Switch Mode

အခန်း ( ၁၇၆ )

ဘေးအန္တရာယ်

ဝမ်ပေါင်လဲ့မှာ ၎င်း၏အနားသို့ ချက်ချင်း ရောက်ရှိသွား၏။ ထို့နောက် ထိုသားရဲကြီး၏ သွားကို ဆုပ်ကိုက်ကာ ဆွဲနှုတ်ရန် ပြင်လိုက်စဉ် ထိုသားရဲကြီးက ရုန်းကန်ရင်း ၎င်း၏သွားမှာတစ်ဆင့် လျှပ်စီးတန်းတစ်ခုကို ထုတ်လွှတ်လိုက်၏။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသဖြင့် သူ၏ ခန္ဓာကိုယ်ထဲရှိ ပုံဆောင်ခဲဏ္ဍာန် ဖြစ်နေသော သူ၏ ဝိညာဉ်ချီများထဲမှ အစိတ်အပိုင်းအချို့ ကွဲထွက်သွား၏။

သို့သော် ထို လျှပ်စီးတန်းကို သူ အနက်ရောင်မျက်နှာဖုံးထဲရှိ မမလေးကြောင့် ခံစားခဲ့ရသော လျှပ်စီးတန်းများနှင့် ယှဉ်လိုက်မည်ဆိုပါက စာမဖွဲ့လောက်ပေ။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်မှာ ရပ်တန့်သွားခြင်းမရှိဘဲ ထိုသားရဲကြီး၏ သွားကို ချက်ချင်းပင် ဆွဲနှုတ်လိုက်၏။

ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ ကျေနပ်နေ၏။ သူသည် စစ်မြေပြင်ကြီးကို အကဲခတ်ကြည့်လိုက်သောအခါ သားရဲအုပ်ကြီး၏ တစ်ဝက်ကျော်မှာ သေဆုံးသွားကြပြီဖြစ်ပြီး သားရဲအများစုမှာ စတင် ထွက်ပြေးနေကြပြီဖြစ်သည်။ ထို့ကြောင့် သားရဲလှိုင်းကြီးမှာ အဆုံးသတ်တော့မည်ဟု သတ်မှတ်နိုင်၏။ သို့သော် ထိုအချိန်တွင် ငလျင်များ ဆက်တိုက် လှုပ်သွားပြီး ခပ်လှမ်းလှမ်းရှိ ကောင်းကင်ယံ၌ ပထမအကြိမ်တုန်းကထက် ဆယ်ဆပိုကြီးကာ ကောင်းကင်ယံကိုပင် ထက်ခြမ်းခွဲပစ်နိုင်စွမ်းရှိသော လေဆင်နှာမောင်းကြီးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာ၏။

ထို လေဆင်နှာမောင်းကြီးထဲတွင် ဖုန်မှုန့်များနှင့် မြေကြီးများအပြင် ကောင်းကင်ယံထဲရှိ သားရဲအုပ်များလည်း ပါနေ၏။ ၎င်းတို့မှာ ကမ္ဘာမြေကြီးနှင့် မိုးကောင်းကင်ကြီးတို့ကို လွှမ်းခြုံထားသကဲ့သို့ပင်။ ထို လေဆင်နှာမောင်းကြီး အနီးသို့ အလျင်အမြန် ရောက်ရှိလာသောအခါ တုန်ရီမှုများမှာလည်း ပို၍ အားကောင်းလာ၏။ ထို့ကြောင့် စစ်သည်တော်များနှင့် ကျင့်ကြံသူများမှာ မတုန်လှုပ်ဘဲ မနေနိုင်ကြတော့ပေ။ သူတို့မှာ ဆွံ့အမှင်တက်ကာ မတ်တတ်ရပ်၍ ငေးကြည့်နေကြစဉ် ခံတပ်ထဲမှ ပထမ သတိပေးဝီစီသံထက် ပို၍ ကျယ်လောင်စူးရှသော ဝီစီသံတစ်သံ ထပ်၍ ပေါ်ထွက်လာ၏။

ထိုခံတပ်၏ ခေါင်းဆောင်ဖြစ်သော မုတ်ဆိတ်မွေးထူကြီး၏ စကားသံမှာ ယခင်ကနှင့် မတူတော့ဘဲ အလျင်လိုကာ တည်ကြည်လေးနက်နေ၏။ သူ၏ အမိန့်ပေးသံမှာ စစ်မြေပြင်တစ်ခွင် ပျံ့နှံ့သွား၏။

” ပထမစစ်တပ်နဲ့ ကျင့်ကြံသူတွေအကုန်လုံး ချက်ချင်းနောက်ပြန်ဆုတ်ခဲ့ ”

” မန္တန်အစီအရင်ကို ဖွင့်လိုက်တော့ ”

” မီးနတ်ဘုရားလက်နက်စစ်သား‌တွေ။ အမြောက်တွေကို ငါးချက်ဆက်တိုက် ပစ်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားကြ ”

