Switch Mode

အခန်း ( ၁၇၇ )

ချီဟန့်တား အသံလှိုင်းများ

ဝမ်ပေါင်လဲ့သည် လူသား ရှင်သန်ရေးအတွက် တိုက်ပွဲဝင်နေကြသည့် သတ္တမမြောက် ခံစစ်ကြောင်းထဲမှ အသေးစား ခံတပ်တစ်ခုထဲတွင် ရှိနေသည်။ သူသည် တိုက်ပွဲကို ညွှန်ကြား အမိန့်ပေးနိုင်သည့် အာဏာမျိုး မရှိသည့်အပြင် အစွမ်းထက် ကျင့်ကြံခြင်း အဆင့်များလည်း မရှိပေ။ သူသည် အခြေအနေတစ်ခုတွင် သာမန် မထူးခြားလှသည့် အာနာပါန ကျင့်ကြံသူတစ်ယောက်သာ ဖြစ်နေသည်။

သူသည်လည်း ကြောက်လန့်လွန်းလှသဖြင့် ထိန်းမရနိုင်အောင် တစ်ကိုယ်လုံး တုန်လှုပ်နေသည်။ သို့ရာတွင် သူ့ဘေးမှ ရှေးဟောင်းသိုင်းအဆင့် စစ်သည်တော်များမှာမူ ဆက်လက် တိုက်ပွဲဝင်နေကြဆဲ ဖြစ်သည်။ ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူသည် အဘယ်သို့ တိုက်ပွဲကို စွန့်ခွာ ထွက်ပြေးနိုင်ပါမည်နည်း။

“ တိုက်ကြမယ်”
ဝမ်ပေါင်လဲ့က စိတ်ဆုံးဖြတ်လိုက်သည်။ သူသည် တိမ်ရေကန် မိုးသစ်တောသို့ ပြန်လည် ရောက်ရှိသွားသည့်အလား ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်ထဲမှ လူသတ်ငွေ့များ လှိုင်းထလာသည်။ သူသည် လေထဲသို့ ခုန်လိုက်ပြီး သင်္ဘောပျံပေါ်သို့ တက်လိုက်ကာ သူကိုယ်တွယ်နေရသည့် မီးနတ်ဘုရား အမြောက်ဆယ်ခုအကြား လူးလာပျံသန်းနေတော့သည်။ သူသည် မနားမနေ အမြောက်များကို စစ်ဆေး၍ ပြင်ဆင်မှုများ ပြုလုပ်ကာ ကောင်းမွန်စွာ လည်ပတ်နေကြောင်း သေချာစေသည်။ ထိုစဉ် ခံတပ်အပြင်ဘက်တွင် မရေမတွက်နိုင်သည့် သားရဲလှိုင်းများ ပေတစ်သောင်း အဝန်းအဝိုင်းထဲသို့ ကျယ်လောင်စွာ အော်ြမည်ကာ တဟုန်ထိုး ပြေးဝင်လာကြသည်။ မုတ်ဆိတ်ထူ ခေါင်းဆောင်ကြီးကလည်း သူတို့ ဝင်ရောက်လာသည်ကို စောင့်ကြည့်နေရင်း ဒေါသစိတ်ကြောင့် မျက်လုံးများ နီရဲလာသည်။ သူသည် ညာလက်ကို မြှောက်ကာ ကြမ်းတမ်းစွာ ဝှေ့ယမ်းလိုက်သည်။

“ မန္တန်အစီအရင်”
မိုးခြိမ်းသံကဲ့သို့ အော်မြည်သံကြီး ထွက်ပေါ်လာသည်။ ခံတပ်ကို ဝိုင်းထားသည့် ပေတစ်သောင်းဧရိယာအတွင်း မန္တန်အစီအရင်တစ်ခု ဖြစ်တည်လာသည်။ တာအိုကျောင်းလေးကျောင်းမှ မန္တန်အစီအရင် ကျင့်ကြံသူများ၊ စစ်တပ်မှ မန္တန်အစီအရင် သခင်များ အတူတကွ မြေအောက်တွင် မြှုပ်နှံထားသည့် မန္တန်အစီအရင်စွမ်းအားကို အသက်သွင်းခဲ့ကြသည်။ တခဏအတွင်း ဝိညာဉ်ချီက ထိုနေရာတစ်ဝိုက် မိုးထိအောင် မြင့်တက်သွားသည်။ မန္တန်အစီအရင် အလင်းရောင်မှာလည်း မျက်စိကျိန်းသည်အထိ တောက်ပ လင်းလက်လာသည်။

မမြင်ရသည့် တောင်တန်းအားများက ရုတ်တရက် နိမ့်ဆင်းလာပြီး ပေတစ်သောင်း ဧရိယာတစ်ခုလုံးအား အရိပ်မိုးသွားစေသည့် အားပြင်းတစ်ခုအဖြစ် အသွင်ပြောင်းသွားသည်။

သားရဲများမှာလည်း ပေတစ်သောင်းဧရိယာအတွင်း မိုးခြိမ်းသံကဲ့သို့ အသံကျယ်များ၊ မန္တန်အစီအရင်၏ အလင်းရောင်တောက်တောက်ထဲသို့ တဟုန်ထိုး ပြေးဝင်လာကြရာ မြေပြိုသည့်အလား တအိအိ ပြိုဆင်းသွားကြသည်။ သူတို့၏ လှုပ်ရှားမှုများမှာ တွားသွားနေသည့်အလား အရှိန်ကျသွားသည်။ အသက်ရှင်ရန် ရုန်းကန်တိုက်ခိုက်နေစဉ် ဒေါသတကြီး ဟိန်းဟောက်နေကြသော်လည်း အချည်းနှီးပင် ဖြစ်သည်။

သားရဲများ မန္တန်အစီအရင်ကြောင့် အရှိန်နှေးသွားစဉ် ခံတပ်ထဲမှ ဓါးမိုးများ အဆက်မပြတ် ရွာကျလာသည်။ ၎င်းတို့မှာ ကျောင်းများမှ သိုင်းသမားများ၊ စစ်တပ်မှ ကျင့်ကြံသူများ ပါဝင်သည့် ဓါးပျံတပ်ဖွဲ့ပိုင်ဆိုင်သည့် ဓါးများ ဖြစ်ကြသည်။ ဓါးပျံများသည် ပေတစ်သောင်း ဧရိယာအတွင်း တည့်တည့် ဝင်သွားကြကာ ဖြတ်လာသမျှ အရာအားလုံးကို ခုတ်ပိုင်းပစ်သည်။

ဓါးပျံများသည် တစ်လက်နှင့်တစ်လက် ယှက်နွယ် ပျံသန်းနေကြပြီး ဓါးကွန်ရက်တစ်ခု ဖြစ်ပေါ်နေသည်။ ရုတ်တရက် နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာပြီး လတ်လတ်ဆတ်ဆတ် ထွက်ကျလာသည့် သွေးညှီနံ့များ လေထဲတွင် ပြည့်နှက်သွားသည်။ ခံတပ်ပြင်ပမှ မြေပြင်မှာ သွေးချင်းချင်းနီရဲနေသည်။ ဝေးဝေးမှကြည့်လျှင် အသားများ၊ သွေးများနှင့် ပြုလုပ်ထားသည့် ကော်ဇောတစ်ချပ်အလား ထင်ရသည်။

သွေးနှင့် ရက်စက်ကြမ်းတမ်းမှုများက လေထဲတွင် ပျံလွင့်နေသည်။ အခြားနေရာသာ ဖြစ်ပါက ဤအနံ့ကြောင့် အန်ထွက်နိုင်သည်။ သို့သော် စစ်မြေပြင်၌ သွေးညှီနံ့သည် သားရဲများကို သွေးဆာကာ လူသတ်ချင်စိတ် ပိုဖြစ်စေသည်။

မန္တန်အစီအရင်နှင့် ဓါးပျံများ ပေါင်းစည်းတိုက်ခိုက်ခြင်းကြောင့် ပေတစ်သောင်း ဧရိယာမှာ သားရဲကင်းမဲ့ဇုန် ဖြစ်သွားလေသည်။ မီးနတ်ဘုရားအမြောက်များကို အလျင်အမြန် ပြင်ပြီး နောက်တစ်ကြိမ် စတင်ပစ်ခတ်ရသည်။ သူတို့၏ ဦးတည်ချက်မှာ ပေတစ်သောင်းအလွန်မှ သားရဲများဖြစ်သည်။

