Switch Mode

အခန်း ( ၁၇၈ )

ခြေလှမ်းတိုင်းမှာ အန္တရာယ်

ကျယ်လောင်လှသည့် ပေါက်ကွဲသံများက ကောင်းကင်တခွင် မရပ်မနား ထွက်ပေါ်နေသည်။ အခြေတည်အဆင့် ကျင့်ကြံသူလေးယောက်က အခြေတည်အဆင့် ကျင့်ကြံသူ ခုနစ်ယောက်နှင့် ပြင်းထန်စွာ တိုက်ပွဲဆင်နွှဲနေသည်။ သူတို့သည် ဆက်တိုက် ရက်စက်ကြမ်းတမ်းစွာ တိုက်ခိုက်နေကြပြီး အနည်းငယ်မှားသွားသည်နှင့် အသက်အန္တရာယ် ဖြစ်သွားနိုင်သည်။

အထူးသဖြင့် အခြေတည်အဆင့် သားရဲ ခုနစ်ကောင်နှင့် ရင်ဆိုင်နေရချိန်၌ ဖြစ်သည်။ ကျင့်ကြံသူလေးယောက်မှာ ရင်ဆိုင်တောင့်ခံထားရန် ရုန်းကန်နေရသော်လည်း မည်သူမျှ နောက်မဆုတ်ကြဘဲ အစွမ်းကုန် အားထုတ်ကာ တိုက်ခိုက်နေကြသည်။ အခြေတည်အဆင့် သားရဲများက အပြင်ခန္ဓာများကိုသာ မှီခိုကြသော်လည်း ကျင့်ကြံသူများက နတ်ဘုရား ရတနာများသာမက မန္တန်အစီအရင်များလည်း အသုံးပြုတိုက်ခိုက်နိုင်သည်။ သူတို့ထဲမှ တစ်ယောက်မှာ သက်လတ်ပိုင်း အမျိုးသား တစ်ဦးဖြစ်ပြီး သတ္တမအဆင့် ဓမ္မလက်နက်တစ်ခုပင် ပိုင်ဆိုင်ထားသေးသည်။

ထိုဓမ္မလက်နက်တစ်ခုတည်းကပင် တစ်ဖက်လူရင်ထဲသို့ ‌လေးစား၊ ကြောက်ရွံ့ခြင်းများ ရိုက်သွင်းနိုင်စွမ်းရှိသည်။

ဓမ္မလက်နက်တစ်ခုမှာ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးအတွက်မူ အလွန်အဖိုးတန်သော ရှားပါးပစ္စည်းတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။ အားလုံးက အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ပါးဟု ညွှန်းဆိုကြပြီး လက်ဝယ်ပိုင်ဆိုင်နိုင်သူ အနည်းငယ်သာ ရှိသည်။ ဓမ္မလက်နက်များကို များသောအားဖြင့် နိုင်ငံရေးအင်အားစုအသီးသီးမှ ထိပ်ဆုံးအဆင့် စစ်သည်တော်များ ဖြစ်ကြသည့် အမြုတေအဆင့် ကျင့်ကြံသူများသာ ကိုင်ဆောင်ကြသည်။

ကောင်းကင်ယံမှ တိုက်ပွဲမှာ ကြမ်းတမ်းခက်ထန်စွာ ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်ပြီး မြေပြင်မှ တိုက်ပွဲ၌ အစုလိုက်အပြုံလိုက် သေဆုံးနေကြသည်။

ခံတပ်မှ တပ်ဖွဲ့ပေါင်း တစ်သိန်းခန့်က မြေပြင်မှ သားရဲလှိုင်းနှင့် ထိပ်တိုက်ရင်ဆိုင်နေကြသည်။ သုတ်သင်မှုများမှာ နှလုံးတုန်စရာ ကောင်းပြီး သေခြင်းတရားက စက္ကန့်တိုင်းတွင် ဖြစ်ပေါ်နေသည်။ အသားစများ ပြဲထွက်ကာ သွေးများ ယိုစီးနေပြီး မြေပြင်တစ်ခုလုံး ရွှဲနစ်နေသည်။

ဧရာမသတ္တဝါကြီးများနှင့် ဘီလူးများမှာလည်း အလွန် ဖြုံစရာကောင်းလှသည်။ ၎င်းတို့ကို များသောအားဖြင့် ကျင့်ကြံသူ အများအပြား စုဝေးပြီးမှသာ သတ်ပစ်နိုင်သဖြင့် ခံတပ်မှာ အခြေအနေ မကောင်းလှပေ။ သူတို့မှာ သိသိသာသာ အရေးနိမ့်နေသည်။

ကံကောင်းထောက်မ၍ သားရဲများ၏ ရိုးရိုး တိုက်ကွက်များနှင့်စာလျှင် ကျင့်ကြံသူများမှာ မန္တန်အစီအရင် ကျင့်ကြံသူ၊ မှော်ဆေးရည် ကျင့်ကြံသူ၊ သားရဲယဉ်ပါးကျင့်ကြံသူများ စသဖြင့် စုံလင်စွာ ရှိနေသည်။ သူတို့သည် တိုက်ပွဲ၌ နှစ်ဖက်ကြားမှ ဟန်ချက်ကို ညီမျှအောင် ထိန်းထားပေးနိုင်ကြသည်။

ကောင်းကင်ယံ အမြင့်ထက်၌ တိုက်နေကြသကဲ့သို့ မြေပြင်၌လည်း တိုက်ခိုက်နေကြသည်။ သူတို့ကြား အလွှာတစ်ခု၌လည်း အလားတူ ပြင်းထန်စွာ တိုက်ခိုက်နေကြသူများ ရှိသည်။

ထိုအလယ်ပိုင်း ဝေဟင်တိုက်ပွဲမှာ မီးနတ်ဘုရား အမြောက်စင်မြင့် အသီးသီး၌ ဖြစ်‌ပေါ်နေကြသည်။ ရန်သူများမှာ ပျံသန်းနိုင်သည့် သားရဲအုပ်ကြီး ဖြစ်ပြီး မြန်ဆန်ကာ ရက်စက်ကြမ်းကြုတ်ကြသည်။ ၎င်းတို့သည် ရှေ့သို့ မနားမနေ ချီတက်လာကြပြီး သေရမည်ကိုလည်း မကြောက်ကြပေ။ ၎င်းတို့၏ တိုက်ကွက်များက အမြောက်များ၏ ပြင်ဆင်မှုကို နှောင့်နှေးစေပြီး အမြောက်များ ပျက်စီးခြင်းကို ပိုမို မြန်ဆန်စေသည်။

မီးနတ်ဘုရား အမြောက်များကို ပြင်ဆင်ရခြင်းမှာ အချိန်ယူရသည့် အလုပ်ဖြစ်သည်။ ထို့အပြင် ကောင်းကင်နှင့် မြေပြင်မှ တိုက်ပွဲများနှင့် အလိုက်သင့် အဆက်မပြတ် ပစ်ခတ်နေရသည်။ သူတို့ ကိုယ်ပိုင် လုံခြုံရေး၊ ခုခံရေးအတွက် အချိန်မရှိကြပေ။ မီးနတ်ဘုရား အမြောက်များအတွက် နောက်ဆုံး ခုခံစစ်ကြောင်းအဖြစ် စင်မြင့်အားလုံး၌ စစ်သည် တစ်ထောင်ခန့် နေရာယူထားကြသည်။

စစ်ပွဲအော်သံများက လေထဲတွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ဆက်တိုက် ထွက်လာနေသည်။ စင်မြင့်များပေါ်၌ ပြင်ဆင်ရန် စောင့်ဆိုင်းနေသည့် အကျိုးအပဲ့ ကမ္ဗည်းစာများနှင့် မီးလက်နက်အမြောက်များမှာ သားရဲအုပ်၏ တိုက်ခိုက်ခြင်းကို ခံနေရသည်။ ၎င်းတို့မှာ ပြင်ဆင်မှုများ ပြီးဆုံးသည်ထိ မစောင့်နိုင်ဘဲ ချက်ချင်း ပျက်စီးသွားကြသည်။

အမြောက်တစ်ခု ပြိုကျသွားသည်နှင့် ၎င်းရှိနေသည့် စင်မြင့်မှာ ချက်ချင်းပင် သားရဲအုပ်၏ တိုက်ခိုက်ခြင်းကို ခံရမည် ဖြစ်သည်။ သားရဲများက သွေးရူးသွေးတန်း သွေးဆာလောင်ကာ ရှေ့တိုးလာကြပြီး သေဆုံးမှုများက မိုးထိုးလာသည်။ သွေးချောင်းစီးနေသည့် တိုက်ပွဲဟုပင် ပြောနိုင်သည်။

ချန်းယွီထုံ၊ ကျိုးဖုန်းဟိုင်၊ စွန်းဖန်၊ တာအိုကျောင်းလေးကျောင်းမှ ဓမ္မလက်နက်ကျင့်ကြံသူများမှာ ဒေါသအိုး ပေါက်ကွဲကုန်ကြပြီး မျက်လုံးများထဲ၌ သွေးကြောများ နီရဲလာသည်။ ပြင်ဆင်ရမည့် အလုပ်များမှာ များလွန်းလှသည်။ သူတို့သည် အတောင်ပံပါ သားရဲများကို ဂရုစိုက်နေရသည့်အပြင် ပြင်ဆင်ခြင်းလုပ်ငန်းကိုလည်း အမြန်လုပ်နေရသောကြောင့် သားရဲများ၏ ပစ်မှတ်ဖြစ်လာသည်။

ထိုအခိုက် ဝမ်ပေါင်လဲ့မှာ မီးနတ်ဘုရား အမြောက်တစ်ခုကို ပစ်နိုင်ရုံ အခြေအနေထိ ပြင်ဆင်ပေးထားပြီး ခုန်‌ပြေးလိုက်သည်။ ထိုစဉ် နာကျင်စွာ အော်ဟစ်လိုက်သံကို ကြားလိုက်ရသည်။ သူက ခေါင်းကို တစ်ဖက်လှည့်ကြည့်လိုက်ရာ ရွှေခေါင်းလောင်းဒိုင်းကာ၏ အကာအကွယ် အလင်းကို ထွင်းဖောက်၍ သူ့ကို စောင့်ရှောက်နေကြသည့် စစ်သည်များကို ကျော်လွန်ကာ ခပ်လှမ်းလှမ်း မဟာမြစ်တာအိုကျောင်းမှ ဓမ္မလက်နက်ကျင့်ကြံသူ တစ်ယောက်ကို တွေ့လိုက်သည်။ သားရဲခုနစ်ကောင်၊ ရှစ်ကောင်ခန့်က သူ၏ နတ်ဘုရား ရတနာ အကာအကွယ်ကို ဖောက်ထွင်းကာ သူ့အား ဆွဲဖြဲလိုက်ကြပြီး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေသည်။

ထူထဲလာသည့် သွေးမြူများကြား မရေမတွက်နိုင်အောင် များပြားလှသည့် သားရဲများက စင်မြင့်ပေါ်သို့ ခုန်တက်လာကြသည်။ ထို့နောက် ဆက်လက်ဖြစ်ပေါ်နေသည့် တိုက်ပွဲ၌ သားရဲများနှင့် စင်မြင့်ပေါ်မှ စစ်သည်ပေါင်း ရာကျော် သေဆုံးသွားကြသည်။

အခြားနေရာ၊ အချိန်ဆိုပါက သိုင်းသမားများက သူတို့ကို ကာကွယ်ပေးကြမည် ဖြစ်သည်။ သို့ရာတွင် ယခု အားလုံးက ကိုယ့်အသက်ကိုယ် မထိခိုက်အောင် တိုက်ခိုက်နေကြရသည်။ ဓမ္မလက်နက်ကျင့်ကြံသူများအတွက် တစ်ခုတည်းသော အကာအကွယ်မှာ ကိုယ်ပိုင် နတ်ဘုရား ရတနာများနှင့် စင်မြင့်တစ်ခုစီပေါ်မှ စစ်သည်တော် တစ်ထောင်ခန့်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့သည်လည်း စစ်သည်တော်များနှင့် ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သည်။ သူတာဝန်ယူထားသည့် မီးနတ်ဘုရားအမြောက်များဆီသို့ ချဉ်းကပ်သွားတိုင်း စစ်သည်တော်များက အမြောက်ဘေးသို့ အုပ်လိုက် ဝန်းရံလာပြီး ခန္ဓာကိုယ်များအား အသားဒိုင်းအဖြစ် အသုံးပြုကာ သားရဲများရန်မှ ကာကွယ်ပေးသည်။

သူ၏ ရွှေခေါင်းလောင်းဒိုင်းကာမှာလည်း ယခုအချိန်၌ အသုံးဝင်ကြောင်း ပြသနေပြီး သူတာဝန်ယူထားသည့် စင်မြင့်များ၌ ၎င်းဒိုင်း ဆယ်ခုကျော်အား ပစ်ပေါက် အသုံးပြုနေရသည်။

အခြားသော ဓမ္မလက်နက်ကျင့်ကြံသူများကလည်း အလားတူပင် ဖြစ်သည်။ သူတို့က သုံးရသမျှ ဓမ္မလက်နက်အဆောင်အားလုံးကို ထုတ်လိုက်ကြသည်။ ဝမ်ပေါင်လဲ့မှာ သူ ဖန်တီးထားသည့် ဓမ္မအဆောင်များအား သူ့ကို စောင့်ရှောက်ပေးနေကြသည့် စစ်သည်များထံ ဖြန့်ဝေပေးကာ တိုက်ပွဲစွမ်းရည်များ တိုးမြှင့်ပေးခဲ့သည်။

ထိုသို့ မျိုးစုံလုပ်နေသည့်တိုင် သေဆုံးခြင်းကိုမူ ရှောင်လွဲ၍ မရပေ။ ကောင်းကင်၌ တောင်ပံပါ သားရဲများသည် မည်းမှောင်နေသည့် တိမ်တိုက်မုန်တိုင်းတစ်ခုအလား စုဝေးကာ အကောင်ရေမည်မျှရှိကြောင်း ‌ရေတွက်၍ပင် မရနိုင်အောင် များပြားနေသည်။ ထိုသားရဲအုပ်ထဲမှ အာနာပါနအဆင့်သားရဲများက ဆယ်ယောက်အုပ်စုဖွဲ့နေကြသဖြင့် အင်အားမှာ ခန့်မှန်း၍ပင် မရချေ။

ဝမ်ပေါင်လဲ့က ခြင်များကို လွှတ်ထားခဲ့သော်လည်း သားရဲအုပ်စုထဲ၌ ၎င်းတို့မှာ သမုဒ္ဒရာကျယ်ကြီးထဲမှ ရေတစ်စက်သာ ဖြစ်နေပြီး အသက်ရှင်နေရုံသာ ရှိသည်။

စစ်မြေပြင်၌ ထွက်ပေါ်လာနေသည့် အန္တရာယ်များက အတောမသတ်ပေ။ ဓမ္မလက်နက်ကျင့်ကြံသူများ၏ ပြင်ဆင်ချက်များ ပြုလုပ်နေသည့်တိုင် မီးနတ်ဘုရား အမြောက်များမှာ ဆက်တိုက် ပျက်စီးလာနေပြီး ၎င်းနောက်တွင် သေဆုံးခြင်းများ အတူတွဲပါလာသည်။

ထိုအခိုက် ဝမ်ပေါင်လဲ့မှာ မီးနတ်ဘုရား အမြောက်တစ်ခုပေါ်၌ ပြင်ဆင်ချက်များ ပြီးခါစဖြစ်သည်။ အခြေတည်အဆင့် သားရဲများနှင့် တိုက်ခိုက်နေသည့် အခြေတည်အဆင့် ကျင့်ကြံသူများနှင့် အလိုက်သင့် ချိန်ညှိကာ အမြောက်က လေထဲသို့ ဖောက်ထွက်သွားသည့် အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်သည်။ အမြောက်တစ်ခုလုံး တုန်ခါသွားပြီးနောက် ပျက်စီးသွားလေသည်။

ဝေဟင် အလယ်ပိုင်း၌ အာနာပါနအဆင့် သားရဲပျံကိုးကောင်က အမြောက်ပျက်စီးခြင်းကို အခွင့်ကောင်းယူ၍ ဝင်တိုက်ကြသည်။ ၎င်းတို့က ရှေးဟောင်းသိုင်းအဆင့် သားရဲပျံများကို ဦးဆောင်ကာ ထိုးတက်လာကြပြီး ရွှေခေါင်းလောင်း ဒိုင်းကာကို တည့်တည့် ဝင်တိုက်လိုက်ကြသည်။

ကျယ်လောင်စွာ မြည်ဟီးသံကြီး လေထဲတွင် ပျံ့လွင့်လာပြီး သားရဲပျံများမှာ နောက်သို့ လွင့်စင်သွားကြသည်။ ရွှေခေါင်းလောင်းဒိုင်းမှာလည်း တုန်ခါသွားသည်။ သို့သော် အရည်အသွေးကောင်းမွန်လှသည့် ပစ္စည်းဖြစ်သည့်အပြင် တစ်ခုတည်းမဟုတ်၊ အရေအတွက် များပြားလှသည်။ သို့ဖြင့် ဒိုင်းမှာ အက်ကြောင်းတစ်ခုပင် မထင်ပေ။

“ သွားစမ်း ”
ဝမ်ပေါင်လဲ့က အ‌လောတကြီး အော်ဟစ်ကာ စင်မြင့်‌‌ပေါ်မှ စစ်သည်တော်များနှင့်အတူ အမြန် နောက်ဆုတ်လိုက်ကြသည်။ သားရဲများက သူတို့ကို ဆုတ်ခွာရန် အခွင့်အရေးမပေးဘဲ နောက်တစ်ကြိမ် ထိုးဝင်လာကြသည်။ သွေးဆာနေသည့် အငွေ့အသက်များ ဝမ်ပေါင်လဲ့ဆီမှ ထွက်လာပြီး အော်ဟစ်ကြိမ်းဝါးလိုက်သည်။

“ နောက်စင်မြင့်ပေါ်မှာ ငါ့ကို စောင့်နေကြ ”
သူက ပြောလိုက်ပြီး ရွှေခေါင်းလောင်းဒိုင်း၏ အကာအကွယ်ဒိုင်းမှ အမြန်ပေးထွက်လိုက်သည်။ သူသည် သင်္ဘောပျံပေါ်သို့ ခုန်တက်လိုက်ပြီး လက်အိတ်ဝတ်ညာလက်ကို လက်သီးဆုပ်၍ ထိုးချလိုက်သည်။

ဝိညာဉ်ချီက ရစ်ခွေဝင်ရောက်လာပြီး လေမုန်တိုင်းတစ်ခုအဖြစ် စုဝေးကာ ပြန်ထွက်လာသည်။ မုန်တိုင်း ဖြတ်သွားသည့် နေရာများ၌ သားရဲများက နာကျင်စွာ ‌အော်ဟစ်ကာ အပိုင်းပိုင်း အစစ ဖြစ်သွားကြသည်။

ဝမ်‌ပေါင်လဲ့က ခြေလှမ်းများ ရပ်သွားခြင်းမရှိဘဲ လက်သီးချက်ထိုးပြီးနောက် ချက်ချင်း လက်ဟန်ဖော်လိုက်သည်။ လေလှိုင်းအလွှာများ ထွက်ပေါ်လာပြီး ဓါးပျံများက မြစ်တစ်စင်းအလား သူ့ခန္ဓာကိုယ်ထဲမှ ထွက်လာသည်။

ထိုခဏလေးတွင် ကောင်းကင်မှ အနီရဲရဲ သွေးစက်များ မိုးရွာသည့်အလား ကျဆင်းလာသည်။ ဝမ်ပေါင်လဲ့၏ လက်မောင်းများမှာ သွေးရောင်များ စွန်းထင်းနေပြီး ဘေးမှ သားရဲများ နောက်ဆုတ်သွားသည်ကို ကြည့်နေသည်။ ရုတ်တရက် သူ မျက်နှာပျက်သွားပြီး အမြန် လက်ဟန်ဖော်လိုက်သည်။ သူ့ဘေးတွင် ရုတ်တရက် မြူခိုးများ ပေါ်လာပြီး ချာခနဲ တစ်ပတ်လှည့်လိုက်သည်။ ဘယ်လက်က နောက်ကျောဘက်သို့ ဆောင့်ထိုးလိုက်ပြီး တင်းကြပ်စွာ ဆွဲဆုပ်လိုက်သည်။

“ မင်းတို့က ဘိုးဘိုးကို အလစ်ဖမ်းပြီး တိုက်ကြမလို့လား”

ဝုန်းခနဲအသံနှင့်အတူ တိမ်လက်ချောင်း တပ်ဆင်ထားသည့် ဝမ်ပေါင်လဲ့ လက်မှာ သူ့ကို ခြုံခို တိုက်ခိုက်ရန် ချောင်းနေသည့် အာနာပါနအဆင့် သားရဲတစ်ကောင်၏ လည်ချောင်းကို ဖမ်းဆုပ်လိုက်ရာ ထိမိသည့် တခဏတွင် ပေါက်ကွဲသွားလေသည်။

အနီရောင်တောက်တောက် သွေးများ ပန်းထွက်လာသည်။ ဝမ်ပေါင်လဲ့က အချိန်ဆွဲမနေဘဲ အမြန် နောက်ဆုတ်ကာ သူ့ကို စိတ်ပူနေကြသည့် ရွှေခေါင်းလောင်းဒိုင်းထဲမှ စစ်သည်များကို အမီလိုက်သွားသည်။ မီသွားသည်နှင့် ခံတပ်ဆီသို့ သုတ်ခြေတင်ကြတော့သည်။

စစ်သည်တော်များမှာ ပြန်လည် အုပ်စုဖွဲ့ခြင်း သို့မဟုတ် နားနေခြင်းများ မလုပ်ကြတော့ဘဲ အခြားသော မီးနတ်ဘုရား အမြောက်များရှိရာသို့ ထွက်ခွာလာခဲ့ကြသည်။ ဝမ်ပေါင်လဲ့မှာလည်း ‌ဟောဟဲဆိုက်နေပြီး ဆေးလုံးတစ်လုံး ထုတ်ယူကာ မျိုချလိုက်သည်။ သူသည် ဆေးလုံး အရည်ပျော်မည်ကိုပင် မစောင့်ဘဲ လှစ်ခနဲ ပြေးကာ သင်္ဘောပျံပေါ်တက်ပြီး ထွက်ခွာလာသည်။

ကောင်းကင်မှ တိုက်ပွဲကလည်း အရှိန်ကောင်းနေဆဲ ဖြစ်သည်။ ဝေဟင် အလယ်ပိုင်း၌ တောင်ပံပါ သားရဲများက သားရဲများ အော်ဟစ်ညည်းညူနေကြသည့် မြေပြင်တစ်ခုလုံးကို အရိပ်များ ဖုံးလွှမ်းထားသည်။ ကမ္ဘာဦးတောရိုင်း စစ်မြေပြင်မှာ မျက်စိတဆုံး ကျယ်ပြောလှသည်။

နေရာတိုင်း၌ အန္တရာယ်ရှိနေပြီး ခြေလှမ်းတိုင်း၌ သေမင်းအငွေ့အသက်များ ဖုံးလွှမ်းနေသည်။ ဝမ်ပေါင်လဲ့က အံတင်းတင်းကြိတ်ပြီး မျက်လုံးထဲ၌ ရူးသွပ်သွားတော့မည့် အမူအရာများ ထင်ဟပ်နေသည်။ သူ့တာဝန်ကို သူမမေ့ပေ။ သူ၏
မီးနတ်ဘုရားအမြောက်သုံးခု ပျက်စီးသွားသော်လည်း လည်ပတ်နိုင်သေးသည့် ‌အမြောက်ခုနစ်ခု ရှိသေးသည်။

သူတို့အားလုံးမှာ တောင့်ခံကာ တိုက်နေကြဆဲ ဖြစ်သည်။ တစ်ယောက်မှ သူရဲဘောကြောင်ခြင်း၊ တိုက်ပွဲမှ ဆုတ်ခွာခြင်း မရှိကြပေ။

သူတို့မှာ မကြောက်၍မဟုတ်၊ အချို့အရာများမှာ အကြောက်တရားကို ဂရုမစိုက်ဘဲ လုပ်ဆောင်ရမည် ဖြစ်သည်။

သူတို့မှာ သေခြင်းတရားကို မကြောက်ခြင်းမဟုတ်ပေ။ အတွေးတစ်ချက်မျှပင် အာရုံလွှဲမရသည့် စစ်မြေပြင်၌ ရောက်နေပြီး အကြောက်အလန့် မရှိဟု ပြောလျှင် လွန်ရာကျပေမည်။ သို့သော် ထိုသို့ ကြောက်လန့်ကြသူ အများစုမှာမူ သေဆုံးသွားကြရသည်။

ဝမ်ပေါင်လဲ့သည် သူ့ရှေ့မှ မြင်ကွင်းကြောင့် သွေးကြောထဲ၌ မီးတောက်များ စီးဆင်းနေသည်ဟု ခံစားရသည်။ သူ့မျက်လုံးများထဲမှ ရူးသွပ်ခြင်းမှာ ပို၍ နက်နဲလာသည်။ သူသည် သားရဲများ၏ လက်သည်းချက်ကြောင့် ရှရာများ ထင်နေသည့် သင်္ဘောပျံထဲ၌ ရပ်နေပြီး နောက်ထပ် မီးနတ်ဘုရား အမြောက်စင်မြင့်တစ်ခုဆီသို့ တဟုန်ထိုး လာလေသည်။

ထိုအခိုက်အတန့်၌ ဦးရေပြားမှ ကျဉ်ခနဲ ခံစားလိုက်ရပြီး စဉ်းစားခြင်းမရှိ သင်္ဘောပျံပေါ်မှ ခုန်ဆင်းလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်းသစ်စေ့က တမုဟုတ်ချင်း အသက်ဝင်လာပြီး ခံတပ်နံရံ တစ်ဖက်ခြမ်းအား ဝုန်းခနဲ ဆွဲကပ်လိုက်သည်။ သင်္ဘောပျံမှာ လူမပါဘဲ လွတ်ထွက်သွားသည်။

ထိုသို့ ဝမ်ပေါင်လဲ့ ရှောင်လိုက်စဉ် အနက်ရောင်အလင်းတန်း ဆယ်တန်းကျော်က အခြေတည်အဆင့် ကျင့်ကြံသူလေးယောက်နှင့် အခြေတည်အဆင့် သားရဲများ တိုက်ခိုက်နေသည့် ခပ်လှမ်းလှမ်း ကောင်းကင်ယံထက်မှ ထွက်ပေါ်လာသည်။

မည်သည့်သားရဲက တိုက်ခိုက်သည်ဟု မပြောနိုင်သော်လည်း အနက်ရောင် အလင်းတန်းများက ခံတပ်ဆီ ဦးတည်လာနေပြီး ၎င်းတို့၏ ဦးတည်ချက်မှာ မီးနတ်ဘုရား အမြောက်များ မဟုတ်ဘဲ ဓမ္မလက်နက်ကျင့်ကြံသူများကို ပစ်ခတ်ခြင်း ဖြစ်သည်။

အနက်ရောင် အလင်းတန်းများက အလွန်လျင်မြန်စွာ ဖြတ်ပြေးသွားသည်။ မျက်စိတစ်မှိတ်အတွင်း ဝင်ရောက်လာကြပြီး ချက်ချင်းပင် အလင်းတန်းတစ်ခုစီက အာနာပါနအဆင့် ကျင့်ကြံသူတစ်ဦးဆီကို နဖူးတည့်တည့် ထိုးဖောက်သွားကာ ဦးခေါင်းကို နှစ်ခြမ်းခွဲပြီး ခန္ဓာကိုယ်သာမက ဝိညာဉ်ပါ ဖျက်ဆီးပစ်လိုက်သည်။

ချန်းယွီထုံမှာ သူ၏ အထွတ်အထိပ် အာနာပါနအဆင့်နှင့် အဆင့်သုံးအထက် နတ်ဘုရားရတနာ ဆယ်ခုနီးပါး အသုံးပြုပြီးမှ ထိုအလင်းတန်းများကို မနည်းခုခံလိုက်ရသည်။ သို့တိုင်အောင် သူ့နှုတ်ခမ်းမှ သွေးများ စီးကျလာသည်။

ဝမ်ပေါင်လဲ့အတွက်မှာမူ သူ၏ သင်္ဘောပျံမှာ သူခုန်ဆင်းလိုက်သည့် တခဏတွင် အလင်းတန်းနှင့် ထိခတ်သွားသည်။ သင်္ဘောပျံ ပေါက်ကွဲသွားသည်နှင့် အလင်းတန်းမှာ ဦးတည်ချက်ပြောင်းသွားပြီး သူ့ဆီ ဝင်လာသည်။ ဝမ်ပေါင်လဲ့၏ ဝါးမျိုခြင်းသစ်စေ့ကြောင့် သာမန်အားဖြင့် မဖြစ်နိုင်သည့် ရှုထောင့်မျိုးမှ နောက်ဆုတ်ကာ ခံတပ်နံရံပေါ်သို့ တွယ်ကပ်ပြီး အနက်ရောင်အလင်းကို ဒုတိယအကြိမ် ရှောင်ရှားနိုင်ခဲ့သည်။

တိုက်ပွဲမှ ပေါက်ကွဲမှုများ အကြားတွင် အနက်ရောင် အလင်းတန်းက ဝမ်ပေါင်လဲ့ဘေး ထိလုထိခင် အခြေအနေမှ ဖြတ်ပြေးသွားပြီး သူ့အောက်မှ မြေပြင်အား နားကွဲလောက်သည့် အသံမျိုးဖြင့် ရိုက်ခတ်သွားသည်။ ဝမ်ပေါင်လဲ့မှာ အသက်ကို မနည်းရှူနေရပြီး အလန့်တကြား ခေါင်းမော့ကြည့်လိုက်သည်။

ကောင်းကင်ယံရှိ အခြေတည်အဆင့် ကျင့်ကြံသူများ တိုက်ခိုက်နေရာ၌ မည်းမှောင်နေကာ ချီလင် နှင့် ဆင်တူသည့် သားရဲတစ်ကောင်က သူနှင့် ချန်းယွီထုံအား အေးစက်စက် စိုက်ကြည့်နေသည်။

သူတို့နှစ်ဦးတည်းသာ များပြားလှသည့် အနက်ရောင် အလင်းတန်းများထံမှ အသက်အန္တရာယ် လွတ်အောင် ရှောင်ရှားနိုင်ခဲ့သည်။ ဝမ်ပေါင်လဲ့မှာမူ အစကတည်းက တိုက်ကွက်ကို ကာကွယ်ခြင်းထက် ပိုခက်ခဲသည့် ရှောင်ရှားခြင်းကို လုပ်နိုင်ခဲ့သည်။ အခြေတည်အဆင့် သားရဲများမှာ ထိုသို့ဖြစ်လာမည်ကို မထင်ထားခဲ့ကြပေ။

မည်သို့ပင်ဖြစ်စေ ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့်အရ တိုက်ကွက်ကို ရှောင်ရှားရန် မဖြစ်နိုင်ပေ။ သို့ရာတွင် ဝမ်ပေါင်လဲ့မှာ သူ့ခြင်များမှ ရရှိနေသည့် အမြင်အာရုံများကြောင့် တိုက်ကွက်ကို ကြိုမြင်ကာ သတိထားနိုင်ခဲ့သည်။ ဝါးမျိုခြင်းသစ်စေ့လည်း ရှိနေသောကြောင့် ကျင့်ကြံခြင်းအဆင့်အရ မပျံနိုင်သေးသော်လည်း အတိုင်းအတာတစ်ခုအထိ ပျံသန်းခြင်းကို တုပနိုင်ခဲ့သည်။ ဤသည်မှာ မထင်ထားကြသည့် သူ့လွတ်မြောက်မှု၏ ဝှက်ဖဲဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ နှလုံးခုန်နှုန်းများ ဝုန်းဒိုင်းကြဲသွားသည်။ အသက်အန္တရာယ် နီးလာသည်နှင့်အမျှ နဖူးမှ ချွေးသီးချွေးပေါက်များ ကျလာသည်။ သူ့မှာ စဉ်းစားနေရန် အချိန်မရှိပေ။ ပေါက်ကွဲသံများနှင့် နာကျင်စွာ အော်ဟစ်သံများ သူ့နားထဲတွင် မနားတမ်း ကြားနေရသည်။

အနက်ရောင် အလင်းတန်းများ ပေါ်ထွက်လာခြင်းနှင့်အတူ ဓမ္မလက်နက်ကျင့်ကြံသူများ၏ သေဆုံးခြင်းများက မီးနတ်ဘုရား အမြောက်များ ပြင်ဆင်ခြင်းကို နှောင့်နှေးသွားစေသည်။ မီးနတ်ဘုရားအမြောက်များမှာ ပစ်နိုင်ရုံ အခြေအနေသာ ရှိနေသော်လည်း ယခု တိုက်ခိုက်မှုအပြီး၌ အတော်များများ သုံးမရအောင် ပျက်စီးကုန်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset