Switch Mode

အခန်း ( ၁၈၄ )

လျှို့ဝှက်လက်နက်

” တာအိုကျောင်းကနေ ထွက်ရုံတင် မဟုတ်ဘူးနော်။ စစ်တပ်ထဲမှာ ထာဝရ တာဝန်ထမ်းဆောင်ရမှာ ”
ဗိုလ်ချုပ်ကြီးကျိုး၏ မျက်ဝန်းများထဲတွင် မီးတောက်တစ်ခုကို မြင်နိုင်၏။ သူ၏ အသံမှာ ဩနေပြီး သတ်ဖြတ်လိုစိတ်များ ကိန်းအောင်းနေသည်ဟု ခံစားရသည်။

” ဒါက…. ”
ဝမ်ပေါင်လဲ့မှာ ဗိုလ်ချုပ်ကြီးကျိုး၏ စကားများကို နားထောင်ရင်း ခေတ္တမျှ ဆွံ့အသွားရ၏။ ဗိုလ်ချုပ်ကြီးကျိုး၏ စကားများမှာ သူ့အတွက် ရုတ်ခြည်းဆန်လွန်းနေသည် မဟုတ်ပါလော။ ဤတိုက်ပွဲ၏ နောက်ကွယ်တွင် အခြားကိစ္စပေါင်း မြောက်မြားစွာ ရှိနေလိမ့်မည်ဟု သူက လုံးဝထင်မထားခဲ့ပေ။

ပြည်ထောင်စုကြီးဘက်မှ ကြည့်လျှင် ယခုကဲ့သို့ မမျှော်လင့်ဘဲ ပေါ်ပေါက်လာခဲ့သော ပြောင်းလဲမှုများကြောင့် စတေးမှုများကို လုပ်ရမည်ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များကို ဖတ်ရှုထားသူတစ်ယောက်ဖြစ်ရာ ထိုအချက်ကို နားလည်ပေသည်။ သို့သော် သူသည် အညတရတစ်ယောက်သာဖြစ်ပြီး သူနှင့် တန်းတူဖြစ်သော စစ်သည်တော်များနှင့် သူ၏ကြားရှိ ဆက်ဆံရေးများကြောင့် ထိုကဲ့သို့ စတေးမှုများကို စိတ်ကွက်နေ၏။

” ငါသာ ပြည်ထောင်စု ဥက္ကဋ္ဌကြီးဆိုရင် ဘယ်လိုရွေးချယ်မလဲ ”
ဝမ်ပေါင်လဲ့မှာ ဆိတ်ငြိမ်နေ၏။ သူသည် အနာဂတ်ကို ကြိုတင်မှန်းဆနိုင်စွမ်း မရှိပါသော်လည်း ထိုကဲ့သို့ နေ့ရက်မျိုးရောက်လာပါက သူရွေးချယ်ခဲ့သည့်အရာမှာ သူ့အား ကျေနပ်စေလိမ့်မည်ဟု ယုံကြည်ထား၏။

ထို့အပြင် ဗိုလ်ချုပ်ကြီးကျိုးမှာ ဝမ်ပေါင်လဲ့အား အဖြေချက်ချင်းပေးရန် မျှော်လင့်မထားသည့် ပုံပင်။ ထို့ကြောင့် သူသည် ထိုသို့ ရှင်းပြလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အားကြည့်ကာ တည်ကြည်စွာ ဆိုလိုက်၏။
” ဒါက မင်း သေသေချာချာ စဉ်းစားပြီးတော့မှ ဆုံးဖြတ်ရမယ့်ကိစ္စဆိုတာ ငါသိပါတယ်။ အဲဒီတော့ မင်း အခုချက်ချင်း အဖြေပြန်ပေးစရာ မလိုပါဘူး ”

ဗိုလ်ချုပ်ကြီးကျိုးမှာ ထိုသို့ဆိုလိုက်ပြီးနောက် ကောင်းကျိုးဆိုးကျိုးများကို ရှင်းပြပြီးသွားပြီဖြစ်ကြောင်း ယုံကြည်သွား၏။ အနာဂတ်တွင် ဝမ်ပေါင်လဲ့ချမှမည့် ဆုံးဖြတ်ချက်မှာ သူပြောမည့် စကားများပေါ်တွင် မူတည်နေကြောင်း သူကသိထား၏။ ထို့ကြောင့် သူသည် အသေးစိတ်အချက်အလက်အချို့ကို ထပ်၍ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့မှာ ချီတုံချတုံနှင့် သူ့အား မေးခွန်းတစ်ခုမေးလိုက်၏။

” ဗိုလ်ချုပ်ကြီးကျိုး…. အမ်…. စစ်တပ်ထဲ ဝင်ပြီးရင်က အနာဂတ်မှာ ပြည်ထောင်စုဥက္ကဋ္ဌ ဖြစ်လာနိုင်သေးလား‌ဗျ ”

” ဘာရယ် ”
ဗိုလ်ချုပ်ကြီးကျိုးမှာ အံ့အားသင့်သွားရပြီး သူ၏ မျက်နှာအမူအရာမှာလည်း အထူးတဆန်း ဖြစ်သွားရ၏။

” ပြည်ထောင်စုဥက္ကဋ္ဌ ဖြစ်လာနိုင်လားလို့ မေးတာပါ ”
ဗိုလ်ချုပ်ကြီးကျိုး၏ လေသံကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ခေါင်းထဲတွင် ပေါ်လာသောအတွေးများကို ချုပ်တည်းလိုက်ရ၏။ ထို့နောက် သူသည် ထိုမေးခွန်းကိုပင် ပြန်မေးလိုက်ပြီး ဗိုလ်ချုပ်ကြီးကျိုးအား မျှော်လင့်တကြီးနှင့် ကြည့်နေလိုက်၏။

” စစ်တပ်က နိုင်ငံရေးထဲမှာ ပါလို့မရဘူး။ မင်း ပြည်ထောင်စုဥက္ကဋ္ဌ ဖြစ်ချင်ရင် နိုင်ငံတော်ကို ပုန်ကန်မှပဲ ရမှာ။ မင်း ပုန်ကန်ဖို့အထိ ရည်ရွယ်ထားသလား ”
ဗိုလ်ချုပ်ကြီးကျိုးက တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် တည်ကြည်စွာ ပြန်ဖြေလိုက်သည်။

ဝမ်ပေါင်လဲ့မှာ သူ၏အဖြေကို ကြားလိုက်ရသောအခါ အသားများ တုန်ရီသွားပြီး ရှုံ့မဲ့မဲ့ ရယ်မောလိုက်ရ၏။
” ဗိုလ်ချုပ်ကြီးကျိုး။ ကျနော် စစ်တပ်ထဲ ဝင်၊ မဝင်ကို အလျင်စလို ဆုံးဖြတ်စရာမလိုဘူးလို့ ဗိုလ်ချုပ်ကြီး ပြောခဲ့တယ်နော်။ အဲဒီေတာ့ ကျနော် သေချာစဉ်းစားလိုက်ပါဦးမယ် ”

ထိုအခါ ဗိုလ်ချုပ်ကြီးကျိုးမှာ ဆိတ်ငြိမ်သွားကာ ဝမ်ပေါင်လဲ့အား ထပ်၍ကြည့်လိုက်ပြီးနောက် ရယ်မောလိုက်၏။

” ဝမ်ပေါင်လဲ့။ စစ်တပ်က မင်းထင်ထားသလောက် မရိုးရှင်းဘူးကွ။ ပြည်ထောင်စုကြီး ပရမ်းပတာ ဖြစ်နေတဲ့ အချိန်မှာ စစ်တပ်ထဲမှာ ငြိမ်းချမ်းနေမယ်လို့ ငါ ဘာလို့ပြောခဲ့တာလဲဆိုတာ မင်းသိလား ”

ဝမ်ပေါင်လဲ့မှာ ဇဝေဇဝါဖြစ်နေသည့် အမူအရာဖြင့် ခေါင်းယမ်းလိုက်၏။ သူသည် အမှန်တကယ်ပင် ထိုအချက်နှင့် ပတ်သတ်၍ လုံးဝမသိပေ။ သို့သော် ဗိုလ်ချုပ်ကြီးကျိုး၏ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေသည့် အမူအရာကို မြင်လိုက်ရသဖြင့် သူသည် ခေါင်းယမ်းလိုက်ပြီးနောက် ဗိုလ်ချုပ်ကြီးကျိုးအား ယုံကြည်သော မျက်ဝန်းများဖြင့် ကြည့်လိုက်၏။

ဗိုလ်ချုပ်ကြီးကျိုးကမူ ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာကို လျစ်လျှူရှုကာ နောက်သို့ပြန်လှည့်သွားပြီး မြေပုံကိုကြည့်ကာ လက်နှစ်ဖက်ကို နောက်ပစ်၍ တည်ကြည်စွာ ရှင်းပြလိုက်၏။

” စစ်တပ်ထဲမှာရှိတဲ့ ကျင့်ကြံသူအရေအတွက်က တခြားအဖွဲ့အစည်းတွေထက် ပိုနည်း‌နေသလို ငါတို့ရဲ့ အ‌မွေအနှစ်တွေကလည်း ပေါကြွယ်ဝခြင်းမရှိပေမဲ့ ငါတို့ဆီမှာ လျှို့ဝှက်လက်နက်တစ်ခု ရှိတယ် ”

ဗိုလ်ချုပ်ကြီးကျိုးမှာ ထိုသို့ ဆိုလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား လှည့်ကြည့်ကာ သူ မေးခွန်းထပ်မေးမည်ကို စောင့်ဆိုင်းနေလိုက်၏။