ပေတစ်သောင်း ဧရိယာအတွင်း၊အပြင် နှစ်နေရာလုံးမှာ အရှင်လတ်လတ် ငရဲပြည်များအဖြစ် ပြောင်းလဲသွားကြသည်။ အော်ဟစ်မြည်တမ်းနေသည့် သားရဲများမှာ အုံလိုက်ကျင်းလိုက် အပိုင်းပိုင်း အစစများ ဖြစ်သွားကြသည်။

ထိုသားရဲများ ပျက်စီးသေဆုံးကြသည့် မြင်ကွင်းမှာ လူသားများကို ဝမ်းမြောက် အားတက်မသွားစေပေ။ ခေါင်းမော့၍ အဝေးမှ ကမ္ဘာဦးတောရိုင်းများကို လှမ်းကြည့်လိုက်လျှင် ကောင်းကင်နှင့် မြေပြင်ကြား၌ မိုးကုပ်စက်ဝိုင်းအထိ ကျယ်ပြန့်နေသည့် သားရဲလှိုင်းများစွာကို သမုဒ္ဒရာကဲ့သို့ အဆုံးမရှိ မြင်နေရသည်။

ထိုမြင်ကွင်းမှာ လူတိုင်း၏ နှလုံးသားကို လေးလံသွားစေသည်။

မုတ်ဆိတ်ထူ ခေါင်းဆောင်ကြီးက ထိုမြင်ကွင်းကို ကြည့်ကာ အသက်ပြင်းပြင်းရှိုက်လိုက်သည်။ ထို့နောက် သူ့အသံက ခံတပ်တစ်ခုလုံး ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။

“ တာအိုကျောင်းလေးကျောင်း ညီအစ်ကို၊ မိတ်ဆွေတို့၊ မကြောက်ကြပါနဲ့။ ငါ၊ အဘိုးကျန်းက ဒီခံတပ်မှာ စောင့်နေတာ ဆယ်နှစ်ရှိခဲ့ပြီ။ ငါ သားရဲလှိုင်းအများကြီးကို ကြုံတွေ့ရင်ဆိုင်ခဲ့ရပြီးပြီ။ ဒီသားရဲလှိုင်းက ကြီးချင် ကြီးမယ်။ ဒါပေမဲ့ ငါ့ရဲ့ အတွေ့အကြုံအရတော့ ငါတို့ ဒီလှိုင်းကိုသာ တောင့်ခံနိုင်မယ်ဆို သားရဲလှိုင်းက အရှိန်လျော့ပြီး ကျသွားမှာ”

မုတ်ဆိတ်ထူ ခေါင်းဆောင်ကြီးမှာ လူအုပ်ကို နှိုးဆော်ရာ၌ ကျွမ်းကျင်ခြင်း မရှိသည်မှာ အသေအချာဖြစ်သည်။ သို့တိုင်အောင် ယခုအချိန်မျိုး၌ သူ့စကားလုံးများမှာ လူအများအတွက် အားတက်ကာ မျက်လုံးများထဲ၌ မျှော်လင့်ချက် ရောင်ခြည်များ သမ်း‌စေသည်။

ဝမ်ပေါင်လဲ့ကလည်း အသက်ကို တဝကြီး ရှူလိုက်သည်။ သူသည် ယခုကဲ့သို့ အချိန်မျိုး၌ မျှော်လင့်ချက်မှာ တန်ဖိုးကြီး အရာတစ်ခု ဖြစ်ကြောင်း သိထားသည်။ သူသည် တိတ်ဆိတ်စွာဖြင့် မီးနတ်ဘုရားအမြောက်များအကြား လျင်မြန်စွာ ကူးသန်းသွားလာကာ အလုပ်ဆက်လုပ်နေသည်။

ဤစစ်မြေပြင်၌ သူ့ကြိုးပမ်းမှုများမှာ မပြောပလောက်သည်ကို နားလည်နေသည်။ သူတတ်နိုင်သည်မှာ သူဂရုစိုက်နေရသည့် မီးနတ်ဘုရားအမြောက်များ ဖျက်ဆီးနိုင်စွမ်း မကျနေရန် ထိန်းသိမ်းသည့် အလုပ်တစ်ခုသာ ရှိတော့သည်။

တိုက်ပွဲမှာ ဆက်လက်ဖြစ်ပေါ်နေသည်။ မြေပြင်တစ်ခုလုံး တုန်ဟီးကာ တောင်တန်းများ ခါယမ်းသွားကြသည်။ ဖြည်းဖြည်းချင်း အချိန် တစ်နာရီ ကုန်ဆုံးသွားသည်။ သာမန်နေ့တစ်နေ့၌ လျင်မြန်စွာ ကုန်ဆုံးသွားသည့် အချိန်မှာ စစ်မြေပြင်၌ တရွေ့ရွေ့ ကြာမြင့်နေသည်။

သားရဲလှိုင်းမှာ ညှာတာခြင်းမရှိ၊ ရက်စက်လှပြီး အရေအတွက်မှာ မရေနိုင်လောက်အောင် များပြားလှသည်။ သို့ရာတွင် မန္တန်အစီအရင်၊ ဓါးတန်းကြီး၏ ဖျက်ဆီးအားနှင့် မီးနတ်ဘုရား အမြောက်တို့ကြောင့် နှစ်ဖက်မှာ သရေကျလုနီးနီး အခြေအနေသို့ ရောက်လာသည်။

တစ်သုတ်ပြီးတစ်သုတ် အစုလိုက်၊ အပြုံလိုက် သေဆုံးမှုများ ရှိနေသည့်တိုင် သားရဲပေါင်းများစွာတို့က ရှေ့ဆက်တိုးလာနေဆဲ ဖြစ်သည်။ သို့သော် ပေတစ်သောင်း အကွာအဝေးကို ကျော်ကာ မသွားနိုင်ကြပေ။ သားရဲများမှာ မီးနတ်ဘုရား အမြောက်များကို ကံကောင်းထောက်မစွာ ရှောင်နိုင်သည့်တိုင် မန္တန်အစီအရင်၊ ဓါးပျံများ၏ သုတ်သင်ခြင်းကို ခံရမည် ဖြစ်သည်။

“ ဒီလိုသာ ဆက်သွားနေရင် သားရဲဘက်ခြမ်းက ခံနိုင်ရည် မရှိလောက်တော့ဘူး….”
ဝမ်‌ပေါင်လဲ့၏မျက်နှာမှာ လေးနက်တည်ငြိမ်သည့် အသွင်ရှိနေသည်။ သူသည် မီးနတ်ဘုရား အမြောက်များကို ဆက်ပြင်နေစဉ် ခေါင်းမော့ကာ အဝေးမှ လေမုန်တိုင်းနှင့် ယခုထိ တိုက်ခိုက်ရန် မလှုပ်ရှားသေးသည့် အခြေတည်အဆင့် သားရဲ ခုနစ်ကောင်တို့ကို ငေးကြည့်လိုက်သည်။

သူ့မျက်လုံးများက မုန်တိုင်းများဆီ ရောက်သွားချိန်တွင် အပ်ပေါက်အလား မှေးကျဉ်းသွားသည်။ လေမုန်တိုင်းက ကျယ်ပြန့်လာပြီး ရုတ်တရက် တိမ်တိုက် လှိုင်းလုံးများ လိမ့်တက်လာသည်ကို တွေ့လိုက်ရသည်။ ထိုစဉ် လေမုန်တိုင်း ဗဟိုချက်မှ တစ်ခုခု ပျံထွက်လာသည်….

“ ဧရာမ လင်းနို့ကြီး ”

လင်းနို့ကြီးမှာ တစ်ကိုယ်လုံး ခရမ်းရောင် ဖြစ်ပြီး မျက်လုံးများမှာ အေးခဲရက်စက်သည့် အရိပ်ယောင်များ ပြည့်နှက်နေသည်။ ၎င်းက မုန်တိုင်း ဗဟိုချက်မှ အစွန်းဘက်သို့ ပျံသန်းလာပြီး အခြေတည်အဆင့် သားရဲခုနစ်ကောင်က ကာကွယ်ပေးသည့်အနေဖြင့် ဘေးမှ လျင်မြန်စွာ ဝန်းရံလိုက်ကြသည်။

ထိုလင်းနို့ပေါ်လာခြင်းကြောင့် လူအတော်များများ အသည်းခိုက်အောင် တုန်လှုပ်သွားကြသည်။ ဝမ်ပေါင်လဲ့သည်ပင် လင်းနို့ကို မြင်လိုက်ရပြီးနောက် အသက်ရှူသံများ မြန်လာပြီး နားထဲမှ တဝီဝီအသံများ ကြားနေရသည်။

အားလုံးမှာ ဟန်ချက်ပျက်သွားကြစဉ် လင်းနို့ကြီးက ကြမ်းကြုတ်သည့် အမူအရာဖြင့် ပါးစပ်ကို ကျယ်ကျယ်ဟလိုက်သည်။ ၎င်းသည် ထိုကြောက်မက်ဖွယ် အနေအထားဖြင့် သံကုန်ဟစ်ကာ နှုန်းလွန်အသံလှိုင်းများကို ခံတပ်ဆီသို့ ပို့လွှတ်နေသည်။

ရှေးဟောင်းသိုင်းအဆင့်မှ လူများမှာ နှုန်းလွန်အသံလှိုင်းများကို အာရုံမခံနိုင်သော်လည်း အာနာပါနအဆင့် ကျင့်ကြံသူများဆီသို့ တည့်တည့် ကျရောက်သွားသည်။ လူတစ်ယောက်၏ ဦးနှောက်ထဲသို့ ချွန်မြသည့် ဓါးတစ်လက် ထိုးဖောက် ဝင်ရောက်သွားသည့်အလား ခံစားရစေသည်။ တခဏအတွင်းမှာပင် ကျင့်ကြံသူအတော်များများက နာကျင်စွာ အော်ဟစ်လိုက်ကြသည်။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်တစ်ခုလုံး ထုံကျဉ်သွားသည်။ ကံကောင်းထောက်မစွာနှင့် ဝါးမျိုခြင်းသစ်စေ့က လျှပ်တစ်ပြက်အတွင်း အသက်ဝင်လာပြီး စူးရှအော်မြည်သံကို သူ့ဦးနှောက်ထဲ ဝင်မလာအောင် ဟန့်တားနိုင်ခဲ့သည်။ သို့တိုင်အောင် နှာခေါင်းထဲမှ သွေးများ စီးကျလာခြင်းကို မတားဆီးနိုင်ခဲ့ပေ။

မိုးခြိမ်းသံကဲ့သို့ အော်မြည်သံနှင့်အတူ လင်းနို့ကြီးဆီမှ ကမ္ဗည်းစာလှိုင်းများ ပေါက်ကွဲထွက်လာသည်။ ခံတပ်ဆီသို့ တရှိန်ထိုး ပြေးဝင်လာပြီး မျက်စိတစ်မှိတ်အတွင်း ပေတစ်သောင်းအဝန်းအဝိုင်း အတွင်းသို့ ရိုက်ခတ်သွားသည်။ ထိုသို့ရိုက်ခတ်သည့် နေရာများတွင် မန္တန်အစီအရင်မှ ကမ္ဗည်းစာများ မည်းနက်သွားကာ သုံးမရတော့ပေ။

ဓါးမိုးမှာလည်း အလားတူပင် ငြိမ်သက်ခြင်း မရှိတော့ဘဲ အရှိန်ပျက်သွားသည်။ ပိုင်ရှင်များက ဓါးများကို ချက်ချင်း ပြန်ခေါ်ကြသော်လည်း ပျက်စီးမှုမှာ ပြင်မရတော့ပေ။ အချို့ဓါးများမှာ တမုဟုတ်ချင်း ကျိုးပဲ့ကြွေကျကုန်သည်။

အကြီးမားဆုံး ပျက်စီးမှုမှာ မီးနတ်ဘုရား အမြောက်များဖြစ်သည်။ ပုံစံကြည့်ရသည်မှာ အမြောက်များသည် လင်းနို့ကြီး၏ စစ်မှန်သော ပစ်မှတ် ဖြစ်ပုံရသည်။ ကမ္ဗည်းစာလှိုင်းများက ဆောင့်တက်လာပြီး ဝုန်းခနဲပေါက်ကွဲကာ မီးနတ်ဘုရားအမြောက် သုံးဆယ်ခန့်ကို တသိမ့်သိမ့် တုန်သွားစေသည်။ ထိုအမြောက်များမှာ စွမ်းအားများ ဆုံးရှုံးသွားပြီး သတ္တုအစအနများအဖြစ် တခဏချင်း ပြောင်းလဲသွားသည်။

ပျက်စီးသွားသည့် အမြောက်ထဲမှ တစ်ခုမှာ ဝမ်ပေါင်လဲ့ ကိုင်တွယ်မှုအောက်တွင် ရှိသည်။ ဝမ်ပေါင်လဲ့က နှာခေါင်းမှ သွေးများကို သုတ်လိုက်ပြီး မသက်မသာ ဖြစ်နေခြင်းကို မသိချင်ယောင်ဆောင်ထားပြီး အမြောက်ဆီ အပြေးအလွှား သွားစစ်လိုက်သည်။ မီးနတ်ဘုရားအမြောက် အတွင်းပိုင်းတွင် ရေးထိုးထားသည့် ကမ္ဗည်းစာများမှာ ဖုန်မှုန့်ဖြစ်သွားကြောင်း သူ တွေ့လိုက်ရသည်။

မီးနတ်ဘုရားအမြောက်မှာ မူလက အလိုလို ဖျက်ဆီးခြင်း လုပ်ဆောင်နိုင်ခဲ့သော်လည်း ယခုမူ ထိုသို့ မဖြစ်နိုင်‌တော့ပေ။ ဝမ်ပေါင်လဲ့၏ အမြန် စစ်ဆေးချက်အရ ကျန်ရှိနေသည့် အမြောက်များမှာလည်း ကမ္ဗည်းစာများ ကျိုးပဲ့ပျက်စီးသွားကြောင်း တွေ့လိုက်ရသည်။ အမြောက်များမှာ လုံးဝ ပျက်စီးသွားရန် ခြေတစ်လှမ်းသာ လိုတော့သည်။

“ ဘယ်လိုသားရဲမျိုးပါလိမ့် ”
ဝမ်ပေါင်လဲ့မှာ အသည်းခိုက်အောင် တုန်လှုပ်သွားသည်။ ဤသည်မှာ ကမ္ဗည်းစာများကို ဖျက်ဆီးနိုင်သည့် သားရဲမျိုးကို ပထမဆုံး တွေ့ဖူးခြင်း ဖြစ်သည်။ မုတ်ဆိတ်ထူ ခေါင်းဆောင်ကြီးပင် ၎င်းပေါ်ထွက်လာမည်ဟု ထင်မထားသောကြောင့် မျက်နှာမှာ ဒေါသရောင် လွှမ်းနေသည်။

ထိုတိုက်ခိုက်မှုကြောင့် မူလက သရေကျကာ ဘက်ညီနေသည့် အခြေအနေမှာ ပျက်စီးသွားသည်။ ခံတပ်ထဲမှ လူအားလုံးမှာ ထိတ်လန့်အံ့ဩကာ မလှုပ်မယှက် ရပ်နေကြစဉ် လေထဲမှ သားရဲဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။ သားရဲလှိုင်းမှာ ပေတစ်သောင်းအကွာအဝေးမှ ဧရာမလှိုင်းလုံးကြီး လိမ့်တက်လာသည့်အလား ခံတပ်ဆီသို့ သွေးရူးသွေးတန်း ပြေးဝင်လာကြသည်။

ထိုစဉ် ခံတပ်ထဲမှ ဓါးချီ လေးခု လေထဲသို့ ပျံတက်လာသည်။ ထိုဓါးချီလေးခုမှ ဝိညာဉ်ချီမှာ အာနာပါနအဆင့်ကို ကျော်လွန်နေသည်။ ထွက်ပေါ်နေသည့် အငွေ့အသက်မှာ လေမုန်တိုင်း အစွန်းမှ အခြေတည်အဆင့် သားရဲများနှင့် တစ်ထေရာတည်းနီးပါး ဆင်တူနေသည်။ အနည်းငယ် အစွမ်းပိုထက်သည်ဟုပင် ပြောနိုင်သည်။

“အခြေတည်အဆင့် ကျင့်ကြံသူ”
ဝမ်ပေါင်လဲ့၏ မျက်လုံးမှာ ပြူးထွက်သွားသည်။ သူ့နှလုံးသားမှာ စိတ်လှုပ်ရှားမှု အပြည့်ဖြစ်လာပြီး ကောင်းကင်သို့ ထိုးတက်သွားသည့် ဓါးချီလေးခုကို ငေးကြည့်နေမိသည်။ ဓါးပျံလေးလက်ပေါ်တွင် ရပ်နေကြသူများမှာ အမျိုးသား သုံးယောက်နှင့် အမျိုးသမီး တစ်ယောက်ဖြစ်သည်။

ထိုလေးယောက်မှာ အံ့မခန်း အစွမ်းထက်သည့် အရှိန်အဝါများ ထုတ်လွှတ်နေကြသည်။ သူတို့သည် အချိန်အတော်ကြာ ပုန်းအောင်း စောင့်ဆိုင်းနေခဲ့ကြသည်မှာ ထင်ရှားသည်။ သူတို့ ဝုန်းခနဲ ထွက်ပေါ်လာသည့် အကြောင်းရင်းမှာ သူတို့ပစ်မှတ်ဖြစ်သည့် လင်းနို့ကြီးက လေမုန်တိုင်း ဗဟိုချက်မှ ပေါ်လာသောကြောင့် ဖြစ်သည်။

လျှပ်စီးတန်းများအလား လျင်မြန်စွာ ပျံတက်လာကြစဉ် လင်းနို့ကို ဝန်းရံကာကွယ်ပေးထားသည့် အခြေတည်အဆင့် သားရဲခုနစ်ကောင်တို့မှာ ရှေ့တိုးလာကာ ရင်ဆိုင်ဟန့်တားလိုက်ကြသည်။ သားရဲများ၏ မျက်လုံးထဲ၌ သွေးဆာလောင်သည့် အရိပ်ယောင်များ ဖြတ်ပြေးသွားသည်။

လေးယောက်သားမှာ ထိုသို့ ဖြစ်လာမည်ကို ခန့်မှန်းထားပုံပေါ်သည်။ သူတို့သည် မူလက အနည်းငယ် စောင့်ဆိုင်းရန် စီစဉ်ထားသော်လည်း လင်းနို့၏ တိုက်ကွက်မှာ အလွန် ရက်စက်ကြမ်းတမ်းလှသည်။ သူတို့သာ ဤပုံစံအတိုင်း ဆက်စောင့်နေမည်ဆိုပါက သေဆုံးမှုများ အလွန်များလာမည် ဖြစ်သည်။ ခံတပ်ပြိုသွားနိုင်ခြေပါ ရှိသဖြင့် ရွေးချယ်စရာ မရှိဘဲ တိုက်ခိုက်လိုက်ရခြင်း ဖြစ်သည်။

ဤသည်မှာ ဗျူဟာကျကျ အမှားခံထားခြင်း ဖြစ်သည်။ သူတို့၏ တာဝန်မှာ လင်းနို့ကြီးကို သုတ်သင်ရန် ဖြစ်သောကြောင့် ခံတပ်၏ ဆုံးရှုံးမှုများကို လျစ်လျူရှုထားရမည် ဖြစ်သည်။ သူတို့၏ ခန့်မှန်းတွက်ချက်မှုများအရ လင်းနို့၏ သေဆုံးမှုမှာ သားရဲလှိုင်းအတွက် ချက်ကောင်းထိကာ ဆုံးရှုံးမှုကြီးသွားမည်ဟု ထင်ရသည်။

သို့သော် သူတို့သည် ကျင့်ကြံသူစစ်စစ်များ ဖြစ်ကြသည်။ သူတို့က သာမန်လူတစ်ယောက် အဖြစ်မှ တစ်လှမ်းချင်း တိုးတက်ကာ ယခုနေရာသို့ ရောက်လာကြခြင်းဖြစ်သည်။ သူတို့အတွက် ဤမျှ သေဆုံးမှုအများအပြားကို လျစ်လျူရှုထားရန် မဖြစ်နိုင်ချေ။

ကျင့်ကြံသူလေးယောက်တို့မှာ အခြေတည်အဆင့် သားရဲ ခုနစ်ကောင်တို့နှင့် ထိပ်တိုက်ရင်ဆိုင်ကာ ဝေဟင်တိုက်ပွဲဖြစ်နေကြသည်။ သူတို့က ခြုံခို တိုက်ခိုက်ရန် စီစဉ်ထားသည့်ပုံပေါ်သည်။ သို့သော် ခံတပ်ထဲမှ လူအများက ဤသည်မှာ တမင်စတိုက်ခြင်းဖြစ်ပြီး စစ်မြေပြင်သို့ ဝင်ရောက်သည်နှင့် ဆိုးဝါးလှသည့် ဖျက်ဆီးခြင်း စွမ်းအားများ ထုတ်လွှတ်နိုင်သည့် သားရဲခုနစ်ကောင်ကို ဆွဲထားရန် ဖြစ်သည်။

သူ့ရှေ့မှ ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ ကျောရိုးတလျှောက် ကြက်သီးများ ဖြန်းခနဲ ထသွားပြီး အသက်ရှူသံများ မြန်ဆန်လာသည်။ သူ့မျက်လုံးမှာ ဘေးမှ သားရဲများကို ကြည့်နေရင်း အလင်းရောင်များ တောက်ပလာသည်။ ဝမ်ပေါင်လဲ့က အစွမ်းကုန် အားထုတ်ကာ မီးနတ်ဘုရား အမြောက်များကို ပြင်ဆင်ရန် အရှိန်တင် ထွက်ခွာလာစဉ် သူ့ခန္ဓာကိုယ်မှာ ယိမ်းယိုင်နေသည်။ မြေပြင်မှ သားရဲလှိုင်းမှာ မိုးခြိမ်းသံနှင့်အတူ ချဉ်းကပ်လာစဉ် ကျန်ရှိနေသည့် မီးနတ်ဘုရား အမြောက်များဖြင့် ထပ်ပစ်လိုက်ကြသည်။ ကျိုးပဲ့နေသည့် ကမ္ဗည်းစာများမှာ နောက်ထပ် ပစ်ချက်များကြောင့် တည်ငြိမ်မှု မရှိတော့ပေ။ အချို့အမြောက်များက တကျွီကျွီမြည်သံများ ထွက်ပြီးနောက် တစ်ချက်ပစ်လိုက်သည်နှင့် လုံးဝ ပျက်စီးသွားကြတော့သည်။

မုတ်ဆိတ်ထူ ခေါင်းဆောင်ကြီးမှာလည်း အားလုံးကို မြင်တွေ့နေရပြီး မျက်လုံးများ နီရဲကာ ကြုံးဝါးလိုက်သည်။
“ ဓမ္မလက်နက်ကျင့်ကြံသူအားလုံး၊ မီးနတ်ဘုရားအမြောက်တွေကို အစွမ်းကုန်ထုတ်ပြီး ပြင်ဆင်ကြ။ မီးနတ်ဘုရား အမြောက်တွေ ကျရှုံးလို့ မဖြစ်ဘူး။ ငါတို့ သူတို့ကို ရင်ဆိုင်ပြီး အချိန်ဆွဲပေးထားမယ်”

ထိုသို့ပြောကာ မုတ်ဆိတ်ထူ ခေါင်းဆောင်က အမိန့်ပေးလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း အစောင့်အနည်းငယ်သာ ချန်ထားပြီး စစ်တပ်တစ်ခုလုံး ခံတပ်ထဲမှ ပြေးထွက်လာကြသည်။ သူတို့နှင့်အတူ တာအိုကျောင်းလေးကျောင်းမှ ကျင့်ကြံသူများကလည်း သားရဲများကို နောက်တစ်ချီ ထိပ်တိုက်ရင်ဆိုင်ရန် ထွက်ခွာသွားကြသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset