Switch Mode

အခန်း ( ၁၇၂ )

လူသိများသော

ထာဝရအချက်ပြမီးခိုးမှာ မီတာသုံးဆယ်ကျော်အထိ မြင့်မားနေပြီး အဝေးမှ ကြည့်လိုက်ပါက အံ့သြဖွယ်ရာကောင်းနေသလို အနီးကပ်ကြည့်လိုက်လျှင်လည်း ရင်သပ်ရှုမောဖွယ်ရာ ကောင်းနေ၏။

၎င်း စတင်ထွက်ပေါ်လာသည့် နေရာကို မည်သူကမှ မမြင်နိုင်ကြပေ။ ကောင်းကင်ယံသို့ အဆင်မပြတ် မြင့်တက်ကာ အပြာရောင် ကောင်းကင်ယံကြီးထဲတွင် ပြန့်ကားသွားပြီး ဝဲကတော့များကဲ့သို့ ပြောင်းလဲသွားသည့် မီးခိုးကွင်းများကိုသာ မြင်ရသည်။ ၎င်းမှာ ကောင်းကင်ယံတွင် ရှိနေသော ဧရာမ မျက်လုံးကြီးတစ်လုံးနှင့် ဆင်တူနေ၏။

ထို အချက်ပြမီးခိုးထဲတွင် ကမ္ဘာမြေကြီးကိုပင် ကွဲအက်သွားစေနိုင်လောက်အောင် အစွမ်းထက်သော ဝိညာဉ်စွမ်းအားတစ်မျိုးကို အာရုံခံနိုင်၏။ ၎င်းမှာ အင်မတန်မှ ပြင်းထန်လှသောကြောင့် ထုတ်လွှတ်လိုက်ပါက တောင်တန်းများကိုပင် ညီညာပြန့်ပြူးသွားအောင် လုပ်နိုင်စွမ်းရှိသည်။ ဝမ်ပေါင်လဲ့နှင့် ချန်းယွီထုံတို့ကဲ့သို့သော အာနာပါနအဆင့် ကျင့်ကြံသူများပင် ချက်ချင်းပင် စိစိညက်ညက် ကြေသွားမည်ဖြစ်သည်။

” နဝမအဆင့် ဓမ္မလက်နက်ပဲ။ လက်ရှိမှာ ပြည်ထောင်စုကြီးက ဖန်တီးနိုင်တဲ့ အစွမ်းအထက်ဆုံး ဓမ္မလက်နက်ပဲ ”
ချန်းယွီထုံမှာ အသက်ပြင်းပြင်းရှူကာ ရေရွတ်လိုက်၏။ သူ၏ ဘေးတွင်ရှိနေသော ဝမ်ပေါင်လဲ့မှာလည်း အသက်ရှူသံများ မြန်လာ၏။

ထိုအချက်ပြမီးခိုးမှာ အမှန်တကယ်ပင် အံ့ဩမှင်တက်ဖွယ်ရာ ကောင်း၏။ သို့သော် ၎င်းမှာ ခမ်းနားကြီးကျယ်သော တော်ဝင်တံခါး၊ သတ္တုနံရံများကို ဝန်းရံထားသည့် ဆူးချွန်များဖြင့် ပြည့်နှက်နေသော ကျုံးတို့ကို မယှဉ်နိုင်ပေ။ ထို့အပြင် ထိုတော်ဝင်တခါးကြီး၏ အလွန်တွင် ရှိနေသော ခြောက်သွေ့နေသော ကုန်းမြေများနှင့် အမျိုးအစား ကွဲပြားသော ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက်နေပြီး ပြည်ထောင်စုကြီးနှင့် လုံးဝမတူညီသော ကမ္ဘာကြီးတစ်ခုလည်း ရှိနေ၏။

၎င်းမှာ ကမ္ဘာဦးဆန်သော အငွေ့အသက်များ၊ ရူးသွပ်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေသည့် ကမ္ဘာကြီးတစ်ခုပင်ဖြစ်သည်။

” သတ္တမမြောက် ပထမအဆင့်ခံတပ်…. ”
ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်း ရေရွတ်လိုက်၏။ သူတို့၏ သင်္ဘောပျံကြီးမှာ မိုးထိအောင်မြင့်မားနေသော ခံတပ်နံရံကြီးများ၏ အနီးသို့ ရောက်ရှိလာပြီးနောက် မန္တန်အစီအရင်ကြီး၏ ဆွဲငင်ခြင်းကိုခံလိုက်ရပြီး ရုတ်တရက်ဆိုသလို စွမ်းအားအကုန်လုံး ဆုံးရှုံးပျောက်ကွယ်သွားရ၏။ မျက်လုံးဖြင့်မမြင်ရသော လက်တစ်ဖက်၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရပြီး နံရံများထဲရှိ မရေမတွက်နိုင်လောက်အောင် များပြားသော စခန်းများထဲတွင် နေရာချခံလိုက်ရ သကဲ့သို့ပင်။

သူတို့ အောက်သို့ဆင်းသက်လာချိန်တွင် ခပ်လှမ်းလှမ်းမှနေ၍ သင်္ဘောပျံ အစီး တစ်ဒါဇင်ကျော် အလျင်အမြန် ချဉ်းကပ်ပျံသန်းလာ၏။ သူတို့မှာ ဝမ်ပေါင်လဲ့နှင့် အခြားသူများကဲ့သို့ပင် တာအိုကျောင်း အသီးသီးမှ ကျောင်းသားများဖြစ်ကြသည်။ ထို သင်္ဘောပျံများမှာလည်း သူတို့တုန်းကအတိုင်းပင် မန္တန်အစီအရင်ကြီး၏ ဆွဲငင်ခြင်းကို ခံလိုက်ရပြီး တစ်စီးပြီးတစ်စီး ဆင်းသက်လာကြ၏။

စခန်းကြီးမှာ ကြီးမားကျယ်ပြန့်ပြီး စစ်သည်တော်ပေါင်း တစ်သိန်းတိတိကို နေရာချထားပေးနိုင်၏။ သူတို့၏ သင်္ဘောပျံကြီး ဆိုက်ရောက်လာပြီးနောက် ဝမ်ပေါင်လဲ့နှင့် အခြားသူများမှာ အောက်သို့ ဆင်းလာကြ၏။ ထိုအခါ စစ်သည်တော်တစ်ဦးမှာ ချက်ချင်းပင်ရောက်ရှိလာပြီး အလေးပြုကာ သူတို့အား ရှေ့မှဦးဆောင်၍ ခေါ်ဆောင်သွား၏။

ဝမ်ပေါင်လဲ့မှာမူ သူ၏ ပတ်ပတ်လည်ရှိ တည်ငြိမ်နေသော ပတ်ဝန်းကျင်ကို အာရုံခံမိလိုက်သဖြင့် သူ၏ အမူအရာမှာလည်း တည်ကြည်သွား၏။ ထို့နောက် ချန်းယွီထုံနှင့် အခြားသူများနှင့်အတူ သူသည်လည်း စစ်ဆေးမှုအချို့ကို ကျော်ဖြတ်လိုက်ပြီးနောက် ထိုစစ်သည်တော်ကြီး နောက်မှလိုက်ရင်း နောက်ဆုံးတွင် အခြား ရွက်ဖျင်တဲတစ်ခု၏ ရှေ့သို့ ရောက်ရှိသွားသည်။

” ဒီနေရာမှာ စာရင်းသွင်းပြီးရင် မင်းတို့လုပ်ရမယ့် သက်ဆိုင်ရာ တာဝန်တွေကို လက်ခံရရှိလိမ့်မယ်။ အခုလို ကူညီပေးတဲ့အတွက် မင်းတို့အားလုံးကို ကျေးဇူးတင်ပါတယ် ”
သူတို့အား ထိုနေရာသို့ ခေါ်ဆောင်လာသည့် စစ်သည်တော်မှာ လူငယ်လေးတစ်‌ယောက် ဖြစ်သည်။ သူသည် စကားဆုံးအောင်ပြောလိုက်ပြီးနောက် နောက်ထပ်တစ်ကြိမ် ထပ်၍ အလေးပြုကာ ကြိမ်းဝါးလိုက်၏။

” လူသားမျိုးနွယ်အတွက် ”

ချန်းယွီထုံ၊ ဝမ်ပေါင်လဲ့နှင့် အခြားလူများမှာလည်း ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ တရိုတသေနှင့် ပြန်၍ နှုတ်ဆက်လိုက်၏။ ထို့နောက် ထို လူငယ် စစ်သည်တော်လေးမှာ နောက်သို့လှည့်ကာ အခြား လူသစ်များကို ကြိုဆိုရန် ထွက်ခွာသွားတော့သည်။

ရွက်ဖျင်တဲလေး၏ အပြင်ဘက်တွင် လူတစ်ရာကျော် ရပ်စောင့်နေကြ၏။ သူတို့အားလုံးမှာ အာနာပါနအဆင့် ကျင့်ကြံသူများဖြစ်ကြသည်။ သူတို့မှာ မတူညီသော အဝတ်အစားမျိုးစုံကို ဆင်မြန်းထားကြပြီး တာအိုကျောင်းအသီးသီးမှ ရောက်ရှိလာကြခြင်းဖြစ်သည်။ အချို့မှာ စိတ်လှုပ်တရှားဖြစ်ကာ အချို့မှာ စိုးရိမ်‌ကြောင့်ကြဖြစ်နေကြပြီး အခြားသူများမှာမူ ဆိတ်ငြိမ်နေကြ၏။ လူအချို့မှာဆိုလျှင် အေးစက်စက် မျက်ဝန်းများဖြင့် ခပ်လှမ်းလှမ်းရှိ တောကြီးမျက်မည်းအား ငေးကြည့်နေကြသည်။

” ဒီတစ်ခေါက်တော့ တာအိုကျောင်းလေးကျောင်းကနေ ရောက်လာတဲ့ အရေအတွက်က များသားပဲ ”
ချန်းယွီထုံက ဝမ်ပေါင်လဲ့အား တိုးတိုးလေးပြောလိုက်၏။ ထိုအခါ ဝမ်ပေါင်လဲ့ကလည်း ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် စစ်ဆေးမှုများကို ကျော်ဖြတ်ပြီးနောက် ရောက်ရှိလာကြသော နောက်ထပ် လူများစွာကို သူက လှမ်းမြင်လိုက်ရပြန်သည်။

သူတို့ ထိုကဲ့သို့စောင့်ဆိုင်းနေရင်း အချိန်များတရွေ့ရွေ့ ကုန်ဆုံးသွား၏။ ချန်းယွီထုံမှာ ဤနေရာတစ်ဝိုက်တွင် အတော်အသင့် နာမည်ကျော်ကြားသည့်ပုံပင်။ သူ၏ရှေ့တွင်ရှိနေသော လူတန်းထဲ၌ ဖြစ်စေ၊ နောက်တွင်ရှိနေသော လူတန်းထဲ၌ဖြစ်စေ ရပ်နေကြသည့် လူများမှာ သူ့အား ချက်ချင်းပင် မျက်မှန်းတန်းမိသွားကြပြီး နှုတ်ဆက်စကားပြောရန် ရှေ့သို့ ရောက်လာကြသည်။

သူတို့ထဲမှတချို့မှာ ကောင်းကင်တာအိုကျောင်း၏ အဆင့်မြင့်ကျွန်းမှ ကျောင်းသားများဖြစ်ကြပါသော်လည်း အခြား တာအိုကျောင်းသုံးကျောင်းမှ ကျောင်းသားအနည်းငယ်ခန့်လည်း ပါ၏။ ချန်းယွီထုံကမူ ပြုံး၍ သူတို့အားလုံးကို ပြန်လည်နှုတ်ဆက်လိုက်သည်။ သူသည် အပြုအမူယဉ်ကျေးပြီး နှစ်လိုဖွယ်ကောင်းကာ သူတို့နှင့်အတူ ရယ်မော၍ စကားစမြည်များ ပြောနေကြ၏။ ထို့နောက် ထိုသို့စကားပြောနေရင်း သူသည် ဝမ်ပေါင်လဲ့ကိုပါ ခေါ်၍ မိတ်ဆက်ပေးလိုက်၏။

ကျိုးဖုန်းဟိုင်နှင့် စွန်းဖန်တို့မှာ မိတ်ဆွေများဖြင့် ဝိုင်းဝိုင်းလည်နေသော ချန်းယွီထုံနှင့် သူ၏ ဂရုစိုက်ခြင်းကို ခံနေရသော ဝမ်ပေါင်လဲ့တို့အား အားကျနေသော အကြည့်များဖြင့်သာ ကြည့်နေကြ၏။ သူတို့မှာ ချန်းယွီထုံနှင့် အဆင့်အတန်း မတူညီသလို သူ၏ တာအိုကျောင်းလေးကျောင်းရှိ မိတ်ဆွေအသိုင်းအဝိုင်းကိုလည်း မယှဉ်နိုင်ကြပေ။

သို့သော် ဝမ်ပေါင်လဲ့မှာလည်း မိတ်ဆွေများဖွဲ့ရာ၌ အထူးကျွမ်းကျင်နေကြောင်း မြင်လိုက်ရသဖြင့် သူတို့မှာ အံ့အားသင့်သွားရ၏။

” ဝမ်ပေါင်လဲ့ပါ ”

” သူက ဝမ်ပေါင်လဲ့တဲ့ ”
ဝမ်ပေါင်လဲ့မှာ ချန်းယွီထုံ သူ့အား မိတ်ဆက်ပေးသော လူများအားလုံးကို ပြုံးပြကာ ဖော်ရွေစွာ ပြောဆိုဆက်ဆံနေ၏။ ထို့ကြောင့် တာအိုကျောင်းလေးကျောင်းမှ ကျောင်းသားအသစ်များမှာ တဖြည်းဖြည်းနှင့် သူတို့အဖွဲ့အား သတိထားမိလာကြ၏။ သူတို့မှာ ဝမ်ပေါင်လဲ့၏ မျက်နှာအား မြင်လိုက်ရသော အချိန်တွင်မူ သူတို့၏ မျက်နှာအမူအရာများမှာ အထူးတဆန်း ဖြစ်သွားကြတော့သည်။

သူတို့အားလုံးမှာ ဝိညာဉ်အမြစ်ရွာ စာမေးပွဲထဲတွင် ဝင်ရောက်ဖြေဆိုခဲ့ကြပြီး သူတို့၏ သက်ဆိုင်ရာ ကျောင်းများ၏ အဆင့်မြင့်ကျွန်းများပေါ်တွင် ကျောင်းသားများဖြစ်လာခဲ့ကြသူများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့အကြောင်းကို ကောင်းကောင်းကြီးသိထားကြသည်။ ထို့ကြောင့် သူတို့မှာ ရှုံ့မဲ့မဲ့ပြုံးသွားကြပြီး တချို့မှာ နှုတ်ဆက်စကားပြောရန် သူ့နားသို့ ရောက်လာကြ၏။

ထိုအခြင်းအရာများကြောင့် ချန်းယွီထုံမှာ စူးစမ်းလိုစိတ်များ ပြင်းပြလာတော့သည်။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့အား ဘေးဘက်သို့ ဆွဲခေါ်ကာ လေသံတိုးတိုးနှင့် မေးလိုက်၏။

” ညီလေးပေါင်လဲ့။ သူတို့တွေက မင်းကို အထူးတဆန်း ကြည့်နေကြတာ။ ဘာလို့လဲကွ ”

” ဘာမှမဟုတ်ပါဘူးဗျာ။ ဝိညာဉ်အမြစ်ရွာထဲမှာတုန်းက ကျနော်က သူတို့ရဲ့ ဆုလာဘ်တွေ ခိုးယူခဲ့ပါတယ်ဆိုပြီး သူတို့အားလုံးက ထင်နေကြတာ ”
ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူကျေနပ်နေသည့် အမူအရာဖြင့် ဝိညာဉ်အမြစ်ရွာထဲတွင် ဖြစ်ပျက်ခဲ့သည့်အရာများကို အကျဉ်းချုပ် ရှင်းပြလိုက်၏။ ထိုအခါ ကျိုးဖုန်းဟိုင်နှင့် စွန်းဖန်တို့မှာ အံ့ဩတုန်လှုပ်ကာ မျက်လုံးများပြူးသွားကြပြီး သူတို့၏ ရှေ့တွင် နတ်ဘုရားတစ်ပါးကို စိုက်ကြည့်နေရသကဲ့သို့ ခံစားလိုက်ရ၏။

ချန်းယွီထုံမှာလည်း ထိုအကြောင်းကို ကြားသိလိုက်ပြီးနောက် မျက်နှာအမူအရာ ပြောင်းလဲသွား၏။ သူသည် သူ၏ညီလေးနှင့် ပတ်သက်သော အကြောင်းအရာသစ်တစ်ခုကို နားလည်သွားသကဲ့သို့ ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့၏ ပခုံးကိုပုတ်လိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ် အသစ်ရောက်လာသော အဖွဲ့ထဲမှ လူသစ်တစ်ယောက်ဖြစ်သည့် မိန်းကလေးတစ်ယောက်မှာ ရုတ်တရက်ဆိုသလို ဝမ်ပေါင်လဲ့အား မြင်လိုက်ရသဖြင့် မျက်လုံးများ မှေးသွား၏။

” ဝမ်ပေါင်လဲ့ပါလား ”
ထိုမိန်းကလေးမှာ သမင်ဖြူတာအိုကျောင်းမှ ဝတ်ရုံများကို ဆင်မြန်းထားသည်။ သူမ၏ သေးသွယ်လှပသော ရုပ်ဆင်းသဏ္ဍာန်များမှာ စိန်းစိန်းဝါးဝါးစိုက်ကြည့်နေသော ဗာဒံစေ့ပုံစံ မျက်လုံးများနှင့် အံတကြိတ်ကြိတ် ဖြစ်နေသော အမူအရာများကြောင့် အရုပ်ဆိုးနေ၏။

” လီယီ ပါလားဟ ”
ဝမ်ပေါင်လဲ့မှာ နောက်သို့လှည့်ကြည့်လိုက်ပြီး အားမာန်အပြည့်ဖြင့် လက်ကို ဝှေ့ယမ်းပြကာ နှုတ်ဆက်လိုက်၏။

ထို မိန်းကလေးမှာ လီယီပင် ဖြစ်သည်။ သူမသည် ဝမ်ပေါင်လဲ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ နှာမှုတ်၍ အခြားတစ်ဖက်သို့လှည့်သွားပြီး သူ့အား လျစ်လျူရှုလိုက်၏။

ချန်းယွီထုံမှာ သူ၏ရှေ့မှမြင်ကွင်းကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့အား တိုးတိုးလေးမေးလိုက်၏။
” သူလည်း မင်း ဝိညာဉ်အမြစ်ရွာထဲမှာ သိခဲ့ရတဲ့ နောက်တစ်ယောက်ပဲလား ”

” ဟုတ်တယ်။ အဲ့ကောင်မလေးက တော်တော်ကို ရက်စက်ကြမ်းကြုတ်တာ။ အဲ့တုန်းကဆိုရင် သူက ကျနော့်ကို ကိုယ်တုံးလုံးချွတ်ဖို့ ကြိုးစားခဲ့တာလေ။ ကျနော် သတိကြီးကြီးထားခဲ့လို့သာ ကံကောင်းသွားတာ။ အဲ့လိုမှမဟုတ်ရင် ကျနော် ဒုက္ခရောက်ခဲ့ရမှာ ”
ဝမ်ပေါင်လဲ့က သက်ပြင်းချကာ ပြန်ဖြေလိုက်၏။

ထိုအခါ ချန်းယွီထုံမှာ စကားပြောရန် ပါးစပ်ဟလိုက်ပါသော်လည်း အချိန်အတော်အတန် ကုန်ဆုံးသွားပြီးသည့်တိုင်အောင် စကားလုံးတစ်လုံးမှ ထွက်မလာခဲ့ပေ။ ထို့ကြောင့် သူသည် ခေါင်းတယမ်းယမ်းနှင့် ရှုံ့မဲ့မဲ့သာ ပြုံးလိုက်ရတော့သည်။ ကျိုးဖုန်းဟိုင်နှင့် စွန်းဖန်တို့မှာမူ နောက်ထပ်တစ်ကြိမ် ထပ်၍ ဆွံ့အမှင်တက်သွားရပြန်သည်။

ထိုအတောအတွင်း ရွက်ဖျင်တဲ အပြင်ဘက်၌ စောင့်ဆိုင်းနေကြသော လူများမှာ တစ်ယောက်နှင့်တစ်ယောက် မိတ်ဆက်နေကြ၏။ ရှေ့ဆုံးတွင် တန်းစီနေကြသောသူများမှာ ရွက်ဖျင်တဲထဲသို့ ဝင်သွားပြီးနောက် ပြန်ပေါ်လာသောအခါ သူတို့၏ သင်္ဘောပျံများကို ထုတ်ကာ ထွက်ခွာသွားကြ၏။ ထိုကဲ့သို့ စာရင်းပေးသွင်းလိုက်ပါက မိမိတို့ပေါ်တွင် ရှိနေသော မန္တန်အစီအရင်ကြီး၏ ဂုဏ်သတ္တိများမှာ လွင့်ပါးပျောက်ကွယ်သွားသည့်ပုံပင်။

နောက်ဆုံးတွင် ဝမ်ပေါင်လဲ့တို့အဖွဲ့၏ ရှေ့၌ ရပ်နေသော အတန်းမှာလည်း ရွက်ဖျင်တဲလေးထဲသို့ ဝင်သွားလိုက်သည်။ ခဏအကြာတွင် သူတို့၏အလှည့်သို့ ရောက်တော့မည်ဖြစ်သည်။ ထိုအချိန်တွင် ခပ်လှမ်းလှမ်းမှနေ၍ အော်ဟစ်သံတစ်သံ ပဲ့တင်ထပ်၍ ထွက်ပေါ်လာ၏။ ထို့နောက် တရွှီရွှီမြည်သံများမှာလည်း လေထဲတွင် ပျံ့နှံ့သွား၏။

ထိုအသံမှာ အင်မတန် စူးရှသောကြောင့် ကြားလိုက်ရသည့်လူတိုင်း နားများ အူသွားကြ၏။ သူတို့အားလုံးမှာ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ကြချိန်တွင် မျက်နှာအမူအရာများ ပြောင်းလဲသွားကြတော့သည်။ ဝမ်ပေါင်လဲ့မှာလည်း အလျင်အမြန်ပင် ခေါင်းမော့ကြည့်လိုက်၏။ ခံတပ်နံရံကြီး၏ အလွန်တွင်ရှိသော တောရိုင်းဒေသကြီး၏ အထက်ရှိ ကောင်းကင်ယံတွင် ဧရာမ သားရဲကြီး သုံးကောင် လေပေါ်တွင် ပျံဝဲလာပြီး ခံတပ်ကြီးဆီသို့ တည့်မတ်စွာ ဦးတည်လာနေခြင်း ဖြစ်သည်။

ထို သားရဲကြီး သုံးကောင်မှာ အလွန်အင်မတန်မှ ကြီးမားပြီး မီတာသုံးဆယ်ကျော် အရှည်ရှိသည်။ ၎င်းတို့၏ မြွေပုံစံ ခန္ဓာကိုယ်များပေါ်တွင် ဦးမှင်များဖြင့် ပြည့်နှက်နေပြီး ၎င်းတို့၏ နောက်ကျောတွင် မရေမတွက်နိုင်လောက်အောင် များပြားသော တောင်ပံများ ပေါက်နေကြသည်။ ၎င်းတို့မှာ လျင်မြန်သွက်လက်ပြီး ရက်စက်ကြမ်းကြုတ်မည့်ပုံ ပေါက်နေ၏။ ၎င်းတို့ထံမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများမှာ လူတိုင်း၏ နှလုံးသားထဲသို့ အကြောက်တရားများ ရိုက်သွင်းနေ၏။ ထို ကျင့်ကြံခြင်းစွမ်းအင်မှာ ချန်းယွီထုံ၏ ကျင့်ကြံခြင်းစွမ်းအင်ထက်ပင် ပို၍ အစွမ်းထက်နေ၏။

ထို သားရဲကြီးများမှာ ကောင်းကင်ယံတွင် ထိုးခွင်းပျံသန်းလာသောအခါ ခံတပ်နံရံကြီးမှာ တုန်ရီသွားပြီး ၎င်းတို့ထဲမှနေ၍ အလင်းတန်းသုံးခု ပေါက်ကွဲထွက်ပေါ်လာ၏။ ၎င်းတို့၏ ပြင်းအားမှာ ကမ္ဘာမြေကြီးကိုပင် အက်ကွဲသွားစေနိုင်ပြီး မိုးကောင်းကင်ကြီးကိုပင် ထိုးဖောက်နိုင်စွမ်း ရှိနေ၏။ ထို အလင်းတန်းများ ဖြတ်သွားသည့် လမ်းတလျှောက်တွင် ချစ်ချစ်တောက်ပူနေသော အပူဓာတ်များ ကျန်ရစ်ခဲ့၏။ ထို သားရဲကြီးသုံးကောင်မှာ ထွက်ပြေးရန်ကြိုးစားလိုက်ပါသော်လည်း အချည်းနှီးပင်။ ထိုအလင်းတန်းများမှာ ၎င်းတို့၏ ခန္ဓာကိုယ်များအား ထိုးဖောက်သွားသဖြင့် ထိုသားရဲကြီးများမှာ တစ်စစီ ပေါက်ကွဲထွက်သွားကြပြီး ချက်ချင်းပင် သေဆုံးသွားတော့သည်။

” အဲဒါ မီးနတ်ဘုရားအမြောက်ပဲ ”
ချန်းယွီထုံက စိတ်လှုပ်ရှားမှု အရိပ်အယောင်များနှင့် တောက်ပနေသော မျက်ဝန်းတစ်စုံဖြင့် တအံ့တဩ ရေရွတ်လိုက်၏။

” ပြည်ထောင်စုကြီးက ထိပ်တန်းအဆင့် ဓမ္မလက်နက်ကျင့်ကြံသူတွေကို စုစည်းထားတာ။ သူတို့တွေက နတ်ဘုရားရတနာ ရာပေါင်းများစွာကို သုတေသနတွေ လုပ်ခဲ့ပြီးတော့ အဲဒီ နတ်ဘုရားရတနာ‌တွေကို အတူတူ ပေါင်းစည်းပြီး ဖျက်ဆီးအားကောင်းတဲ့ အ‌မြောက်ကြီးတစ်ခုကို ဖန်တီးခဲ့တာလေ ”

” တာအိုကျောင်းက ငါတို့ကို ပေးထားတာလည်း ဒီတာဝန်ပဲ။ အဲဒီ မီးနတ်ဘုရားအမြောက်ကို ကာကွယ်ပြီးတော့ ပြုပြင်ထိန်းသိမ်းပေးဖို့ပဲ ”

ဝမ်ပေါင်လဲ့မှာ မီးနတ်ဘုရားအမြောက်၏ အဖျက်စွမ်းအားကြောင့် အံ့အားသင့်သွားရ၏။ ထို့နောက် ထိုကဲ့သို့ ရုတ်ရုတ်သဲသဲ ဖြစ်နေစဉ်တွင် သူ၏ ပတ်ပတ်လည်မှ စစ်သည်တော်များမှာ တစ်ချက်ကလေးပင် ခေါင်းမော့မကြည့်ခဲ့ကြောင်း သတိထားမိလိုက်၏။ ထိုအခါမှသာ ဤနေရာတွင် တစ်နှစ်ပတ်လုံး တာဝန်ကျနေသော စစ်သည်တော်များအတွက် ယခုကဲ့သို့သော ဖြစ်ရပ်များမှာ ပုံမှန်လို ဖြစ်နေလောက်ပြီ ဖြစ်ကြောင်း သူက နားလည်သွားရ၏။

” နယ်စပ်ဒေသဆိုတာ ဒီလိုကိုးကွ…. ”
ဝမ်ပေါင်လဲ့မှာ စိတ်ကို တည်ငြိမ်သွားအောင် ထားလိုက်၏။ သူသည် ကောင်းကင်ယံတွင် ရှိနေခဲ့စဉ်တုန်းက ချန်းယွီထုံပြောခဲ့သည့် မီးနတ်ဘုရားအမြောက်ကြီးကို သတိထားမိခဲ့၏။ သူ အတွေးများထဲတွင် နစ်မြောနေရင်း ရွက်ဖျင်တဲထဲသို့ ဝင်သွားခဲ့သော အဖွဲ့တစ်ဖွဲ့မှာ ပြန်ထွက်လာ၏။ သူတို့မှာ ဝမ်ပေါင်လဲ့နှင့် သူ၏မိတ်ဆွေများကို နှုတ်ဆက်ကာ သူတို့၏ သင်္ဘောပျံများကို ထုတ်ယူ၍ ထွက်ခွာသွားကြတော့သည်။

ချန်းယွီထုံမှာ အသက်ပြင်းပြင်းရှူလိုက်ပြီး ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်၏။ သူတို့နှစ်ယောက်မှာ တစ်ယောက်ပြီးတစ်ယောက် ရွက်ဖျင်တဲထဲသို့ ဝင်သွားလိုက်ကြသည်။ ကျိုးဖုန်းဟိုင်နှင့် စွန်းဖန်တို့မှာလည်း သူတို့၏ အံ့ဩတုန်လှုပ်မှုများကို ချုပ်တည်းကာ ချက်ချင်းပင် နောက်မှလိုက်သွားကြ၏။

ထိုရွက်ဖျင်တဲလေးမှာ သိပ်မကျယ်ပေ။ ဘေးနှစ်ဖက်တွင် စစ်သည်တော်လေးယောက် မတ်တတ်ရပ်နေပြီး အလယ်တွင် စားပွဲခုံတစ်လုံး ရှိနေ၏။ ထိုစားပွဲခုံ၏နောက်တွင် မိန်းမငယ်တစ်ဦး ထိုင်နေသည်။ သူမသည် တူညီဝတ်စုံတစ်ခုကို ဆင်မြန်းထားပြီး သတိကြီးကြီးထားကာ လုပ်ရည်ကိုင်ရည် အပြည့်ရှိသည့်ပုံ ပေါက်နေ၏။ သေသေချာချာ အကဲခတ်ကြည့်လိုက်မည်ဆိုပါက သူမ၏ မျက်ဝန်းများထဲရှိ ထိန်းသိမ်းနိုင်ရန် မလွယ်ကူသော ခက်ထန်ကြမ်းတမ်းမှုများကို သတိထားမိနိုင်ပေသည်။

ကျိုးဖုန်းဟိုင်နှင့် စွန်းဖန်တို့မှာ ထိုမိန်းမငယ်လေးအား မြင်လိုက်ရသောအခါ မျက်လုံးများ အရောင်လက်သွားကြသည်။ ချန်းယွီထုံမှာမူ အမူအရာ ပြောင်းလဲသွားခြင်းမရှိပေ။ ဝမ်ပေါင်လဲ့မှာမူ ဆွံ့အသွားရ၏။

” မဖြစ်နိုင်တာ… ”
ဝမ်ပေါင်လဲ့မှာ သူ၏ နှာခေါင်းအား အလိုလို ပွတ်မိလိုက်၏။ အခြေအနေ မဟန်တော့ပေ။ သူတို့၏ရှေ့မှ မိန်းမငယ်လေးမှာ ကျိုးလု ဖြစ်နေသည် မဟုတ်ပါလော။

ကျိုးလုမှာလည်း ဝမ်ပေါင်လဲ့အား မြင်လိုက်ရပါသော်လည်း အနည်းငယ်လေးပင် အံ့အားသင့်နေသည့်ပုံ မပေါ်ပေ။ သူမမှာ နာမည်စာရင်းများကို ကြိုရထားခဲ့သောကြောင့် ဝမ်ပေါင်လဲ့ ရောက်လာမည်ဖြစ်ကြောင်း ကြိုသိထားပြီးဖြစ်သည်။

သူမ၏ မျက်ဝန်းများမှာ ဆီးနှင်းများပမာ အေးစက်နေ၏။ ထို့နောက် သူမသည် ဝမ်ပေါင်လဲ့အား ခေါင်းအစခြေအဆုံး ကြည့်လိုက်ပြီး လှောင်ပြုံးပြုံးကာ မေးလိုက်၏။
” ဝမ်ပေါင်လဲ့။ ငါ့ကို မှတ်မိလား ”

သူမ၏မေးခွန်းကြောင့် ကျိုးဖုန်းဟိုင်၊ စွန်းဖန်နှင့် ချန်းယွီထုံတို့မှာ အံ့အားသင့်သွားကြပြီး ဝမ်ပေါင်လဲ့အား ပြိုင်တူကြည့်လိုက်ကြ၏။ ဤခံတပ်ထဲရှိ ဝမ်ပေါင်လဲ့အား သိနေသော လူများမှာ တဖြည်းဖြည်းနှင့် ပို၍များလာနေသည် မဟုတ်ပါလော။

ဝမ်ပေါင်လဲ့မှာ မျက်တောင်တဖျတ်ဖျတ် ခပ်လိုက်၏။ အကယ်၍ ဝမ်ပေါင်လဲ့သာ ကောင်းကင်တာအိုကျောင်းတွင် ရောက်နေမည်ဆိုပါက သူ၏ အကျင့်စရိုက်အတိုင်းသာဆိုလျှင် ချက်ချင်းပင် ဝန်ခံလိုက်မည်ဖြစ်သည်။ သို့သော် ယခုတွင် သူသည် ရန်သူ့နယ်မြေထဲသို့ ရောက်နေသည်ဖြစ်ရာ ခေတ္တမျှ အလျှော့ပေးလိုက်ခြင်းမှာ ရှက်စရာမဟုတ်ဟု သူက မှတ်ယူလိုက်၏။ ထို့ကြောင့် သူသည် ကျိုးလုအား အံ့အားသင့်ကာ ဇဝေဇဝါဖြစ်နေသည့် အမူအရာဖြင့် ကြည့်၍ မေးလိုက်၏။

” မိန်းမလှလေးက ကျနော်ကိုသိလို့လားဗျ “

Comment

Leave a Reply

Options

not work with dark mode
Reset