အေးစက်စက် ရယ်မောလိုက်ပြီး ကျောက်ဟိုင်လင်းက ချက်ချင်းပင် ဗီဒီယိုတစ်ပုဒ် ရိုက်ကူးကာ ဝိညာဉ်ကွန်ရက်ပေါ်သို့ ဖြန့်ဝေလိုက်သည်။
ယခုအချိန်ထိ ဝိညာဉ်ကွန်ရက်ပေါ်မှ ဤကိစ္စအပေါ် အာရုံစိုက်နေကြသူများမှာ တိုးပွားလာနေဆဲ ဖြစ်သည်။ သူတို့အားလုံးက ဓါးပျံ၏ ဖွဲ့စည်းပုံကို သေချာ ရှင်းပြပေးမည့် ကျောက်ဟိုင်လင်း၏ ဗီဒီယိုကို မျှော်လင့်နေကြသည်။ ကျောက်ဟိုင်လင်း၏ ဗီဒီယို ပေါ်ထွက်လာသည့် အခိုက်အတန့်၌ ကြည့်ရှုသူ အရေအတွက်မှာ ထိုးတက်သွားသည်။ ကြည့်ရှုပြီးသူများက ဗီဒီယိုအကြောင်း ပြန်လည် ဖြန့်ဝေကြရာ မကြာမီ ကျောက်ဟိုင်လင်း၏ ဗီဒီယို ကြည့်ရှုသူအရေအတွက် တဟုန်ထိုး မြင့်တက်သွားသည်။
ဗီဒီယိုထဲ၌ ကျောက်ဟိုင်လင်းသည် ဓါးပျံအကြောင်း ဆန်းစစ်လေ့လာရာမှ ဖြစ်ပေါ်လာသည့် ပင်ပန်းနေသည့်ပုံစံကို တစ်စက်ကလေးမှ ထုတ်မပြပေ။ သူသည် အင်အားအပြည့်ဖြင့် ယခင်ကဲ့သို့ ထောင်လွှားသည့် အကြည့်၊ တည်ငြိမ်သည့် အမူအရာဖြင့် ရှင်းပြသွားသည်။
“ ဒီဗီဒီယိုကို ရက်နည်းနည်းကြာမှ ရိုက်ရတဲ့ အကြောင်းရင်းက စတုတ္ထအဆင့် နတ်ဘုရား ရတနာကို သန့်စင်နေလို့ပါ။ ကျုပ်က ဒီဓါးပျံကို အချိန်မပေးနိုင်၊ အာရုံမစိုက်နိုင်ဘူး။ မနေ့ကမှ စတုတ္ထအဆင့် နတ်ဘုရား ရတနာကို အောင်မြင်စွာ သန့်စင်ဖန်တီးနိုင်ခဲ့လို့ နောက်ဆုံးမှာ ဒီဓါးကို လှည့်ကြည့်ဖို့ အချိန်လေးရလာတာ ”
“ ကျုပ်အထင်မှာတော့၊ ဒီဓါးက…. အမှိုက်ဖြစ်နေတုံးပဲ”
“ အရင်တစ်ခုထက်တောင် ပိုဆိုးပြီးတော့ ဒါက အမှိုက်တကာ့ အမှိုက်ပဲ ”
“ လုပ်တဲ့သူကို ပြောချင်တာက၊ မင်း ငါ့စကားကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ငါ အရေးမစိုက်ဘူး။ ဒါပေမဲ့ ဓမ္မလက်နက်အဆောင်က ဓမ္မစစ်သည်တစ်ယောက်အနေနဲ့ ဓမ္မလက်နက်အဆောင်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ဖို့ဆိုတာ မင်းထင်သလောက် မလွယ်ဘူးဆိုတာ မင်းသိအောင်ပြောဖို့ ငါ့မှာ တာဝန်ရှိတယ်”
“ မင်းရဲ့ ဒီဓါးကတော့…. လုပ်တဲ့ ပညာရပ်မှာ ပြဿနာတွေ ရှိနေတယ်၊၊ အပူချိန်ကို သေချာ မထိန်းချုပ်ထားတော့ အရမ်းမြင့်နေတာ၊ ဒါကြောင့် (၃၇၈၅) ခုမြောက် ကမ္ဗည်းစာကို အရည်ပျော်သွားစေပြီး ကမ္ဗည်းစာ စီစဉ်ပုံမှာ အမှားဖြစ်သွားတယ်၊ အဲဒါကြောင့် ဓါးကို အသက်သွင်းတဲ့အခါမှာ ပစ်မှတ်ကို မရှာနိုင်တာ။ နောက်ပြီး မင်းရဲ့ ရှုပ်ပွနေတဲ့ ကမ္ဗည်းစာအတွဲလိုက်တွေကြောင့် ဓါးမှာ ဖိနှိပ်ခံထားရတဲ့ သတ်ဖြတ်စွမ်းအားတွေ များလွန်းနေပြီး ထုတ်စရာနေရာမရှိတဲ့အခါမှာ ရန်သူလား၊သခင်လား မခွဲခြားနိုင်တော့တာပဲ ”
“ နောက်ဆုံးအနေနဲ့ မင်း ဒီလို အမှိုက်ဆန်ဆန် ဓမ္မအဆောင်တွေကို သုံးပြီးတော့ သူများတွေကို ကလိမ်မကျဖို့ သတိပေးချင်တယ်။ မဟုတ်ရင်တော့ ငါ မင်းကို ဘယ်သူလဲဆိုတာ သိအောင် ရှာပြီး ဒီပြဿနာကို စုံစမ်း စစ်ဆေးရလိမ့်မယ်”
ဗီဒီယိုထဲ၌ ကျောက်ဟိုင်လင်းမှာ စည်းကမ်းကြီးကာ ဖြောင့်မတ်သည့်လေသံ ထွက်နေသည်။ သူ့အသံမှာ အခွင့်အာဏာရှိသူတစ်ယောက်အလား ထင်ရပြီး တွေ့သမျှ လူတိုင်းက ချက်ချင်းပင် သတိဝီရိယ ရှိလာကြသည်။ အထူးသဖြင့် သူပြောသည့်အရာတိုင်းမှာ ယုတ္တိရှိရှိ၊ မှန်ကန်နေသောကြောင့် ဖြစ်သည်။ ဗီဒီယိုထဲ၌ သူက ပြောနေရင်း ဓါးပျံကို ဖြုတ်ကာ မမှန်သည့် ကမ္ဗည်းစာကို ထောက်ပြသည်။ သူ့အမူအရာများမှာ လူတိုင်းကို နှစ်နှစ်ကာကာ ယုံကြည်သွားစေသည်။
“ လက်စသတ်တော့ အဲဒီလိုကိုး၊ သူက ဓမ္မစစ်သည်တစ်ယောက်ဆိုတာ သံသယဖြစ်စရာ မရှိဘူး။ ဓမ္မအဆောင်ကို သေချာစစ်ဆေးဖို့ တစ်ရက်ပဲ ကြာတယ်”
“ လေးစားလောက်တယ်။ ဒါကမှ ဓမ္မစစ်သည်တစ်ယောက်ရဲ့ တကယ့် အရည်အချင်းပဲ”
“ ငါ အရင်ကလည်း ပြောခဲ့ဖူးတယ်။ ဒီကြက်ခြေခတ် ဓမ္မအဆောင်တွေ အားလုံးက အမှိုက်ပါလို့၊ ကဲ၊ ခုတော့ မြင်တဲ့အတိုင်း အမှန်ပဲ။ အားလုံးက အမှိုက်တွေပဲ”
ချက်ချင်းပင် ဝိညာဉ်ကွန်ရက်ပေါ်၌ ဆွေးနွေးဝေဖန်ချက်များ အုံကြွလာသည်။ ကြက်ခြေခတ် ဓမ္မအဆောင်များကို ဆန့်ကျင်ပြောကြားသည့်အသံများ ပိုမို ကျယ်လောင်လာသည်။ ထိုသို့ အရှိန်အဟုန်ဖြင့် ဆန့်ကျင်လာကြသောကြောင့် ကျောက်ဟိုင်လင်းမှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည်။
သူ့အတွက်မူ ကြက်ခြေခတ် ဓမ္မအဆောင်အား ဖန်တီးသန့်စင်သူမှာ ပါရမီရှိသည် မှန်သော်ငြား ထိုမျှနှင့် အဆုံးသတ်လိုက်ပြီဖြစ်သည်။ ထိုပုဂ္ဂိုလ်က တစ်ဖန် လက်တုံ့ပြန်မည်ဟု ထင်မထားခဲ့ပေ။
အထူးသဖြင့် အခြေအနေကို နှစ်ရက်တိုင် လေ့လာပြီးနောက် ဓမ္မအဆောင်များကို ဆန့်ကျင်သူများပြားလာပြီး ၎င်းအဆောင်များကို ဖန်တီးသူမှာလည်း နှုတ်ဆိတ်နေကြောင်း သိလိုက်ရသောကြောင့်ဖြစ်သည်။ ကျောက်ဟိုင်လင်းက ဖန်တီးသန့်စင်သူမှာ အမြင်မှန်ရသွားလိမ့်မည်ဟု ထင်ခဲ့သည့် သူ့ခန့်မှန်းချက်မှာ မှန်ကန်သွားသောကြောင့် နှာမှုတ်လိုက်သည်။
“ သူက တော်သလိုတော့ ထင်ရပါတယ်။ ဒါပေမဲ့ ပညာနုပါသေးတယ် ”
ဝိညာဉ်ကွန်ရက်ပေါ်၌ နောက်ဆုံးမှတ်ချက်တစ်ခု ပေးပြီးနောက် ကျောက်ဟိုင်လင်းမှာ ဤကိစ္စကို အာရုံမထားတော့ပေ။
နောက်တစ်နေ့ ကုန်ဆုံးသွားပြီး ကြက်ခြေခတ် ဓမ္မအဆောင် ဖန်တီးသန့်စင်သူမှာ တိတ်ဆိတ်နေပြီး ဘာမှ ဝင်မပြောသောကြောင့် သူ့အား စွပ်စွဲ၊ ဝေဖန်ချက်များ များပြားလာသည်။
ထိုအချိန်၌ ဝမ်ပေါင်လဲ့မှာ လက်နက်သဲပွင့်ပေါင်းတစ်ထောင်အား အောင်မြင်စွာ သန့်စင်ပြီးသွားသည်။ ဝမ်းမြောက်ဝမ်းသာဖြင့် သူ၏ ကြက်ခြေခတ် ဓမ္မအဆောင်များအကြောင်း တွေးမိကာ ဝိညာဉ်ကွန်ရက်ကို ဖွင့်လိုက်သည်။ ချက်ချင်းပင် သူ့ဓမ္မအဆောင်များအကြောင်း ဆွေးနွေးချက်များ၊ ဝေဖန်ကြသည်များကို တွေ့လိုက်ပြီး ဒေါသထောင်းခနဲ ဖြစ်သွားသည်။
“ ဘယ်သူက အဲ့လောက်အားလို့ ဝိညာဉ်ကွန်ရက်ကိ နေ့ရော၊ ညပါ ကြည့်နေနိုင်မှာတုံး ”
ဝမ်ပေါင်လဲ့မှာ ဒေါသထွက်နေသည်။ သူက ထိုဓါးပျံအား ရောင်းချရန် ကြေညာထားစဉ် မကြာမကြာ ကြည့်ဖြစ်သေးသည်။ သို့သော် စစ်ဆေးခြင်းမှာ ကြာနေသောကြောင့် ဝမ်ပေါင်လဲ့မှာ မေ့သွားပြီး လက်နက်သဲ သန့်စင်ကာ အလုပ်ရှုပ်နေသည်။
ယခု စွပ်စွဲပြောဆိုချက်များကို ဖတ်လိုက်ပြီးနောက် သူက ကျောက်ဟိုင်လင်း၏ ဗီဒီယိုကို တွေ့သွားသည်။ သူသည် ဗီဒီယိုကို ကြည့်ပြီးနောက် မခံမရပ်နိုင်ဖြစ်နေသည်။ မျက်လုံးအပြူးသားနှင့် အသက်ရှူသံများ မြန်ကာ သူ့မျက်လုံးထဲမှ အလင်းရောင် ထွက်လာသည်။ တခဏအကြာတွင် သူက ပေါင်ကို ဖြန်းခနဲ ရိုက်လိုက်သည်။
“ ဒီတော့ အကြောင်းရင်းက ဒါပေါ့။ လက်နက်သဲက အပူချိန်ကို သက်ရောက်မှုရှိတာပဲ ”
ဝမ်ပေါင်လဲ့က တအံ့တဩဖြစ်ကာ ရုတ်တရက် ထခုန်လိုက်သည်။ သူသည် စိတ်လှုပ်ရှားနေသောကြောင့် ဝိညာဉ်ရေခဲရေ တစ်ပုလင်းကို ထုတ်ကာ အကုန်မော့သောက်လိုက်ပြီး ပုလင်းအခွံကို ဘေးလွှင့်ပစ်လိုက်သည်။ သူက ဂူထဲ၌ ပတ်လျှောက်နေကာ သူ့စိတ်ထဲမှ အတွေးကို ဆန်းစစ်ကြည့်နေမိသည်။
“ ဒီလိုဆိုရင် အဲဒီ ကမ္ဗည်းစာ အပိုင်းကို ပြင်လို့ ရမယ်ဆိုရင် တခြားနေရာတွေလည်း ပြောင်းသွားပြီး ဓါးလည်း လုံးဝ တိုးတက်လာမှာပဲ။ သူ့လူ ကိုယ့်လူ ခွဲတတ်လာရုံတင် မကဘူး။ သူ့အစွမ်းကလည်း သိသိသာသာ တိုးတက်မြင့်မားလာမှာ”
“ ဓမ္မအဆောင်တစ်ခုကို နတ်ဘုရား ရတနာအဖြစ် ပြောင်းလဲရာမှာ အဓိက သော့ချက်က အပူချိန်နဲ့ ကမ္ဗည်းစာမှာ ရှိနေတာ… ငါ… ငါ အခု နားလည်သလိုလို ရှိလာပြီ”
ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားနေသည်။ သူက ထိုမခွဲခြားတတ်သည့် ဓါးပျံကို မရောင်းမီက ကမ္ဗည်းစာများကို အလွတ်ကျက်ထားခဲ့သည်။ သို့သော် ထိုးထွင်းအမြင် မရှိသေးသည့်အပြင် လက်နက်သဲများကို ဖန်တီးသန့်စင်ရန် အာရုံစိုက်နေရသဖြင့် ပြဿနာကို မရှာနိုင်ခဲ့ပေ။ ထို့ကြောင့် သူသည် ထိုဓါးကို ပြောင်းလဲ ပြင်ဆင်ခြင်းများ မလုပ်နိုင်ခဲ့ပေ။ ယခု သူက လမ်းပတ်လျှောက်နေရာမှ ရုတ်တရက် ရပ်တန့်လိုက်ပြီး ဓါးပျံတစ်ချောင်းကို ထုတ်ကာ အရည်ကျိုမီးဖိုခန်းထဲသို့ တစ်ချိုးတည်း ဝင်ပြေးသွားသည်။
အရည်ကျိုမီးဖိုခန်းထဲ၌ ဝမ်ပေါင်လဲ့သည် ထိုအဆိုကြမ်းကို အတည်ပြုရန် ထပ်ခါ ထပ်ခါ စမ်းသပ်ခဲ့သည်။ ဓမ္မစစ်သည် ပြောခဲ့သည့် အဖြေမှာ မှန်ကန်ကြောင်း သေချာ လေ့လာစိစစ်ပြီးနောက် ပို၍ တုန်လှုပ်လာသည်။ သူသည် အပူချိန်နှင့် ကမ္ဗည်းစာများကြားမှ ဆက်စပ်မှုကို ပြန်စဉ်းစားလိုက်ပြီး ထိုဗီဒီယိုမှာ မဖြစ်နိုင်သည့်အရာကို တမုဟုတ်ချင်း ဖြစ်နိုင်စေခဲ့သည့် လျှပ်စီးတန်းအလား ခံစားမိသည်။
“ ဒီတော့ အဲဒီလိုဖြစ်နေခဲ့တာကိုး….”
ဝမ်ပေါင်လဲ့က အသက်ပင် မရှူနိုင်ဘဲ ချက်ချင်း စမ်းကြည့်လိုက်သည်။ ရက်အတော်ကြာပြီးနောက် သူသည် အရည်ကျိုမီးဖိုခန်းထဲမှ ထွက်လာသည့် အချိန်၌ သူ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားနေသည့် အကြည့်မျိုးဖြင့် ရွှင်မြူးလန်းဆန်းနေသည်။ သူ့လက်ထဲ၌ ဝိညာဉ်အမြုတေ တစ်ခုကို တင်းတင်းဆုပ်ထားကာ အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။
ထိုဝိညာဉ်အမြုတေမှာ ဝမ်ပေါင်လဲ့က ကျောက်ဟိုင်လင်း ဗီဒီယိုမှ နားလည်ထားသည့်အရာများနှင့် ကိုယ်ပိုင် အတွေးအခေါ်များ ပေါင်းစပ်ပြီးနောက် ကမ္ဗည်းစာများ နားလည်သိရှိခြင်း၌ ဉာဏ်အလင်းပွင့်သွားပြီးနောက် သန့်စင်ထားသည့် ပစ္စည်းအသစ်ဖြစ်သည်။ ၎င်းအမြုတေထဲ၌ လက်နက်သဲ မပါဝင်သော်လည်း အစွမ်းသတ္တိမှာ နတ်ဘုရား ရတနာတစ်ပါးနှင့် ကောင်းစွာ ယှဉ်နိုင်ပြီဖြစ်သည်။
“ ကမ္ဗည်းစာတွေကို အဲဒီလို သုံးလို့လည်း ရသေးတာပဲ။ ဒါဆိုရင် လက်တွေ့မှာ ငါအရင်လုပ်ခဲ့တဲ့ ဓမ္မအဆောင်တွေမှာ ကမ္ဗည်းစာတွေ အပြည့် ဖုံးနေစရာ မလိုဘူး။ သန့်စင်ခြင်း ဖြစ်စဉ်မှာ အပူချိန်ကြောင့် ကမ္ဗည်းစာတွေ အနည်းအကျဉ်း ပြောင်းလဲတာ ရှိလိမ့်မယ်။ ဒါကြောင့် ငါ အရင်က နတ်ဘုရား ရတနာတွေ ဖန်တီးသန့်စင်တုန်းက မအောင်မြင်တာပဲ။ သန့်စင်တုန်းမှာ အပူချိန် ပြောင်းလဲတာတွေကို မှတ်ထားနိုင်မယ်ဆိုရင် ကမ္ဗည်းစာတွေကို ချက်ချင်း ပြီးဆုံးအောင် လုပ်လို့ ရပြီး ပြီးပြည့်စုံခြင်းကို ရရှိနိုင်တယ် ”
“ ငါ အခုသိသွားပြီ။ ဒါက ဓမ္မအဆောင်နဲ့ နတ်ဘုရား ရတနာကြားက ကွာခြားချက်ပဲ။ ဒါက အရင်တုန်းက ငါ့ကို သူတို့ပြောကြတာတွေပဲ…. အပူချိန်ပြောင်းလဲမှုတွေနဲ့ ကမ္ဗည်းစာတွေကြားက ဆက်သွယ်ချက်”
သူ့လက်ထဲမှ ကမ္ဗည်းစာများကို ကြည့်ကာ ဝမ်ပေါင်လဲ့က အားရပါးရ ရယ်မောလိုက်သည်။ ဓမ္မစစ်သည်မှာ သူနားမလည်သည့် အရာကို ဖြေရှင်းပေးပြီး ဓမ္မလက်နက် ဖန်တီးရာတွင် ပိုမို တိုးတက်လာစေခဲ့သည်။ တန်ဖိုးအရှိဆုံးမှာ ထိုဓမ္မစစ်သည်၏ ဆန်းစစ်ပြသည့် ဗီဒီယိုမှတဆင့် သူသည် ဓမ္မအဆောင်နှင့် နတ်ဘုရား ရတနာတို့၏ အခြေခံ ကွာခြားချက်ကို လုံးဝ နားလည်သွားခြင်း ဖြစ်သည်။
ဝမ်ပေါင်လဲ့အတွက် အရာအားလုံးမှာ ကံပေးသည့်အလားပင် ဖြစ်သည်။ ယခင်က တွေဝေ ရှုပ်ထွေးပြီး အသိအမြင် မစုံလင်ဖြစ်နေရာမှ ပိုမို ကောင်းမွန်စွာ နားလည်လာခဲ့သည်။ ဤသည်မှာ ဝင်္ကပါထဲ၌ ပိတ်မိနေစဉ် သူ့ရှေ့၌ ထွက်ပေါက်သို့ ဦးတည်နေသည့် လမ်းကြောင်းတစ်ခု ပေါ်လာသည်ဟု ခံစားရစေသည်။
“ ဒီဂိုဏ်းတူအစ်ကို ကျောက်က အစွမ်းထက်ရုံမကဘူး။ သဘောကလည်း ကောင်းသေးတယ်”
ရွှင်မြူးဝမ်းသာနေသည့်အပြင် ဝမ်ပေါင်လဲ့မှာ အရှုံးကို ဝန်ခံလိုက်သည်။ ဒေါသထွက်နေသည်များမှာလည်း ချက်ချင်း ပျောက်ကွယ်သွားကြသည်။ ကျောက်ဟိုင်လင်းမှာ အလွန်အရည်အချင်း ရှိပြီး သူ့ကို စိတ်မဆိုးသင့်ကြောင်း စိတ်ထဲမှ အမှန်တကယ် စဉ်းစားမိခြင်းဖြစ်သည်။ မည်သို့ပင် ဖြစ်စေ၊ ကျောက်ဟိုင်လင်းက သူ့ကို ပြဿနာတစ်ခု ကူညီဖြေရှင်းပေးခဲ့သူဖြစ်သည်။
ကျောက်ဟိုင်လင်း လုပ်ပေးခဲ့သည့်အရာမှာ သူ့ကို ဓမ္မစစ်သည်တစ်ဦး အလျင်အမြန် ဖြစ်လာအောင် ကူညီပေးသည်နှင့် ဆင်တူသည်ဟု ပြောနိုင်သည်။
ထိုအကြောင်းကို တွေးကာ ဝမ်ပေါင်လဲ့က စိတ်လှုပ်ရှားနေသည်။ ယခု သူက အခြားမဖြေရှင်းနိုင်သည့် ပြဿနာများကို တွေးမိသွားသည်။ တခဏမျှ စဉ်းစားပြီးနောက် ဝမ်ပေါင်လဲ့၏မျက်လုံးများ တောက်ပသွားသည်။ သူက အလိုလို ပေါက်ကွဲသည့် ပုလဲလုံးများကို သိုလှောင်လက်ပတ်ထဲမှ ဂရုတစိုက် ထုတ်ယူလိုက်သည်။
ထိုအလိုလိုပေါက်ကွဲသည့် ပုလဲလုံးနှစ်လုံးမှာ မတော်တဆ ဖြစ်ခြင်းများကို လျှော့ချရန် အထူးတလည် ပြုလုပ်ထားသည့် သေတ္တာလေးထဲ၌ ထည့်ထားသည်။
သူသည် ထိုပုလဲလုံးများကို ယခင်က လေ့လာကြည့်သေးသော်လည်း ပြဿနာကို ရှာမတွေ့ပေ။ သူ့အတွက် ထိုပုလဲလုံးများကို အဖြေရှာရာသည်မှာ ဓါးပျံပြဿနာကို အဖြေရှာရသည်ထက် အဆပေါင်းများစွာ ပိုမိုခက်ခဲသည်။ ယခု သူက အခွင့်အရေး ရချိန်၌ အချိန်မဖြုန်းဘဲ လိုအပ်သည့် စီမံရေးအလုပ်များကို ဖြည့်ဆည်းကာ ဝိညာဉ်ကွန်ရက်ပေါ်၌ တင်လိုက်သည်။
“ ဂိုဏ်းတူအစ်ကိုကျောက်က တကယ့်ကို အစွမ်းထက်လိုက်တာ၊ အဲဒီလိုဆိုတော့ ကျွန်တော်ကလည်း ပိုပြီး လေးနက်လာရတာပေါ့။ ဒီပုလဲလုံးနှစ်လုံးက အလိုလို ပေါက်ကွဲတဲ့ ပုလဲလုံးတွေ သူတို့က နည်းနည်းလေး ထိလိုက်တာနဲ့ ပေါက်ကွဲကြတော့တာပဲ”
“ ပညာရှင်မဟုတ်သူတွေက ဒါကို ဝယ်လို့ မရဘူး။ ကျွန်တော်လည်း ဘာဖြစ်မလဲဆိုတာကို တာဝန်မယူနိုင်လို့။ ဒီတော့ ဒီပုလဲလုံးကို အစ်ကိုပဲ ဝယ်လို့ရမယ်လို့ ကျွန်တော် ကန့်သတ်လိုက်တယ်။ အစ်ကို့မှာ ဒီပုလဲလုံးကို သေချာနားလည်နိုင်တဲ့ အရည်အချင်းမျိုး ရှိမယ်လို့ ကျွန်တော် မထင်ဘူး”
ဝမ်ပေါင်လဲ့က ထိုစာသားကို အမြန်တင်လိုက်ပြီး ခံစားချက်အပြည့်ဖြင့် မုန့်တစ်ထုပ်ကို ထုတ်စားနေလိုက်သည်။
“ ဂိုဏ်းတူအစ်ကိုကျောက်က ဒီလောက် သဘောကောင်းတာ၊ သူက ငါ့ကို တကယ်ကြီး လေးလေးနက်နက် ကူညီနေတာ၊ လွယ်လိုက်တာ၊ သိပ်မခက်ဘူးလို့ မခံစားစေချင်ဘူး။ ဒါကြောင့်မလို့ ငါက သူ့ကို ဆွပေးတဲ့အနေနဲ့ ဒီလိုတွေ ပြောပေးရတာပဲ ”
ဝမ်ပေါင်လဲ့က သူ့အတွေးနှင့်သူ ရယ်မောလိုက်သည်။သူအနေဖြင့် သူများအတွက် အမြဲတမ်း ဤမျှ ထည့်စဉ်းစားပေးတတ်သည့် အကျင့်ကို သေချာပေါက် ပြောင်းလဲရမည်ဟု တွေးမိသည်။
မုန့်ကုန်အောင် စားပြီးနောက် သူ ပို့စ်တင်လိုက်သည်နှင့် ဝိညာဉ်ကွန်ရက်ပေါ်၌ အုတ်အုတ်ကျွက်ကျွက် ဖြစ်သွားကြောင်း သတိထားမိလိုက်သည်။ အာရုံစူးစိုက်မှုများလည်း အများအပြား ရရှိနေသည်။ ဝမ်ပေါင်လဲ့က မျှော်လင့်စောင့်စားခြင်းကို ချုပ်နှိမ်ထားကာ သူ၏ ဓါးအိမ်ကို ဝမ်းပန်းတသာ ထုတ်ယူလိုက်ပြီး အဆင့်တက်အောင် စတင်ဖန်တီးတော့သည်။
အဆင့်မြှင့်ခြင်း လုပ်ငန်းစဉ်၌ သူက ကြက်ခြေခတ် ဓမ္မအဆောင်များမှ မှတ်သားထားသည့်အတိုင်း ဓါးအိမ်ကို ပိုမို အစွမ်းထက်စေရန် ကမ္ဗည်းစာများကို ပြင်ဆင်ချိန်ညှိပြီး ထပ်ပေါင်းထည့်လိုက်သည်။
တချိန်တည်းမှာပင် ပြင်ပကမ္ဘာမှ ပွက်လောရိုက်နေသည့်အဖြစ်က အထွတ်အထိပ်ရောက်လာသည်။ ကြက်ခြေခတ် ဓမ္မအဆောင် ဖန်တီးသူ၏ မကျေနပ်နိုင်သေးသည့် သဘောထားနှင့် သူက စိန်ခေါ်မှုတစ်ရပ်အဖြစ် တင်ထားသည့် အလိုလို ပေါက်ကွဲသည့် ပုလဲလုံးများမှာ လူအများစု၏ အာရုံကို ဖမ်းစားထားသည်။
များမကြာခင် ကျောက်ဟိုင်လင်းက ထိုသတင်းများကို ကြားသိသွားသည်။ ဝိညာဉ်ကွန်ရက်ကို လေ့လာပြီးနောက် သူ့မျက်လုံးထဲ၌ ဖျတ်ခနဲ လင်းလက်သွားသည်။
စိတ်ဝင်စားစရာပဲ… ဒါက စိန်ခေါ်တာလား
အဆင့်မြင့်ကျွန်းသို့ ရောက်လာကြသူများမှာ တုံးအသူများ မဟုတ်ကြပေ။ အလိုလိုသိစိတ်အရ ကျောက်ဟိုင်လင်းမှာ ဝမ်ပေါင်လဲ့ လုပ်ရပ်များ၏ နောက်ကွယ်မှ အဓိပ္ပါယ်ကို ရိပ်မိနေသည်။
သူသည် ယခင်က မဆင်ခြင်ဘဲ လုပ်မိသည်ဟု သဘောပေါက်လာသည်။ ယခု သူသည် ရာထူးချင်း မယှဉ်သာသည့် တစ်စုံတစ်ယောက်နှင့် ဓမ္မအဆောင်များအကြောင်း ဆွေးနွေးသည့် အခြေအနေထဲ ရောက်နေရသည်။
“ ဒါပေမဲ့ မင်းက အရည်အချင်း ပြည့်၊ မပြည့်တော့ ကြည့်ရဦးမယ်လေ ”
ကျောက်ဟိုင်လင်းက အေးစက်စက် ရယ်မောလိုက်ပြီး နတ်ဘုရား ရတနာတစ်ခုကို ထုတ်ကာ ဝိညာဉ်ကွန်ရက်ပေါ်၌ ကြေညာလိုက်သည်။ သူက သတင်းစကား တစ်ခုကိုပါ တစ်ပါတည်း ပူးတွဲထားသည်။
“ ကြက်ခြေခတ် ဓမ္မအဆောင် သန့်စင်သူထံသို့၊ ငါ မင်းရဲ့ တောင်းဆိုချက်ကို လက်ခံမှာပါ။ ဒါပေမဲ့ မင်း ဒီ နတ်ဘုရားရတနာကိုလည်း လေ့လာဆန်းစစ်ကြည့်စေချင်တယ်။ ငါ ပြင်ချိန်မရသေးတဲ့ ပြဿနာ နည်းနည်းပါးပါး ရှိနေတယ်။ မင်း အဲဒီပြဿနာကို အဖြေရှာဖို့ တစ်လတိတိ ငှားပေးထားမယ်။ မင်း အဖြေမရှာနိုင်ရင် ငါ့ကို နောက် လာမရှာနဲ့တော့”