Switch Mode

အခန်း ( ၁၆၉ )

အချက်ပြ မီးခိုးငွေ့

ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် နာကျည်းနေသော ရှုံ့မဲ့မဲ့ မျက်နှာဖြင့် နတ်ဝိဇ္ဇာဂူထဲမှ ထွက်ခွာလာ၏။

နေဝင်ရီတရောအချိန်သို့ ရောက်နေပြီဖြစ်ရာ မိုးကုပ်စက်ဝိုင်းအနားရှိ ကောင်ကင်ယံကြီးမှာ လိမ္မော်ရောင် သန်းနေ၏။ နွေဦးရာသီ ရောက်တော့မည်ဖြစ်သည်။ ကောင်းကင်တာအိုကျောင်း၏ တည်နေရာမှာ တစ်နှစ်ပတ်လုံး နွေဦးရာသီတွင် ရောက်နေသည့်ပုံနှင့် တူပါသော်လည်း နွေဦးရာသီ အစစ်သို့ ရောက်သောအချိန်တွင် အပြင်ဘက်၌ အအေးဓာတ်အနည်းငယ် ကျန်ရှိနေဆဲပင်။

စိုထိုင်းမှုမှာလည်း မြင့်မား၏။ မျက်နှာတည့်တည့်ကို တိုက်ခတ်နေသော လေပြင်းများမှာ အရိုးထဲအထိ စိမ့်ဝင်နိုင်စွမ်း ရှိနေသည့်အလားပင်။ အစပိုင်းတွင် သိပ်၍မအေးပါသော်လည်း အပြင်ဘက်တွင် အချိန်အနည်းငယ်ခန့် ကြာအောင် နေလိုက်ပါက အအေးဓာတ်များကို စတင်ခံစားလာရမည်ဖြစ်သည်။

သို့သော် ကျင့်ကြံသူတစ်ယောက်အတွက်မူ ထို အအေးဓာတ် ပမာဏလေးမှာ စာမဖွဲ့လောက်ပေ။

ဝမ်ပေါင်လဲ့မှာ နွေဦးအစောပိုင်းကာလ၏ လေအေးများကို ဂရုစိုက်မနေခဲ့ပေ။ သူသည် နတ်ဝိဇ္ဇာဂူ အပြင်ဘက်သို့ လျှောက်လှမ်းလာပြီး အနောက်ဘက်သို့ ဝင်လုဆဲဆဲ ဖြစ်နေသော နေမင်းကြီးဆီသို့ ဦးတည်လျှောက်လှမ်းသွားလိုက်ပြီးနောက် အခြား မည်သူမှ မရှိသော လမ်းကွေ့လေး တစ်နေရာသို့ ရောက်ရှိသွားသည်။ ထို့နောက် သူသည် စိတ်ထဲတွင်ကျိတ်၍ ဆုတောင်းလိုက်ပြီး သူ၏ ညာလက်ကိုမြှောက်၍ ဝှေ့ယမ်းလိုက်၏။ ထိုအခါ သူ၏လက်ဖဝါးထဲမှ ဓားအိမ်လေး မဟုတ်ဘဲ မျက်လုံးဖြင့် မမြင်နိုင်သော ဓားချီ အမျှင်အတန်းများ တိတ်တဆိတ် ထိုးထွက်လာကြ၏။

ထို ဓားချီများမှာ လေထဲတွင် ခြင်ကိုးကောင်အသွင် ပြောင်းလဲသွား၏။

ထို ခြင်ကိုးကောင်မှာ ခြင်အစစ်များနှင့် တစ်ထေရာတည်း တူနေ၏။ ၎င်းတို့မှာ ကိုယ်ပိုင် အသိဉာဏ်များကို ပိုင်ဆိုင်ထားကြပြီး ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်တွင် စတင်ရစ်ဝဲနေကြတော့သည်။

သူတို့ထံမှ အငွေ့အသက်များမှာ တစ်ခုနှင့်တစ်ခု ဆင်တူနေ၏။ ဝမ်ပေါင်လဲ့မှာ သူ၏နားထဲတွင် တဝီဝီမြည်သံများကို မရပ်မနား ကြားလိုက်ရသဖြင့် အသားများ တုန်ရီသွားရ၏။ သူသည် လက်ကိုမြှောက်၍ ၎င်းတို့အား ရိုက်သတ်ပစ်ချင်စိတ်များ ပေါက်လာပါသော်လည်း သူ၏ ဆန္ဒများကို ချုပ်တည်းကာ အသက်ပြင်းပြင်းရှူလိုက်ပြီး ကမောက်ကမဖြစ်နေသော သူ၏ စိတ်ကို တည်ငြိမ်အောင်ထားလိုက်၏။ ထို့နောက် ထို ခြင်များကို ထိန်းချုပ်နိုင်ရန် ကြိုးစားလိုက်သည်။

