ကျောက်ဟိုင်လင်း၏ အရှုံးပေးလိုက်မှုကြောင့် ဆူဆူညံညံ ဖြစ်သွားကြသည့်အပြင် ကြက်ခြေခတ်ဓမ္မအဆောင်များ၏ ဂုဏ်သတင်းမှာလည်း ပို၍ပင် ကျော်စောသွား၏။ ထို့အပြင် ၎င်းတို့မှာ အရေအတွက် အနည်းငယ်မျှသာ ရှိသည်ဖြစ်ရာ သိပ်မကြာခင် ရှားပါးပစ္စည်းများ ဖြစ်လာကြတော့သည်။
ဤ ကိစ္စရပ်ကြီးမှာ ပြီးဆုံးသွားပြီဖြစ်ပြီး လူအများကြားတွင် ရေပန်းစားနေခြင်း မရှိတော့ပါသော်လည်း ‘ ကြက်ခြေခတ် ဓမ္မအဆောင် ‘ ဆိုသော စကားလုံးများမှာ လူအများ၏ နှလုံးသားထဲတွင် စွဲထင်နေကြပြီဖြစ်သည်။ လူတိုင်းနီးပါးပင် ထိုပစ္စည်းများအကြောင်းကို သိနေသည်ဟုပင် ဆိုနိုင်၏။ ထို့ကြောင့် လူများစွာ ကြက်ခြေခတ် ဓမ္မအဆောင်များ၏ ဖန်တီးရှင်ကို ခန့်မှန်းနေကြသည်မှာ မထူးဆန်းပေ။
သို့သော် ဝမ်ပေါင်လဲ့မှာမူ နောင်တကြီးစွာ ရနေ၏။ ကျောက်ဟိုင်လင်း၏ အရှုံးပေးမှုကြောင့် သူသည် အလွန်အင်မတန်မှ စိတ်ဓာတ်ကျသွားရ၏။ သူသည် ကျောက်ဟိုင်လင်းနှင့် မိတ်ဖြစ်ဆွေဖြစ် ယှဉ်ပြိုင်ခဲ့ရမှ ဗဟုသုတအမြောက်အမြား ရရှိခဲ့သည်မဟုတ်ပါလော။
သူသည် နတ်ဘုရားရတနာများအကြောင်းကို နက်နက်နဲနဲ နားလည်သွားခဲ့ရုံသာမက ၎င်းတို့ကို ဖန်တီးရာတွင်လည်း ယုံကြည်မှု ပို၍ ပြင်းထန်နေပြီဖြစ်သည်။ ယခင်တုန်းကဆိုလျှင် သူသည် နတ်ဘုရားရတနာတစ်ခုကို ဖန်တီးနိုင်လိမ့်မည်ဟု သူ့ကိုယ်သူ ယုံကြည်မှုမရှိပါသော်လည်း ယခုတွင်မူ သူသည် နတ်ဘုရားရတနာများကို စတင် ဖန်တီးသန့်စင်နိုင်စွမ်း ရှိလောက်ပြီဟု ခံစားနေရ၏။
ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ကြက်ခြေခတ် ဓမ္မအဆောင်များ၏ ဖန်တီးရှင်အဖြစ် လူလုံးထွက်ပြသင့်၊ မပြသင့် စဉ်းစားတွေးတောလိုက်ပြီးနောက် မသင့်တော်ကြောင်း ဆုံးဖြတ်လိုက်၏။ တစ်ဖက်တွင် ကြက်ခြေခတ် ဓမ္မအဆောင်များတွင် ပြဿနာအချို့ ရှိနေသည်ဖြစ်သလို အခြားတစ်ဖက်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ ကိုယ်ပိုင် အမှတ်တံဆိပ်ကို လူသိရှင်ကြား ကြေညာထားပြီး ကြက်ခြေခတ် ဓမ္မအဆောင်များကို လူမသိအောင် လျှို့ဝှက်ထားရသည်ကို သဘောတွေ့နေ၏။ ထိုကဲ့သို့ လူအများသိသော အမှတ်တံဆိပ်နှင့် လူမသိသော အမှတ်တံဆိပ် နှစ်မျိုးကို ပိုင်ဆိုင်ထားသောကြောင့် သူသည် အလွန်အင်မတန်မှ အစွမ်းထက်နေသည်ဟု ခံစားနေရ၏။
” အဆင့်မြင့်အရာရှိကြီးတွေရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်တွေထဲမှာ ကြီးမြတ်တဲ့ လူတွေက သူတို့ရဲ့ ဘဝတစ်လျှောက်လုံးမှာ သူတို့ကို ခေါ်ဆိုနိုင်တဲ့ ရာထူးတွေ အများကြီး ရှိတယ်လို့ ရေးထားကြတယ်။ အခုဆိုရင်… ငါလည်း အဲဒီ အရည်အချင်းနဲ့ ပြည့်စုံသွားပြီလို့ ပြောလို့ရတယ် ”
သူသည် ထိုစာကြောင်း၏ အဓိပ္ပါယ်ကို မှားကောက်မိလိုက်ခြင်း ဖြစ်နိုင်ပါသော်လည်း ယခုတွင်မူ သူသည် အလွန် တမူထူးခြားနေပြီဟု ခံစားနေရ၏။
ဝမ်ပေါင်လဲ့မှာ ဂုဏ်ယူဝင့်ကြွားစွာ ပြုံးကာ နတ်ဘုရားရတနာများကို အမှန်တကယ်ပင် စတင်လေ့လာ၍ ဖန်တီးသန့်စင်လိုက်တော့သည်။ နောက်ရက်များတွင် သူသည် လက်နက်သဲများကို နေ့စဉ်နေ့တိုင်း သန့်စင်နေသည့်အပြင် ကျောက်ဟိုင်လင်း၏ ရုပ်သံမှတ်တမ်းများမှတစ်ဆင့် သူ နားလည်သဘောပေါက်ခဲ့သော နည်းလမ်းအမျိုးမျိုးကို အသုံးချ၍ တတိယအဆင့် နတ်ဘုရားရတနာများကို အာရုံအပြည့်စိုက်၍ ဖန်တီးသန့်စင်နေတော့သည်။
ထိုအချိန်တွင် ဝိညာဉ်အမြစ်ရွာမှ သူရရှိခဲ့သော ဆုလာဘ်များကို မှတ်တမ်းတင် ပြီးစီးသွားသောကြောင့် သူ့ဆီသို့ ပေးပို့လိုက်၏။ သူသည် ၎င်းတို့အား အကြမ်းဖျင်းခန့် စစ်ဆေးကြည့်လိုက်သောအခါ သူကိုယ်တိုင်ပင်လျှင် အံ့ဩတုန်လှုပ်သွားရ၏။
” ပစ္စည်းအရေအတွက် တစ်သောင်းသုံးထောင့်ခြောက်ရာကျော်တောင် ပါလား ”
ဝမ်ပေါင်လဲ့မှာ ဝိညာဉ်အမြစ်ရွာထဲတွင် အိတ်သွန်ဖာမှောက် ရှာဖွေခဲ့စဉ်တုန်းက ရရှိခဲ့သည့် ပစ္စည်းအရေအတွက် အတိအကျကို မှတ်မထားမိခဲ့ပေ။ ယခုတွင်မူ ထိုပစ္စည်းများကို မြင်လိုက်ရသောအခါမှ ၎င်းတို့ကို မှတ်တမ်းတင်နိုင်ရန် တာအိုကျောင်းက အချိန်များစွာ ပေးခဲ့ရသည့် အကြောင်းအရင်းကို နားလည်သွားတော့သည်။
စုစုပေါင်း အရေအတွက်မှာ ကြီးမားလွန်းနေ၏။ ထို့အပြင် ထိုပစ္စည်းအားလုံးကို တာအိုကျောင်း၏ မှတ်တမ်းများထဲတွင် မှတ်ထားရန် မဖြစ်မနေ လိုအပ်၏။ ထို့ကြောင့် သူတို့မှာ အချိန်အတော်အတန် ကြာပြီးမှ ဝမ်ပေါင်လဲ့ဆီသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။
ထို့အပြင် တာအိုကျောင်းကိုယ်တိုင်ပင် မသိသေးသော ဂုဏ်သတ္တိများကို ပိုင်ဆိုင်ထားသည့် ပစ္စည်းပေါင်း သုံးထောင်ကျော်အထိ ရှိသည်။ ထိုပစ္စည်းများကို စာရင်းထဲ၌ သီးသန့် မှတ်သားထား၏။
ဝမ်ပေါင်လဲ့မှာ စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် ထိုပစ္စည်းစာရင်းထဲမှ ပစ္စည်းပေါင်း တစ်ထောင်ကျော်ကို ရွေးချယ်ခွင့်ရှိကြောင်း သိလိုက်ရသည်။ သို့သော် ရုပ်အလောင်းများနှင့် ဆေးလုံးများကဲ့သို့သော ပစ္စည်းများကိုမူ အကုန်လုံး ယူခွင့်မရှိပေ။ ထိုအမျိုးအစားတစ်ခုချင်းစီမှ အများဆုံး တစ်ခုသာလျှင် ယူခွင့်ရှိမည် ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ချင့်ချိန်သုံးသပ်လိုက်ပြီးနောက် သူ ရွေးချယ်ခွင့်ရှိသည့် ပမာဏထဲမှ တစ်ဝက်တိတိကို ရွေးချယ်ပြီး ကျန်တစ်ဝက်ကို တာအိုကျောင်းသို့ ပြန်ပေးကာ ဝိညာဉ်ကျောက်တုံးများနှင့် လဲလှယ်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအခါ သူပိုင်ဆိုင်ထားသော ဝိညာဉ်ကျောက်တုံး အရေအတွက်မှာ ချက်ချင်းဆိုသလိုပင် ကြောက်ခမန်းလိလိ မြင့်တက်သွား၏။
ဝမ်ပေါင်လဲ့မှာ သူ၏ ငွေစုစာရင်းထဲတွင် အမြောက်အမြားရှိနေသော ဝိညာဉ်ကျောက်တုံးများကို ကြည့်ရင်း အလွန် စိတ်လှုပ်ရှားသွား၏။ အချိန်အတော်အတန် ကြာပြီးနောက် သူသည် အသက်ပြင်းပြင်းရှူလိုက်၏။
” ငါ ချမ်းသာပြီကွ ”
သူ၏ မျက်လုံးများမှာလည်း အရောင်တောက်နေ၏။ ယခုလို ဝိညာဉ်ကျောက်တုံးများစွာကို ရုတ်ခြည်းဆိုသလို ရရှိလိုက်ေသာကြောင့် လွန်ခဲ့သော လအနည်းငယ်အတွင်း သူ မဝယ်နိုင်ခဲ့သည့် ကုန်ကြမ်းပစ္စည်းများစွာကို ချက်ချင်းပင် ဝယ်ယူလိုက်ပြီး တတိယအဆင့် နတ်ဘုရားရတနာများကို စတင် ဖန်တီးသန့်စင်လိုက်တော့သည်။
သို့သော် ဝမ်ပေါင်လဲ့၏ နားလည်နိုင်စွမ်းမှာ အတော်အတန် မြင့်မားလာခဲ့သည့်တိုင်အောင် တတိယအဆင့် နတ်ဘုရားရတနာများကို ဖန်တီးသန့်စင်ရာ၌ ကြုံတွေ့ရသည့် အခက်အခဲများမှာ ကြီးမားနေဆဲပင်။
နှစ်လတိတိ ကုန်ဆုံးသွားကာ ဝမ်ပေါင်လဲ့မှာ ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်ပြီးနောက် လက်နက်သဲပွင့်ပေါင်း ခုနစ်ထောင်တိတိ စုဆောင်းမိသွားပြီ ဖြစ်သည်။ နောက်ဆုံးတွင် သူည် မရေမတွက်နိုင်လောက်အောင် များပြားသော ကျရှုံးမှုများစွာကို ကျော်ဖြတ်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အောင်မြင်သွားတော့သည်။
သူသည် သူ၏ ပထမဦးဆုံးနတ်ဘုရားရတနာကို ဖန်တီးသန့်စင်နိုင်သွားပြီ ဖြစ်သည်။
ထို နတ်ဘုရားရတနာမှာ ထူးခြားဆန်းပြားမှုတော့ မရှိပေ။ ၎င်းမှာ ကောင်းကင်ဘုံလှိုင်းဟု အမည်ရသော ဓားပျံတစ်လက်ပင် ဖြစ်သည်။
ထိုဓားမှာ ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် လှိုင်းလုံးများကို ဖန်တီးပေးနိုင်၏။ ၎င်း၏ အငွေ့အသက်မှာ အံ့ဩတုန်လှုပ်စရာကောင်းသလို ၎င်း၏ တိုက်ခိုက်နိုင်စွမ်းမှာလည်း အံ့အားသင့်ဖွယ် ကောင်းသည်။ ၎င်းမှာ တတိယအဆင့် နတ်ဘုရားရတနာထဲတွင် သာမန်အဆင့်သာရှိပြီး ဒုတိယအဆင့် အထွတ်အထိပ် ဓမ္မအဆောင်များကို ထွင်းဖောက်သွားနိုင်စွမ်း မရှိပါသော်လည်း ၎င်းတို့ကို အစိတ်စိတ်အမြွှာမြွှာ ကျိုးပဲ့သွားအောင် လုပ်နိုင်စွမ်းရှိသည်။
ဝမ်ပေါင်လဲ့မှာ ကောင်းကင်လှိုင်းဓား၏ စွမ်းအားကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပြီးနောက် စိတ်လှုပ်ရှားသွား၏။ သို့သော် ဓမ္မလက်နက်စစ်သည်တစ်ယောက် ဖြစ်လိုပါက ကောင်းကင်လှိုင်းဓားတစ်လက်ကို ဖန်တီးသန့်စင်နိုင်ရုံလောက်နှင့် လုံလောက်မည်မဟုတ်ကြောင်း သူက သိထား၏။
ဓမ္မလက်နက်အဆောင်မှ ဓမ္မလက်နက်စစ်သည် စမ်းသပ်ပွဲမှာ ကြီးမားသော ကိစ္စကြီးတစ်ခု မဟုတ်ပါလော။ သူသည် လိုက်လံ မေးမြန်းကြည့်လိုက်ပြီးနောက် စည်းမျဉ်းများကို ရှင်းရှင်းလင်းလင်း နားလည်သွားပြီး ဓမ္မလက်နက်စစ်သည်စမ်းသပ်ပွဲတွင် ဝင်ရောက်ဖြေဆိုသူများမှာ ထိုစမ်းသပ်ပွဲအတွက် နတ်ဘုရားရတနာတစ်ခုကို ပြင်ဆင်ပေးရန်လိုအပ်ကြောင်း သိလိုက်ရ၏။
ထို စမ်းသပ်ပွဲ၏ အဓိကအချက်မှာ နတ်ဘုရားရတနာ၏ အဆင့်အတန်းပင် ဖြစ်သည်။ တတိယအဆင့် နတ်ဘုရားရတနာမှာ အနိမ့်ဆုံး လိုအပ်ချက်ဖြစ်သည်။ ဓမ္မအဆောင်တစ်ခုကို ကြုံရာကျပန်း ရွေးချယ်၍ ဖန်တီးသန့်စင်ခြင်းဖြင့် ဓမ္မလက်နက်စစ်သည်တစ်ယောက် ဖြစ်လာနိုင်ပါသော်လည်း ကံပေါ်တွင် အများကြီး မူတည်နေ၏။
ထို့ကြောင့် သမားရိုးကျ ဓမ္မလက်နက်စစ်သည် စမ်းသပ်ပွဲတစ်ခုတွင် မိမိ ကိုယ်ပိုင်စွမ်းရည်ဖြင့် ဖန်တီးသန့်စင်ပေးနိုင်မည့် အကောင်းဆုံးသော နတ်ဘုရားရတနာတစ်ခုကို ပြင်ဆင်ပေးရန် ကြိုးစားရမည် ဖြစ်သည်။ ထိုကဲ့သို့ ပြင်ဆင်ပြီးသည်နှင့် စမ်းသပ်ပွဲဖြေဆိုခွင့်အတွက် လျှောက်ထားနိုင်ပေသည်။ ဓမ္မလက်နက်အဆောင်က သူတို့၏ လျှောက်တင်စာကို ခွင့်ပြုပြီးပါက စမ်းသပ်ပွဲ ကျင်းပမည့် ရက်စွဲကိုတစ်ခုကို ထုတ်ပေးမည်ဖြစ်သည်။
ထို့နေ့သို့ ရောက်လျှင် လက်ထောက်အဆောင်မှူး လေးယောက်နှင့် ဓမ္မလက်နက်အဆောင်၏ အဆောင်မှူးတို့မှာ ဓမ္မလက်နက်စစ်သည် စမ်းသပ်ပွဲ ကျင်းပမည့်နေရာသို့ ရောက်လာကြမည်ဖြစ်သည်။ သူတို့မှာ အကဲဖြတ်သူများအဖြစ် ထမ်းဆောင်ကာ စာမေးပွဲဖြေဆိုသည့်လူများအား ဓမ္မလက်နက်စစ်သည်အဖြစ်သို့ တက်လှမ်းခွင့် ရှိ၊မရှိ ဆုံးဖြတ်ပေးကြမည်ဖြစ်သည်။ ထို့အပြင် သူတို့မှာ စာမေးပွဲဖြေဆိုသူများအား နတ်ဘုရားရတနာ ဖန်တီးသန့်စင်ခြင်းနှင့် ပတ်သက်သော မေးခွန်းအမျိုးမျိုးကိုလည်း ဖြေဆိုခိုင်းဦးမည် ဖြစ်သည်။
တစ်ခါတရံတွင် သူတို့မှာ စာမေးပွဲဖြေဆိုသူအား အခြား နတ်ဘုရားရတနာတစ်ခုကို သူတို့၏ ရှေ့၌ ထပ်၍ ဖန်တီးသန့်စင်ခိုင်းလေ့ ရှိသည်။ လက်ထောက်အဆောင်မှူးတစ်ယောက်က စာမေးပွဲဖြေဆိုသူများအား အခြား နတ်ဘုရားရတနာတစ်ခုကို ချက်ချင်း တန်း၍ ဖန်တီးသန့်စင်ခိုင်းခဲ့သည့် ဖြစ်ရပ်များလည်း ရှိခဲ့ဖူးသည်။
ထို လုပ်ငန်းစဉ်အတွင်း အမှားအယွင်းတစ်ခု ပေါ်လာပါက ထိုဖြေဆိုသူမှာ ဓမ္မလက်နက်စစ်သည်တစ်ယောက် ဖြစ်လာခွင့် ရတော့မည် မဟုတ်ပေ။ အကယ်၍ ထိုကဲ့သို့ဖြေဆိုရာ၌ ကလိမ်ကကျစ်ကျမည်ဆိုပါက ကြုံတွေ့ရမည့် နောက်ဆက်တွဲ အကျိုးဆက်များမှာ အင်မတန်မှ ပြင်းထန်၏။ အဆင့်မြင့်ကျွန်းမှ ထုတ်ပယ်ခံရပြီး အဆင့်မြင့်ကျွန်းပေါ်တွင် လေ့လာသင်ယူခဲ့သော ပညာရပ်များ ပြန်သိမ်းခံရသည်အထိ ပြင်းထန်နိုင်ပေးသည်။ ထို့ကြောင့် ဓမ္မလက်နက်စစ်သည် စမ်းသပ်ပွဲတွင် ကလိမ်ကကျစ်ကျရဲသူများ ရှိပါသော်လည်း အလွန်အင်မတန်မှ ရှားပါး၏။ ထို့အပြင် ထိုကဲ့သို့ ကလိမ်ကကျစ်ကျခဲ့သည့် သူများမှာလည်း အလွန်အင်မတန်မှ ပြင်းထန်သော နောက်ဆက်တွဲအကျိုးဆက်များကို ခံစားခဲ့ကြရသည်သာဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုအချင်းအရာများကို သိထားသောကြောင့် သူ၏ လက်ရှိအဆင့်အတန်းမှာ လုံလောက်မှုမရှိသေးကြောင်း ကောင်းကောင်းကြီး နားလည်ထား၏။ ထို့အပြင် သူသည် စမ်းသပ်ပွဲအတွက် လိုအပ်သော နတ်ဘုရားရတနာကိုလည်း မပြင်ဆင်ရသေးပေ။
” ပြီးတော့ ငါ့ရဲ့ ပစ်မှတ်က ဒုတိယအဆင့် ဓမ္မအဆောင်တွေကို အခက်အခဲမရှိ ဖန်တီးသန့်စင်ခဲ့သလိုမျိုး တတိယအဆင့် ဓမ္မအဆောင်တွေကို သန့်စင်ဖို့ပဲ။ အဲဒါဆိုရင် တစ်ယောက်ယောက်က ငါ့ကို အခက်တွေ့အောင် လုပ်ချင်ရင်တောင် ဘယ်သူကမှ ငါ ဓမ္မလက်နက်စစ်သည်တစ်ယောက် ဖြစ်လာတာကို တားဆီးနိုင်မှာမဟုတ်ဘူး ”
၎င်းမှာ ဝမ်ပေါင်လဲ့ကိုယ်တိုင် သူ့အတွက် ချမှတ်ထားသော သတ်မှတ်ချက်ပင် ဖြစ်သည်။ ထို့ကြောင့် သူသည် ဆုံးဖြတ်ချက်ပြတ်သားသော မျက်ဝန်းများဖြင့် နောက်ထပ်တစ်ကြိမ်ထပ်၍ တံခါးပိတ်ကျင့်ကြံလိုက်ပြီး တတိယအဆင့် နတ်ဘုရားရတနာများကို ပိုမိုအားစိုက်ကာ ဖန်တီးသန့်စင်နေလိုက်တော့သည်။
အချိန်များ ကုန်ဆုံးသွားပြီး ဝမ်ပေါင်လဲ့မှာ သူ၏ သတ္တမမြောက် နတ်ဘုရားရတနာကို အောင်မြင်စွာ သန့်စင်ပြီးသွားသောအခါ သူသည် နတ်ဘုရားရတနာများ သန့်စင်ရာ၌ ပိုမို ကျွမ်းကျင်လာပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။ ထိုအချိန်တွင် သူသည် သူ၏ လက်နက်သဲပွင့်ပေါင်း တစ်သောင်းတိတိကို အောင်မြင်စွာ သန့်စင်ပြီးသွားပြီဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုလက်နက်သဲများကို ကြည့်ကာ သူ၏ ခန္ဓာကိုယ်ထဲရှိ ဓားအိမ်လေးကို အာရုံခံရင်း တွေးတောသုံးသပ်နေ၏။ သူသည် ဇဝေဇဝါဖြစ်ကာ အစီအစဉ်တိုင်း ဆက်လုပ်ပြီး တတိယအဆင့် နတ်ဘုရားရတနာများနှင့် ပိုမိုရင်းနှီးကျွမ်းဝင်လာအောင် လုပ်ရမလား၊ သို့မဟုတ် သူ၏ ဓားအိမ်လေးကို အရင်ဆုံး သန့်စင်ရမလားဟူ၍ ဝေခွဲမရ ဖြစ်နေရတော့သည်။
ပထမနည်းလမ်းအတိုင်း လုပ်မည်ဆိုပါက အချိန်အကြာကြီး ပေးရမည်ဖြစ်ပြီး သူသည် ဆက်လက် လေ့လာရန် လိုအပ်သေးကြောင်း ဝမ်ပေါင်လဲ့က တွေးထား၏။ ဒုတိယနည်းလမ်းကိုမူ သူသည် အပြည့်အဝယုံကြည်မှု မရှိပါသော်လည်း အဓိကလိုအပ်သော ပါဝင်ပစ္စည်းများအားလုံးကို စုစည်းပြီးသွားပြီ ဖြစ်သလို ကျန်ရှိနေသေးသော ပစ္စည်းများကိုလည်း အဆင့်မြင့်ကျွန်းပေါ်တွင် ဝယ်ယူ၍ ရနိုင်ပေသည်။
အနည်းငယ်ခန့်ကြာပြီးနောက် ဝမ်ပေါင်လဲ့မှာ ဆုံးဖြတ်ချက်ချလိုက်၏။ လက်နက်သဲနှင့် ဓားအိမ်လေးတို့မှာ တန်ဖိုးကြီးမားလွန်းပြီး ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား ယုံကြည်မှုအပြည့်နှင့် သန့်စင်နိုင်စွမ်း မရှိသေးပေ။ ထို့ကြောင့် သူသည် တတိယအဆင့် နတ်ဘုရားရတနာများ သန့်စင်ခြင်းထဲ၌သာ အာရုံစိုက်ထားလိုက်၏။
အချိန်များ တရွေ့ရွေ့နှင့် ကုန်ဆုံးသွားပြန်သည်။ ဝမ်ပေါင်လဲ့မှာ ယခုအကြိမ် တံခါးပိတ်လေ့ကျင့်ရာတွင် သူ၏ စိတ်နှလုံးကို ပြတ်သားအောင်လုပ်လိုက်ပြီး မုန့်များကိုလည်း လျှော့စားခဲ့၏။ ထို့ကြောင့် သူသည် ဝိတ်အနည်းငယ်ခန့် ကျသွားခဲ့ပြီး အများကြီးပို၍ ရုပ်ရည်ချောမောလာ၏။
သုံးလတိတိ ဝိညာဉ်ကျောက်တုံး အလုံအလောက် သုံးစွဲလိုက်ပြီးနောက် ဝမ်ပေါင်လဲ့မှာ ကြိမ်ဖန်များစွာသော ကျရှုံးမှုများကို ကျော်ဖြတ်ပြီးသွားသဖြင့် တတိယအဆင့်နတ်ဘုရားရတနာများ သန့်စင်ရာ၌ ပို၍ ကျွမ်းကျင်လာတော့သည်။ နောက်ဆုံးတွင် သူသည် တတိယအဆင့် အထွတ်အထိပ် နတ်ဘုရားရတနာများကို ဖန်တီးသန့်စင်နိုင်စွမ်း ရှိသွားပြီဖြစ်သည်။ ၎င်းတို့မှာ သန့်စင်ရလွယ်ကူသော အမျိုးအစားများ ဖြစ်ပါသော်လည်း ဝမ်ပေါင်မှာ အလွန်အင်မတန်မှ စိတ်ဓာတ်တက်ကြွနေပြီဖြစ်သည်။
တချိန်တည်းမှာပင် သူသည် သူ၏ ဒုတိယအဆင့် အထွတ်အထိပ် ဓမ္မအဆောင််များ အားလုံးကိုလည်း အဆင့်မြှင့်တင်လိုက်၏။ ထို့အပြင် သူ၏ ကြက်ခြေခတ် ဓမ္မအဆောင်များ အချို့ကိုပါ အဆင့်မြှင့်တင်ခဲ့သေးသည်။ သူသည် အလွန်အင်မတန်မှ ကြွယ်ဝချမ်းသာနေသောကြောင့် ၎င်းတို့အားလုံးမှာ တတိယအဆင့်သို့ ရောက်ရှိသွားကြတော့သည်။
ဝမ်ပေါင်လဲ့၏ ရဲစွမ်းသတ္တိအပြည့်ရှိသော လေ့လာစမ်းသပ်မှုများ၊ သူ၏ ကျွမ်းကျင်လိမ္မာမှုများနှင့် ကံအနည်းငယ်ကောင်းမှုတို့ကြောင့် ဓားအမ်လေးကို တစ်ကြိမ်တည်းနှင့် အောင်မြင်စွာ သန့်စင်လိုက်နိုင်၏။ ၎င်းမှာ အထွတ်အထိပ်အဆင့်သို့ မရောက်သေးပါသော်လည်း တတိယအဆင့် နတ်ဘုရားရတနာတစ်ခု ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
သို့သော် အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေသည့် ဝမ်ပေါင်လဲ့တစ်ယောက် ထို ဓားအိမ်လေးကို စိတ်လှုပ်တရှား ဝှေ့ယမ်းကာ ၎င်းထဲမှ ဓားအငွေ့အသက် အပ်ချောင်းများ ထွက်ပေါ်လာရန် မျှော်လင့်နေတုန်း သူ့အား ပါးစပ်အဟောင်းသား ဖြစ်သွားစေသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပျက်သွား၏။
၎င်းမှာ ထိုဓားအိမ်လေးထဲမှ တဝီဝီမြည်သံများ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တုန်လှုပ်သွားပြီး ထိုဓားအိမ်လေးအား စိုက်ကြည့်နေစဉ် ထိုထဲမှ ခြင်ကိုးကောင် ပျံထွက်လာ၏။ ထို့ကြောင့် သူသည် အမြင်အာရုံများ ဝေဝါးသွားရပြီး ခေါင်းများ ထူပူသွားရတော့သည်။
” ဘာလဲဟ ”
ဝမ်ပေါင်လဲ့မှာ သူ၏မျက်လုံးများကို ပွတ်ရင်း ထိုဖြစ်ရပ်မှာ ယုံကြည်နိုင်ဖွယ်ရာ မရှိဟု တွေးလိုက်၏။ အချိန်အနည်းငယ်ခန့် ကြာပြီးနောက် အသိစိတ်ပြန်ဝင်လာသောအခါ သူသည် စိုးရိမ်တကြီး ဖြစ်သွားရပြီး ဓားအိမ်ပေါ်ရှိ ကမ္ဗည်းစာလုံးများကို ချက်ချင်းပင် စစ်ဆေးကြည့်ရှုလိုက်တော့သည်။
သေသေချာချာ စစ်ဆေးပြီးသွားသောအခါမှ အကြောင်းအရင်းကို ရှာတွေ့သွား၏။ သူ အသုံးပြုသောနည်းလမ်းမှာ ချို့ယွင်းမှုများ ရှိနေသောကြောင့် ဓားအိမ်လေးအား တတိယအဆင့်သို့ အဆင်မြှင့်တင်ရာတွင် မတော်တဆတစ်ခု ဖြစ်သွားခဲ့ခြင်းဖြစ်သည်။ လက်နက်သဲအား ဓားအိမ်ထဲသို့ ရောထည့်ခဲ့စဉ်တုန်းက ၎င်းမှာ ကမ္ဗည်းစာလုံးများကို ပြောင်းလဲသွားစေခဲ့ပြီး ထိုစဥ်က ဝမ်ပေါင်လဲ့ နားမလည်ခဲ့သည့် ထူးဆန်းသော ပြောင်းလဲမှုတစ်မျိုး ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဤ အမည်မသိသော ဂုဏ်သတ္တိတစ်ခု ပေါ်ပေါက်လာရခြင်းဖြစ်သည်။
ဤ ဓားအိမ်လေးမှာ အတိုင်းအတာတစ်ခုအထိ အောင်မြင်သွားသည်ဟု ဆိုနိုင်သလို ကျရှုံးသွားသည်ဟုလည်း ဆိုနိုင်ပေသည်။
သို့သော် ၎င်းမှာ သမားရိုးကျ ကြက်ခြေခတ် ဓမ္မအဆောင်တစ်ခုနှင့် မတူပေ။ ထို ကြက်ခြေခတ် ဓမ္မအဆောင်များ၏ ပြောင်းလဲမှုများမှာ လက်နက်သဲပွင့် တစ်ပွင့်တည်းကြောင့် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ဤဓားအိမ်ထဲကိုမူ လက်နက်သဲပွင့်ပေါင်း တစ်သောင်းတိတိ ထည့်သွင်းထားခြင်း ဖြစ်သည်။
” မဖြစ်နိုင်တာ… ”
ဝမ်ပေါင်လဲ့မှာ ငိုမဲ့မဲ့သွားပါသော်လည်း မျက်ရည်စက်များ ကျမလာပေ။ သူသည် လက်ယား၍ ထိုဓားအိမ်လေးအား အစောကြီး သန့်စင်မိခဲ့သည်ကို နောင်တရနေတော့သည်။ ဝမ်ပေါင်လဲ့မှာ ရေအေးများဖြင့် ပက်ခံလိုက်ရသည့်အလား မျှော်လင့်ချက်နှင့် စိတ်လှုပ်ရှားမှုအားလုံး ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကြတော့သည်။ အထူးသဖြင့် သူ၏ရှေ့တွင် ဝဲပျံနေသည့် ခြင်ကိုးကောင်ကို မြင်လိုက်ရသောအခါ ပို၍ပင်ဆို့နင့်သွား၏။ သူသည် လက်မြှောက်၍ ထိုထဲမှ ခြင်တစ်ကောင်ကိုသတ်ရန် ကြံရွယ်မိလိုက်ပါသော်လည်း ဤ ဓမ္မအဆောင်ကို သန့်စင်နိုင်ရန်အတွက် လက်နက်သဲပွင့်ပေါင်း တစ်သောင်းတိတိနှင့် မရေမတွက်နိုင်လောက်အောင်များပြားသော ပစ္စည်းများကို အသုံးပြုခဲ့ရခြင်းဖြစ်ကြောင်း ပြန်၍အမှတ်ရသွားသောအခါ ထိုခြင်လေးအား မသတ်ရက်တော့ပေ။
” ခြင်တွေကလည်း…. အရမ်းအစွမ်းထက်နိုင်ပါတယ် ” ဝမ်ပေါင်လဲ့မှာ ငိုယိုကာ သူ့ကိုယ်သူ နှစ်သိမ့်လိုက်ရ၏။ ထို့နောက် မိုးသစ်တောထဲတွင် သူ ကြုံတွေ့ခဲ့ရသည့် ကြောက်မက်ဖွယ်ရာ ခြင်ကြီးကို ပြန်၍ အမှတ်ရသွားသည်။
ထို့နောက် သူသည် ရှုံ့မဲ့နေသော မျက်နှာဖြင့် သတ္တိမွေးကာ သူ၏ နတ်ဝိဇ္ဇာဂူ အပြင်ဘက်သို့ ထွက်သွားလိုက်၏။ ထိုခြင်များ မည်မျှအစွမ်းထက်ကြောင်း စမ်းသပ်ရန် သူက ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
” ဖက်တီး ဘိုးဘေးကြီးများနှင့်တကွ အဆင့်မြင့်အရာရှိကြီးများရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်တွေထဲက ဘိုးဘိုးကြီးတို့ခင်ဗျား။ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို ကောင်းချီးပေးပါ။ ဒီခြင်တွေမှာ အသုံးတစ်ခုခုတော့ ရှိမှဖြစ်မယ်ဗျာ။ အနည်းဆုံးတော့ ကျနော် လက်နက်သဲတွေ သုံးခဲ့ရတာ တန်မှဖြစ်မယ်။ ကျနော်က လက်နက်သဲပွင့် အပွင့်ပေါင်း တစ်သောင်းတိတိ သုံးခဲ့ရတာလေဗျာ “
Good