Switch Mode

အခန်း ( ၁၈၃ )

ငြိမ်းချမ်းရေး အမှတ်အသား

သားရဲလှိုင်းကြီး ဆုတ်ခွာသွားမှုနှင့် စစ်သည်တော်များ၏ အားပေးသံများကြောင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်တခုလုံး နွေးခနဲ ဖြစ်နေရ၏။ သို့သော် သိပ်မကြာခင် တောင်လိုပုံနေသော ရုပ်အလောင်းများနှင့် သွေးပင်လယ်များအပြင် စစ်မြေပြင်အနှံ့ ပြန့်ကျဲနေသော လူသေအလောင်းများကြောင့် သူ၏ စိတ်လှုပ်ရှားမှုများမှာ ဝန်းနည်းမှုများအဖြစ် ပြောင်းလဲသွားရပြီး သူ၏စိတ်နှလုံးသားမှာ လေးလံထိုင်းမှိုင်းသွားရတော့သည်။

သူတို့မှာ ခံတပ်ဆီသို့ပြန်လာပြီးနောက် မုတ်ဆိတ်မွေးထူ ခေါင်းဆောင်ကြီးမှာ စစ်မြေပြင်ကို ရှင်းလင်းရေးလုပ်ရန် အမိန့်ပေးလိုက်၏။ စစ်သည်တော်များနှင့် ကျင့်ကြံသူများ၏ ရုပ်အလောင်းများကို ခံတပ်ဆီသို့ ပြန်လည်သယ်ဆောင်လာ၏။ အချို့သော ရုပ်အလောင်းများမှာမူ မည်သူမည်ဝါမှန်း မသိနိုင်လောက်အောင် ပုံပျက်ဆင်းပျက် ဖြစ်နေကြပြီဖြစ်သည်။ ထိုသွေးသံတရဲရဲ မြင်ကွင်းများကြောင့် လူများစွာ ဆိတ်ငြိမ်သွားရ၏။

ရှင်းလင်းရေးကို သုံးရက်တိတိ ဆောင်ရွက်လိုက်ပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ စစ်တပ်မှာ သားရဲကြီးများ၏ ရုပ်အလောင်းများကို ရင်းမြစ်ပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများအဖြစ် အသုံးပြုနိုင်ရန် ထိန်းသိမ်းထား၏။ ရဲဘော်ရဲဘက်များ၏ အလောင်းများကိုမူ အတူတကွစုစည်းကာ သူတို့၏ အမည်များကို စစ်တပ်အာဇာနည်စာလိပ်ထဲတွင် မှတ်တမ်းတင်လိုက်၏။ သူတို့၏ အရိုးပြာများနှင့် နစ်နာကြေးများကိုမူ သူတို့၏ မိသားစုများဆီသို့ ပို့ဆောင်ကြမည် ဖြစ်သည်။ တိုက်ပွဲထဲတွင် သေဆုံးသွားခဲ့သော ကျင့်ကြံသူများအတွက်လည်း အထူးနစ်နာကြေးများ ပြန်လည်ပေးအပ်မည်ဖြစ်သည်။

အရာအားလုံး ပြီးဆုံးသွားသောအခါ ဝမ်ပေါင်လဲ့အပါအဝင် ခံတပ်ထဲမှ လူတိုင်းမှာ သတ္တမမြောက် ပထမအဆင့်ခံတပ်နှင့် သတ္တမမြောက် ခံစစ်ကြောင်းတစ်လျှောက်တွင် ဖြစ်ပွားခဲ့သော ကြောက်မက်ဖွယ်ရာ တိုက်ပွဲကြီးများအကြောင်းကို ထပ်၍ ကြားသိလိုက်ရ၏။

သတ္တမမြောက် ပထမအဆင့်ခံတပ်ရှိ သားရဲလှိုင်းကြီးထဲမှ သားရဲဘုရင်ကြီးမှာ ဗိုလ်ချုပ်ကြီးကျိုး လက်ချက်ဖြင့် သေဆုံးသွားပြီးနောက် ၎င်းတို့မှာ နိဂုံးချုပ်သွားခဲ့၏။ မရေမတွက်နိုင်လောက်အောင် များပြားသော သားရဲများစွာ သေကျေပျက်စီးသွားကြပါသော်လည်း ခံတပ်ကြီးမှာလည်း အများကြီး ထိခိုက်နစ်နာဆုံးရှုံးသွားခဲ့ရ၏။

သားရဲလှိုင်းကြီး၏ အရွယ်အစားမှာ ပြည်ထောင်စုကြီး ခန့်မှန်းထားသည်ထက်ပင် ပို၍ကြီးမားနေခဲ့၏။ သတ္တမမြောက် ခံစစ်ကြောင်း တစ်လျှောက်ရှိ အသေးစားခံတပ် သုံးပုံပုံ တစ်ပုံနီးပါးမှာ အောင်မြင်စွာ ထိုးဖောက်ခံလိုက်ရ၏။ ထိုခံတပ်များရှိ စစ်သည်တော်များနှင့် ကျင့်ကြံသူ အနည်းငယ်သာ အသက်ရှင်ကျန်ရစ်ခဲ့ကြပြီး အများစုမှာ တိုက်ပွဲတွင် ကျဆုံးသွားခဲ့၏။