ဝမ်ပေါင်လဲ့မှာ ထို အမိန့်ပေးသံ အဆင့်ဆင့်ကို ကြားလိုက်ရသောအခါ အန္တရာယ်တစ်ခုနှင့် ရင်ဆိုင်ရတော့မည်ဖြစ်ကြောင်း ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် နောက်သို့ ချက်ချင်းပြန်ဆုတ်သွားပြီး လမ်းတစ်လျှောက်တွင် ကြုံခဲ့ရသော အခြားစစ်သည်တော်များကိုလည်း သူနှင့်အတူ ဆွဲခေါ်သွား၏။

လူအုပ်ကြီးမှာ ရင်တထိတ်ထိတ်နှင့် စောင့်ကြည့်နေကြစဉ် စစ်မြေပြင်ပေါ်မှ လူတိုင်း နောက်သို့ အလျင်အမြန် ဆုတ်ခွာလာကြ၏။ ဝမ်ပေါင်လဲ့နှင့် ချန်းယွီထုံတို့မှာ ခံတပ်ပေါ်တွင် အတူတူရပ်၍ ခပ်လှမ်းလှမ်းသို့ လှမ်း၍ စိုက်ကြည့်နေ၏။ သူသည် ထိုနေရာနှင့် မည်မျှပင် ရင်းနှီးကျွမ်းဝင်နေစေကာမူ ထိုမြင်ကွင်းမှာ သူ့အား အံ့အားသင့်သွားအောင် လုပ်နိုင်နေဆဲပင်။

ခပ်လှမ်းလှမ်းရှိ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကြားတွင် သားရဲလှိုင်းကြီးမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ပေါ်ပေါက်လာ၏။ ၎င်း၏ အရွယ်အစားမှာ ပထမလှိုင်းတုန်းကထက် အနည်းဆုံးဆယ်ဆခန့် ပို၍ သေးငယ်သွားပါသော်လည်း ၎င်းတို့ ရှေ့သို့ ပြေးထွက်လာကြသောအခါ သိန်းပေါင်းများစွာသော သားရဲကြီးများမှာ အဆုံးမရှိသည့်အလား မိုးကုတ်စက်ဝိုင်းတစ်လျှောက်တွင် ပျံ့နှံ့သွား၏။ ထိုမြင်ကွင်းကို မြင်လိုက်ရသူအားလုံးမှာ ကြောက်ရွံ့တုန်လှုပ်သွားကြပြီး မယုံကြည်နိုင်လောက်အောင် ဆွံ့အသွားကြတော့သည်။

သွေးညှီနံ့များဖြင့် ပြည့်နှက်နေသော လေပြင်းများ ရှေ့သို့ တိုက်ခတ်လာပြီး ကမ္ဘာမြေကြီးတစ်ခုလုံး ရွေ့လျားသွားကာ တောင်တန်းများပင်လျှင် တုန်ရီသွားသကဲ့သို့ ဖြစ်သွားရ၏။ ထို သားရဲအုပ်ကြီးထဲတွင် မီတာနှစ်ဆယ်ကျော် အမြင့်ရှိသော သားရဲများ အမြောက်အမြား ရှိနေကြသည်။ မီတာတစ်ရာအထိ မြင့်သော သားရဲကြီး တစ်ကောင်ကိုပင် တွေ့နိုင်၏။ ၎င်းမှာ အပြာရောင် ဘီလူးသားရဲကြီးတစ်ကောင် ဖြစ်ပြီး ခံတပ်ကြီးဆီသို့ ပြေးလာရင်း ကျောက်ဆောင်ကြီးများကို သူနှင့်အတူ ဆွဲလာ၏။

ထိုမျှလောက်သာဆိုပါက ဆိုးဆိုးရွားရွား မဟုတ်ပါသော်လည်း ထို အဆုံးမရှိလောက်အောင် ရှည်လျားနေသော သားရဲလှိုင်းကြီး၏ နောက်တွင် ဝိညာဉ်ချီ ခုနစ်မျိုး ပေါ်ထွက်လာပြန်သည်။ ၎င်းတို့မှာ မိုးကောင်းကင်အထိ မြင့်တက်သွားပြီး အာနာပါနအဆင့်ထက် သာလွန်သော စွမ်းအားများကို ထုတ်လွှတ်နေ၏။ ၎င်းမှာ အာနာပါနအဆင့်အား အမှုန့်ချေပစ်နိုင်စွမ်းပင် ရှိသည်။ ထိုဝိညာဉ်ချီများမှာ တရွှီရွှီမြည်နေသော လေမုန်တိုင်းတစ်ခုအသွင် ပြောင်းလဲသွားကြပြီး ချဉ်းကပ်လာ၏။

ထို လေမုန်တိုင်းထဲတွင်ရှိနေသော အရာများကို ရှင်းရှင်းလင်းလင်းမမြင်ရပေ။ သို့သော် ၎င်း၏ အစွန်းပိုင်းတွင်မူ ကြောက်မက်ဖွယ်ရာ သားရဲကြီးခုနစ်ကောင် ဝဲပျံနေကြ၏။ ထို သားရဲကြီး ခုနစ်ကောင်မှာ အများနှင့်မတူ တမူထူးခြားသော ရုပ်ရည်သွင်ပြင်များကို ပိုင်ဆိုင်ထားပြီး ၎င်းတို့၏ ခန္ဓာကိုယ်များပေါ်တွင် ကမ္ဗည်းစာလုံးများ တဖျပ်ဖျပ် လင်းလက်တောက်ပနေကြ၏။ သူတို့မှာ လေထဲရှိ ကျောက်တုံးများနှင့်တူသော အရာများပေါ်တွင် မတ်တတ်ရပ်နေကြ၏။ ၎င်းတို့မှာ ဓမ္မလက်နက်အဆောင်များနှင့် ဆင်တူကြပြီး ခံ့ညားထည်ဝါသော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေ၏။

ထို သားရဲကြီး ခုနစ်ကောင်ဆီမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အငွေ့အသက်ကြီးကြောင့် လူတိုင်း လိပ်ပြာလွင့်မတတ် တုန်လှုပ်သွားရ၏။

” အခြေတည်အဆင့်ပဲ ”
ဝမ်ပေါင်လဲ့ဘေးတွင် ရပ်နေသော ချန်းယွီထုံမှာ အသက်ရှူသံများ လေးလံလာပြီး လေသံတိုးတိုးနှင့် ရေရွတ်လိုက်၏။

” အခြေတည်အဆင့် ” ဆိုသော စကားလုံးများကို ကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားတော့သည်။ အာနာပါနအဆင့်၏ အလွန်တွင် အခြေတည်အဆင့် ရှိနေကြောင်းကို သူက သိထားပြီးသားဖြစ်သည်။

အခြေတည်အဆင့်၏ စွမ်းအားမှာ အင်မတန်မှ ကြီးမားလွန်းလှ၏။ ၎င်းနှင့် ၎င်း၏ အောက်တစ်ဆင့်ကြားရှိ ခြားနားချက်မှာ ရှေးဟောင်းသိုင်းအဆင့်နှင့် အာနာပါနအဆင့် ကြားရှိ ခြားနားချက်ထက်ပင် ပို၍ ကြီးမားနေ၏။ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်၏ မျက်စိရှေ့တွင်ဆိုလျှင် အာနာပါနအဆင့်မှာ ရှေးဟောင်းသိုင်းအဆင့်ထက် မဆိုစလောက်သာ ပို၍အစွမ်းထက်သော အနေအထားတွင် ရှိသည်ဟုပင် ဆိုနိုင်သည်။ သူတို့အတွက် အာနာပါနအဆင့် ကျင့်ကြံသူများမှာ ပုရွတ်ဆိတ်အဆင့်လောက်အထိ နိမ့်မကျပါသော်လည်း ၎င်းတို့ကို ချေမှုန်းနိုင်ရန်မှာ လွယ်ကူရိုးရှင်းပေသည်။

ထို စွမ်းအား ခြားနားချက်ကြီးကို လူအင်အားဖြင့် တွန်းလှန်နိုင်ရန်မှာ မဖြစ်နိုင်ပေ။ အာနာပါနအဆင့် ကျင့်ကြံသူများက စုပေါင်း၍ တိုက်ခိုက်လျှင်တောင် အခြေတည်အဆင့် ပြိုင်ဘက်တစ်ယောက်မှာ သူတို့အား သတ်ဖြတ်ချေမှုန်းပစ်မည်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့၏ စိတ်နှလုံးထဲတွင် အန္တရာယ်ကြီးတစ်ခုနှင့် ကြုံနေရပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။ ဤ သားရဲလှိုင်းကြီး၏ အစွမ်းမှာ ယခုလောက်ကြီးမားနေလိမ့်မည်ဟု သူက လုံးဝထင်မထားခဲ့ပေ။ ရန်သူဘက်တွင် အခြေတည်အဆင့် သားရဲ ခုနစ်ကောင်အထိ ရှိနေသည်မဟုတ်ပါလော။

” ဒီလို အသေးစား ခံတပ်လေး တစ်ခုမှာ ရောက်နေတဲ့ ငါတို့တောင် ဒီလို သားရဲလှိုင်းကြီးကို ရင်ဆိုင်နေရတာဆိုတော့ တခြား ခံတပ်တွေနဲ့ ပထမအဆင့် ခံတပ်မှာ ဘယ်လိုများ ဖြစ်နေမလဲ။ သူတို့ ရင်ဆိုင်နေရတဲ့ သားရဲလှိုင်းတွေက အခုထက်တောင် ပိုပြီးတော့ အန္တရာယ်များနေမှာလား ”
ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူကာ တွေးလိုက်၏။ ထို့နောက် သူ နတ်ဘုရားရတနာတစ်ခုအဖြစ် သန့်စင်ထားသော လက်အိတ်ကို ထုတ်ယူကာ တွေဝေနေခြင်း မရှိဘဲ လက်တွင်တပ်ဆင်လိုက်၏။

ဝမ်ပေါင်လဲ့တစ်ယောက်သာ ထိုကဲ့သို့ ခံစားချက်မျိုးစုံ ပြောင်းလဲနေရသည်တော့ မဟုတ်ပေ။ ထိုခံတပ်တွင် တစ်နှစ်ပတ်လုံး တာဝန်ကျနေခဲ့သည့် အခြားစစ်သည်တော်များ၏ မျက်နှာ အမူအရာမှာလည်း တည်ကြည်သွားကြပြီ ဖြစ်သည်။

ခံတပ်ကြီးတစ်ခုလုံးထဲရှိ လူတိုင်း၏ စိတ်ခံစားချက်များ တင်းမာနေစဉ် ထိန်းမနိုင် သိမ်းမရ ဖြစ်နေသော သားရဲလှိုင်းကြီးမှာ တရွေ့ရွေ့နှင့် ချဉ်းကပ်လာသောကြောင့် ခံတပ်ကြီး တစ်ခုလုံးမှာ ရုတ်တရက်ဆိုသလို တုန်ရီသွားရ၏။ ထိုအချိန်တွင် သတ္တုများဖြင့် တည်ဆောက်ထားသော ခံတပ်နံရံများ၏ အပြင်ဘက်ခြမ်းပေါ်တွင် ကမ္ဗည်းစာလုံး အမြောက်အမြား ပေါ်ထွက်လာ၏။ ထို ကမ္ဗည်းစာလုံးများ လင်းလက်တောက်ပလာသောအခါ အကြည်ရောင် အကာအကွယ် အကာအရံတစ်ခု ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာ၏။

ထို အကာအရံမှာ ရှေ့သို့ အရှိန်အဟုန်ပြင်းစွာ ထိုးထွက်သွား၏။ ၎င်း ဘေးမှ ဖြတ်သွားသောအခါ ခံတပ်အပြင်ဘက်၌ ခြေဦးတည့်ရာသွားလာနေကြသည့် အသက်ရှင်နေသေးသော သားရဲကြီးများမှာ တုန်ရီသွားကြပြီး ချက်ချင်းပင် တစ်စစီ ပေါက်ကွဲထွက်သွားကြ၏။

ဝမ်ပေါင်လဲ့မှာ ထို အကာအရံ၏ ဖျက်ဆီးနိုင်စွမ်းအားကို မြင်လိုက်ရသောအခါ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။ သူသည် ဓမ္မလက်နက် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ဓမ္မအဆောင်များနှင့် ပတ်သတ်၍ သူ နားလည်ထားသလောက်ဆိုလျှင် ယခုလောက် အရွယ်အစားကြီးမားသော အကာအကွယ် အကာအရံများကို အချိန်အကြာကြီး အသုံးပြုနိုင်မည်မဟုတ်ကြောင်း သိထား၏။ ထို့ကြောင့် ၎င်းတို့ကို အလိုအပ်ဆုံးသော အချိန်များတွင်သာ အသုံးပြုလေ့ရှိသည်။

ဤခံတပ်၏ မုတ်ဆိတ်မွေးထူ ခေါင်းဆောင်ကြီးမှာ ထို အကာအရံကို အသုံးပြုရန် လိုအပ်နေသည့် အနေအထားသို့ ရောက်နေပြီဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်မှာ သိသာထင်ရှားပေသည်။ ဝမ်ပေါင်လဲ့မှာ ထိုအကာအရံကြီး မီတာသုံးထောင်ကျော်အထိ ရှေ့သို့ ထိုးထွက်သွားပြီးနောက် ရပ်တန့်သွားသည်ကို ငေးကြည့်နေလိုက်၏။ ၎င်းမှာ သားရဲလှိုင်းကြီးကို ခုခံမည့် ပထမဦးဆုံး ဒိုင်းကာဖြစ်သည်။

ထို အကာအကွယ် ဒိုင်းကာကြီး ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကြောက်မက်ဖွယ် သားရဲလှိုင်းကြီးမှာ ၎င်းဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာ၏။ ၎င်းတို့မှာ သန္ဓေသားအဆင့်ကတည်းက ၎င်းတို့၏ ဗီဇများထဲတွင် ရက်စက်ယုတ်မာမှုများနှင့် ရုန့်ရင်းကြမ်းတမ်းမှုများဖြင့် ပြည့်နှက်နေခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့မှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သွေးဆာနေသော မျက်လုံးနီကြီများဖြင့် ထို အကာအရံကြီးကို ဝင်တိုက်နေကြတော့သည်။

ထို့ကြောင့် လေထဲတွင် မိုးခြိမ်းသံတမျှ ကျယ်လောင်သော အော်ဟစ်ဟိန်းဟောက်သံများ ပဲ့တင်ထပ်သွား၏။ မည်သည့် ကျင့်ကြံခြင်းအဆင့်တွင် ရှိစေကာမူ ထို အကာအရံနှင့် ထိမိလိုက်သည့် သားရဲတိုင်းမှာ အရိုးတခြား အသားတခြားဖြစ်ကာ သွေးအိုင်ထဲတွင် ပုံခနဲ လဲကျသွားရသည်။ ထို့ကြောင့် မြေပြင်ပေါ်တွင် ရဲရဲနီနေသော သွေးချောင်းများ စီးနေသည့်တိုင်အောင် နောက်ထပ်သားရဲများစွာသည် သေဆုံးရမည်ကို ကြောက်ရွံ့နေခြင်း မရှိဘဲ ရှေ့သို့ ပြေး၍ ချီတက်လာနေကြဆဲပင်။ ထိုသို့ဖြင့် ထိုအကာအရံကြီးမှာ တုန်ရီနေပြီး သွေးစက်များဖြင့် ပေကျံနေတော့သည်။

ဝမ်ပေါင်လဲ့မှာ ထို ရူးသွပ်မှုကြီးကို မြင်လိုက်ရသောအခါ နှလုံးသားထဲတွင် ခံစားချက်မျိုးစုံ ပေါ်ထွက်လာ၏။ ထိုအချိန်တွင် မီးနတ်ဘုရားအမြောက်များကို ဆက်တိုက် ပစ်ခတ်လိုက်ကြ၏။ အမြောက်သံကျယ်ကြီးများမှာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ ပြိုင်တူ ဟိန်းဟောက်လိုက်သည့် အသံနှင့်ပင် ဆင်တူနေ၏။ အမြောက်တစ်လက်ချင်းစီတိုင်းကိုငါးချက်တိတိ ပစ်ခတ်လိုက်သည်ဖြစ်ရာ ဇီဝိန်ချုပ်တိုက်ကွက် ငါးကွက် ဆက်တိုက် ပေါ်ထွက်လာသကဲ့သို့ပင်။

ထိုတိုက်ကွက် တစ်ကွက်ချင်းစီတိုင်းတွင် အလင်းတန်းတစ်ရာကျော်မှာ ကောင်းကင်ကြီးအား ထိုးခွင်းသွားကြ၏။ ထို့ကြောင့် နေဝင်ရီတရောဖြစ်နေသော ကောင်းကင်ယံကြီးမှာ ချက်ချင်းပင် ဝင်းလက်သွား၏။ အလင်းတန်းများမှာ မိုးစက်များကဲ့သို့ ကျဆင်းလာပြီး အကာအကွယ်ဒိုင်းကာကြီးကို ဖြတ်ကျော်ကာ သားရဲလှိုင်းပေါ်သို့ ကျရောက်သွား၏။

ထိုအခါ မြေပြင်ကြီးမှာ တုန်ရီသွားပြီး တုန်ခါမှုလှိုင်းများမှာ အဘက်ဘက်သို့ မရပ်မနား ပျံ့ထွက်သွားကြ၏။ သားရဲအုပ်များစွာမှာလည်း ချက်ချင်းပင် တစ်စီကြေမွသွားကြပြီး ဖုန်မှုန့်များဘဝသို့ ရောက်ရှိသွားကြသည်။ အမြောက်ပစ်ချက် ငါးရာ၏ ပေါက်ကွဲစွမ်းအားမှာ အကာအရံအပြင်ဘက်တွင်ရှိနေသော သားရဲလှိုင်းကြီး၏ တစ်ဝက်ကျော်ကျော်ကို သတ်ဖြတ်နှိမ်နင်းလိုက်နိုင်၏။

မျက်စိတစ်ဆုံး သွေးချောင်းစီးကာ အလောင်းများမှာလည်း တောင်လိုပုံနေကြပြီဖြစ်သည်။

သို့သော် မျက်စိတစ်မှိတ်အတွင်း နောက်ထပ် သားရဲလှိုင်းကြီးတစ်လှိုင်း ရှေ့သို့ချီတက်လာပြီး အစားထိုးဝင်ရောက်လာ၏။ ခပ်လှမ်းလှမ်းတွင်လည်း သားရဲအုပ်များစွာ မရပ်မနား စုဝေးနေကြသေးသည်။ ၎င်းတို့၏ အ‌ရေအတွက်မှာ များလာသည့်ပုံ ပေါက်နေပြီး ၎င်းတို့မှာ ရပ်တန့်သွားခြင်းမရှိဘဲ ဒိုင်းကာကြီးအား ဝင်တိုက်နေကြဆဲပင်။ ထိုအခါ ထိုဒိုင်းကာကြီးမှာ ထိုတိုက်ခိုက်မှုများကို ဆက်လက် တောင်ခံနိုင်စွမ်း မရှိတော့သည့်အလား တွန့်လိမ်ကာ ပုံပျက်စ ပြုလာတော့သည်။

ကောင်းကင်ယံတွင်လည်း လေမုန်တိုင်းကြီးက အနားသို့ ရောက်ရှိလာပြီဖြစ်သည်။ လေမုန်တိုင်းကြီး၏ အစွန်းတွင် ရှိနေသော အခြေတည်အဆင့် သားရဲ ခုနစ်ကောင်မှာလည်း တဖြည်းဖြည်းနှင့် ချဉ်းကပ်လာသောကြောင့် ၎င်းတို့ဆီမှ ထွက်ပေါ်နေသော ဖိနှိပ်အားများမှာလည်း ပို၍ပင် ရက်စက်ကြမ်းကြုတ်လာပြီ ဖြစ်သည်။

ထိုအခါ မုတ်ဆိတ်မွေးထူ ခေါင်းဆောင်ကြီးမှာ မျက်လုံးများ‌မှေးသွားပြီး ကျိန်ဆဲလိုက်၏။
” ပြည်ထောင်စုကြီးက အသေးစားသားရဲလှိုင်း တစ်ခုပဲ လာလိမ့်မယ်လို့ ခန့်မှန်းထားတာ မဟုတ်ဘူးလား။ တောက်ကွာ။ ဒီလောက် အရွယ်အစားရှိတဲ့ သားရဲလှိုင်းကို ငါ အခုမှ ပထမဆုံး မြင်ဖူးတာပဲ ”

မုတ်ဆိတ်မွေးထူ ခေါင်းဆောင်ကြီးမှာ ကြံရာမရတော့သောကြောင့် ပထမအဆင့်ခံတပ်အား အကူအညီ လှမ်းတောင်းလိုက်ရ၏။ သို့သော် ပထမအဆင့်ခံတပ်ရှိ အခြေအနေမှာလည်း သူတို့ကဲ့သို့ပင် ဆိုးရွားနေ၏။ လက်ရှိတွင် ခံတပ်တိုင်းမှာ ယခင်တုန်းက လုံးဝမကြုံခဲ့ဖူးသော သားရဲလှိုင်းများနှင့် ရင်ဆိုင်ကြုံတွေ့နေရခြင်း ဖြစ်သည်။ အထူးသဖြင့် ပထမအဆင့်ခံတပ်တွင်ဆိုလျှင် အမြုတေအဆင့်တွင် ရှိသော သားရဲဘုရင်တစ်ကောင် ပေါ်လာခဲ့၏။

သားရဲဘုရင်တစ်ကောင်ကို မြင်လိုက်ရကြောင်း ပြောစကားများကို ကြားလိုက်ရသောအခါ မုတ်ဆိတ်မွေးထူ ခေါင်းဆောင်ကြီးမှာ အသက်ပြင်းပြင်းရှူလိုက်၏။ ထို့နောက် သူသည် သားရဲအုပ်များ၏ အဆက်မပြတ် တိုက်ခိုက်မှုကို ခံနေရသော အကာအကွယ် ဒိုင်းကာကြီးထဲတွင် အက်ကွဲကြောင်းများ ပေါ်လာသည်ကို မျက်လုံးနီကြီးများဖြင့် စိုက်ကြည့်နေတော့သည်။ ထိုအချိန်တွင် သူ၏ မျက်ဝန်းများထဲတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ဖျတ်ခနဲ လက်သွား၏။ ထို့နောက် သူသည် ရုတ်တရက် လက်မြှောက်ကာ အမိန့်ပေးလိုက်တော့သည်။

” အကာအရံကို ဖျက်ဆီးပစ်လိုက်တော့။ ဒီ သောက်တိရစ္ဆာန်ကောင်တွေကို ကောင်းကောင်းကြီး ဖောက်ခွဲပေးလိုက်ကြတာပေါ့။ မီးနတ်ဘုရားအမြောက်တွေကို ဆယ်ချက်တိတိ ပစ်လိုက်။ မန္တန်အစီအရင် တပ်သားတွေက မန္တန်အစီအရင် ကမ္ဗည်းစာလုံးတွေကို ဖော်လိုက်တော့။ ဒုတိယမြောက်စစ်တပ်က ဓားပျံတွေကို အဆင်သင့်ထုတ်ထား ”

မုတ်ဆိတ်မွေးထူကြီးက အမိန့်များကို တစ်ခုချင်းစီ ထုတ်ပြန်ကြေညာလိုက်၏။ ခဏအကြာတွင် သားရဲလှိုင်းကို တွန်းလှန်နေရင်း ပျက်စီးစ ပြုနေသော အကာအရံကြီးမှာ သားရဲကြီးများ၏ အငိုက်ကိုဖမ်းကာ ပေါက်ကွဲသွားတော့သည်။ ထို ပေါက်ကွဲမှုကြီးမှာ ဓားကောက်ကြီးတစ်လက်နှင့်ပင် ဆင်တူပြီး မြေပြင်တစ်လျှောက် ပျံ့နှံ့သွား၏။ သားရဲများမှာမူ အော်ဟစ်မြည်တမ်းနေကြရင်း ၎င်းတို့၏ ခန္ဓာကိုယ်များမှာ တိခနဲ ထပ်ခြမ်း ခြမ်းခံလိုက်ရ၏။

ထိုအချိန်တွင် မီးနတ်ဘုရားအမြောက်များကို ဆယ်ချက်တိတိ ပစ်ခတ်လိုက်သဖြင့် အမြောက်အလင်းတန်း တစ်ထောင်ကျော် ပေါက်ကွဲထွက်ပေါ်လာ၏။ မြေပြင်ကြီး တုန်ရီသွားပြီး လေလှိုင်းများမှာ မိုးကောင်းကင်ပေါ်သို့ မြင့်တက်သွားကြ၏။ ထိုအလင်းတန်းများမှာ ဓားတောင်ပုံစံ ပေါက်ကွဲမှုကြီးနှင့်အတူ ကျရောက်လာပြီး သားရဲများစွာကို နောက်ထပ်တစ်ကြိမ် ထပ်၍ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်လိုက်ပြန်သည်။

သားရဲအုပ်ကြီးများကို သတ်ဖြတ်ချေမှုန်းပြီးသွားသည့်တိုင်အောင် သားရဲပင်လယ်ကြီးမှာ အရာပင် ယွင်းမသွားပေ။ သားရဲများမှာ အရေအတွက် ပိုမို များပြားလာကြပြီး ဒေါသထွက်ကာ နီမြန်းနေသော မျက်လုံးကြီးများဖြင့် ခံတပ်နှင့် ၎င်းတို့ကြားရှိ မီတာသုံးထောင်ခြားသော အကွာအဝေးထဲသို့ အင်အားအလုံးအရင်းဖြင့် ပြေးဝင်လာကြတော့သည်။ ၎င်းတို့မှာ ခံတပ်ကို တည်ဆောက်ထားသော တောင်ထိပ်ဆီသို့ သွေးရူးသွေးတန်းဖြင့် ပြေးလာကြ၏။

အကယ်၍ ခံတပ်ထဲရှိ အမြင့်ဆုံးနေရာတွင်ရပ်၍ အောက်သို့ငုံ့ကြည့်လိုက်မည်ဆိုပါက ရက်စက်ကြမ်းကြုတ်ဖွယ်ကောင်းသော သားရဲအုပ်ကြီးများ ရှေ့သို့ ပြေးလာနေကြသည်ကို မြင်လိုက်ရမည်ဖြစ်သည်။ ၎င်းတို့မှာ ရေတွက်၍မရအောင် များပြားကာ မှောင်ရီပျိုးစပြုနေပြီဖြစ်သော နေဝင်ချိန် ကောင်းကင်ယံ အောက်တွင် မျက်စိတစ်ဆုံးအထိ ရှိနေကြ၏။

လက်ရှိတွင် သတ္တမမြောက် ပထမအဆင့် ခံတပ်ကြီး၏ ဦးဆောင်မှုအောက်၌ရှိသော အသေးစား ခံတပ်အားလုံး ထိုကဲ့သို့သော အကျပ်အတည်း ပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။ သူတို့ ရင်ဆိုင်နေရသည့် သားရဲလှိုင်းများ၏ အရွယ်အစားများမှာ ပြည်ထောင်စုကြီး မှန်းဆထားသည်ထက် အဆပေါင်းများစွာပို၍ ကြီးမားနေကြ၏။

အထူးသဖြင့် သတ္တမမြောက် ပထမအဆင့် ခံတပ်တွင်ဆိုလျှင် သားရဲလှိုင်းကြီးမှာ အလွန်အင်မတန်မှ ရက်စက်ကြမ်းကြုတ်နေပြီး ၎င်းတို့ထဲတွင် အမြုတေအဆင့်တွင် ရှိသော သားရဲဘုရင်တစ်ကောင်လည်း ပါရှိနေသေးသည်။ ထို သားရဲဘုရင်၏ ဦးဆောင်မှုအောက်တွင် ရှိသော အခြေတည်အဆင့် သားရဲကြီးများမှာလည်း ၎င်းနည်းတူပင် ကြောက်မက်ဖွယ်ကောင်းနေပြီး ကြီးကျယ်ခမ်းနားသော သားရဲစစ်တပ်ကြီးတစ်ခုကို ဦးစီးလာကြ၏။ သတ္တမမြောက် ပထမအဆင့် ခံတပ်ပင်လျှင် အန္တရာယ်နှင့် ကြုံနေရပြီဖြစ်သည်။

သတ္တမမြောက် ခံစစ်ကြောင်းတစ်ခုလုံး အရေးပေါ်အနေအထားသို့ ရောက်နေပြီ ဖြစ်၏။

အင်အားကြီးမားသော သားရဲစစ်တပ်ကြီးတစ်ခုက သတ္တမမြောက် ခံစစ်ကြောင်းကို တိုက်ခိုက်နေသည့်အချိန်မှာပင် ပြည်ထောင်စုကြီးထဲရှိ ပထမမှ ဆဋ္ဌမ ပထမအဆင့်ခံတပ်များနှင့် ၎င်းတို့လက်အောက်တွင်ရှိသော ဒေသများမှာလည်း စိတ်ကူးနှင့်ပင် မှန်းမထားနိုင်လောက်အောင် ကြီးမားသော သားရဲစစ်တပ်ကြီးများကို ခုခံတွန်းလှန်နေကြသည်။

စတုတ္ထမြောက် ပထမအဆင့်ခံတပ်မှာဆိုလျှင် ထိုးဖောက်ခံရလုနီးပါး အနေအထားသို့ ရောက်နေပြီဖြစ်သည်။ သားရဲစစ်တပ်များမှာ သားရဲဘုရင် ရှစ်ကောင်အထိ အသုံးပြုကာ ထိုနေရာကို အဓိကထား၍ တိုက်ခိုက်နေခြင်း ဖြစ်သည်။

သားရဲလှိုင်းများ ယခုကဲ့သို့ အင်အားအလုံးအရင်းဖြင့် ရုတ်ခြည်းဆိုသလို ရောက်ရှိလာရသည့် အကြောင်းအရင်းကို မည်သူကမှ မသိကြပေ။

ပြည်ထောင်စုကြီးမှာ အတတ်နိုင်ဆုံး ပြန်လည်တုန့်ပြန်လိုက်ပါသော်လည်း စစ်မြေပြင်များမှာ နေရာအနှံ့အပြားတွင် ပျံ့နှံ့နေကြပြီဖြစ်ရာ သူတို့ စေလွှတ်ပေးနိုင်မည့် အကူအညီများမှာ လူတိုင်းဆီသို့ ရောက်ရှိနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့မှာ စတုတ္ထမြောက် ပထမအဆင့်ခံတပ်ကိုသာ ဦးစားပေး၍ စစ်ရေးအရ အကူအညီပေးရန် ဆုံးဖြတ်လိုက်ရ၏။

တာအိုကျောင်းကြီးလေးကျောင်းမှာလည်း အလုပ်လုပ်နေပြီဖြစ်သလို လွှတ်တော်အမတ်များနှင့် အဖွဲ့အစည်း အသီးသီးမှာလည်း ထိုနည်းတူပင်။ သို့သော် သူတို့မှာ ခံတပ်များ၏ အပြင်ဘက်ရှိ စစ်မြေပြင်များဆီသို့ သွားနေခြင်းတော့မရှိပေ။ ထိုသို့သွားလျှင်လည်း အဓိပ္ပါယ်ရှိမည်မဟုတ်ဟု သူတို့က တွေးထားကြ၏။

ပြည်ထောင်စုကြီး၏ လျှို့ဝှက်အမိန့်များအရ နိုင်ငံရေးအင်အားစု အသီးသီးမှ ဝါရင့်ပညာရှင်များမှာ ယခုကဲ့သို့ သားရဲလှိုင်းများ ထကြွသောင်းကျန်းနေသည့် အချက်ကို အခွင့်ကောင်းယူ၍ ပြည်ထောင်စုထဲမှထွက်ခွာပြီး ကမ္ဘာဦးခေတ်က တောနက်ကြီးများထဲသို့ ထိုးဖောက်ဝင်ရောက်ရမည် ဖြစ်သည်။ သူတို့၏ ပစ်မှတ်မှာ ထိုကမ္ဘာဦးတောနက်ကြီးထဲတွင် ရှိသော သားရဲပင်လယ်ကြီးပင်ဖြစ်သည်။

ထိုနေရာတွင် သာရဲများ၏စခန်း တည်ရှိနေ၏။

ဤ နည်းဗျူဟာနှင့် ဆိုလျှင် တစ်ဖက်တွင် ချောင်းမြောင်းတိုက်ခိုက်နိုင်မည် ဖြစ်သလို အခြားတစ်ဖက်တွင်လည်း နောက်ဘက်မှနေ၍ တိုက်ခိုက်နိုင်မည်ဖြစ်သည်။ သူတို့မှာ ရှေ့သို့ချီတက်ကာ တိုက်ခိုက်နေကြသော ရန်သူများကို နောက်ဘက်မှ တိုက်ခိုက်လာမည့် သူတို့အဖွဲ့အား ရင်ဆိုင်နိုင်ရန် အတွက် နောက်သို့ပြန်လည်ဆုတ်ခွာလာအောင် ဖိအားပေးကြမည်ဖြစ်သည်။ သို့သော် ထိုဗျူဟာ အောင်မြင်နိုင်ရန် အတွက်ဆိုလျှင် ပထမအဆင့် ခံတပ်ခုနစ်ခုက ရန်သူ့တပ်ဖွဲများကို ကြံ့ကြံ့ခံ တွန်းလှန်ထားနိုင်ရန် လိုအပ်ပေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset