပေ။ ထို့ကြောင့် သူတို့မှာ အချိန်အတော်အတန်ကြာအောင် တွေးတောလိုက်ပြီးနောက် ပြန်ဖြေလိုက်ကြ၏။
စွန်းဖန်၏ လိုအင်ဆန္ဒမှာ ရိုးရှင်းပေးသည်။ ဓမ္မလက်နက်အဆောင်ထဲတွင် နတ်ဝိဇ္ဇာဂူများမှာ အရေအတွက် အကန့်အသတ်နှင့် ရှိသောကြောင့် သူသည် နတ်ဝိဇ္ဇာဂူတစ်လုံးကို လိုချင်နေ၏။ နတ်ဝိဇ္ဇာဂူ အများစုအား လက်နက်စစ်သည်များကိုသာ ပေးအပ်ကြသည်ဖြစ်ပြီး ဓမ္မလက်နက်အဖွဲ့ဝင်တစ်ယောက် ဖြစ်နေလျှင်တောင် ကျိုးဖုန်းဟိုင်ကဲ့သို့ လုပ်ပိုင်ခွင့်အာဏာကြီးမားသော ဓမ္မလက်နက်အဖွဲ့ဝင် သို့မဟုတ် ဝမ်ပေါင်လဲ့ကဲ့သို့ ရှစ်လက်မ ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်မနေပါက ထိုကဲ့သို့ ရရှိနိုင်မည်မဟုတ်ပေ။
ထို့ကြောင့် နတ်ဝိဇ္ဇာဂူတစ်လုံးမှာ စွန်းဖန်အတွက် အင်မတန်မှ အရေးပါ၏။
ကျိုးဖုန်းဟိုင်ကမူ သူ၏ ဆုလာဘ်အား သူ့အတွက် အရေးအကြီးဆုံးဖြစ်သော ဓမ္မလက်နက်စစ်သည် ရမှတ်များအဖြစ် ပြောင်းလဲလိုက်၏။ သူ၏ အရည်အချင်းများကိုသာ မှီခိုရမည်ဆိုပါက သူသည် ဓမ္မလက်နက်စစ်သည်တစ်ယောက် အောင်မြင်စွာ ဖြစ်လာနိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိပေ။ သို့သော် သူ၏ ဆုလာဘ်များကို အပိုရမှတ်များအဖြစ် ပြောင်းလဲလိုက်ပြီးနောက် သူ၏ ယုံကြည်မှုများမှာ ခုနစ်ဆယ် ရာခိုင်နှုန်းအထိ မြင့်တက်သွား၏။
ချန်းယွီထုံ၏ ဆန္ဒမှာမူ အခြားသူများနှင့် မတူပေ။ သူသည် မည်သည့် ဆုလာဘ်ကိုမှ မတောင်းဆိုခဲ့သောကြောင့် သူ လက်ထောက်အဆောင်မှူးအဖြစ် အဆင့်တက်သွားရန်မှာ ပို၍ပင် အလားအလာ ကောင်းသွားပြီ ဖြစ်သည်။ ချန်းယွီထုံမှာ သူ၏ ဆန္ဒကို ထုတ်ပြောလိုက်ပြီးနောက် ဝမ်ပေါင်လဲ့ကိုပင် မျက်စိမှိတ်ပြလိုက်၏။
လက်ထောက်ဂိုဏ်းချုပ်ကြီးမှာ သူတို့သုံးယောက်၏ ဆန္ဒများကို ကြားလိုက်ရသောအခါ ပြုံးလိုက်၏။ သူသည် ထိုလိုအင်ဆန္ဒအားလုံးကို ဖြည့်ဆည်းပေးရန် သဘောတူလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား ကြည့်လိုက်၏။
” မင်းကရော ဘာလိုချင်တာလဲ ဝမ်ပေါင်လဲ့ ”
ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲတွင် အတွေးများ ယောက်ယက်ခတ်နေရပြီဖြစ်သည်။ သူသည် ချန်းယွီထုံ မျက်စိမှိတ်ပြလိုက်သည်ကို သတိထားမိလိုက်သဖြင့် သူ မည်သည့်အရာကိုမှ မလိုချင်ကြောင်း ထုတ်ပြောလိုက်မည်ဆိုပါက ပို၍ပင်ကြီးမားသော ဆုလာဘ်များကို ရရှိနိုင်လိမ့်မည်ဟု သူက ဆိုလိုနေခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်၏။ သူသည် ထိုကဲ့သို့လုပ်ရန် ပြင်လိုက်ပါသော်လည်း ရုတ်တရက်ဆိုသလို အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များထဲမှ ဇာတ်လမ်းများကို ပြန်၍သတိရသွား၏။ ထို့ကြောင့် သူသည် ခေါက်ယပ်တောင်တဖျတ်ဖျတ် ခပ်ကာ သူ၏ရှေ့တွင် ရှိနေသော လက်ထောက်ဂိုဏ်းချုပ်ကြီးမှာ မည်မျှအထိ အရေးပါအရာရောက်သော လူတစ်ယောက်ဖြစ်ကြောင်းကို တွေးမိလိုက်သည်။ သူ့ကဲ့သို့သော လူမျိုး၏ စကားတစ်ခွန်းချင်းစီတိုင်းမှာ အခြားလူများ၏ အာရုံကို သေချာပေါက် ဖမ်းစားနိုင်စွမ်းရှိမည်သာဖြစ်သည်။
ထိုအပြင် သူသည် သူ့အတွက် အင်မတန်မှ အရေးပါသော ဓမ္မလက်နက်စစ်သည် စမ်းသပ်ပွဲထဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ်ပါလော။ အကယ်၍ လက်ထောက်ဂိုဏ်းချုပ်ကြီးကသာ သူ့ဘက်မှလိုက်၍ သူ၏ကောင်းကြောင်းများကို ပြောပေးနိုင်မည်ဆိုလျှင် ဓမ္မလက်နက်စစ်သည် စမ်းသပ်ပွဲမှာ သေချာပေါက် ချောချောမွေ့မွေ့နှင့် ပြီးဆုံးသွားမည်သာ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ တွေးတောရင်း စကားအစ်ကြည့်ရန် ဆုံးဖြတ်လိုက်၏။
” လက်ထောက်ဂိုဏ်းချုပ်ကြီးခင်ဗျား။ ကျနော်က ဘယ်လိုဆုလာဘ်မျိုး တောင်းရန်မှန်းမသိဘူး ဖြစ်နေတာ။ ကျနော် လက်ရှိ အဖြစ်ချင်ဆုံးကတော့ ဓမ္မလက်နက်စစ်သည်တစ်ယောက် ဖြစ်လာဖို့ပဲဗျ။ ဒါပေမဲ့ အဲလိုမျိုးကိစ္စတွေက ဆုချပေးလို့မှ မရဘူးလေ ”
လက်ထောက်ဂိုဏ်းချုပ်ကြီးမှာ သူ၏စကားကို ကြားလိုက်ရသောအခါ မျက်ခုံးများ ပင့်မိသွား၏။ ထို့နောက် သူသည် ခပ်ရေးရေးခန့်ပြုံးကာ ဝမ်ပေါင်လဲ့အား အကဲခတ်လိုက်ပြီးနောက် ဆိတ်ငြိမ်သွား၏။ ခဏကြာပြီးမှသာ သူသည် နောက်သို့လှည့်ကာ အဆောင်မှူးနှင့် အပေါင်းအပါများကို ကြည့်၍ ဆိုလိုက်၏။
” ဉာဏ်နီဉာဏ်နက် များလိုက်တဲ့ကောင်လေး…. သူ့ရဲ့ စွမ်းဆောင်ရည်တွေအရဆိုရင် ဓမ္မလက်နက်စစ်သည်ဆိုတဲ့ ရာထူးလေးတစ်ခုအတွက် သူရမယ့် ဆုလာဘ်တွေနဲ့ လဲစရာမလိုဘူးဆိုတာ မင်းတိုအားလုံး လက်ခံတယ်မလား။ အဲ့လိုမျိုး ရာထူးကိုက သူ သေချာပေါက် အလွယ်တကူ ရနိုင်ပါတယ် ”
ထိုအခါ ဓမ္မလက်နက်အဆောင်မှူးနှင့် အခြားသူများအားလုံးမှာ ပြုံးပြလိုက်ကြပြီး လက်ထောက်ဂိုဏ်းချုပ်ကြီး၏ စကားကို ချက်ချင်းပင် သဘောတူလိုက်၏။ သို့သော် သူတို့အားလုံးမှာ စိတ်ထဲတွင် အံ့အားသင့်သွားကြပြီး ဝမ်ပေါင်လဲ့အား ခိုးကြည့်နေကြတော့သည်။ ဝမ်ပေါင်လဲ့မှာ သူ၏ ဆုလာဘ်ကို ဓမ္မလက်နက်စစ်သည်ရာထူးနှင့် လဲလှယ်ချင်ကြောင်း တိုက်ရိုက်ထုတ်မပြောခဲ့ပါသော်လည်း ထိုအခွင့်အရေးကို အသုံးချကာ သူ၏ ဆန္ဒကို ထုတ်ပြောနိုင်ခဲ့သည် မဟုတ်ပါလော။ လက်ထောက်ဂိုဏ်းချုပ်ကြီးမှာလည်း ထိုအခွင့်အရေးကို ချက်ချင်းပင် အသုံးချနိုင်လိုက်သောကြောင့် ဝမ်ပေါင်လဲ့မှာ သူရရှိမည့် ဆုလာဘ်ကို ဖြုန်းတီးရန် မလိုတော့ရုံသာမက အနာဂတ်တွင် ဓမ္မလက်နက်စစ်သည် ရာထူးကို ပိုင်ဆိုင်ရရန်မှာလည်း အတိုင်းအတာတစ်ခုအထိ သေချာသွားပြီဖြစ်သည်။
ထိုစကားတစ်ခွန်းတည်းကိုကြည့်၍ ဝမ်ပေါင်လဲ့၏ ဉာဏ်ပညာကို သိမြင်နိုင်ပေသည်။ ထိုစကားမှာ ရိုးရိုးရှင်းရှင်း မဟုတ်သည့်အပြင် မည်သူကမှလည်း ထိုစကားကြောင့် သူ့ကို ရွံရှာစက်ဆုပ်သွားကြမည် မဟုတ်ပေ။ ထို့ကြောင့် ထိုစကားမှာ ပို၍ပင် အဖိုးတန်သွား၏။
ချန်းယွီထုံ၏ ဆရာဖြစ်သူ ဓမ္မလက်နက်အဆောင်မှ အကြီးအကဲကြီး၏ အပြုံးမှာမူ ပို၍ပင် အသက်ပါလာတော့သည်။
အရာရာတိုင်းမှာ သူ စီစဉ်ထားသည့်အတိုင်း ဖြစ်နေသောကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားသွားရ၏။ ထို့ကြောင့် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ လက်ထောက်ဂိုဏ်းချုပ်အား တရိုတသေ ဦးညွှတ်ကာ အရိုအသေပေးလိုက်၏။ သူ ခေါင်းပြန်မော့လာသောအခါ အသက်ပြင်းပြင်းရှူလိုက်ပြီး လေသံတိုးတိုးဖြင့် ဆိုလိုက်၏။
” ကျေးဇူးတင်ပါတယ် လက်ထောက်ဂိုဏ်းချုပ်ကြီး။ လောလောဆယ်မှာက ဘယ်လိုမျိုး ဆုလာဘ်က အသင့်တော်ဆုံးလဲဆိုတာကို ကျနော်ကမသိတော့ လက်ထောက်ဂိုဏ်းချုပ်ရဲ့ လမ်းညွှန်မှုကို လိုအပ်ပါတယ်။ ကျနော် လက်ထောက်ဂိုဏ်းချုပ်ရဲ့ ညွှန်ကြားမှု အားလုံးကို နားထောင်ကြည့်ပါ့မယ် ”
ဝမ်ပေါင်လဲ့က ထိုသို့ဆိုလိုက်သောအခါ ချန်းယွီထုံမှာ မျက်လုံးများပြူးသွား၏။ ဓမ္မလက်နက်အဆောင်မှ လူများအားလုံးမှာလည်း ဝမ်ပေါင်လဲ့အားကြည့်ကာ ပို၍ပင် အံ့အားသင့်သွားကြတော့သည်။
ဝမ်ပေါင်လဲ့၏ ရွေးချယ်မှုမှာ ချန်းယွီထုံ၏ မည်သည့်ဆုလာဘ်မှ မတောင်းသော ရွေးချယ်မှုထက် အများကြီး ပို၍သာလွန်နေ၏။ သူ၏ ရွေးချယ်မှုကြောင့် သူသည် လက်ထောက်ဂိုဏ်းချုပ်ကြီးနှင့် ပိုမိုရင်းနှီးသော ဆက်ဆံမှုတစ်ခုကို တည်ဆောက်နိုင်စွမ်း ရှိသွားပြီဖြစ်သည်။
” စိတ်ဝင်စားစရာပဲ ”
လက်ထောက်ဂိုဏ်းချုပ်ကြီးမှာ ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်အပြည့်ပါသော မျက်ဝန်းများဖြင့် ကြည့်လိုက်၏။ သူ၏ မျက်လုံးများကိုကြည့်လျှင် သူသည် အတွေးထဲတွင် နစ်မြောနေသည်ဖြစ်ကြောင်း သိနိုင်ပေသည်။ အချိန်အနည်းငယ်ခန့် ကြာသွားပြီးနောက် သူသည် ဆုံးဖြတ်ချက် ချပြီးသွားပြီဖြစ်၍ ခပ်ရေးရေးခန့် ပြုံးလိုက်၏။
” ငါ ကောင်းကင်တာအိုကျောင်းမှာ ရှိနေခဲ့တာ နှစ်တွေအများကြီး ကြာပြီဆိုတော့ ငါ့မှာ မိုးကောင်းကင်ကြီးဆီက အပိုင်းအစ တစ်ရာနီးပါး စုဆောင်းမိထားတယ်။ အဲဒါတွေ အကုန်လုံးက တမူထူးခြားပြီးတော့ အရမ်းကိုအဖိုးတန်တယ်ကွ။ ပြီးတော့ အာနာပါနအဆင့် ကျင့်ကြံသူတွေကပါ အဲဒါတွေကို အသုံးပြုလို့ရတယ်။ အခြေတည်အဆင့်နဲ့ အမြုတေအဆင့်မှာတောင် အဲဒါတွေကို အသုံးပြုပြီးတော့ ကြောက်ဖို့ကောင်းတဲ့စွမ်းအားတွေကို ထုတ်လွှတ်နိုင်သေးတယ် ”
” အခုလက်ရှိ တာအိုကျောင်းထဲမှာက အဲဒီလို အပိုင်းအစ အမျိုးအစား စုစုပေါင်း နှစ်ဆယ်လောက်တောင် မရှိဘူး။ ငါမှတ်မိသလောက်ဆိုရင် အဲဒီ အမွေအနှစ်တွေထဲကတစ်ခုက ဓမ္မလက်နက်ပညာရပ်နဲ့ ဆက်စပ်နေတာ။ အဲဒါရဲ့ နာမည်က မီးမုန်တိုင်းတဲ့ ”
လက်ထောက်ဂိုဏ်းချုပ်ကြီး၏ စကားကိုကြားလိုက်ရသောအခါ ဓမ္မလက်နက်အဆောင်မှ လူများအားလုံးမှာ အံ့အားသင့်သွားကြ၏။ ဓမ္မလက်နက်အဆောင်၏ လက်ထောက်အဆောင်မှူး လေးယောက်စလုံးမှာလည်း မျက်လုံးများ ပြူးကျယ်သွားကြပြီး အဆောင်မှူးကိုယ်တိုင်ပင်လျှင် အသားများ တုန်ရီသွားရ၏။ သူတို့အားလုံးမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြပြီး သူတို့၏ စိတ်နှလုံးများထဲတွင် မနာလိုစိတ်များဖြင့် ပြည့်နှက်လာကြတော့သည်။ လက်ထောက်ဂိုဏ်းချုပ်ကြီး၏ ဆုံးဖြတ်ချက်မှာ သူတို့ တွေးထားသည်ထက် အများကြီးပို၍ သာလွန်နေသည့်ပုံပင်။
မီးမုန်တိုင်းပညာရပ်မှာ သူတို့ပင် အင်မတန်မှ လိုချင်တပ်မက်ခဲ့ရသော ပညာရပ်တစ်ခုဖြစ်သည်။ သို့သော် ထိုအမွေအနှစ်များမှာ မန္တန်အစီအရင်အဆောင်၏ လျှပ်စီးပိုင်နက်နှင့် မတူသောကြောင့် ၎င်းကို မပိုင်ဆိုင်နိုင်ခဲ့ကြပေ။
လျှပ်စီးပိုင်နက်မှ လျှပ်စီးငါးသွယ်ပညာရပ် အမွေအနှစ်မှာ အလွန်အင်မတန်မှ အစွမ်းထက်ပါသော်လည်း ၎င်းတို့ကို လူများစွာ လေ့လာတတ်မြောက်နိုင်၏။ မီးမုန်တိုင်းကဲ့သို့သော တမူထူးခြားသည့် ပညာရပ်မျိုးကိုမူ ကျွမ်းကျင်တတ်မြောက်သွားပါက အထူးပင်ကိုယ်စွမ်းရည်တစ်ခုအဖြစ် သတ်မှတ်ကြသည်။ ၎င်းမှာ အလွန်အင်မတန်မှ ထူးခြားပြီး အပိုင်းအစတစ်ခုပေါ်တွင် မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ တစ်ယောက်ယောက်က ထိုပညာရပ်ကို လေ့လာလိုက်မည်ဆိုလျှင် ထိုမှတ်တမ်းများမှာ အပိုင်းအစပေါ်မှ ပျောက်ကွယ်သွားမည်ဖြစ်ရာ အခြားသူများက ထိုပညာရပ်ကို အလွယ်တကူ လေ့လာသင်ယူနိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် ၎င်းမှာ တမူထူးခြားနေရခြင်း ဖြစ်သည်။
ချန်းယွီထုံ၏ ဆရာဖြစ်သူပင်လျှင် မျက်လုံးများထဲ၌ အံ့အားသင့်သွားသော အရိပ်အယောင်များ ပေါ်လာ၏။ အမွေအနှစ် လျှို့ဝှက်ဆန်းကြယ် ပညာရပ်များ၏ တန်ဖိုးမှာ ကောင်းကင်တာအိုကျောင်းမှ မည်သူ့ကိုမဆို မနာလိုမှုများဖြင့် ပြည့်နှက်သွားစေနိုင်၏။
***