အပိုင်း(၃၁)
အရှင်သခင် အဟောင်းနှင့် အသစ်
မာယွဲ့က လှောင်ရယ်ရင်း လန်ဝမ်ရန်နှင့် အခြားသူများကို ကြည့်လိုက်သည်။ “ရေတံခွန်အောက်မှာ မင်း မတ်တပ်မရပ်ချင်ရင် ကစားဖို့ နောက်တစ်ယောက် ရှာလို့ ရတာပဲ၊ ငါတို့ ခဏလောက် နားချင်လည်း ရတယ်၊ ရက်နည်းနည်းလောက်နေမှ ငါတို့ ဆက်ကစားကြတာပေါ့”
သူက ဖေးမျိုးရိုး လူငယ်အား တစ်ချက်ကြည့်လိုက်သည်။ ဖေးမျိုးရိုးလူငယ် ခေါင်းငုံ့နေသည်ကို တွေ့ပြီး မာယွဲ့ ရယ်မောကာ စစ်ခုန်ချင်းနှင့် လန်ဝမ်ရန်ကို ပြန်ကြည့်လိုက်သည်။ “မင်းတို့တွေ ဂိုဏ်းကို ပြန်သွားပြီး ငါ့အကြောင်းကို ပြန်တိုင်ကြလေ၊ ဒါပေမယ့် ဘယ်လိုတိုင်မှာလဲ၊ ငါက ဂျူနီယာညီလေးဖေးကို လေ့ကျင့်ပေးတဲ့နေရာမှာ ပြင်းထန်လွန်းတယ် ဆိုပြီးတော့လား”
လန်ဝမ်ရန်က သူ့ကို စူးစူးရဲရဲ ကြည့်လိုက်သည်။ သူ့အကြည့်က မီးပွင့်မတတ် ဖြစ်နေ၏။
မာယွဲ့က လန်ဝမ်ရန်ကို ပြန်မကြည့်ပေ။ စစ်ခုန်ချင်း၏မျက်နှာသို့သာ စေ့စေ့ ကြည့်နေသည်။
“ဘာလုပ်မှာလဲ၊ ကျွန်တော့ကို ရိုက်တော့မလို့လား၊ အမလေး…. ကြောက်လိုက်တာဗျာ” သူ သရော်လိုက်သည်။
“သူတို့က ကျွန်တော့ကို အနိုင်မတိုက်နိုင်ဘူး၊ ခင်ဗျားရဲ့ ကျင့်ကြံမှုက ကျွန်တော့ထက် အများကြီး မြင့်တယ်၊ ကျွန်တော်ကိုယ်တိုင်က ရန်မစဘဲ ခင်ဗျား ကျွန်တော့ကို တိုက်ခိုက်ရင် ခင်ဗျားပဲ ဂိုဏ်းစည်းကမ်းကို ချိုးဖောက်သလို ဖြစ်မယ်”
မာယွဲ့က ပြောင်ချော်ချော်မျက်နှာထားဖြင့် နောက်ဆုတ်လိုက်သည်။ “တွေ့လား ဂျူနီယာညီမ စစ်ခုန်၊ ကျွန်တော် ခင်ဗျားကို လုံးဝ ရန်မစရဲပါဘူး၊ ခင်ဗျား ဘာပြောချင်တာလဲ၊ ခင်ဗျားက ဂျူနီယာညီလေးဖေးကို ကျွန်တော်နဲ့ ရေတံခွန် မလိုက်စေချင်ရင် ကျွန်တော် သူ့ကို တွန်းအားမပေးပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျား ပြောတဲ့အတိုင်း ကျွန်တော်လုပ်မှာပါ”
“ဒီနေ့တင် မဟုတ်ဘူး၊ ခင်ဗျား ဒီမှာ ရှိတဲ့အချိန်တိုင်း…. ကျွန်တော် ခင်ဗျားပြောသမျှကို လိုက်နာမှာပါ”
“ခင်ဗျား ပြန်သွားရင်တော့….ဟီး ဟီး…”