ကျန်သော သုံးပုံပုံ နှစ်ပုံထဲမှ တစ်ဝက်နီးပါးမှာ ကယ်ဆယ်ရေးအဖွဲ့များ ရောက်မလာခင်အထိ တောင့်ခံထားနိုင်ခဲ့၏။ သို့သော် ၎င်းတို့၏ နစ်နာဆုံးရှုံးမှုများမှာလည်း ရှေ့ခံတပ်များနည်းတူပင် ကြီးမားနေ၏။

ကျန်ရှိနေသောခံတပ်များမှာ အကူအညီ အချိန်မီ မရရှိခဲ့သည့်တိုင်အောင် ရှိရှိသမျှလူအင်အားနှင့် သားရဲလှိုင်းကြီး၏ ထိုးစစ်ကို တားဆီးလိုသော စိတ်‌ဆန္ဒများကို အားကိုး၍ ကြံ့ကြံ့ခံနိုင်ခဲ့၏။ သို့သော် ထို ခံတပ်များ၏ အရွယ်အစားမှာ ဝမ်ပေါင်လဲ့ ရှိနေသော အသေးစားခံတပ်ထက် ကြီးမားသဖြင့် ၎င်းတို့တွင် စစ်သည်တော်များနှင့် ကျင့်ကြံသူများ အမြောက်အမြားရှိကြ၏။

အသေးစား ခံတပ်များထဲတွင်မူ ဝမ်ပေါင်လဲ့၏ ခံတပ်တစ်ခုသာ ထိုတိုက်ခိုက်မှုများကို ကျော်လွှားနိုင်ခဲ့သည်တော့မဟုတ်ပေ။ သို့သော် ထိုကဲ့သို့ တောင့်ခံနိုင်ခဲ့သည့် ခံတပ်အရေအတွက်မှာ အင်မတန်မှ နည်းပါး၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ ခံတပ်မှာ သတ္တမမြောက် ခံစစ်ကြောင်းတစ်လျှောက်လုံးတွင် လူအများ၏ အာရုံစိုက်ခြင်းကို ခံနေရတော့သည် ။

နောက်ဆုံး၌ ကယ်ဆယ်ရေးတပ်ဖွဲ့များ ရောက်ရှိလာခဲ့ပါသော်လည်း သူတို့ ရောက်မလာခဲ့လျှင်ပင် မုတ်ဆိတ်မွေးထူကြီး၏ ချုံခိုတိုက်ခိုက်မှုနှင့် အခြေတည်အဆင့် ကျင့်ကြံသူနှစ်ယောက်၏ စတေးမှုတို့အပြင် ဝမ်ပေါင်လဲ့၏ အမြောက်ပစ်ချက်ကြောင့် ထိုတိုက်ပွဲကြီး၏ ရလဒ်မှာ အဖြေပေါ်နေပြီသား ဖြစ်သည်။

ထိုကဲ့သို့သော တိုက်ပွဲတွင်း အောင်မြင်မှုများကြောင့် သိပ်မကြာခင် ဝမ်ပေါင်လဲ့နှင့် အခြားသူများစွာ၏ အမည်များမှာ ခံတပ်တစ်ခုလုံးထဲ၌ လူပြောများစရာတစ်ခု ဖြစ်လာပြီး မုတ်ဆိတ်မွေးထူ ခေါင်းဆောင်ကြီးကြောင့် သတ္တမမြောက် ခံစစ်ကြောင်း တစ်လျှောက်လုံးတွင် ပျံ့နှံ့သွားတော့သည်။

ထိုအကြောင်းကို ကြားသိလိုက်ရသည့်လူတိုင်း ဆွံ့အမှင်တက်သွားကြ၏။ သူတို့မှာလည်း ထိုသားရဲလှိုင်းကြီးကို ကြုံဖူးထားရသည်ဖြစ်ပြီး တိုက်ပွဲထဲတွင် ယခုကဲ့သို့သော အောင်မြင်မှုများကို ဆွတ်ခူးနိုင်ရန်မှာ မည်မျှအထိ ခဲယဉ်းကြောင်းကို သိထားကြသည် မဟုတ်ပါလော။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နောက်ထပ်ရက်အနည်းငယ် ကြာသည်အထိ သူရဲကောင်းတစ်ယောက်ကဲ့သို့ ဆက်ဆံခံနေရတော့သည်။

သူ၏အမည်ကို မသိသူမှာ လုံးဝမရှိသလောက်ပင်။ သူ အပြင်သို့ ထွက်လာသည့်အချိန်တိုင်း သူ့အား မြင်လိုက်ရသည့် စစ်သည်တော်များမှာ စိတ်အားထက်သန်မှု အရိပ်အယောင်များနှင့် ပြည့်နှက်နေသော မျက်ဝန်းများဖြင့် သူ့အား အလေးပြုကာ နှုတ်ဆက်လိုက်ကြသည်သာ ဖြစ်သည်။

စစ်တပ်ဘက်မှ ခေါင်းဆောင်ကြီးများမှာလည်း ထိုနည်းတူပင်။ သူတို့မှာ တာဝန်ဝတ္တရားအရ ဟန်ပြ ကျေးဇူးတင်နေခြင်းမဟုတ်ဘဲ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေကြခြင်းသာ ဖြစ်သည်။ သူတို့မှာ ဝမ်ပေါင်လဲ့ သူတို့အတွက်ထမ်းဆောင်ပေးခဲ့သော တာဝန်များကြောင့် ကျေးဇူးတင်နေကြခြင်းဖြစ်သည်။

ဝမ်ပေါင်လဲ့နှင့် ချန်းယွီထုံတို့မှာ အန္တရာယ်နှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်ခဲ့ရတုန်းက နောက်သို့ဆုတ်ခွာပြီး မီးနတ်ဘုရားအမြောက်အား စွန့်ခွာရန် ရွေးချယ်နိုင်ခဲ့ပါသော်လည်း သူတို့မှာ ထိုနေရာ၌ ဆက်ရှိနေခဲ့သည်သာဖြစ်သည်။ ထိုသတင်းများ ပျံ့နှံ့သွားသောအခါ ဝမ်ပေါင်လဲ့၏ ဂုဏ်သတင်းများမှာ ပို၍ပင် ကျော်စောလာတော့သည်။

ချန်းယွီထုံနှင့် ဝမ်ပေါင်လဲ့အား ကာကွယ်ပေးခဲ့ကြသော အခြားသူများကိုလည်း ခံတပ်ကြီးတစ်ခုလုံးမှာ သူမတူအောင် နွေးထွေးပျူငှာစွာ ဆက်ဆံပေးနေကြ၏။

သို့သော် ဝမ်ပေါင်လဲ့မှာ သူ၏ စိတ်နှလုံးထဲရှိ လေးလံမှုများကိုမူ ထို စိတ်လှုပ်ရှားမှုများဖြင့် ဖြေဖျောက်နိုင်စွမ်းမရှိပေ။ သူသည် ကျဆုံးသွားခဲ့ရသော စစ်သည်တော်များနှင့် တိုက်ပွဲကြီး၏ ရက်စက်ကြမ်းကြုတ်ဖွယ်ရာ မြင်ကွင်းများကို မေ့ပျောက်၍ မရနိုင်ဘဲ ဖြစ်နေရ၏။ ဤ တိုက်ပွဲကြီးမှာ သူ၏ဘဝပေါ်တွင် ကြီးမားသော အကျိုးသက်ရောက်မှုတစ်ခုပင် ရှိသွားပြီဟု ဆိုနိုင်၏။

သူ၏ခံစားချက်များကို ဖြေသိမ့်ရန်နှင့် သူ၏ ယခင်က ပြုံးပြုံးပျော်ပျော်နေတတ်သော အကျင့်စရိုက်အတိုင်း ပြန်ဖြစ်ရန်မှာ ခဲယဉ်းနေပြီ ဖြစ်သည်။

တချိန်တည်းမှာပင် ဝမ်ပေါင်လဲ့မှာ သားရဲကြီးများ၏ သွားများကို စုစည်းရာ၌ ဝါသနာပါကြောင်း လူအများက သိရှိသွားကြပြီဖြစ်သည်။ ထို့ကြောင့် နောက်ရက်များတွင် သူသည် သားရဲကြီးများ၏ သွားများကို မရေမတွက်နိုင်လောက်အောင် လက်ခံရရှိလိုက်၏။ ၎င်းတို့မှာ ရင်ထဲမှလာသော လက်ဆောင်များဖြစ်ကြသည်။ ထိုစစ်သည်တော်များမှာ ဝမ်ပေါင်လဲ့ကို ကျေးဇူးတင်ကာ သဘောကျနှစ်သက်ကြပါသော်လည်း သူတို့၏ခံစားချက်များကို ထုတ်ဖော်၍ မပြတတ်ကြပေ။ ထို့ကြောင့် ဤ သားရဲကြီးများ၏ သွားများကို လက်ဆောင်ပေးခြင်းမှာ သူတို့၏ ခံစားချက်များကို ဖော်ပြနိုင်သည့် တစ်ခုတည်းသော နည်းလမ်းပင်ဖြစ်သည်။

ထိုသို့ဖြင့် သူ၏ သိုလှောင်လက်ကောက်မှာ အပြည့်ဖြစ်သွားပြီး အခြား မည်သည့်ပစ္စည်းကိုမှ ထပ်မထည့်နိုင်တော့ပေ။ ဝမ်ပေါင်လဲ့မှာ စကားလုံးများဖြင့် ထုတ်မပြောနိုင်လောက်အောင် စိတ်နှလုံးလှုပ်ရှားသွားပြီး မည်သည့် လက်ဆောင်ကိုမှ မငြင်းရက်တော့ပေ။ နောက်ဆုံးတွင် ချန်းယွီထုံက သူ့အား သိုလှောင်လက်ကောင်နှစ်ခုကို တိုးတိုးတိတ်တိတ်နှင့် ပေးလိုက်သဖြင့် လက်ဆောင်အားလုံးကို ထုပ်ပိုးနိုင်သွားတော့သည်။

တာအိုကျောင်းလေးကျောင်းမှ ကျောင်းသားများမှာလည်း ထိုကြောက်မက်ဖွယ်ရာ တိုက်ပွဲကြီးကို ကျော်ဖြတ်ခဲ့ကြရသည်။ ထို့ကြောင့် ခံတပ်ကြီးနှင့် ဝမ်ပေါင်လဲ့တို့အပြင် တာအိုကျောင်းလေးကျောင်းမှ တာအိုရောင်းရင်းများအပေါ် ထားရှိသော သူတို့၏ သဘောထားများမှာလည်း ပိုမိုတိုးတက်လာကြတော့သည်။ သူတို့မှာ တစ်ယောက်နှင့်တစ်ယောက် ပိုမိုရင်းနှီးလာကြကာ တွဲဖက်များ မိလာကြသလို ရဲဘော်ရဲဘက်စိတ်ဓာတ်များလည်း ထက်သန်လာကြ၏။ သူတို့၏ ရဲဘော်ရဲဘက်များ ဖြစ်လာကြသော စစ်သည်တော်များအပေါ် ဆက်ဆံပုံမှာလည်း သူတို့ စတင်ရောက်ရှိလာခဲ့သည့် အချိန်တုန်းကနှင့် လုံးဝမတူတော့ပေ။

သားရဲလှိုင်းကြီး ဆုတ်ခွာသွားကာ ခံတပ်ကြီးတစ်ခုလုံး နာလန်ပြန်ထူလာပြီး ဝမ်ပေါင်လဲ့တစ်ယောက် ဧည့်သည်များကို မနားတမ်း လက်ခံတွေ့ဆုံနေရစဉ် မုတ်ဆိတ်မွေးထူ ခေါင်းဆောင်ကြီးကိုယ်တိုင် ပေးပို့လိုက်သော ဂုဏ်ထူးဆောင်အမည်စာရင်းမှာ သတ္တမမြောက် ပထမအဆင့်ခံတပ်တွင် ရှိနေသော ဗိုလ်ချုပ်ကြီးကျိုးဆီသို့ ရောက်ရှိသွား၏။

ထို ဂုဏ်ထူးဆောင်အမည်စာရင်းထဲတွင် တာအိုကျောင်းမှ ကျောင်းသားအားလုံးနီးပါးသာမက ရဲစွမ်းသတ္တိနှင့် ပြည့်စုံသော စစ်သည်တော်များစွာပါ ပါဝင်နေ၏။ ထိုစာရင်းထဲတွင် အသက်ရှင်ကျန်ရစ်ခဲ့သည့် လူတိုင်းနီးပါး၏ အမည်များ ပါဝင်နေသည်ဟုပင် ဆိုနိုင်ပေသည်။

ဝမ်ပေါင်လဲ့၊ အသက်ရှင်ကျန်ရစ်ခဲ့သော အခြေတည်အဆင့် ကျင့်ကြံသူနှစ်ယောက်နှင့် မုတ်ဆိတ်မွေးထူတို့၏ အမည်များမှာ ထိပ်ဆုံးတွင်ရှိနေပြီး စစ်တက်ဘက်မှ အသိအမှတ်ပြုရန်နှင့် ဆုလာဘ်များချီးမြှင့်ရမည့် ဦးစားပေးနေရာတွင် ရှိနေ၏။

ဗိုလ်ချုပ်ကြီး၏ ရွက်ဖျင်တဲထဲတွင်မူ ဗိုလ်ချုပ်ကြီးကျိုးမှာ ထို ဂုဏ်ထူးဆောင်အမည်စာရင်းကိုဖတ်ရင်း ရှုံ့မဲ့မဲ့ပြုံးကာ ခေါင်းမော့လာပြီး မုတ်ဆိတ်မွေးထူကြီးအား ကြည့်လိုက်၏။

ကျိုးလုမှာ ဗိုလ်ချုပ်ကြီးကျိုး၏ နောက်တွင်ရပ်နေ၏။ သူမသည် ဒဏ်ရာရထားသည့်ပုံ ပေါက်နေပြီး မျက်နှာဖြူဆုတ်နေ၏။ သို့သော် သူမ၏ မျက်ဝန်းများထဲရှိ ယခင်ကထက် ပို၍စူးရှနေသော အလင်းရောင်ကိုကြည့်လျှင် သူမသည်လည်း သွေးသံတရဲရဲ သတ်ဖြတ်ပွဲကြီးကို ကျော်ဖြတ်ခဲ့ပြီးဖြစ်ကြောင်း သိနိုင်ပေသည်။ သူမမှာ ဂုဏ်ထူးဆောင်အမည်စာရင်းထဲရှိ ဝမ်ပေါင်လဲ့၏ နာမည်ကို စိုက်ကြည့်နေသည်။

မုတ်ဆိတ်မွေးထူကြီးမှာ ဗိုလ်ချုပ်ကြီးကျိုး၏ အကဲခတ်နေသော အကြည့်အောက်တွင် အမူအရာမပျက် တည်ငြိမ်နေ၏။ ထို့နောက် သူသည် တိတ်တိတ်ကလေး အားစိုက်ထုတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ပတ်တီးများစည်းထားသော ဒဏ်ရာများထဲမှ သွေးစိမ်းများ စိမ့်ထွက်လာအောင် လုပ်လိုက်၏။ သူသည် စကားတစ်ခွန်းမှ မပြောပါသော်လည်း သူ၏ တောင်းဆိုချက်ကို အထင်အရှား သိမြင်နိုင်ပေသည်။ ၎င်းမှာ ” ကျနော့်ရဲ့ လူတွေကို ထွက်ထိုက်တန်တန် ဆုမချမချင်း ထွက်သွားမှာ မဟုတ်ဘူး ” ဟူ၍ပင် ဖြစ်သည်။

” ကုပ်ချောင်းကုပ်ချောင်း လုပ်ပြီး ဝှက်ထားမနေနဲ့။ အကုန်ထုတ်လိုက် ”
ဗိုလ်ချုပ်ကြီးကျိုးမှာ ရယ်ရမလို ငိုရမလိုဖြစ်သွားပြီး မုတ်ဆိတ်မွေးထူကြီးအား ဆူပူကြိမ်းမောင်းလိုက်၏။

ထိုအခါမှသာ မုတ်ဆိတ်မွေးထူကြီးမှာ မျက်တောင်တဖျတ်ဖျတ် ခပ်လိုက်ပြီး အလွန်အင်မတန်မှ လေးလံသည့်ပုံပေါ်သော နောက်ထပ် ဂုဏ်ထူးဆောင်အမည်စာရင်းတစ်ခုကို ထပ်မံထုတ်ယူလိုက်ပြန်သည်။ သူ၏ မျက်နှာအမူအရာမှာမူ တည်ကြည်နေ၏။ သူသည် ထို ဂုဏ်ထူးဆောင်အမည်စာရင်းကို လက်နှစ်ဖက်နှင့် ကိုင်ကာ ရှေ့သို့လျှောက်လှမ်းလာပြီး စားပွဲခုံပေါ်သို့ မတင်ဘဲ ဗိုလ်ချုပ်ကြီးကျိုးအား ပေးလိုက်၏။

ဗိုလ်ချုပ်ကြီးကျိုးမှာမူ ထိုအမည်စာရင်းကို မျက်တောင်မခတ်တမ်း ကြည့်ရှုစစ်ဆေးလိုက်၏။ ထိုအခါ သူသည် တစ်စုံတစ်ခုကို နားလည်သွားသည့်ပုံ ပေါက်သွားပြီး မျက်နှာအမူအရာ ညှိုးငယ်သွား၏။ ထို့နောက် သူသည် မတ်တပ်ထလာပြီး ထို ဂုဏ်ထူးဆောင်အမည်စာရင်းအား လက်နှစ်ဖက်ဖြင့် လက်ခံရယူကာ ဖြန့်ချလိုက်၏။ ထို့နောက် သူသည် တိုက်ပွဲထဲတွင် ကျဆုံးသွားခဲ့သော လူတိုင်း၏ နာမည်များကို ဖတ်ရှုလိုက်ပြီးနောက် ဆိတ်ငြိမ်သွားတော့သည်။

ထို ဂုဏ်ထူးဆောင်အမည်စာရင်း၏ ထိပ်ဆုံး၌ တိုက်ပွဲထဲတွင် ကျသွားခဲ့သော အခြေတည်အဆင့် ကျင့်ကြံသူနှစ်ယောက်၏ အမည်များ ရှိနေ၏။

” ဗိုလ်ချုပ်ကြီး။ စစ်တပ်နဲ့ ပြည်ထောင်စုကြီး လက်ရှိကြုံနေရတဲ့ အခက်အခဲတွေကို ကျွန်တော်နားလည်ပါတယ်။ ဆုချမယ့် ပမာဏကို တစ်ဝက်တိတိ လျှော့ရင်တောင် ကိစ္စမရှိပါဘူး။ ဒါပေမဲ့ နစ်နာကြေးတွေကိုတော့ အဆအများကြီး တိုးပေးရလိမ့်မယ်ဗျ။ ဒီ တိုက်ပွဲကြီးမှာ အစုလိုက်အပြုံလိုက် သေသွားခဲ့ကြတာလေဗျာ ”
မုတ်ဆိတ်မွေးထူကြီးမှာ ခေါင်းငုံ့ကာ လေသံတိုးတိုးနှင့် ဆိုလိုက်၏။

ဗိုလ်ချုပ်ကြီးကျိုးမှာ အချိန်အတော်အတန်ကြာအောင် နှုတ်ဆိတ်နေပြီးမှ မုတ်ဆိတ်မွေးထူကြီးအား လှမ်းကြည့်ကာ လေသံတိုးတိုးနှင့် ပြန်ပြောလိုက်၏။
” ဘယ်လိုလုပ်ပြီး ဆုချမယ့်ပမာဏကို တစ်ဝက်လျှော့ရမှာလဲကွ။ အကုန်လုံးကို သုံးဆတိတိ တိုးပြီးတော့ကို ဆုချပေးဦးမှာ။ နစ်နာကြေးတွေကိုလည်း သုံးဆတိတိ တိုးပေးမယ် ”

သူ ထိုသို့ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် မုတ်ဆိတ်မွေးထူကြီးမှာ အသားများ တုန်ရီသွား၏။ ထို့နောက် သူသည် စကားတစ်ခွန်းမှ ပြောမနေတော့ဘဲ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဗိုလ်ချုပ်ကြီးကျိုးအား အရိုအသေးပေးလိုက်၏။ ထို့နောက် တရိုတသေ ဦးညွှတ်ပြလိုက်ပြီး ထွက်ခွာသွားတော့သည်။

ဗိုလ်ချုပ်ကြီးကျိုးမှာ မုတ်ဆိတ်မွေးထူကြီး ထွက်ခွာသွားသည်ကို ကြည့်လိုက်ပြီးနောက် စားပွဲခုံရှေ့တွင် ရပ်ကာ အချိန်အတော်အတန်ကြာအောင် ဆိတ်ငြိမ်နေ၏။ ထို့နောက် သူသည် လေသံတိုးတိုးဖြင့် ဆိုလိုက်၏။
” ကျိုးလုရေ။ လိုအပ်တာတွေ စီစဉ်ထားလိုက်တော့။ သုံးရက်နေရင် ငါကိုယ်တိုင် ခံတပ်တွေအားလုံးဆီကို သွားပြီးတော့ ဓမ္မလက်နက်စစ်သည်တွေကို သွား‌တွေ့မယ် ”

ထိုအခါ ကျိုးလုမှာ အလျင်စလိုနှင့် ဂုဏ်ထူးဆောင်အမည်စာရင်းပေါ်ရှိ ဝမ်ပေါင်လဲ့၏ အမည်‌ပေါ်မှ အကြည့်လွှဲလိုက်ပြီး ခေါင်းငုံ့ကာ ပြန်ဖြေလိုက်၏။
” ဟုတ်ကဲ့ ”

သုံးရက်ဆိုသောအချိန်မှာ အလျင်အမြန် ကုန်ဆုံးသွားခဲ့၏။ သားရဲလှိုင်းကြီး ပြီးဆုံးသွားသောအခါ တာအိုကျောင်းလေးကျောင်းမှ ကျောင်းသားများမှာ စတင်ထွက်ခွာသွားကြပြီး သူတို့၏ သက်ဆိုင်ရာ တာအိုကျောင်းများဆီသို့ ပြန်သွားကြတော့သည်။ ချန်းယွီထုံနှင့် သူ၏မိတ်ဆွေများမှာလည်း ဓမ္မလက်နက်စစ်သည်များကို နှုတ်ဆက်လိုက်ကြပြီး ထွက်ခွာရန် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်သည်။ သို့သော် သူတို့ မထွက်ခွာနိုင်ခင် ဝမ်ပေါင်လဲ့မှာ မုတ်ဆိတ်မွေးထူကြီးဆီမှ အကြောင်းကြားစာတစ်ခုကို လက်ခံရရှိလိုက်သည်။

” ဗိုလ်ချုပ်ကြီးကျိုးက ငါ့ကို တွေ့ချင်နေတာတဲ့လား ”
ဝမ်ပေါင်လဲ့မှာ မျက်တောင်တဖျတ်ဖျတ် ခပ်ကာ ရေရွတ်လိုက်၏။ သူသည် သတ္တမမြောက် ပထမအဆင့်ခံတပ်မှ ဗိုလ်ချုပ်ကြီးကျိုးအကြောင်းကို ကောင်းကောင်းကြီး သိထားပြီးဖြစ်သည်။ ထိုလူကြီးမှာ သူ ကျောင်းတွင်ရှိခဲ့စဉ်တုန်းက စစ်တပ်ဘက်မှ ထိပ်သီးအရာရှိကြီးများ၏ ကြားတွင် သူ လှမ်းမြင်ခဲ့ရသည့် ကျိုးသဲရှီဆိုသော ဗိုလ်ချုပ်ကြီး တစ်ယောက်ပင်ဖြစ်သည်။ သူသည် သားရဲမျိုးစိတ်တစ်ခုလုံးကို သုတ်သင်ချေမှုန်းကာ ခမ်းနားကြီးကျယ်သော အောင်မြင်မှုကြီးတစ်ခုကို ဆွတ်ခူးထားသူ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုလူကြီး၏ အကြောင်းကို သိမထားပါက စိုးထိတ်နေမည် မဟုတ်ပေ။ ယခုတွင်မူ သူ့အကြောင်းကို သိထားပြီးဖြစ်ရာ ဗိုလ်ချုပ်ကြီးကျိုး၏ နောက်တွင် အမြဲတစေ ရှိနေတတ်သော ကျိုးလုအကြောင်းကို တွေးမိသွားသဖြင့် ဝမ်ပေါင်လဲ့မှာ တွေဝေသွားရ၏။

” ကျိုးလုက ဒီ ဗိုလ်ချုပ်ကြီးကျိုးဆိုတဲ့ လူကြီးရဲ့ ကိုယ်လုပ်တော်တစ်ယောက်များ ဖြစ်နေမလားဟ ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိလိုက်သဖြင့် ခေါင်းခဲနေရတော့သည်။

သို့သော် သူဆွတ်ခူးနိုင်ခဲ့သော အောင်မြင်မှုများအကြောင်းကို ပြန်၍တွေးမိသွားသောအခါ စိတ်အေးသွားရပြီး သက်ပြင်းချလိုက်၏။ သို့သော် သူသည် သတိကြီးကြီးထား၍ မုတ်ဆိတ်မွေးထူကြီး၏ ရွက်ဖျင်တဲဆီသို့ ချဉ်းကပ်သွားလိုက်၏။ သူသည် ရွက်ဖျင်တဲနားသို့ ရောက်သွားသောအခါ အပြင်ဘက်တွင် ကျိုးလု မတ်တတ်ရပ်နေသည်ကို မြင်လိုက်ရ၏။ သူတို့နှစ်ယောက်မှာ အကြည့်ချင်းဆုံသွားသောအခါ ကျိုးလု၏ မျက်ဝန်းများထဲတွင် ဇဝေဇဝါဖြစ်နေသည့် အရိပ်အယောင်များကို မြင်လိုက်ရ၏။ သူမသည် ဝမ်ပေါင်လဲ့အား ဖျတ်ခနဲကြည့်ကာ အကြည့်လွှဲလိုက်ပြီး တည်တည်ကြည်ကြည်ပင် ဆိုလိုက်၏။
” ဗိုလ်ချုပ်ကြီးက နင့်ကို စောင့်နေတယ် ”

ဝမ်ပေါင်လဲ့မှာ သူမ၏ ဇဝေဇဝါဖြစ်နေသော အကြည့်ကို သတိထားမိလိုက်သဖြင့် သူ၏ မျက်လုံးများမှာ ဖျတ်ခနဲလက်သွား၏။ ထို့နောက် သူသည် ရွက်ဖျင်တဲကို စိုက်ကြည့်ကာ စကားတစ်ခွန်းမှ ပြောမနေတော့ဘဲ ရှေ့တည့်တည့်သို့ ဆက်သွားလိုက်ပြီး အထဲသို့ ဝင်သွားလိုက်၏။ အထဲသို့ ရောက်သောအခါ မြေပုံတစ်ခုရှေ့တွင် ရပ်ကာ သူ့ကိုကျောပေးထားသော အနက်ရောင်တူညီဝတ်စုံနှင့် ဗိုလ်ချုပ်ကြီးကျိုးကို မြင်လိုက်ရသည်။

သူ၏ ခန္ဓာကိုယ်မှာ တောင်တစ်လုံးကဲ့သို့ မြင့်မားနေ၏။ ဝမ်ပေါင်လဲ့မှာ ဗိုလ်ချုပ်ကြီးအား မြင်လိုက်ရသောအခါ ဧရာမ မီးနတ်ဘုရား‌အမြောက်ကြီးတစ်လက်၏ ရှေ့တွင် မတ်တတ်ရပ်နေရသည့်အလား ခံစားလိုက်ရ၏။ ထို့နောက် သူသည် အသက်ရှူသံများ မြန်လာပြီး ခေါင်းငုံ့ကာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ တရိုတသေ ဦးညွှတ်လိုက်၏။

” မင်္ဂလာပါ ဗိုလ်ချုပ်ကြီးကျိုး။ ကျနော်က ဝမ်ပေါင်လဲ့ပါ ”

” ဝမ်ပေါင်လဲ့ပါလား။ လာလာ ”
ဗိုလ်ချုပ်ကြီးကျိုးမှာ သူ့ဘက်သို့ လှည့်မကြည့်ဘဲ သူ၏ရှေ့တွင်ရှိနေသော မြေပုံကိုသာ စိုက်ကြည့်ရင်း တည်ကြည်စွာ ဆိုလိုက်၏။

ဝမ်ပေါင်လဲ့မှာ ခေါင်းမော့ကာ ဗိုလ်ချုပ်ကြီးကျိုးအား စိုက်ကြည့်နေလိုက်၏။ ထို့နောက် သူသည် တစ်ခဏမျှ ချင့်ချိန်သုံးသပ်လိုက်ပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ်ခန့် လှမ်းကာ ဗိုလ်ချုပ်ကြီးကျိုး၏ ဘေးတွင်ရပ်၍ မြေပုံအား စိုက်ကြည့်လိုက်၏။ ထိုမြေပုံမှာ သူ၏အာရုံကို ဖမ်းစားနိုင်ခဲ့၏။ ၎င်းမှာ သတ္တမမြောက်ခံစစ်ကြောင်း၏ မြေမျက်နှာသွင်ပြင်ပြ မြေပုံတစ်ခုဖြစ်သည်။ ထို သတ္တမမြောက် ခံစစ်ကြောင်း၏ အလွန်တွင် ကြီးမားကျယ်ပြန့်သော ကမ္ဘာဦးနယ်မြေများ ရှိနေ၏။ ၎င်းထက် ပို၍ ဝေးကွာသော နေရာတွင်မူ ကျယ်ပြောသော သမုဒ္ဒရာကြီး ရှိနေသည်။

” ဒီတိုက်ပွဲမှာ သတ္တမမြောက်ခံစစ်ကြောင်းက တချို့နေရာတွေမှာ အဖောက်ခံလိုက်ရပေမဲ့ လက်တွေ့မှာက ငါတို့ဘက်က ဗျူဟာမြောက်နိုင်ပွဲကြီးတစ်ခုကို ရလိုက်တာပဲကွ ”
ဗိုလ်ချုပ်ကြီးကျိုးက ဖြည်းဖြည်းချင်း ဆိုလိုက်၏။ ထို့နောက် သူသည် သူ၏ ညာလက်ကိုမြှောက်ကာ ကျယ်ပြောသော ပင်လယ်ကြီး ရှိနေသောနေရာသို့ ထောက်ပြလိုက်၏။

” တာအိုကျောင်းလေးကျောင်းရယ်၊ လွှတ်တော်ရယ် တခြား နိုင်ငံရေးအင်အားစုတွေက သားရဲပင်လယ်ကြီးကို ချောင်းမြှောင်းတိုက်ခိုက်ခဲ့ကြတာ။ ငါတို့ဘက်ကလည်း အကျအဆုံးတော့ များပေမယ့် သားရဲဘုရင်ကိုးကောင်ကို သတ်နိုင်ခဲ့တဲ့အပြင် နယ်စပ်ဒေသ‌တွေကို အနည်းဆုံး နောက်ထပ် အနှစ်နှစ်ဆယ်လောက်အထိ တည်တည်ငြိမ်ငြိမ် ရှိနေအောင် လုပ်နိုင်ခဲ့တယ် ”

” ဒါပေမဲ့ အရာရာတိုင်းမှာ အားသာချက် အားနည်းချက်ဆိုတာ ရှိပြီးသားပါ။ ပြည်ထောင်စုကြီးထဲမှာရှိတဲ့ အတွင်းရေး ပဋိပက္ခတွေကို ဖိနှိပ်ချုပ်တည်းထားခဲ့တာ ဆယ်စုနှစ်တစ်စု ကျော်နေပြီ။ အဲဒီတော့ နောက်အနှစ်နှစ်ဆယ်အတွင်းမှာ သေချာပေါက် တိုက်ပွဲကြီးတွေ ပေါ်လာတော့မှာပဲ။ အဲဒီလိုဖြစ်လာတဲ့အခါ တာအိုကျောင်းလေးကျောင်းကလည်း နိုင်ငံရေးမုန်တိုင်းထဲကနေ ဘေးမသီရန်မခဘဲ ထွက်နိုင်မှာမဟုတ်ဘူး။ စစ်တပ်တစ်ခုတည်းကိုဘဲ တခြား ဘယ်သူကမှ ထိလို့မရမှာ။ အဲဒီတော့… ”
ဗိုလ်ချုပ်ကြီးကျိုးက ထိုသို့ဆိုလိုက်ပြီးနောက် နောက်သို့လှည့်လာပြီး ဝင်းလက်စွာ တောက်ပနေသော မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အားစိုက်ကြည့်ကာ မေးလိုက်၏။

” ဝမ်ပေါင်လဲ့။ မင်း ငါတို့ စစ်တပ်ထဲကို ဝင်ဖို့ ဆန္ဒရှိလား ”

***

Comment

Leave a Reply

Options

not work with dark mode
Reset