Switch Mode

အခန်း ( ၁၇၄ )

သားရဲလှိုင်း အစပျိုးလာခြင်း

နေရာအနှံ့တွင် ရယ်သံများ ပဲ့တင်ထပ်နေ၏။ ခဏကြာတွင် ဝမ်ပေါင်လဲ့အား မယုံကြည်ကြသူများမှာ သူနှင့် ထပ်၍ အားလှဲရန် ရှေ့သို့ထွက်လာကြ၏။ ဝမ်ပေါင်လဲ့မှာ ဝိညာဉ်ချီများကို အသုံးပြုခွင့်မရှိဟု သူတို့အားလုံးက သဘောတူထားပြီးသား ဖြစ်သည်။ သူသည် ခွန်အားကိုသာ အသုံးပြုခွင့် ရှိသည်။

အားလှဲရန် ပြင်နေကြသည့် စစ်သည်တော်အားလုံးမှာ ဖွံ့ထွားသွေးကြော ထိပ်ဆုံးအဆင့်တွင် ရှိနေကြသူများဖြစ်သည်။ သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့အား တစ်ယောက်ပြီးတစ်ယောက် ရှုံးနိမ့်သွားကြပြီး ရှုံ့မဲ့မဲ့သာပြုံး၍ နောက်ပြန်လှည့်လာရ၏။ ထိုသို့ဖြင့် ထိုနေရာတစ်ဝိုက်တွင် စနောက်သံများဖြင့် ဆူညံနေတော့သည်။

” ဝမ်ပေါင်လဲ့။ မင်းက ဓမ္မလက်နက် ကျင့်ကြံသူလား သိုင်းသမားလားကွ ”

” တာအိုကျောင်းလေးကျောင်းက သိုင်းသမားတွေက သူတို့ရဲ့ အပြင်ခန္ဓာကိုယ်တွေကို တိုးတက်လာအောင် လုပ်တဲ့နေရာမှာ ကျွမ်းကျင်ကြတယ်လို့တော့ ငါ ကြာဖူးထားတယ်။ ဓမ္မလက်နက်ကျင့်ကြံသူတွေကပါ အဲဒီလိုမျိုး ဖြစ်နေမယ်လို့ တစ်ခါမှ မကြားဖူးဘူး ”

ထိုလူအုပ်ကြီး၏ ပြောစကားများကို ကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ကျေနပ်နေသည့် အမူအရာဖြင့် သူ၏ဗိုက်ကို ပုတ်ပြလိုက်သည်။

” အဲဒါ ငါ ရုပ်ရည်ချောမောနေလို့ကွ။ ရုပ်ချောတဲ့လူတွေ အများစုက ဉာဏ်ကြီးတွေ ဖြစ်တယ်ဆိုတာ မင်းတို့လည်းသိမှာပါ ”
ဝမ်ပေါင်လဲ့က ရယ်မောကာ ပြန်ဖြေလိုက်၏။ သူသည် အပေါင်းအသင်းများ၏ ကြားသို့ ရောက်နေသဖြင့် စိတ်လွတ်ကိုယ်လွတ် ပြောဆိုပြုမူနေတော့သည်။ ထို့နောက် မုန့်ထုပ်တစ်ထုပ်ကို ထုတ်ယူလိုက်ပြီး တဂျွတ်ဂျွတ်မြည်အောင် ဝါးစားပြလိုက်၏။

ဝမ်ပေါင်လဲ့၏ စကားများကို ကြားလိုက်ရသောအခါ ဘေးပတ်ပတ်လည်ရှိ စစ်သည်တော်များ၏ ရယ်မောသံများမှာ ပို၍ပင် ကျယ်လောင်လာ၏။ သူတို့၏ စနောက်သော စကားလုံးများမှာ ပို၍ ကြမ်းလာပါသော်လည်း ဝမ်ပေါင်လဲ့မှာ အရေထူသောလူတစ်ယောက် ဖြစ်သောကြောင့် ထို စနောက်မှုများကို စိတ်ထဲတွင် ထည့်မထားပေ။ သူသည် မုန့်များကို ထပ်၍ ထုတ်ယူလိုက်ပြီး စစ်သည်တော်များအား မျှဝေပေးလိုက်၏။ ထိုသို့ဖြင့် ခဏအကြာတွင် သူတို့မှာ အတူတကွ ထိုင်ကာ မုန့်ပဲသရေစာများကို စားသုံးနေကြတော့သည်။

” ဝမ်ပေါင်လဲ့။ ငါက မင်းရဲ့ မုန့်တွေကို အလကား မစားပါဘူးကွာ။ မင်းမှာ ရည်းစားရှိလား။ ငါ့မှာ ညီမလေးတစ်ယောက် ရှိတယ်ကွ။ ငါ အိမ်ပြန်တဲ့အခါကျ မင်းကို သူနဲ့ မိတ်ဆက်ပေးမယ်။ ဘယ်လိုသဘောရလဲ။ ပြောထားမယ်နော်။ ငါ့ညီမက တော်တော်လှတာကွ ”
ဝမ်ပေါင်လဲ့အား ရှုံးနိမ့်သွားခဲ့သည့် လူထွားကြီးက ဝမ်ပေါင်လဲ့၏ မုန့်များကို စားရင်း ပြုံးဖြဲဖြဲ အမူအရာနှင့် ဂုဏ်ယူဝင့်ကြွားစွာ ဆိုလိုက်၏။

ဝမ်ပေါင်လဲ့မှာ သူ၏စကားကြောင့် ခေတ္တမျှဆွံ့အသွားရ၏။ သူသည် အရွယ်ရောက်နေပြီဖြစ်ပါသော်လည်း ယခုမှသာ ထိုဖြစ်ရပ်မျိုးနှင့် ပထမဆုံး ကြုံဖူးခြင်း ဖြစ်သည်။

” ခင်ဗျားက ကျုပ်ကို အောင်သွယ်ပေးမလို့ လုပ်နေတာလား ”

ဝမ်ပေါင်လဲ့နှင့် ထိုလူကြီးတို့၏ အပြန်အလှန်ပြောစကားများကို ကြားလိုက်ရသောအခါ လူအုပ်ကြီးမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ အားပေးလိုက်ကြပြန်သည်။ ထိုလူကြီးမှာ သူ၏ညီမနှင့် မိတ်ဆက်ပေးမည်ဟု ကတိပေးခဲ့သော လူအရေအတွက်ကိုပင် မေ့နေလောက်ပြီ ဖြစ်သည်။ သူသည် လူတစ်ယောက်ထံမှ အကူအညီတစ်ခုခု ရသည်ဖြစ်စေ၊ လက်ဆောင်တစ်ခုခု ရသည်ဖြစ်စေ ထိုသူအား သူ၏ ညီမနှင့် မိတ်ဆက်ပေးရန် ချက်ချင်းပင် ကတိပေးလေ့ရှိသည်။ ယခုတွင်လည်း သူ ထိုအကြောင်းကို ထုတ်ပြောလိုက်ပြီဖြစ်ရာ လူတိုင်း မရပ်မနား စနောက်နေကြတော့သည်။

အခြားသူအားလုံး၏ ပြောစကားများကို ကြားလိုက်ရပြီးနောက် ထို အဖြစ်အပျက်ကြီးတစ်ခုလုံးမှာ ရယ်စရာကောင်းနေကြောင်း ဝမ်ပေါင်လဲ့က ခံစားလိုက်ရ၏။ လူထွားကြီးမှာမူ ရယ်မောကာ အနည်းငယ်လေးပင် ရှက်ရွံ့မနေဘဲ မုန့်များကို သူ၏ ပါးစပ်ထဲသို့ အဆက်မပြတ် ထိုးထည့်နေတော့သည်။

ထိုကဲ့သို့ မုန့်စားနေကြသည့် လူအရေအတွက်မှာ အမြောက်အမြား ရှိနေ၏။ ထို မုန့်များကို ဝါးစားနေကြသည့် တဂျွတ်ဂျွတ်မြည်သံများမှာ ပတ္တရောင်လှည့်နေသော စစ်သည်တော်များဆီသို့ပင် ရောက်ရှိသွားကြ၏။ သူတို့မှာလည်း ဝမ်ပေါင်လဲ့အား မြင်လိုက်ကြသောအခါ ရယ်မောလိုက်ကြ၏။ ဤကာလအတွင်း ဝမ်ပေါင်လဲ့၏ နာမည်မှာ စစ်တန်းလျားများထဲရှိ နေရာအနှံ့သို့ ပျံ့နှံ့သွားကြသည်ဖြစ်ရာ သူ့အကြောင်းကို မသိသော စစ်သည်တော် တစ်ယောက်တစ်လေပင် မရှိတော့ပေ။

သူသည် အခြားကျင့်ကြံသူများနှင့် လုံးဝမတူပေ။ စစ်သည်တော်များမှာ တုံးအသူများ မဟုတ်ကြသောကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ရင်းအမှန်ဖြင့် သူတို့နှင့် မိတ်ဆွေဖွဲ့နေခြင်း ဖြစ်ကြောင်းနှင့် သူ၏အကျင့်စရိုက်မှာ နှစ်လိုဖွယ်ရာကောင်းကြောင်းကို သိထားကြပြီး ဖြစ်သည်။ သူ ရောက်ရှိလာသည့် အချိန်ကတည်းက သူတို့၏ခံတပ်ထဲတွင် ယခင်ကထက်ပို၍ ရယ်မောသံများဖြင့် ပြည့်နှက်လာခဲ့၏။

ထိုကိစ္စကို စစ်တပ်မှ အရာရှိများအပြင် မုတ်‌ဆိတ်မွေးထူကြီးနှင့် ခေါင်းဆောင်ကြီးမှာလည်း သတိထားမိသွား၏။ ထို့ကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့ကို ပို၍ အထင်ကြီး လေးစားလာကြတော့သည်။

လဝက်တိတိ အေးအေးချမ်းချမ်းနှင့် ကုန်ဆုံးသွားခဲ့၏။ ဝမ်ပေါင်လဲ့တစ်‌ယောက် စစ်သည်တော်များနှင့် မိတ်ဆွေရင်းချာများ ဖြစ်သွားသောအချိန်တွင် သားရဲလှိုင်းကြီး ရောက်ရှိလာတော့သည်။

တစ်ညတွင် နားစည်များကို ပေါက်ထွက်သွားစေနိုင်လောက်အောင် စူးရှသော ဝီစီသံတစ်သံ ထွက်ပေါ်လာသဖြင့် ထိုခံတပ်တစ်ခုလုံးထဲတွင် အနားယူနေကြသော လူတိုင်း တုန်လှုပ်သွားကြ၏။ သူတို့မှာ အပြင်သို့ ပြေးထွက်လာကြပြီး ခံတပ်ကြီး၏အလွန်ရှိ ကောင်းကင်ယံထဲသို့ လှမ်းကြည့်လိုက်ကြ၏။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ စိတ်နှစ်၍ ကျင့်ကြံနေ၏။ သူသည်လည်း ချက်ချင်းပင် မျက်လုံးများပွင့်လာပြီး သူ၏ နေအိမ်ထဲမှ အပြင်သို့ ထွက်လာ၏။ သူသည် စူးရှကျယ်လောင်နေသော သတိပေးဝီစီသံကြီးကို ကြားလိုက်ရပြီး ခံတပ်ထဲရှိ စစ်သည်တော်များစွာ တညီတညာ စုဝေးကာ ခံတပ်နှင့် ဆက်သွယ်ထားသော ဇွန်းပုံသဏ္ဍာန် အဆောက်အဦကြီးနှင့် စင်မြင့်များဆီသို့ အလျင်အမြန် ပြေးသွားကြပြီး အရေအတွက် တစ်ရာကျော်ရှိသော မီးနတ်ဘုရားအမြောက်များ၏ အနားတွင် နေရာယူလိုက်ကြသည်ကို မြင်လိုက်ရသည်။

သူ၏ရှေ့မှ မြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ ကြက်သေသေသွားရ၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ်ခန့် တုန်ရီသွားပြီး ရုတ်ခြည်းဆိုသလို ပြေးထွက်သွား၏။ သူသည် ခံတပ်၏ အစွန်းနားသို့ ရောက်သွားသောအခါ အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။ ထိုအခါ သူသည် ချက်ချင်းဆိုသလိုပင် သူငယ်အိမ်များ ကျဉ်းမြောင်းသွားရပြီး ဆွံအမှင်တက်သွားရတော့သည်။

ခံတပ်၏ အလွန်၊ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကြားရှိ ကမ္ဘာဦး‌တောရိုင်းဒေသပေါ်တွင် ပလုံစီထနေသော မြူခိုးငွေ့များ ပေါ်ပေါက်လာ၏။ ထို မြူခိုးများထဲတွင် ရက်စက်ကြမ်းကြုတ်ဖွယ်ကောင်းသော သားရဲအမြောက်အမြားကို ခပ်ရေးရေးခန့် လှမ်းမြင်နိုင်ပေသည်။ ထိုသားရဲအုပ်ကြီးမှာ အော်ဟစ်ဟိန်းဟောက်ကာ ခံတပ်ဆီသို့ တည့်မတ်စွာ ပြေးလာနေကြ၏။

ထိုသားရဲတစ်ကောင်ချင်းစီတိုင်း သုံးမီတာမှ ခုနစ်မီတာထိ ရှည်လျား၏။ ၎င်းတို့၏ ပုံပန်းသွင်ပြင်များနှင့် အမြန်နှုန်းများမှာ တစ်ကောင်နှင့်တစ်ကောင် မတူကြပါသော်လည်း ၎င်းတို့အားလုံးမှာ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များကို ထုတ်လွှတ်နေကြ၏။ ၎င်းတို့၏ ခန္ဓာကိုယ်များပေါ်မှ သွေးနံ့များမှာလည်း လေထဲတွင် ပြည့်နှက်နေ၏။

၎င်းတို့မှာ ညစ်ပတ်ပေရေနေပြီး ထူးဆန်းကာ ထိတ်လန့်စက်ဆုပ်ဖွယ်ကောင်းသော ပုံပန်းသွင်ပြင်များကို ပိုင်ဆိုင်ထားကြသည်။ အချို့မှာ ခေါင်းနှစ်လုံးနှင့် မြေခွေးများ ဖြစ်ကြပြီး အချို့မှာ ခန္ဓာကိုယ်များပေါ်တွင် မရေမတွက်နိုင်လောက်အောင်များပြားသော အရိုးဆူးချွန်များ ချွန်ထွက်နေကြသည့် မိကျောင်းများ ဖြစ်ကြ၏။ ဝမ်ပေါင်လဲ့တစ်ယောက် သိပင်မသိသော ရွံရှာစက်ဆုပ်ဖွယ်ကောင်းသည့် သားရဲကြီးအချို့လည်း ရှိနေသေးသည်။

၎င်းတို့ထဲတွင် မီတာနှစ်ဆယ်ကျော် အရပ်အမြင့်ရှိသော သားရဲကြီးတစ်ကောင်လည်း ပါနေသေးသည်။ ဝက်ဝံရိုင်းကြီးများ၊ ဧရာမဆင်ကြီးများနှင့် ဒိုင်နိုဆောများနှင့်တူသော ဧရာမသတ္တဝါကြီးများမှာလည်း အမြောက်အမြား ရှိနေသေး၏။

ဝမ်ပေါင်လဲ့မှာ ခပ်လှမ်းလှမ်းရှိ သားရဲလှိုင်းထဲ၌ မိုးထိုးလောက်အောင် မြင့်မားနေသည့် သစ်ကိုင်းများကို ကိုင်ဆောင်လာကြသော မီတာသုံးဆယ်ခန့် အရပ်အမြင့်ရှိသည့် လူ့ဘီလူးကြီးများကို မြင်လိုက်ရသောအခါ မှင်တက်သွားရတော့သည်။ ၎င်းတို့ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း လူတိုင်း၏ စိတ်နှလုံးများထဲတွင် အကြောက်တရားများ ကိန်းဝပ်သွားရ၏။

သူတို့မှာ အနားသို့ ရောက်လာသောအခါ ကမ္ဘာမြေကြီးမှာ စတင်တုန်ရီလာ၏။ ခံတပ်ပေါ်တွင် ရပ်နေသည့် ဝမ်ပေါင်လဲ့ပင် သူ၏ ခြေထောက်အောက်တွင် ရှိနေသော တောင်တန်းများထဲရှိ တဖြည်းဖြည်းနှင့် အားကောင်းလာသော တုန်ခါမှုများကို အာရုံခံမိနေ၏။

ကောင်းကင်ယံတွင် ရက်စက်ကြမ်းကြုတ်ဖွယ်ကောင်းသော ငှက်ရိုင်းကြီးများမှာ မှောင်မိုက်နေသော မိုးကြိုးတိမ်တိုက်များကဲ့သို့ စုဝေးကာ မြေပြင်ပေါ်ရှိ သားရဲလှိုင်းကြီးနှင့်အတူ ချဉ်းကပ်လာ၏။ ၎င်းတို့မှာ ရှေ့တွင်ရှိနေသော မည်သည့်အရာကိုမဆို ဖုံးလွှမ်းဖျက်ဆီးပစ်တော့မည့် ဧရာမ လှိုင်းလုံးကြီးတစ်ခုကဲ့သို့ပင်။

ဝမ်ပေါင်လဲ့သည် ယခုမှသာ ပထမဆုံး အကြိမ်အဖြစ် သားရဲလှိုင်းတစ်ခုကို မျက်မြင်ကိုယ်တွေ့ မြင်ဖူးသည်ဖြစ်ပြီး ဤမျှလောက် ကြီးမားသော သားရဲအုပ်ကြီးနှင့် ကြုံဖူးသည်လည်း ဖြစ်သည်။ သူသည် အကြမ်းဖျင်းခန့် ရေတွက်ကြည့်လိုက်သောအခါ ထို သားရဲကြီးများ၏ အရေအတွက်မှာ တစ်သန်းကျော်ခန့် ရှိနေနိုင်ကြောင်း သိလိုက်ရ၏။

ထိုသားရဲအုပ်ကြီးထဲရှိ အားအနည်းဆုံး သားရဲများပင်လျှင် ခန္ဓာအချုပ်အနှောင်အဆင့်ရှိ လူများကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိနေ၏။ အခြား သားရဲများစွာဆိုလျှင် ဝမ်ပေါင်လဲ့၏ အမြင်တွင် အာနာပါနအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်နေရသကဲ့သို့ပင် ခံစားနေရ၏။

ထိုမြင်‌ကွင်းကြောင့် ဝမ်ပေါင်လဲ့တစ်ယောက်သာမက တာအိုကျောင်းမှ ပထမဆုံး အကြိမ်အဖြစ် သားရဲလှိုင်းကြီးနှင့် ကြုံတွေ့ဖူးသည့် ကျောင်းသားများပင်လျှင် တုန်လှုပ်ချောက်ချားသွားကြ၏။

ထိုအချိန်တွင် ခံတပ်ထဲရှိ မုတ်ဆိတ်မွေးထူကြီးနှင့် ခေါင်းဆောင်ကြီးထံမှ ရက်စက်ကြမ်းကြုတ်မှုနှင့် သတ်ဖြတ်လိုစိတ် အပြည့်ပါသော အော်ဟစ်သံကြီးတစ်သံ ထွက်ပေါ်လာ၏။

” မလောက်လေး မလောက်စား သားရဲလှိုင်းလေးပါကွာ။ ငါတို့ရဲ့ မီးနတ်ဘုရား အမြောက်တွေကို ပစ်ပြလိုက်ပြီး ငါတို့ရဲ့ အစွမ်းတွေကို ထုတ်ပြလိုက်စမ်း ”

မုတ်ဆိတ်မွေးထူကြီး၏ အမိန့်ပေးသံမှာ နေရာအနှံ့တွင် ပဲ့တင်ထပ်သွား၏။ ထိုအခါ ခံတပ်ကြီး၏ အလွန်ရှိ မီးနတ်ဘုရားအမြောက် တစ်ရာကျော် တင်ထားသော စင်မြင့်တစ်ခုချင်းစီပေါ်တွင် နေရာယူထားကြသော စစ်သည်တော်များမှာ ထိုအမြောက်များ၏ ပတ်ပတ်လည်တွင် စုဝေးလာကြပြီး ပစ်ခတ်လိုက်ကြတော့သည်။

ထိုအခါ ခံတပ်ကြီး တစ်ခုလုံး အပြင်းအထန်တုန်ရီသွားပြီး မီးနတ်ဘုရားအမြောက် တစ်ရာကျော်ဆီမှ မိုးခြိမ်းသံနှင့်တူသော ထစ်ချုန်းသံကြီးတစ်သံ မြည်ဟည်းထွက်ပေါ်လာ၏။ ထို အသံကြီးကြောင့် လေထုကြီး တုန်ရီသွားချိန်တွင် အမြောက်များထဲမှ ပေါက်ကွဲမှုများ ထွက်ပေါ်လာကြတော့သည်။

ထိုပေါက်ကွဲမှုများနှင့်အတူ သတ္တုများနှင့် တည်ဆောက်ထားသော သားရဲကြီးတစ်ကောင်၏ ဟိန်းဟောက်သံနှင့် ဆင်တူသည့် အသံကြီးတစ်သံ ပေါ်ထွက်လာ၏။ ထို မီးနတ်ဘုရားအမြောက် တစ်ရာကျော်အား တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်သော အချိန်တွင် အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ ထို အလင်းတန်းများမှာ ထူထဲသိပ်သည်းသော ဝိညာဉ်ချီများနှင့် တစ်သားတည်း ပေါင်းစည်းသွားပြီး တိုင်းတာ၍ မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုအမြောက်ပစ်ချက်တစ်ခုကို အာနာပါနအဆင့် ကျင့်ကြံသူများပင်လျှင် ခုခံနိုင်စွမ်း ရှိမည်မဟုတ်ဘဲ ချက်ချင်းပင် အရိုးတခြား အသားတခြား ဖြစ်သွားမည်သာ ဖြစ်သည်။

ယခုတွင် ထို မီးနတ်ဘုရားအမြောက် တစ်ရာကျော်ကို တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်သည်ဖြစ်ရာ ထွက်ပေါ်လာသော စွမ်းအားမှာ ဝိညာဉ်များကိုပင် လွင့်စင်သွားစေ‌နိုင်လောက်အောင် ပြင်းထန်လွန်းနေ၏။

ဝမ်ပေါင်လဲ့မှာ အလင်းတန်းတစ်ရာကျော် ထွက်ပေါ်လာပြီး မှင်တက်ဖွယ်ရာ အမြန်နှုန်းမျိုးဖြင့် သားရဲလှိုင်းကြီးအား ထိမှန်သွားသည်ကို ကြည့်နေလိုက်၏။ ထိုအချိန်တွင် ကောင်းကင်ကြီးမှာ လျှပ်တစ်ပြက်အတွင်း ပြောင်းလဲသွားပြီ ကမ္ဘာမြေကြီးမှာလည်း တုန်ခါသွား၏။ လေလှိုင်းများမှာ အရပ်မျက်နှာ အနှံ့သို့ ပျံ့ထွက်သွားပြီး ခံတပ်ထဲတွင် လေဆင်နှာမောင်းတစ်ခု ဖြတ်တိုက်သွားကဲ့သို့ ဖြစ်သွားသောကြောင့် လူတိုင်း၏ ဆံပင်များမှာ ရှုပ်ပွသွားရတော့သည်။ ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်လာသလို ရင်တဒိန်းဒိန်းခုန်နေပြီး အလင်းတန်းများ ကျဆင်းသွားသည့်နေရာကို စိုက်ကြည့်နေလိုက်၏။ ထိုနေရာ တစ်ဝိုက်ရှိ တောအုပ်ကြီးမှာ စိစိညက်ညက် ကြေမွသွားပြီ ဖြစ်သည်။

သားရဲကြီးများမှာလည်း တစ်ကောင်ပြီးတစ်ကောင် မာန်ပါပါ အော်ဟစ်မြည်တမ်းကာ တစ်စစီ ဖြစ်သွားကြ၏။

ကောင်းကင်ကြီးမှာလည်း မည်းမှောင်စ ပြုလာတော့သည်။ လူ့ဘီလူးကြီး တစ်ကောင်ဆိုလျှင် အမြောက်ဆံတစ်လုံး တည့်တည့် ထိမှန်သွားသဖြင့် ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွား၏။

မီးနတ်ဘုရားအမြောက်များ၏ ပစ်ချက်များကြောင့် သားရဲများ၏ သုံးပုံပုံ တစ်ပုံနီးပါး သေဆုံးသွားကြ၏။ အချိန်တိုအတွင်း မီးနတ်ဘုရားအမြောက်များမှာ ရပ်တန့်သွားတော့သည်။ စစ်မြေပြင်ကြီးမှာ မီးများလောင်မြိုက်နေပြီဖြစ်ပြီး သားရဲလှိုင်းကြီးမှာလည်း အမြောက်ပစ်ချက်များကြောင့် ဟိုတစ်စ သည်တစ်စ ပြန့်ကြဲနေကြပြီ ဖြစ်သည်။ သို့သော် အသက်ရှင်ကျန်ရစ်ခဲ့သော သားရဲကြီးများ၏ ရက်စက်ကြမ်းကြုတ်ဖွယ်ရာ အော်ဟစ်သံများနှင့် သွေးဆာနေသော စိတ်ဓာတ်များမှာ ပျောက်ကွယ်သွားခြင်း မရှိပေ။ သားရဲအုပ်ကြီးမှာ အရွယ်အစား သေးငယ်သွားသောကြောင့် ပို၍ပင် လျင်မြန်စွာ ရွေ့လျားလာကာ ခံတပ်ဆီသို့ ဦးတည်လာနေကြတော့သည်။

” အသိစိတ်မရှိတဲ့ သားရဲအုပ်ကြီးပဲ ”
မုတ်ဆိတ်မွေးထူလူကြီးမှာ နှာမှုတ်ကာ အမိန့်ပေးလိုက်ပြန်သည်။

” မီးနတ်ဘုရား တပ်ဖွဲ့တွေ။ စိတ်ကြိုက်သာ ပစ်ကြတော့။ အရွယ်အစားကြီးတဲ့ သားရဲကြီးတွေကို အဓိကပစ်မှတ်ထားကြ။ အဲ့ကောင်တွေ အကုန် မျိုးသုဉ်းသွားတာ ငါ မြင်ချင်တယ် ”

” ပထမစစ်တပ်။ ခုချက်ချင်း လှုပ်ရှားလိုက်တော့ ”
စစ်တပ်မှအရာရှိကြီးများက မုတ်ဆိတ်မွေးထူလူကြီး၏ အမိန့်များအတိုင်း ဆောင်ရွက်လိုက်၏။ ခဏအကြာတွင် ခံတပ်တံခါးထဲမှ စစ်သည်တော်တစ်သိန်းတိတိ ထွက်လာသည်ကို ဝမ်ပေါင်လဲ့ မြင်လိုက်ရ၏။

ထို စစ်သည်တော်တစ်သိန်းမှာ ချပ်ဝတ်တန်ဆာများ ဆင်မြန်းထားကြပြီး ဓမ္မအဆောင်များကို ကိုင်ဆောင်ထားကြသည်။ ထိုကဲ့သို့ သတ်ဖြတ်လိုစိတ်များ လေထဲတွင် ပြည့်နှက်သွားသည့်အချိန်၌ တာအိုကျောင်းလေးကျောင်းမှ သိုင်းသမားများမှာလည်း ရှေ့သို့ ပြေးထွက်လာကြသည်။ သူတို့မှာ ခံတပ်ရှေ့ မြေပြင်ပေါ်ရှိ သားရဲကြီးများနှင့် လုံးထွေးသတ်ပုတ်နေကြသဖြင့် သတ်ပွဲကြီးတစ်ခု စတင်သွားတော့သည်။

မီးနတ်ဘုရားအမြောက်များမှာလည်း နေရာအနှံ့သို့ ပစ်ခတ်နေကြ၏။ ၎င်းတို့၏ ပစ်မှတ်များမှာ မီတာနှစ်ဆယ်ကျော် အမြင့်ရှိသော သားရဲကြီးများ ဖြစ်ကြသည်။ စစ်မြေပြင် အခြေအနေမှာ အချိန်မရွေး ပြောင်းလဲသွားနိုင်သည့်ပုံ ပေါက်နေပါသော်လည်း လက်တွေ့တွင်မူ သားရဲလှိုင်းကြီးမှာ လျင်မြန်စွာ ပျက်စီးပြိုကွဲစ ပြုနေပြီဖြစ်သည်။

တာအိုကျောင်းလေးကျောင်းမှ မန္တန်အစီအရင် ကျင့်ကြံသူများနှင့် သားရဲထိန်းသိမ်းရေး ကျင့်ကြံသူများမှာလည်း တိုက်ပွဲထဲတွင် ပါလာကြသည်။ ထို့ကြောင့် စစ်မြေပြင်ကြီးမှာ ရှုပ်ယှက်ခတ်ကာ ဖရိုဖရဲ ဖြစ်နေရတော့သည်။ ဝမ်ပေါင်လဲ့နှင့် အခြား ဓမ္မလက်နက် ကျင့်ကြံသူများမှာလည်း ကိုယ်ပိုင်တာဝန်များ ရှိကြ၏။ သူတို့မှာ သူတို့တာဝန်ကျရာ မီးနတ်ဘုရားအမြောက်များကို ပြုပြင်ကာ ၎င်းတို့အား အကောင်းမွန်ဆုံး အနေအထားတွင် ရှိနေအောင် ထိန်းသိမ်းပေးရခြင်း ဖြစ်သည်။

ချန်းယွီထုံမှာ အသက်ရှူသံများ လေးလံနေပြီး စိုးထိတ်နေကြသော ကျိုးဖုန်းဟိုင်နှင့် စွန်းဖန်တို့ကို ဦးဆောင်၍ မီးနတ်ဘုရားအမြောက် အလက်နှစ်ဆယ်ကို ပြုပြင်ထိန်းသိမ်းနေ၏။ ဝမ်ပေါင်လဲ့မှာမူ သူတစ်ယောက်တည်းနှင့် အမြောက်ဆယ်လက်ကို တာဝန်ယူထားသည်။

ဝမ်ပေါင်လဲ့မှာ စင်မြင့်တစ်ခုမှ တစ်ခုသို့သွားကာ အမြောက်များကို ကြည့်ရှုစစ်ဆေးရင်း စစ်မြေပြင်ကြီးကိုလည်း အကဲခတ်နေ၏။ သားရဲများနှင့် လူသားများ၏ ဟိန်းဟောက်အော်ဟစ်သံများအပြင် ပေါက်ကွဲသံများကပါ သူ၏ နားထဲတွင် ပဲ့တင်ထပ်နေကြ၏။ သူသည် စစချင်း အံ့ဩတုန်လှုပ်နေခဲ့ပါသော်လည်း ယခုတွင် တဖြည်းဖြည်းနှင့် ပြန်လည်တည်ငြိမ်လာသဖြင့် သူ၏ နှလုံးသားထဲတွင် တိုက်ခိုက်လိုစိတ်များ ပေါ်လာတော့သည်။ ထို့ကြောင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ ခြင်ကိုးကောင် ထွက်ပေါ်လာ၏။ ၎င်းတို့မှာ သူ၏ လက်ဝါးထဲမှနေ၍ စစ်မြေပြင်ဆီသို့ ပျံထွက်သွားကြ၏။

” ငါ့ခြင်တွေရဲ့ ခြင်ကိုက်စွမ်းရည်ကို စမ်းသပ်ကြည့်တာပေါ့။ ဒီသားရဲကြီး‌တွေရဲ့ အရေပြားတွေက ထူပြီးတော့ အမွေးတွေလည်း အများကြီးပေါက်နေတာဆိုတော့ အလုပ်ဖြစ်၊ မဖြစ်တော့ သေချာပြောနိုင်မှာ မဟုတ်ဘူး…. “

Comment

Leave a Reply

Options

not work with dark mode
Reset