ဝမ်ပေါင်လဲ့မှာ အသိစိတ်ထဲတွင် ထိုအတွေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် တစ်ပြိုင်နက် ထို ခြင်ကိုးကောင်မှာ ဆတ်ခနဲ တုန်ရီသွား၏။ ထို့နောက် ၎င်းတို့မှာ ချက်ချင်းပင် ဝမ်ပေါင်လဲ့၏ရှေ့သို့ ဝဲပျံလာကြပြီး စစ်သားများကဲ့သို့ သူ၏ရှေ့တွင် တစ်တန်းတည်းဖြစ်အောင် တန်းစီလိုက်ကြ၏။

” ဟင် ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်လက်သွားရတော့သည်။ ထို့နောက် သူ၏ အသိစိတ်ထဲ၌ နောက်ထပ်အတွေးတစ်ခု ပေါ်လာပြန်သည်။ ထိုအခါ ထိုခြင်များမှာလည်း ချက်ချင်းပင် သူ၏ ရှေ့တွင် အသီးသီး နေရာပြန်ယူလိုက်ကြပြီး ဝမ်ပေါင်လဲ့၏ အတွေးထဲတွင် ပေါ်လာသော ပုံစံများအတိုင်း တစ်ထေရာတည်းလိုက်၍ တန်းစီလိုက်ကြပြန်သည်။

” တော်တော်ကို သွက်လှပါလားဟ ”
ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် အံ့အားသင့်သွားရပြီး စိတ်ကျေနပ်သွား၏။ စောစောက သူသည် အလွန်အင်မတန်မှ စိတ်ဓာတ်ကျနေခဲ့သောကြောင့် ထိုခြင်များ၏ ထူးခြားမှုများကို ချက်ချင်း သတိမထားမိခဲ့ပေ။ ယခုတွင်မူ ထို ခြင်များမှာ အတော်အသင့် အစွမ်းထက်ရမည်ဟု သူက ယုံကြည်သွား၏။

” အတိအကျ မထိမ်းချုပ်ဘဲနဲ့ အမိန့်ပဲ ပေးကြည့်ရင်ရော ”

ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့တွေးလိုက်ပြီး ချက်ချင်းပင် စမ်းကြည့်လိုက်သည်။ ထိုအခါ ထိုခြင်များမှာ ကိုယ်ပိုင်အသိဉာဏ်များကို ပိုင်ဆိုင်ထားကြသည့်အလား သူ ပေးသော အမိန့်များအတိုင်း လိုက်၍ လုပ်ဆောင်နေသည်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားရတော့သည်။

ဥပမာပြရလျှင် ကင်းလှည့်ခြင်း၊ ရန်သူများထံမှ ကာကွယ်ခြင်း အစရှိသော တာဝန်များကို ထမ်းဆောင်နိုင်စွမ်းရှိနေ၏။ ဝမ်ပေါင်လဲ့မှာ သူ၏ ခန္ဓာကိုယ်ထဲရှိ ဓားအိမ်လေးထဲသို့ ဝိညာဉ်ချီများ ထပ်မံထည့်သွင်းလိုက်သောအခါ သူ၏ အမြင်အာရုံများမှာ သိသိသာသာပြောင်းလဲသွားသဖြင့် အံ့ဩမှင်တက်သွားရတော့သည်။

သာမန်လူတစ်ယောက်မှာ မျက်လုံးများကို မလှုပ်ဘဲ ရှေ့တည့်တည့်သို့သာ စိုက်ကြည့်နေမည်ဆိုပါက ခန့်မှန်းခြေအားဖြင့် လေးဆယ့်ငါး ဒီဂရီခန့်သာ ရှိသော မြင်ကွင်းတစ်ခုကိုသာ ပိုင်ဆိုင်ထားမည်ဖြစ်သည်။ ထိုအချက်ကို ကျင့်ကြံသူတစ်ယောက်ပင်လျှင် မပြောင်းလဲနိုင်ပေ။ သူ အများဆုံးလုပ်နိုင်မည့် အရာမှာ သူ၏ အာရုံငါးပါးကို တိုးတက်လာအောင် လေ့ကျင့်ပြီး သူ၏ ပတ်ဝန်းကျင်အား ခပ်ရေးရေးမျှ အာရုံခံနိုင်အောင် လုပ်ခြင်းပင် ဖြစ်သည်။

သို့သော် ယခုတွင်မူ သူ၏ မြင်ကွင်းမှာ မူလ လေးဆယ့်ငါး ဒီဂရီအဆင့်မှ သုံးရာ့ခြောက်ဆယ် ဒီဂရီအထိ အပြည့်ဖြစ်သွားသောကြောင့် ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားရတော့သည်။

” ဒါ…. ဒါ… ”
ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ ရပ်တန့်သွားရ၏။ အသေးစိတ် အကဲခတ်ကြည့်လိုက်ပြီးနောက် သူသည် ထိုသို့ဖြစ်နေရသည့် အကြောင်းအရင်းကို ချက်ချင်းပင် နားလည်သွားတော့သည်။ သူသည် ထို ခြင်ကိုးကောင်ဆီမှ အမြင်အာရုံများကိုပါ ပိုင်ဆိုင်ထားခြင်းဖြစ်ကြောင်း သိလိုက်ရ၏။ ခြင်တစ်ကောင်ချင်းစီတိုင်းမှာ မျက်လုံးတစ်စုံကဲ့သို့ ဖြစ်နေသောကြောင့် သူ၏ အမြင်အာရုံမှာ နဂိုမူလအဆင့်ထက် ကျော်လွန်သွားရခြင်းဖြစ်သည်။

ထို ရှာဖွေတွေ့ရှိမှုကြီးကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်နှလုံး တုန်ရီသွားရ၏။ ထိုမျှလောက် ရှင်းလင်းသော မြင်ကွင်းတစ်ခုကို ပိုင်ဆိုင်ထားခြင်းမှာ သူ့အတွက် အထောက်အကူများစွာ ပြုနိုင်မည်ဖြစ်ကြောင်း သူက ချက်ချင်းပင် သဘောပေါက်လိုက်၏။ ရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရပါက သူ၏ ဦးခေါင်းပတ်ပတ်လည်တွင် မျက်လုံးများရှိနေသကဲ့သို့ ဖြစ်နေမည်ဖြစ်ရာ သူသည် ပို၍ပင် လျင်မြန်သွက်လက်လာပြီး သူ၏ ပတ်ဝန်းကျင်ကို အာရုံခံနိုင်စွမ်းမှာလည်း ပိုမို တိုးတက်လာမည်ဖြစ်သည်။

ထို့အပြင် အကယ်၍ လူတစ်ယောက်က သူ့အား ချောင်းမြောင်းတိုက်ခိုက်လိုပါက သူမသိအောင် လုပ်နိုင်ရန်မှာ အင်မတန်မှ ခဲယဉ်းနေမည် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှား ဖြစ်သွားပြီး ထိုစွမ်းရည်အကြောင်းကို ထပ်၍လေ့လာရန် လိုအပ်သေးသည်ဟု ဆုံးဖြတ်လိုက်၏။ ထို့ကြောင့် သူသည် ထိုခြင်များကို ထိန်းချုပ်လိုက်ပြီး သူတို့၏ မြင်ကွင်းများကို မရပ်မနား ပြောင်းလဲကြည့်လိုက်၏။ ထိုအခါ ခြင်တစ်ကောင်ချင်းစီဖြစ်စေ၊ ခြင်ကိုးကောင်စလုံးဖြစ်စေ ၎င်းတို့အားလုံးမှာ သူ၏ မျက်လုံးများ ဖြစ်လာကြပြီဖြစ်ကြောင်း သိလိုက်ရ၏။ သူသည် ၎င်းတို့အား ချောမွေ့စွာ ထိန်းချုပ်နိုင်စွမ်းရှိနေ၏။

” ဒီ စွမ်းရည်တစ်ခုတည်းနဲ့တင် လက်နက်သဲပွင့် အပွင့်တစ်သောင်း သုံးရတာ တန်သွားပြီ ”
ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားသည်ထက်ပင် ပိုနေတော့သည်။ သူသည် စိတ်အားထက်သန်စွာဖြင့် ထို ခြင်များကို ထိန်းချုပ်လိုက်ပြီး ခပ်ဝေးဝေးသို့ ပျံသန်းခိုင်းလိုက်၏။

” ဒီကောင်တွေ ဘယ်လောက်အထိ ဝေးဝေး ပျံနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့ ”
ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့တွေးမိလိုက်ပြီးနောက် သူ၏ စိတ်နှလုံးထဲတွင် ခံစားချက်မျိုးစုံ ပေါ်ထွက်လာပြန်သည်။ ထိုခြင်ကိုးကောင် လျင်မြန်စွာ ပျံထွက်သွားကြသောအခါ သူ၏ အမြင်အာရုံမှာ ချက်ချင်းပင် ထပ်၍ ပြောင်းလဲသွားကြောင်း သိလိုက်ရပြန်သည်။

မတူညီသော ပုံရိပ်ဆယ်ခုမှာ တစ်ခုနှင့်တစ်ခု ရောနေခြင်း မရှိဘဲ အထပ်လိုက် ဖြစ်နေသကဲ့သို့ပင်။ သူသည် ဓမ္မလက်နက်အဆောင် တစ်ဝက်နီးပါးအထိ မြင်နေရ၏။

ထိုခြင်များ အဝေးသို့ဆက်၍ ပျံသန်းသွားသောအခါ မျက်ကွယ်နေရာ အချို့ပင်လျှင် စတင်ပေါ်ပေါက်လာကြ၏။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ ပထမဆုံး အတွေ့အကြုံပင်ဖြစ်သည်။ ထိုအချိန်တွင် သူ၏ ခေါင်းထဲ၌ ရုတ်ခြည်းဆိုသလို ဆူညံသံပေါင်းစုံ ပေါက်ကွဲပေါ်ထွက်လာသည့်အလား ခံစားလိုက်ရ၏။

သူသည် အသံမျိုးစုံကိုပါ ကြားလိုက်ရခြင်း ဖြစ်သည်။

” ဓမ္မလက်နက်ဂိုဏ်းသား စမ်းသပ်ပွဲက တော်တော်ကိုခက်တာပဲ။ ဒီတစ်ခေါက်တော့ ငါ အောင်မယ်လို့ မျှော်လင့်ပါတယ် ”

” အာလူးကြော်တွေရမယ်။ ပူပူနွေးနွေး ကြော်ထားတဲ့ အာလူးကြော်တွေရမယ်…. ”

” မင်းကြားပြီးပြီလား။ သားရဲလှိုင်းက ဒီနှစ် လာတော့မှာတဲ့။ ငါ့ ဇာတိမြို့နားက ပထမအဆင့် ခံတပ်တစ်ခုဆိုရင် စစ်တိုက်ဖို့ ပြင်နေရပြီ ”

ဝမ်ပေါင်လဲ့၏ နားထဲတွင် အသံမျိုးစုံ ပေါက်ကွဲထွက်ပေါ်လာ၏။ ဆူနာမီ လှိုင်လုံးကြီးတစ်လုံး ရိုက်ခတ်သွားပြီး ဝမ်ပေါင်လဲ့အား နစ်မြုပ်သွားအောင် လုပ်လိုက်သည့် အလားပင်။ ထို ခံစားချက်မှာ ဆိတ်ငြိမ်နေသော အရပ်‌ဒေသတစ်ခုမှ ဈေးတန်းတစ်ခုထဲသို့ ချက်ချင်းပင် တည်နေရာရွှေ့ပြောင်းခံလိုက်ရသည့်အလား ဖြစ်နေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် ရီဝေဝေ ဖြစ်သွားရသဖြင့် ခြင်များကို ချက်ချင်းပြန်၍ ထိန်းချုပ်လိုက်ပြီး ခပ်မြင့်မြင့် ပျံသန်းခိုင်းလိုက်ရ၏။ ထိုအခါမှသာ အနည်းငယ်ခန့် သက်သာရာရသွားသည်။

” ဒီခြင်တွေက အသံတွေကိုပါ ကြားရတာပဲဟ… ဆူညံသံတွေ အရမ်းများလိုက်တာ ”
ဝမ်ပေါင်လဲ့မှာ ခေါင်းတဆစ်ဆစ် နာကျင်ကိုက်ခဲနေရပြီ ဖြစ်သည်။ သို့သော် သူ၏ စိတ်လှုပ်ရှားမှုများမှာ သူ ခံစားနေရသည့် နာကျင်မှုထက် အစပေါင်းများစွာပိုနေ၏။ ထို အစွမ်းမှာ အကောင်းကြီး မဟုတ်ပါသော်လည်း လက်ခံ၍ရပေသည်။

ထို့နောက် သူသည် ထိုခြင်များအား ဓမ္မလက်နက်အဆောင်ထဲရှိ အခြားအစိတ်အပိုင်းများဆီသို့ ဆက်၍ ပျံသန်းခိုင်းလိုက်၏။ ခဏအကြာတွင် စကားသံများကို ကြားလိုက်ရပြီး ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ၎င်းမှာ ကျောင်းစီမံရေးဌာန၏ ခန်းမတစ်ခုထဲရှိ မြင်ကွင်းပင်ဖြစ်သည်။ စွန်းဖန်မှာ တည်ကြည်သော မျက်နှာအမူအရာဖြင့် ထိုခန်းမထဲမှ ထွက်ခွာရန် ပြင်နေ၏။ ထိုအချိန်တွင် လူတစ်ယောက်မှာ သူ၏နောက်သို့ ပြေးလိုက်လာပြီး အော်ဟစ်၍ သူ့အား လှမ်းတားလိုက်၏။

” အစ်ကိုစွန်း၊ ကျနော်တို့တွေ…. ”

ထိုစကားကို ကြားလိုက်ရသောအခါ စွန်းဖန်၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွား၏။ ထို့နောက် သူသည် ဘေးပတ်ဝန်းကျင်အား သတိကြီးကြီးထား၍ အကဲခတ်လိုက်ပီးနောက် သူ့နောက်သို့ ပြေးလိုက်လာသည့်လူအား ဒေါသတကြီး စိုက်ကြည့်လိုက်၏။

” ပါးစပ်ပိတ်ထား။ နောက်တစ်ခါ အပြင်မှာဆိုရင် ငါ့ကို အစ်ကိုဖန်လို့ပဲခေါ်။ ငါ့နာမည်က ဖန်စွန်းကွ ”

ဝမ်ပေါင်လဲ့မှာ စွန်းဖန်အားကြည့်ရင်း သူ၏စကားများကို ကြားလိုက်ရသောအခါ ချောင်းဟန့်မိသွား၏။ ထို စွန်းဖန်ဆိုသောသူမှာ သူ့အား အပြစ်လုပ်ခဲ့သောကြောင့် ကျောင်းစီမံရေးဌာန၏ အပြစ်ပေးခြင်းကို ခံခဲ့ရ၏။ ဝမ်ပေါင်လဲ့မှာ ခွင့်လွှတ်တတ်သော လူစားမျိုးဖြစ်သည့်အပြင် သူ ရာထူးတိုးထားသည်မှာ မကြာသေးသောကြောင့် အခြားသူများက သူ့အား ရက်စက်ကြမ်းကြုတ်သူ တစ်ယောက်အဖြစ် ရှုမြင်ကြမည်ကို မလိုလားပေ။ ထို့ကြောင့် သူသည် စွန်းဖန်အား အပြစ်သိပ်‌မပေးဘဲ လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ သူသည် အချိန်အနည်းငယ်ခန့်ထပ်၍ စောင့်ဆိုင်းပြီးမှ စွန်းဖန်အား ရှင်းထုတ်နိုင်မည့် အခွင့်အရေးတစ်ခုကို ရှာဖွေရန် ဆုံးဖြတ်ထားပါသော်လည်း စွန်းဖန်သည် ကောက်ကျစ်စဉ်းလဲသော မျောက်တစ်ကောင်၏ ဝိညာဉ်နှင့် တူနေ၏။ ထိုဉာဏ်ကြီးမှာ ထိုအဖြစ်အပျက်ကြီး ပြီးနောက် သူ၏နာမည်ကို ဖန်စွန်းအဖြစ် ပြောင်းလဲခဲ့သည့် ပုံပင်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိုဇာတ်လမ်းကို ထပ်မဆက်ရက်တော့ပေ။ သူသည် ခွင့်လွှတ်တတ်ပြီး သဘောထားကြီးမားသော လူတစ်ယောက်ဟု သူ့ကိုယ်သူ မှတ်ယူကာ ထိုကိစ္စကို မေ့ပျောက်လိုက်တော့သည်။

ထို့နောက် သူသည် ထိုမြင်ကွင်းအား လစ်လျူရှုကာ ဘေးဘီဝဲယာကို ဝေ့ဝိုက် ကြည့်ရှုလိုက်၏။ ထို့နောက် ထိုခြင်ကိုးကောင်ကို ထိန်းချုပ်ကာ ရှေ့သို့ဆက်၍ ပျံသန်းခိုင်းလိုက်ပြီးနောက် နောက်ဆုံးတွင် ၎င်းတို့မှာ သူနှင့် သုံးမိုင်အကွာအဝေးထိ ပျံသန်းနိုင်စွမ်းရှိကြောင်း သိလိုက်ရ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အပျော်ကြီး ပျော်သွားရတော့သည်။ ထို့နောက် သူသည် တာတို ခရီးတွင် ၎င်းတို့ မည်မျှအထိ မြန်ဆန်စွာ ပျံသန်းနိုင်ကြောင်းနှင့် ၎င်းတို့တိုက်ကွက်များ၏ အစွမ်းတို့ကိုပါ စမ်းသပ်လိုက်ပြန်သည်။

၎င်းတို့၏ အမြန်နှုန်းမှာ အံ့ဩမှင်တက်ဖွယ်ကောင်းပြီး လူသားများ၏ မျက်လုံးဖြင့် လိုက်မကြည့်နိုင်အောင် မြန်ဆန်လွန်းနေ၏။ သို့သော် ၎င်းတို့မှာ စွမ်းအားအပိုင်းတွင်မူ သိသိသာသာ အားနည်း၏။ ၎င်းတို့မှာ အများဆုံး သစ်ပင်အချို့ကိုသာ ထွင်းဖောက်နိုင်စွမ်းရှိပြီး ကျောက်တုံးများနှင့်ဆိုလျှင် အခက်တွေ့နေရသည်။

” ကိစ္စမရှိပါဘူး။ သူတို့က ခြင်တွေလေ။ ခြင်တွေဆိုတာ လူတွေကိုကိုက်ရမှာ။ အမဲဖျက်ရမှာမှ မဟုတ်ဘဲ ”

ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူနှစ်သိမ့်လိုက်ပြီးနောက် ထိုခြင်များ၏ ခြင်ကိုက်စွမ်းရည်ကို စမ်းသပ်ရန် တွေးလိုက်၏။ သို့သော် ဓမ္မလက်နက်အဆောင်ထဲတွင် လူအမြောက်အမြား ရှိနေသည့်တိုင်အောင် သူတို့မှာ သူ့အား လုံးဝ အပြစ်မလုပ်ဖူးကြပေ။ လင်းတျန်ဟောက်မှာမူ အဝေးတစ်နေရာတွင် တံခါးပိတ်ကျင့်ကြံနေ၏။ ဝမ်ပေါင်လဲ့မှာ ခြင်များကို ထိန်းချုပ်လိုက်ပြီး လင်းတျန်ဟောက် ပြောင်းရွှေ့သွားခဲ့သော နတ်ဝိဇ္ဇာဂူ ပတ်ပတ်လည်တွင် နှစ်ပတ် သုံးပတ်လောက် ဝဲပျံခိုင်းလိုက်ပါသော်လည်း ဝင်ပေါက် ရှာမတွေ့သောကြောင့် လက်လျှော့လိုက်ရ၏။

” ဟို အရှက်မရှိတဲ့ မျောက်ကြီး ရှိမနေတာ ဆိုးတယ်ကွာ ”
ဝမ်ပေါင်လဲ့မှာ နောင်တရသွား၏။ ထို့ကြောင့် ထို အရှက်မရှိသော မျောက်ကြီး ပေါ်လာသောအချိန် သို့မဟုတ် လင်းတျန်ဟောက် သူ၏ တံခါးပိတ်ကျင့်စဉ်ထဲမှ ပြန်ထွက်လာသောအချိန်ရောက်မှသာ သူ့ခြင်များ၏ ခြင်ကိုက်စွမ်းရည်ကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်၏။ ထို့နောက် သူသည် ထိုခြင်ကိုးကောင်အား သူ့ဆီသို့ ပြန်ခေါ်လိုက်သည်။

” မေ့လို့။ သူတို့ရဲ့ ခုခံမှုစွမ်းရည်ကို စမ်းသပ်ရဦးမှာပဲ ”

ထိုခြင်ကိုးကောင် သူ၏ရှေ့သို့ ပြန်ရောက်လာသောအခါ ဝမ်ပေါင်လဲ့မှာ ခေတ္တမျှ စဉ်းစားကြည့်လိုက်ပြီးနောက် ၎င်းတို့ထဲမှ တစ်ကောင်အား လက်ညှိုးနှင့်လက်မကြားတွင် ညှစ်ကြည့်လိုက်၏။ ၎င်းမှာ အတော်အတန် မာကျောပါသော်လည်း ဝမ်ပေါင်လဲ့ အားစိုက်လိုက်သော အခါတွင်မူ….

ဗျစ်…

ထို ခြင်လေးမှာ တစ်စစီ ကြေမွသွား၏။

ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွားရပြီး စိတ်နှလုံး တုန်ရီသွားရ၏။ ထို့နောက် ဓားအိမ်ထဲသို့ ဝိညာဉ်ချီများ ထည့်သွင်း၍ သူ၏ လက်ကို ဝှေ့ယမ်းလိုက်သောအခါ နောက်ထပ်ခြင်တစ်ကောင် ပေါ်ထွက်လာပြန်သည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့၏ မျက်လုံးများမှာ အရောင်တောက်သွား၏။ ကြိမ်ဖန်များစွာ စမ်းသပ်ကြည့်လိုက်ပြီးနောက် သူ၏ ဝိညာဉ်ချီ မကုန်မချင်း သေဆုံးသွားသော ခြင်များကို အဆုံးမရှိလောက်အောင် ပြန်လည်အသက်သွင်း၍‌ရကြောင်း သိလိုက်ရ၏။

” တော်တော်ကို စွမ်းတာပဲဟ ”
ဝမ်ပေါင်လဲ့မှာ သူ စုဆောင်းထားသမျှ အချက်အလက်အားလုံးကို ပြန်လည် စစ်ဆေးကြည့်လိုက်၏။ ထိုအခါ နတ်ဘုရားရတနာများကို သန့်စင်နိုင်စွမ်း ရှိနေသည့် ဓမ္မလက်နက်စစ်သည်လောင်းတစ်ယောက် ဖြစ်သော သူကိုယ်တိုင်ပင်လျှင် အံ့ဩမှင်တက်သွားရ၏။

အနက်ရောင်မျက်နှာဖုံးရှိ မမလေး ပြောပြခဲ့သည့် ညွှန်ကြားချက်များအတိုင်း ထိုဓားအိမ်လေးကို သန့်စင်ခဲ့ပါက ထွက်ပေါ်လာမည့် ဓားပျံအပ်ချောင်းများကို ထုတ်လွှတ်နိုင်စွမ်းရှိသော ဓားအိမ်အစစ်မှာ မည်မျှအထိ အစွမ်းထက်နိုင်ကြောင်းကို သူက မသိပေ။ သို့သော် သူ၏အမြင်တွင်မူ ဤအသွင်ပြောင်း ဓားအိမ်လေးမှာလည်း ၎င်းထက်ပို၍ အားနည်းနေသည်တော့ မဟုတ်ပေ။ တချို့ကဏ္ဍများတွင်ဆိုလျှင် ၎င်းမှာ ဓားအိမ်အစစ်ထက်ပင် သာလျှင် သာနေနိုင်၏။

ဝမ်ပေါင်လဲ့မှာ ထိုခြင်များကို ဆက်လက်စမ်းသပ်ရန် ပြင်လိုက်စဉ် ကောင်းကင်တာအိုကျောင်းနှင့် ခပ်ဝေးဝေး နေရာတစ်ခုတွင်ရှိသော ကြီးမားကျယ်ပြန့်သည့် တောင်စဥ်တန်းကြီးတစ်ခုထဲတွင် အချက်ပြ အမှတ်အသားတစ်ခု ပေါ်လာ၏။

အဝေးမှကြည့်လိုက်ပါက အမှောင်ထုများမှာ ထို တောင်စဥ်တန်းကြီးကို လွှမ်းခြုံထားသည်။ အချက်ပြ မီးခိုးငွေ့များသာလျှင် ကောင်းကင်ပေါ်သို့ တလူလူ မြင့်တက်လာနေ၏။ ၎င်းမှာ ပျောက်ကွယ်သွားမည့်ပုံ လုံးဝ မပေါ်ဘဲ ဖော်ပြ၍မရနိုင်သော အငွေ့အသက်တစ်မျိုးကိုလည်း ထုတ်လွှတ်နေသေးသည်။ ထို့အပြင် ၎င်းမှာ ကောင်းကင်ဘုံကြီးနှင့် ချိတ်ဆက်ထားသကဲ့သို့ဖြစ်နေပြီး ကောင်းကင်ကြီးတစ်ခုလုံးမှာ အကွင်းပုံစံ ရှိနေသော တိမ်တိုက်ကြီးတစ်ခုကဲ့သို့ ဖြစ်သွား၏။

သို့သော် အနီးကပ် ကြည့်ရှုလိုက်မည်ဆိုပါက ထို တောင်တန်းများကို သတ္တုတစ်မျိုးဖြင့် ဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေမည်ကို မြင်လိုက်ရမည်ဖြစ်သည်။ အချက်ပြမီးခိုးငွေ့ စတင်ထွက်ပေါ်လာသော ထိုတောင်ထိပ်ပေါ်တွင် ဧရာမခံတပ်ကြီးတစ်ခု ရှိနေ၏။

ထို ခံတပ်မှာ ခမ်းနားကြီးကျယ်ကာ ဟိတ်ဟန်အပြည့်ရှိပြီး ၎င်းကို အုတ်ခဲနှင့် အင်္ဂတေများ မဟုတ်ဘဲ ထူးခြားသော သတ္တုတစ်မျိုးကိုသုံး၍ တည်ဆောက်ထားခြင်းဖြစ်သည်။ ၎င်းဆီမှ မည်းနက်တောက်ပြောင်နေသော အလင်းတန်းတစ်ခု တလက်လက် ပေါ်ထွက်နေ၏။ တောင်၏ တစ်ဖက်ခြမ်းကို ကျောပေး၍ တည်ဆောက်ထားသော ခံတပ်ကြီး၏ နံရံများကို ဆူးချွန်များဖြင့် အုပ်မိုးထား၏။ ထိုဆူးချွန်များ၏ အရှည်မှာ အမျိုးမျိုးရှိပြီး တချို့မှာ ရှည်လျားကာ တချို့မှာ တိုတောင်း၏။ သို့သော် ၎င်းတို့ အားလုံးပေါ်တွင် သွေးရာများကို မြင်နိုင်၏။ ၎င်းတို့ထဲမှ ဆူးချွန်အချို့၏ အစွန်းများတွင် စက်ဝိုင်းပုံစံ စင်မြင့်များရှိကြပြီး ထိုစင်မြင့်များပေါ်တွင် ဧရာမ အမြောက်ကြီးတစ်ခုနှင့်တူသော အရာတစ်ခုစီ ရှိနေ၏။

၎င်းမှာ ပြည်ထောင်စုကြီးကဖန်တီးထားသော စုပေါင်း နတ်ဘုရားရတနာပင် ဖြစ်သည်။ ၎င်းမှာ အလွန်အင်မတန်မှ အစွမ်းထက်၏။ တစ်ချက်မျှကြည့်လိုက်ရုံဖြင့် ခံတပ်ကြီး၏ နံရံများတစ်လျှောက်တွင် ရှိနေသော ဆူးချွန်များပေါ်တွင် ထိုကဲ့သို့သော နတ်ဘုရားရတနာ အမြောက်အမြား ရှိနေသည်ကို မြင်နိုင်ပေသည်။ ၎င်းတို့ကို အတိအကျ ရေတွက်ရန်မှာ မဖြစ်နိုင်ပေ။

ခံတပ်ကြီး၏ အဓိကကိုယ်ထည်မှာ ပေထောင်ပေါင်းများစွာ ကျယ်ဝန်းပြီး အံ့ဩဖွယ်ကောင်းလောက်အောင် မြင့်မားကာ ကိုက်ပေါင်း ငါးထောင်အထိ မြင့်မား၏။ ကောင်းကင်ဘုံကိုပင် ပိတ်ဆို့နိုင်သည့် တံခါးပေါက်ကြီးတစ်ခု ထိုတောင်ပေါ်တွင် ပေါ်ပေါက်လာပြီး ထို တောင်စဥ်တန်းကြီးတစ်ခုလုံးနှင့် တစ်သားတည်း ပေါင်းစည်းသွားသကဲ့သို့ပင်။ ၎င်းမှာ အံ့ဩမှင်တက်ဖွယ်ရာ ကောင်းနေသလို တချိန်တည်းမှာပင် ကုန်းမြေကြီးကို အတွင်းဘက်နှင့် အပြင်ဘက်ဟူ၍ နှစ်ပိုင်း ခွဲခြားထား၏။

အတွင်းဘက်တွင် ပြည်ထောင်စုကြီးတည်ရှိသည်။

အပြင်ဘက်တွင်မူ ခြောက်သွေ့နေသော ကုန်းမြေကြီး ရှိနေပြီး ၎င်း၏အလွန်တွင် အဆုံးမရှိလောက်အောင် ကြီးမားကျယ်ဝန်းနေသော တောအုပ်ကြီး ရှိနေ၏။ ထို တောအုပ်ကြီးများထဲမှနေ၍ ရက်စက်ကြမ်းကြုတ်သော သားရဲများ၏ ဟိန်းဟောက်သံများ ပဲ့တင်ထပ်လာသည်ကို ခပ်ရေးရေးခန့်ပင် ကြားနိုင်၏။

၎င်းမှာ ကမ္ဘာဦးနယ်မြေတစ်ခုနှင့်ပင် ဆင်တူနေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset