ကျိုးလုမှာ ဝမ်ပေါင်လဲ့၏ မေးခွန်းကို ကြားလိုက်ရသောအခါ အသက်ရှူသံများပင် ရပ်တန့်သွား၏။ ဝမ်ပေါင်လဲ့မှာ ငြင်းဆန်လိမ့်မည်ဖြစ်ကြောင်း သူမက တွေးထားခဲ့ပါသော်လည်း သူမအား မိန်းမလှလေးဟု ခေါ်ဆိုသုံးနှုန်းလိုက်မည် ဖြစ်ကြောင်း လုံဝမတွေးထားမိခဲ့ပေ။
ထို ချီးကျူးစကားမှာ သူမ၏ ဒေါသများကို ဖြေဖျောက်နိုင်စွမ်း မရှိသဖြင့် သူမသည် နှာမှုတ်လိုက်၏။ သို့သော် ယခုမှာ လက်တုံ့ပြန်ရမည့် အချိန်မဟုတ်ပေ။ ထို့ကြောင့် သူမသည် ဝမ်ပေါင်လဲ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ ချန်းယွီထုံဘက်သို့လှည့်၍ မတ်တတ်ထလာပြီး အလေးပြုလိုက်၏။
” အစ်ကိုက အစ်ကိုချန်းယွီထုံ ထင်တယ်။ ကျေးဇူးပြုပြီးတော့ ကောင်းကင်တာအိုကျောင်းက ထုတ်ပေးထားတဲ့ သ၀ဏ်လွှာလေး ညီမကို ခဏလောက် ပေးပါလား ”
ကျိုးလုက တောင်းဆိုလိုက်၏။ သူမသည် စစ်တပ်ထဲတွင် ရာထူးအဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားလျှင်တောင် ချန်းယွီထုံကဲ့သို့သော လူမျိုးကိုမူ တရိုတသေ ပြောဆိုဆက်ဆံရန် လိုအပ်ပေသည်။
သူ၏ ကျင့်ကြံခြင်းအဆင့်ကိုသာမက သူ၏ မိသားစု နောက်ခံအင်အားကိုပါ ထည့်တွက်ရန် လိုအပ်သည်မဟုတ်ပါလော။ သူသည် ဓမ္မလက်နက်အဆောင်၏ လက်ထောက်အဆောင်မှူးအဖြစ် တာဝန်ထမ်းဆောင်ရန် လျာထားခံထားသည့် လူတစ်ယောက်ဖြစ်ရာ ကျောင်းအပြင်ဘက်ရှိ သူ၏ ရာထူးအဆင့်အတန်းမှာလည်း အင်မတန်မှ မြင့်မားနေ၏။
ချန်းယွီထုံကမူ သူ၏ စိတ်ထဲမှ အတွေးများနှင့် ခံစားချက်များကို ဘေးချိတ်လိုက်ပြီး ရှေ့သို့လှမ်းကာ ကျောက်စိမ်းသဝဏ်လွှာကို ပေးအပ်လိုက်၏။ ကျိုးလုမှာ သူ့ထက် ကျင့်ကြံခြင်းအဆင့် နိမ့်နေသည့်တိုင်အောင် သူ၏ အမူအရာမှာ ရိုသေလေးစားမှုအပြည့် ရှိနေ၏။ ထို့ကြောင့် ကျိုးလုမှာ ချန်းယွီထုံအား ပို၍ပင် အထင်ကြီးသွားရတော့သည်။
ချန်းယွီထုံမှာ အစကတည်းက လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ အမူအရာယဉ်ကျေးကာ ရည်မွန်သော လူတစ်ယောက်ဖြစ်၏။ ထို့အပြင် သူ၏ ရာထူးအဆင့်အတန်းနှင့် ကျင့်ကြံခြင်းအဆင့်တို့မှာလည်း မြင့်မားနေသည်ဖြစ်ရာ ကောင်းကင်တာအိုကျောင်း၏ အဆင့်မြင့်ကျွန်းပေါ်ရှိ ကျောင်းသားကျောင်းသူများစွာသည် သူ့အား နှစ်သက်မြတ်နိုးကာ ကြည်ညိုလေးစားကြ၏။ သို့သော် သူသည် တစ်ယောက်တည်းသာ နေလေ့ရှိပြီ အချစ်ရေး အရှုပ်အယှက် ကိစ္စများ လုံးဝ မရှိပေ။
ကျိုးလုနှင့် ချန်းယွီထုံတို့ကြားမှ အပြန်အလှန် ပြောဆိုဆက်ဆံမှုမှာ ချောချောမွေ့မွေ့နှင့် ပြီးဆုံးသွားပြီး ကောင်းကင်တာအိုကျောင်း၏ သဝဏ်လွှာကို စစ်တပ်ဘက်မှ ချက်ချင်းပင် အတည်ပြုပေးလိုက်၏။ သူတို့သည် အသေးစားခံတပ်တစ်ခုတွင် တာဝန်ကျမည် ဖြစ်သည်။ သားရဲလှိုင်းများ ရောက်လာချိန်တွင် သူတို့မှာ ထိုခံတပ်ရှိ မီးနတ်ဘုရားအမြောက်ကို ပြုပြင်ထိန်းသိမ်းရမည် ဖြစ်သည်။
သူတို့၏တာဝန်ကို အတည်ပြုပြီးသွားကာ စစ်တပ်က ထုတ်ပေးသော ဘေးကင်းစွာခရီးသွားလာခွင့် ကျောက်စိမ်းပေလွှာကို လက်ခံရရှိလိုက်ပြီးနောက် ချန်းယွီထုံနှင့်တကွ ဝမ်ပေါင်လဲ့နှင့် အခြားသူများမှာ ရွက်ဖျင်တဲအပြင်ဘက်သို့ ထွက်လာကြ၏။ ကျိုးလုမှာမူ အပြင်သို့ထွက်ခွာသွားသော ဝမ်ပေါင်လဲ့၏ နောက်ကျောကို အေးစက်စက်စိုက်ကြည့်ကာ စိတ်ထဲတွင်ကျိတ်၍ ကြိမ်းဝါးလိုက်၏။
” ကျိုးလုဆိုတဲ့ ငါက ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို လက်တုန့်ပြန်ဖို့အတွက် အများပိုင်အာဏာကို အလွဲသုံးစားလုပ်တတ်တဲ့ လူစားမျိုးမဟုတ်ဘူး။ ငါသာ အဲဒီလိုလူစားမျိုးဆိုရင် သူ့ကို အရှင်လတ်လတ် အရေခွံဆုတ်ပြီးနေလောက်ပြီ။ ဒါပေမဲ့ နောက်ကျရင် ငါ သေချာပေါက် လက်တုံ့ပြန်ပြမယ် ”
ထို့နောက် သူမသည် ဝမ်ပေါင်လဲ့ဆီမှ အကြည့်လွှဲလိုက်ပြီး သူမ၏ အလုပ်များကို ဆက်လုပ်နေလိုက်တော့သည်။
ရွက်ဖျင်တဲ အပြင်သို့ထွက်ခွာလာပြီးနောက် သင်္ဘောပျံကြီးပေါ်သို့ နောက်ထပ်တစ်ကြိမ် ပြန်တက်ကာ သူတို့ တာဝန်ကျရာ အသေးစားခံတပ်လေးဆီသို့ သွားရန် ပြင်ဆင်နေတုန်း ချန်းယွီထုံ၊ ကျိုးဖုန်းဟိုင်နှင့် စွန်းဖန်တို့မှာ ဝမ်ပေါင်လဲ့အား ကြည့်လိုက်ကြ၏။ ကျိုးဖုန်းဟိုင်နှင့် စွန်းဖန်တို့မှာ မေးခွန်းမေးရန် မသင့်တော်ကြောင်း နားလည်ထားပါသော်လည်း နောက်ဆုံးတွင် ချန်းယွီထုံမှာ သိချင်ဇောကို မထိန်းနိုင်တော့သဖြင့် မေးလိုက်တော့သည်။
” ပေါင်လဲ့။ မင်း စောစောက အမျိုးသမီးအရာရှိနဲ့ သိတာ သေချာပါတယ်ကွာ။ သူ့ကိုရော ဝိညာဉ်အမြစ်ရွာထဲမှာ ဆုံခဲ့ရတာပဲလား။ မဟုတ်မှလွဲရော သူကရော မင်းကို ကိုယ်တုံးလုံးချွတ်ဖို့ ကြိုးစားခဲ့သေးတာလား။ အဲလိုတော့ မဖြစ်နိုင်ဘူးနော်။ သူ့ပုံစံ ကြည့်ရတာ သူက တာအိုကျောင်းလေးကျောင်းရဲ့ အဆင့်မြင့်ကျွန်း တစ်ကျွန်းကျွန်းပေါ်မှာ ကျောင်းတက်ခဲ့တဲ့ပုံ မပေါ်ပါဘူး။ တကယ်လို့ သူသာ အဲလို ကျောင်းတက်ခဲ့မယ်ဆိုရင် ဒီလောက်ငယ်ငယ်လေးနဲ့ စစ်တပ်ထဲ ဝင်နိုင်မှာ မဟုတ်လောက်ဘူး။ မိသားစုမျိုးနွယ်စုတစ်ခုခုက သူ့အတွက် စီစဉ်ပေးထားတာပဲ ဖြစ်ရမယ် ” ချန်းယွီထုံမှာ ဝမ်ပေါင်လဲ့အား မယုံသင်္ကာနှင့် ကြည့်လိုက်၏။
ဝမ်ပေါင်လဲ့ကမူ ချောင်းဟန့်လိုက်၏။ ထိုနေရာတစ်ဝိုက်တွင် အခြားမည်သူမှ မရှိတော့သောကြောင့် သူသည် အမှန်တရားကို ဖုံးကွယ်မနေတော့ဘဲ စိတ်အနှောင့်အယှက် ဖြစ်နေသည့် အမူအရာဖြင့် ဖြေလိုက်၏။
” သူ့နာမည်က ကျိုးလုတဲ့။ သူကတော့ ကျနော့်ကို ကိုယ်တုံးလုံးချွတ်ဖို့ မကြိုးစားခဲ့ပါဘူး… ကျနော်က သူ့တင်ပါးကို တစ်ချက်လောက် ကန်ခဲ့ရုံပါပဲ။ အဲ့တုန်းက သူက ကိုယ်ကျပ် အဝတ်အစားတွေကို ဝတ်ထားခဲ့တာ ကျနော် မှတ်မိနေသေးတယ်။ ကျနော်ကန်ချက်ကြောင့် သူ့ရဲ့ တင်ပါးတစ်ဖက်က တခြားတစ်ဖက်ထက် ကြီးသွားခဲ့တာ။ မက်မွန်သီးတစ်လုံး အရွယ်အစားကနေ ဘူးသီးခြောက်တစ်လုံး အရွယ်အစားကို ပြောင်းသွားသလိုပဲ ”
ဝမ်ပေါင်လဲ့၏ ဖော်ပြချက်များမှာ အလွန်အင်မတန်မှ ရှင်းလင်းတိကျနေသောကြောင့် အခြားသုံးယောက်၏ အတွေးများထဲတွင် ထိုဖြစ်ရပ်ကြီး၏ ပုံရိပ်များမှာ ပြတ်ပြတ်သားသား ပေါ်လာတော့သည်။ ထို့ကြောင့် ကျိုးဖုန်းဟိုင်နှင့် စွန်းဖန်တို့မှာ ရွေးချယ်စရာမရှိတော့ဘဲ လက်မြှောက် အရှုံးပေးလိုက်ရတော့သည်။ သူတို့မှာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေကြပြီး သူတို့ရှေ့တွင်ရှိနေသော ဖက်တီးမှာ အမျိုးသမီးများနှင့် ပရော်ပရည် လုပ်ရာ၌ ထိပ်ဆုံးအဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်သဖြင့် သူတို့မှာ နောက်တွင် ကျန်ရစ်ခဲ့ပြီဖြစ်ကြောင်း လက်ခံလိုက်ရ၏။
ချန်းယွီထုံကမူ ရှုံမဲ့မဲ့ ပြုံးလိုက်ပြီး ဝမ်ပေါင်လဲ့၏ ပခုံးကိုပုတ်ကာ စိတ်အားထက်သန်မှုအပြည့်ဖြင့် ဖြည်းဖြည်းချင်း ဆိုလိုက်၏။
” ပေါင်လဲ့ရေ။ မိန်းမတွေဆိုတာ ပြဿနာရှာတတ်တဲ့ အမျိုးတွေကွ။ နောက်ဆို သူတို့နဲ့ ခပ်ကင်းကင်းနေဖို့ပဲ အစ်ကိုကတော့ အကြံပေးချင်တယ်။ အစ်ကိုက ဒါမျိုးတွေ ကြုံဖူးထားလို့ ပြောပြတာ။ အစ်ကို့စကားကို ယုံလိုက်စမ်းပါ ”
ချန်းယွီထုံ ပြောလိုက်သော စကားမှာ အနည်းငယ်ခန့် ထူးဆန်းနေကြောင်း ဝမ်ပေါင်လဲ့က သတိထားမိလိုက်၏။ သို့သော် သူသည် ထိုအကြောင်းကို မတွေးတောနိုင်ခင် သူတို့၏ သင်္ဘောပျံကြီးမှာ သတ်မှတ်ထားသော အသေးစားခံတပ်ဆီသို့ ရောက်ရှိသွား၏။
ထို အသေးစားခံတပ်ကို တောင်ထိပ်တစ်ခုပေါ်တွင် တည်ဆောက်ထား၏။ အဝေးမှကြည့်လိုက်ပါက ထိုခံတပ်တစ်ခုလုံးမှာ မည်းနက်နေပြီး သတ္တုသားဖြင့် တည်ဆောက်ထားသော ဧရာမ လခြမ်းကွေးကြီးတစ်ခုနှင့် တူနေ၏။ ၎င်းမှာ မီတာရာနှင့်ချီ၍ မြင့်မားပြီး မီတာ သုံးထောင်ကျော် အကျယ်ရှိသည်။ ကမ္ဘာဦးတောနက်ကြီးကို မျက်နှာမူနေသော အခြမ်းမှာ စက်ဝန်းပြတ်တစ်ခုကဲ့သို့ ကွေးညွှတ်နေပြီး ထို ကွေးညွှတ်နေသော အပိုင်းမှတစ်ဆင့် အခက်အလက် ရာပေါင်းများစွာ ပျံ့ထွက်နေ၏။ ထို အခက်အလက်များ၏ အဆုံးတွင် လပုံသဏ္ဍာန် စင်မြင့်တစ်ခုစီ ရှိနေသည်။ ထို့ကြောင့် ၎င်း၏ ကိုယ်ထည်ကြီး တစ်ခုလုံးမှာ ဇွန်းတစ်ချောင်းနှင့် ဆင်တူနေ၏။
စင်မြင့်တစ်ခုချင်းစီပေါ်တွင် မီတာသုံးဆယ်ကျော် မြင့်မားသော မီးနတ်ဘုရားအမြောက်တစ်ခုစီ ရှိနေ၏။ ထို့အပြင် ထို စင်မြင့်များပေါ်၌ တာဝန်နေကြသော စစ်သည်တော် အရေအတွက်မှာ ထောင်ဂဏန်းအထိ ရှိကြသည်။
ထိုစစ်သည်တော်များထဲမှ တချို့မှာ မီးနတ်ဘုရားအမြောက်၏ အခြေခံအဆင့် ပြုပြင်ပြင်ဆင်မှုအပိုင်းကို တာဝန်ယူထားကြသည်။ အခြားစစ်သည်တော်များမှာမူ သားရဲလှိုင်းအတွင်း သားရဲများကို သတ်ဖြတ်နှိမ်နင်းရန်နှင့် သားရဲကြီးများ ထိုးဖောက်လာပြီး မီးနတ်ဘုရားအမြောက်အား ဖျက်ဆီးခြင်း မပြုနိုင်အောင် တားဆီးရန် တာဝန်ယူထားရသည်။
ယခုကဲ့သို့ နေရာချထားရသည်မှာ တစ်ဖက်တွင် မီးနတ်ဘုရားအမြောက်အား ခုခံကာကွယ်ပေးရန် လိုအပ်သလို အခြားတစ်ဖက်တွင်လည်း အကယ်၍ မီးနတ်ဘုရားအမြောက်ကြီးသာ ပျက်စီးသွားမည်ဆိုပါက အလိုအလျောက် ပေါက်ကွဲသွားမည် ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အား ခံတပ်နှင့် အလွန်နီးကပ်သောနေရာ၌ ထား၍ မဖြစ်ပေ။
တချိန်တည်းမှာပင် ခံတပ်ကြီး၏ နှစ်ဖက်စလုံးတွင်ရှိသော တောင်စဉ်တန်း အနိမ့်အမြင့်များထဲတွင် အကြည်ရောင် အကာအကွယ်ကြီးတစ်ခုကို တွေ့မြင်နိုင်ပေသည်။ ၎င်းမှာ တောင်စဉ်တန်းအတိုင်းလိုက်၍ အဆုံးနှစ်ဖက်အထိ ဆန့်တန်းနေ၏။ ထို အကာအကွယ်ကြီးမှာ တောရိုင်းဒေသထဲမှ ပြေးထွက်လာကြသော သားရဲကြီးများကို ခုခံတားဆီးပေးနိုင်သည့် အကာအကွယ်ဒိုင်းကာတစ်ခုအဖြစ် တာဝန်ထမ်းဆောင်ပေးရုံသာမက အစွန်းနှစ်ဖက်တွင်ရှိသော အခြား ခံတပ်များနှင့်လည်း ချိတ်ဆက်ပေးထား၏။
အကယ်၍ အမြင့်ဆုံးတောင်ထိပ်တစ်ခုပေါ်သို့ တက်ကာ အောက်သို့ ငုံ့ကြည့်လိုက်မည် ဆိုပါက အသေးစားခံတပ်တိုင်းမှာ အလယ်ဗဟိုရှိ သတ္တမမြောက် အထက်မှအဆင့်ခံတပ်ကြီးကို ဝန်းရံထားသည့် အစက်အပျောက်လေးများနှင့် တူနေပြီး တလက်လက်တောက်ပနေသော ဧရာမ အကာအကွယ် မန္တန်အစီအရင်ကြီးတစ်ခုထဲတွင် ရှိနေသည်ကို မြင်လိုက်ရမည် ဖြစ်သည်။
အသေးစားခံတပ်များမှာ သားရဲလှိုင်းများ ကျူးကျော်မှုကို ခုခံရသည့်အပြင် သတ္တမမြောက် ပထမအဆင့်ခံတပ်ကြီးကို ချိန်ရွယ်၍ တိုက်ခိုက်ကြသော မန္တန်အစီအရင် တိုက်ကွက်များကိုပါ ခုခံတားဆီးပေးရသည်။ သားရဲလှိုင်းမှာ မည်သည့်နေရာမှ ပေါ်ထွက်လာစေကာမူ သူတို့ ဖန်တီးထားသော မန္တန်အစီအရင် တိုက်ကွက်များမှ ထွက်ပေါ်လာမည့် ဝိညာဉ်စွမ်းအင်များမှာ အသေးစားခံတပ် အသီးသီးဆီသို့ ပျံ့လွင့်လာကြမည် ဖြစ်သည်။ ထိုနည်းဗျူဟာကြောင့် သူတို့၏ အကာအကွယ် မန္တန်အစီအရင်များမှာ ပိုမို ခိုင်ခန့်ကာ တည်ငြိမ်လာကြခြင်းဖြစ်သည်။
ထို့ကြောင့် အသေးစားခံတပ်တိုင်းမှာ သားရဲများအတွက် ထိုးဖောက်နိုင်ရန် အလားအလာရှိသည့် နေရာတစ်ခုစီ ဖြစ်လာကြသည်။ ထို့ကြောင့်လည်း အသေးစားခံတပ်တိုင်းတွင် ကိုယ်ပိုင် မီးနတ်ဘုရားအမြောက်များကို တပ်ဆင်ထားခြင်းဖြစ်သည်။ ၎င်းတို့၏ အရေအတွက်မှာ ပထမအဆင့်ခံတပ်တွင်ရှိသော အရေအတွက်လောက် မများပါသော်လည်း ရာဂဏန်းအထိ ရှိနေဆဲပင်။ ထို့အပြင် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခုလည်း ရှိနေသေးသည်ဖြစ်ရာ စစ်ကူများကို အချိန်မရွေး တောင်းခံနိုင်သလို ပေးပို့နိုင်စွမ်းလည်း ရှိပေသည်။
သတ္တမမြောက် ပထမအဆင့်ခံတပ်၏ လက်အောက်တွင် ထိုကဲ့သို့ အဖျက်စွမ်းအားကောင်းသော အသေးစားခံတပ်ပေါင်း ရာနှင့်ချီ၍ ရှိသည်။ ၎င်းတို့အားလုံးမှာ ပေါင်းစည်း၍ ပြည်ထောင်စုကြီး၏ သတ္တမမြောက် တော်ဝင်တံခါးကို တည်ဆောက်ထားကြသည်။ ၎င်းတို့မှာ ထိုးဖောက်၍မရနိုင်သော နံရံကြီးတစ်ခုနှင့် တူနေပြီး ယနေ့အထိ မရေမတွက်နိုင်လောက်အောင် များပြားသော သားရဲလှိုင်းများစွာကို ခုခံတွန်းလှန်နိုင်ခဲ့ပြီး တိုက်ပွဲတိုင်း၏အဆုံးတွင် အောင်နိုင်ခဲ့သည်သာ ဖြစ်သည်။
သူတို့၏ သင်္ဘောပျံကြီးမှာ ထိုခံတပ်ထဲသို့ ဆင်းသက်လာ၏။ ဝမ်ပေါင်လဲ့နှင့် သူ၏ မိတ်ဆွေများမှာ သန်မာထွားကြိုင်းပြီး မုတ်ဆိတ်မွေး အရှည်ကြီးရှိသော ထိုခံတပ်၏ ခေါင်းဆောင်နှင့် တွေ့ဆုံလိုက်၏။ ထို ခေါင်းဆောင်ကြီးမှာ သူတို့အား ထိုခံတပ်ရှိ လူများနှင့် ရင်းနှီးသွားအောင် မိတ်ဆက်ပေးလိုက်သည်။
မျက်စိတစ်မှိတ်အတွင်း သုံးရက်တိတိ ကုန်ဆုံးသွား၏။
ထို သုံးရက်အတွင်း ဝမ်ပေါင်လဲ့မှာ ကျင့်ကြံခြင်းအတွက် လုံးဝ အချိန်မပေးနိုင်ခဲ့ပေ။ ချန်းယွီထုံ၏ ဦးဆောင်မှုအောက်တွင် သူသည် မီးနတ်ဘုရားအမြောက် အချို့အဝက်ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ရ၏။
တာအိုကျောင်းလေးကျောင်းမှ အခြားကျောင်းသား များစွာမှာလည်း ထိုအသေးစားခံတပ်တွင် တာဝန်ကျနေကြသည်။ အများစုမှာ သိုင်းပညာအဆောင်မှ ကျင့်ကြံသူများဖြစ်ကြပါသော်လည်း မှော်ဆေးရည်ကျင့်ကြံသူနှင့် မန္တန်အစီအရင်ကျင့်ကြံသူ အချို့အပြင် အခြားအဆောင်များမှ ကျင့်ကြံသူများလည်း ရှိနေကြသေးသည်။
လူတိုင်း မိမိတို့၏ သက်ဆိုင်ရာတာဝန်များကို ထမ်းဆောင်ကြရသည်။ ဓမ္မလက်နက်ကျင့်ကြံသူများမှာ မီးနတ်ဘုရားအမြောက်များအား ပြုပြင်ထိန်းသိမ်းရာ၌ တာဝန်ယူထားကြသည်ဖြစ်ပြီး ဝမ်ပေါင်လဲ့တို့အဖွဲ့ အပါအဝင် လူအရေအတွက် တစ်ဒါဇင်ကျော် ရှိသည်။ သူတို့အားလုံးမှာ အရပ်မျက်နှာအနှံ့သို့ ဖြန့်ကျက်၍ အမြောက်များကို ပြုပြင်ကြရ၏။ ဝမ်ပေါင်လဲ့တို့အဖွဲ့မှာ အမြောက်အခုသုံးဆယ်ကိုသာ တာဝန်ယူထားရ၏။
ထိုအရေအတွက်မှာ နည်းသည်ဟု ဆိုနိုင်ပေသည်။ သို့သော် မီးနတ်ဘုရားအမြောက်မှာ ရှုပ်ထွေးသော စက်တစ်မျိုးဖြစ်သည်။ ကုန်ဆုံးသွားခဲ့သည့် သုံးရက်အတွင်း ဝမ်ပေါင်လဲ့မှာ ထိုစက်များကို မရပ်မနား လေ့လာကာ ကြည့်ရှုစစ်ဆေးခဲ့၏။ သူသည် စစချင်းကတည်းက ထိုအမြောက်များ၏ တည်ဆောက်ပုံကြောင့် အံ့ဩမှင်တက်သွားခဲ့ရသည်။
မီးနတ်ဘုရားအမြောက်တိုင်းကို နတ်ဘုရားရတနာ တစ်ရာကျော် အသုံးပြု၍ တည်ဆောက်ထားခြင်းဖြစ်သည်။ နတ်ဘုရားရတနာ တစ်ခုချင်းစီတိုင်း ထိုစက်ကြီး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နေ၏။ မီးနတ်ဘုရားအမြောက်ကို အသုံးပြုလိုက်မည်ဆိုပါက ၎င်း၏ စွမ်းအားမှာ ထိုနတ်ဘုရားရတနာအားလုံး၏ စုစုပေါင်းစွမ်းအားထက် ပို၍သာလွန်သွား၏။
ထိုကဲ့သို့သော ရှုပ်ထွေးမှုများကြောင့်လည်း မတော်တဆများ ပေါ်ပေါက်လာပါက သာမန်ကျင့်ကြံသူများမှာ ထိန်းသိမ်းနိုင်စွမ်း မရှိကြပေ။ ထိုကဲ့သို့သော ကျင့်ကြံသူများမှာ နတ်ဘုရားရတနာများကို ပြုပြင်ထိန်းသိမ်းရန် အရည်အချင်းပြည့်မီခြင်း မရှိပေ။ ဝမ်ပေါင်လဲ့၊ ကျိုးဖုန်းဟိုင်နှင့် စွန်းဖန်တို့ပင် အကူများအဖြစ်သာ တာဝန်ထမ်းဆောင်နိုင်၏။ အဓိက ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ချန်းယွီထုံကသာ ဆောင်ရွက်ရသည်။
သို့သော် ဝမ်ပေါင်လဲ့မှာ နတ်ဘုရားရတနာများကို ဖန်တီးနိုင်စွမ်းရှိနေပြီဖြစ်သည်။ ထို့ကြောင့် သုံးရက်တိတိ လေ့လာလိုက်ပြီးနောက် သူ၏ စုပေါင်းနတ်ဘုရားရတနာများကို နားလည်နိုင်စွမ်းမှာ အလျင်အမြန် တိုးတက်လာခဲ့သောကြောင့် ချန်းယွီထုံပင်လျှင် အံ့ဩမှင်တက်သွားရ၏။ နောက်ဆုံးတွင် ချန်းယွီထုံမှာ ဝမ်ပေါင်လဲ့အား ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို သီးသန့် ဆောင်ရွက်ခိုင်းရဲသည်အထိ ယုံကြည်မှုရှိလာတော့သည်။ ထို့ကြောင့် သူတို့အဖွဲ့ အလုပ်လုပ်ရန် လိုအပ်သော ပမာဏမှာ သိသိသာသာ လျော့နည်းသွား၏။
လူတိုင်း ထိုကဲ့သို့ တစ်ပတ်တိတိ အလုပ်ရှုပ်နေခဲ့ကြ၏။ မီးနတ်ဘုရားအမြောက်အားလုံးကို ကြည့်ရှုစစ်ဆေးကာ ပြင်ဆင်ပြီးနောက် လိုအပ်သည့်အစိတ်အပိုင်းများကို အစားထိုးပြီးသွားသော အခါမှသာ ဝမ်ပေါင်လဲ့တို့အဖွဲ့မှာ အနားယူခွင့်ရလိုက်သည်။
ထိုအခိုက်အတန့်တွင် သူတို့၏ တာဝန်မှာ တစ်ဝက်နီးပါး ပြီးဆုံးနေပြီဖြစ်သည်။ ကျန်ရှိနေသေးသောတာဝန်မှာ သားရဲလှိုင်းများ အတွင်း ထိုအမြောက်များ ချောချောမွေ့မွေ့ လည်ပတ်ခြင်း ရှိ၊မရှိကို သေချာအောင်လုပ်ရန် ဖြစ်သည်။
သားရဲလှိုင်းကြီး ရောက်လာရန် စောင့်ဆိုင်းနေချိန်အတွင်း ချန်းယွီထုံမှာ သူ၏ အချိန်အများစုကို အခြား တာအိုကျောင်းမှ ကျောင်းသားများနှင့် မိတ်ဆွေဖွဲ့ခြင်းဖြင့် ကုန်ဆုံးစေခဲ့၏။ ကျိုးဖုန်းဟိုင်မှာလည်း စိတ်အားထက်သန်စွာဖြင့် သူ့အတိုင်း လိုက်လုပ်ပြီး စွန်းဖန်ကမူ စစ်တပ်မှ အရာရှိကြီးများဖြင့် ခင်မင်ရင်းနှီးအောင် လုပ်နေ၏။
ဝမ်ပေါင်လဲ့တစ်ယောက်သာ စစ်တပ်ခေါင်းဆောင်များထက် စစ်သည်တော်များကို ပို၍နှစ်သက်သဘောကျနေ၏။ ထို ရက်သတ္တပတ်အတွင်း စစ်သည်တော်အများစုမှာ ရှေးဟောင်းသိုင်းအဆင့်တွင်သာ ရှိနေကြသည်ကို သိလိုက်ရ၏။ သူတို့မှာ သူ့ကို ယှဉ်နိုင်ကြမည် မဟုတ်ပါသော်လည်း ဝမ်ပေါင်လဲ့အား ကြည့်နေသော သူတို့၏ မျက်လုံးများထဲတွင် ကြည်ညိုလေးစားမှုများသာမက ကာကွယ်ပေးလိုသော စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေ၏။
အကာကွယ်ခံလိုခြင်း မဟုတ်ဘဲ ဝမ်ပေါင်လဲ့အား ကာကွယ်ပေးလိုခြင်း ဖြစ်သည်။ ပို၍ တိတိကျကျ ဆိုရလျှင် ဝမ်ပေါင်လဲ့ကဲ့သို့သော ကျင့်ကြံသူများကို ကာကွယ်ပေးလိုခြင်း ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ ကာကွယ်ပေးလိုသော စိတ်များ ထက်သန်နေကြသည့် စစ်သည်တော်များကို ဆက်တိုက်ဆိုသလို မြင်တွေ့ခဲ့ရသောကြောင့် စိတ်နှလုံး အကြီးအကျယ် တုန်လှုပ်သွားရ၏။
သူသည် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည့်တိုင်အောင် ဤ ရှေးဟောင်းသိုင်းအဆင့်မှ စစ်သည်တော်များမှာ သူ့အား ကာကွယ်ပေးရန် တွေးနေကြဆဲပင်။
သူတို့၏ မျက်လုံးများထဲတွင် ကျင့်ကြံသူများမှာ အရေအတွက်နည်းပါးပြီး ရှားပါးကြသည်ဟု သတ်မှတ်ထား၏။ ထိုကျင့်ကြံသူများမှာ မျှော်လင့်ချက်ကို ကိုယ်စားပြုသည်ဟု သူတို့က မှတ်ယူထားသောကြောင့် သူတို့ကို အစွမ်းကုန်ကာကွယ်ရန် ဆုံးဖြတ်ထားကြခြင်းဖြစ်သည်။
မီးနတ်ဘုရားအမြောက်များကို ဖန်တီးပေးနိုင်ပြီး ပြုပြင်ထိန်းသိမ်းပေးနိုင်သော ကျင့်ကြံသူများကိုဆိုလျှင် ပို၍ပင် ကာကွယ်ပေးရမည်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုသဘောတရားကို နားလည်သွားလိုက်ပြီးနောက် သူ၏ နှလုံးသားထဲတွင် ဖော်ပြ၍မရသော ထူးဆန်းသည့် ခံစားချက်တစ်မျိုး လှိုက်ခနဲ ပေါ်ထွက်လာ၏။ သူသည် သူနှင့်ရွယ်တူ စစ်သည်တော်များစွာကို မြင်တွေ့ခဲ့ရပြီး ၎င်းတို့ ခန္ဓာကိုယ်များပေါ်ရှိ တိုက်ပွဲများမှ ရရှိခဲ့သော အမာရွတ်များနှင့် ပျက်စီးသွားခဲ့သောကြောင့် အကြိမ်ကြိမ်ပြန်၍ ပြုပြင်ခဲ့ရသည့် အမှတ်အသားများဖြင့် ပြည့်နှက်နေသော ဓမ္မအဆောင်များကိုလည်း သတိထားမိလိုက်၏။
သူသည် တာအိုကျောင်း၌ ကျင့်ကြံခြင်းလေ့ကျင့်နေစဉ် ဤ စစ်သည်တော်များမှာ သားရဲကြီးများကို အသက်စွန့်၍ တိုက်ခိုက်နေကြရသည်။
ထို စစ်သည်တော်များမှာ ကျင့်ကြံသူများ အရွယ်ရောက်ကာ အစွမ်းထက်လာပြီး သာမန်လူများအတွက် ပိုမိုငြိမ်းချမ်းသော ဘဝများကို တည်ဆောက်ပေးနိုင်ရန် လိုအပ်သည့် အချိန်များအတွက် သူတို့၏ သွေးချွေးနှင့် အသက်များကိုစွန့်ကာ တိုက်ပွဲဝင်နေကြခြင်းဖြစ်သည်။
ထို့ကြောင့် အလုပ်ပါးသွားချိန်တွင် ဝမ်ပေါင်လဲ့မှာ ထိုစစ်သည်တော်များဆီသို့ သွားလိုက်ပြီး အစွမ်းကုန်ကြိုးစားကာ သူတို့၏ ဓမ္မအဆောင်များပေါ်ရှိ အပြစ်အနာအဆာများကို အတတ်နိုင်ဆုံး ပြုပြင်ပေးလိုက်၏။ သူ၏ လုပ်ရပ်များနှင့် အကျင့်စရိုက်တို့ကြောင့် သူသည် ထိုစစ်သည်တော်များနှင့် ခင်မင်ရင်းနှီးမှုတစ်ခုကို တည်ဆောက်နိုင်သွား၏။
သူတို့မှာ တစ်ယောက်နှင့်တစ်ယောက် ပို၍ ခင်မင်ရင်းနှီးလာကြသဖြင့် ဝမ်ပေါင်လဲ့မှာ အချိန်အများစုတွင် သူသည် ကျင့်ကြံသူတစ်ယောက် ဖြစ်ကြောင်းကိုပင် မေ့လျော့နေတော့သည်။ သူ၏ အပြုအမူများမှာလည်း စစ်သည်တော်များနှင့် အတူရှိနေချိန်တွင် ပုံမှန်အချိန်များနှင့် မတူတော့ပေ။
” လာလေ။ အားလှဲရင် ငါ နိုင်မှာ မဟုတ်ပါဘူးလို့ ပြောခဲ့တာ ဘယ်သူလဲကွ။ ဒီနေ့ အဖြေသိအောင် လုပ်ကြတာပေါ့။ ရှုံးတဲ့ကောင်က လူတိုင်းရဲ့ ခြေအိတ်တွေကို လျှောပေးကြေးကွာ ”
စစ်သည်တော် အယောက်တစ်ရာကျော် နေထိုင်နိုင်သည့် စစ်တန်းလျား အပြင်ဘက်ရှိ ရင်ပြင်ကြီးတစ်ခုထဲတွင် ရယ်မောသံများနှင့် အော်ဟစ်အားပေးသံများဖြင့် ဆူညံနေ၏။ ထိုနေရာတွင် ဝမ်ပေါင်လဲ့တစ်ယောက် ထိုင်နေပြီး သူသည် သူ၏ရှေ့တွင်ရှိနေသော မျက်နှာရှုံ့မဲ့နေသည့် လူထွားကြီး၏ လက်သီးကို စားပွဲခုံပေါ်သို့ ရိုက်ချကာ သူ့ကိုယ်သူ ကျေနပ်နေသည့် လေသံဖြင့် အော်ဟစ်လိုက်၏။