ထို သ၀ဏ်လွှာနှင့်အတူ ချန်းယွီထုံ၏ အသံလွှင့်အကြောင်းကြားစာတစ်စောင် ရှေ့ဆင့်နောက်ဆင့် ရောက်ရှိလာ၏။
” ညီလေးပေါင်လဲ့ရေ။ မင်းလည်း သ၀ဏ်လွှာကို ရပြီးသားဖြစ်မှာပါ။ အစ်ကိုတို့တွေ နတ်ဘုရားရတနာတွေကို ပြုပြင်ထိန်းသိမ်းပေးတဲ့နေရာမှာ ကူညီပေးဖို့အတွက် သတ္တမမြောက်ခံတပ်ဆီကို သွားရတော့မှာ။ ဓမ္မလက်နက်အဆောင်က ကျောင်းသားအကုန်လုံးနီးပါးကို သက်ဆိုင်ရာ ခံတပ်အသီးသီးဆီကို စေလွှတ်ဖို့ စီစဉ်ပြီးသွားပြီ။ အစ်ကိုနဲ့အတူ သွားရမဲ့ လူတချို့ ရှိတယ်။ အစ်ကိုရဲ့အဖွဲ့ထဲမှာ မင်းရယ်၊ ကျိုးဖုန်းဟိုင်ရယ် စွန်းဖန်လို့ ခေါ်တဲ့လူရယ် ပါတယ်တဲ့ ”
” ပြည်ထောင်စုကြီးထဲမှာ ဗိုလ်ချုပ်ကြီး ခုနစ်ယောက်ရှိတယ်။ သတ္တမမြောက်ခံတပ်မှာ တာဝန်ကျနေတဲ့ ဗိုလ်ချုပ်ကြီးနာမည်က ကျိုးသဲ့ရှီတဲ့။ ညီလေးပေါင်လဲ့… ဗိုလ်ချုပ်ကြီးတစ်ယောက်က ဘာကိုကိုယ်စားပြုသလဲဆိုတာ မင်းသိလား။ သူက ပထမအဆင့်ခံတပ်တစ်ခုနဲ့ နဝမအဆင့် ဓမ္မအဆောင်တစ်ခုကို ကိုယ်စားပြုတဲ့အပြင် လူသားမျိုးနွယ်အတွက် နယ်မြေအသစ်တွေ ချဲ့ထွင်ရတဲ့ တာဝန်ကို ယူထားရတာ။ ဂုဏ်သိက္ခာအရှိဆုံး တာဝန်ပေါ့ကွာ ”
ချန်းယွီထုံမှာ စစ်ပွဲအတွက် ကူညီထောက်ပံ့ပေးရန် မျှော်လင့်ချက်အပြည့် ရှိနေသည့်အလား စိတ်လှုပ်တရှား ဆိုလိုက်၏။
” ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်ချင်ရင် မျိုးစိတ်တစ်ခုလုံးကို သုတ်သင်ရှင်းလင်းနိုင်မှ ရတာ။ သားရဲမှတ်တမ်းတွေထဲမှာရှိတဲ့ ထိပ်ဆုံး မျိုးစိတ်နှစ်ဆယ်ထဲက ဘယ်မျိုးစိတ်ကိုပဲဖြစ်ဖြစ် သုတ်သင်ရှင်းလင်းပြီးတော့ သူတို့ရဲ့ သွေးမျိုးဆက်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်မယ်ဆိုရင် ဗိုလ်ချုပ်ကြီးဆိုတဲ့ ဂုဏ်ကျက်သရေရှိတဲ့ ရာထူးကို ချီးမြှင့်ခံရမှာပဲ ”
” ဗိုလ်ချုပ်ကြီးအသစ်တစ်ယောက် ပေါ်လာတိုင်း ပြည်ထောင်စုကြီးက သားရဲကြီးတွေ နေထိုင်တဲ့ တောရိုင်းဒေသကို နယ်ချဲ့စစ်ပွဲတွေ ဆင်နွှဲလေ့ရှိတယ်။ အဲဒီလိုမျိုးနဲ့ သိမ်းပိုက်ရမိတဲ့ နယ်မြေအသစ်တွေမှာ ပထမအဆင့် ခံတပ်အသစ်တစ်ခုကို တည်ဆောက်တာ။ ပြီးရင်တော့ ငါတို့တွေက သားရဲတွေရဲ့ နှလုံးသားထဲကို အကြောက်တရားတွေ ရိုက်သွင်းနိုင်အောင် ထာဝရအချက်ပြမီးခိုးကို ထွန်းညှိကြတာပေါ့ကွာ ”
” ထာဝရအချက်ပြမီးခိုးဆိုတာ ပြည်ထောင်စုကြီးက စုစည်းထားတဲ့ ထိပ်တန်းအဆင့် သက်ရှိ ဓမ္မလက်နက် ကျင့်ကြံသူတွေအားလုံး ပေါင်းပြီးတော့ ဖန်တီးထားတဲ့ နဝမအဆင့် ဓမ္မအဆောင်တစ်ခုပေါ့။ အဲဒီဓမ္မအဆောင်ကို မျိုးသုဥ်းသွားတဲ့ သားရဲမျိုးစိတ်ဆီကရတဲ့ ဝိညာဉ်သွေးကို အသုံးပြုပြီးတော့ ဖန်တီးထားတာ ”
” ငါ့ရဲ့ ဝါသနာက သက်ရှိ ရုပ်သေးရုပ်တွေ ဖန်တီးရတာပဲ။ ပြီးတော့ ငါ့ရဲ့ ဘဝရည်မှန်းချက်က သားရဲမျိုးစိတ်တစ်ခုလုံးကို အမြစ်ဖြတ်ချေမှုန်းပြီးတော့ ပြည်ထောင်စုကြီးထဲမှာ အဋ္ဌမမြောက် ပထမအဆင့်ခံတပ်တစ်ခု ပေါ်လာအောင် လုပ်ပေးပြီး အဋ္ဌမမြောက် ထာဝရအချက်ပြမီးခိုးကို ထွန်းညှိနိုင်ဖို့ပဲ ”
ချန်းယွီထုံမှာ သူ၏ ဘဝရည်မှန်းချက်အကြောင်းကို မျှဝေပြောပြနေရင်း သူ၏ လေသံမှာ တဖြည်းဖြည်းနှင့် မာန်ပါလာ၏။ သူသည် ထိုကဲ့သို့ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ဆက်လက် ရှင်းပြလိုက်ပြီးနောက် သူတို့ ထွက်ခွာရမည့်ရက်စွဲကို ပြောပြကာ အသံလွှင့်အကြောင်းကြားစာကို အဆုံးသတ်လိုက်သည်။
ဝမ်ပေါင်လဲ့မှာ ထိုအသံလွှင့်ပေလွှာကို ဘေးသို့ချကာ အသက်ပြင်းပြင်းရှူလိုက်၏။ ထို့နောက် သူသည် အမူအရာ တည်ကြည်သွားပြီး ချန်းယွီထုံ ပြောပြခဲ့သောစကားများကို ချင့်ချိန်သုံးသပ်လိုက်၏။
ဝမ်ပေါင်လဲ့မှာ သတိကြီးသော လူတစ်ယောက် ဖြစ်ပါသော်လည်း သူရဲဘောကြောင်သူတစ်ယောက်တော့ မဟုတ်ပေ။ သူသည် ဒေါသထွက်လွယ်ပြီး အကြမ်းနည်းကို အသုံးပြု၍ ဖြေရှင်းတတ်သလို လိုအပ်သည်ထက်ပို၍ ရက်စက်ကြမ်းကြုတ်လေ့ရှိသည်။ သားရဲကြီးများ၏ အန္တရာယ်မှာ ပြည်ထောင်စုကြီး၏ ခေါင်းပေါ်တွင် တွဲလောင်းခိုနေသည့် ဓားတစ်ချောင်းကဲ့သို့ဖြစ်ကြောင်း သူက နားလည်ထားသည်။ ထို့အပြင် အနာဂတ်တွင် ဒုတိယမြောက် သားရဲစစ်ပွဲကြီး မလွဲမသွေ ဖြစ်လာလိမ့်မည်ဟု လူအများက ယုံကြည်ထားကြ၏။
ဗိုလ်ချုပ်ကြီးရာထူးနှင့် ထာဝရအချက်ပြမီးခိုးနှင့်ပတ်သက်၍မူ ၎င်းတို့နှစ်ခုလုံးမှာ ဝမ်ပေါင်လဲ့၏ ဘဝရည်မှန်းချက် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် သူ၏ ရည်မှန်းချက်မှာ ပြည်ထောင်စုဥက္ကဋ္ဌ ဖြစ်လာရန် ဖြစ်သောကြောင့် ဖြစ်သည်။
” ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်လာဖို့ သားရဲမျိုးစိတ်တစ်ခုကို အမြစ်ဖြတ်ချေမှုန်းပေးရမယ်ဆိုရင် ပြည်ထောင်စုဥက္ကဋ္ဌ ဖြစ်လာဖို့ဆိုရင် အနည်းဆုံး သားရဲမျိုးစိတ်ဆယ်ခုလောက်ကို အမြစ်ဖြတ်ချေမှုန်းပြီးတော့ နယ်မြေတွေချဲ့ထွင်ပြီး ပထမအဆင့်ခံတပ်ဆယ်ခု တည်ဆောက်ပေးရမဲ့အပြင် ထာဝရအချက်ပြမီးကို ဆယ်ခုကိုပါ ထွန်းညှိပေးရမှရမယ်။ အဲဒီလိုမှမဟုတ်ရင် ဗိုလ်ချုပ်ကြီးတွေကို ငြိမ်ဝတ်ပိပြားအောင် အုပ်ချုပ်နိုင်မှာမဟုတ်ဘူး ”
ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူ၏မျက်လုံးများထဲတွင် စူးရှသော အလင်းရောင်တစ်ခု တောက်ပလာ၏။ သူသည် ချန်းယွီထုံကဲ့သို့ပင် နယ်မြေအသစ်များ ချဲ့ထွင်သိမ်းပိုက်ရန် စိတ်အားထက်သန်နေ၏။
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောကာ စတင်ပြင်ဆင်လိုက်တော့သည်။ သူသည် သူ၏ ဓမ္မအဆောင်များကို စနစ်တကျစုစည်းလိုက်ပြီး ဆေးလုံးအချို့ကို ဝယ်ယူလိုက်၏။ ထိုအတောအတွင်း လူသုံးယောက်မှ ငါးယောက်အထိပါသော နေ့စဉ်ပြေးဆွဲသည့် သင်္ဘောပျံများမှာ တိမ်တိုက်များကိုထိုးခွင်းကာ အခြားနေရာများသို့ ထွက်ခွာသွားကြသည်ကို မြင်လိုက်ရသည်။ ၎င်းတို့မှာ မိမိတို့၏ သက်ဆိုင်ရာ ခံတပ်များဆီသို့ ကြိုတင် ထွက်ခွာသွားကြသော ကျောင်းသားများဖြစ်ကြသည်။
သူသည် ၎င်းတို့ကို လိုက်ကြည့်ရင်း သူ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များဖြင့် တောက်ပလာ၏။ သုံးရက်တိတိ ကုန်ဆုံးသွားပြီးနောက် သူ၏ ခရီးအတွက် လိုအပ်သော ပစ္စည်းအားလုံးကို ဝယ်ယူပြီးသွားသောအချိန်တွင် ချန်းယွီထုံနှင့် သဘောတူထားသော ထွက်ခွာရမည့်နေ့ရက်သို့ ရောက်ရှိလာ၏။
ဝမ်ပေါင်လဲ့မှာ ထိုနေ့မနက်စောစောတွင် သူ၏ နတ်ဝိဇ္ဇာဂူမှ ထွက်ခွာလာပြီး စည်းကမ်းထိန်းသိမ်းရေးဌာနဆီသို့ တည့်မတ်စွာ ဦးတည်သွားလိုက်၏။ သူသည် စိတ်ဓာတ်များတက်ကြွနေပြီး တာဝန်ထမ်းဆောင်ချင်စိတ်များ တဖွားဖွားနှင့် ဖြစ်နေ၏။
ခဏအကြာတွင် သူသည် စည်းကမ်းထိန်းသိမ်းရေးဌာနဆီသို့ ရောက်ရှိသွားပြီး ကျိုးဖုန်းဟိုင်နှင့် စွန်းဖန်တို့ကို လှမ်းမြင်လိုက်ရသည်။ သူတို့နှစ်ယောက်မှာ ကြိုရောက်နေကြသည်ဖြစ်ပြီး ချန်းယွီထုံနှင့် ဝမ်ပေါင်လဲ့တို့ကို စောင့်ဆိုင်းနေကြ၏။
စွန်းဖန်မှာ အလွန်စိုးထိတ်နေသည့်ပုံ ပေါက်နေ၏။ သူသည် ကျိုးဖုန်းဟိုင်၏ဘေးတွင် ရပ်ကာ ရိုသေလေးစားမှု အပြည့်ရှိသောလေသံဖြင့် တီးတိုးပြောဆိုနေပြီး သူ၏ မျက်လုံးများမှာလည်း တောင်ကြည့်လိုက် မြောက်ကြည့်လိုက် ဖြစ်နေ၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ အသက်ပြင်းပြင်းရှူလိုက်ပြီး ဝမ်ပေါင်လဲ့ဆီသို့ အလျင်စလို လှမ်းလာ၏။ ဝမ်ပေါင်လဲ့မှာ သူ့ဆီသို့ ရောက်မလာနိုင်ခင်မှာပင် စွန်းဖန်မှာ ချက်ချင်းပင် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်လိုက်ပြီး တရိုတသေ ဦးညွှတ်လိုက်၏။
” အစ်ကိုဝမ်ကို ကျနော်ဖန်စွန်း ဂါရဝပြုပါတယ် ”
စွန်းဖန်၏ဘေးတွင် ရပ်နေသော ကျိုးဖုန်းဟိုင်မှာ ထိုစကားကိုကြားလိုက်ရသောအခါ သူ၏ မျက်နှာအမူအရာမှာ ထူးဆန်းသွား၏။ သူသည် စွန်းဖန်တစ်ယောက် သူ့ကိုယ်သူ ဖန်စွန်းဟု သုံးနှုန်းနေသည်ဆိုသော သတင်းစကားများကို ကြားသိထား၏။ ယခုတွင်မူ ဝမ်ပေါင်လဲ့ရှေ့တွင် ရှိနေသော စွန်းဖန်၏ အပြုအမူကို မြင်လိုက်ရသောအခါ သူသည် ပြုံးမိသွားတော့သည်။ ထို့နောက် သူသည်လည်း ရိုသေလေးစားမှုရှိသော အမူအရာဖြင့် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ဝမ်ပေါင်လဲ့အား နှုတ်ဆက်လိုက်၏။
ဝမ်ပေါင်လဲ့မှာ စွန်းဖန်၏ အလိုက်သိနေပုံကို မြင်လိုက်ရသောအခါ အော်ဟစ်ရယ်မောမိလိုက်၏။ ထို့နောက် သူသည် စွန်းဖန်၏ ပခုံးကိုပုတ်ကာ ကျိုးဖုန်းဟိုင်အား ဖော်ရွေစွာ နှုတ်ဆက်လိုက်ပြီးနောက် သူနှင့် ပျော်ရွှင်စွာ စကားစမြည် ပြောဆိုနေလိုက်တော့သည်။
စွန်းဖန်ကမူ ဝမ်ပေါင်လဲ့၏ ပခုံးပုတ်ခြင်းကို ခံလိုက်ရရုံနှင့် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု လျော့ကျသွားသကဲ့သို့ ခံစားလိုက်ရ၏။ သူ၏ စိတ်နှလုံးထဲတွင် နေရာယူနေခဲ့သော စိတ်ဖိစီးမှု အမြောက်အမြားမှာလည်း လွင့်စင်ပျောက်ကွယ်သွားတော့သည်။ ထို့နောက် သူသည် စိတ်လှုပ်တရှား ဖြစ်လာပြီး အားအင်များ ပြည့်ဖြိုးလာသလို ခံစားလိုက်ရသည်။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့နှင့် ကျိုးဖုန်းဟိုင်တို့၏ ဘေးတွင်ရပ်ကာ သူတို့ ဘာပြောပြော ခေါင်းညိတ်၍ သဘောတူနေလိုက်တော့သည်။
သိပ်မကြာခင် ချန်းယွီထုံလည်း လက်နက်ပစ္စည်းအပြည့်အစုံဖြင့် ရောက်ရှိလာ၏။ သူသည် ဝမ်ပေါင်လဲ့နှင့် အခြားသူများကိုကြည့်လိုက်ပြီး ရယ်မောကာ စကားတစ်ခွန်းမှ ပြောမနေတော့ဘဲ သူ၏ သင်္ဘောပျံကြီးကို ထုတ်ယူလိုက်သည်။
ချန်းယွီထုံ၏ သင်္ဘောပျံကြီးမှာ ဝမ်ပေါင်လဲ့၏ သင်္ဘောပျံနှင့် ယှဉ်စရာပင် မလိုပေ။ ၎င်းမှာ အရည်အသွေး ပိုမိုကောင်းမွန်နေပြီး လူဆယ်ယောက်အထိဆန့်ကာ ကိုယ်ထည်တစ်ခုလုံးကို ငွေရောင်သုတ်ထား၏။ ၎င်းမှာ ကြည့်လိုက်ရုံမျှဖြင့် တမူထူးခြားနေ၏။
” သွားကြစို့ ”
ချန်းယွီထုံမှာ သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး သင်္ဘောပျံပေါ်သို့ ခုန်တက်သွား၏။ သူ၏ နောက်တွင် ဝမ်ပေါင်လဲ့ လိုက်သွားပြီး ကျိုးဖုန်းဟိုင်နှင့် စွန်းဖန်တို့မှာလည်း လိုက်၍ တက်လာကြသည်။
သူတို့အားလုံး သင်္ဘောပျံကြီးပေါ်သို့ ရောက်လာကြသောအခါ ချန်းယွီထုံမှာ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ မျက်လုံးများမှာ ဝင်းလက်စွာ တောက်ပသွား၏။
” ငါတို့အားလုံး ဒီတာဝန်ကြီးကို တက်ညီလက်ညီ ဆောင်ရွက်ကြတာပေါ့။ ပြန်လာတဲ့အချိန်ကျရင် နောက်မှာ ဘယ်သူမှ ကျန်ရစ်မနေခဲ့ဖို့ ငါ မျှော်လင့်ပါတယ် ”
ချန်းယွီထုံမှာ ထိုသို့ဆိုလိုက်ပြီး သူ၏ ဝိညာဉ်ချီများကို ရုတ်တရက်ဆိုသလို ထုတ်လွှတ်လိုက်၏။ ထိုအခါ ဝမ်ပေါင်လဲ့နှင့် အခြားသူများအားလုံး၏ ကျင့်ကြံခြင်းအဆင့်များထက် များစွာပို၍ သာလွန်သော အာနာပါနထိပ်ဆုံးအဆင့်၏ စွမ်းအင်များမှာ ချက်ချင်းပင် ပေါက်ကွဲထွက်ပေါ်လာပြီး သင်္ဘောပျံကြီးနှင့်အတူ တစ်သားတည်း ပေါင်းစည်းသွား၏။ ထိုအခါ သင်္ဘောပျံကြီးမှာ တုန်ရီသွားပြီး အံ့ဩမှင်တက်ဖွယ်ကောင်းသော တွန်းအားတစ်ခု ပေါ်ထွက်လာ၏။ ထို့နောက် မျက်စိတစ်မှိတ်အတွင်း ထိုသင်္ဘောပျံကြီးမှာ အရှိန်အဟုန်ဖြင့် ရှေ့သို့ ထိုးထွက်သွားတော့သည်။
ဝမ်ပေါင်လဲ့မှာ သင်္ဘောပျံကြီး၏ အလယ်တွင်ထိုင်၍ အဝေးသို့ ရောက်သွားသည်နှင့်အမျှ အရွယ်အစား ကျုံ့ဝင်သွားနေသော သစ်တောစိမ်းရေကန်ကို လှည့်ကြည့်လိုက်၏။ ထို့နောက် သူသည် အသက်ကို ဖြည်းဖြည်းမှန်မှန် ရှူလိုက်၏။ သူ၏ မျက်လုံးများထဲတွင် ဤတာဝန်အပေါ် ထားရှိသော စိတ်ဓာတ်ပြတ်သားမှုများဖြင့် ပြည့်နှက်နေ၏။
ချန်းယွီထုံ၏ သင်္ဘောပျံကြီးမှာ ရှေးဟောင်းသိုင်းအဆင့်မှ လူများနှင့် သာမန်လူများ၏ သင်္ဘောပျံများနှင့် မတူညီပေ။ သူသည် အဆင့်မြင့်ကျွန်းပေါ်ရှိ ထိပ်တန်းအဆင့် ကျောင်းသားတစ်ယောက် ဖြစ်ရုံသာမက လက်ထောက်အဆောင်မှူးတစ်ယောက်အဖြစ် ရွေးချယ်ခံရရန် ရေပန်းစားနေသည့်အပြင် အာနာပါနထိပ်ဆုံးအဆင့်ရှိ ကျင့်ကြံသူတစ်ယောက်ပါ ဖြစ်နေသည်ဖြစ်ရာ သူ၏ သင်္ဘောပျံ ပျံသန်းနှုန်းမှာ အလွန်အင်မတန်မှ မြန်ဆန်နေ၏။ သတ္တမမြောက် ပထမအဆင့်ခံတပ်နှင့် အဆင့်မြင့်ကျွန်းတို့မှာ အတော်အတန် ကွာဝေးနေသည့်တိုင်အောင် အရာအားလုံးသာ ချောချောမွေ့မွေ့နှင့် ပြီးဆုံးသွားမည်ဆိုပါက နာရီပိုင်းအတွင်း သူတို့၏ ခရီးပန်းတိုင်ဆီသို့ ရောက်ရှိသွားမည်ဖြစ်သည်။
အကယ်၍ ဝမ်ပေါင်လဲ့မှာ အဆင့်နိမ့်ကျွန်းရှိ သင်္ဘောပျံကြီးပေါ်တွင် ရှိနေမည်ဆိုပါက အချိန်များစွာပို၍ ကြာမြင့်နေမည်သာ ဖြစ်သည်။ ၎င်းတို့မှာ သင်္ဘောပျံများ၏ အမြန်နှုန်းကို နှောင့်နှေးကြန့်ကြာစေနိုင်သည့် ဆိုးရွားသော ရာသီဥတုအခြေအနေ မြောက်မြားစွာနှင့် မလွဲမသေ ကြုံတွေ့ရမည် မဟုတ်ပါလော။
ချန်းယွီထုံ ပိုင်ဆိုင်ထားသည့် သင်္ဘောပျံကြီးကဲ့သို့သော သင်္ဘောပျံများသာ သူ၏ တမူထူးခြားသော ကျင့်ကြံခြင်းအဆင့်နှင့် ပေါင်းစပ်ပြီးမှ ဆိုးရွားသော ရာသီဥတုအခြေအနေ အများစုကို ဘေးကင်းစွာ ဖြတ်ကျော်သွားနိုင်မည် ဖြစ်သည်။ ထို့အပြင် သူ၏ သင်္ဘောပျံကြီးပင်လျှင် ဝေဝေးမှ ရှောင်မောင်းရသည့် ရာသီဥတု ပြောင်းလဲမှုအချို့လည်း ရှိသေးသည်။
ပြည်ထောင်စုကြီး ပိုင်ဆိုင်သော နယ်မြေများထဲတွင် သားရဲများရှိပါသော်လည်း အများစုမှာ ရှေးဟောင်း သိုင်းအဆင့်တွင်သာ ရှိကြသည်။ ပုံမှန်အတိုင်းဆိုလျှင် အာနာပါနအဆင့် သာရဲများမှာ အေးအေးလူလူသာ နေလေ့ ရှိကြသည်။ ပြည်ထောင်စုကြီးမှာ သူတို့၏ ပိုင်နက်ထဲရှိ သားရဲများအားလုံးကို အမြစ်ဖြတ်နှိမ်နှင်းရန် အစီအစဉ်များ ဆွဲထားပါသော်လည်း ထိုကဲ့သို့ နှိမ်နင်းနိုင်ရန်မှာ ခဲယဉ်းပေသည်။ နှစ်စဉ်နှစ်တိုင်းတွင် ဝိညာဉ်ချီများကြောင့် အာဟာရ ပြည့်ဖြိုးလာကြသော သာမန်သားရဲတိရစ္ဆာန် အမြောက်အမြားမှာ ရက်စက်ကြမ်းကြုတ်သော သားရဲ့ကြီးများအသွင် သန္ဓေပြောင်းလဲသွားလေ့ ရှိကြသည်။
အကယ်၍ ပြည်ထောင်စုကြီးကသာ ထိုကိစ္စအပေါ် အာရုံအပြည့်အဝစိုက်၍ ဆောင်ရွက်မည်ဆိုပါက ၎င်းတို့အားလုံးကို နှိမ်နှင်းနိုင်မည်သာ ဖြစ်သည်။ သို့သော် မည်သည့် အကြောင်းပြချက်ကြောင့်မှန်း မသိပါသော်လည်း ပြည်ထောင်စုကြီးမှာ အာနာပါနအဆင့်တွင်သာ ရှိသော သားရဲကြီးများကိုသာ လိုက်လံနှိမ်နင်းလေ့ ရှိကြသည်။ နှစ်စဉ်နှစ်တိုင်းတွင် အထူးဖွဲ့စည်းထားသော ဌာနတစ်ခုမှာ ၎င်းတို့ကို ပစ်မှတ်ထား၍ လိုက်လံသတ်ဖြတ်ကြ၏။
ထို့အပြင် တစ်ဖက်နှင့်တစ်ဖက် မတိုက်ခိုက်ရန် ပြည်ထောင်စုကြီးနှင့် သဘောတူညီမှု ရယူထားသော နယ်မြေအချို့လည်း ရှိသေးသည်။
လက်ရှိတွင် ချန်းယွီထုံ၏ သင်္ဘောပျံကြီးမှာ တိမ်တိုက်များကို ထိုးခွင်းသွားနေ၏။ အဝေးမှ ကြည့်လိုက်ပါက ၎င်းမှာ အပြာရောင်ကောင်းကင်ယံကြီးထဲရှိ အဖြူရောင်မျဉ်းကြောင်းလေးတစ်ခုနှင့် တူနေပြီး ၎င်းဆီမှ ထွက်ပေါ်လာသော တအုန်းအုန်း မြည်သံကြီးမှာလည်း အရပ်မျက်နှာအနှံ့တွင် ပဲ့တင်ထပ်နေ၏။ ထိုအသံများမှာ ဧရာမ သားရဲကြီးတစ်ကောင်၏ ဟိန်းဟောက်သံများနှင့် ဆင်တူပြီး ကြောက်မက်ဖွယ်ကောင်းသလို အံ့ဩမှင်တက်စရာလည်း ကောင်းနေ၏။
သင်္ဘောပျံကြီးထဲတွင် ချန်းယွီထုံနှင့် ဝမ်ပေါင်လဲ့တို့မှာ ကုန်းပတ်၏ ရှေ့ပိုင်းတွင်ရပ်ရင်း အဝေးရှိ ကုန်းမြေများကို လှမ်း၍ကြည့်နေ၏။
သူတို့ ဖြတ်ပျံသွားကြသည့် မြေပြင်ပေါ်တွင် မြို့များစွာကို မြင်နိုင်၏။ စိတ်မကောင်းစရာအချက်မှာမူ ၎င်းတို့အများစုမှာ ပျက်စီးနေကြပြီဖြစ်ပြီး တောအုပ်ကြီးများ၏ ဖုံးလွှမ်းခြင်းကို ခံထားရပြီဖြစ်သည်။ တစ်ခါတရံတွင် ထိုမြို့များ၏ အကြွင်းအကျန်များကိုပင် လှမ်းမြင်နိုင်၏။
” သားရဲစစ်ပွဲကြီးဖြစ်ခဲ့တုန်းက လူသားမျိုးနွယ်က အရေးနိမ့်လုနီးပါး ဖြစ်ခဲ့ရတာ။ လူဦးရေ တစ်ဝက်ကျော် သေဆုံးသွားခဲ့ရတာလေ ”
ချန်းယွီထုံမှာ ထို့မြို့ပျက်ကြီးများ အထက်မှ ဖြတ်ပျံသွားရင်း လေသံတိုးတိုးဖြင့် ဆိုလိုက်၏။
” ငါ စစ်ပွဲကြီးအကြောင်းနဲ့ ပတ်သက်ပြီးတော့ အများကြီးဖတ်ဖူးတယ်။ အဲဒီအချိန်တုန်းက ပြည်ထောင်စုကြီးထဲမှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ အားလုံးထဲက အစွမ်းအထက်ဆုံး ကျင့်ကြံသူက အခြေတည်အဆင့်အထိပဲ ရောက်ခဲ့တာ။ ဘယ်သူကမှ အမြုတေအဆင့်ကို မတက်လှမ်းနိုင်ခဲ့ဘူး ”
” သားရဲတွေဘက်မှာက အမြုတေအဆင့်မှာရှိတဲ့ သားရဲဘုရင်သုံးကောင်တောင် ရှိခဲ့တာ ”
” ကံကောင်းတာက အဲဒီလို သေရေးရှင်ရေး အခိုက်တန့်မှာ ပြည်ထောင်စုကြီးထဲက လူတစ်ယောက်က အခြေတည်အဆင့်ကနေ ဖောက်ထွက်ပြီးတော့ အမြုတေအဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်။ အဲ့အချိန်မှာ စစ်ပွဲကြီးရဲ့အနေအထားက ပြောင်းလဲသွားတော့တာပဲ။ ပြီးတော့ နတ်ဘုရားလက်နက်ပါ ပါလာတာပေါ့။ အဲဒီ နတ်ဘုရားလက်နက်အတွက် သားရဲကြီးတွေနဲ့အပြင် တခြား နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ပါ ယှဉ်ပြိုင်တိုက်ခိုက်ရင်း နောက်ဆုံးရောက်တော့ တာအိုကျောင်းကြီးလေးကျောင်းက ရသွားခဲ့တာပဲ ”
” နတ်ဘုရားလက်နက် ပေါ်လာလို့ ပြည်ထောင်စုကြီးက အပြတ်အသတ် အနိုင်ရသွားခဲ့တာ။ အဲဒီနောက်မှာ ပြည်ထောင်စုကြီးက ပထမအဆင့် ခံတပ်ခုနစ်ခုကို တည်ဆောက်ခဲ့ပြီးတော့ သားရဲဘုရင်တွေ အကုန်လုံးကို သတ်ပစ်ခဲ့တာလေ။ ဒါပေမဲ့ သားရဲတွေအကုန်လုံးကို မျိုးသုဉ်းသွားအောင်အထိ မလုပ်နိုင်ခဲ့ကြဘူး ”
” ဒါပေမဲ့ ငါတို့တွေ ဒီအတိုင်း ဆက်ပြီးတော့ တိုးတက်နေမယ်ဆိုရင် ငါတို့ရဲ့ ခြေဖဝါးအောက်က ဂြိုဟ်ကြီးက တစ်နေ့မှာ ငါတို့အပိုင် ဖြစ်လာမှာပဲ ”
ချန်းယွီထုံ၏ မျက်ဝန်းများမှာ စူးရှစွာ တောက်ပနေ၏။
ဝမ်ပေါင်လဲ့မှာလည်း ခံစားချက် မျိုးစုံကို တစ်ပြိုင်နက် ခံစားနေရ၏။ သူသည် စကားပြောရန် ပြင်လိုက်စဉ်မှာပင် ရှေ့ဘက်ရှိ ကုန်မြေကြီးပေါ်တွင် ခံတပ်တစ်ခု ပေါ်လာသည်ကို သတိထားမိလိုက်သည်။ ၎င်းမှာ တောင်ကြားတစ်ခုပေါ်တွင် တည်ရှိပြီး သတ္တုများဖြင့် တည်ဆောက်ထားပြီး မည်းနက်နေသော ခံတပ်နံရံများနှင့် ကြောက်မက်ဖွယ်ရာ ဆူးချွန်များမှာ ၎င်းအား ဝန်းရံထား၏။ ထို့အပြင် ထိုဆူးချွန်များပေါ်ရှိ စက်ဝိုင်းပုံစံ စင်မြင့်များပေါ်တွင် နတ်ဘုရားရတနာအဆင့် မဟာအမြောက်ကြီးများကိုပါ တပ်ဆင်ထားသည်ဖြစ်ရာ ထိုခံတပ်ကြီးဆီမှ ပေါ်ထွက်နေသော အငွေ့အသက်ကြီးမှာ လူတစ်ယောက်အား လိပ်ပြာလွင့်သွားစေနိုင်လောက်သည်အထိ ကြောက်မက်ဖွယ်ရာ ကောင်းနေ၏။
ခံတပ်ကြီးထဲရှိ စစ်သည်တော်ပေါင်း မြောက်မြားစွာနှင့် သူတို့ဆီမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုစိတ်များမှာလည်း အထက်ပါအတိုင်း ဖြုံစရာကောင်းနေသည်။
” ကျနော်တို့တွေ ရောက်ပြီလား ”
ဝမ်ပေါင်လဲ့က ချက်ချင်းပင် လှမ်းကြည့်ကာ မေးလိုက်၏။ ထိုအခါ ချန်းယွီထုံ၊ ကျိုးဖုန်းဟိုင်နှင့် စွန်းဖန်တို့ကလည်း သူ့အတိုင်း လှမ်းကြည့်လိုက်ကြသည်။
” ဒါက အသေးစားခံတပ်တစ်ခုပဲ ရှိသေးတာ။ ငါတို့ သတင်းပို့ရမယ့် သတ္တမမြောက် ပထမအဆင့်ခံတပ်ကိုရောက်ဖို့ ရှေ့ကို နည်းနည်းဆက်သွားရဦးမှာ ”
ချန်းယွီထုံက လှမ်းကြည့်လိုက်ပြီးနောက် လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်၏။
” ဒါက အသေးစားခံတပ်တစ်ခုပဲ ရှိသေးတာလား ”
ဝမ်ပေါင်လဲ့မှာ ဆွံ့အသွားရ၏။ ခဏအကြာတွင် သူ၏ ရှေ့၌ သူ မြင်ခဲ့ရသော ခံတပ်နှင့် ဆင်တူသည့် အခြား ခံတပ်ပေါင်းများစွာကို ထပ်၍ မြင်လိုက်ရသည်။ ၎င်းတို့ကို အသေးစားခံတပ်ဟုသာ ခေါ်ပါသော်လည်း ထို ခံတပ်တစ်ခုချင်းစီ၏ အရွယ်အစားမှာ ကြီးမား၏။ ၎င်းတို့အများစုကို တောင်စဉ်တန်းများပေါ်တွင် ပထမအဆင့်ခံတပ်၏ ပုံစံအတိုင်း တည်ဆောက်ထားကြ၏။ ထို ခံတပ်များအားလုံးမှာ စုပေါင်း၍ ညီညာမှုမရှိသော အပိတ်အဆို့ကြီးတစ်ခုကို ဖန်တီးထားကြ၏။
တစ်နာရီခန့် ကြာပြီးနောက် သတ္တမမြောက် ပထမအဆင့်ခံတပ်မှာ သူတို့ရှေ့တွင် ရောက်နေပြီဖြစ်ကြောင်း ချန်းယွီထုံက အသိပေးလိုက်၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ ခပ်လှမ်းလှမ်းရှိ တောင်စဉ်တန်းပေါ်ရှိ ကမ္ဘာမြေကြီးကို ထပ်ခြမ်းခွဲထားသော သတ္တုနံရံကြီးကို အံ့ဩမှင်တက်စွာ ငေးကြည့်နေမိတော့သည်။
သူ၏ ရင်ထဲမှ ခံစားချက်လှိုင်းလုံးများကို မည်သည့်စကားလုံးနှင့်မှ ဖော်ပြ၍မရနိုင်ပေ။ ဝမ်ပေါင်လဲ့မှာ စိတ်နှလုံးထဲအထိ အံ့ဩတုန်လှုပ်နေရပြီ ဖြစ်သည်။ သူ၏ရှေ့တွင် ရှိနေသော ခံတပ်ကြီးမှာ သူ မြင်ခဲ့ရသည့် ခံတပ်များစွာထက် အရွယ်အစား အဆပေါင်းများစွာ ပို၍ကြီးမားနေပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကို ထောက်ပံ့ပေးထားသည့် တော်ဝင်တံခါးကြီးမှာ သူ၏အာရုံကို အပြည့်အဝ ဖမ်းစားထား၏။
ထိုကဲ့သို့ အံ့ဩမှင်တက်နေစဉ် ကြီးကျယ်ခမ်းနားသော ခံတပ်နံရံများထဲမှ ကောင်းကင်ယံထဲသို့ မြင့်တက်လာသည့် မီးခိုးငွေ့များမှာ ကောင်းကင်ဘုံအထိတိုင်အောင် ဆက်လက်မြင့်တက်သွားသည်ကို လှမ်း၍မြင်လိုက်ရသည်။
၎င်းမှာ ထာဝရအချက်ပြမီးခိုးပင် ဖြစ်သည်။