အမှန်တွင် သူသည် ထိုလျှို့ဝှက်လက်နက်အကြောင်းနှင့် ပတ်သက်၍ အသေးစိတ် သိပ်မပြောလိုပေ။ စစ်တပ်ထဲသို့ ဝင်ခြင်းမှာ မှန်ကန်သော ဆုံးဖြတ်ချက်တစ်ခု ဖြစ်ကြောင်းကိုသာ ဝမ်ပေါင်လဲ့အား သိရှိစေလိုခြင်း ဖြစ်သည်။အကယ်၍ ဝမ်ပေါင်လဲ့ သူ့အား မေးခွန်းမေးလိုက်ပါက ပြန်မ‌ဖြေဘဲ သူ၏ သိရှိလိုစိတ်များကို နှိုးဆွမည်ဟု ရည်ရွယ်ထား၏။ သူသည်လည်း တချိန်တုန်းက စူးစမ်းလိုစိတ် ပြင်းပြခဲ့သော လူငယ်တစ်ယောက် ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလော။

ဝမ်ပေါင်လဲ့မှာ မျက်တောင်တဖျတ်ဖျတ် ခပ်လိုက်ပြီး ဗိုလ်ချုပ်ကြီးကျိုး၏ ထိုလျှို့ဝှက်လက်နက်အကြောင်း ထုတ်ပြောလိုက်သည့် အံ့ဩတုန်လှုပ်ဖွယ်ရာ စကားကြောင့် အခြေအနေမှာ ပြောင်းလဲသွားပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။ လူတစ်ယောက်၏ သိချင်စိတ်ကို နှိုးဆွသည့် နည်းလမ်းမှာ ဝမ်ပေါင်လဲ့ သုံးနှစ်သား အရွယ်ကတည်းက သိထားခဲ့သော လှည့်ကွက်တစ်ခု ဖြစ်၏။ သူသာ မေးခွန်းများ ထပ်မေးလိုက်မိဆိုပါက ဗိုလ်ချုပ်ကြီးကျိုးမှာ အမှန်အတိုင်းမဖြေဘဲ အရာအားလုံးကို ပို၍ပင် လျှိုဝှက်ဆန်းကြယ်သွားအောင် လုပ်လိုက်မည်သာဖြစ်ကြောင်း မှတ်ယူလိုက်၏။ အကယ်၍ သူသာ အမှန်အတိုင်းသိချင်ပါက ၎င်းနှင့် ဆန့်ကျင်ဘက်အတိုင်း လုပ်ရပေမည်။ ထို့ကြောင့် သူသည် မည်သည့်မေးခွန်းမှ ဆက်မေးမနေတော့ပေ။

ထိုသို့ဖြင့် ဗိုလ်ချုပ်ကြီးကျိုးမှာ စောင့်ဆိုင်းနေရင်း ဝမ်ပေါင်လဲ့မှာ သူစိတ်ကူးထားသည့်အတိုင်း သူ့အား မေးမြန်းခြင်း မရှိသောကြောင့် သည်းမခံနိုင်လောက်အောင် ဖြစ်လာရတော့သည်။

ဗိုလ်ချုပ်ကြီးကျိုး၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်ကို မြင်လိုက်ရတော့အခါ ဝမ်ပေါင်လဲ့မှာ သက်ပြင်းချလိုက်ရ၏။ ဗိုလ်ချုပ်ကြီးကျိုးမှာ သူ့ထက် အစွမ်းပိုထက်သူဖြစ်သောကြောင့် သူ အလျှော့ပေးလိုက်ခြင်းမှာ မျက်နှာပျက်စရာမဟုတ်ကြောင်း သူက မှတ်ယူလိုက်၏။ ထို့ကြောင့် သူသည် နောက်ဆုံးတွင် ပါးစပ်ဟကာ မေးလိုက်တော့သည်။
” အဲဒီ လျှို့ဝက်လက်နက်က ဘာလဲဗျ ”

ဝမ်ပေါင်လဲ့၏ မေးခွန်းကို ကြားလိုက်ရသောအခါမှ ဗိုလ်ချုပ်ကြီးကျိုးမှာ အသက်ပြင်းပြင်း ရှူလိုက်၏။ သူသည် ဝမ်ပေါင်လဲ့၏ လှည့်ကွက်ကို ရိပ်စားမိပါသော်လည်း ဝမ်ပေါင်လဲ့အား စစ်တပ်၏ လုပ်ပိုင်ခွင့်အာဏာအကြောင်းကို ရှင်းပြရန် လိုအပ်ကြောင်း ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် ခေါင်းမော့ကာ ရွက်ဖျင်တဲ နံရံများကို ကြည့်လိုက်၏။ သူသည် ရွက်ဖျင်တဲကို ကျော်လွန်ကာ ကောင်းကင်ယံကြီးကိုပင် ထိုးဖောက်မြင်နိုင်စွမ်းရှိသော အကြည့်မျိုးဖြင့် တည်ကြည်စွာ ဆိုလိုက်၏။

” ဝိညာဉ်ချီပေါ်ပေါက်လာမှုက အဏုမြူစွမ်းအင်ထုတ်လုပ်မှုကို နှောင့်ယှက်ခဲ့လို့ ကမ္ဘာပေါ်မှာရှိတဲ့ အဏုမြူဗုံးတွေ အကုန်လုံး ပျက်စီးသွားခဲ့ရတာ။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တွေမှာ စစ်တပ်က အဏုမြူဗုံးတစ်လုံးထက် အများကြီးပိုပြီးတော့ အစွမ်းထက်တဲ့ အဆင့်နိမ့် အာကာသတွင်းနက်ဗုံးနှစ်လုံးကို တီထွင်ထုတ်လုပ်နိုင်ခဲ့တယ်ကွ ”

” အဲဒီ အဆင့်နိမ့် အာကာသတွင်းနက်ဗုံးနှစ်လုံးက စစ်တပ်ရဲ့ လျှို့ဝှက်လက်နက်တွေပဲ ”

ဗိုလ်ချုပ်ကြီးကျိုး၏ အဖြေကို ကြားလိုက်ရသောအခါ အာရုံလွင့်ပြားနေခဲ့သော ဝမ်ပေါင်လဲ့မှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားရ၏။ ထို့နောက် သူသည် မျက်လုံးများ ပြူးသွားရပြီး ပင့်သက်ရှိုက်ကာ မေးလိုက်၏။

” အဲဒါ ဘာကြီးလဲဗျ ”

သူသည် ရှေးဦးဝိညာဉ်ခေတ်တွင် မွေးဖွားခဲ့ပြီး ရှေးဟောင်း ကြေးညိုရောင်ဓားကြီး ရောက်မလာခဲ့ခင်တုန်းက ဖြစ်ပွားခဲ့သော နည်းပညာတော်လှန်ရေးအကြောင်းကို မကြုံခဲ့ရပါသော်လည်း သူ၏ မိဘများတွင်ရှိသော သမိုင်းစာအုပ်များထဲမှတစ်ဆင့် အဏုမြူဗုံး၏ ရက်စက်ကြမ်းကြုတ်ဖွယ်ကောင်းသော စွမ်းအားအကြောင်းနှင့် ပတ်သတ်သည့် အချက်အလက်အချို့ကို သိရှိနားလည်ခဲ့၏။

ဝိညာဉ်ချီမှာ ပစ္စည်းများ၏ တည်ဆောက်ပုံများကို ပြောင်းလဲကာ ၎င်းတို့အား စွမ်းအားပုံစံအသစ်တစ်မျိုးအဖြစ် ပြောင်းလဲပေးခဲ့သည်ဆိုသော အယူအဆကို သိထားပြီးသားဖြစ်သည်။ ထိုစွမ်းအားမှာ ရှေးဦးဝိညာဉ်ခေတ်မှ နည်းပညာပစ္စည်းအများစုကို ရှင်းထုတ်ပစ်နိုင်ခဲ့၏။ ထို့ကြောင့် ဗိုလ်ချုပ်ကြီးကျိုး၏ စကားများမှာ ဝမ်ပေါင်လဲ့၏ နားထဲတွင် အထူးတဆန်းဖြစ်နေပြီး သူသည် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရတော့သည်။

” ငါ ပြောနေတာက အဲ့လိုဗုံးမျိုး အလုံးနှစ်ဆယ်ကို တစ်ပြိုင်နက်တည်း ဖောက်ခွဲလိုက်မယ်ဆိုရင် သက်ရှိအများစုကို ချေမှုန်းပစ်နိုင်ပြီးတော့ ကမ္ဘာကြီးကို နှစ်ခြမ်းကွဲသွားစေနိုင်တဲ့ အဆင့်နိမ့် အာကာသတွင်းနက်ဗုံးကို ပြောနေတာ ”
ဝမ်ပေါင်လဲ့၏ အံ့ဩတုန်လှုပ်နေသော အမူအရာကို သတိထားမိလိုက်သဖြင့် ဗိုလ်ချုပ်ကြီးကျိုးမှာ စိတ်အေးသွားပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ဆက်ပြောလိုက်၏။

” အဆင့်နိမ့် အာကာသတွင်းနက်ဗုံး တစ်လုံးကို တီထွင်ထုတ်လုပ်ရတဲ့ လုပ်ငန်းစဉ်က တော်တော်ကြီးကို ခက်ခဲတာက စိတ်မကောင်းစရာပဲ။ အဲဒီဗုံးကို ထုတ်လုပ်နိုင်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေက ရှားပါးလွန်းလို့ ဒီလောက် နှစ်တွေအများကြီး ကုန်သွားတာတောင် ငါတို့တွေက နှစ်လုံးပဲ ထုတ်လုပ်နိုင်ခဲ့တာ။ ပြီးတော့ အဲဒီဗုံးမှာက အာကာသတွင်းနက်ဗုံး အစစ်တစ်လုံးရဲ့ စွမ်းအားမျိုးမရှိတော့ သားရဲကြီးတွေကို ချေမှုန်းနှိမ်နင်းပစ်နိုင်လောက်အောင် အစွမ်းမထက်ဘူး။ ဒီနားတစ်ဝိုက်မှာက အရမ်းကိုရက်စက်ကြမ်းကြုတ်တဲ့ သားရဲကြီးတချို့ ရှိနေကြတဲ့အပြင် ခြေဦးတည့်ရာ လျှောက်သွားနေတဲ့ ဒဏ္ဍာရီလာ သားရဲကြီးတွေပါ ရှိနေနိုင်သေးတယ်…. ”

” ဒါပေမဲ့လည်း အဲဒီ အဆင့်နိမ့် အာကာသတွင်းနက်ဗုံး နှစ်လုံးကို အဟန့်အတားတစ်ခုအနေနဲ့တော့ သုံးလို့ရပါသေးတယ်။ တစ်ခါတလေမှာ အဲဒီဗုံးကို မသုံးဘဲထားထားတာက သုံးပစ်တာထက် ပိုပြီးတော့အစွမ်းထက်တယ်လေ ”

” ပြည်ထောင်စုကြီးရဲ့ နယ်စပ်ဒေသတွေ အနှစ်နှစ်ဆယ်အထိ ဘေးကင်းနေလိမ့်မယ်လို့ ငါ မင်းကို စောစောက ပြောခဲ့တာက ဒီ အဆင့်နိမ့် အာကာသတွင်းနက်ဗုံးတွေရဲ့ အဟန့်အတားကြောင့်ပဲ ”

ဝမ်ပေါင်လဲ့၏ အသက်ရှူသံများမှာ ပုံမှန်လိုမဟုတ်တော့ပေ။ သူသည် ခေါင်းများ ချာချာလည်နေပြီး သူ၏ရှေ့တွင်ရှိနေသော ဗိုလ်ချုပ်ကြီးကျိုးမှာ ပို၍အစွမ်းထက်လာသည်ဟု တွေးနေမိတော့သည်။ စစ်တပ်မှာလည်း ပို၍ပင်လျှို့ဝှက်ဆန်းကြယ်လာပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။

ဖြစ်ကြောင်းကုန်စင်ကို ကြားသိလိုက်ရပြီးနောက် တအံ့တဩဖြစ်နေသည့် ဝမ်ပေါင်လဲ့၏ အမူအရာကို ကျေနပ်သွားသဖြင့် ဗိုလ်ချုပ်ကြီးကျိုးမှာ နောက်ထပ်တစ်ကြိမ် ထပ်ပြောလိုက်ပြန်သည်။

” ပြည်ထောင်စုကြီးရဲ့ နည်းပညာစွမ်းပကားကိုလည်း အထင်တော့မသေးနဲ့။ ဝိညာဉ်ချီ ပေါ်ပေါက်လာမှုကြောင့် အပြောင်းအလဲတွေ အများကြီး ဖြစ်သွားခဲ့ပေမဲ့ လက်ရှိမှာ ပြည်ထောင်စုကြီးက ဝိညာဉ်ချီနှင့် အဆင့်နိမ့် အာကာသတွင်းနက်ဗုံးကို ပေါင်းစည်းနိုင်ဖို့ သုတေသနတွေ လုပ်နေတာ။ ပြီးရင် ဓမ္မလက်နက်ပညာရပ်တွေကို အသုံးပြုပြီးတော့ အာကာသတွင်းနက်ဗုံးလို့ခေါ်တဲ့ ဓာတ်အားကွဲဗုံးတွေကိုလည်း ဖန်တီးနိုင်ဖို့ ကြိုးစားနေကြသေးတာ။ အဲဒီဗုံးတွေကို ဝိညာဉ်ဆန့်ကျင်ဗုံးတွေလို့ ခေါ်ရင်တော့ ပိုသင့်တော်တာပေါ့ကွာ ”

” အဲဒီ‌ဗုံး အောင်မြင်သွားတာနဲ့ ပြည်ထောင်စုကြီးက နတ်ဘုရားတွေရဲ့ စွမ်းအားကို တစ်စိတ်တစ်ပိုင်း ရရှိပိုင်ဆိုင်သွားသလို ဖြစ်သွားမှာ အမှန်ပဲ ”
ဗိုလ်ချုပ်ကြီးကျိုး၏ လေသံမှာ အေးဆေးတည်ငြိမ်နေ၏။ သူသည် ထိုသို့ဆိုလိုက်ပြီးနောက် အံ့ဩတုန်လှုပ်ကာ ကြက်သေသေနေသော ဝမ်ပေါင်လဲ့အား ကြည့်လိုက်ပြီး သူ့အား ကျောက်စိမ်းဆုတံဆိပ်တစ်ခု ပေးအပ်လိုက်၏။

” ဒီဆုတံဆိပ်က စစ်တပ်ရဲ့ ခင်မင်ရင်းနှီးမှုကို ကိုယ်စားပြုတယ်။ မင်း ဘယ်စည်းမျဉ်းစည်းကမ်းကိုမှ မဖောက်သရွေ့ ဒီဆုတံ‌ဆိပ်ကို အသုံးပြုပြီးတော့ ငါ အပါအဝင် သတ္တမမြောက် ပထမအဆင့်ခံတပ် တစ်ခုလုံးကို မင်းကို တစ်ကြိမ်ကူညီပေးဖို့ အကူအညီတောင်းလို့ရတယ် ”

ဝမ်ပေါင်လဲ့မှာ ရီဝေဝေနှင့် ထိုဆုတံဆိပ်ကို လက်ခံရယူလိုက်ပြီးနောက် အသက်ရှူသံများ မြန်ဆန်လာ၏။ သူသည် ဗိုလ်ချုပ်ကြီးကျိုး ပြောခဲ့သော အဆင့်နိမ့် အာကာသတွင်းနက်ဗုံးအကြောင်းကို တွေးတောသုံးသပ်ရင်း ကယောင်ချောက်ချား ဖြစ်နေဆဲပင်။ ထို့ကြောင့် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ခေါင်းတစ်ခုလုံး ချာချာလည်နေသည့်တိုင်အောင် အနည်းငယ်ခန့် စိတ်တည်ငြိမ်သွားအောင် ထိန်းလိုက်၏။ သူ၏လက်ထဲမှ ဆုတံဆိပ်ကိုကြည့်လိုက်သောအခါ ၎င်းမှာ မည်မျှတန်ဖိုးကြီးကြောင်း ချက်ချင်းပင်နားလည်သွား၏။

” ဗိုလ်ချုပ်ကြီးကျိုးအပါအဝင် သတ္တမမြောက် ပထမအဆင့်ခံတပ်တစ်ခုလုံးကို ငါ့ကို တစ်ကြိမ်ကူညီပေးဖို့ စေခိုင်းနိုင်မှာတဲ့လား ”

ဝမ်ပေါင်လဲ့မှာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရပြီး ယခုအကြိမ်တွင် ကြီမားသော ဆုလာဘ်ကြီးတစ်ခုကို ရရှိလိုက်ပြီဖြစ်ကြောင်း သိလိုက်ရ၏။ ၎င်းမှာ အကာအကွယ် လက်ဖွဲ့အဆောင်တစ်ခုကဲ့သို့ပင်။ သူသည် ၎င်းအား အသုံးမပြုလျှင်တောင် ၎င်းအားကိုးဖြင့် အခြားသူများကို ဟန့်တားနိုင်၏။ ထို့ကြောင့် သူသည် အသက်ပြင်းပြင်းရှူကာ ညာလက်သီးပေါ် ဘယ်လက်သီးတင်၍ ဗိုလ်ချုပ်ကြီးကျိုးအား ဂါဝရပြုလိုက်၏။

” ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်ကြီးကျိုး ”

ဝမ်ပေါင်လဲ့တစ်ယောက် ထိုဆုတံဆိပ်၏ တန်ဖိုးအား နားလည်သွားသည်ကို မြင်လိုက်ရသဖြင့် ဗိုလ်ချုပ်ကြီးကျိုးမှာ ခပ်ရေးရေးခန့် ပြုံးလိုက်၏။

” မင်းရဲ့ ကြိုးစားအားထုတ်မှုတွေကို မှတ်တမ်းတင်ထားပါတယ်။ မိတ္တူတစ်စုံကို ပြည်ထောင်စုကြီးဆီပို့ပေးပြီးတော့ နောက်ထပ် မိတ္တူတစ်စုံကို ကောင်းကင်တာအိုကျောင်းဆီ ပို့ပေးမှာ။ ပြန်ရင် မင်း ဆုချခံရမှာပါ ”
သူသည် ထိုသို့ဆိုလိုက်ပြီးနောက် တစ်စုံတစ်ခုကို သတိရသွားသော အမူအရာဖြင့် ဝမ်ပေါင်လဲ့အား မေးခွန်းတစ်ခုမေးလိုက်၏။

” ဝမ်ပေါင်လဲ့။ မင်း အဲဒီ မီးနတ်ဘုရားအမြောက်ကို ဘယ်လို မွမ်းမံပြောင်းလဲခဲ့တာလဲ ”

ဝမ်ပေါင်လဲ့မှာလည်း တွေဝေတုံ့ဆိုင်း‌နေခြင်း မရှိဘဲ သူ၏ သိုလှောင်လက်ကောက်ထဲမှ ကျောက်စိမ်းပေလွှာတစ်ခုကို ချက်ချင်းပင်ထုတ်ယူကာ ဗိုလ်ချုပ်ကြီးကျိုးအား ပေးလိုက်၏။ မီးနတ်ဘုရားအမြောက်၏ စွမ်းအားမှာ လူအများ၏ အာရုံစိုက်ခြင်းကို သေချာပေါက် ခံရမည်ဖြစ်ကြောင်း သူက သိထားသောကြောင့် ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။ သူသည် ပြောင်းလဲမှုများကို ထိန်းချုပ်နိုင်မည့် နည်းလမ်းများကို ရှင်းရှင်းလင်းလင်း မသိပါသော်လည်း ထို မီးနတ်ဘုရားအမြောက်ကြီးအား ပြုပြင်မွမ်းမံလိုက်ပြီးနောက် ၎င်းပေါ်တွင် ပေါ်လာခဲ့သော ကမ္ဗည်းစာလုံး အများစုကို မှတ်တမ်းတင်ခဲ့၏။

ခံတပ်များ၏ အင်အားကို သိသိသာသာ မြှင့်တင်ပေးနိုင်မည့် ထိုကဲ့သို့သော ပြောင်းလဲမှုများနှင့်ပတ်သက်သည့် အချက်အလက်များကို ဝမ်ပေါင်လဲ့က ထိမ်ချန်ထားခြင်းမရှိပေ။ သူသည် သူ သတိထားမိခဲ့သမျှ ကမ္ဗည်းစာလုံး ပြောင်းလဲမှုအားလုံးကို မှတ်တမ်းတင်ထားခဲ့၏။

သို့သော် သူသည် ဓမ္မလက်နက်အဆောင်မှဖြစ်ပြီး မီးနတ်ဘုရားအမြောက်အကြောင်းကို ထဲထဲဝင်ဝင် နားလည်ထားသောကြောင့် အချိန်တိုအတွင်း ပြုပြင်ပြောင်းလဲမှုများကို လုပ်နိုင်ရန်မှာ ခဲယဉ်းမည်ဖြစ်ကြောင်း သိထား၏။ အချိန်ပေး၍ စမ်းသပ်မှုအမြောက်အမြား ဆောင်ရွက်ပြီးမှ အောင်မြင်နိုင်မည်ဖြစ်သည်။

သူ ထိုပြောင်းလဲမှုများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် နည်းလမ်းနည့် ပတ်သတ်၍မူ အသေးစိတ်ရှင်းပြနေစရာ မလိုပေ။ ဉာဏ်ကွန့်မြူးခြင်းနှင့် ကံကောင်းခြင်းတို့ ပေါင်းစပ်သွားပါက အောင်မြင်နိုင်မည်သာ ဖြစ်သည်။ သူသည် ဓမ္မလက်နက် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ကောင်းကင်တာအိုကျောင်းထဲတွင် ကမ္ဗည်းစာလုံးများကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်အောင် လေ့လာခဲ့သည် မဟုတ်ပါလော။

ဗိုလ်ချုပ်ကြီးကျိုးမှာ ကျောက်စိမ်းပေလွှာအား လက်ခံရယူလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အားကြည့်ကာ နွေးထွေးစွာပြုံးလိုက်၏။ ဝမ်ပေါင်လဲ့မှာ ခံတပ်ကြီးအား ကြီးကြီးမားမား ကူညီပေးနိုင်ခဲ့သလို ကောင်းကင်တာအိုကျောင်း၏ ကျောင်းသားတစ်ယောက်လည်း ဖြစ်နေသေးသည် မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိုကျောက်စိမ်းပေလွှာကို ထုတ်မပေးလျှင်တောင် သူသည် စောဒကတက်စရာ မရှိပေ။ အခြားသူများ၏ ပစ္စည်းများကို လုယူခြင်းကဲ့သို့သော ဂုဏ်သိက္ခာကျဖွယ် လုပ်ရပ်များကို ကျိုးသဲရှီဟု အမည်ရသော သူက လုပ်မည်မဟုတ်သလို ထိုသို့လုပ်ရန်လည်း ဆန္ဒမရှိပေ။

သူသည် ဝမ်ပေါင်လဲ့နှင့် အနည်းငယ်ခန့် ထပ်၍ စကားပြောလိုက်ပြီးနောက် အဆုံးသတ်လိုက်၏။ ဝမ်ပေါင်လဲ့မှာ ထွက်ခွာရန် ပြင်နေတုန်း တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားပြီး ဗိုလ်ချုပ်ကြီးကျိုးအား လှည့်ကြည့်လိုက်၏။ ထို့နောက် သူ့အား မျှော်လင့်တကြီး စိုက်ကြည့်ကာ မေးမြန်းကြည့်လိုက်၏။

” အဲ…. ဗိုလ်ချုပ်ကြီးကျိုး။ ဗိုလ်ချုပ်ကြီးဆီမှာ အခြေတည်အဆင့် သားရဲကြီးတွေရဲ့ သွားလေးတွေများ ရှိမလားဗျ။ ကျနော် အဆောင်တွေ သန့်စင်တဲ့နေရာမှာ သုံးဖို့ လိုလို့ပါ ”

ဗိုလ်ချုပ်ကြီးကျိုးမှာ ထိုမေးခွန်းကို ကြားလိုက်ရသောအခါ ရယ်မောလိုက်၏။ ထို့နောက် သူ၏ ညာလက်ကို‌ ဝှေ့ယမ်းလိုက်သောအခါ အနက်ရောင် သားရဲသွားသုံးချောင်း ဝမ်ပေါင်လဲ့ဆီသို့ ပျံဝဲလာ၏။

” သားရဲဘုရင်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးက ရတနာတွေပဲ။ အဲဒါတွေအကုန်လုံးကို စာရင်းသတ်မှတ်ရတာမလို့ ငါ မင်းကို ချက်ချင်းပေးလို့မရသေးဘူး။ ခဏလောက်စောင့်လိုက်။ ပြီးရင် ငါမင်းကို သားရဲဘုရင်ကြီးရဲ့ သွားတွေ လက်ဆောင်ပေးမယ်။ အခုလောလောဆယ်တော့ ငါ မင်းကို ဒီ အခြေတည်အဆင့်သားရဲကြီးရဲ့ သွားသုံးချောင်းလောက်တော့ လက်ဆောင်ပေးလို့ရတယ် ”

ဝမ်ပေါင်လဲ့မှာ ထိုသားရဲသွားများကို မြင်လိုက်ရသောအခါ မျက်လုံးများ အရောင်လက်သွား၏။ သူသည် ၎င်းတို့အား လက်ခံရယူလိုက်ပြီးနောက် နှုတ်ဆက်စကားဆိုလိုက်ပြီး ကျေနပ်အားရစွာ ထွက်ခွာလာတော့သည်။ ထို့နောက် ချန်းယွီထုံနှင့် ဆုံတွေ့လိုက်ပြီး ချန်းယွီထုံ၊ ကျိုးဖုန်းဟိုင်နှင့် စွန်းဖန်တို့နှင့်အတူ သင်္ဘောပျံကြီးပေါ်သို့တက်၍ ကောင်းကင်တာအိုကျောင်းဆီသို့ ပြန်သွားလိုက်တော့သည်။

သင်္ဘောပျံကြီး ကောင်းကင်ပေါ်သို့ မြင့်တက်သွားပြီး ခပ်လှမ်းလှမ်းသို့ ထိုးထွက်သွားချိန်တွင် ဝမ်ပေါင်လဲ့နှင့် ချန်းယွီထုံအပါအဝင် သူတို့လေးယောက်မှာ သင်္ဘောပျံကြီးပေါ်တွင်ရပ်ရင်း သူတို့၏ ခြေထောက်အောက်ဘက်ရှိ အရွယ်အစားသေးငယ်သွားသော ခံတပ်ကြီးကို ငုံ့ကြည့်နေလိုက်၏။ သူတို့၏ စိတ်နှလုံးများထဲတွင် ခံစားချက်မျိုးစုံဖြင့် ပြည့်နှက်နေပြီး အချို့မှာ ဝမ်းနည်းကာ ခွဲခွာရန် စိတ်မပါလက်မပါ ဖြစ်နေကြသလို အချို့မှာ ရှုပ်ထွေးကာ ခါးသီးသော ခံစားချက်များကို ခံစားနေရ၏။ သူတို့အားလုံးမှာ ကိုယ့်အပူနှင့်ကိုယ် ဖြစ်နေကြပြီး သူတို့၏ ဘဝအခြေအနေတစ်ခုလုံး ပြောင်းလဲသွားခြင်း မဟုတ်လျှင်တောင် ၎င်းနှင့် အနည်းငယ်ခန့် ဆင်တူနေသည်ဟု ဆိုနိုင်၏။

တချိန်တည်းမှာပင် ဗိုလ်ချုပ်ကြီးကျိုးမှာ ရွက်ဖျင်တဲ အပြင်ဘက်သို့ ထွက်လာ၏။ ထို့နောက် သူသည် ခေါင်းမော့ကာ ဝမ်ပေါင်လဲ့နှင့် သူ၏အပေါင်းအပါများ စီးနင်းသွားသော သင်္ဘောပျံကြီးကို အချိန်အတော်အတန်ကြာအောင် စိုက်ကြည့်နေလိုက်ပြီးနောက် သူ၏မျက်ဝန်းများထဲတွင် ကျေးဇူးတင်နေသည့် အရိပ်အယောင်များ တဖြည်းဖြည်းနှင့် ပေါ်ပေါက်လာ၏။

” သူက လူတွေရဲ့ ခံစားချက်တွေနဲ့ အခြေအနေတွေကို နားလည်တဲ့အပြင် စဉ်းစဉ်းစားစားနဲ့လည်း လုပ်တတ်ကိုင်တတ်တယ်။ သူ့ပုံစံက ရိုးသားပြီးတော့ အားကိုးနိုင်တဲ့ပုံ ပေါက်နေသလို ဆုံးဖြတ်ချက်ပြတ်သားပြီးတော့ ရက်ရက်စက်စက်လည်း ပြုမူဆောင်ရွက်နိုင်တဲ့အပြင် စိတ်လည်းဆတ်တဲ့ပုံ ပေါက်နေသေးတယ်။ မဆိုးဘူးပဲကွ။ သူက သန္ဓေကောင်းတဲ့ကောင်လေးပဲ ”

***

Comment

Leave a Reply

Options

not work with dark mode
Reset