ဝမ်ပေါင်လဲ့မှာ လေသံတိုးတိုးဖြင့်ဆိုလိုက်ပြီး ညာလက်ကိုမြှောက်ကာ မီးနတ်ဘုရားအမြောက်အား ဖိလိုက်၏။ ထိုအခါ သူ၏ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ချီများ ထွက်ပေါ်လာပြီး မီးနတ်ဘုရားအမြောက်ထဲသို့ စီးဝင်သွားကြ၏။ သူသည် ၎င်း၏ အတွင်းပိုင်းထဲရှိ နတ်ဘုရားရတနာတိုင်းပေါ်ရှိ ကမ္ဗည်းစာလုံးများကို ကြည့်ရှုစစ်ဆေးလိုက်ပြီး အမြောက်ကြီးကို တည်ငြိမ်အောင်ထားနိုင်ရန် အစွမ်းကုန် ကြိုးစားလိုက်၏။
ဝမ်ပေါင်လဲ့ဘေးတွင် ရပ်နေသော ချန်းယွီထုံမှာ သူ့ကိုကြည့်ရင်း စိတ်နှလုံး လှုပ်ရှားသွားရ၏။ သူသည် အချိန်အနည်းငယ်ခန့် ဆွံ့အသွားပြီးနောက် ရယ်မောလိုက်တော့သည်။ သူ၏ မျက်ဝန်းများထဲတွင်လည်း စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ ပေါ်လာကာ သူသည် ရှေ့သို့လှမ်းလာပြီး ဝမ်ပေါင်လဲ့နှင့်အတူ ကမ္ဗည်းစာလုံးများကို ပြင်ဆင်နိုင်ရန် အစွမ်းကုန် ကြိုးစားလိုက်သည်။
ဝမ်ပေါင်လဲ့မှာ ချန်းယွီထုံ၏ လုပ်ရပ်များကို မြင်လိုက်ရသဖြင့် သူ့အား လှမ်းကြည့်လိုက်သောအခါ သူတို့နှစ်ယောက်မှာ အကြည့်ချင်းဆုံသွားပြီး ရယ်မောလိုက်ကြ၏။ ဘေးပတ်ပတ်လည်တွင်ဝိုင်းနေသော သားရဲကြီးများနှင့် ၎င်းတို့၏ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်နေသော ဟိန်းဟောက်သံများကြားတွင် ထိုမြင်ကွင်းမှာ သူတို့၏ ပတ်ပတ်လည်ရှိ စစ်သည်တော်များ၏ စိတ်နှလုံးထဲတွင် ထာဝရ ကျန်ရစ်နေအောင် ဆွဲထင်သွားတော့သည်။
လူတိုင်း ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း ရှိကြသည်ဖြစ်ပြီး သေဆုံးရမည်ကို ကြောက်ရွံ့ကြပါသော်လည်း တစ်ခါတရံတွင်မူ တိုက်ခိုက်ခြင်းမှာ ထိုကဲ့သို့ တွေးတောနေခြင်းထက် ပို၍ အရေးပါ၏။
သိပ်၍ ဆင်ခြင်တွေးတောမနေဘဲ တိုက်ခိုက်ရန်စိတ်အားထက်သန်နေခြင်းကို ကမူးရှူးထိုး ဆောင်ရွက်ခြင်းဟု မဆိုနိုင်ပေ။ စစ်မှန်သော ရိုးသားမှုဟုသာ ဆိုနိုင်ပေသည်။
” အစ်ကိုချန်း။ ကျနော် ကမ္ဗည်းစာလုံးတွေကို တာဝန်ယူလိုက်မယ်။ ပြင်ဆင်ရမယ့် အပိုင်းနဲ့ ကုန်ကြမ်းပစ္စည်းတွေ အစားထိုးရမယ့်အပိုင်းကို အစ်ကို တာဝန်ယူလိုက် ”
ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာ ဝင်းလက်စွာ တောက်ပနေ၏။ သူသည် တည်ကြည်စွာဆိုလိုက်ပြီး သူတို့နှစ်ယောက်မှာ ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေလိုက်တော့သည်။
ချန်းယွီထုံမှာ ခေါင်းညိတ်လိုက်ပြီး မေးခွန်းများ ထပ်မေးမနေတော့ပေ။ သူသည် ကမ္ဗည်းစာလုံးများဆီမှ သူ၏ ဝိညာဉ်ချီများကို ချက်ခြင်းပင် ပြန်ထုတ်ယူလိုက်ပြီး ထိခိုက်ပျက်စီးနေသော ကုန်ကြမ်းပစ္စည်းများကို ရှာဖွေစစ်ဆေးရာ၌ အာရုံအပြည့်စိုက်ကာ ၎င်းတို့ကို အမြောက်ကြီးဆီမှ ဖယ်ရှား၍ လျင်မြန်သွက်လက်စွာ အစားထိုးလိုက်၏။
ဝမ်ပေါင်လဲ့မှာမူ အသက်ရှူနှုန်းကို တည်ငြိမ်အောင်ထိန်းသိမ်းလိုက်ပြီး အာရုံစုစည်းလိုက်၏။ သူ၏ ဦးနှောက်ထဲတွင် ပုံသေနည်းကို အမြန်ဆုံးနည်းဖြင့် တွက်ချက်နေ၏။ သူ မီးနတ်ဘုရားအမြောက်များကို ပြုပြင်ပြင်ဆင်ခဲ့ရသည့် အချိန်ကာလအတွင်း ထိုအမြောက်များ၏ အတွင်းပိုင်း စက်ယန္တရားတပ်ဆင်ပုံများနှင့် အလုပ်လုပ်ပုံများကို သူသည် ကောင်းကောင်းကြီး နားလည်လာခဲ့၏။ မီးနတ်ဘုရားအမြောက်ကို ရာပေါင်းများစွာသော နတ်ဘုရားရတနာများဖြင့် ဖန်တီးတည်ဆောက်ထားခြင်းဖြစ်ပြီး ထို နတ်ဘုရားရတနာတစ်ခုချင်းစီတိုင်းမှာ စုပေါင်းယန္တရားကြီး၏ အစိတ်အပိုင်း တစ်ခုစီအဖြစ် ရှိနေကြသောကြောင့် ထိုမီးနတ်ဘုရားအမြောက်များမှာ အလွန် ရှုပ်ထွေးသော လက်နက်တစ်ခုဖြစ်ကြောင်း သူက သိထား၏။
နတ်ဘုရားရတနာ တစ်ခုချင်းစီတိုင်းတွင် ကမ္ဗည်းစာအရေအတွက် သိန်းဂဏန်းအနည်းငယ်အထိ ပါဝင်၏။ ထို့ကြောင့် မီးနတ်ဘုရားအမြောက်ထဲရှိ စုစုပေါင်း ကမ္ဗည်းစာလုံး အရေအတွက်မှာ အံ့သြဖွယ်ရာကောင်းလောက်အောင် များပြားနေမည်သာ ဖြစ်သည်။
လင်းနို့ကြီး၏ နှုန်းလွန်အသံလှိုင်းတိုက်ကွက်ကြောင့် မီးနတ်ဘုရားအမြောက်ထဲရှိ နတ်ဘုရားရတနာများမှာ တုန်ရီသွားရပြီး ၎င်းတို့၏ ကမ္ဗည်းစာလုံးများပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာ၏။ မီးနတ်ဘုရားအမြောက် ဆက်လက်လည်ပတ်နေသောအခါ ထို ကမ္ဗည်းစာလုံးများစွာမှာ တောင့်ခံနိုင်စွမ်း မရှိတော့သောကြောင့် အများအပြား ကြေမွပျက်စီးသွားကြသဖြင့် အမြောက်ကြီးမှာ ချို့ယွင်းသွားရခြင်းဖြစ်သည်။
အမြောက်များကို ပြင်ဆင်ရာ၌ သူတို့ အသုံးပြုခဲ့သော နည်းလမ်းဟောင်းမှာ ပုံကြမ်းရေးဆွဲခြင်းနှင့် ဆင်တူ၏။ ဝိညာဉ်ချီများကို အသုံးပြုကာ ကြေမွနေသော ကမ္ဗည်းစာလုံးများပေါ်တွင် မူလအတိုင်း ပြန်လည်ရေးထိုးပြီး ထိုကမ္ဗည်းစာလုံးများအား မီးနတ်ဘုရားအမြောက်ကို ပြန်လည်ကူညီထောက်ပံ့ပေးနိုင်အောင် ပြင်ဆင်ပေးခြင်းဖြစ်သည်။ သို့သော် ထိုကဲ့သို့ ကြေမွနေသော ကမ္ဗည်းစာလုံး အရေအတွက် တဖြည်းဖြည်းနှင့် များပြားလာပါက ထို မူလနည်းလမ်းမှာ သိပ်၍ အစွမ်းမထက်နိုင်တော့ပေ။ အက်ကွဲကြောင်းများမှာ အလွန်အင်မတန်များပြားနေပြီး ကမ္ဗည်းစာလုံးအားလုံး၏ လေးပုံပုံ တစ်ပုံကျော်မှာ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။
ထို့ကြောင့် ထိုအမြောက်ကို ပြင်ဆင်ရန်မှာ မဖြစ်နိုင်တော့ကြောင်း ချန်းယွီထုံက နာကျည်းစွာ ဆိုခဲ့ရခြင်းဖြစ်သည်။
ချန်းယွီထုံ၏ ပြောစကားမှာလည်း မှန်ကန်ပေသည်။ အကယ်၍ သူတို့သာ နဂိုမူလ နည်းလမ်းကိုသာ အသုံးပြုမည်ဆိုပါက ထိုအမြောက်ကို ပြင်ဆင်၍ရနိုင်မည်မဟုတ်ပေ။ ဝမ်ပေါင်လဲ့ ထိုအမြောက်အား ပြင်ဆင်နိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ ထို ကမ္ဗည်းစာလုံးများကို အစားထိုးရန်ပင်ဖြစ်သည်။
ပျက်စီးနေသော ကမ္ဗည်းစာလုံးများကို ပြင်ဆင်ခြင်းမဟုတ်ဘဲ ကမ္ဗည်းစာလုံးအသစ် အမျိုးမျိုးကို ရေးထိုးကာ မီးနတ်ဘုရားအမြောက်ထဲရှိ ပျက်စီးနေသော ကမ္ဗည်းစာလုံးများ၏ နေရာတွင် အစားထိုးရန် ဖြစ်သည်။ ထို့ကြောင့် ထိုလုပ်ရပ်မှာ ပြန်လည် ပုံသွင်းခြင်းနှင့် အတိုင်းအတာတစ်ခုထိ ဆင်တူနေသည်ဟု ဆိုနိုင်၏။
မီးနတ်ဘုရားအမြောက်ကို ပြန်လည်ပုံသွင်းရန်မှာ ဓမ္မလက်နက်စစ်သည်တော်တစ်ယောက်ပင် စွမ်းဆောင်နိုင်မည်မဟုတ်သော တာဝန်တစ်ခုဖြစ်သည်။ ထို့ကြောင့် ဓမ္မလက်နက်အဖွဲ့ဝင်တစ်ယောက်ဆိုလျှင် ထိုသို့ ဆောင်ရွက်နိုင်ရန် စိတ်ကူးပင်ယဥ်နိုင်မည် မဟုတ်ပေ။
သူတို့မှာ မီးနတ်ဘုရားအမြောက်၏ အတွင်းပိုင်း အလုပ်လုပ်ပုံများအားလုံးကို အစအဆုံး နားလည်ထားလျှင်တောင် မူရင်း ဖန်တီးသူများမဟုတ်သောကြောင့် သူတို့တွင် ထိုအမြောက်များကို ဖန်တီးရာ၌ အသုံးပြုခဲ့သည့် အဓိကအညွှန်းနည်းလမ်းများ ရှိနေမည်မဟုတ်ပေ။ သူတို့မှာ တုပရန် ကြိုးစားကြည့်နိုင်ပါသော်လည်း အတွင်းပိုင်းထဲရှိ ကမ္ဗည်းစာလုံးများကို ပြန်လည်ပုံသွင်းရန်မှာ ကြီမားသော စိန်ခေါ်မှုကြီးတစ်ရပ်ပင် ဖြစ်သည်။ မအောင်မြင်ဘဲ ကျရှုံးသွားမည်ဆိုပါက မီးနတ်ဘုရားအမြောက်မှာ မတည်မငြိမ်ဖြစ်ကာ ပျက်စီးသွားနိုင်သည်ဖြစ်ရာ အခြားအခြေအနေမျိုးတွင်ဆိုလျှင် စစ်တပ်က သူတို့အား စမ်းကြည့်ခွင့်ပင် ပေးမည်မဟုတ်ပေ။
သို့သော် ယခုတွင်မူ သူတို့၏ ဘေးနားတစ်ဝိုက်တွင် သူတို့ကို တားဆီးမည့်လူ တစ်ယောက်တလေပင် ရှိမနေခဲ့ပေ။ ထို့အပြင် မီးနတ်ဘုရားအမြောက်ထဲမှ ကမ္ဗည်းစာလုံး အများစုမှာ ကြေမွပျက်စီးနေကြပြီ ဖြစ်သည်။ ထို့ကြောင့် အကယ်၍ ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ ပြန်လည်ပုံသွင်းရာ၌ ကျဆုံးသွားခဲ့မည်ဆိုလျှင်တောင် ပေါက်ကွဲမှု တစ်ခုတလေပင် ထွက်ပေါ်လာမည်မဟုတ်ပေ။ အဆိုးဆုံး ဖြစ်နိုင်သည့်အရာမှာ ထိုအမြောက်ကြီး လုံးလုံး ပျက်စီးသွားခြင်းသာ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူ့တွင် အခြားရွေးချယ်စရာမရှိတော့ပေ။
ဝမ်ပေါင်လဲ့မှာ အသက်ရှူနှုန်းကို တည်ငြိမ်အောင် ထိန်းသိမ်းလိုက်ပြီး သူ၏မျက်ဝန်းများထဲတွင် စိတ်ဓာတ်ပြတ်သားမှု အရိပ်ယောင်များ တောက်ပလာ၏။ သူ၏ ကမ္ဗည်းစာလုံး ကျွမ်းကျင်မှုနှင့် သူတတ်မြောက်ထားသော ကမ္ဗည်းစာလုံး ပုံသေနည်းများအရဆိုလျှင် ပျက်စီးနေသော ကမ္ဗည်းစာလုံးများကို ပြန်လည်ပုံသွင်းပြီး အစားထိုးနိုင်ရန် အလို့ငှာ သူသိရှိထားသော ကမ္ဗည်းစာလုံး မြောက်မြားစွာထဲမှ ရွေးချယ်ရမည်ဖြစ်သည်။
ဥပမာဆိုရလျှင် ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ ရှုပ်ထွေးသော ကမ္ဗည်းစာလုံးများ ပါဝင်နေသည့် ပျက်စီးနေသော အစိတ်အပိုင်းတစ်ခုကို ရိုးရှင်းသော ကမ္ဗည်းစာလုံးတန်းများဖြင့် အစားထိုးကာ ထိုအစိတ်အပိုင်းကို ဆက်လက်လည်ပတ်နေအောင် လုပ်ရမည်ဖြစ်သည်။
ထို့အပြင် တစ်စစီကြေမွနေပြီး လုံးဝအသုံးပြု၍ မရနိုင်တော့သော ကမ္ဗည်းစာလုံးများလည်း ရှိနေသေးသည်။ ထို အစိတ်အပိုင်း အတိုင်းအတာတစ်ခုအထိ ဆက်လက်လည်ပတ်နိုင်ရန်အတွက် ဝမ်ပေါင်လဲ့မှာ ကမ္ဗည်းစာလုံးအချို့ကို ထည့်သွင်းပေးရန်လိုအပ်သည်။ အချို့သောပြုပြင်ပြောင်းလဲမှုများကိုမူ တစ်ခုတည်းသက်သက် ခွဲလုပ်၍ မရပေ။ အဘယ့်ကြောင့်ဆိုသော မီးနတ်ဘုရားအမြောက်မှာ အနုစိတ်ပြီး ရှုပ်ထွေးသော စက်ယန္တရားကြီးတစ်ခု ဖြစ်သောကြောင့် အစိတ်အပိုင်းတစ်ခုကို ပြင်ဆင်လိုက်လျှင်တောင် ထိုစက်ကြီးတစ်ခုလုံးအပေါ် အကျိုးသက်ရောက်မှု ရှိသွားနိုင်သောကြောင့်ဖြစ်သည်။
သူ ဆောင်ရွက်ရမည့် တွက်ချက်မှုများမှာ အလွန်အင်မတန်မှ များပြားနေပြီး ယခင်တုန်းက လုံးဝ မကြုံဖူးသော တွက်ချက်မှု အသစ်များဖြစ်သည်။
ဝမ်ပေါင်လဲ့ ထို မီးနတ်ဘုရားအမြောက်ကြီးအား စတင်မွမ်းမံလိုက်သည်နှင့် တစ်ပြိုင်နက် ချန်းယွီထုံမှာ အခြေအနေများကို ရိပ်မိသွား၏။ ထို့ကြောင့် သူသည် သူငယ်အိမ်များ ကျဉ်းမြောင်းသွားရပြီး ဝမ်ပေါင်လဲ့အား အကြာကြီး စိုက်ကြည့်ကာ သူ့အား ယုံကြည်ရန် ဆုံးဖြတ်လိုက်တော့သည်။ သူသည် ဝမ်ပေါင်လဲ့အား နှောင့်ယှက်မနေတော့ဘဲ ကုန်ကြမ်းပစ္စည်းအမျိုးမျိုးကို ထုတ်ယူကာ အမျက်ချောင်းချောင်း ထွက်နေသည့် အမူအရာဖြင့် ၎င်းတို့အား အစားထိုးလိုက် ပြုပြင်ပြင်ဆင်လိုက် လုပ်နေတော့သည်။
သူတို့နှစ်ယောက်မှာ ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်နေကြစဉ် ဘေးပတ်ပတ်လည်ရှိ အစောင့်တာဝန် ယူထားကြသော ဓမ္မလက်နက်စစ်သည်တော်များမှာ စိုးရိမ်စိတ်များ ကြီးထွားလာကြသလို တချိန်တည်းမှာပင် သူတို့၏ မျက်လုံးများထဲရှိ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များမှာလည်း ပို၍ သိသာထင်ရှားလာကြ၏။ စစ်မြေပြင်ကြီး တစ်ခွင် မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံများဖြင့် ပဲ့တင်ထပ်နေပြီး သားရဲကြီးများမှာ ရွှေခေါင်းလောင်းဒိုင်းကာများဆီသို့ မရပ်မနား ပြေးဝင်လာနေကြသည်။ ထို ရွှေခေါင်းလောင်းဒိုင်းကာများမှာ ပျက်စီးလုဆဲဆဲ ဖြစ်နေစဉ် ဝမ်ပေါင်လဲ့နှင့် ချန်းယွီထုံတို့မှာ အစွမ်းကုန်ကြိုးစား၍ အမြောက်ကြီးအား ပြုပြင်ပြင်ဆင်နေကြ၏။
သူတို့မှာ အာရုံလွင့်ပါးသွားခြင်း မရှိဘဲ အမြောက်ပြုပြင်ခြင်း လုပ်ငန်းထဲတွင်သာ အာရုံအပြည့် စိုက်ထားကြ၏။ ထိုကဲ့သို့ စိုးရိမ်စိတ်များ လွန်ကဲနေရသော အခိုက်အတန့်တွင် ရွှေခေါင်းလောင်းဒိုင်းကာကြီးမှာ အုန်းခနဲမြည်ကာ ကြေမွပျက်စီးသွားတော့သည်။ ၎င်းဆီမှ ထွက်ပေါ်လာသော ပေါက်ကွဲအားတစ်ခုမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့ထွက်သွားပြီး မျက်စိတစ်မှိတ်အတွင်း သားရဲအုပ်ကြီးများကို သတ်ဖြတ်ချေမှုန်းပစ်လိုက်၏။ ထို့နောက် စစ်သည်တော်များမှာ ဒေါသတကြီး အော်ဟစ်ကြိမ်းဝါးလိုက်ကြပြီး ရှေ့သို့ ပြေးဝင်လာကြသော သားရဲကြီးများကို အစွမ်းကုန် တွန်းလှန်နေကြစဉ်တွင်…
မီးနတ်ဘုရားအမြောက်ကြီးဆီမှ အသံအကျယ်ကြီးတစ်သံ ပေါ်ထွက်လာ၏။ ဝမ်ပေါင်လဲ့မှာ အော်ဟစ်ကာ ထိုအမြောက်အား လက်ဝါးဖြင့် ရိုက်လိုက်သောအခါ ၎င်းထဲမှ ဧရာမအလင်းတန်းကြီးတစ်ခု ထွက်ပေါ်လာပြီး ခပ်လှမ်းလှမ်းရှိ ၎င်းတို့ဆီသို့ ချဉ်းကပ်လာနေသော သားရဲအုပ်ကြီးဆီသို့ တည့်မတ်စွာ ဦးတည်သွား၏။
မိုးကောင်းကင်ကြီးနှင့် ကမ္ဘာမြေကြီးတို့မှာလည်း တုန်ရီသွားသည်။ ထိုအလင်းတန်းကြီးမှာ ကောင်းကင်ယံတွင် အပေါက်တစ်ပေါက် ဖောက်လိုက်သကဲ့သို့ ဖြစ်သွားပြီး ကမ္ဗည်းစာလုံးလှိုင်းလုံးများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ထိုအလင်းတန်းကြီး ဘေးမှဖြတ်သွားသောအခါ သားရဲများစွာမှာ မျက်လုံးဖြင့် မမြင်ရသော ဧရာမလက်ကြီးတစ်ဖက်၏ တစ်စစီဆုတ်ဖြဲခြင်းကို ခံလိုက်ရပြီး သေဆုံးသွားကြ၏။
ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ချန်းယွီထုံမှာ ကုန်ကြမ်းပစ္စည်းများကို ဆက်လက်အစားထိုးနေပြီး ဝမ်ပေါင်လဲ့မှာလည်း နောက်ထပ် ကမ္ဗည်းစာလုံးများစွာကို ထပ်မံပုံသွင်း၍ အစားထိုးကာ ထိုမီးနတ်ဘုရားအမြောက်ကြီးအား ထပ်၍ ပစ်ခတ်လိုက်ပြန်သည်။
အုန်း… အုန်း…. အုန်း
သုံးချက်ဆက်တိုက် ပစ်ခတ်လိုက်သဖြင့် မိုးကောင်းကင်ကြီးနှင့် ကမ္ဘာ့မြေကြီးတို့မှာ တုန်ရီသွားရပြီး ဘေးပတ်ပတ်လည်တွင် ဝိုင်းထားသော သားရဲအုပ်များမှာလည်း နောက်ဘက်သို့ ဆက်တိုက်ဆုတ်ခွာသွားကြ၏။ သားရဲကြီးများနှင့် ယာယီခန့် တိုက်ခိုက်ခဲ့ရသောကြောင့် အဆုံးအရှုံးအချို့ ရှိခဲ့ပါသော်လည်း ယခုတွင် ၎င်းတို့ နောက်သို့ဆုတ်ခွာသွားကြပြီဖြစ်ရာ ဘေးပတ်ပတ်လည်မှ ဓမ္မလက်နက်စစ်သည်များမှာ အသက်ရှူချောင်သွားကြတော့သည်။ သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့နှင့် ချန်းယွီထုံတို့အား ကျေးဇူးတင်ပြီး ရိုသေလေးစားမှု အပြည့်ပါသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြ၏။
ယခုလက်ရှိတွင် ထိုခံတပ်ထဲ၌ သူတို့၏ မီးနတ်ဘုရားအမြောက်တစ်လက်တည်းသာ အလုပ်လုပ်တော့သည်။
အခြား မီးနတ်ဘုရားအမြောက်များထဲမှ တချို့အဝက်မှာ သားရဲကြီးများ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီဖြစ်ပြီး တချို့အဝက်မှာ ချို့ယွင်းကာ အလိုလို ပျက်စီးသွားကြပြီဖြစ်သည်။
ထို့ကြောင့် သူတို့၏ တစ်လက်တည်းသော မီးနတ်ဘုရားအမြောက်မှာ စစ်မြေပြင်ပေါ်ရှိ လူတိုင်း၏ အာရုံကို ဖမ်းစားနိုင်သွားတော့သည်။ မြေပြင်ပေါ်တွင်ရှိနေသော စစ်သည်တော်များနှင့် ကျင့်ကြံသူများဖြစ်စေ၊ သားရဲကြီးများဖြစ်စေ ၎င်းတို့အားလုံးမှာ လည်ပတ်နေဆဲဖြစ်သည့် တစ်ခုတည်းသော မီးနတ်ဘုရားအမြောက်အား လှမ်းကြည့်လိုက်ကြ၏။
ဝေဟင်ထဲရှိ အခြေအနေများ ပြင်းထန်နေသော တိုက်ပွဲကြီးမှာလည်း ထိုနည်းတူပင်။ ထိုတိုက်ပွဲ၏ သေရေးရှင်ရေး အခြေအနေမှာ အချိန်မရွေး တစ်ဖက်ဖက်သို့ ကူးပြောင်းသွားနိုင်၏။
လေမုန်တိုင်းထဲရှိ လင်းနို့ကြီးပင် မျက်လုံးများမှေးသွားပြီး ဝမ်ပေါင်လဲ့နှင့် အခြားသူများ ရှိနေသော မီးနတ်ဘုရားအမြောက်ကြီးအား အေးစက်စက် စိုက်ကြည့်လိုက်၏။
” ဆက်လုပ်ကြ ”
ဝမ်ပေါင်လဲ့မှာ အော်ဟစ်ကြိမ်းဝါးလိုက်ပြီး လူအများ ဝိုင်းကြည့်နေကြသည်ကို လျစ်လျူရှုကာ ကမ္ဗည်းစာလုံးများကို ဆက်လက်မွမ်းမံနေလိုက်၏။ သူသည် အားအင်များ ကုန်ခန်းနေပြီဖြစ်သည်။ ထိုကဲ့သို့ မွမ်းမံနိုင်ရန် တွက်ချက်မှု အမြောက်အမြား ပြုလုပ်ရသည်ဖြစ်ရာ သူ ဆောင်ရွက်နိုင်သည့် ပမာဏထက် ပို၍များပြားနေပါသော်လည်း ဝမ်ပေါင်လဲ့မှာ မာန်တင်းကာ ဆက်လက်တွက်ချက်နေဆဲပင်။ သူသည် ကမ္ဗည်းစာလုံးအနည်းငယ်ကို မွမ်းမံလိုက် နောက်ထပ် အလင်းတန်းတစ်ခုကို ထပ်၍ ပစ်လွှတ်လိုက် လုပ်နေတော့သည်။
အမြောက်ပစ်ချက်တိုင်းမှာ ကမ္ဗည်းစာလုံးများကို တုန်ရီသွားစေပြီး တစ်စစီ ကြေမွသွားစေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မရပ်မနား ပြုပြင်ပြင်ဆင်နေသည့်တိုင်အောင် မီးနတ်ဘုရားအမြောက်ကြီးမှာ ဆက်တိုက်ပစ်ခတ်နိုင်ရန် အခက်တွေ့နေရ၏။
အမြောက်ပစ်ချက်များမှာ ဝေဟင်နှင့်မြေပြင်ပေါ်ရှိ တိုက်ပွဲများကို ကူညီပေးပါသော်လည်း ၎င်းတို့ကို အကန့်အသတ်နှင့်သာ အသုံးပြု၍ရသည်။ သို့သော် ၎င်း ရှိနေသည်ဆိုသောအချက်နှင့် ၎င်း ကိုယ်စားပြုသောအမှတ်အသားမှာ စိတ်ဓာတ်ရေးရာပိုင်းကို အကန့်အသတ်မရှိလောက်အောင် မြှင့်တင်ပေးနိုင်၏။
မီးနတ်ဘုရားအမြောက် တစ်လက်သာ ကျန်ရှိနေလျှင်တောင် ၎င်း၏ မိုးခြိမ်းသံကဲ့သို့ ပစ်ခတ်သံများမှာ စစ်မြေပြင်တစ်ခွင် ပဲ့တင်ထပ်နေမည်ဖြစ်ပြီး တိုက်ခိုက်လိုစိတ်များမှာ လုံးဝ ဆိတ်သုဉ်းပျောက်ကွယ်သွားမည် မဟုတ်ပေ။
သို့သော် သိပ်မကြာခင် သူတို့မှာ အကျပ်အတည်းထဲသို့ ရောက်သွားရတော့သည်။ ဝမ်ပေါင်လဲ့နှင့် ချန်းယွီထုံတို့မှာ သူတို့၏ အရည်အချင်းများကိုပူးပေါင်း၍ ပြုပြင်မွမ်းမံနိုင်ရန် ကြိုးပမ်းနေလျှင်တောင် အမြောက်ကြီးအား ပစ်ခတ်ခြင်းကို ရပ်တန့်ခြင်းမရှိပါက ၎င်းအား သုံးပုံပုံ တစ်ပုံအထိ ပြင်ဆင်ပြီး အမြောက်တစ်ချက် ပစ်လွှတ်လိုက်သည့်အခါတိုင်း တစ်ဝက်နီးပါး ပြန်လည်ပျက်စီးသွားမည်သာ ဖြစ်သည်။
အမြောက်ကြီးထဲရှိ ကမ္ဗည်းစာလုံးများကို ထပ်ခါတလဲလဲ ပြုပြင်မွမ်းမံနေပါသော်လည်း ကြေမွပျက်စီးသွားသော ကမ္ဗည်းစာလုံးအရေအတွက်မှာ တဖြည်းဖြည်းနှင့် ပို၍များလာ၏။ ထိုအခိုက်တန့်တွင် ကမ္ဗည်းစာလုံးစုစုပေါင်း၏ သုံးပုံပုံနှစ်ပုံခန့်မှာ တစ်စစီ ကြေမွပျက်စီးသွားကြပြီ ဖြစ်သည်။ ထို့ကြောင့် ထိုအမြောက်ကြီးမှာ အချိန်မရွေး ရပ်တန့်သွားနိုင်၏။
” ငါတို့ ဘာလုပ်ရတော့မှာလဲ ”
ဝမ်ပေါင်လဲ့မှာ ဆံပင်များရှုပ်ပွကာ အရူးမီးဝိုင်း ဖြစ်နေပြီး ခွန်အားမရှိတော့သလို ခံစားနေရတော့သည်။ မုဆိုးမသွားရာ မိုးလိုက်လို့ရွာသကဲ့သို့ ဖြစ်နေပြီ မဟုတ်ပါလော။
ကောင်းကင်ယံထဲရှိ အခြေတည်အဆင့် အဖွဲ့နှစ်ဖွဲ့ကြားမှ တိုက်ပွဲကြီးမှာလည်း နောက်ဆုံးတွင်အဆုံးသတ်သွားပြီဖြစ်သည်။
အခြေတည်အဆင့်သားရဲကြီးနှစ်ကောင်မှာ ဝေဒနာပြင်းပြစွာ အော်ဟစ်ညည်းညူလိုက်ပြီးနောက် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် ၎င်းတို့၏ ခန္ဓာကိုယ်များမှာ ချက်ချင်းပင် တစ်စစီ ဆုတ်ပြဲသွားကြပြီး နောက်ထပ် သားရဲသုံးကောင်မှာလည်း အပြင်းအထန် ဒဏ်ရာရရှိသွားကာ ၎င်းတို့၏ ခန္ဓာကိုယ်များထဲမှ သွေးများ အဆက်အပြတ် ပန်းထွက်နေကြ၏။ သူတို့မှာ ဆိုးဆိုးရွားရွား ဒဏ်ရာရရှိသွားသည့်ပုံပင်။
သို့သော် ထိုအရာများအတွက် ပေးဆပ်လိုက်ရသည့် တန်ကြေးမှာ အခြေတည်အဆင့်ကျင့်ကြံသူနှစ်ယောက်၏ အသက်ဖြစ်ပြီး ကျန်ရှိနေခဲ့သော အခြားနှစ်ယောက်မှာလည်း အပြင်းအထန် ဒဏ်ရာရသွားကြပြီ ဖြစ်သည်။
ထိုကဲ့သို့ အခြေတည်အဆင့် သားရဲနှစ်ကောင် သေဆုံးသွားပြီးနောက် အသက်ရှင်ကျန်ရစ်နေသေးသော ကျင့်ကြံသူများဖြစ်ကြသည့် နတ်ဘုရားလက်နက်ကို ကိုင်ဆောင်ထားသော အမျိုးသားကျင့်ကြံသူနှင့် အမျိုးသမီးကျင့်ကြံသူတို့မှာ သွေးများအန်ထွက်လာကြ၏။ သူတို့၏ ခန္ဓာကိုယ်များမှာ တုန်ရီသွားကြပြီး သူတို့မှာ ဓမ္မအဆောင်များကိုပင် ကြိုးစား၍ ဆုပ်ကိုင်ထားရ၏။ ထို့နောက် သူတို့မှာ နောက်သို့ ချက်ချင်းပင် ဆုတ်ခွာလာပြီး ခံတပ်ကြီးဆီသို့ တည့်မတ်စွာ ဦးတည်လာ၏။
သူတို့၏နောက်တွင် သားရဲများ ကျန်ရစ်ခဲ့၏။ မူလတုန်းက ခုနစ်ကောင်အထိ ရှိခဲ့သော သားရဲကြီးများထဲမှ သုံးကောင်တိတိ ဆက်တိုက်ဆိုသလို သတ်ဖြတ်ခံလိုက်ရပြီဖြစ်သည်။ ကျန်ရှိနေသေးသော လေးကောင်မှာ အပြင်းအထန် ဒဏ်ရာရထားသည့်တိုင်အောင် ၎င်းတို့၏ အသွင်အပြင်မှာ ရက်စက်ကြမ်းကြုတ်ဖွယ်ရာ ကောင်းနေဆဲပင်။ ၎င်းတို့မှာ အော်ဟစ်မြည်တမ်းရင်း ထိုကျင့်ကြံသူနှစ်ယောက်နောက်သို့ မရပ်မနား ပြေးလိုက်လာကြ၏။
ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းအားမြင်လိုက်ရသောအခါ မီးနတ်ဘုရားအမြောက်ကြီးကို ထိန်းချုပ်ကာ ထို ကျင့်ကြံသူများကို ကယ်တင်နိုင်ရန် ပြင်လိုက်၏။ သို့သော် ထိုကဲ့သို့ သားရဲကြီးလေးကောင် စစ်မြေပြင်ကြီးအား ဖြတ်ပြေးကာ အခြေတည်အဆင့်ကျင့်ကြံသူနှစ်ယောက်နောက်သို့ လိုက်လာနေကြစဥ် မြေပြင်ပေါ်မှ သက်တံ့တစ်ခု ထိုးထွက်လာ၏။
မုတ်ဆိတ်မွေးထူ ခေါင်းဆောင်ကြီး၏ လူရိပ်မှာ စိတ်ကူးနှင့်ပင် မမှန်းဆနိုင်သော အမြန်နှုန်းမျိုးဖြင့် လေပေါ်သို့ ခုန်တက်လာ၏။ သူသည် ချပ်ပြားဝိုင်းသဏ္ဍာန်ရှိသော လေပေါ်ပျံနိုင်သည့် နတ်ဘုရားရတနာတစ်ခုပေါ်တွင် ရပ်ရင်း သွေးရောင် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထား၏။ သူသည် လေထဲတွင် ထိုးခွင်းပျံသန်းလာရင်း တုန်လှုပ်ချောက်ချားဖွယ် ကောင်းလောက်အောင် ငြာသံပေးကာ ထိုဓားတစ်လက်ထဲဖြင့် မိုးကောင်းကင်ကြီးကို ထိုးခွင်းသွား၏။
အဝေးမှကြည့်လိုက်ပါက ထိုသွေးရောင်ဓားရှည်ကြီးမှာ မိုးကောင်းကင်ကြီးကိုပင် ဖျက်ဆီးနိုင်စွမ်းရှိသော ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားသည့်အလားပင်။ သားရဲကြီးလေးကောင်မှာ ဒေါသတကြီး အော်ဟစ်မြည်တမ်းကာ ကြက်သေသေနေကြစဉ် ထို သွေးရောင်ဓားရှည်ကြီးမှာ ဘေးမှဖြတ်သွားပြီး ဒဏ်ရာအပြင်းအထန်ရထားသဖြင့် အချိန်မီ ထွက်ပြေးတိမ်းရှောင်နိုင်ခြင်း မရှိသော အခြေတည်အဆင့်သားရဲနှစ်ကောင်အား ထပ်ခြမ်းပိုင်းသွားတော့သည်။
ရဲရဲနီသော သွေးများ အဆက်မပြတ် ပန်းထွက်လာစဉ် ကျန်ရှိနေသေးသော အခြေတည်အဆင့် သားရဲကြီးနှစ်ကောင်မှာ ကြောက်လန့်တကြားနှင့် နောက်သို့ဆုတ်ခွာသွားကြ၏။ မုတ်ဆိတ်မွေးထူ ခေါင်းဆောင်ကြီးမှာမူ မိုးကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ပြီး ရယ်မောကာ သူ၏ မျက်ဝန်းများထဲတွင် ရူးသွပ်မှုများဖြင့် ပြည့်နှက်သွားတော့သည်။ ထို့နောက် သူက မာန်ပါပါနှင့် အော်ဟစ်လိုက်၏။
” ညီအစ်ကိုတို့။ ပြည်ထောင်စုကြီးအတွက် တန်ပြန်တိုက်ခိုက်ကြဟေ့ ”
သူသည် ထိုကဲ့သို့အော်ဟစ်ကာ နောက်သို့ဆုတ်ခွာသွားသော အခြေတည်အဆင့် သားရဲကြီးနှစ်ကောင်ဆီသို့ ပြေးသွား၏။ သူနှင့် သိပ်မဝေးသော နေရာတွင်ရှိနေသည့် အပြင်းအထန် ဒဏ်ရာရထားသော အခြေတည်အဆင့် ကျင့်ကြံသူနှစ်ယောက်မှာလည်း အံများကိုကြိတ်ကာ နောက်သို့ပြန်လှည့်လာပြီး ရှေ့သို့ ပြေးထွက်သွားကြတော့သည်။
မြေပြင်ပေါ်တွင်မူ အခြေတည်အဆင့် သားရဲလေးကောင် သေဆုံးသွားပြီးနောက် သားရဲလှိုင်းကြီးမှာ ခေတ္တမျှ ငြိမ်သက်သွားပြီး လွင့်ပါးပျောက်ကွယ်သွားတော့မည့် အရိပ်အယောင်များ ပေါ်လာကြတော့သည်။ ထိုအချိန်တွင် ဓမ္မလက်နက်စစ်သည်အားလုံးမှာ မျက်လုံးနီကြီးများနှင့် တိုက်ခိုက်လိုစိတ်အပြည့်ဖြင့် တန်ပြန်တိုက်ခိုက်လိုက်ကြတော့သည်။
” မျှော်လင့်ချက်ရှိသေးတယ် ”
ဝမ်ပေါင်လဲ့မှာ အတိုင်းမသိ ပျော်ရွှင်သွား၏။ သူသည် မုတ်ဆိတ်မွေးထူ ခေါင်းဆောင်ကြီး၏ ချောင်းမြောင်းတိုက်ခိုက်မှုကြောင့် အံ့ဩမှင်တက်သွားရပြီး သူ၏ခန္ဓာကိုယ် အနှံ့အပြားတွင် သွေးများ ပွက်ပွက်ဆူလာသလို ခံစားလိုက်ရတော့သည်။
***