မာယွဲ့ အနောက်သို့ ဆက်ဆုတ်ရင်း ရုတ်တရက် တစ်စုံတစ်ယောက်နှင့် တိုက်မိသွားသည်။
သူ နောက်သို့ လှည့်ကြည့်လိုက်ရာ လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားသည်။
သူ့နောက်တွင် ပေါ်လာသော သူကား အခြားမဟုတ်၊ ရှု့ချွမ်ဖြစ်သည်။
ရှု့ချွမ်၏ တည်ငြိမ်သော မျက်နှာက မာယွဲ့ကို ကြည့်နေသည်။ သူ့မျက်နှာပေါ်တွင် ဒေါသ အရိပ်အယောင်မျှပင် မတွေ့ရသဖြင့် မာယွဲ့ ပိုမို ထိတ်လန့်လာသည်။
“တူမလေးစစ်ခုန် ပြန်သွားရင်….၊ အဲ့နောက် ဘာဖြစ်သလဲ”
မာယွဲ့ က သတ္တိ စုစည်းပြီး မေးလိုက်သည်။ “ရှု့… အကြီးအကဲရှု့၊ ဘယ်အချိန်ထဲက ရောက်နေတာလဲ”
ရှု့ချွမ် ပြန်ဖြေလိုက်သည်။ “ငါ ကြားသင့်တာတွေ အကုန် ကြားပြီးပြီ”
မာယွဲ့၏မျက်လုံးများ မှောင်အတိ ကျသွားသည်။
သူ့ခြေထောက်များ ပျော့ခွေသွားပြီး မြေပေါ်သို့ ဒူးထောက်ကျမတတ် ဖြစ်သွားသည်။
ရှု့ချွမ်က ခေါင်းကို ယမ်း၍ လက်ယက်ခေါ်လိုက်သည်။ သူ့နောက်မှ အမှုတမ်းနှစ်ယောက်က မာယွဲ့ကို ထူမပြီး ခေါ်ဆောင်သွားသည်။
“အကြီးအကဲရှု့၊ ကျွန်တော့အဖိုး….” မာယွဲ့ ပြောချင်သည်။ သို့သော် သူ့ခန္ဓာကိုယ်တစ်ခုလုံး အကြောပိတ်ခံထားရသည်ကို တွေ့ရှိသွားပြီး သူ့ပါးစပ်မှလည်း မည်သည့်အသံမျှ ဆက်ထွက်မလာနိုင်တော့ပေ။
သူ့ခေါင်းထဲတွင် အတွေးတစ်ခုကသာ ပဲ့တင်နေ၏။ “သွားပြီ…..”
“ဒီနေ့ကစပြီး ချောက်နက်ကြီးကြပ်ခြင်းမြို့မှာ မာယွဲ့ ထပ်ပေါ်လာမှာ မဟုတ်တော့ဘူး၊ ငါ့နာမည်ကိုသုံးပြီးတော့လည်း အခြားသူတွေကို ခြိမ်းခြောက်နိုင်မှာ မဟုတ်တော့ဘူး” ရှု့ချွမ်က စစ်ခုန်ချင်းနှင့် အခြားသူများကို အနည်းငယ် ခေါင်းငြိမ့်ပြသည်။ ထို့နောက် လှည့်ထွက်သွားလေ၏။
မည်သူကမျှ သိကြလိမ့်မည် မဟုတ်ပေ။ သို့သော် ချောက်နက်ကြီးကြပ်ခြင်းမြို့နှင့် လေဝိဉာဉ်တောင်ကြား နှစ်နေရာလုံး၏ အကြီးအကဲ နေရာကို ပိုင်ဆိုင်ထားသော ထိုပုဂ္ဂိုလ်၊ ရှု့ချွမ်၏နောက်ကျောတစ်ခုလုံး ချွေးအေးများ စိုရွဲနေ၏။ “ဘုရားကယ်လို့ သိုင်းတူလေးရန်ရဲ့ သတိပေးချက်ကို ရတာ၊ နို့မို့ ဒုက္ခအကြီးကြီးရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်”
