Switch Mode

အခန်း ( ၁၇၉ )

မြဲမြံလှသည့် သန္နိဋ္ဌာန်

မီးနတ်ဘုရားအမြောက်များ၏ ပျက်စီးခြင်းကြောင့် ခံတပ်မှာ ဝေဟင်သာမက မြေပြင်ပါ သိသိသာသာ အရေးနိမ့်နေသည်။ သူတို့မှာ တဖြည်းဖြည်း နောက်ဆုတ်လာရပြီး ရှုံးနိမ့်လုဆဲဆဲ ဖြစ်နေသည်။

စောင့်ကြည့်နေကြသည့် သားရဲများမှာ အမြောက်များ ပျက်စီးသွားသည်နှင့် တဟုန်ထိုး ဝင်လာကြသည်။ သူတို့သည် စင်မြင့်ပေါ်သို့ အမြန်ပြေးလာကြပြီး ရပ်စောင့်နေသည့် စစ်သည်တော်များဆီသို့ ဝင်ရောက်တိုက်ခိုက်ကာ သုတ်သင်ပွဲကြီး နောက်တစ်ကြိမ် ဆင်နွှဲကြသည်။

ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့် အသားစများမှာ မြေပြင်ပေါ်တွင် ပြန့််ကျဲနေပြီး သွေးရောင်လွှမ်းနေသည်။ စစ်ပွဲမှ တိုက်ခိုက်သည့် အသံများက နာကျင်စွာ အော်ညည်းသံများ၊ ဒေါသတကြီး ဟိန်းဟောက်သံများကို ဖုံးလွှမ်းသွားသည်။ ခံတပ်နံရံကို တွယ်ကပ်နေသည့် ဝမ်ပေါင်လဲ့မှာ ထိုအသံများအားလုံးကို ကြားနေရပြီး အရာရာကို ရှင်းလင်းပြတ်သားစွာ မြင်နေရသည်။

သူက စင်မြင့်များ‌ပေါ်မှ သွေးချောင်းစီး သုတ်သင်ပွဲကို ကြည့်နေရင်း သူ၏ စစ်သည်သူငယ်ချင်းများ တစ်ယောက်ပြီးတစ်ယောက် ဆွဲဖြဲခံနေရသည်ကို မြင်နေရသည်။

အချို့မှာ သားရဲများ၏ ကောင်းကင်ပေါ် ပစ်မြှောက်ခြင်းကို ခံနေရပြီး သားရဲပျံအုပ်ကြီး၏ အပိုင်းပိုင်း အပြတ်ပြတ် ဆွဲဖြဲခြင်းကို ခံကြရသည်။

ဝမ်ပေါင်လဲ့မှာ ထိုအခြင်းအရာများအားလုံးကို မြင်နေရသည်။ ထွားကျိုင်းသော စစ်သည်နောက်တစ်ယောက်အား သားရဲတစ်ကောင်က မိသွားသည်ကို မြင်လိုက်ရသည့်အချိန်၌ သူ့မျက်လုံးထဲ သွေးကြောနီများ ရဲတက်လာသည်။ ထိုစစ်သည်ကို ကယ်ရန် ဟန်ပြင်နေစဉ် သားရဲ၏ နှုတ်သီးကြီးက ထိုလူ၏ နဖူးကို ဟက်တက်ခွဲကာ ထိုးဖောက်လိုက်သည်။

ထိုလူမှာ ဝမ်ပေါင်လဲ့နှင့် အားလှဲပြိုင်စဉ်က ရှုံးသွားသော သူ့မုန့်များကို စားပြီး ညီမနှင့် အောင်သွယ်ပေးမည်ဟု ပြောသွားခဲ့သည့် စစ်သည်မှတပါး အခြားမဟုတ်ပေ။

သို့သော် ယခု သူသည် သေသွားလေပြီ။ သူ့ခန္ဓာမှာ သားရဲ၏ နှစ်ပိုင်း ဆွဲဖြဲခြင်းကို ခံလိုက်ရသည်။

ဝမ်ပေါင်လဲ့သည် နာကျင်စွာ အော်ဟစ်လိုက်ပြီး ညာလက်က မြောက်တက်သွားကာ တစ်ဖက်သို့ လွှဲယမ်းလိုက်သည်။ တခဏအတွင်း သူ့လက်မှ တိမ်လွှာလက်ချောင်းလေပြင်းတစ်သုတ် ရှေ့သို့တဝုန်းဝုန်းတိုက်ခတ်သွားကာ ထွားကျိုင်းသော စစ်သည်အား သတ်ဖြတ်ခဲ့သည့် သားရဲကို ထိုးဖောက်သွားသည်။ သားရဲ၏ ခန္ဓာကိုယ်မှာ တုန်ခါသွားသည်။ ၎င်းသေသွားစဉ် ဝမ်ပေါင်လဲ့က သွေးများ ရွှဲနစ်နေသည့် စင်မြင့်အား ဒေါသ၊နာကျည်းခြင်းများနှင့် ကြည့်လိုက်သည်။ သူက လေထဲမှတဆင့် ခံတပ်နံရံအပြင်ဘက်မှ ဆူးချွန်တစ်ခုပေါ်သို့ ခုန်တက်သွားသည်။ ထိုမှတဆင့် ခံတပ်နံရံပေါ် ခုန်ကျော်ကာ ကျန်နေသေးသည့် ပစ်ခတ်နိုင်ဆဲ ဖြစ်သော မီးနတ်ဘုရား အမြောက်များဆီသို့ ပြေးသွားသည်။

သူ လက်စားပြန်ချေရမည်။

လမ်းခုလတ်၌ သူ့ဆီ ပြေးဝင်လာပြီး ဝန်းရံချုပ်နှောင်ရန် ကြိုးစားသည့် သားရဲများ ရှိသော်လည်း ဝမ်ပေါင်လဲ့ ဒေါသက ထိန်းမရတော့ပေ။ သူက တံဆိပ်များကို တစ်ခုပြီးတစ်ခု ကြမ်းတမ်းစွာ ပစ်ပေါက်လိုက်သည်။ ဝမ်ပေါင်လဲ့က သွားရာလမ်းတစ်လျှောက် အသက်မဲ့ခန္ဓာများ ချန်ထားခဲ့ကာ သူ့နှုတ်ခမ်းတွင်လည်း သွေးများ စွန်းထင်းပေကျံလျက်ရှိသည်။ သူ၏အရှိန်မှာ မြန်ဆန်လှသောကြောင့် မကြာမီ သူသည် မီးနတ်ဘုရား အမြောက်များရှိရာ စင်မြင့်ပေါ်သို့ ခြေချနိုင်ခဲ့သည်။

မီးနတ်ဘုရား အမြောက်များ အများအပြား ပျက်စီးသွားပြီးနောက် ခံတပ်တစ်ခုလုံး၌ ပစ်ခတ်နိုင်သည့် အမြောက် ဆယ့်သုံးလက်သာ ကျန်ရှိတော့သည်။ ထိုဆယ့်သုံးလက်ထဲမှ တစ်ခုမှာ ဝမ်ပေါင်လဲ့ လက်အောက်တွင် ရှိသည်။ ထိုအမြောက်မှာ ယခု သူရောက်လာသည့် စင်မြင့်ပေါ်တွင် ရှိနေပြီး သူတာဝန်ယူထားသည့် အမြောက်ဆယ်ခုထဲမှ တစ်ခုတည်းသော ပစ်ခတ်နိုင်သည့် အမြောက်ဖြစ်သည်။

ထိုအခိုက် သားရဲများက ချဉ်းကပ်လာကြသည်။ စစ်သည်အရေအတွက်မှာ များပြားလှပြီး သူတို့က အစွမ်းကုန် တိုက်ခိုက်နေကြသည်။ အမြောက်ပစ်ခတ်နေခြင်းနှင့်အတူ လတ်‌တလော သားရဲတို့၏ တိုက်စစ်ကို သူတို့ တောင့်ခံထားကြသည်။ သို့ရာတွင် တုန်ခါနေသည့် မီးနတ်ဘုရားအမြောက်မှာ ပြိုကျလုဆဲဆဲ ဖြစ်နေပြီး အချိန်မရွေး ပျက်စီးသွားနိုင်သည်။

ဝမ်ပေါင်လဲ့က လက်မတင်လေး ရောက်ရှိလာခြင်းဖြစ်သည်။ စစ်သည်တော်များက သူ့အတွက် လမ်းဖယ်ပေးကြပြီး သူက မီးနတ်ဘုရား အမြောက်ဆီသို့ အပြေးသွားကာ ညာလက်ကို ဖိချလိုက်သည်။ ဝိညာဉ်ချီက အမြောက်ထဲသို့ အလုံးအရင်းနှင့် ဝင်ရောက်သွားကာ ပြင်ဆင်ခြင်း လုပ်ငန်းများ စတင်တော့သည်။ အမြောက်တစ်ခုလုံး တုန်ခါပြီး လှုပ်ယမ်းနေသည့်တိုင် ပစ်ခတ်နိုင်ဆဲ ဖြစ်သည်။ အမြောက်က ဦးတည်ချက် ပြောင်းလိုက်ပြီး စင်မြင့်တစ်ခုပြီး တစ်ခု ခုန်ကူးကာ စစ်သည်များကို သတ်ဖြတ်နေသည့် သားရဲများဆီသို့ ဦးတည်လိုက်သည်။

“ သေစမ်း”
ဝမ်ပေါင်လဲ့က ‌ကြုံးဝါးလိုက်သည်။ ဆက်တိုက်ပစ်ချက်လေးခုက ကောင်းကင်နှင့် မြေပြင်ကို လှုပ်ခါသွားစေပြီး မိုးကြိုးသဖွယ် ပေါက်ကွဲသံများ စစ်မြေပြင်တစ်ခုလုံး ဆူညံနေသည်။ အလင်းတန်း‌လေးခုက ကောင်းကင်တခွင် ထိုးဖောက်သွားပြီး သားရဲပင်လယ်ထဲ၌ အပေါက်ကြီးလေးခု ဖြစ်သွားသည်။ နာကျင်စွာ အော်မြည်သံများ လေထဲသို့ ပျံ့လွင့်လာပြီး မရေမတွက်နိုင်အောင် များပြားလှသည့် သားရဲများ သုတ်သင်ခံလိုက်ရသည်။

ကျန်ရှိနေသည့် မီးနတ်ဘုရား အမြောက်များကလည်း ဆက်တိုက် ပစ်ခတ်နေကြသည်။ သူတို့၏ တိုက်ခိုက်မှုများကြောင့် ပေါက်ကွဲသံ တဝုန်းဝုန်း ထွက်လာပြီး မြေပြင်ကို သိမ့်သိမ့်တုန်သွားစေသည်။ ခံတပ်ဘက်မှ ကောင်းကင်၊ မြေပြင်တိုက်ပွဲများတွင် ခြေကုပ်ရလာပြီး အခြေအနေ ကောင်းလာခဲ့သည်။

ကောင်းကင်ထက်တွင် သားရဲများက နောက်ဆုတ်သွားကြသည်။ ဝမ်ပေါင်လဲ့၏ လက်စားချေရန် ပစ်မှတ်မှာ ပြောင်းလဲသွားပြီး အခြေတည်အဆင့် ချီလင်ဆီသို့ ရောက်သွားသည်။ ရင်ထဲမှ ဒေါသများ ဆူဝေနေသောကြောင့် သူက ခြောက်ချက်ဆက်တိုက် ပစ်လိုက်သည်။

ဘုန်း၊ ဘုန်း၊ ဘုန်း….
အမြောက်ပစ်ချက် ခြောက်ချက်မှာ ဝေဟင်တိုက်ပွဲသို့ မရောက်သည့်တိုင် သက်ရောက်မှု ရှိနေဆဲ ဖြစ်သည်။ နတ်လက်နက်ကိုင်ဆောင်သူ ကျင့်ကြံသူမှာ ထိုအခွင့်အရေးကို အမိအရ ဖမ်းကာ ချီလင်ကို သူ့ဓါးဖြင့် တစ်ချက်တည်း ခေါင်းဖြတ်လိုက်သည်။

ထိုမြင်းက နာကျင်စွာ၊ ဒေါသတကြီး အော်ဟစ်ရင်း သေဆုံးသွားပြီး မိုးရွာသည့်အလား သွေးစက်များ ကမ္ဘာမြေပေါ်သို့ ကျဆင်းလာသည်။

မီးနတ်ဘုရား အမြောက်မှာ ကြာကြာတောင့်မခံနိုင်တော့ပေ။ ပစ်ချက်တိုင်းမှာ ပြင်ဆင်မှုများ လိုအပ်နေသည်။ ပစ်မှတ်အ‌‌ရေအတွက် များပြားလာပြီး အမြောက်ဆယ့်သုံးခုသာ လည်ပတ်နိုင်တော့သည်။ လေထဲမှ သားရဲများမှာ ဟိန်းဟောက်နေပြီး အပစ်ရပ်သွားသည်နှင့် ကျန်နေသမျှ အမြောက်များအားလုံးကို ဖျက်ဆီးလိုစိတ် အပြည့်နှင့် တရှိန်ထိုး ဆင်းချလာခဲ့သည်။

ထိုအရေးကြီးသောအချိန်တွင် ဝမ်ပေါင်လဲ့သည် စဉ်းစားမနေဘဲ သူ့ဆီ ကျန်သမျှ ရွှေခေါင်းလောင်းဒိုင်းများ အားလုံးကို ပစ်‌ပေါက်လိုက်သည်။ လေထဲတွင် ပေါက်ကွဲသံများ ဆူညံသွားသည်။ စင်မြင့်ပေါ်၌ မားမားမတ်မတ် ရှိနေသည့် ရွှေခေါင်းလောင်းဒိုင်းမှာ လျှပ်တစ်ပြက်အတွင်း သိသိသာသာ စွမ်းအားမြင့်တက်လာပြီး စင်မြင့်ပေါ်မှ စစ်သည်တော် တစ်ထောင်နှင့်အတူ သားရဲများ၏ တိုက်ခိုက်မှုများအား ‌တောင့်ခံထားသည်။

ဝမ်ပေါင်လဲ့မှာလည်း မီးနတ်ဘုရား အမြောက်များအား ပြင်ဆင်နေရင်း ဟောဟဲဆိုက်လာသည်။ မကြာမီ သူက ခက်ထန်သော အမူအရာဖြင့် အမြောက်ကို ပစ်ခတ်လိုက်သည်။

ပေါက်ကွဲမှုများက ဆူညံနေပြီး ဝမ်ပေါင်လဲ့ ရပ်နေရာမှ အမြောက်ချက်များ ထွက်လာသည်။ လက်စားချေခြင်းမှာ သူ့သဘာဝ ဖြစ်သည်။ သူက မြေပြင်ပေါ်မှ သားရဲများအား ပစ်မှတ်မထားတော့ဘဲ ကောင်းကင်မှ အခြေတည်အဆင့် သားရဲများအား လှမ်းပစ်လိုက်သည်။

ထိုအချိန်၌ တိုက်ပွဲမှာ အကျယ်ပြန့်ဆုံး အခြေအနေသို့ ရောက်နေပြီး အမိန့်ပေးသူ မရှိတော့ပေ။ မုတ်ဆိတ်ထူ ခေါင်းဆောင်ကြီးပင် စစ်ပွဲထဲတွင် ဝင်ရောက် တိုက်ခိုက်နေသည်။ သူ့အဝတ်များမှာ သွေးများ စွန်းထင်းနေပြီး တစ်ချက်ငဲ့ကြည့်ရုံနှင့် မမှတ်မိနိုင်ပေ၊၊ မုတ်ဆိတ်ထူ ခေါင်းဆောင်ကြီးမှာ မြေပြင်ပေါ်၌ ဆက်တိုက် ရှေ့တိုးရင်း သားရဲလှိုင်းထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်ကာ လေမုန်တိုင်းဆီသို့ တဖြည်းဖြည်းချင်း ရွေ့လျားနေသည်။

“ ငါ မင်းတို့အားလုံးကို အမြစ်ဖြုတ်ပစ်မယ်”
ဝမ်‌ပေါင်လဲ့က ကျိန်ဆဲလိုက်သည်။ သူသည် လေမုန်တိုင်း အလယ်မှ လင်းနို့ကြီးထံ အမြောက်တစ်ချက်မျှ ပစ်ခတ်နိုင်ရန် တမ်းတ မျှော်လင့်နေသည်။ ထိုလင်းနို့မှာ စစ်ပွဲအဆုံးသတ်ရန် အဓိက သော့ချက်ဖြစ်ကြောင်း ပြောနိုင်သော်လည်း အလွန်ဝေးကွာနေပြီး မုန်တိုင်းထဲတွင် အကာအကွယ်ရနေသည်။ ဝမ်ပေါင်လဲ့မှာ စမ်းပစ်ကြည့်သေးသော်လည်း ပစ်မှတ်ဆီသို့ မရောက်နိုင်ကြောင်း သဘော‌ပေါက်သွားသည်။ လေထဲသို့ နှစ်ချက်၊ သုံးချက် ပစ်ပြီးနောက် သူက မြေပြင်ပေါ်မှ သားရဲများဆီသို့ အမြောက်ပြောင်း လှည့်ထားလိုက်သည်။

သူသည် ဒေါသူပုန်ထနေပြီး ကောင်းကင်မှ အခြေတည်အဆင့် သားရဲများအား ပစ်ခတ်ချင်သော်လည်း သူ့ကို သတိထားမိသွားလျှင် သေမင်းက တံခါးလာခေါက်နိုင်ကြောင်း သိနေသည်။ ထို့ကြောင့် လေထဲသို့ တစ်ချက်ပစ်ပြီး မြေပြင်ပေါ်သို့ နောက်တစ်ချက် ပစ်ခြင်းဖြစ်သည်။ ရန်သူက အပစ်ခံနေရမှန်း မသိစေရန် ပစ်မှတ်များကို အမြဲပြောင်းနေသည်။

အခြား မီးနတ်ဘုရား အမြောက်များမှာလည်း အလားတူပင် ဖြစ်သည်။ သို့နှင့် အကြိတ်အနယ် တိုက်ခိုက်နေရသည့် အခြေတည်အဆင့် သားရဲများမှာ ဝမ်ပေါင်လဲ့ လက်ချက်ကို သတိမထားမိကြပေ။

သို့ရာတွင် မီးနတ်ဘုရား အမြောက်မှာမူ ဝမ်ပေါင်လဲ့ ပြင်ဆင်နေသည့်ကြားမှ ပိုမို မတည်မငြိမ်ဖြစ်လာခဲ့သည်။ ကမ္ဗည်းစာ အတော်များများမှာ ပျက်စီးနေပြီး အပိုင်းပိုင်း ပြတ်ထွက်လာသောကြောင့် ဝမ်ပေါင်လဲ့မှာ ပိုမို ပူပန်စိတ်ပြင်းလာခဲ့သည်။ သူက အမြောက်ကို မည်သို့ ပြင်ဆင်ကာ မည်သည့်နည်းဖြင့် တည်ငြိမ်အောင် ပြန်လုပ်ယူရမည်ကို စဉ်းစားနေစဉ် အခြား မီးနတ်ဘုရား အမြောက်စင်မြင့်ဆီမှ ဒေါသတကြီး ဟိန်းသံများ ထွက်ပေါ်လာသည်။

ဝမ်‌ပေါင်လဲ့ တုန်လှုပ်သွားသည်။ သူလှမ်းကြည့်လိုက်လျှင် အခြားမီးနတ်ဘုရား အမြောက်များကို ဝန်းရံနေကြသည့် သားရဲအုပ်လိုက်ကြီးကို တွေ့လိုက်ရသည်။ စု‌ပေါင်းတိုက်ခိုက်မှုများကြောင့် အမြောက်အချို့မှာ ပျက်စီးသွားကြပြီး သားရဲများက ဝိုင်းလာကြသည်။ ထိခိုက်ဒဏ်ရာနှင့် သေဆုံးမှုများ အကြား ဝမ်ပေါင်လဲ့က သူ့အမြောက်ကို အမြန်လှည့်ကာ ကူညီသော်လည်း အချည်းနှီးသာ ဖြစ်သည်။ ချန်းယွီထုံရပ်နေသည့်နေရာ၌ အမြောက်နှစ်ခု ပြိုကျသွားသည်။ ဓမ္မစစ်သည် အများအပြား သေဆုံးနေသည့်ကြားမှ ခက်ထန်သော အမူအရာ၊ လေးလံသော နှလုံးသားဖြင့် ချန်းယွီထုံမှာ လမ်းရှင်းပြီး ဝမ်ပေါင်လဲ့ ရှိနေသည့် နေရာသို့ ရောက်လာခဲ့သည်။

ခံတပ်တစ်ခုလုံး၌ အမြောက်သုံးခုသာ ကျန်တော့သည်။

ချန်းယွီထုံ ရောက်လာခြင်းက ဝမ်ပေါင်လဲ့အတွက် တာဝန်လျော့သွားသည်။ သူတို့နှစ်ယောက်မှာ စကားပြောရန် အချိန်မရှိပေ။ သို့သော် ဝမ်ပေါင်လဲ့ စကားပြောရန်လည်း မလိုပေ။ စုတ်ပြတ်သပ်ကာ ဒဏ်ရာ အတော်များနေသည့် ချန်းယွီထုံက တစ်ခါတည်း ပြင်ဆင်သည့် အလုပ်ကို အာရုံစိုက်လိုက်သည်။ အမြောက်မှာ သူတို့နှစ်ယောက်၏ ဂရုစိုက်မှုကြောင့် ကြံ့ကြံ့ခံနေဆဲဖြစ်ကာ တစ်ချက်ပြီးတစ်ချက် ပစ်နေသည်။

ဤသည်မှာ ရေပုံးထဲမှ ရေစက်မျှသာ ရှိသော်လည်း မီးနတ်ဘုရား အမြောက်များ စစ်မြေပြင်တွင် ကျန်နေသေးလျှင် တစ်လက်တည်း ဖြစ်ပါစေ၊ သားရဲများ၏ နှလုံးသားထဲသို့ အကြောက်တရား ရိုက်သွင်းကာ ဟန့်တားထားနိုင်မည် ဖြစ်သည်။

သုံး‌လေးချက် ပစ်ပြီးနောက် အမြောက်မှာ ပြင်းထန်စွာ တုန်ခါသွားသည်။ ဝမ်ပေါင်လဲ့၏ မျက်နှာမှာ မည်းသွားပြီး နှလုံးသားထဲ၌ ခါးသီးမှုများ ပြည့်နှက်လာသည်။ လင်းနို့၏ နှုန်းလွန် အသံလှိုင်းမှာ ကမ္ဗည်းစာများကို ဖျက်ဆီးသွားပြီး နောက်ဆက်တွဲ ပြတ်ထွက်ခြင်းများမှာ ရှောင်လွှဲ၍ မရနိုင်ပေ။ ဤအမြောက်မှာလည်း ပျက်စီးလုဆဲဆဲ ဖြစ်နေပြီး ချန်းယွီထုံ၏ မျက်လုံးထဲ၌ စိတ်ပျက်ခြင်းများ ဝင်ရောက်လာကာ ရေရွတ်လိုက်သည်။
“ ပေါင်လဲ့၊ ဒါက ပြင်မရတော့ဘူး… နောက်ထပ် နှစ်ခု ရှိသေးတယ်။ ငါတို့ သွားကြမလား”

ဝမ်ပေါင်လဲ့မှာ တိတ်ဆိတ်နေသည်။ သူ့ဘေးမှ စစ်သည်များကို လှည့်ကြည့်လိုက်သည်။

ရွှေခေါင်းလောင်းဒိုင်းထဲမှ စစ်သည်တော်များမှာ ဝမ်ပေါင်လဲ့နှင့် ချန်းယွီထုံ၏ အမူအရာများကို သတိထားမိသွားသည်။ သူတို့မျက်နှာများမှာ ဖြူဖျော့သွားကြပြီး အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်သွားကြသည်။ သူတို့၏ ဓမ္မအဆောင်များမှာ ပျက်စီးနေပြီး ဝမ်ပေါင်လဲ့ ပေးထားသည့် အဆောင်များကလည်း ဆိုးဆိုးဝါးဝါး ကျိုးပဲ့ကာ အက်ကွဲနေသည်။ ဝမ်ပေါင်လဲ့မှာလည်း အလိုလို ပေါက်ကွဲစေတတ်သော ပုတီးစေ့များ ကုန်သွားပြီး သူတို့မှာ ခဲယမ်း၊ လက်နက်များ ကုန်ဆုံးနေသည့် အခြေအနေ ရောက်နေသည်။

သူတို့သည် ဤစင်မြင့်အား ဆက်လက် မခုခံနိုင်တော့ကြောင်း သိနေကြသည်။ ရွှေခေါင်းလောင်းဒိုင်း ကွဲကြေသွားပြီး မီးနတ်ဘုရား အမြောက် ပျက်စီးသွားသည်နှင့် သူတို့မှာ အခြားသော မီးနတ်ဘုရား အမြောက်စင်မြင့်များ၌ ကြုံတွေ့ခဲ့ရသည့် ကြေကွဲဝမ်းနည်းဖွယ် ကံကြမ္မာနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။

ရွှေခေါင်းလောင်းဒိုင်း၏ အပြင်ဘက်၌ သားရဲအုပ်ကြီးက ဝန်းရံနေသည်။ သွေးဆာနေပြီး ကြမ်းကြုတ် ရူးသွပ်စွာ ရွှေခေါင်းလောင်းဒိုင်းကို ထပ်ခါထပ်ခါ ရိုက်ပုတ်နေကြသည်။ သားရဲများမှာ အင်မတန် များပြားလှပြီး သူတို့ထဲတွင် အာနာပါနအဆင့် သားရဲများလည်း အတော်များသည်။ သူတို့၏ တိုက်ခိုက်မှုများမှာ အစွမ်းထက်ပြီး ပြင်းထန်လှသောကြောင့် ရွှေခေါင်းလောင်း ဒိုင်းမှာ ပုံသဏ္ဌာန် ပျက်ယွင်းစ ပြုလာသည်။ အချိန်မရွေး ဒိုင်းမှာ ပျက်စီးသွားနိုင်သည်။

“ ပေါင်လဲ့၊ ဓမ္မလက်နက်သခင်ချန်း၊ မြန်မြန် သွားကြ၊ ကျုပ်တို့ သားရဲတွေကကို တောင့်ခံထားပြီး အချိန်ဆွဲထားပေးမယ်”

“ ကျုပ်တို့မှာ ကျင့်ကြံသူ ဖြစ်လာနိုင်တဲ့ ပါရမီမျိုး ပါမလာပေမဲ့ စစ်သည်တွေ ဖြစ်နေတုံးပါပဲ။ ကျုပ်တို့ စစ်ထဲကို ဝင်လာတဲ့နေ့က ပြည်ထောင်စုကို အသက်နဲ့ရင်းပြီး ကာကွယ်ပါ့မယ်လို့ ကျိန်ဆိုခဲ့ကြတာ”

“ ပေါင်လဲ့၊ ငါ့ကိုယ်စား င့ါမိဘတွေကို သွားတွေ့ပေးဖို့ မမေ့နဲ့နော်၊ ငါ မင်းကို ငါ့လိပ်စာ ပေးထားတယ်”

“ ပေါင်လဲ့၊ သွားတော့”

တခဏမျှ ငြိမ်သက်သွားပြီးနောက် စစ်သည်တော်များက တချိန်တည်းနီးပါး ဝမ်ပေါင်လဲ့ကို သံပြိုင်အော်ပြောလိုက်ကြသည်။ သူတို့မျက်လုံးထဲ၌ သေမှသာ ကျိုးပေါက်မည့် မြဲမြံလှသည့် သန္နိဋ္ဌာန်ချထားကြောင်း တွေ့နိုင်သည်။ သူတို့စကားသံများ ထွက်လာသည်နှင့်အတူ အချို့သော စစ်သည်တော်များက ရှေ့တိုးကာ ဝမ်ပေါင်လဲ့နှင့် ချန်းယွီထုံဘေး၌ စုဝေးကာ လိုက်ပို့ရန် အသင့်ပြင်နေကြသည်။ နောက်ထပ် စစ်သည်များကလည်း သူတို့ အသားနှင့် သွေး၊ ခန္ဓာကိုယ်များအား ဒိုင်းအဖြစ် အသုံးချကာ သားရဲများရန်မှ ကာကွယ်ပေးရန် အဆင့်သင့်ပြင်လိုက်ကြသည်။

ထိုမြင်ကွင်းကြောင့် ချန်းယွီထုံမှာ လုံးဝ အံ့အားသင့်သွားလေသည်။ ဝမ်ပေါင်လဲ့၏မျက်လုံးများမှာ နီရဲကာ မျက်ရည်များ ဝဲလာသည်။ သူ့ခန္ဓာကိုယ်ထဲမှ သွေးများ အေးခဲသွားပြီး နှလုံးသား ကျုံ့ဝင်သွားသည်။ သူ့ဘေးမှ စစ်သည်အားလုံးကို စိုက်ကြည့်လိုက်ပြီးနောက် နီးကပ်လာသည့် သားရဲလှိုင်းကို ကြည့်လိုက်သည်။ ထို့နောက် ကောင်းကင်သို့ မော့ကြည့်ကာ လေထဲမှ သားရဲများကို ကြည့်ပြီးနောက် သွေးချောင်းစီးနေသည့် စစ်မြေပြင်ကို ငုံ့ကြည့်လိုက်သည်။

သူက ခံတပ်ထဲသို့ ပထမဆုံး ရောက်လာချိန်၌ သူကိုယ်တိုင် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည့်တိုင် ရှေးဟောင်းသိုင်းအဆင့် ကျင့်ကြံသူများက ကာကွယ်ပေးခြင်း ခံရသည့် ခံစားချက်ကို ပြန်တွေးကြည့်မိသည်။

သူတို့ အတူတကွ ကုန်ဆုံးခဲ့သည့် အချိန်မှာ တိုတောင်းသော်လည်း သားရဲလှိုင်း ရုတ်တရက် ရောက်လာပြီး ယူဆောင်လာသည့် ပျက်စီးမှုများက တွေးကြည့်၍ပင် မဖြစ်နိုင်သော်လည်း. သူတို့အတူတကွ ရှိနေခဲ့သည့် အမှတ်တရများ၊ အားလုံးနှင့် အားလှဲသည့် အမှတ်တရများ၊ မုန့်များ ဝေငှစားခဲ့ချိန်များ၊ ရယ်မောကာ စကားပြောခဲ့သည်များက သူ့မျက်လုံးထဲ တစ်ခုပြီး တစ်ခု မြင်ယောင်လာသည်။

စစ်မြေပြင်၌ တစ်ရက်ပင် မရှိသေးသည့် အချိန်လေးအတွင်း၌ မရေမတွက်နိုင်သည့် သေဆုံးခြင်းများက သူ့စိတ်ဝိညာဉ်ထဲ၌ နက်ရှိုင်းစွာ ထင်ဟပ်သွားပြီး နာကျင်မှုက နှလုံးသား တဆုံး နစ်ဝင်သွားသည်။

ထို့ပြင် ဝမ်ပေါင်လဲ့အား သူ့ညီမကို မိတ်ဆက်၊ အောင်သွယ်ပေးချင်ခဲ့သည့် စစ်သည်၏ ကြေကွဲဖွယ် သေဆုံးသွားသည့် မြင်ကွင်း၊

တစ်လွှာပြီးတစ်လွှာ၊ ထိုအမှတ်တရများမှာ တစ်ခုပြီးတစ်ခု စုပုံလာပြီး သူ့ရှေ့ရှိ မြင်ကွင်းသို့ ပြောင်းသွားသည်။ ထိုစစ်သည်တို့၏ စိတ်အားထက်သန်လှသည့် မျက်လုံးများ၊ သူနှင့် ချန်းယွီထုံ လွတ်မြောက်ရေးအတွက် သူတို့ကိုယ် သူတို့ စွန့်လွှတ်ရန် ပြင်နေစဉ် ပူပန်စိုးထိတ်မှုများဖြင့် တောက်ပနေသည့် မျက်လုံးများကို မြင်နေရသည်။

“ ကျွန်တော်ပြောတာ မိုက်မဲတယ်လို့ ထင်ကောင်းထင်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော်ခုတော့ မသွားချင်သေးဘူး။ ကျွန်တော် ဒီအမြောက်ကို ပြင်နိုင်မယ်လို့ ယုံကြည်တယ် ”
ဝမ်ပေါင်လဲ့က အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူက မီးနတ်ဘုရားအမြောက်ဆီသို့ လှည့်ကြည့်ချိန်တွင် သူ့မျက်လုံးများမှာ တောက်ပနေသည်။ သူ့မျက်လုံးထဲတွင် မီးတောက်တစ်ခု ရှိနေသည့်အလား မည်သည့်အခါကမျှ မမြင်ဖူးခဲ့သည့် စိတ်ပိုင်းဖြတ်မှုမျိုးဖြင့် တောက်လောင်လျက်ရှိသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset