ဓမ္မလက်နက် ကျင့်ကြံသူတစ်ယောက် ရင်ဆိုင်ရသော အန္တရာယ်များမှာ သိပ်၍ မများပေ။ သို့သော် စက်မှုလက်မှုဆိုင်ရာ ပညာရပ်များကို အာရုံစိုက်၍ လုပ်ကိုင်ရသည့်အပြင် အလုပ်လုပ်ရသည့် ပမာဏမှာလည်း များပြား၏။ မီးနတ်ဘုရားအမြောက် ဆယ်လက်ကို တာဝန်ယူထားရသည့် ဝမ်ပေါင်လဲ့ဆိုလျှင် ပို၍ပင် ဆိုးသည်။ သူသည် စင်မြင့်တစ်ခုတည်းပေါ်တွင် အချိန်အကြာကြီး ဖြုန်းနေ၍မရပေ။
စင်မြင့်တစ်ခုပေါ်တွင် ကြည့်ရှုစစ်ဆေးပြီးနောက် နောက်ထပ်စင်မြင့်တစ်ခုဆီသို့ အပြေးသွားရသည်သာ ဖြစ်သည်။ တချိန်တည်းမှာပင် ချို့ယွင်းချက်များ ရှိနေနိုင်သော မီးနတ်ဘုရားအမြောက်ကိုလည်း အမြဲတစေ ရှာဖွေနေရသေးသည်။ ဖြစ်ပေါ်လာသည့် ပြဿနာတိုင်းကို ချက်ချင်းဖြေရှင်းမှ ရမည်ဖြစ်သည်။ အကယ်၍ သူ မဖြေရှင်းနိုင်သော ချို့ယွင်းချက်မျိုးဆိုပါက ချန်းယွီထုံအား အော်ခေါ်၍ အကူအညီ လှမ်းတောင်းရ၏။
သူ နောက်ထပ် စင်မြင့်ဆီသို့မသွားမီ ခံတပ်ဆီသို့ ပြန်နေရမည်ဆိုပါက အချိန်များ အလဟဿ ကုန်နေမည်သာ ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ သင်္ဘောပျံကို ထုတ်ယူကာ ခံတပ် အပြင်ဘက်တွင် ပျံသန်းရင်း စင်မြင့်ဆယ်ခုကြားတွင် လူးလွန့်သွားလာနေတော့သည်။ နောက်ဆုံးတွင် သူသည် ခေတ္တမျှ အနားယူချိန် ရလိုက်သဖြင့် သူ၏ ခြင်များကို ဆင့်ခေါ်လိုက်တော့သည်။ ထို့နောက် ထိုခြင်များအတွက် အစမ်းသပ်ခံပစ္စည်းတစ်ခုကို ရှာဖွေရန် ပြင်လိုက်၏။
ထိုအချိန်တွင် မီးနတ်ဘုရားအမြောက် တစ်လက်မှာ စတင်တုန်ရီလာပြီး မတည်မငြိမ်ဖြစ်လာ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ခြင်များကို ထိန်းချုပ်မနေတော့ဘဲ ထို မတည်မငြိမ်ဖြစ်နေသည့် မီးနတ်ဘုရားအမြောက်ရှိရာ စင်မြင့်ဆီသို့ ပြေးသွားလိုက်သည်။ သူ၏ ခြင်များကိုမူ အာနာပါနအဆင့် သားရဲများကိုသာ ကိုက်ရန် အမိန့်ပေးလိုက်၏။ လက်တလောတွင် ၎င်းတို့ကို လိုက်လံထိန်းချုပ်နေရန် အချိန်မရှိပေ။
ထိုခြင်ကိုးကောင်မှာ စစ်မြေပြင်တစ်လျှောက် ဖြတ်ပျံရင်း သားကောင်ကို ရှာဖွေနေတော့သည်။
သိပ်မကြာခင် ၎င်းတို့မှာ ပစ်မှတ်တစ်ခုကို ရှာတွေ့သွား၏။ ၎င်းမှာ ကျားသစ်တစ်ကောင်ပုံစံရှိသော သားရဲကြီးတစ်ကောင် ဖြစ်သည်။ ၎င်း၏ ကျင့်ကြံခြင်းအဆင့်မှာ ရှေးဟောင်းသိုင်းပညာအဆင့်ထက် သာလွန်နေပြီး ၎င်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အငွေ့အသက်များမှာ အာနာပါနအဆင့်တွင် ရှိနေ၏။ ၎င်းမှာ ကြောက်မက်ဖွယ်ရာ ကောင်းပြီး စစ်မြေပြင်တစ်လျှောက် လျင်မြန်သွက်လက်စွာ ပြေးလွှားနေ၏။
ထိုသားရဲကြီးမှာ အလွန်အင်မတန်မှ ကောက်ကျစ်စဉ်းလဲ၏။ ၎င်းမှာ တာအိုကျောင်းလေးကျောင်းမှ သိုင်းပညာ ကျင့်ကြံသူများ၏ တိုက်ကွက်များကို ရှောင်တိမ်းကာ ရှေးဟောင်းသိုင်းအဆင့် စစ်သည်တော်များကိုသာ ဖွေနေ၏။ ထို့နောက် ၎င်းမှာ ရှေ့သို့ခုန်ထွက်လာပြီး ထိုစစ်သည်တော်များ၏ လည်မျိုကို ဆုတ်ဖြဲကာ မျက်စိတစ်မှိတ်အတွင်း ပြန်လည်ထွက်ခွာသွား၏။
ယခုတွင် ထိုကျားသစ်ကြီးမှာ အေးစက်နေသောမျက်ဝန်းများဖြင့် တာအိုကျောင်းလေးကျောင်းမှ သိုင်းပညာ ကျင့်ကြံသူများ၏ နောက်ထပ်တိုက်ကွက်တစ်ကွက်ကို ထပ်မံ ရှောင်တိမ်းလိုက်ပြီး ပါးစပ်ကို လျှာဖြင့်သပ်လိုက်၏။ ထို့နောက် ၎င်း၏ မျက်လုံးများမှာ မှေးသွားပြီး ဗလတောင့်တောင့်နှင့် သက်လတ်ပိုင်း စစ်သည်တော်တစ်ယောက်အား စိုက်ကြည့်လိုက်၏။ ထိုလူကြီးမှာ ရှေးဟောင်းသိုင်းအဆင့် သားရဲကြီးတစ်ကောင်နှင့် လုံးထွေးသတ်ပုတ်နေခြင်း ဖြစ်သည်။
ထို ကျားသစ်ကြီး ပြေးထွက်သွားချိန်တွင် ရုတ်တရက်ဆိုသလို ၎င်း၏ ဘေးနားတစ်ဝိုက်၌ ခြင်ကိုးကောင် ပေါ်လာ၏။ ထိုခြင်ကိုးကောင် ထိုကျားသစ်ကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်လာသည်တိုင်အောင် ထိုသားရဲကြီးမှာ သတိမထားမိသေးပေ။ နဂိုမူလတုန်းက အမွေးထူသော အရေပြားများကို ထိုးဖောက်နိုင်စွမ်း ရှိသည့်ပုံ မပေါ်သော ၎င်းတို့၏ နှာမောင်များမှာ ရုတ်တရက်ဆိုသလို ရှည်လျားလာပြီး ထို ကျားသစ်ကြီး၏ ခန္ဓာကိုယ်ထဲသို့ ဖောက်ဝင်သွား၏။ ထို ခြင်ကိုးကောင်မှာ ၎င်း၏ သွေးများကို စုပ်ယူသောက်သုံးလိုက်ပြီးနောက် ခဏအကြာတွင် ပျံထွက်သွားကြတော့သည်။
၎င်းတို့ အဝေးသို့ ရောက်သွားချိန်တွင် စူးရှတောက်ပသော အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။ ထို့နောက် သက်လတ်ပိုင်း လူသန်ကြီးဆီသို့ ပြေးလာနေသော ကျားသစ်ကြီးမှာ ရုတ်တရက်ဆိုသလို မျက်လုံးပြူးသွားရတော့သည်။ ၎င်းမှာ လေပေါ်သို့ ခုန်တက်နေတုန်း ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး ၎င်းဆီမှ နာကျည်းဖွယ်ရာ ညည်းသံတစ်သံ ပေါ်ထွက်လာ၏။ ရှေ့သို့ ခုန်ထွက်နေသော ၎င်း၏ ခန္ဓာကိုယ်ကြီးမှာလည်း ဆတ်ခနဲ တုန်ရီသွားကာ ဆိုင်းမဆင့် ဗုံမဆင့် လမ်းကြောင်းပြောင်းသွားပြီး မြေကြီးပေါ်သို့ ဦးခေါင်းဖြင့် ထိုးဆင်းသွားတော့သည်။
ထို ကျားသစ်ကြီးမှာ မြေကြီးပေါ်သို့ ကျလာပြီးနောက် သွေးရူးသွေးတန်း အော်ဟစ်မြည်တမ်းလိုက်၏။ ၎င်းမှာ ခန္ဓာကိုယ်တစ်ခုလုံး ထိန်းမနိုင် သိမ်းမရ ယားယံနေသည့်အလား မြေကြီးပေါ်တွင် မရပ်မနား လူးလွန့်နေပြီး ၎င်း၏ လက်သည်းများဖြင့် သူ့ကိုယ်သူ ပြန်ကုတ်ရန် ကြိုးပမ်းနေ၏။ ထိုယားယံမှုမျိုးမှာ အရိုးများထဲအထိဖောက်ကာ ဝိညာဉ်ထဲရှိ အနက်ရှိုင်းဆုံးသော နေရာများအထိ စိမ့်ဝင်သွားနိုင်သော ယားယံမှုတစ်ခု ကဲ့သို့ပင်။ ထိုယားယံမှုကြောင့် အာနာပါနအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကျားသစ်တစ်ကောင်ပင်လျှင် မချိတင်ကဲနှင့် အော်ဟစ်ညည်းညူနေရပြီး ၎င်း၏ တိုက်ရည်ခိုက်ရည် အားလုံးနီးပါးမှာလည်း ကုန်ခမ်းသွားရတော့သည်။ ၎င်းမှာ ခန္ဓာကိုယ် အပြင်ဘက်တွင်သာမက အတွင်းဘက်တွင်ပါ အင်းဆက်အမြောက်အမြားက ကိုက်နေကြသည့်အလား ခံစားနေရသဖြင့် မျက်ဝန်းထဲတွင် အကြောက်တရားများဖြင့် ပြည့်နှက်သွားတော့သည်။
ထိုးသားရဲကြီးမှာ မတ်တတ်ထလာရန် ကြိုးပမ်းလိုက်ပါသော်လည်း မအောင်မြင်ပေ။ ထိုယားယံမှုကြီးမှာ ဖော်ပြ၍မရနိုင်လောက်အောင် ဆိုးရွားနေသောကြောင့် သွေးရူးသွေးတန်းနှင့်သာ အော်ဟစ်ရုံမှတစ်ပါး အခြားမည်သည့်အရာကိုမှ မလုပ်နိုင်ပေ။ ၎င်း၏ အော်ဟစ်သံများမှာ အဝေးကြီးသို့ မရောက်သွားပါသော်လည်း တာအိုကျောင်းလေးကျောင်းမှ သိုင်းသမားတစ်ယောက်က ၎င်း၏ ထူးဆန်းသော အပြုအမူများကို သတိထားမိလိုက်၏။ ထို့ကြောင့် သူသည် ချက်ချင်းပင် အနားသို့ရောက်လာပြီး သူ၏ဓားကို ထုတ်ယူကာ ထိုကျားသစ်ကြီး၏ နဖူးတည့်တည့် ထိုးသွင်းလိုက်၏။
” ဘာတွေဖြစ်နေတာလဲဟ ”
ထိုကျားသစ်ကြီးက သူ၏ တိုက်ကွက်ကို ရှောင်တိမ်းခြင်းမရှိဘဲ ချက်ချင်းသေဆုံးသွားသည်ကို မြင်လိုက်ရသောအခါ ထို သိုင်းသမား ကြက်သေသေသွားရ၏။ သို့သော် သူသည် ထိုအကြောင်းကို ဆက်တွေးနေ၍ မဖြစ်သောကြောင့် ချက်ချင်းပင် နောက်သို့ဆုတ်ခွာသွားပြီး နောက်ထပ်သားရဲကြီးတစ်ကောင်ကို တိုက်ခိုက်လိုက်တော့သည်။
ထိုအဖြစ်အပျက်မှာ ဧရာမသမုဒ္ဒရာကြီးထဲရှိ လှိုင်းလုံးလေးတစ်ခုကဲ့သို့ပင် ဖြစ်နေသောကြောင့် မည်သူကမှ သတိမထားမိလိုက်ပေ။ ချို့ယွင်းနေသော မီးနတ်ဘုရားအမြောက်အား ကြည့်ရှုစစ်ဆေးနေသည့် ဝမ်ပေါင်လဲ့ပင်လျှင် ထိုခြင်များကို ဂရုမစိုက်အားပေ။ ထိုခြင်ကိုးကောင်မှာမူ စစ်မြေပြင်ထဲတွင် ဆက်လက် ပျံသန်းနေကြဆဲပင်။
စစ်မြေပြင် အနှံ့အပြားတွင် ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေပြီး သွေးညှီနံ့များမှာလည်း လေထုထဲတွင် ပျံ့လွင့်နေသလို ဒေါသတကြီး အော်ဟစ်မြည်တမ်းသံများမှာလည်း ပဲ့တင်ထပ်နေ၏။ ဒဏ်ရာရရှိသူများနှင့် သေဆုံးသွားကြသူများမှာလည်း ဒုနှင့်ဒေးပင်။ သို့သော် ခြင်ကိုးကောင်မှာ လျင်မြန်ဖျက်လက်ရုံသာမက အရွယ်အစားပါ သေးငယ်နေသေးသည် မဟုတ်ပါလော။ ထို့ကြောင့် ကျင့်ကြံသူများနှင့် စစ်သည်တော်များပင် မဆိုထားနှင့် သားရဲကြီးများပင်လျှင် ၎င်းတို့အား လုံးဝနီးပါး သတိမထားမိကြပေ။
ထိုသို့ဖြင့် ထိုခြင်ကိုးကောင်မှာ လူအများ၏ အာရုံစိုက်ခြင်းကို မခံလိုက်ရဘဲ ဝမ်ပေါင်လဲ့ အမိန့်အတိုင်း တိတ်တဆိတ် ဆောင်ရွက်နေတော့သည်။ ၎င်းတို့မှာ ရှေ့တွင်ပေါ်လာသမျှ အာနာပါနအဆင့် သားရဲကြီးများကို သွေးရူးသွေးတန်းနှင့် တစ်ကောင်ပြီးတစ်ကောင်
လိုက်ကိုက်နေကြတော့သည်။
တဖြည်းဖြည်းနှင့် စစ်မြေပြင်ကြီးပေါ်တွင် ထူးဆန်းသောအဖြစ်အပျက်များ ဆက်တိုက်ပေါ်ထွက်လာ၏။ သိပ်မကြာသေးခင်က အကောင်းပတိအတိုင်းရှိနေပြီး တိုက်ရည်ခိုက်ရည်အပြည့်ဖြင့် ရက်စက်ကြမ်းကြုတ်စွာ တိုက်ပွဲဝင်နေကြသော အာနာပါနအဆင့် သားရဲများစွာ ရုတ်တရက်ဆိုသလို မျက်လုံးများပြူးကျယ်သွားကြပြီး မြေကြီးပေါ်သို့ ပြုတ်ကျကာ ဝေဒနာပြင်းပြစွာ အော်ဟစ်မြည်တမ်းနေကြပြီ ဖြစ်သည်။ ထို့အပြင် ၎င်းတို့မှာ ယားယံနေသောကြောင့် ကုတ်ရန် ကြိုးပမ်းနေကြသည့်အလား တစ်ကိုယ်လုံးအား ထိန်းမနိုင် သိမ်းမရ လူးလွန့်နေကြ၏။
ယားယံနေသည့် နေရာများအား ကုတ်ဖဲ့နိုင်သော သားရဲကြီးများမှာ အရေပြားများ ပွန်းပဲ့ကာ အသားများ ဆုတ်ပြဲလာသည်အထိ ကုတ်ဖဲ့နေကြ၏။
ထိုသို့ မကုတ်နိုင်သော သားရဲများမှာမူ သွေးရူးသွေးတန်းဖြစ်ကာ အော်ဟစ်ဟိန်းဟောက်၍ ရန်သူ၊ မိတ်ဆွေ ခွဲခြားမနေတော့ပေ။ ၎င်းတို့မှာ မြင်သမျှ တွေ့သမျှ အရာအားလုံးဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြပြီး ၎င်းတို့၏ ပတ်ပတ်လည်ရှိ သားရဲကြီးများကို ကုတ်ဖဲ့ဆုတ်ဖြဲပစ်နေတော့သည်။
ထို ဖြစ်ရပ်များမှာ တစ်နေရာချင်းစီ၌ ပေါ်ပေါက်လာပါသော်လည်း ချက်ချင်းဆိုသလိုပင် များပြားလာ၏။ ၎င်းမှာ ကပ်ရောဂါတစ်ခုကဲ့သို့ ချက်ချင်းပင် နေရာအနှံ့သို့ ပျံ့နှံ့သွားသောကြောင့် လူအများမှာ သတိထားမိသွားကြပြီး အံ့အားသင့်သွားကြတော့သည်။
” ဘာတွေဖြစ်နေတာလဲဟ ”
” ဒီ သားရဲတွေက ရူးသွားကြတာလား။ ဘာတွေလုပ်နေတာလဲဟ။ ယားလို့ ကုတ်နေကြတာများလား ”
” ငါ အမြင်တွေမှားနေတာ မဟုတ်ပါဘူးနော် ”
ထိုကဲ့သို့ သားရဲကြီးများ၏ ထူးဆန်းသော အပြုအမူများမှာ ဆက်တိုက်သလို ပေါ်ထွက်လာသောကြောင့် စစ်သည်တော်များသာမက ကျင့်ကြံသူများပါ တအံ့တဩ ရေရွတ်မိသွားကြ၏။ မီးနတ်ဘုရားအမြောက်စင်မြင့်ပေါ်မှ စစ်သည်တော်များဆိုလျှင် ပို၍ပင်ဆိုးသည်။ သူတို့မှာ အမြင့်ပိုင်းတွင် ရှိနေသောကြောင့် ပို၍ မြင်ကွင်းကျယ်၏။ ထို့ကြောင့် သူတို့အားလုံးမှာ မယုံကြည်နိုင်လောက်အောင်ဖြစ်ကာ ဆွံ့အသွားကြရတော့သည်။
သူတို့မှာ သားရဲကြီးများနှင့် တိုက်ပွဲပေါင်းမြောက်မြားစွာ တိုက်ခိုက်ကျော်ဖြတ်ခဲ့ပြီးသား ဖြစ်သလို ၎င်းတို့နှင့် တစ်နှစ်ပတ်လုံး တိုက်ခိုက်နေရသူများလည်း ဖြစ်သည်။ သို့သော် ယခုကဲ့သို့ မြင်ကွင်းမျိုးကို တစ်သက်နှင့်တစ်ကိုယ် လုံးဝမမြင်ဖူးခဲ့ပေ။
ဝမ်ပေါင်လဲ့မှာမူ ယခုမှ မီးနတ်ဘုရားအမြောက်ကို အောင်မြင်ပြီးစီးစွာ ပြုပြင်ပြီးသွား၏။ ထိုအချိန်တွင် သူသည် မယုံကြည်နိုင်လောက်အောင် ဖြစ်နေသော အော်ဟစ်သံများကို ကြားလိုက်ရသဖြင့် တအံ့တဩနှင့် ခေါင်းမော့ကြည့်လိုက်၏။ ထိုအချိန်မှာပင် ကောင်းကင်ယံထဲတွင် ပျံသန်းနေသော သားရဲကြီးတစ်ကောင်မှာ ခြင်ကိုက်ခံလိုက်ရသဖြင့် လေထဲတွင် ဝေဒနာပြင်းပြစွာ အော်ဟစ်မြည်တမ်းလိုက်ရပြီး ၎င်း၏ တောင်ပံများမှာလည်း ရပ်တန့်သွားတော့သည်။ ထို့နောက် ၎င်းမှာ စူးရှစွာ အော်ဟစ်မြည်တမ်းရင်း မြေကြီးပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျလာ၏။
အံ့သြစရာအကောင်းဆုံး အချက်မှာ ထိုသားရဲကြီး ပြုတ်ကျလာစဉ်တွင် ၎င်း၏ ခန္ဓာကိုယ်ကြီး ရောင်ကိုင်းလာသာသည်ကို ရှင်းရှင်းလင်းလင်း မြင်နေရခြင်းပင် ဖြစ်သည်။
ထိုမြင်ကွင်းကြောင့် လူတိုင်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေရစဉ်တွင် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် တုန်ရီသွားပြီး သူ၏မျက်နှာအမူအရာမှာလည်း ခပ်ရေးရေးခန့် ပြောင်းလဲသွား၏။ ထို့နောက် သူ၏ခန္ဓာကိုယ်ထဲတွင် ထည့်ထားသော ဓားအိမ်လေးထံသို့ ဝိညာဉ်ချီများ စီးဝင်လာ၏။ ထိုအခါ သူ၏မျက်လုံးရှေ့မှ မြင်ကွင်းမှာ ပြောင်းလဲသွားပြီး ခြင်များ၏ အမြင်အာရုံများနှင့် ပေါင်းစည်းသွား၏။ ထို့ကြောင့် သူ၏မျက်လုံးရှေ့တွင် စစ်မြေပြင်ကြီးတစ်ခုလုံးကို မြင်လိုက်ရတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုခြင်များကို ထပ်၍ ထိန်းချုပ်နေခြင်းမရှိဘဲ ၎င်းတို့ အာနာပါနအဆင့် သားရဲကြီးများအား တစ်ကောင်ပြီးတစ်ကောင် ကိုက်ကာ ပျံထွက်သွားကြသည်ကို အကဲခတ်ကြည့်ရှုနေလိုက်၏။ ထို ခြင်ကိုက်ခံလိုက်ရသော သားရဲကြီးများမှာမူ သွေးရူးသွေးတန်း အော်ဟစ်ရင်းနှင့်သာ ကျန်ရစ်ခဲ့ကြ၏။ ထိုမြင်ကွင်းများကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ ပြူးကျယ်သွားရပြီး အသက်ပြင်းပြင်း ရှူမိလိုက်၏။
” ဒါ…. တော်တော်လေးကို ရက်စက်ကြမ်းကြုတ်တာပဲကွ ”
ဝမ်ပေါင်လဲ့မှာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားပြီး စိတ်လှုပ်တရှားနှင့် ရေရွတ်မိလိုက်၏။ ခြင်များ၏ အမြင်အာရုံများကြောင့် သူသည် ထိုသားရဲကြီးများ၏ သွားများကိုပါ မြင်လိုက်ရသဖြင့် သူ၏ မျက်နှာအမူအရာမှာ ဝင်းလက်သွားတော့သည်။
” နေရာတိုင်းမှာ သွားတွေ ရှိနေတာပဲကွ။ ငါ ဖန်တီးရမယ့် နဂါးသွားက သားရဲကြီးတွေရဲ့ သွားတွေအများကြီးကို သုံးဖို့လိုအပ်တယ်။ ဒီနေရာက ငါ့အတွက် ရတနာသိုက်တစ်ခုလိုပဲဟေ့ ”
ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားသွားပြီး ခြင်တစ်ကောင်ကို သူ့ဆီသို့ပြန်လာရန် ချက်ချင်းအမိန့်ပေးလိုက်၏။ သူသည် ထိုခြင်၏ အမြင်အာရုံဖြင့် မီးနတ်ဘုရားအမြောက်ဆယ်လက်ကို ကြည့်ရှုစစ်ဆေးရန် ဆုံးဖြတ်လိုက်၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်မှာ လှစ်ခနဲ လှုပ်ရှားသွားပြီး သူသည် သူ၏ရှေ့တွင် ရှိနေသော စစ်မြေပြင်ကြီးဆီသို့ ပြေးသွားလိုက်တော့သည်။
သူ ရောက်ရှိလာသောအခါ စစ်သည်တော် များစွာက သူ့အား သတိထားမိ လိုက်ကြ၏။ သူတို့မှာ စိုးရိမ်စိတ်ကြောင့် အော်ဟစ်သတိပေးရန် ပြင်လိုက်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ မြန်ဆန်လွန်းနေသဖြင့် စစ်မြေပြင်ပေါ်တွင် ချက်ချင်းပင်ပေါ်လာ၏။ သူ ရှေ့သို့ပြေးထွက်သွားစဉ် ဝက်ဝံရိုင်းကြီးတစ်ကောင်နှင့် တူသော သားရဲကြီးတစ်ကောင်မှာ သူ့ဆီသို့ ပြေးဝင်လာသည်။ ဝမ်ပေါင်လဲ့မှာမူ ၎င်း၏ဘေးသို့ တည်နေရာပြောင်းရွှေ့လိုက်ပြီး ထိုဝက်ဝံကြီး လေထဲတွင် ရှိနေတုန်း သူ၏ဘယ်လက်ကို မြှောက်ကာ ၎င်း၏ အောက်မေးရိုးကို ဖမ်းဆုပ်လိုက်၏။ ထို့နောက် သူ၏ လက်ကို ညှစ်လိုက်သောအခါ ထိုဝက်ဝံကြီးမှာ ပါးစပ်ပွင့်လာတော့သည်။
” ဒီသွားက မဆိုးဘူးပဲကွ ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်လက်သွား၏။ ထို့နောက် သူ၏ ညာလက်ကို ၎င်း၏ ပါးစပ်ထဲသို့ ထိုးသွင်း၍ အံသွားတစ်ချောင်းကို ဆုပ်ကိုင်လိုက်ပြီး ညှာတာသနားနေခြင်း အလျင်းမရှိဘဲ ဆွဲနှုတ်လိုက်တော့သည်။ ထို့အပြင် သူ၏ လက်ကိုဝှေ့ယမ်းလိုက်သောအခါ ဓားပျံ ခုနစ်လက် ရှစ်လက်ခန့် ပျံထွက်လာပြီး ထို အော်ဟစ်မြည်တမ်းနေသော သားရဲကြီးအား ခေါင်းဖြတ်ပစ်လိုက်၏။ ထို့နောက် သူသည် ပြေးထွက်သွားတော့သည်။
ဝမ်ပေါင်လဲ့အား လှမ်း၍သတိပေးရန် ပြင်လိုက်ကြသည့် စစ်သည်တော်များမှာ ထိုမြင်ကွင်းကြီးတစ်ခုလုံးကို မြင်လိုက်ရ၏။ ထို့ကြောင့် သူတို့မှာ ပင့်သက်များ ရှိုက်မိသွားကြပြီး ဝမ်ပေါင်လဲ့အား တုန်လှုပ်ချောက်ချားစွာ ငေးကြည့်နေမိကြတော့သည်။
ထို ဝက်ဝံရိုင်းကြီးမှာ အာနာပါနအဆင့် သားရဲကြီးတစ်ကောင် ဖြစ်သည်။
သို့သော် ဝမ်ပေါင်လဲ့ရှေ့တွင်မူ ၎င်းမှာ စာရွက်တစ်ရွက်ကဲ့သို့ပင် အားအင်ချည့်နဲ့လွန်းနေ၏။
ဝမ်ပေါင်လဲ့ကမူ ၎င်း၏ အံသွားကို သူ၏ သိုလှောင်အိတ်ထဲသို့ စိတ်လှုပ်တရှား ပစ်ထည့်လိုက်၏။ ထို့နောက် မီးနတ်ဘုရားအမြောက်နားတွင် ရှိနေသော ခြင်၏ အမြင်အာရုံအား အသုံးချကာ အမြောက်များ အကောင်းအတိုင်း ရှိ၊မရှိ စစ်ဆေးကြည့်လိုက်၏။ ထိုသို့ စစ်ဆေးလိုက်ပြီးနောက် အခြားခြင်များ၏ အမြင်အာရုံများကိုအသုံးချကာ စစ်မြေပြင်၏ တစ်နေရာမှ အခြားတစ်နေရာသို့ ပြောင်းရွှေ့လိုက်၏။ ခဏအကြာတွင် စစ်မြေပြင်တစ်ခွင်၌ သွားနှုတ်ခံလိုက်ရသော သားရဲကြီးများ၏ ဝေဒနာပြင်းပြစွာ အော်ဟစ်မြည်တမ်းနေကြသော အသံများဖြင့် ပဲ့တင်ထပ်နေတော့သည်။
၎င်းတို့၏ ညည်းညူသံများကြားတွင် ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ကျေနပ်အားရစွာနှင့် အော်ဟစ်နေ၏။
” ဒီသွားဆို အဆင်ပြေတယ် ”
” ဟင်။ ဒီ အံသွားလေးက မဆိုးဘူးပဲ ”
” ဒီသွားက ချွန်ချွန်ထက်ထက်လေးဟ။ ယူမယ်ကွာ ”
ဝမ်ပေါင်လဲ့မှာ သရဲဖက်တီးတစ်ကောင်ကဲ့သို့ စစ်မြေပြင်ပေါ်ရှိ တိုက်ပွဲများထဲသို့ ဝင်ချည်ထွက်ချည် လုပ်နေတော့သည်။ သူသည် ခြင်ကိုက်ခံထားရသော သားရဲများ၏ရှေ့တွင် ပေါ်လာပြီး သွားများကို ဆွဲနုတ်ပြီးလျှင် ၎င်းတို့ကို သတ်ဖြတ်ပစ်လိုက်၏။ သူ၏လှုပ်ရှားမှုများမှာ မျောလွင့်နေသောတိမ်တိုက်များ သို့မဟုတ် စီးဆင်းနေသော ရေများကဲ့သို့ မြန်ဆန်ချောမွေ့နေပြီး လျှက်တစ်ပြက်အတွင်း ပြန်လည်ထွက်ခွာသွားပြီသား ဖြစ်နေ၏။
ထိုကဲ့သို့သောမြင်ကွင်းများကို မြင်လိုက်ရသူများမှာ တဖြည်းဖြည်းနှင့် ပို၍များလာတော့သည်။ စစ်သည်တော်များဖြစ်စေ၊ တာအိုကျောင်းလေးကျောင်းမှ သိုင်းပညာ ကျင့်ကြံသူများဖြစ်စေ သို့မဟုတ် ခံတပ်ထဲရှိ လူများပင်ဖြစ်စေ သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့တစ်ယောက် တိုက်ခိုက်ကာ သွားများဆွဲနှုတ်နေသည့်မြင်ကွင်းကို မြင်လိုက်ရ၏။
” ဝမ်ပေါင်လဲ့ရဲ့ ဝါသနာက ဘာကြီးတုန်းဟ။ သွားတွေကို လိုက်နှုတ်နေရတယ်လို့ ”
သူတို့အားလုံးမှာ မျက်နှာအမူအရာများ ထူးဆန်းနေကြသလို စိတ်ထဲတွင်လည်း အံ့အားသင့်နေကြရ၏။ ဝမ်ပေါင်လဲ့မှာ သူ၏နောက်စေ့တွင် မျက်လုံးများရှိနေသကဲ့သို့ပင်။ ဖရိုဖရဲဖြစ်ကာ ရှုပ်ယှက်ခတ်နေသော စစ်မြေပြင်ကြီးထဲတွင် သူ၏ မျက်လုံးများမှာ အရာအားလုံးကို မြင်နိုင်စွမ်းရှိနေပြီး သူ၏ နားများမှာလည်း အသံအားလုံးကို ကြားနိုင်စွမ်းရှိနေသည့်ပုံ ပေါက်နေ၏။ သူသည် ငါးဖက်တီးလေးတစ်ကောင်ကဲ့သို့ လျင်မြန်သွက်လက်စွာ ရွေ့လျားရင်း သူ့အား ဝိုင်းရန် ကြိုးပမ်းနေကြသော သားရဲများ၏ လက်ထဲမှ အကြိမ်ကြိမ် လွတ်မြောက်သွားနိုင်ခဲ့၏။ သူ တိုက်ခိုက်သည့်အချိန်တိုင်းတွင်လည်း သွားတစ်ချောင်းကို အောင်အောင်မြင်မြင် နှုတ်ယူနိုင်စွမ်း ရှိနေ၏။
သူနှင့် တိုက်ခိုက်ခဲ့သည့် သားရဲတိုင်း ထူးဆန်းသော ယားယံမှုတစ်မျိုးကြောင့် အော်ဟစ်မြည်တမ်းလိုက်ရပြီး ပြန်လည်တုံ့ပြန်နိုင်စွမ်း ကင်းမဲ့သွားကြသည်သာ ဖြစ်သည်။ အချိန် နှစ်နာရီအတွင်း ဝမ်ပေါင်လဲ့၏ လက်၌ သေဆုံးသွားခဲ့ရသော သားရဲအရေအတွက်မှာ အကောင်သုံးဆယ်အထိ မြင့်တက်သွားတော့သည်။
ထို့အပြင် သူသည် လမ်းတစ်လျှောက်တွင် ရှေးဟောင်းသိုင်းအဆင့် သားရဲအမြောက်အမြားကိုလည်း သတ်ဖြတ်ခဲ့သေးသည်။ သူ၏ သတ်ဖြတ်နှုန်းမှာ သိုင်းသမားများထက်ပင် သာလွန်နေသောကြောင့် သူ၏ တိုက်ရည်ခိုက်ရည်များကို မြင်လိုက်ရသည့် ကျင့်ကြံသူများ၏ နှလုံးသားထဲတွင် ယှဉ်ပြိုင်လိုစိတ်များ ထကြွလာတော့သည်။ ထို့ကြောင့် သူတို့၏ တိုက်ခိုက်မှုများမှာ ပို၍ပင် မြန်ဆန်လာကြ၏။
ခံတပ်၏ တစ်ဖက်ခြမ်းတွင် ရပ်နေကြသူများမှာ ရုတ်ခြည်းဆိုသလို ပို၍ ကြောက်မက်ဖွယ်ကောင်းလာကြ၏။ ဝမ်ပေါင်လဲ့၏ ခြင်များမှာ ထိခိုက်ဒဏ်ရာအချို့ ရသွားခဲ့ပါသော်လည်း သူ၏ ဝိညာဉ်ချီ မကုန်သရွေ့ သူသည် ခြင်များကို အဆက်မပြတ် ဆင့်ခေါ်နိုင်စွမ်း ရှိနေမည်သာဖြစ်သည်။ ထိုသို့ဖြင့် သူသည် တိုက်ပွဲထဲတွင် ပို၍ ရက်စက်ကြမ်းကြုတ်လာပြီး သွားနှုတ်ရာ၌ အသုံးပြုသော နည်းလမ်းများမှာလည်း ပို၍အစွမ်းထက်လာတော့သည်။ သူသည် တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် သားရဲကြီးများ၏ သွားများကို အကဲဖြတ်နိုင်စွမ်း ရှိနေပြီး ၎င်းတို့ကို အမြစ်ကနေ ဆွဲနှုတ်နိုင်မည့် နည်းလမ်းများကိုပါ ဆုံးဖြတ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။
” မဟုတ်မှလွဲရော။ ငါက သွားဆရာဝန် ဖြစ်လာဖို့ပါရမီပါလာတာများလားဟ ”
ဝမ်ပေါင်လဲ့မှာ တအံ့တဩနှင့် ရေရွတ်လိုက်၏။ ထို့နောက် သူသည် ခြင်္သေ့တစ်ကောင်နှင့်တူသော အစိမ်းရောင် သားရဲကြီးတစ်ကောင်ဆီသို့ အလျင်အမြန် ချဉ်းကပ်သွားလိုက်၏။ ထိုသားရဲကြီး ခန္ဓာကိုယ်မှာ သိသိသာသာ ရောင်ကိုင်းနေပြီး သာမန်အရွယ်အစားထက် အဆမတန် ဖောင်းကားနေ၏။ ၎င်းမှာ မြေကြီးပေါ်တွင်လူးလွန့်ကာ ယားယံနေသောနေရာကို ကုတ်ဖဲ့နိုင်ရန် ကြိုးစားနေ၏။
Gd