ခံတပ်ကြီးတစ်ခုလုံးမှာ တိုက်ခိုက်လိုစိတ်များ အသစ်ပြန်လည် မွေးဖွားလာသဖြင့် တပ်သားများအားလုံးမှာ အစွမ်းကုန် တန်ပြန်တိုက်ခိုက်ရန် ရှေ့သို့ ပြေးထွက်သွားကြ၏။ ထိုအချိန်တွင် ခပ်လှမ်းလှမ်းရှိ လေမုန်တိုင်းထဲ၌ တွဲလောင်းခိုနေသော ဧရာမလင်းနို့ကြီးမှာ မျက်လုံးများမှေးလိုက်၏။ ထို့နောက် ၎င်း၏ သွေးအလိမ်းလိမ်းပေကျံနေသော ပါးစပ်ကြီးကို ဟလိုက်ပြီး နှုန်းလွန်အသံလှိုင်းတစ်လှိုင်းကို ထုတ်လွှတ်လိုက်၏။
ထို နှုန်းလွန်အသံလှိုင်းမှာ စူးရှနေပြီး ၎င်း ဖြတ်သန်းသွားသည့် လမ်းတစ်လျှောက်တွင် လေပြင်းများ တိုက်ခတ်လာ၏။ ထို့ကြောင့် မုတ်ဆိတ်မွေးထူ ခေါင်းဆောင်ကြီးနှင့် အခြေတည်အဆင့် ကျင့်ကြံသူနှစ်ယောက်တို့မှာ သိမ့်သိမ့်တုန်သွားရပြီး သူတို့၏ပါးစပ်ထဲမှ သွေးများစီးကျလာ၏။
တချိန်တည်းမှာပင် နောက်သို့ဆုတ်ခွာသွားနေကြသော အခြေတည်အဆင့် သားရဲကြီးနှစ်ကောင်မှာ ရုတ်တရက်ဆိုသလို ပြန်လှည့်လာပြီး ထိုအခွင့်အရေးကိုအသုံးချကာ ပြန်လည်တိုက်ခိုက်လိုက်၏။ ၎င်းတို့မှာ တွေဝေတုံ့ဆိုင်းနေခြင်း မရှိပေ။ မုတ်ဆိတ်မွေးထူကြီး ၎င်းတို့အား ချုံခိုတိုက်ခိုက်ရန် ကြံစည်နေစဉ် ၎င်းတို့မှာလည်း ခံတပ်ကို တိုက်ခိုက်ရန် ကြံစည်နေကြခြင်း ဖြစ်နိုင်ပေသည်။ ၎င်းတို့၏ အချိန်ကိုက် လှုပ်ရှားမှုများမှာ ဟာကွက်လုံးဝမရှိပေ။ ထို့ကြောင့် ၎င်းတို့၏ အငိုက်ဖမ်း၍ တိုက်ခိုက်မှုကြောင့် မုတ်ဆိတ်မွေးထူကြီးနှင့် အခြေတည်အဆင့် ကျင့်ကြံသူနှစ်ယောက်တို့မှာ ချက်ချင်းပင် အန္တရာယ်နှင့် ကြုံလိုက်ရတော့သည်။
” တောက်ကွာ။ ဘာလို့ စစ်ကူတွေ ရောက်မလာရသေးတာလဲ ”
ချန်းယွီထုံမှာ မျက်နှာရှုံ့မဲ့နေပြီး လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။ သူသည် ခိုကိုးရာမဲ့ကာ အကြံအိုက်နေရပြီ ဖြစ်သည်။ သူသည် အာနာပါန ထိပ်ဆုံးအဆင့်တွင် ရှိနေသည့်တိုင်အောင် သူနှင့် အခြေတည်အဆင့်ကြားရှိ ခြားနားချက်မှာ ကြီးမားလွန်းနေ၏။ ထို့ကြောင့် သူသည် အကူအညီ အများကြီးပေးနိုင်မည် မဟုတ်ပေ။
ဝမ်ပေါင်လဲ့မှာလည်း မျက်နှာအမူအရာပျက်နေပြီ ဖြစ်သည်။ သူတို့၏ ပတ်ပတ်လည်မှ စစ်သည်တော်များမှာလည်း ဆိတ်ငြိမ်နေကြ၏။ မကြာသေးမီကမှ တအံ့တဩ အော်ဟစ်အားပေးသံများ ထွက်ပေါ်လာခဲ့သည် ဖြစ်ပါသော်လည်း တိုက်ပွဲကြီး၏ အနေအထားမှာ ရုတ်ခြည်းဆိုသလို ပြောင်းလဲသွားသည်ဖြစ်ပြီး အခြေအနေများကို မှန်းဆ၍ မရနိုင်တော့ပေ။ ထို့ကြောင့် လူတိုင်း စိုးရိမ်တကြီး ဖြစ်သွားကြပြီး ပူပန်ကြောင့်ကြနေကြတော့သည်။
” အဓိကသော့ချက်က အဲဒီ ဧရာမလင်းနို့ကြီးပဲ ”
ဝမ်ပေါင်လဲ့၏ မျက်လုံးများမှာ အေးစက်စက်တောက်ပသွား၏။ အစကတည်းက ထို လင်းနို့ကြီးမှာ သားရဲစစ်တပ်ကြီး၏ ခေါင်းဆောင်ဖြစ်ကြောင်းကို အထင်အရှားသိနိုင်၏။ ၎င်းမှာ နှစ်ကြိမ်သာ တိုက်ခိုက်ရသေးပါသော်လည်း ပထမအကြိမ် တိုက်ကွက်မှာ မန္တန်အစီအရင်များနှင့် မီးနတ်ဘုရားအမြောက် အမြောက်အမြားကို ဖျက်ဆီးပစ်ခဲ့ပြီး သူတို့ဘက်မှ အသာစီးရသွားနိုင်အောင် ကူညီပေးနိုင်ခဲ့သလို ဒုတိယတိုက်ကွက်မှာ အခြေတည်အဆင့် ကျင့်ကြံသူများအပေါ် အပြင်းအထန် ထိရောက်ခဲ့သောကြောင့် စိတ်ဓာတ်များ တက်ကြွနေခဲ့သော ခံတပ်ကြီးတစ်ခုလုံးမှာ အရှိုက်တည့်တည့်သို့ ထိုးနှက်ခံလိုက်ရသည့်အလား ဖြစ်သွား၏။
” ဒီဧရာမ လင်းနို့ကြီးကို မသတ်နိုင်ဘူးဆိုရင်…. ”
ဝမ်ပေါင်လဲ့၏ စိတ်နှလုံးထဲတွင် အမျက်ဒေါသများ ပေါ်ထွက်လာတော့သည်။ ဤလင်းနို့ကြီးကို သတ်ဖြတ်ချေမှုန်းပြီးမှသာ ဤတိုက်ပွဲ၏ ရလဒ်ကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း သူက သိထား၏။ ထိုသို့သာမဟုတ်ဘဲ သိပ်မကြာခင် စစ်ကူများ ရောက်ရှိလာခြင်း မရှိပါက သူတို့ဘက်မှ ရှုံးနိမ့်တော့မည်မှာ အမှန်ပင်။
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိလိုက်သောအခါ သူ၏ မျက်နှာအမူအရာမှာ ရက်စက်ကြမ်းကြုတ်သွား၏။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ လုံလုံလောက်လောက်အဆင့်မြင့်ခြင်းမရှိသည်ကို သူကသိထား၏။ သူ အားကိုးနိုင်သည့် တစ်ခုတည်းသောအရာမှာ စုတ်ခြာပျက်စီးနေပြီဖြစ်သည့် မီးနတ်ဘုရားအမြောက်ပင် ဖြစ်သည်။
” ငါတို့တွေ ဘာမှမလုပ်နိုင်တဲ့ အနေအထားတော့ မရောက်သေးပါဘူး။ နောက်ဆုံးရွေးချယ်စရာခု ရှိသေးတယ် ”
ဝမ်ပေါင်လဲ့မှာ မီးနတ်ဘုရားအမြောက်ကို အကဲခတ်လိုက်ပြီးနောက် ခပ်လှမ်းလှန်းရှိ လင်းနို့ကြီးအား လှမ်း၍ကြည့်လိုက်၏။ ထို့နောက် သူသည် အံကြိတ်လိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင် ရူးသွပ်မှုများဖြင့် တောက်ပလာတော့သည်။
” ဒီလို ဆိုမှတော့ စမ်းကြည့်ကြတာပေါ့ ”
” အစ်ကိုချန်း… ကျနော့်အတွက် အချိန်ဆွဲပေးထား။ ငါးမိနစ်လောက် လိုတယ်။ ကျနော် မီးနတ်ဘုရားအမြောက်ကို ပြုပြင်မွမ်းမံမလို့ ”
ဝမ်ပေါင်လဲ့က အလောတကြီး ပြောလိုက်၏။ ထို့နောက် သူ၏ ညာလက်ကိုမြှောက်ကာ မီးနတ်ဘုရားအမြောက်ပေါ်သို့ နောက်ထပ်တစ်ကြိမ်ထပ်၍ ဖိလိုက်ပြန်သည်။
ချန်းယွီထုံမှာ ထိုစကားကိုကြားလိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားပြီး ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေမိတော့သည်။ ဝမ်ပေါင်လဲ့၏ အစောပိုင်းတုန်းက ပြုပြင်မွမ်းမံခဲ့သော ကမ္ဗည်းစာလုံးများကို ကြည့်လျှင် သူသည် ဓမ္မလက်နက်များနှင့် အကျွမ်းတဝင်ရှိနေကြောင်း သိနိုင်ပေသည်။ သူ၏ ကျွမ်းကျင်ပိုင်နိုင်မှုမှာ အထင်ကြီးစရာကောင်းပြီး တချို့ ကဏ္ဍများတွင် ချန်းယွီထုံလောက် မကျွမ်းကျင်သေးပါသော်လည်း အခြားကဏ္ဍများတွင်မူ ချန်းယွီထုံထက် သာနေပြီ ဖြစ်သည်။
ချန်းယွီထုံကမူ စကားတစ်ခွန်းမှ ထပ်ပြောမနေတော့ဘဲ နောက်ဆုတ်ကာ ဝမ်ပေါင်လဲ့အား ကာကွယ်ပေးရန်ပြင်လိုက်၏။ ထိုအချိန်တွင် သူတို့ဆီသို့ တာအိုကျောင်းလေးကျောင်းမှ ဓမ္မလက်နက် ကျင့်ကြံသူများစွာ ရောက်ရှိနေကြပြီဖြစ်သည်။ သူတို့မှာ ချန်းယွီထုံ၏ ညွှန်ကြားချက်ကို ကြားလိုက်ရပြီး ဝမ်ပေါင်လဲ့၏ အစီအစဉ်ကို သိလိုက်ရသောအခါ အံ့ဩတုန်လှုပ်သွားကြ၏။ အချို့မှာဆိုလျှင် သံသယများ ရှိနေဆဲပင်။ အကယ်၍ လက်ရှိအခြေအနေကသာ ယခုလိုဖြစ်မနေပါက သူတို့မှာ ကန့်ကွက်ကြမည်သာဖြစ်သည်။ သို့သော် ယခုကဲ့သို့ သေရေးရှင်ရေး အခြေအနေနှင့် ကြံနေရသောအခိုက်အတန့်တွင် ငြင်းခုံဆွေးနွေးနေရန် အချိန်မရှိပေ။ ထို့အပြင် ၎င်းမှာ ဝမ်ပေါင်လဲ့၏ လက်အောက်တွင်ရှိသော မီးနတ်ဘုရားအမြောက်ဖြစ်ပြီး ၎င်းမှာ ကြံ့ကြံ့ခံကာ နောက်ဆုံးအလက်အဖြစ် ကျန်ရစ်နေခဲ့သည်မဟုတ်ပါလော။
ထို့ကြောင့် သူတို့မှာ ဆက်၍ ပြောမနေတော့ဘဲ လူစုခွဲကာ ဝမ်ပေါင်လဲ့၏ ဘေးပတ်ပတ်လည်၌ ကာကွယ်ပေးရန် ပြင်လိုက်ကြ၏။
စစ်သည်တော်များမှာလည်း ထိုနည်းတူပင်။ ဝမ်ပေါင်လဲ့မှာ အကာအကွယ်များ၏ အလယ်တွင် ရပ်ကာ ရူးသွပ်မှု အရိပ်အယောင်များ ထင်ဟပ်နေသော မျက်ဝန်းတစ်စုံဖြင့် သူ၏ညာလက်ကို မြှောက်၍ ကုန်ကြမ်းပစ္စည်း အမြောက်အမြားကို ထုတ်ယူလိုက်သည်။
ထိုကုန်ကြမ်းပစ္စည်းများမှာ အာရုံလွှဲရန်အတွက်သာ ဖြစ်သည်။ သူ၏ အဓိကပစ်မှတ်မှာ ထိုပစ္စည်းများကြားတွင် ကွယ်ဝှက်ထားသည့် လက်နက်သဲပင် ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ သူ၏ ဓားအိမ်အား တတိယအဆင့်ထိ သန့်စင်ခဲ့ပြီးနောက် လက်နက်သဲများကို ယခင်ကလောက် သန့်စင်ခြင်း မရှိခဲ့ပေ။ သို့သော် သူသည် အခါအားလျော်စွာ သန့်စင်ခဲ့ရင်းဖြင့် လက်နက်သဲပွင့်ပေါင်း ထောင်နှင့်ချီ၍ စုဆောင်းမိခဲ့၏။
သူ့တွင် အခြားရွေးချယ်စရာ မကျန်တော့ပေ။ မီးနတ်ဘုရားအမြောက်ထဲရှိ ကမ္ဗည်းစာလုံးစုစုပေါင်း၏ သုံးပုံပုံနှစ်ပုံကျော်မှာ ကြေမွပျက်စီးသွားပြီဖြစ်သည်။ ထို့ကြောင့် သူ ဆက်၍ ပြုပြင်မွမ်းမံနေဦးမည် ဆိုလျှင်တောင် ထိုအမြောက်ကြီးမှာ နောက်ထပ် အချက်ရေ အနည်းငယ်ခန့် ပစ်ခတ်ပြီးသွားပါက ပျက်စီးသွားတော့မည်သာဖြစ်သည်။
ထို့အပြင် မီးနတ်ဘုရားအမြောက်မှာ အစွမ်းထက်ပါသော်လည်း ၎င်း၏ ပစ်ချက်မှာ ဧရာမလင်းနို့ကြီးရှိရာအထိ ရောက်ရှိနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ တစ်ခုတည်းသော ရွေးချယ်စရာမှာ လက်နက်သဲပေါ်တွင် လောင်းကြေးထပ်ရန်သာ ဖြစ်သည်။
” ကျေးဇူပြုပြီးတော့ ဒီတစ်ခေါက်လေးပဲ ကံကောင်းပေးပါကွာ ”
ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကြိတ်၍ ဆုတောင်းလိုက်၏။ ထို့နောက် သူသည် အသက်ရှူသံများ မြန်လာပြီး ကုန်ကြမ်းပစ္စည်းများကို မီးနတ်ဘုရားအမြောက်နှင့် ပေါင်းစည်းနေစဉ်ရင်း လက်နက်သဲများကို ထိန်းချုပ်ကာ အမြောက်ကြီးနှင့် တစ်သားတည်း ပေါင်းစည်းနိုင်ရန် အာရုံစိုက်ထားလိုက်တော့သည်။
သူသည် ယခုမှ ပထမဆုံးအကြိမ်အဖြစ် လက်နက်ကို အသုံးပြု၍ စုပေါင်း နတ်ဘုရားရတနာတစ်ခုကို ပြုပြင်မွမ်းမံဖူးခြင်း ဖြစ်သည်။ သူသည် ရင်တထိတ်ထိတ်နှင့် အစွမ်းကုန်ထုတ်ကာ လက်နက်သဲပွင့်များကို အပုံရာနှင့်ချီအောင် ဖြည်းဖြည်းချင်း ခွဲထုတ်လိုက်ပြီး ၎င်းတို့အား နတ်ဘုရားရတနာတိုင်းပေါ်ရှိ ဝိညာဉ်အမြုတေ ကမ္ဗည်းစာလုံးများပေါ်သို့ လောင်းချလိုက်၏။ ထိုအခါ နတ်ဘုရားရတနာ အားလုံးပေါ်ရှိ ကမ္ဗည်းစာလုံးများ၏ ဂုဏ်သတ္တိများမှာ ထိန်းချုပ်၍ မရနိုင်လောက်အောင် ပြောင်းလဲသွားတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုပြောင်းလဲမှုများမှာ မည်ကဲ့သို့ ဖြစ်သွားလိမ့်မည်ကို လုံးဝမသိပေ။ သူ၏မျက်လုံးရှေ့တွင် လက်နက်သဲပွင့်များမှာ ကမ္ဗည်းစာလုံးများနှင့် တစ်သားတည်း ပေါင်းစည်းသွားပြီး ထို ကမ္ဗည်းစာလုံးများမှာ တလက်လက် တောက်ပလာ၏။ ထို့နောက် ကျိုးပဲ့ပျက်စီးနေသော အပိုင်းအစများမှာ အတူတကွ ပေါင်းစည်းသွားကြသဖြင့် ကမ္ဗည်းစာလုံး အသစ်စက်စက်များ ထွက်ပေါ်လာတော့သည်။
ပို၍အံ့သြစရာကောင်းသော အချက်မှာ နဂိုမူလတုန်းက ဝိညာဉ်အမြုတေပေါ်တွင် ရှိနေခဲ့သော်လည်း ဝမ်ပေါင်လဲ့၏ မျက်လုံးများဖြင့် မမြင်နိုင်ခဲ့သော ကမ္ဗည်းစာလုံးများ ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထို လျှို့ဝှက်ကမ္ဗည်းစာလုံးများ၏ ပေါ်ပေါက်လာမှုကြောင့် အံ့ဩတုန်လှုပ်သွားရ၏။
အလွန်အင်မတန်မှ အစွမ်းထက်သော ဓမ္မအဆောင်အချို့ပေါ်တွင် လျှို့ဝှက်ကုဒ်စာလုံးများအဖြစ် ရေးထိုးထားသော ကမ္ဗည်းစာလုံးများ ရှိနေတတ်သည်ဟု လူတစ်ယောက်က ဝိညာဉ်ကွန်ရက်ပေါ်တွင် ပြောခဲ့သည်ကို ကြားဖူးထား၏။ မူရင်းဖန်တီးသူမှလွဲ၍ တခြားမည်သူကမှ ၎င်းတို့ကို မြင်နိုင်မည် မဟုတ်သလို တုပ၍လည်း ရေးထိုး၍ရမည် မဟုတ်ပေ။
ထို လျှို့ဝှက်ကမ္ဗည်းစာလုံးများမှာ ဝမ်ပေါင်လဲ့၏ရှေ့တွင် ပေါ်ပေါက်လာပြီးနောက် ၎င်းတို့အများစုပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာကြ၏။ ထိုအချိန်တွင် သူ၏အသိစိတ်ထဲ၌ အတွေးများစွာပေါ်လာပြီး သူသည် နားလည်သွားတော့သည်။ သူ ယခင်တုန်းက ပြုပြင်မွမ်းမံခဲ့သော ကမ္ဗည်းစာလုံးများ ကြာကြာမခံရသည့် အကြောင်းအရင်းမှာ သူသည် သူမြင်နိုင်ခဲ့သော ကမ္ဗည်းစာလုံးများကိုသာ ပြုပြင်မွမ်းမံခဲ့သောကြောင့် ဖြစ်သည်။ ထို လျှို့ဝှက်ကမ္ဗည်းစာလုံးများကို သူက မမြင်ရသဖြင့် ပြုပြင်မွမ်းမံခြင်း မရှိခဲ့သောကြောင့် သူ၏ ပြုပြင်ပြင်ဆင်မှုများမှာ မပြည့်စုံခဲ့ရခြင်းဖြစ်သည်။
လက်နက်သဲမှာ လျှို့ဝှက်ကုဒ်ဖော်သည့် သော့တစ်ချောင်းအဖြစ် မီးနတ်ဘုရားအမြောက်၏ အတွင်းပိုင်းကို ဖွင့်လှစ်ကာ လျှို့ဝှက် ကမ္ဗည်းစာလုံးများကို ဖော်ထုတ်နိုင်ခဲ့ပြီး လျှို့ဝှက်စာလုံးများကို အဓိပ္ပါယ် ထုတ်ဖော်နိုင်ခဲ့သောကြောင့် ထိုကမ္ဗည်းစာလုံးများ၏ စွမ်းအားများကို အပြည့်အဝ ထုတ်ယူနိုင်စွမ်း ရှိသွားတော့သည်။
မီးနတ်ဘုရားအမြောက်၏ လျှို့ဝှက်ချက်များမှာ သူ၏ မျက်လုံးရှေ့တည့်တည့်တွင် ထွက်ပေါ်လာပြီဖြစ်သည်။ ထိုကဲ့သို့ ရုတ်ခြည်းဆိုသလို ကံကောင်းသွားမှုကြောင့် သူသည် အသိစိတ်များပြန်ဝင်လာပြီး သူ၏ ဦးနှောက်မှာလည်း ပို၍မြန်ဆန်စွာ အလုပ်လုပ်နေတော့သည်။ သူသည် မီးနတ်ဘုရားအမြောက်၏ အတွင်းပိုင်းအလုပ်လုပ်ပုံများကို ပို၍သိရှိလာပြီ ဖြစ်သလို ၎င်းတို့ထဲရှိ ကမ္ဗည်းစာလုံးများကိုလည်း ပို၍ နားလည်လာပြီဖြစ်သည်။
သို့သော် သူ၏ ရှာဖွေတွေ့ရှိမှုများကို တွေးတောသုံးသပ်နေရန် အချိန်မရှိပေ။ သူသည် ၎င်းတို့အား စိတ်ထဲတွင်သာမှတ်ထားလိုက်ပြီး လက်နက်သဲပေါင်းစည်းမှုကြီး ပြီးဆုံးသွားသည်ကို စောင့်ဆိုင်းနေလိုက်၏။ မီးနတ်ဘုရားအမြောက်ကြီးမှာ ရှုပ်ထွေးလွန်းသောကြောင့် သူသည် ပြောင်းလဲသွားသော ဂုဏ်သတ္တိများကို ချက်ချင်း မသိနိုင်ဘဲ ဖြစ်နေရ၏။ နောက်ဆုံးတွင် သူသည် အံကြိတ်ကာ ထိုအမြောက်ကြီးအား ဧရာမလင်းနို့ကြီးဆီသို့ ချိန်လိုက်၏။ ထို့နောက် သူသည် ၎င်းအား ပစ်ခတ်လိုက်၏။ ပေါင်းစည်းမှုထဲမှ ထွက်ပေါ်လာသော ဂုဏ်သတ္တိများကို တိုက်ပွဲထဲတွင် စမ်းသပ်ရန် အစမ်းပစ်ကြည့်လိုက်ခြင်းသာ ဖြစ်သည်။
” ကျေးဇူးပြုပြီးတော့ အောင်မြင်ပါစေကွား ”
ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် အသံကုန်အော်ဟစ်၍ ဆုတောင်းမိနေ၏။ ထိုအချိန်တွင် အမြောက်ပစ်သံကြီး ပေါ်ထွက်လာပြီး မိုးကောင်းကင်ကြီးတစ်ခုလုံး တုန်ရီသွားတော့သည်။
ထို အမြောက်ပစ်ချက်မှာ ယခင်တုန်းက ပစ်ချက်များနှင့် ကွဲပြားခြားနားမှုမရှိသလို ပေါက်ကွဲထွက်လာသော အလင်းတန်းများမှာလည်း တစ်ပုံစံတည်းပင်။ ၎င်းမှာ စစ်မြေပြင်ကြီးကို ထိုးခွင်းကာ လေမုန်တိုင်း အလယ်တွင် ရှိနေသော ဧရာမ လင်းနို့ကြီးဆီသို့ တည့်မတ်စွာ ဦးတည်သွားသည့်အလား သားရဲလှိုင်းကြီး ရှိရာဘက်သို့ ဦးတည်သွား၏။
ချန်းယွီထုံနှင့် ဘေးပတ်ပတ်လည်မှ စစ်သည်တော်များမှာ ရင်တထိတ်ထိတ်နှင့် စောင့်ကြည့်နေကြ၏။ ဧရာမ လင်းနို့ကြီးပင်လျှင် ခေါင်းလှည့်လာပြီး ခပ်လှမ်းလှမ်းမှနေ၍ သူ့ဆီသို့ တည့်မတ်စွာဦးတည်လာနေသော အလင်းတန်းကြီးကို လှမ်းကြည့်လိုက်၏။
လူအုပ်ကြီးမှာ ထိုကဲ့သို့ ရင်တမမနှင့် စောင့်ကြည့်နေကြပြီး ဝမ်ပေါင်လဲ့တစ်ယောက် စိတ်အားထက်သန်စွာ ဆုတောင်းနေစဉ် ထိုအလင်းတန်းကြီးမှာ လေထဲတွင် ရပ်တန့်သွားပြီး ဧရာမ အလင်းစက်လုံးကြီးတစ်လုံးအသွင် ပြောင်းလဲကာ ကမ္ဘာမြေပြင်ပေါ်သို့ ကျလာ၏။
ထိုအပြောင်းအလဲများကြောင့် လူတိုင်း ဆွံ့အသွားရတော့သည်။ ဧရာမ လင်းနို့ကြီးပင်လျှင် မှင်တက်သွားရ၏။ မီးနတ်ဘုရားအမြောက်၏ ပစ်ချက်မှာ အလင်းစက်လုံးတစ်လုံးအသွင် ပြောင်းလဲသွားနိုင်လိမ့်မည်ဟု ၎င်းက ထင်မှတ်မထားခဲ့ပေ။
ဝမ်ပေါင်လဲ့မှာ တုန်လှုပ်ချောက်ချားစွာ အော်ဟစ်လိုက်ပြီး လူအုပ်ကြီးမှာ ဆွံ့အနေစဉ် ထိုအလင်းစက်လုံးကြီးမှာ မြေပြင်ပေါ်ရှိ သားရဲအုပ်ကြီးပေါ်သို့ ကျရောက်လာ၏။ ၎င်း မြေပြင်ပေါ်သို့ ကျရောက်လာသောအခါ မီးနတ်ဘုရားအမြောက် အားလုံး၏ စုပေါင်း ပေါက်ကွဲသံများထက် ပို၍ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ မိုးကောင်းကင်ပေါ်အထိ ပျံ့နှံ့သွားပြီး ကမ္ဘာမြေကြီးကို တုန်ရီသွားစေတော့သည်။ ထိုဖြစ်ရပ်မှာ ဧရာမ လှိုင်းလုံးကြီးများက မြေပြင်ကြီးအား ရိုက်ခတ်သွားပြီး နားစည်များပင် ကွဲအက်သွားစေနိုင်သော ဟိန်းသံကြီးများ ကောင်းကင်ပေါ်သို့ မြင့်တက်သွားသည်နှင့် တူနေ၏။
ထို မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံကြီးကြောင့် တောတောင်ရေမြေရှုခင်းများမှာ ပြောင်းလဲသွားတော့သည်။ တိမ်တိုက်များမှာ နောက်ဘက်သို့ လွင့်စင်သွားပြီး မြေပြင်ပေါ်တွင် လေပြင်းတစ်ချက် စတင်တိုက်ခတ်လာ၏။ ထို့ကြောင့် ကောင်းကင်ယံတွင် ယှဉ်ပြိုင်တိုက်ခိုက်နေကြသော အခြေတည်အဆင့်ကျင့်ကြံသူများနှင့် သားရဲများမှာ မျက်နှာများ ဖြူဆုတ်သွားကြတော့သည်။
ဝမ်ပေါင်လဲ့၏ ဘေးပတ်ပတ်လည်တွင်ရှိနေသော စစ်သည်တော်များ၊ တာအိုကျောင်းလေးကျောင်းမှ ဓမ္မလက်နက် ကျင့်ကြံသူများနှင့် ချန်းယွီထုံတို့ အားလုံးမှာလည်း အံ့ဩမှင်တက်က ဆွံ့အနေကြပြီ ဖြစ်သည်။
” ဒါ…. ဒါက…. ”
ဝမ်ပေါင်လဲ့မှာလည်း သူတို့နည်းတူပင် ဆွံ့အနေ၏။ သူသည် အလင်းစက်လုံးကြီး မြေပြင်ပေါ်သို့ ဆင်းသက်လာစဉ်တုန်းက ၎င်းဆီမှ ပေါက်ကွဲထွက်ပေါ်လာသော အလင်းလှိုင်းများကို သေသေချာချာ စိုက်ကြည့်နေခဲ့၏။ ၎င်းတို့၏ ပြင်းအားမှာ ကြီးမားလွန်းလှသောကြောင့် ၎င်းမှာ မီးနတ်ဘုရားအမြောက် ဆယ့်နှစ်လက်ပေါင်း၍ ပစ်ခတ်သည့်အားနှင့်ပင် ယှဉ်ပြိုင်နိုင်သည်ဟုပင် ဆိုနိုင်ပေသည်။ ထိုပေါက်ကွဲမှုကြီးကြောင့် ထွက်ပေါ်လာသော အလင်းရောင်ပင်လယ်ကြီးမှာ နေရာအနှံ့သို့ ပျံ့နှံ့သွားပြီး သားရဲများမှာ ချက်ချင်းပင် သေကြေပျက်စီးသွားကြတော့သည်။ အဝေးမှကြည့်လိုက်ပါက အဆုံးမရှိလောက်အောင် များပြားနေသော သားရဲလှိုင်းကြီးထဲတွင် နေရာလွတ်ကြီးတစ်ခု ပေါ်လာ၏။ ထိုနေရာလွတ်ထဲတွင် အသက်ရှင်ကျန်ရစ်နေသော သားရဲတစ်ကောင်မှ မရှိတော့ပေ။ မြေပြင်ပေါ်တွင် ၎င်းတို့၏ သွေးသံတရဲရဲ ဖြစ်နေသော အလောင်းများက ဟိုတစ်စ သည်တစ်စ ပြန့်ကျဲနေပြီဖြစ်သည်။
ထို အလင်းစက်လုံး၏ အဖျက်စွမ်းအားမှာ အံ့ဩတုန်လှုပ်ဖွယ်ရာ ကောင်းလွန်းနေ၏။ ကမ္ဘာမြေပြင်ကြီးမှာလည်း ဆက်တိုက်ဆိုသလို တုန်ရီနေသောကြောင့် နှစ်ဖက်စလုံးမှ မြေပြင်ပေါ်တွင် တိုက်ခိုက်နေကြသူများမှာ အံ့ဩမှင်တက်သွားကြ၏။
ချန်းယွီထုံ အပါအဝင် တာအိုကျောင်းလေးကျောင်းမှ ဓမ္မလက်နက် ကျင့်ကြံသူများမှာ ရီဝေဝေဖြစ်နေသော ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေကြ၏။ သူတို့အားလုံးမှာလည်း ပင့်သက်များရှိုက်ကာ သူတို့၏ နှလုံးသားများထဲတွင် ခံစားချက်မျိုးစုံဖြင့် ယောက်ယက်ခတ်နေကြပြီဖြစ်သည်။
ထိုအချိန်တွင် ခပ်လှမ်းလှမ်းရှိ လေမုန်တိုင်းထဲမှ ဧရာမလင်းနို့ကြီးမှာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်ကာ နှုန်းလွန်အသံလှိုင်းတစ်လှိုင်းကို ထုတ်လွှတ်လိုက်၏။ ထို နှုန်းလွန်အသံလှိုင်း ရှေ့သို့ပျံ့နှံ့လာသောအခါ မုတ်ဆိတ်မွေးထူကြီးနှင့် အခြေတည်အဆင့် ကျင့်ကြံသူများမှာ အသားများ တုန်ရီသွားကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်များထဲသို့ အပ်ချောင်းများ ရိုက်သွင်းခံလိုက်ရသည့်အလား ခံစားလိုက်ရ၏။ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ချုပ်တည်းခံလိုက်ရပြီး အခြေတည်အဆင့် သားရဲကြီးနှစ်ကောင်က စတင်တိုက်ခိုက်လိုက်ကြသောကြောင့် သူတို့မှာ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရပြီဖြစ်သည်။
ဝမ်ပေါင်လဲ့၏ စင်မြင့်ပတ်ပတ်လည်တွင် ဝိုင်းနေကြသော သားရဲကြီးများမှာလည်း အမိန့်ရလိုက်သည့်ပုံပင်။ ၎င်းတို့အားလုံးမှာ အော်ဟစ်မြည်တမ်းကာ ရူးသွပ်နေသော မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့ဆီသို့ မကြောက်မရွံ့ ပြေးဝင်လာကြ၏။ ၎င်းတို့မှာ အသက်ပေးရလျှင်တောင် ထိုစင်မြင့်အား ဖျက်ဆီးပစ်ရန် သန္နိဋ္ဌာန်ချထားကြသည်ပုံပင်။
” အစွမ်းကုန်ကာကွယ်ကြ ”
ချန်းယွီထုံ၏ မျက်ဝန်းများထဲတွင် အရောင်များလက်သွား၏။ ဝမ်ပေါင်လဲ့မှာ သူ၏လုပ်ရပ်များဖြင့် သူ့ကိုယ်သူ သက်သေပြပြီးသွားပြီဖြစ်သည်။ သူသည် သူ၏ အစ်ကိုကြီးဖြစ်ရာ ကတိအတိုင်း မြဲမြဲမြံမြံ ရပ်တည်ပေးရမည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် သူ၏ ဝိညာဉ်ချီများကို ထုတ်လွှတ်လိုက်ပြီး အခြားသူများကိုဦးဆောင်ကာ တိုက်ပွဲဝင်လိုက်တော့သည်။
ဝမ်ပေါင်လဲ့၏ အမြောက်ပစ်ချက်ကြောင့် အခြား ဓမ္မလက်နက် ကျင့်ကြံသူများမှာလည်း ချန်းယွီထုံနည်းတူ စိတ်ဓာတ်များ တတ်ကြွသွားကြ၏။ သူတို့မှာ အာရုံများစုစည်းကာ အရပ်မျက်နှာအနှံ့သို့ ဖြန့်ကျက်သွားကြပြီး အဘက်ဘက်မှနေ၍ ပြေးဝင်လာကြသော သားရဲကြီးများကို စစ်သည်တော်များနှင့်အတူ ရင်ဆိုင်လိုက်ကြတော့သည်။
တိုက်ပွဲကြီး၏ ပြင်းထန်မှုမှာ ရုတ်ခြည်းဆိုသလို မြင့်တက်သွား၏။ သားရဲများမှာ အရေအတွက် များပြားလွန်းနေသလို ၎င်းတို့အားလုံးမှာလည်း ရူးသွပ်နေကြ၏။ တစ်သံပေါ် တစ်သံထပ်နေသော ဟိန်းဟောက်သံများကြားတွင် နေရာအနှံ့၌ သေဆုံးမှုများ ဖြစ်ပေါ်နေ၏။
ထိုကဲ့သို့ အစုလိုက်အပြုံလိုက် သတ်ပွဲကြီးကြားတွင် ရောက်ရှိနေသော ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ လေးလံလာပြီး မျက်လုံးများ နီမြန်းလာ၏။ သူသည် မီးနတ်ဘုရားအမြောက်ကို နောက်ထပ်တကြိမ် ပစ်ခတ်ရန် ကြိုးစားကြည့်လိုက်ပါသော်လည်း မရပေ။ စောစောက ပစ်ချက်အတွက်သာ အားအင် အလုံလောက် ကျန်တော့သည့် ပုံပင်။ ထို့ကြောင့် သူသည် သူ၏ ဘေးပတ်ပတ်လည်ရှိ လူများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ပင် ပြည့်နှက်သွားတော့မည့်အလား ကမူးရှူးထိုး ပြေးလာနေကြသော သားရဲကြီးများကိုကြည့်ရင်း အရူးမီးဝိုင်းဖြစ်နေရတော့သည်။
ထို့ကြောင့် သူ၏ မျက်ဝန်းများထဲတွင် ရူးသွပ်မှု အရိပ်အယောင်များ ဖျတ်ခနဲလက်သွားပြီး သူသည် လက်နက်သဲများကို ထပ်၍ထုတ်ယူလိုက်ပြန်သည်။
သူသည် ပြုပြင်မွမ်းမံထားပြီးသား ဓမ္မအဆောင်ကို ဒုတိယအကြိမ်အဖြစ် ထပ်၍ မမွမ်းမံဖူးပေ။ သို့သော် ယခုတွင် ဆက်လက်တွေးတောနေရန် အချိန်မရှိတော့သဖြင့် သူသည် လက်နက်သဲများကို မီးနတ်ဘုရားအမြောက်ထဲသို့ ပစ်ထည့်လိုက်၏။
ထိုအချိန်တွင် လက်နက်သဲများကို ဒုတိယအကြိမ်အဖြစ် ပြုပြင်မွမ်းမံရာ၌ အသုံးပြု၍ရကြောင်း သိရှိသွားတော့သည်။
သို့သော် ထိုကဲ့သို့သော ပြုပြင်မွမ်းမံခြင်းထဲတွင် မသေချာ မရေရာမှုများစွာ ကိန်းအောင်းနေမည်သာဖြစ်သည်။ ထိုကဲ့သို့ မွမ်းမံပြီးသွားသည်နှင့် မီးနတ်ဘုရားအမြောက်ကြီးမှာ တုန်ရီသွားပြီး ၎င်း၏ အတွင်းထဲရှိ အစိတ်အပိုင်းများမှာ မတည်မငြိမ်ဖြစ်ကာ ပျက်စီးတော့မည့်ဆဲဆဲ အခြေအနေသို့ ရောက်ရှိသွား၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ လန့်ဖျတ်သွားပြီး လက်နက်သဲများကို ထပ်၍ ထုတ်ယူကာ နောက်ထပ်တစ်ကြိမ်ထပ်၍ ပြုပြင်မွမ်းမံလိုက်ပြန်သည်။
နောက်ဆုံးတွင် ငါးကြိမ်တိတိ ပြုပြင်မွမ်းမံပြီးနောက် ပြန်လည်ပြင်ဆင်၍ မရနိုင်လောက်အောင် ပျက်စီးကာ ချွတ်ခြုံကျနေသော မီးနတ်ဘုရားအမြောက်ကြီးမှာ ၎င်း၏ အတွင်းပိုင်းထဲတွင် ကြောက်မက်ဖွယ် စွမ်းအင်တမျိုး လည်ပတ်လာသည့်အလား ယခင်ကနှင့် မတူလောက်အောင် တုန်ရီသွား၏။ ဝိညာဉ်ချီလှိုင်းများမှာလည်း အရပ်မျက်နှာအနှံ့မှ တရိပ်ရိပ် ထွက်ပေါ်လာ၏။ ကမ္ဗည်းစာလုံးများမှာလည်း တည်ငြိမ်သွားပြီး ပျက်စီးချို့ယွင်းသွားမည့် အရိပ်အယောင် တစ်ခုတလေပင် ရှိမနေတော့ပေ။
” ပြီးသွားပြီ ”
ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှား အော်ဟစ်လိုက်၏။ ထို့နောက် သူသည် ခေါင်းကို ဆတ်ခနဲမော့ကာ သူ၏ ညာလက်ဖြင့် မီးနတ်ဘုရားအမြောက်အား ရိုက်လိုက်၏။
” ပစ်ဟေ့ ”
ဝမ်ပေါင်လဲ့မှာ မာန်ပါပါ ကြိမ်းဝါးလိုက်၏။ ထိုအချိန်တွင် မီးနတ်ဘုရားအမြောက်ထဲမှ ကမ္ဘာမြေကြီးကိုပင် ကွဲအက်သွားစေနိုင်သော အလင်းတန်းတစ်ခု ထိုးထွက်လာပြီး ချက်ချင်းပင် ပေါက်ကွဲသွားတော့သည်။
ထို ပေါက်ကွဲမှု၏ ပြင်းအားမှာ ယခင်တုန်းက ပေါက်ကွဲမှုများ အားလုံးထက် အဆပေါင်းများစွာ သာလွန်နေသဖြင့် ၎င်းကို မည်သည့်အရာကမှ ယှဉ်နိုင်မည် မဟုတ်ပေ။ ၎င်း၏ အရောင်မှာလည်း အဖြူရောင်မဟုတ်တော့ဘဲ အပြာရောင်ဖြစ်နေ၏။ ၎င်း ရှေ့သို့ ထိုးထွက်သွားသောအခါ ၎င်းဆီမှ ပျံ့ထွက်လာသော စွမ်းအင်လှိုင်းများကပင်လျှင် ၎င်းတို့၏ ပတ်ပတ်လည်တွင် ရှိနေကြသော သားရဲအုပ်ကြီးများကို သတ်ဖြတ်ချေမှုန်းပစ်နေ၏။ ထို့ကြောင့် သားရဲကြီးများမှာ ဝေဒနာပြင်းပြစွာ အော်ဟစ်မြည်တမ်းရင်း ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။
တောတောင်ရေမြေရှုခင်းများ ပြောင်းလဲသွားပြီး ထိုအလင်းတန်းကြီးမှာ တိုက်ပွဲကြီးတစ်ခုလုံး၏ အဓိကအချက် ဖြစ်သွား၏။ ၎င်းမှာ ကောင်းကင်ကြီးတစ်ခွင် ထိုးခွင်းကာ ကွေးညွှတ်သွားခြင်းမရှိဘဲ နှုန်းလွန်အသံလှိုင်း နောက်ထပ်တစ်လှိုင်း ထုတ်လွှတ်ရန် ပြင်နေသဖြင့် ပါးစပ်ဟောင်းလောင်း ဟထားသော ဧရာမလင်းနို့ကြီးဆီသို့ တည့်မတ်စွာ ဦးတည်သွားတော့သည်။
***