Switch Mode

အခန်း ( ၁၈၂ )

ပစ်မှတ်ကိုချိန်၍ သတ်ဖြတ်ခြင်း

ထိုအလင်းတန်းမှာ လျင်မြန်လွန်းနေ၏။ ၎င်း ဖြတ်သန်းသွားသည့် နေရာတိုင်း‌ရှိ သားရဲကြီးများမှာ ချက်ချင်းပင် တစ်စစီ ဆုတ်ပြဲသွားကြသည်။ ထို အလင်းတန်းမှ ပျံ့ထွက်လာသော စွမ်းအင်လှိုင်းများနှင့် အနည်းငယ်ခန့် ပွတ်တိုက်မိသွားလျှင်တောင် ၎င်းတို့မှာ ပါးစပ်ထဲမှ အမြှုပ်များ ထွက်လာပြီး အသက်ထွက်လျှင်ထွက် မထွက်လျှင် ဒဏ်ရာအပြင်းအထန် ရရှိသွားကြသည်သာ ဖြစ်သည်။

သိပ်မကြာခင် ညအချိန်သို့ ရောက်ရှိလာသောကြောင့် အမြောက်ကြီး၏ စူးရှတောက်ပနေသော အပြာရောင်အလင်းတန်းကြီးမှာ မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပနေတော့သည်။ ၎င်းမှာ အံ့သြဖွယ်ကောင်းသော အမြန်နှုန်းဖြင့် စစ်မြေပြင်တစ်ခွင် ဖြတ်သန်းသွားပြီး မိုးခြိမ်းသံကဲ့သို့ မြည်ဟည်းကာ သတ်ဖြတ်ချေမှုန်းလိုသော စိတ်ဆန္ဒမျိုးဖြင့် လေမုန်တိုင်းထဲရှိ ဧရာမလင်းနို့ကြီးဆီသို့ ဦးတည်လာနေ၏။

ထို ဧရာမ လင်းနို့ကြီးမှာ ပါးစပ်ဟထားပြီး အခြေတည်အဆင့် တိုက်ပွဲဆီသို့ နောက်ထပ် နှုန်းလွန် အသံလှိုင်းတစ်ခု ထုတ်လွှတ်ရန် ပြင်ဆင်နေ၏။ ထိုအချိန်တွင် ၎င်း၏ ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ရီသွားပြီး ၎င်း၏ မျက်လုံးများထဲတွင် အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွား၏။ အကာ်၍ ၎င်းဆီတွင် အမွေးအမျှင်များ ရှိနေမည်ဆိုပါက ကြက်သီးမွေးညင်းများ ထနေသကဲ့သို့ ဖြစ်နေမည်မှာ အမှန်ပင်။ ထိုအချိန်တွင် ၎င်းမှာ ပါးစပ်ကို ဆတ်ခနဲ ပြန်ပိတ်လိုက်ပြီး ဘေးဘက်သို့ အလျင်အမြန် ရှောင်တိမ်းလိုက်၏။ ၎င်း ဘေးဘက်သို့ ရွေ့သွားချိန်တွင် ၎င်း၏ အမြန်နှုန်းထက် ပို၍မြန်ဆန်သော အလင်းတန်းကြီးမှာ အရှိန်အဟုန်ဖြင့် ရှေ့သို့ ဦးတည်လာပြီး ၎င်း၏ဘေးမှ ဖြတ်သန်းသွား၏။

” လွဲသွားပြီ…. ”

၎င်းမှာ ပစ်မှတ်ကို မထိပါသော်လည်း ၎င်းဆီမှ ပျံ့နှံ့ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းများကြောင့် လင်းနို့ကြီး၏ ခန္ဓာကိုယ်မှာ တုန်ရီသွားသည်။ ထို့ကြောင့် ၎င်းမှာ သွေးများအန်ထွက်လာပြီး ၎င်း၏ စိတ်နှလုံးထဲတွင် တုန်လှုပ်ချောက်ချားမှုများ ကြီးစိုးလာတော့သည်။ ၎င်းမှာ မီးနတ်ဘုရားအမြောက်၏ လှမ်းပစ်နိုင်သော အကွာဝေးကို တွက်ချက်ထားပြီး ဖြစ်သောကြောင့် ၎င်းနှင့် ခပ်ဝေးဝေး၌ နေနေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းမှာ ထိုအမြောက်ပစ်ချက်ကြောင့် သေဆုံးလုနီးပါး ဖြစ်သွားရလိမ့်မည်ဟု လုံးဝ မတွေးထားခဲ့ပေ။

ထို ဧရာမလင်းနို့ကြီး၏ မျက်လုံးများမှာ နီမြန်းသွားပြီး ၎င်းမှာ ကတုန်ကယင်နှင့် ကောင်းကင်ပေါ်သို့ မော့ကြည့်ကာ စူးရှစွာ အော်ဟစ်လိုက်၏။ ထို့နောက် ၎င်းမှာ သတ်ဖြတ်လိုသောစိတ်များ ကိန်းအောင်းနေသည့် မျက်ဝန်းတစ်စုံဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေတော့သည်။

ဝမ်ပေါင်လဲ့၏ မီးနတ်ဘုရားအမြောက်၏ စွမ်းပကားမှာ ကြီးမားလွန်းနေသောကြောင့် လင်းနို့ကြီးမှာ သေမင်းခံတွင်းဝသို့ ရောက်သွားသည့်အလား ခံစားလိုက်ရ၏။

အကယ်၍ ၎င်းမှာ စောစောတုန်းက အနည်းငယ်ခန့် ပို၍ မြန်ဆန်စွာ လှုပ်ရှားလိုက်မည်ဆိုပါက ထိုအလင်းတန်းကြီးနှင့် တည့်တည့် ဝင်တိုက်သွားနိုင်ပေသည်။ ထိုအတွေးကြောင့် အသိဉာဏ်ရှိသော ထိုသားရဲကြီးမှာ ကြောက်ရွံ့တုန်လှုပ်သွားရပြီး ထိတ်ထိတ်ပျာပျာနှင့် စူးစူးရှရှ ဟစ်ကြွေးလိုက်တော့သည်။ ထိုအခါ ဝမ်ပေါင်လဲ့၏ မီးနတ်ဘုရားအမြောက်စင်မြင့် ပတ်ပတ်လည်တွင် ဝိုင်းထားကြသော သားရဲကြီးများမှာ ပို၍ပင် ရူးသွပ်သွားကြကာ စဉ်စားဆင်ခြင်နိုင်စွမ်း မရှိတော့ဘဲ ရှေ့သို့ ပြေးလာကြတော့သည်။

ကောင်းကင်ယံထဲရှိ အခြေတည်အဆင့် သားရဲကြီးနှစ်ကောင်မှာလည်း စိုးရိမ်ကြောင့်ကြနေပါသော်လည်း ၎င်းတို့မှာ ထိုနေရာမှ ထွက်ခွာသွားခြင်းမရှိပေ။ ဧရာမ လင်းနို့ကြီး ဟစ်ကြွေးနေစဉ်တွင် ၎င်းတို့မှာ အော်ဟစ်ဟိန်းဟောက်လိုက်သဖြင့် သားရဲလှိုင်းထဲရှိ သားရဲကြီးများနှင့် ဘီလူးကြီးများမှာ အသိစိတ်များ ပျောက်သွားကြတော့သည်။ ထို သားရဲကြီးများမှာ သူတို့၏ ပတ်ပတ်လည်တွင်ရှိနေကြသော ကျင့်ကြံသူများနှင့် စစ်သည်တော်များကို လျစ်လျူရှုကာ လေပေါ်သို့ ခုန်တက်သွားကြပြီး ဝမ်ပေါင်လဲ့ဆီသို့ ပြေးလာကြတော့သည်။

ဝမ်ပေါင်လဲ့၏ အမြောက်ပစ်ချက်မှာ ပျားအုံကို တုတ်နှင့် ထိုးလိုက်သကဲ့သို့ ထိုသားရဲကြီးများမှာ အသိစိတ်များပျောက်ကာ ရူးသွပ်သွားကြ‌၏။ ထို့ကြောင့် ချန်းယွီထုံနှင့် ပတ်ပတ်လည်ရှိ စစ်သည်တော်များမှာ ခေတ္တမျှ တုန်လှုပ်ချောက်ချားသွားရ၏။

မုတ်ဆိတ်မွေးထူကြီးနှင့် အခြေတည်အဆင့်ကျင့်ကြံသူနှစ်ယောက်မှာ ထိုအဖြစ်အပျက်များကို မြင်လိုက်ရသောကြောင့် စိတ်နှလုံး တုန်လှုပ်သွားရ၏။ ၎င်းမှာ ကြီးမားသော အခွင့်အရေးကြီးတစ်ခု ဖြစ်ကြောင်း သူတို့က ရိပ်မိလိုက်ကြ၏။ ဧရာမ လင်းနို့ကြီးမှာ အာရုံများနေသောကြောင့် သူတို့၏ တိုက်ပွဲကို ဝင်ရောက်နှောင့်ယှက်နိုင်စွမ်း မရှိတော့ပေ။ ဤ အဖြစ်အပျက် အပြောင်းအလဲများကြောင့် သူတို့မှာ စိတ်ဓာတ်များ တက်ကြွသွားကြပြီး ရှေ့တွင်ရှိနေသော အခြေတည်အဆင့် သားရဲကြီး နှစ်ကောင်ဆီသို့ ဦးတည်သွားကြ၏။ မုဆိတ်မွေးထူကြီး၏ အမိန့်ပေးသံမှာ စစ်မြေပြင်တစ်ခွင် ပဲ့တင်ထပ်သွား၏။

” မင်းတို့အားလုံး မီးနတ်ဘုရားအမြောက်စင်မြင့်ကို ခုခံကာကွယ်ကြ ”

” ဝမ်ပေါင်လဲ့။ မင်း အဲဒီ ဧရာမ လင်းနို့ကြီးကို အာရုံလွှဲထားနိုင်သရွေ့ မင်းက ဒီစစ်ပွဲကြီးရဲ့ သူရဲကောင်းဖြစ်နေမှာပဲ။ မင်း အဲဒီ လင်းနို့ကြီးကို သတ်နိုင်မယ်ဆိုရင် မင်းကို ဆုကောင်းကောင်းချပေးဖို့ ငါကိုယ်တိုင် တောင်းဆိုပေးမယ် ”

မုတ်ဆိတ်မွေးထူကြီး၏ အမိန့်ပေးသံ ပဲ့တင်ထပ်သွားသောအခါ မြေပြင်ပေါ်ရှိ စစ်သည်တော်များနှင့် ကျင့်ကြံသူများမှာ ဝမ်ပေါင်လဲ့၏ မီးနတ်ဘုရားအမြောက်စင်မြင့်ရှိရာသို့ ပြေးလာကြ၏။ သူတို့မှာ အားသွန်ခွန်စိုက် တိုက်ခိုက်နေကြပြီး ချန်းယွီထုံနှင့် အခြားသူများမှာလည်း အစွမ်းကုန်ကြိုးစားကာ အရူးအမူး တိုက်ခိုက်နေကြတော့သည်။

ထိုသို့ဖြင့် မီးနတ်ဘုရားအမြောက်စင်မြင့်ကြီး၏ ပတ်ပတ်လည်ရှိ တိုက်ပွဲကြီးမှာ ချက်ချင်းဆိုသလိုပင် ပို၍ ပြင်းထန်လာ၏။

ကောင်းကင်ယံရှိ ဧရာမ လင်းနို့ကြီး၏ ကျင့်ကြံခြင်းအဆင့်မှာ အခြေတည်အဆင့် လုံးဝ မဖြစ်နိုင်ပေ။ ထိုသို့သာမဟုတ်ပါက ၎င်းမှာ သတိကြီးကြီးထားနေလျှင်တောင် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခံနေရလောက်ပြီ ဖြစ်သည်။ ၎င်းမှာ မန္တန်များအသုံးပြုရာ၌ ကျွမ်းကျင်ပြီး ၎င်း၏ အားသာချက်မှာ သားရဲကြီးများကို ကူညီထောက်ပံ့ကာ အမိန့်ပေးနိုင်ခြင်းဖြစ်ကြောင်း အထင်အရှား သိမြင်နိုင်ပေသည်။

ဧရာမ လင်းနို့ကြီးမှာ ကြောက်ရွံ့ထိတ်လန့်နေရပြီ ဖြစ်သောကြောင့် တစ်နေရာတည်းတွင် အကြာကြီး ရပ်မနေရဲတော့ပေ။ ၎င်းမှာ ရပ်နားနေခြင်းမရှိဘဲ တစ်နေရာမှ အခြားတစ်နေရာသို့ ဒယိမ်းဒယိုင်နှင့် ပျံသန်းကာ လေဆင်နှာမောင်းများကို ဆင့်ခေါ်လိုက်၏။ ထိုလေဆင်နှာမောင်းများမှာ စစ်မြေပြင်ကြီးတစ်ခွင်လုံးသို့ ပျံ့နှံ့သွားပြီး အမြင်အာရုံများကို ပိတ်ဆို့ကာကွယ်လိုက်၏။

၎င်းမှာ ဝမ်ပေါင်လဲ့၏ အနီးသို့ မပျံသန်းရဲပေ။ စောစောက အမြောက်ပစ်ချက်ကြောင့် တုန်လှုပ်ချောက်ချားနေရဆဲပင်။ ထို့ကြောင့် ၎င်းမှာ လှမ်းလှမ်းတွင်သာနေ၍ တိုက်ကွက်များကိုရှောင်တိမ်းရင်း သားရဲလှိုင်းကြီး၏ အင်အားကိုသာ အသုံးပြုကာ ရန်သူများကို ချေမှုန်းပစ်ရန် ကြံရွယ်ထား၏။

၎င်းမှာ အနည်းငယ်ခန့် အချိန်ပိုကုန်မည် ဖြစ်ပါသော်လည်း လင်းနို့ကြီးအတွက်မူ အနိုင်ရရှိရန် ဘေးအကင်းဆုံး နည်းလမ်းပင် ဖြစ်သည်။

လက်တွေ့တွင်လည်း ထိုအတိုင်းပင်ဖြစ်သည်။ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်တွင် လူသတ်ပွဲကြီး ဖြစ်နေသောကြောင့် သူသည် ဗျာများကာ အသိစိတ်ပျောက်လုမတတ် ဖြစ်နေရ၏။ ပစ်မှတ်ကိုမထိဘဲ လွဲသွားခဲ့သော အမြောက်ပစ်ချက်မှာ သူ၏အမှား မဟုတ်ပေ။ ပြန်လည်ပြုပြင်မွမ်းမံထားသော မီးနတ်ဘုရားအမြောက်အသစ်ထဲတွင် မသေချာမရေရာမှု မြောက်မြားစွာ ရှိနေသည် မဟုတ်ပါလော။ ထို့ကြောင့် ၎င်းအား ယခင်တုန်းကအတိုင်း ချောချောမွေ့မွေ့ ထိန်းချုပ်ပစ်ခတ်ရန်မှာ လုံးဝနီးပါး မဖြစ်နိုင်ပေ။

သူသည် မုတ်ဆိတ်မွေးထူကြီး၏ စကားကို ကြားလိုက်ပါသော်လည်း ဆက်၍ စိတ်ကူးယဉ်နေရန် အချိန်မရှိပေ။ သူ၏ပတ်ပတ်လည်တွင် ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲများစွာ ဖြစ်ပွားနေကြသည်ဖြစ်သလို နေရာအနှံ့တွင် လူများ သေဆုံးနေကြသည် မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူသွင်းလိုက်၏။ ထို့နောက် သူသည် အာရုံလွင့်ပါးသွားခြင်းမရှိဘဲ သူ၏ ဝိညာဉ်ချီအားလုံးကို အမြောက်ထဲသို့ ထည့်သွင်းလိုက်၏။ ထိုအခါ နဂိုမူလတုန်းက အမြောက်ကြီး၏ ပစ်မှတ်ကို အလိုအလျောက်ချိန်ပေးသော စနစ်မှ ကိုယ်တိုင်ချိန်ရ‌သောစနစ်သို့ ပြောင်းလဲသွား၏။ ထို့အပြင် အမှားအယွင်း လုံးဝမရှိစေရန်အတွက် သူသည် ကြိမ်ဖန်များစွာ ဖျက်ဆီးချေမှုန်းခံခဲ့ရသော ခြင်များကို ထပ်၍ ထုတ်လွှတ်လိုက်ပြန်သည်။

ထိုခြင်များမှာ ချက်ချင်းပင် ပျံထွက်သွားကြပြီး ထို ဧရာမ လင်းနို့ကြီးဆီသို့ အလျင်အမြန် ဦးတည်သွားကြ၏။ ၎င်းတို့၏ မျက်လုံးများကြောင့် လေထဲတွင် ဖြစ်ပျက်နေသည့် အရာအားလုံးကို ဝမ်ပေါင်လဲ့က မြင်နေရ၏။ ပတ်ပတ်လည် သုံးရာ့ခြောက်ဆယ် ဒီဂရီရှိပြီး မျက်ကွယ်နေရာ လုံးဝမပါသော မြင်ကွင်းကြီးတစ်ခုလုံးကို ခြုံငုံမြင်လိုက်ရသောကြောင့် ထိုအခိုက်အတန့်တွင် သူသည် အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်စွမ်းရှိနေပြီဖြစ်သည်။

သို့သော် ထိုဧရာမ လင်းနို့ကြီးမှာ မြန်ဆန်လွန်းနေပြီး လေမုန်တိုင်းများကြားတွင် ပုန်းကွယ်နေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ပစ်မှတ်ကို တိတိကျကျ ချိန်နိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။ ထိုအချိန်တွင် သူ၏ပတ်ပတ်လည်တွင် ဖြစ်ပွားနေသော လူသတ်ပွဲကြီးကြောင့် သူသည် အသိစိတ်ပျောက်လုမတတ် ဖြစ်နေရပြီ ဖြစ်သည်။

” မလောနဲ့…. မလောနဲ့ ”

” ငါ အခွင့်အရေးတစ်ခုပဲ လိုတာ ”

ဝမ်ပေါင်လဲ့မှာ ဆက်တိုက်ဆိုသလို အသက်ပြင်းပြင်းရှူကာ စိတ်ကိုတည်ငြိမ်အောင်ထားနေ၏။ မီးနတ်ဘုရားအမြောက်ကြီး စတင်လည်ပတ်လာသောအခါ လေထုထဲတွင်ရှိနေသော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်များမှာလည်း ပို၍ အားကောင်းလာပြီး ဘေးပတ်ပတ်လည်မှ ဝိညာဉ်ချီများမှာ ချက်ချင်းပင်စုပ်ယူခံလိုက်ရ၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာလည်း တဖြည်းဖြည်းနှင့် တည်ငြိမ်လာပြီး သူ၏မျက်ဝန်းထဲတွင် ခပ်လှမ်းလှမ်းရှိ ကောင်းကင်ယံကြီးနှင့် မရပ်မနား ရွေ့လျားနေသော ဧရာမလင်းနို့ကြီး၏ ကိုယ်ထည်တို့သာ ရှိနေတော့သည်။

မီးနတ်ဘုရားအမြောက်မှာ အပြင်းအထန် တုန်ရီနေပြီဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ၎င်းကို ကြည့်ရှုစစ်ဆေးနေရန် အချိန်မရှိတော့ပေ။ သူ၏ အသက်ရှူနှုန်းမှာ တဖြည်းဖြည်းနှင့် တည်ငြိမ်လာပြီး ခြင်များဆီမှ ငှားယူထားသော သူ၏ အမြင်အာရုံမှာလည်း တဖြည်းဖြည်းနှင့် ကျဉ်းမြောင်းလာ၏။

သူသည် အခွင့်အရေးတစ်ခု ပေါ်လာရန် တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေ၏။ အကယ်၍ ထိုကဲ့သို့ အခွင့်အရေးတစ်ခု ပေါ်မလာပါက ဝမ်ပေါင်လဲ့မှာ ထိုအမြောက်ကြီးကို ပစ်မိမလား၊ မပစ်မိမလားကိုပင် သူကိုယ်တိုင် မသိပေ။ မပစ်မိပါက ထိုဧရာမလင်းနို့ကြီးကို ပို၍ ခြိမ်းခြောက်နိုင်စွမ်း ရှိနေမည်ဖြစ်သည်။ ဤတိုက်ပွဲမှာ ကောင်းကင်ယံထဲရှိ အခြေတည်အဆင့်တိုက်ပွဲ၏ အဖြေကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။ မုတ်ဆိတ်မွေးထူကြီးနှင့် သူ၏ အပေါင်းအပါများ အနိုင်ရရှိသွားပါက တိုက်ပွဲကြီး၏ အနေအထားမှာ ပြောင်းလဲသွားမည် ဖြစ်သည်။

သို့သော် ပေးဆပ်ရမည့်ပမာဏမှာ ကြီးမားလွန်းနေမည် ဖြစ်သည်။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ မြင်ကွင်းထဲ၌ ရှိနေသော ခပ်လှမ်းလှမ်းရှိ ကောင်းကင်ယံကြီးထဲတွင် ရုတ်တရက်ဆိုသလို အလင်းစက်ဝန်းနှစ်ခုမှာ သူတို့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာ ၏။ ထို အလင်းစက်ဝန်းများ၏ နောက်တွင် ဧရာမ သင်္ဘောပျံကြီး ခုနစ်စင်း ရှစ်စင်းခန့်မှာလည်း စစ်မြေပြင်ကြီးဆီသို့ လျင်မြန်စွာ ဦးတည်လာနေကြပြန်သည်။

၎င်းတို့မှာ သတ္တမမြောက် ပထမအဆင့်ခံတပ်ကို ကူညီပေးရန် ရောက်လာသော ကယ်ဆယ်ရေးတပ်ဖွဲ့များ ဖြစ်ကြသည်။ ထို အလင်းစက်ဝန်းပြတ်ထဲတွင် အ‌ခြေတည်အဆင့် ကျင့်ကြံသူနှစ်ယောက်ပါ၏။ ၎င်းတို့၏မျက်နှာများမှာ ဖြူဆုတ်နေကြပြီး သူတို့နှစ်ယောက်စလုံးမှာ အသိအသာ ဒဏ်ရာရထားကြပါသော်လည်း ရှေ့သို့ မဆုတ်မနစ် ပြေးလာနေကြဆဲပင်။ ခံတပ်များအကြားရှိ တည်နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်များမှာ ပျက်စီးသွားကြပြီဖြစ်သောကြောင့် သူတို့မှာ သင်္ဘောပျံများကိုသာ သုံး၍ သွားလာနိုင်ကြတော့သည်။

သူတို့ မိုးကုတ်စက်ဝိုင်းပေါ်တွင် ပေါ်လာကြသောအခါ ဝမ်ပေါင်လဲ့၏ မျက်လုံးများမှာ ဝင်းလက်သွား၏။

” အခွင့်အရေးတစ်ခု ရပြီကွ ”
ဝမ်ပေါင်လဲ့မှာ အသက်အောင့်ကာ မျက်လုံးများကို မှေးလိုက်၏

” သေချာချိန် ”

” သေချာချိန် ”

” သေချာချိန် ”

မျက်စိတစ်မှိတ်အတွင်း ဧရာမ လင်းနို့ကြီးမှာ ခပ်လှမ်းလှမ်းမှ ချဉ်းကပ်လာနေသော ကယ်ဆယ်ရေးတပ်ဖွဲ့များကို မြင်လိုက်ရသောအခါ မထိန်းချုပ်နိုင်တော့ဘဲ တဆတ်ဆတ် တုန်ရီသွားရတော့သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ အော်ဟစ်ကြိမ်းဝါးကာ အမြောက်ကြီးကို ပစ်ခတ်လိုက်တော့သည်။

ထိုအခါ မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး မိုးကောင်းကင်ကြီးနှင့် ကမ္ဘာမြေကြီးတို့မှာ တုန်ရီသွား၏။ ထို့နောက် မီးနတ်ဘုရားအမြောက်ထဲမှ ဧရာမ အလင်းတန်းကြီးတစ်တန်း ထိုးထွက်လာ၏။ ထို အလင်းတန်းကြီး ရှေ့သို့ အရှိန်အဟုန်ဖြင့် ထွက်သွားသောအခါ မီးနတ်ဘုရားအမြောက်ကြီးမှာ တစ်စစီ ကြေမွပျက်စီးသွားရတော့သည်။ နောက်ဆုံးတွင် ထိုအလင်းတန်းကြီး တစ်ခုလုံး အ‌မြောက်ထဲမှ ထွက်သွားသောအချိန်တွင် အမြောက်ကြီးမှာ လုံးဝပျက်စီးသွားပြီဖြစ်ပြီး အမှိုက်တစ်ခုသာသာ ဖြစ်သွားတော့သည်။ ၎င်းထဲရှိ ကမ္ဗည်းစာလုံး အားလုံးမှာလည်း တစ်ပြိုင်နက်တည်း ပျက်စီးသွားကြ၏။

စွမ်းအင်အကုန် ထုတ်သုံးခဲ့ရသော ဝမ်ပေါင်လဲ့မှာမူ ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီး ဒူးထောက်ကျသွားချိန်တွင် သူ၏နောက်တွင်ရှိနေသော ဓမ္မလက်နက်စစ်သည်များက သူ့အား လှမ်း၍ဖမ်းလိုက်၏။ သူ၏ မျက်လုံးများမှာမူ ကောင်းကင်ယံထဲရှိ သူ ပစ်လွှတ်လိုက်သော အလင်းတန်းကြီးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေတော့သည်။

ထို ကမ္ဘာမြေကြီးကိုပင် ကွဲအက်သွားစေနိုင်သော အလင်းတန်းကြီးမှာ အသံမျိုးစုံ မြည်ဟည်းကာ ဧရာမ အပြာရောင်နဂါးကြီးတစ်ကောင်ကဲ့သို့ ကောင်းကင်ပေါ်သို့ ထိုးတက်သွား၏။ ၎င်းမှာ အလွန်အင်မတန်မှ မြန်ဆန်ပြီး လျှပ်စီးတန်းတစ်တန်းကဲ့သို့ မိုးကောင်းကင်ကြီးကို ထိုးခွင်းကာ ဧရာမ လင်းနို့ကြီး၏ရှေ့တွင် ချက်ချင်းပင်ပေါ်လာ၏။

ထို ဧရာမ လင်းနို့ကြီးမှာ ဒေါသတကြီး အော်ဟစ်ကာ ထွက်ပြေးရန် ကြိုးစားလိုက်ပါသော်လည်း ၎င်းမှာ နှေးကွေးလွန်းနေ၏။ ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်း ထို အလင်းတန်းကြီးမှာ ၎င်း၏ ခန္ဓာကိုယ်အား ဖြတ်သန်းသွား၏။ ထို့နောက် ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ သူတို့၏ မျက်စိရှေ့၌ စတင် ယိုယွင်းပျက်စီးလာတော့သည်။

၎င်း၏ တောင်ပံများမှာ အက်ကွဲစပြုလာပြီး အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားသလို ၎င်း၏ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ပါးစပ်ကြီးမှာလည်း အမြောက်ပစ်ချက်၏ ပြင်းအားကြောင့် ပေါက်ကွဲထွက်သွားပြီး အရပ်မျက်နှာအနှံ့သို့ သွေးများပန်းထွက်သွား၏။ အမွေးအမျှင် တစ်ခုတလေပင် မကျန်ရစ်ခဲ့ပေ။ မျက်လုံးဖြင့် မမြင်နိုင်သော ဧရာမ လက်ကြီးတစ်ဖက်က ထို သာရဲကြီး၏ အစအနအားလုံးကို ဖျောက်ဖျက်ပစ်လိုက်သကဲ့သို့ပင်။

ထိုမြင်ကွင်းကြောင့် စစ်မြေပြင်ကြီးတစ်ခုလုံး အံ့ဩတုန်လှုပ်သွားကြ၏။ ချန်းယွီထုံနှင့် စင်မြင့်ပေါ်ရှိ လူတိုင်း စိတ်လှုပ်တရှား ဖြစ်သွားကြပြီး အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရ၏။ စစ်မြေပြင်ပေါ်တွင် ရှိနေသော စစ်သည်တော်များနှင့် တာအိုကျောင်းလေးကျောင်းမှ ကျင့်ကြံသူများမှာလည်း သူတို့နည်းတူ အံ့ဩတုန်လှုပ်သွားကြပြီးနောက် အတိုင်းမသိ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြတော့သည်။

သားရဲလှိုင်းကြီးမှာလည်း သူတို့နည်းတူ တုန်လှုပ်ချောက်ချားသွားကြပြီး သားရဲအများစု၏ မျက်နှာများပေါ်တွင် အကြောက်တရားများဖြင့် ဖုံးလွှမ်းသွားကြ၏။ ကောင်းကင်ယံထဲတွင် မုတ်ဆိတ်မွေးကြီးနှင့် တိုက်ခိုက်နေကြသော အ‌ခြေတည်အဆင့် သားရဲကြီးနှစ်ကောင်မှာလည်း ကြက်သေသေသွားကြ၏။ တစ်ကောင်မှာ အော်ဟစ်မြည်တမ်းနေရင်း ခေါင်းဖြတ်ခံလိုက်ရပြီး အသက်ရှင်ကျန်ရစ်နေသော သားရဲကြီးမှာမူ သွေးရူးသွေးတမ်းနှင့် ထွက်ပြေးသွားတော့သည်။

သို့သော် ၎င်းမှာ မလွတ်မြောက်နိုင်ခဲ့ပေ။ သူတို့အား အကူအညီပေးရန် ရောက်လာကြသည့် အ‌ခြေတည်အဆင့် ကျင့်ကြံသူနှစ်ယောက်မှာ အံ့ဩတုန်လှုပ်ကာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေသော အမူအရာဖြင့် ၎င်းအား တိုက်ခိုက်လိုက်၏။ သူတို့မှာ မုတ်ဆိတ်မွေးထူကြီးနှင့် ပူးပေါင်းကာ နောက်ဆုံးသားရဲကြီးကို သတ်ဖြတ်လိုက်ကြတော့သည်။

ထိုအခါ မြေပြင်ပေါ်ရှိ သားရဲလှိုင်းကြီး တစ်ခုလုံး ကြောက်ရွံ့တုန်လှုပ်သွားကြတော့သည်။ ၎င်းတို့မှာ အော်ဟစ်မြည်တမ်းကာ နောက်သို့ဆုတ်ခွာသွားကြပြီး တစ်ကောင်နှင့်တစ်ကောင် ဝင်တိုက်ကာ အသိစိတ်မရှိတော့သည့် အမူအရာများဖြင့် ထွက်ပြေးသွားကြတော့သည်။ စစ်မြေပြင်ကြီးတစ်ခုလုံးမှာ ဖရိုဖရဲ ဖြစ်နေရပြီ ဖြစ်သည်။

ထိုကဲ့သို့ ဖရိုဖရဲ ဖြစ်နေသည့်တိုင်အောင် မုတ်ဆိတ်မွေးထူကြီး၏ သတ်ဖြတ်လိုသောစိတ်များမှာ လျော့ကျမသွားသေးပေ။ အရာအားလုံး ဆူညံပွက်လောရိုက်နေစဉ်တွင် သူသည် အော်ဟစ်ကာ အမိန့်ပေးလိုက်ပြီး ခံတပ်ကြီးတစ်ခုလုံးကို ဦးဆောင်၍ အင်အားအလုံးအရင်းနှင့် တန်ပြန်တိုက်ခိုက်လိုက်တော့သည်။ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်တွေရှိနေကြသော စစ်သည်တော်များနှင့် ကျင့်ကြံသူများမှာလည်း ရှေ့သို့ပြေးထွက်သွားကြပြီး တန်ပြန်တိုက်စစ်ထဲတွင် ပူးပေါင်းပါဝင်လိုက်ကြ၏။

ဝမ်ပေါင်လဲ့မှာလည်း မောပန်းနွမ်းနယ်နေသည့်တိုင်အောင် လေပေါ်သို့ခုန်တက်သွားပြီး တိုက်ပွဲထဲသို့ ဝင်ရောက်သွား၏။ သူသည် ခြင်များကို သူ့နောက်သို့လိုက်လာရန် အမိန့်ပေးလိုက်၏။

သူတို့၏ တန်ပြန်တိုက်စစ်ကြောင့် သားရဲလှိုင်းကြီးမှာ ပို၍ပင် ပရမ်းပတာဖြစ်ကာ သူ့ထက်ငါ အလုအယက် ပြေးလွှားရင်း တစ်ကောင်ပေါ်တစ်ကောင် တက်နင်းနေကြတော့သည်။ ထိုသို့ဖြင့် သေဆုံးသွားကြသည့် သားရဲများ၏ အရေအတွက်မှာ ထိုးတက်သွား၏။ နောက်ဆုံးတွင် သူတို့မှာလည်း မောပန်းနွမ်းနယ်ကာ အားအင်များ ကုန်ခမ်းသွားကြပြီ ဖြစ်သောကြောင့် ရပ်တန့်လိုက်ကြပြီး သားရဲလှိုင်းကြီး အဝေးသို့ဆုတ်ခွာသွားသည်ကို လှမ်းကြည့်နေလိုက်ကြတော့သည်။

မုတ်ဆိတ်မွေးထူးကြီးမှာ အသက်ရှူသံများ လေးလံနေ၏။ သူသည် နောက်သို့လှည့်လာသောအခါ မောပန်းနွမ်းနယ်ကာ သွေးသံတရဲရဲ ဖြစ်နေသော ဝမ်ပေါင်လဲ့အား မြင်လိုက်ရသည်။ ထို့ကြောင့် သူသည် အသံကျယ်ကြီးဖြင့်ရယ်မောကာ ဝမ်ပေါင်လဲ့ဆီသို့ လျှောက်လှမ်းလာပြီး သူ့အား ပွေ့ဖက်ကာ နောက်ကျောအား အားပါပါဖြင့် ပုတ်လိုက်၏။ ဝမ်ပေါင်လဲ့မှာ အရေထူ‌ပြီး အသားများနေသောကြောင့်သာ ကံကောင်းသည်ဟု ဆိုရပေမည်။ ထိုသို့သာမဟုတ်ပါက ထိုကျောပုတ်မှုကြောင့် သူသည် မြေကြီးပေါ်သို့ သွေးများအန်ထွက်လာမည် ဖြစ်သည်။

သူသည် အရေထူကာ အသားများနေသည့်တိုင်အောင် ထိုနာကျင်မှုကို ခံစားလိုက်ရဆဲပင်။ သို့သော် သူသည် အရှုံးမပေးလိုသောကြောင့် မုတ်ဆိတ်မွေးထူကြီးအား ပြန်ဖတ်လိုက်ပြီး အသံအကျယ်ကြီးမြည်အောင် ပြန်ရိုက်လိုက်၏။

ထိုအခါမှသာ မုတ်ဆိတ်မွေးထူကြီးမှာ တစ်ခုခုလွဲနေပြီဖြစ်ကြောင်း သတိထားမိလိုက်ပြီး ဝမ်ပေါင်လဲ့အား ချက်ချင်းပင် ပြန်လွှတ်ပေးလိုက်၏။ ထို့နောက် သူသည် ချောင်းဟန့်ကာ ဝမ်ပေါင်လဲ့၏ လက်ကိုဆွဲ၍ လေပေါ်သို့ မြှောက်လိုက်ပြီး သူ၏ ဘေးပတ်ပတ်လည်ရှိ လူအုပ်ကြီးနှင့် ကယ်ဆယ်ရေးတပ်ဖွဲ့များကို အော်မေးလိုက်တော့သည်။
” ငါ့ကိုပြောစမ်း။ သူက ဘယ်သူလဲ ”

” ဝမ်ပေါင်လဲ့ပါ ”
ဘေးပတ်ပတ်လည်ရှိ သေမင်းခံတွင်းဝမှ လွတ်မြောက်လာခဲ့ကြသော စစ်သည်တော်များအားလုံးမှာ တစ်ပြိုင်နက်တည်း ဖြေလိုက်၏။

သူတို့အားလုံးမှာ အမြောက်ပစ်ချက်ကြီး မိုးကောင်းကင်ကြီးအား ထိုးခွင်းကာ ဧရာမလင်းနို့ကြီးအား သတ်ဖြတ်ချေမှုန်းလိုက်သည့် မြင်ကွင်းကို အနီးကပ် မြင်ခဲ့ရသည်မဟုတ်ပါလော။

ဝမ်ပေါင်လဲ့မှာမူ ဘေးပတ်ပတ်လည်မှ လူများ သူ၏နာမည်အား အော်ပြောနေကြသည်ကို နားထောင်ရင်း သွေးများဆူပွက်လာပြီး မျက်နှာကြီး နီမြန်းသွားတော့သည်။ သူသည် ယခုလိုမျိုး ပထမဆုံးအကြိမ်အဖြစ် ခံစားဖူးခြင်းဖြစ်သည်။ ထိုခံစားချက်ကြီးမှာ စကားလုံးများနှင့် ဖော်ပြ၍မဖြစ်နိုင်ပေ။

မီးနတ်ဘုရားအမြောက်စင်မြင့်ပေါ်ရှိ စစ်သည်တော် တစ်ထောင်ကျော်မှာဆိုလျှင် ခံစားချက်မျိုးစုံဖြင့် ပြည့်နှက်နေ၏။ သူတို့မှာ ရှေ့သို့ပြေးလာကြပြီး အော်ဟစ်အားပေးကာ ဝမ်ပေါင်လဲ့တစ်ယောက် ခေတ္တမျှ အံ့ဩတုန်လှုပ်သွားသည့် အချက်ကို အခွင့်ကောင်းယူ၍ သူ့အား လေပေါ်သို့ ဆက်တိုက် မြှောက်လိုက်ကြတော့သည်။ သူတို့ အနိုင်ရရှိခဲ့သော စစ်မြေပြင်ကြီးတစ်ခွင် ရယ်မောသံများဖြင့် ပဲ့တင်ထပ်နေတော့သည်။

တာအိုကျောင်းလေးကျောင်းမှ ကျင့်ကြံသူများမှာ စစ်သည်တော်များ ဝမ်ပေါင်လဲ့အား လေပေါ်သို့ ထပ်ကာတလဲလဲ မြှောက်နေကြသည့် မြင်ကွင်းကိုကြည့်ရင်း သူတို့၏ မျက်လုံးများထဲတွင် စိတ်အားထက်သန်မှု အရိပ်အယောင်များဖြင့် တောက်ပလာကြ၏။ ကယ်ဆယ်ရေးတပ်ဖွဲ့မှာလည်း စိတ်ကိုတည်တည်ငြိမ်ငြိမ် မထားနိုင်တော့ပေ။ သူတို့ ရောက်ရောက်လာချင်း မြင်လိုက်ရသည့် အမြောက်ပစ်ချက်ကြီးမှာ အံ့ဩမှင်တက်ဖွယ်ရာ ကောင်းလွန်းနေသည် မဟုတ်ပါလော။

***

Comment

Leave a Reply

Options

not work with dark mode
Reset