လန်ဝမ်ရန်နှင့် ကျန်လူများသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဘာပြောရမှန်းမသိ ဖြစ်နေသည်။
“စီနီယာအကိုကြီးရန် ပြောလိုက်တာများ ဖြစ်နေမလား….” စစ်ခုန်ချင်းသည် သုတ်သီးသုတ်ပျာထွက်ခွာသွားသော ရှု့ချွမ်၏ နောက်ကျောကို ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်နေသည်။
သူတို့ ချက်ချင်းပဲ နားလည်သွားသည်။ ဘေးဘီဝဲယာကို ကြည့်လိုက်သောအခါမှ ရန်ကျောက်ကဲက သူတို့နှင့် ခပ်လှမ်းလှမ်းတွင် ရပ်နေသည်ကို သူတို့ တွေ့ရှိသွားသည်။
သူတို့အုပ်စု အလျင်အမြန် ပြေးသွားပြီး ကျေးဇူးတင်စကား ပြောလိုက်ကြသည်။သူ မည်သည့် စကားပြန်ပြောမည်လောဟု မျှော်လင့်နေကြသော ထိုအုပ်စု၏ အကြည့်များကို တွေ့ရသောအခါ ရန်ကျောက်ကဲ ရယ်မောလျက် ခေါင်းယမ်းလိုက်သည်။ ဖေးမျိုးရိုး လူငယ်လေးကို ကြည့်၍ သူ ပြောလိုက်၏။ “အနာဂတ်မှာ သူ မင်းကို ဒုက္ခမပေးနိုင်တော့ဘူး”
“ကျင့်ကြံခြင်းအပေါ် သာ စိတ်ရောကိုယ်ပါနှစ်ပြီး ကြိုးစား၊ ဇွဲမလျော့နဲ့၊ မင်း ကျင့်ကြံမှုမြင့်မားလာလေ မင်းအတွက် အကျိုးကျေးဇူး ပိုရလေပဲ”
“ဥပမာပြောရရင် မင်းမှာ ဂျူနီယာညီမလေးစစ်ခုန်ရဲ့ ကျင့်ကြံမှုနဲ့ အဆင့်အတန်းမျိုးရှိရင် အခြားဘယ်သူမှ မရှိရင်တောင် သူက မင်းကို ဒုက္ခပေးရဲမှာ မဟုတ်ဘူး”
ဂျူနီယာညီလေးဖေး၏နှုတ်ခမ်းများ တုန်ရီသွားပြီး ရန်ကျောက်ကဲအား လေးစားမှုအပြည့်ဖြင့် ဂါဝရပြုလိုက်သည်။ “စီနီယာအကိုကြီးရန်ရဲ့ အဆုံးအမတွေကို ကျွန်တော့နှလုံးသားထဲမှာ မှတ်ထားပါမယ်”
သူ အလွန် စိတ်လှုပ်ရှားနေသည်။ ရန်ကျောက်ကဲအပေါ် အလွန် ကျေးဇူးတင်ကြောင်း ဖော်ပြရန် မည်သို့သော စကားလုံးမျိုးဖြင့် သုံးနှုန်းရမှန်း သူ မသိတော့ပေ။ လန်ဝမ်ရန်က သူ့ဝတ်ရုံစကို ဆွဲပြီး ခပ်တိုးတိုး ပြောလိုက်သည်။ “မင်း နားလည်တာ ကောင်းတယ်၊ ငါတို့လို အရေးမပါတဲ့ ကောင်တွေကို ကူညီဖို့ စီနီယာအကိုကြီးရန်ကိုယ်တိုင် အချိန်ကုန်ခံပြီး ဒီနိမ့်ကျတဲ့ မာယွဲ့ကို ဖြေရှင်းခဲ့ရတယ်”
“ဟုတ်ကဲ့” ဂျူနီယာညီလေးဖေး ချက်ချင်း ခေါင်းငြိမ့်ပြီး ရန်ကျောက်ကဲကို ကျေးဇူးတင်သော လေးစားသော အကြည့်များဖြင့် ကြည့်လိုက်သည်။
လန်ဝမ်ရန်နှင့် အခြားသူများလည်း အလားတူပင်။
ရန်ကျောက်ကဲက တစ်ဖက်လူ၏ ကိစ္စကို ထပ်မံ ထုတ်ဖော်မပြောတော့။ သူ အနည်းငယ် ပြုံးပြီး မေးလိုက်သည်။ “မင်းတို့ရဲ့ ဝတ်စုံတွေကြည့်ရတာ ခရီးထွက်မလို့နဲ့ တူတယ်၊ ဘယ်ကို သွားမလို့လဲ”
စစ်ခုန်ချင်းက တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်သည်။ “ဂျူနီယာမောင်လေးတွေ၊ ညီမလေးတွေကို ခေါ်ပြီး လျူလျောင်တောင်တန်းကို သွားမလို့ပါ”
ရန်ကျောက်ကဲက သာမာန်မျှ ပြောလိုက်သည်။ “အင်း၊ မင်းက တောင်တန်းဒေသတွေမှာ ခရီးထွက်ဖူးတဲ့ အတွေ့အကြုံရှိတာပဲ၊ သူတို့ကို ဂရုစိုက်ပြီး ကူညီပေးလိုက်ပါ”
စစ်ခုန်ချင်း ခေါင်းငြိမ့်လိုက်သည်။ “ကျွန်မ နားလည်ပါပြီ”
ရန်ကျောက်ကဲ ကိုယ်တိုင်က ပြောကြားထားပြီး ဖြစ်သဖြင့် အကြီးအကဲရှု့ အပြောတစ်မျိုး၊ အလုပ်တစ်မျိုး ဖြစ်မည်ကို အခြားသူများ စိုးရိမ်စရာ မလိုတော့ပေ။ မာယွဲ့ကိစ္စအပေါ် သူတို့၏ စိုးရိမ်မှုက အာရုံဦးနေရောင်နှင့် ထိတွေ့သော နံနက်ခင်း နှင်းစက်များသဖွယ် ချက်ချင်း ပျောက်ကွယ်သွားသည်။ သူတို့ စိတ်အေးသွားကြ၏။
တပည့်တစ်ယောက်က စပ်စုချင်စိတ်ဖြင့် ရန်ကျောက်ကဲကို မေးလိုက်သည်။ “အကိုကြီးရန်၊ ပုံပြောဆရာတွေ ရုပ်သေးဆရာတွေ ပြောတဲ့ လူကြီးမင်းဒေါင်ဆိုတာ ကျွန်တော်တို့ဂိုဏ်းက ကောင်းကင်တုန်လှုပ်နိုင်တဲ့ ဘိုးဘေးလား”
ချောက်နက်ကြီးကြပ်ခြင်းမြို့မှာ နဂါးချုပ်လှောင်ခြင်းချောက်နက်နှင့် နီးကပ်စွာ တည်ရှိနေသောကြောင့် မြို့ထဲတွင် ကျင့်ကြံသူ အများအပြားရှိပြီး သာမာန်အရပ်သား အနည်းငယ်သာ ရှိသည်။ သို့တိုင်အောင် အန္တရာယ်အသွယ်သွယ်ကို ကျော်ဖြတ်လာပြီး ဤနေရာတွင် အသက်မွေးဝမ်းကျောင်းပြုသည့် သာမာန်လူတချို့လည်း ရှိသည်။
နဂါးချုပ်လှောင်ခြင်းချောက်နက်ပတ်ဝန်းကျင်မှ အရင်းအမြစ်များ၊ တွင်းထွက်ပစ္စည်းများ ရောင်းဝယ်ဖလှယ်ကြသော ဈေးရှိခြင်းကြောင့် ချောက်နက်ကြီးကြပ်ခြင်းမြို့သည် ဆူဆူညံညံဖြင့် စည်ကား သက်ဝင်လှသည်။
လက်ရှိအချိန်တွင် လမ်းဘေးတစ်နေရာ၌ ကလေးတသိုက်သည် ရုပ်သေးပြဇာတ် ကြည့်နေကြသည်။
ရုပ်သေးဆရာသည် စင်မြင့်ပေါ်တွင် တိုးချည် ဆုတ်ချည် တိုက်ခိုက်နေသော ရုပ်သေးရုပ်ကြီး နှစ်ရုပ်ကို ထိန်းချုပ်နေ၏။ သူက စင်မြင့်နောက်၌ နေရာယူထားပြီး တံတွေးစင်မတတ် အသံဖြင့် အော်ပြောနေသည်။ “လူကြီးမင်းဒေါင်ရဲ့ အံ့အားသင့်စရာတိုက်ကွက်ကနေ ကောင်းကင်နဲ့ မြေကြီးက နှစ်ခြမ်းကွဲသွားပါတယ်၊ ပင်လယ်က ထက်ပိုင်းပြတ်သွားပြီး မဟာမီးတောက်မိစ္ဆာဘုရင်ကြီးကို သူ ခေါင်းဖြတ်လိုက်ပါပြီ…….”
“မီးတောက်မိစ္ဆာဘုရင်ကြီးက အစွန်းရောက်ရှစ်ပါး ကမ္ဘာကို ကျူးကျော်ဝင်ရောက်လာပြီး သွားလေရာ နေရာတိုင်းကို နှောက်ယှက်ဖျက်စီးနေပါတယ်၊ လူကြီးမင်းဒေါင်နဲ့ တွေ့တော့မှ အစွန်းရောက်ရှစ်ပါးကမ္ဘာဟာ အလာပဲ ရှိပြီး အပြန်လမ်း မရှိတဲ့ နေရာဆိုတာ မီးတောက်မိစ္ဆာဘုရင်ကြီး နားလည်သွားပါတော့တယ်”
လမ်ဘေးပွဲတစ်ခုတွင် ရုပ်သေးရုပ်နှစ်ရုပ်က အတော် ဟောင်းနွမ်းနေပုံရသော်လည်း အတော် လက်ရာမြောက်လေသည်။
ရုပ်သေးရုပ်တစ်ရုပ်မှာ လက်ထဲတွင် ဓားမော့ ကိုင်ဆောင်ထားသော သက်လတ်ပိုင်း လူတစ်ယောက်ဖြစ်၍ အတော် စွမ်းအားကြီးပြီး ခက်ထန်သည့်ပုံ ပေါက်လေသည်။
အခြားတစ်ရုပ်မှာမူ တစ်ကိုယ်လုံး ရဲရဲနီလျက်ရှိ၏။ လူပုံ ပေါက်သော်လည််း အစိမ်းရောင်မျက်နှာနှင့် အစွယ်များ ရှိလေသည်။ ၎င်းသည် အလွန်အမင်း ကြောက်မက်ဖွယ်ရာကောင်းပြီး မကောင်းဆိုးဝါးတစ်ကောင်၊ မိစ္ဆာတစ်ကောင်နှင့် ပိုဆင်တူလေသည်။ သူ့ခေါင်းထက်တွင်လည်း မီးလျှံကဲ့သို့ ဆံပင်ပုံစံရှိ၏။
ရုပ်သေးဆရာ၏ ထိန်းချုပ်မှုအောက်တွင် သက်လတ်ပိုင်းလူရုပ်သေးရုပ်၏ ဓားက မီးမိစ္ဆာ၏လည်ပင်းသို့ ခုတ်ပိုင်းလိုက်သည့်ပုံစံ ဖြစ်သွားကာ မီးမိစ္ဆာရုပ်သေးရုပ်က နောက်သို့ လွင့်ထွက်သွားလေသည်။
ကလေးများက တက်ကြွစွာ အားပေးနေပြီး ပွဲကြည့်ပရိတ်သတ်များကလည်း ဝမ်းသာအားရ ဩဘာပေးလိုက်ကြသည်။
ရန်ကျောက်ကဲက ထိုပြဇာတ်ကို ကြည့်ပြီး ပြောလိုက်သည်။ “ဟုတ်တယ်၊ လူကြီးမင်းဒေါင်ဆိုတာ ငါတို့ဂိုဏ်းရဲ့ဘိုးဘေး ဒေါင်ဂီပဲ”
ဟန်ထျန်းပုဂ္ဂိုလ်မြတ် သို့မဟုတ် ကောင်းကင်ကို ကိုင်လှုပ်သူ၊ ကျန်းဒေါင်ဂီသည် ဝါဒတောင်ဂိုဏ်း၏ အစွမ်းအကြီးဆုံး ကျင့်ကြံသူ ဖြစ်သည်။ ဝါဒတောင်ဂိုဏ်းအား သူ အုပ်ချုပ်နေစဉ် ကာလကို ဝါဒတောင်ဂိုဏ်း၏ ရွှေခေတ်ဟု သတ်မှတ်ကြသည်။
သူ့ခေတ် သူ့အခါက ကျန်းဒေါင်ဂီသည် အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးတွင် အစွမ်းအထက်ဆုံးကျင့်ကြံသူ ဖြစ်ကာ ထိုခေတ်က ထူးချွန်ပြောင်မြောက်သော သူရဲကောင်းများကပင် မော်ကြည့်ရသူ ဖြစ်သည်။ ထို့ကြောင့် သူ့ခေတ်က ဝါဒတောင်ဂိုဏ်းသည် အစွန်းရောက်ရှစ်ပါးကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်း နံပါတ်တစ် ထိပ်သီးနယ်မြေအဖြစ် ရပ်တည်နိုင်ခဲ့သည်။
ကံဆိုးစွာပဲ ကျန်းဒေါင်ဂီနှင့် ဝါဒတောင်ဂိုဏ်း အထွတ်အထိပ် ရောက်နေချိန်တွင် ကမ္ဘာကြီး၌ တုန်လှုပ်ခြောက်ခြားဖွယ် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ အဆုံးမဲ့အရှေ့ပင်လယ် အထက် ကောင်းကင်တွင် အက်ကြောင်းတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။မီးတောက်မိစ္ဆာကမ္ဘာနှင့် အစွန်းရောက်ရှစ်ပါးကမ္ဘာတို့ အကြား ချိတ်ဆက်သော လမ်းကြောင်းတစ်ခု ပေါ်ပေါက်လာသည်။
မီးတောက်မိစ္ဆာကမ္ဘာကို အုပ်စိုးသော သက်ရှိများမှာ လူသားမျိုးနွယ်များမဟုတ်ဘဲ မီးတောက်မိစ္ဆာများ ဖြစ်သည်။ မီးတောက်မိစ္ဆာများသည် မွေးရာပါအရ ခွန်အားကြီးပြီး ရက်စက်ကြမ်းကြုပ်သော စရိုက်ရှိသည်။
မီးတောက်မိစ္ဆာမျိုးနွယ်များ ကျူးကျော်ဝင်ရောက်လာသောအခါ ကျန်းဒေါင်ဂီ၏ ဦးဆောင်မှုအောက်တွင် ဝါဒတောက်ဂိုဏ်းက တစ်ကမ္ဘာလုံးမှ သူရဲကောင်းများအား စုစည်းပြီး ကျူးကျော်မှုကို ခုခံကြသည်။
မီးတောက်မိစ္ဆာများက ပိုမို အင်အားကြီးမားပြီး တိုက်ပွဲများတွင် အစွန်းရောက်ရှစ်ပါးကမ္ဘာက အရေးနိမ့်လာသည်။ နောက်ဆုံးတွင် ကျန်းဒေါင်ဂီသည် ငါးယောက် တစ်ယောက်တိုက်ခိုက်ပြီး မီးတောက်မိစ္ဆာမျိုးနွယ်၏ အစွမ်းထက်ဆုံးမိစ္ဆာဘုရင်နှင့် အခြားမိစ္ဆာဘုရင်နှစ်ပါးကို သတ်ဖြတ်နိုင်ခဲ့သည်။ ကျန်မိစ္ဆာဘုရင်နှစ်ပါးလည်း ဒဏ်ရာအပြင်းအထန် ဒဏ်ရာရပြီး ဒရောသောပါး ထွက်ပြေးသွားခဲ့သည်။ ထိုအချိန်မှ စ၍ စစ်ပွဲရေချိန် ပြောင်းလဲသွားခဲ့သည်။
နောက်ဆုံးတွင် ကျန်ရှိသော မီးတောက်မိစ္ဆာများလည်း မီးတောက်မိစ္ဆာကမ္ဘာထဲသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ရသည်။ သို့သော် အစွန်ရောက်ရှစ်ပါးကမ္ဘာ၏ ဆုံးရှုံးမှုများမှာ အလွန် ကြီးမားလွန်းသည်။
ကောင်းကင်ကို ကိုင်လှုပ်သူ၊ စွမ်းပကားကြီးမားသော ဂိုဏ်းချုပ်ကျန်းဒေါင်ဂီသည် တိုက်ပွဲတွင် ထူးချွန်ပြောင်မြောက်စွာ အနိုင်ရခဲ့သော်လည်း သူရရှိသော ဒဏ်ရာများကြောင့် သူ့နောက်ဆုံးလက်ကျန်အသက်စွမ်းအင်ပင် ခမ်းခြောက်သွားခဲ့ပြီး မကြာမီ သေဆုံးသွားခဲ့သည်။ ဝါဒါတောင်ဂိုဏ်း၏ ထိပ်တန်းကျင့်ကြံသူအများစုလည်း စစ်ပွဲထဲတွင် သေကြေပျက်စီးသွားခဲ့သည်။
အခြားထိပ်သီးနယ်မြေများမှာ ကြီးမားသော ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရသော်လည်း သူတို့က ထိခိုက်မှုအများဆုံးခံရသော ဝါဒတောင်ဂိုဏ်း၏ နေရာကို ဝင်ယူရန် အခွင့်အရေးအဖြစ် ရှု့မြင်ခဲ့သည်။ ထိုအချိန်တွင် နေသူတော်စင်ဂိုဏ်းက တဖြည်းဖြည်း အင်အားကြီးမားလာပြီး နောက်ဆုံးတွင် နံပါတ်တစ် ထိပ်သီးနယ်မြေအသစ် ဖြစ်လာခဲ့သည်။
မကြာသေးမီနှစ်များအတွင်း ဝါဒတောက်ဂိုဏ်းနှင့် နေသူတော်စင်ဂိုဏ်းတို့ အကြား ဆက်ဆံရေးမကောင်းရခြင်း၏ အဓိကအကြောင်းရင်းမှာ သူတို့တစ်ယောက်ကို တစ်ယောက်က အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ အရှင်သခင် အဟောင်းနှင့် အသစ် ဟူသော နာမည်ကို မနှစ်မြို့ခြင်းကြောင့် ဖြစ်သည်။
ကမ္ဘာနှစ်ခုကြား လမ်းကြောင်းက ဆက်ရှိနေသေးသည်။ အဓိပ္ပာယ်မှာ မီးတောင်မိစ္ဆာများသည် သူတို့၏ကမ္ဘာသို့ ပြန်လည်ဆုတ်ခွာသွားသော်လည်း အန္တရာယ်က ရှိနေသေးသည်။ အရင်နှစ်များအတွင်း ကမ္ဘာနှစ်ခုအကြား တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားခဲ့ကြသည်။
မီးတောက်မိစ္ဆာများနှင့် တိုက်ပွဲများကြောင့်ပင် ထိပ်သီးနယ်မြေများအကြား အင်အားချိန်ခွင်လျှာက အပြန်အလှန် ဟန်ချက်ညီနေသည်။ အစွန်းရောက်ရှစ်ပါးကမ္ဘာ အေးချမ်းနေရခြင်းတွင် ဤကိစ္စကလည်း ကြီးမားသော အကြောင်းတရားအနေဖြင့် ပါဝင်သည်။
ပုံပြောဆရာများနှင့် ရုပ်သေးဆရာများက လူသားမျိုးနွယ်၏ကယ်တင်ရှင်ကြီး ကျန်းဒေါင်ဂီ၏ နာမည်ကို တိုက်ရိုက် မသုံးရဲကြပေ။ ထို့ကြောင့် လူကြီးမင်းဒေါင်ဟူသော နာမည် ပေါ်ပေါက်လာသည်။ လူအများစုသည် ထိုနှစ်က အဖြစ်အပျက်များကို အကန့်အသတ်မျှသာ သိသဖြင့် ထိုကြောက်မက်ဖွယ်ရာ သက်ရှိများကို ရည်ညွှန်းသော နတ်ဘုရားများ၊ မိစ္ဆာများ စသည့် ဇာတ်ကောင်နာမည်များ ပေါ်ပေါက်လာသည်။
သာမာန်လူများအတွက် ထိုခေတ်က ဖြစ်ရပ်များကဲ့သို့ပင် ကျန်းဒေါင်ဂီသည်လည်း ဒဏ္ဏာရီထဲမှ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ချေသည်။
ထိုအချက်ကို အသုံးပြုပြီး သူတို့၏ဂုဏ်သတင်း မြင့်တက်စေရန် ဝါဒတောင်ဂိုဏ်းသည် ထိုသို့သော ဇာတ်လမ်းများ၊ ပုံပြင်များ ပြောနေခြင်းကို တားမြစ်ခြင်း မပြုပေ။ မသိချင်ယောင်ဆောင်နေသည်။
ဝါဒတောင်ဂိုဏ်းတပည့်အုပ်စုသည် ဂိုဏ်းထဲတွင် သူတို့ ဖတ်ရှု့ဖူးသော မှတ်တမ်းများ၊ သူတို့စီနီယာများ ပြောပြသော ဇာတ်လမ်းများကို ပြန်လည် အမှတ်ရလာကြသည်။ သူတို့သည် အတိတ်ကို ပြန်တွေးရင်း စိတ်ထဲတွင် တခဏမျှ ငိုကြွေးမိကြသည်။ “အဲ့ဒီ့နှစ်က….. ငါတို့ဂိုဏ်း……အာ”
ရန်ကျောက်ကဲ၏ဘေးတွင် ရပ်နေရင်း အားဟူသည် တစ်နေရာသို့ ကြည့်လိုက်မိပြီး သူ့အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
ရန်ကျောက်ကဲလည်း အားဟူ ကြည့်သည့်နေရာသို့ ကြည့်လိုက်ရာ အဖြူရောင်ဝတ်ဆင်ထားသော မုတ်ဆိတ်ဗလဗျစ်နှင့် လူငယ်ကို တွေ့ရသည်။
ထိုလူငယ်က ရုပ်သေးပွဲကို တစ်ချက် ကြည့်သည်။ ထို့နောက် ဝါဒတောင်ဂိုဏ်းတပည့်အုပ်စုအား ကြည့်ပြီး ခေါင်းယမ်းလိုက်သည်။ “အတိတ်မှာပဲ ပျော်မွေ့ပြီး ကိုယ့်ကိုကိုယ် လှည့်စားနေတယ်၊ သနားစရာ သတ္တဝါတွေပဲ…….”