Switch Mode

အခန်း ( ၁၆၇ )

ဒါက ပရိယာယ်သုံးပြီး လှည့်စားတာပဲ ဖြစ်ရမယ်

ကျောက်ဟိုင်လင်း၏ ပို့စ်တက်လာသည်နှင့် အာရုံစိုက်ခံရပြီးသား အဖြစ်အပျက်မှာ ပို၍ ပွဲဆူသွားလေသည်။ ထိုပို့စ်ကြောင့် အံ့ဩထိတ်လန့်သွားသူများ ပိုများလာပြီး အဆင့်မြင့်ကျွန်း တစ်ခွင်လုံး၌ လူပြောအများဆုံး အကြောင်းအရာ ဖြစ်လာသည်။

ဝမ်ပေါင်လဲ့မှာလည်း ဓါးအိမ်ကို သန့်စင်နေရင်း အားလပ်ချိန်၌ ထိုသတင်းကို နားစွင့်ထားသည်။ ဓမ္မစစ်သည်၏ ရန်စထားသည့် စကားကို ဖတ်ပြီးနောက် ဝမ်‌ပေါင်လဲ့က နှုတ်ခမ်းကို တင်းတင်းစေ့ကာ လေးနက်သည့် အမူအရာ ဖြစ်သွားသည်။

“ သူတို့ အားလုံးက ကောက်ကျစ်၊ မာယာများတဲ့ မြေခွေးအိုကြီးတွေပဲ….”
ဝမ်ပေါင်လဲ့သည် စိတ်ထားရိုးရှင်းပြီး ပွင့်လင်းသူ တစ်ယောက်မှ မတွေ့ဖူးသဖြင့် ကျွဲမြီးတိုနေသည်။ သူလိုချင်သည်မှာ လေ့လာရန်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ စိတ်ထဲ မချိသော်လည်း မျက်လုံးများမှာ တောက်ပနေဆဲ ဖြစ်သည်။ ချက်ချင်း လိုအပ်သည့် စီမံရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးနောက် ကျောက်ဟိုင်လင်း၏ နတ်ဘုရား ရတနာကို ယူလိုက်သည်။

“ ဒါပေမဲ့ ဂိုဏ်းတူအစ်ကိုကျောက်က လူကောင်းတစ်ယောက်ပဲ။ ဒါဆိုရင် လုံးဝ ပေါပေါပဲပဲ မဟုတ်တဲ့ နတ်ဘုရား ရတနာတစ်ခုပဲ။ ငါတောင် လေ့လာဖို့အတွက်နဲ့ ဒါကို မသုံးနိုင်လောက်ဘူး”

ဝမ်ပေါင်လဲ့ နှလုံးသားမှာ ပူနွေးနေသည်။ သူ့လက်ထဲ၌ နတ်ဘုရား ရတနာအချို့ ရှိသော်လည်း ချန်းယွီထုံ၏ ခေါင်းဆောင်း၊ ပါမောက္ခပေးထားသည့် ကျောက်စိမ်းပြား၊ လင်းမိသားစုမှ လျော်ကြေးအဖြစ် ပေးထားသည့် ကြေးမုံပြင် ၎င်းတို့အားလုံးမှာ အရေးကြီးပြီး တန်ဖိုးထားရမည့် ပစ္စည်းများ ဖြစ်သည်။ ၎င်းတို့ကို လေ့လာရင်း ဖျက်ဆီးမိမည်စိုးသဖြင့် လေ့လာရန် သတ္တိမရှိချေ။

ဝမ်ပေါင်လဲ့မှာ အတော်လေး ကြွယ်ဝသော်ငြား သူ့အတွက် နတ်ဘုရား ရတနာအသစ်တစ်ခု ကိုယ်တိုင် ဝယ်ရမည်ဆိုပါက နှမြောတသဖြစ်ကာ သုံးရက်မည်မဟုတ်ပေ။ သို့သော် ယခု ကျောက်ဟိုင်လင်းက ဝမ်ပေါင်လဲ့ လေ့လာရန်အတွက် သူ့ပစ္စည်းကို သူ့ဘာသာ ပို့လိုက်သည်ဖြစ်ရာ စိတ်ပူစရာ မလိုတော့ပေ။

ပစ္စည်းကို လက်ခံပြီးနောက် ဝမ်ပေါင်လဲ့သည် ကြေးနီရောင် ကြေးမုံပြင်အသွင် ရှိသည့် နတ်ဘုရား ရတနာကို ကြည့်ရင်း ရင်ခုန် စိတ်လှုပ်ရှားကာ မျှော်လင့်ချက်များ ပြင်းပြလာသည်။ သူက ချက်ချင်းပင် အရည်ကျိုမီးဖိုခန်းသို့ သွားကာ ခွဲခြမ်းစိတ်ဖြာကာ လေ့လာသည့် လုပ်ငန်းစဉ်ကို စတင်လိုက်သည်။

“ ဒီ နတ်ဘုရား ရတနာကို မတူညီတဲ့ ပစ္စည်း အမြောက်အမြား သုံးပြီး လုပ်ထားတဲ့ပုံပဲ။ နည်းလမ်းတွေအရတော့ အဲဒီလောက် အများကြီး မလိုဘူး။ နောက်ပြီး ကြည့်ရတာ အထင်ကြီးစရာလည်း တစ်စက်မှ မရှိဘဲ အက်ကြောင်းရာတွေ၊ ပေါင်းစပ်တဲ့ဖြစ်စဉ်ပြီးနောက် ဖြစ်လာတဲ့ ပြစ်ချက်တွေကလည်း ပါသေး…”

“ ဒီပြစ်ချက်က အပူချိန်က ကမ္ဗည်းစာတွေကို သက်ရောက်မှု ရှိလို့ မလွှဲမရှောင်သာ ပေါ်လာတာမျိုးလား”

“ ဒီဝိညာဉ်အမြုတေကတော့…. သေစမ်း။ နတ်ဘုရား ရတနာရဲ့ ကမ္ဗည်းစာတွေက ရှုပ်လှချေလား”

လေ့လာနေရင်း ဝမ်ပေါင်လဲ့မှာ အံအားသင့်ကာ မကြာခဏ ဟာခနဲ ဖြစ်သွားရသည်။ ပို၍ စိတ်လှုပ်ရှားလာပြီး မျက်လုံးထဲ၌ တောက်ပသည့် အလင်းရောင်များ ဖြာနေသည်။ သူ့မျက်လုံးထဲ၌ ကြေးနီရောင် ကြေးမုံပြင်မှာ ရတနာတစ်ခုဖြစ်သွားသည့်အလား ခွဲခြမ်းစိတ်ဖြာခြင်း လုပ်ငန်းစဉ်တွင် နစ်မြောသွားလေသည်။ သူက ဆန်းစစ်လေ့လာရာ၌ နတ်ဘုရား ရတနာနှင့် ပတ်သက်သည့် သူ့ကိုယ်ပိုင် ဗဟုသုတများ၊ နားလည်ခြင်းများကိုပါ ထည့်သွင်း လေ့လာနေခြင်း ဖြစ်သည်။

ဝမ်ပေါင်လဲ့အတွက်မူ ဤသည်မှာ ကံကြမ္မာသာ ဖြစ်သည်။ သူက ခွဲခြမ်းစိတ်ဖြာနေရင်း နတ်ဘုရား ရတနာကို ကိုင်တွယ်ရာ၌ ပိုမို ယုံကြည်ချက် ပြည့်ဝလာသည်။ ထိုတစ်ချက်တည်းကပင် သူ့ကို စိတ်လှုပ်ရှား ပျော်မြူးနေစေသည်။

ဝမ်ပေါင်လဲ့သည် နတ်ဘုရား ရတနာကို လေ့လာနေစဉ် ကျောက်ဟိုင်လင်းကလည်း အလိုလို ပေါက်ကွဲစေတတ်သည့် ပုလဲလုံး နှစ်လုံးကို လက်ဝယ်ရရှိနေပြီ ဖြစ်သည်။ စစ်ဆေးလေ့လာရန် ကြိုးစားပြီးနောက် သူက အလွန်ခက်ခဲကြောင်း သဘောပေါက်သွားသည်။ ကျိန်ဆဲကာ ယခင်က ကူညီခဲ့သည့် သူငယ်ချင်းများကို ဖိတ်ခေါ်ကာ နောက်တစ်ဖန် လေ့လာဆန်းစစ်ကြပြန်သည်။

သို့ရာတွင် ဤတစ်ကြိမ်၌ ဓမ္မစစ်သည်‌လေးယောက်တို့မှာ သုံးရက်တိုင် ခေါင်းမဖော်တမ်း လေ့လာ အဖြေရှာကြသော်လည်း စိတ်ပျက်လက်ပျက်ဖြစ်ကာ လက်လျှော့ရလေသည်။ ပုလဲလုံးများထဲမှ ကမ္ဗည်းစာများက သူတို့ ခန့်မှန်းထားသည်ထက် အလွန်အမင်း ရှုပ်ထွေးနေသည်။

“ အစ်ကိုကျောက်၊ ဒီဓမ္မအဆောင်ကို ဖန်တီးခဲ့တဲ့သူက ရူးနေတာပဲ။ ဒါက ဒုတိယအဆင့် ဓမ္မအဆောင်ပဲကို ကမ္ဗည်းစာတွေက သောင်းချီနေတာ။ ပြောင်းလဲသွားတာတွေကလည်း အမျိုးပေါင်း ရာချီနေတာ။ ဒါကို ဘယ်လို အဖြေရှာကြမှာလဲ”

“ ကျွန်တော်တို့ မစားမအိပ်ဘဲ ကမ္ဗည်းစာတွေ အားလုံးကို တစ်ခုချင်း လိုက်ကြည့်မယ်ဆိုရင်တောင်မှ နှစ်ဝက်လောက် ကြာမှာ”

ကျောက်ဟိုင်လင်းမှာလည်း ဆွံ့အကာ ပြောစရာ စကား ပျောက်ဆုံးနေသည်။ သူက လက်လျှော့ရမလား၊ မလျှော့ရမလား ဝေခွဲမရဖြစ်နေသည်။ ဝမ်ပေါင်လဲ့မှာမူ အရည်ကျိုမီးဖိုခန်းထဲမှ အပြေးထွက်လာပြီး ခေါင်းမော့ကာ တဟားဟား အော်ရယ်လိုက်သည်။

“ ငါ အခုနားလည်သွားပြီ။ အပူချိန်ပြောင်းလဲတာက အရည်ကျိုမီးဖိုပေါ်မှာပဲ မူတည်တာမဟုတ်ဘူး၊ ပေါင်းစပ်တဲ့ ကုန်ကြမ်း ပစ္စည်းတွေပေါ်လည်း မူတည်သေးတယ်”

“ မတူညီတဲ့ ကုန်ကြမ်းပစ္စည်းတွေမှာ မတူညီတဲ့ အရည်ပျော်မှတ်တွေ ရှိကြတယ်။ ဒါကြောင့် နတ်ဘုရား ရတနာသန့်စင်မယ်ဆို ဒီအရည်ပျော်မှတ်ကိုပါ ထည့်စဉ်းစားရမယ်”

“ ဓမ္မအဆောင်တစ်ခုကို သန့်စင်တာနဲ့ လုံးဝ မတူညီတဲ့ ဖြစ်စဉ်ပဲ။ ဓမ္မအဆောင်သန့်စင်တာက တစ်ဆင့်ပြီးတစ်ဆင့် အစဉ်လိုက် သွားရတာ။ ပထမအဆင့်ပြီးမှပဲ ဒုတိယအဆင့်ကို စဉ်းစားဖို့လိုတာ။ ဒါပေမဲ့ နတ်ဘုရားရတနာမှာကျ ဒီလိုမဟုတ်ဘူး။ သန့်စင်တဲ့ လုပ်ငန်းမစခင် အသေးစိတ် အချက်အလက်တွေ၊ အဆင့်တွေကို စဉ်းစားထားရမယ်။ အပူချိန်ကို သက်ရောက်မှု ရှိနိုင်တဲ့ အသေးစိတ် အချက်အားလုံးကို အကြမ်းဖျင်း ထည့်တွက်ထားရမယ်။ ဘာနဲ့တူသလဲဆိုတော့ ပုစ္ဆာတစ်ပုဒ်ကို ဖြေရှင်းပြီး အဖြေထွက်လာသလိုမျိုးပေါ့။ အဲဒီလို အကြမ်းဖျင်း တွက်ထားပြီးမှ အဲဒါကို ဖြည့်ဆည်းတဲ့အနေနဲ့ ကမ္ဗည်းစာတွေကို ရေးထိုးရမယ်။ အဲဒီလိုမှပဲ နတ်ဘုရား ရတနာကို သန့်စင်ဖို့ ဖြစ်နိုင်မှာ”

“ ဒါက အဆင့်မြင့်ကမ္ဗည်းစာကို သင်ယူပြီးသူတွေအတွက် ဆန်းသစ်ကမ္ဗည်းစာပညာရပ်ပဲ”

ဝမ်းမြောက်ဝမ်းသာဖြင့် ဝမ်ပေါင်လဲ့က သူ၏ ကမ္ဗည်းစာပုံသေနည်းကို အသုံးပြုကာ နတ်ဘုရား ရတနာမှ အမှားကို ရှာလိုက်သည်။ လေအမျိုးအစား၊ မီးအမျိုးအစား ကမ္ဗည်းစာများကို စီစဉ်ရာ၌ အမှားရှိနေခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။ လေအမျိုးအစား ကမ္ဗည်းစာများမှာ ပိုမို အစွမ်းထက်နေသောကြောင့် မီးအမျိုးအစား ကမ္ဗည်းစာများကို ပူးပေါင်းကာ အတူတကကွ အစွမ်းပြရန် ဟန့်တားနေရုံမက ဖိနှိပ်ထားသည်။ သို့ဖြစ်ရာ နတ်ဘုရား ရတနာတစ်ခုလုံး မှားယွင်းလုပ်‌ဆောင်သည်အထိ ပျက်စီးသွားစေသည်။

အခြားသူများဆိုလျှင် လေ့လာခြင်း၊ စမ်းသပ်ခြင်းများ အကြိမ်ရေများစွာ လုပ်ဆောင်ပြီးမှသာ အမှားကို ရှာတွေ့မည်ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ အခြေခံ ကောင်းကောင်းရှိပြီး လိုအပ်သည့် ပုံသေနည်းပါ ရှိသောကြောင့် အလွယ်တကူ ရှာတွေ့ခြင်းဖြစ်သည်။

ဝမ်ပေါင်လဲ့က ဝမ်းပန်းတသာဖြင့် ဝိညာဉ်ကွန်ရက်၌ ချက်ချင်းပင် ပို့စ်တင်လိုက်သည်။ နတ်ဘုရား ရတနာကို လေ့လာဆန်းစစ်ရာမှ တွေ့ရှိချက်များကို ရှင်းပြပြီးနောက် ခံစားချက်အပြည့်ဖြင့် အဆုံးသတ်လိုက်သည်။

“ ဒါက တကယ်ပဲ ပြဿနာ သေးသေးလေးပဲ။ စီနီယာအစ်ကို၊ အစ်ကိုက တကယ် စကားတည်တဲ့လူပဲ”

ဝိညာဉ်ကွန်ရက်ကို သတိထား စောင့်ကြည့်နေသူများက ပို့စ်ကို တွေ့ပြီးနောက် ချက်ချင်းပင် ဆွေးနွေးကြပြန်သည်။ ဝမ်ပေါင်လဲ့အနေဖြင့် အဖြေရှာရန် သုံးရက်သာ ကြာလိမ့်မည်ဟု မည်သူမျှ မထင်ထားကြသောကြောင့် အားလုံးမှာ တအံ့တဩ ဖြစ်ကုန်ကြသည်။

အခြားတစ်ဖက်တွင် မူလက ဆက်လက် အဖြေရှာသင့်၊ မရှာသင့် ဝေခွဲမရ ဖြစ်နေသည့် ကျောက်ဟိုင်လင်းမှာ ထိုသတင်းများကို ကြားပြီးနောက် အံ့အားသင့်သွားသည်။ သူက အေးစက်စက် ရယ်မောလိုက်သည်။

“ ငါ့တုန်းက အချိန်တစ်လကြာအောင် ပြဿနာရဲ့ အရင်းမြစ်ကို ရှာဖို့ သေချာ လေ့လာ စမ်းသပ်ခဲ့ရတာ။ ဒီလူက သုံးရက်ပဲ ကြာတယ်ပေါ့…. မဖြစ်နိုင်တာ”
ကျောက်ဟိုင်လင်းက အေးစက်စက် သက်ပြင်းချလိုက်ပြီး ဝိညာဉ်ကွန်ရက်ကို ဖွင့်ကြည့်လိုက်သည်။ သူက ဝမ်ပေါင်လဲ့ပို့စ်ကို ရှာလိုက်ပြီး မျက်လုံးများ မှေးစင်းကာ ကြည့်လိုက်သည်။ ထိုစာကို ဖတ်နေရင်း သူက ရုတ်တရက် မျက်လုံးများ ပြူးကာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

“ မဖြစ်နိုင်တာ”

ကျောက်ဟိုင်လင်း၏ မျက်နှာအမူအရာမှာ ဆိုးဆိုးဝါးဝါး ရှုံ့မဲ့နေသည်။ သူက အနီးကပ်ကြည့်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ဝမ်ပေါင်လဲ့၏ ခံစားချက်အပြည့်ဖြင့် ရေးထားသည့် နောက်ဆုံးစာကြောင်းကို ဖတ်ပြီး နဖူးပေါ်၌ သွေးကြောများ ထောင်လာသည်။ သူ့အတွက် ထိုစာကြောင်းမှာ မာနကို ထိပါးသည့် စော်ကားခြင်းတစ်မျိုးပင် ဖြစ်သည်။

“ အဲ့လူက ဓမ္မစစ်သည်တောင် မဟုတ်သေးရင် နောက်ခံကောင်းကောင်း ရှိတဲ့သူပဲ ဖြစ်ရမယ်”

“ ဒါက ငါ့ကို ပရိယာယ်သုံးပြီး လှည့်စားထားတာသက်သက်ပဲ”

ထိုသို့တွေးကာ ကျောက်ဟိုင်လင်းမှာ တုန်ရီလာသည်။ သူက ဖြစ်နိုင်ခြေ ရှိသူများကို ဆက်စပ်ကြည့်လိုက်လျှင် ယခုနှစ်ပိုင်းများအတွင်း ရန်သူဖြစ်ခဲ့သူများ စိတ်ထဲတွင် အစီအရီပေါ်လာသည်။ သို့ရာတွင် ရန်သူများမှာ များလွန်းသဖြင့် မည်သူဟု တည့်တိုး မထောက်ပြနိုင်ပေ။

သို့ရာတွင် မူလဇစ်မြစ်ဖြစ်သည့် ပထမဆုံး ဗီဒီယိုကို အဘယ့်ကြောင့် တင်လိုက်မိသလဲ စဉ်းစားကြည့်မိသည်။ ဤသည်မှာ သူ၏ ဆွေမျိုးတစ်ယောက်က ထိုအကြောင်းကို သာမန်ကာ လျှံကာ ပြောလိုက်ချိန်၌ သူက သိချင်စိတ် ပြင်းပြသွားသောကြောင့်ဖြစ်သည်။

“ အဲဒီလူက တစ်ခုခုတော့ လွဲနေပြီ”
ကျောက်ဟိုင်လင်း၏ မျက်လုံးထဲ၌ အေးစက်စက် အကြည့်တစ်ချက် ပေါ်လာသည်။ တွေးလေလေ၊ သူ့ကို မရိုးမသား ပရိယာယ်သုံးကာ ဉာဏ်ဆင်ထားသည်ဟု သေချာလေဖြစ်သည်။

“ အဲဒီလူက ဘယ်‌လောက်ပဲ ကောက်ကျစ်ပါစေ၊ ဒါက ရှုံးလို့ မရတဲ့ တိုက်ပွဲတစ်ခုပဲ။ ငါသာ ဆက်တိုက် နိုင်နေမယ်ဆိုရင် အဲဒီလှည့်ကွက်ထဲ ရောက်မှာမဟုတ်ဘူး ”
ကျောက်ဟိုင်လင်းမှာ ရက်စက်ကြမ်းတမ်းကာ စိတ်ပိုင်းဖြတ်ထားသည့်ပုံ‌ပေါ်သည်။ သူက အံကြိတ်လိုက်ပြီး အဆက်အသွယ်များကို သုံးကာ လူရှာလိုက်သည်။

နောက်ပိုင်းရက်များတွင် ဓမ္မလက်နက်အဆောင်မှ ဓမ္မစစ်သည် နှစ်ဆယ်ခန့်ဆီမှ အကူအညီ ရခဲ့သည်။ အားလုံးစုစုပေါင်းလိုက်လျှင် လူအယောက်နှစ်ဆယ်ကျော်က ပုလဲလုံးများကို အာရုံစူးစိုက်မှုအပြည့်ဖြင့် လေ့လာကြတော့သည်။

နောက်ဆုံး တစ်လအကြာတွင် ဝိညာဉ်ကွန်ရက်ပေါ်မှ လူများ အတင်းအဖျင်း ပြောလာကြသည့် အချိန်၌ ကျောက်ဟိုင်လင်းမှာ နီရဲနေသော မျက်လုံးများဖြင့် ဖရိုဖရဲ ထွက်လာသည်။ သူသည် ကြေးကြီးကြီးပေးလိုက်ရပြီးနောက် အလားတူ ပင်ပန်းနွမ်းနယ်နေသည့် ဓမ္မစစ်သည်အယောက်နှစ်ဆယ်ခန့်ကို ပြန်လွှတ်လိုက်သည်။

ကုန်လွန်သွားသည့် တစ်လအတွင်း သူတို့သည် တံခါးပိတ်ကာ သီးခြား လေ့လာ အဖြေရှာခဲ့ကြသည်။ လူနှစ်ဆယ်ခန့်၏ ဉာဏ်ပညာ၊ ဓမ္မလက်နက် အသိပညာများ ပေါင်းစပ်ပြီးမှသာ နောက်ဆုံး အလိုလို ပေါက်ကွဲသည့် ပုလဲလုံးများ၏ ပြဿနာကို အဖြေရှာနိုင်ခဲ့သည်။ သူတို့အတွက် ခက်ခဲမှုချင်း ယှဉ်လိုက်လျှင် နတ်ဘုရား ရတနာ သုံးလေးခု သန့်စင်ရခြင်းသည် ယခုကဲ့သို့ အဖြေရှာရသည်ထက် လွယ်ကူလွန်းလှသည်။

နောက်ဆုံးတွင် ကျောက်ဟိုင်လင်း ကိုယ်တိုင်ပင် ဤပုလဲလုံးများ၏ ပ‌ဟေဠိဆန်ဆန် ဖန်တီးရှင်ကို စိတ်ပူကာ သတိထားဆက်ဆံရတော့မည် ဖြစ်သည်။ ဤ အလိုလို ပေါက်ကွဲသည့် ပုလဲလုံးများကို မည်သို့ မည်ပုံ ဖန်တီးခဲ့သည်ကို တွေးကြည့်၍ပင် မရနိုင်ချေ။

လက်တွေ့တွင် ဝမ်ပေါင်လဲ့သည်ပင် ပုလဲများ မည်သို့ မည်ပုံ ဖြစ်လာသည်ကို သေချာမသိကြောင်း ကျောက်ဟိုင်လင်း သိခွင့်မရသည်မှာ နှမြောစရာ ဖြစ်သည်။

“ ဒီဓမ္မအဆောင်က လုပ်ရတာ တော်တော်ခက်ပြီး ဘာမှလည်း အထင်ကြီးစရာမကောင်းဘူး။ ဘယ်သူကများ ဒီဟာလုပ်ဖို့ အင်တိုက်အားတိုက် ကြိုးစားနေမှာလဲ။ ဒါ့ကြောင့် ဒါက တစ်ဖက်လူက ငါ့ကို အနိုင်ယူဖို့ သေချာ ပြင်ဆင်ထားတဲ့ လှည့်ကွက်တစ်ခုပဲ ဖြစ်ရမယ်”

အကူအညီတောင်းထားသူများကို ပြန်လွှတ်ပြီးနောက် ကျောက်ဟိုင်လင်းက ဂူထဲသို့ ပြန်ဝင်ထိုင်ကာ တစ်ယောက်တည်း ကြက်သီးထဖွယ် ရယ်မောလိုက်သည်။

“ ဒါပေမဲ့ အဲဒီလိုဆိုရင်တောင် ငါက ဖြေရှင်းနိုင်ခဲ့တာ။ လက်တုံ့ပြန်တာက ငါ့ပင်ကိုစရိုက်ရဲ့ တစ်စိတ်တစ်ဒေသပဲ”

ကျောက်ဟိုင်လင်းက အသက်ကို ပြင်းပြင်းရှူကာ ရှုပ်ပွနေသည့် ဆံပင်ကို သပ်ရပ်သွားအောင် ဖြီးလိုက်သည်။ ထို့နောက် မျက်လုံးထဲမှ သွေးရောင်ကို ဖယ်ရှားရန် ဆေးလုံးတစ်လုံး မျိုချလိုက်ပြီး ဗီဒီယိုတစ်ပုဒ် ရိုက်ကူးကာ ဖြန့်ဝေလိုက်သည်။

“ ဒီဓမ္မအဆောင်က စိန်ခေါ်မှုတစ်ရပ်လို့တော့ ပြောနိုင်တယ်။ ဒါပေမဲ့ အသေးစားလေးပါပဲ။ ဒီဟာရဲ့ ဝိညာဉ်ချီက သိပ်သည်းမှုများပြီး သေချာ ပိတ်ဆို့ထားတာမျိုး မရှိတော့၊ ကုန်ကြမ်း ပစ္စည်းတွေ ပေါင်းစပ်ပြီးနောက်မှာ လိုအပ်တဲ့ ကမ္ဗည်းစာတွေဆီကို ဝိညာဉ်ချီက လမ်းကြောင်းအမှန်အတိုင်း မစီးဆင်းနိုင်သွားဘူး။ ဝိညာဉ်ချီတွေ စုဝေးရာကနေ သာသာလေးထိလိုက်ရုံနဲ့ အလိုလို ပေါက်ကွဲတာမျိုး ဖြစ်လာတာ”

ထိုဗီဒီယိုမှာ အလွန်အသေးစိတ်ကျပြီး အမှားများ ရှိနေသည့် ကမ္ဗည်းစာကြောင်းများပင် ပါဝင်သည်။ ကျောက်ဟိုင်လင်း၏ လေယူလေသိမ်းနှင့် မျက်နှာအမူအရာတို့မှာလည်း ယခင်အတိုင်း နှိမ့်ချ လှောင်ပြောင်သည့် အသွင်မျိုးဖြစ်သည်။ နောက်ဆုံးတွင် သူက နောက်ထပ် နတ်ဘုရား ရတနာတစ်ခုကို တင်လိုက်သည်။

“ တစ်လှည့်ပြန်ပြီး စိန်မခေါ်တာက ရိုင်းရာကျတယ်လေ။ ဒီနတ်ဘုရား ရတနာမှာ ပြဿနာက ဘယ်နေရာလဲဆိုတာ ရှာရဲလား”

ဝမ်ပေါင်လဲ့သည် ဝိညာဉ်ကွန်ရက်ပေါ်မှ ပွဲဆူနေသည်ကို ဂရုမစိုက်ပေ။ ယခု သူ့အာရုံမှာ ကျောက်ဟိုင်လင်းပေးလိုက်သည့် အဖြေပေါ်တွင်သာ အပြည့်အဝ ရောက်နေသည်။ ဉာဏ်အလင်းပွင့်သွားသည့်အလား ဦးနှောက်ထဲ၌ လျှပ်စီးလင်းသွားကာ အသက်ရှူသံများ မြန်လာသည်။

“ ဒါက နတ်ဘုရား ရတနာ သန့်စင်တဲ့ လုပ်ငန်းက နောက်ထပ်ပြဿနာတစ်ခုပဲ”

“ ကုန်ကြမ်းပစ္စည်းတွေအတွက် အသင့်တော်ဆုံးဖြစ်မယ့် အပူချိန်ကို ခန့်မှန်းဖို့ လိုအပ်ရုံမကဘူး။ ဝိညာဉ်ချီကိုလည်း အစီအစဉ်အတိုင်း စီးဆင်းစေဖို့လည်း အ‌ရေးကြီးတယ်။ ဒါမှသာ ပြီးပြည့်စုံစွာ အလုပ်လုပ်မှာ”

ဝမ်ပေါင်လဲ့၏မျက်နှာမှာ အဖြေရှာတွေ့သွားသည့်အတွက် တောက်ပနေသည်။ သူ့စိတ်ထဲတွင် ရှိနေသည့် တစ်ခုတည်းသော အတွေးမှာ ဓမ္မစစ်သည်နှင့် အပြန်အလှန် စိန်ခေါ်ခြင်းမှာ သူ့အတွက် သိသိသာသာ အကျိုးဖြစ်ထွန်းသွားသည်ဟူသည့် အချက်ဖြစ်သည်။

“ အစ်ကိုကျောက်က တကယ့်ကို လေးစားစရာ ကောင်းတာပဲ”

ဝမ်းသာရွှင်မြူးစွာဖြင့် ဝမ်ပေါင်လဲ့က ဝိညာဉ်ကွန်ရက်မှ နတ်ဘုရား ရတနာကို ချက်ချင်း ရယူလိုက်သည်။ ရသည်နှင့်တပြိုင်နက် သူက ချက်ချင်း လေ့လာဆန်းစစ်တော့သည်။ ရက်အနည်းငယ်ကြာပြီးနောက် ဝမ်‌ပေါင်လဲ့မှာ ပင်ပန်းနေပုံပေါက်သော်လည်း စိတ်အားတက်ကြွစွာ အင်အားအပြည့်ဖြစ်နေသည်။ အဖြေကို ကြေညာပြီးနောက် သူက ဓမ္မအဆောင် နောက်တစ်ခုကို တင်လိုက်သည်။

သူတင်လိုက်သည့် ဓမ္မအဆောင်မှာ ဓါးပျံဟု အထင်ရောက်နေသည့် ထီးတစ်လက်ဖြစ်သည်။

ကျောက်ဟိုင်လင်းမှာ မျက်လုံးများ နီရဲနေပြီး ထီးအကြောင်း အဖြေရှာရမည့် တိုက်ပွဲတွင် သူ့ကို ကူညီရန် အခြားသူများကို ကြေးကြီးပေးကာ ဖိတ်ခေါ်ရပြန်သည်။ ထိုသို့ဖြင့် သူတို့နှစ်ယောက်ကြားတွင် ထိုဖြစ်စဉ်တစ်ခုလုံးမှာ လည်ပတ်နေပြီး ဘယ်တုန်းကမျှ မမြင်ဖူးခဲ့သည့် ရတနာတိုက်ပွဲကြီး စတင်ခဲ့သည်။

နောက်ပိုင်းရက်များတွင် ကျောက်ဟိုင်လင်း၏ အကူအညီဖြင့် ဝမ်ပေါင်လဲ့၏ ဓမ္မလက်နက် အသိပညာများမှာ အံ့မခန်း တိုးတက်လာခဲ့သည်။ ထို့ကြောင့် သူက ဓါးအိမ်ကို ဒုတိယအဆင့် အထွတ်အထိပ် ဓမ္မအဆောင်တစ်ခုအဖြစ် သန့်စင်နိုင်ခဲ့သည်။ ဝမ်းသာပျော်ရွှင်စွာဖြင့် သူက ကျောက်ဟိုင်လင်း၏ ဗီဒီယိုများကို လိုချင်စိတ် ပိုမိုပြင်းထန်လာသည်။ ဝမ်ပေါင်လဲ့သည် ဗီဒီယိုထဲမှ အသေးစိတ် အချက်အားလုံးအား သူ့အတွက် လေ့လာသင်ယူရန် အခွင့်အရေးတစ်ခုအဖြစ် သတ်မှတ်ထားသည်။

“ အစ်ကိုကျောက်က တကယ် လေးစားစရာပဲ”

“ အစ်ကိုကျောက်က အရမ်းထက်မြက်တာပဲ။ သူက ဒီထီးရဲ့ ပြဿနာကိုတောင် ရှာနိုင်တယ်”

“ အစ်ကိုကျောက်ရဲ့ ဓမ္မလက်နက်ဗဟုသုတက ကျယ်ပြန့် စုံလင်လိုက်တာ”

ဝမ်ပေါင်လဲ့သည် ဗီဒီယိုများကို ကြည့်လေလေ၊ ပို၍ စိတ်လှုပ်ရှား ဝမ်းမြောက်လာလေ ဖြစ်သည်။ သူက ဝိညာဉ်ကွန်ရက်၌ ရှိသမျှ ကြက်ခြေခတ် ဓမ္မအဆောင်မျိုးစုံကို ဆက်တိုက် ကြေညာနေသည်။ နောက်ဆုံး တံဆိပ်ကြီးတစ်ခုကို တင်လိုက်ချိန်၌ ကျောက်ဟိုင်လင်းမှာ ရူးမတတ် ဖြစ်နေလေပြီ။ သူဖိတ်ခေါ်ထားသမျှ ဓမ္မစစ်သည် နှစ်ဆယ်ခန့်မှာ ဤအရှုံးသာ ရှိသည့် ဖြစ်ရပ်ကြီးထဲ၌ ကံဆိုးမိုးမှောင်ကျလေပြီဟု ခံစားနေရသည်။ ကျောက်ဟိုင်လင်းက မည်သို့သော အကျိုးအမြတ်များ ပေးသည်ဖြစ်စေ၊ သူတို့မှာ ဝင်မပါလိုတော့ပေ။ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်တွင် ကျောက်ဟိုင်လင်းမှာ ဂူထဲ၌ ငူငူကြီး ရပ်လျက် ကျန်နေပြီး ဤ ရတနာတိုက်ပွဲအား အရှုံးပေးရန်မှလွဲ၍ သူ့အတွက် ရွေးချယ်စရာ မရှိတော့‌ပေ။

သူ့အတွက် ဤရတနာတိုက်ပွဲမှာ ဒုတိယအရေးကြီးသည့် အရာဖြစ်သည်။ အရေးအကြီးဆုံးမှာ တစ်ဖက်လူသုံးသွားသည့် ပရိယာယ်ကို အသေးစိတ် အဖြေရှာရန် ဖြစ်သည်။ သို့ရာတွင် မည်မျှပင် အခြေအနေကို သုံးသပ်ကာ အဖြေရှာသော်လည်း သူသည် တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို နားမလည်နိုင်ပေ။

သူ့ထင်မြင်ချက်အရ ဤအချက်မှာ အခြေအနေတစ်ခုလုံးကို ကြောက်မက်ဖွယ် ကောင်းစေသည်။

“ တစ်ဖက်လူက သေချာပြင်ဆင်ထားတာ။ ငါထင်တာတော့ ငါ့ကို ဒီလို လှည့်စားဖို့ သေချာပေါက် နှစ်နှစ်ကျော်လောက် ကြံစည်ရမှာ။ ငါ ဘာလုပ်ရမလဲ”

ကျောက်ဟိုင်လင်းက အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်သည်။ ဤသည်မှာ စာရင်းစစ်ဌာနမှ အရာရှိဖြစ်ကတည်းက သူ ကြုံရသည့် အကြီးဆုံး စိန်ခေါ်မှုဖြစ်သည်ဟု ခံစားရသည်။

တစ်ဖက်လူ ပြင်ဆင်ထားသည့် ဓမ္မအဆောင်များ၊ သူ့ကိုယ်ပိုင် ဓမ္မအဆောင်များအား အချိန်တိုအတွင်း နားလည်နိုင်စွမ်းရှိနေသည့် အချက်များမှာ သူ့ကို လုံးဝ ခြောက်လှန့်နေပြီး တချိန်တည်း၌ သူ့အထင်မှာ မှန်ကန်နေကြောင်း သက်သေပြနေသည်။
“ ဒီလူရဲ့နောက်မှာ သေချာပေါက် လူတစ်စု ရှိနေတယ်”

Comment

Leave a Reply

Options

not work with dark mode
Reset