“ ရတနာရှာတတ်တဲ့ အမြင်ရှိသူတွေ ဘာလို့ ဒီလောက်များနေပါလိမ့်”
အခြေအနေကို ဆန်းစစ်ပြီးနောက် ဝမ်ပေါင်လဲ့မှာ မယုံနိုင်အောင် ဖြစ်နေသည်။ အထူးသဖြင့် ကြက်ခြေခတ် ဓမ္မအဆောင်များကို ဝယ်ယူရန် ဝိညာဉ်ကွန်ရက်ပေါ်၌ သတင်းစကား ပါးထားသူ အချို့ကို တွေ့လိုက်ရသောကြောင့် ပို၍ အံ့ဩနေသည်။
“ ကြက်ခြေခတ် ဓမ္မအဆောင် ” ဝမ်ပေါင်လဲ့သည် ထိုအခေါ်အဝေါ်ကို ကြားပြီးနောက် သူတို့ပြောနေကြသည်မှာ သူရောင်းထားသည့် ဓမ္မအဆောင်များဖြစ်ကြောင်း ချက်ချင်း သဘောပေါက်သွားသည်။ သူက ဖြစ်ပျက်နေသည်များကို သံသယမကင်းသောကြောင့် သူ၏ ကျန်ရှိနေဆဲ အသုံးမကျသည့် ဓမ္မအဆောင်များကို ဝိညာဉ်ကွန်ရက်ပေါ်၌ ဆက်လက်ရောင်းချခြင်း မပြုပေ။ ကြက်ခြေခတ် ဓမ္မအဆောင်များ မြန်ဆန်စွာ နာမည်ကြီး ကျော်ကြားလာခြင်းမှာ အဓိပ္ပါယ်မရှိဟု ခံစားရသဖြင့် ဝမ်ပေါင်လဲ့က အခြေအနေကို ရက်အနည်းငယ်ခန့် ဆက်လက်လေ့လာ စောင့်ကြည့်ရန် စီစဉ်ထားသည်။
သို့ရာတွင် လေ့လာကြည့်ပြီးနောက် အခြေအနေမှာ ဝမ်ပေါင်လဲ့ ထင်ထားသည့်အတိုင်း လုံးဝ မဟုတ်ပေ။ နောက်ပိုင်းရက်များတွင် ‘ ကြက်ခြေခတ် ဓမ္မအဆောင်’ ဟူသည့် အခေါ်အဝေါ်မှာ အဆင့်မြင့်ကျွန်း ဝိညာဉ်ကွန်ရက်၌ ပိုမို လူပြောများလာခဲ့သည်။
တချိန်တည်းမှာပင် ပစ္စည်းများကို ဝယ်ယူလိုသူ သိသိသာသာ များပြားလာခဲ့သည်။ အများစုမှာ ယခင်က ‘ ကြက်ခြေခတ် ဓမ္မအဆောင်’ ကို မကြားဖူးခဲ့ပေ။ သို့သော် သိချင်စိတ် ပြင်းပြနေသောကြောင့် ရှာဖွေ စူးစမ်းလာကြခြင်း ဖြစ်သည်။ များမကြာမီ ပစ္စည်းများ၏ မူလဇစ်မြစ်ကို သိလာကြပြီး တအံ့တဩ ဖြစ်ကုန်ကြသည်။ သူတို့က ဝယ်ချင်စိတ် ရှိနေသော်လည်း မည်သည့်နေရာတွင်မှ ဝယ်မရချေ။
ဤအချက်ကြောင့် ကြက်ခြေခတ် ဓမ္မအဆောင်များမှာ ပို၍ ပဟေဠိဆန်လာသည်။
သို့ဆိုလျှင် ဤပစ္စည်းများကြောင့် အုံးအုံးကျွက်ကျွက် ဖြစ်ခြင်းမှာ အချိန်တစ်ခုကြာလျှင် စိတ်ဝင်စားမှုမရှိကြတော့ဘဲ ငြိမ်သွားမည် ဖြစ်သည်။ သို့သော် မကြာမီ ရှီနန်နှင့် လီဖေးတို့၏ တိုက်ပွဲကို ရိုက်ကူးထားသည့် ဗီဒီယိုတစ်ပုဒ်အား တစ်စုံတစ်ယောက်က ဝိညာဉ်ကွန်ရက်ပေါ် တင်လိုက်ရာ ချက်ချင်းပင် လူအများအကြား အံ့ဩ ထိတ်လန့်သွားစေသည်။
“ ဒီဓမ္မအဆောင်က မယုံနိုင်လောက်အောင် ဒဏ်ခံလှချေလား ”
“ ဒါက ဓါးပျံမဟုတ်ဘူး၊ ဒိုင်းတစ်ခုပဲ၊ အရမ်း အစွမ်းထက်ပြီး ခံနိုင်ရည်ရှိတဲ့ ဒိုင်းပဲ”
ဗီဒီယို၏ အကျိုး သက်ရောက်မှုမှာ လူတစ်ယောက်က ကျောက်တုံးငယ်လေးတစ်တုံးကို ရေကန်ထဲသို့ ပစ်ချလျှင် ဖြစ်ပေါ်လာသည့် ရေထဲမှ လှိုင်းတွန့်လေးများအလားပင် ဖြစ်သည်။ အချိန်ကြာလျှင် အရာအားလုံးမှာ မူလအခြေအနေသို့ ပြန်ရောက်သွားမည် ဖြစ်သည်။ သို့သော် ထိုလှိုင်းလေးများပင် မပျောက်ဆုံးသေးမီ ကြက်ခြေခတ် ဓမ္မအဆောင်များထဲမှ တစ်ခုကို မြန်မြန် ဝယ်နိုင်ခဲ့သည့် အဖွဲ့ဝင်တစ်ယောက်က နောက်ထပ် ဗီဒီယိုတစ်ပုဒ် တင်လိုက်သည်။
“ ကြည့်လိုက်ကြဦး၊ အားလုံးပဲ။ ဒါက ငါ ခုလေးတင် ဝယ်ခဲ့တဲ့ ဓါးပျံပဲ။ လှုပ်လီလှုပ်လဲ့ အခြေအနေကို ကြည့်ပြီး အထင်မသေးကြနဲ့။ ဘယ်လောက်မြန်လဲဆိုတာ မှန်းကြည့်လို့တောင် မရဘူး”
ဗီဒီယိုတစ်ခုထဲတွင် သိုင်းပညာဌာနမှ အဖွဲ့ဝင်တစ်ယောက်က ပျက်စီးခါနီးဆဲဆဲ ဓါးပျံတစ်လက်ကို စိတ်လှုပ်ရှားစွာ ပစ်လွှတ်လိုက်သည်။ ဓါးပျံမှာ ထွက်သွားသည်နှင့် ဝုန်းခနဲ ပေါက်ကွဲသံထွက်လာပြီး ချက်ချင်း ပျောက်ကွယ်သွားသည်မှာ အမြီးပင် မမြင်ရတော့ပေ။ သို့သော် ဗီဒီယိုထဲမှ လှုပ်ရှားမှုကို ကြည့်ခြင်းအားဖြင့် ဓါးပျံမှာ စတင်ပျံထွက်သွားသည်နှင့် ၎င်းအရှိန်နှုန်းမှာ အလွန်အင်မတန် အံ့ဩစရာ ကောင်းနေလေပြီ။
သို့ရာတွင် ဗီဒီယိုထဲ၌ ဓါးပျံမှာ ယခင်ထက်ပင် ပိုမို ပျက်စီးသွားကြောင်း တွေ့နိုင်သည်။
“ တွေ့ကြလား။ ဓါးရဲ့ အရှိန်က တခြား ဓမ္မအဆောင်တွေ အားလုံးကို ကျော်တက်သွားတာ။ ဘယ်လို ထင်ကြလဲ။ နောက်ပြီး ဒီဓါးက ဝိညာဉ်ကျောက်တုံး ခုနစ်ရာပဲ ကျတာ ”
ထိုအဖွဲ့ဝင်က ရတနာတစ်ခုကို ဈေးချိုချို ဝယ်နိုင်လိုက်သဖြင့် ပျော်ရွှင်နေသည့် အမူအရာမျိုးနှင့် အူလှိုက်သည်းလှိုက် ရယ်မောနေသည်။
ထိုဗီဒီယိုကြောင့် ကြက်ခြေခတ် ဓမ္မအဆောင်အကြောင်း ပိုမို လူသိများ၊ ပွက်လောရိုက်သွားစေကာ ယခင်တည်းက အာရုံစိုက်နေကြသူတို့မှာ ထိုဓမ္မအဆောင်များကို ပိုမို လိုချင်တပ်မက်လာကြသည်။ မူလက ဤအကြောင်းအရာများကို စိတ်မဝင်စားကြသူများပင် ဗီဒီယိုကြည့်ပြီးနောက် သိချင်စိတ်ဖြင့် စူးစမ်း ရှာဖွေလာကြသည်။ နောက်ပိုင်း ရက်များတွင် ထိုကဲ့သို့ အလားတူ ဗီဒီယိုများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။ ဗီဒီယိုထဲမှ ဓမ္မအဆောင်တိုင်း၌ အင်မတန် ထူးခြား အံ့ဩဖွယ်ရာသတ္တိများ ပါရှိကြသည်။ ထိုထူးခြားချက်များကို အသုံးပြုရန် နည်းလမ်းမှာ သုံးစွဲသူအပေါ်၌ မူတည်သည်။ အထင်ရှားဆုံးမှာ ၎င်းပုံစံ ဓမ္မအဆောင် အားလုံး၌ ကြက်ခြေခတ် အမှတ်အသားတစ်ခု ရှိနေခြင်းဖြစ်သည်။
ကြက်ခြေခတ် ဓမ္မအဆောင်များမှာ တမုဟုတ်ချင်း ခေတ်စားလာပြီး လူအုပ်ကြားထဲတွင် အုန်းအုန်းထ နာမည်ကြီးလျက် ရှိသည်။
သို့ရာတွင် ဝမ်ပေါင်လဲ့မှာ ယခုအချိန်ပိုင်းတွင် ဓမ္မအဆောင်များ ဆက်လက် ရောင်းချခြင်း မပြုပေ။ ထို့ကြောင့် ကြက်ခြေခတ် ဓမ္မအဆောင် ပထမအသုတ်မှာ ကန့်သန်ချက်တစ်ခုအတွင်း ရှိနေခြင်း ဖြစ်သည်။ မည်မျှပင် လိုချင်စိတ် ရှိနေသော်လည်း မဝယ်နိုင်ကြပေ။
‘ရှားပါးပစ္စည်းမှာ ပို၍ တပ်မက်ဖွယ်ကောင်းသည်’ ဟူသည့် သဘောတရားအရ လူတိုင်း၏ အာရုံမှာ ကြက်ခြေခတ် ဓမ္မအဆောင်များအပေါ် စူးစိုက်လာကြသည်။ တချိန်တည်းမှာပင် ကြက်ခြေခတ် ဓမ္မအဆောင်များကို ပြန်လည် ရောင်းချခြင်းများ ရှိလာသည်။ ဈေးများမှာလည်း ရင်ဘတ်ဖိထားရသည်အထိ ကြောက်ခမန်းလိလိ မြင့်မားလာသည်။
ဖြစ်ပျက်နေသမျှ အရာရာက ဝမ်ပေါင်လဲ့ကို အံ့ဩသွားစေသည်။ ဝိညာဉ်ကွန်ရက်ပေါ်မှ ကြက်ခြေခတ် ဓမ္မအဆောင် ဝယ်ယူလိုသည့် တောင်းဆိုချက်အားလုံးကို မြင်ပြီးနောက် သူက ခေါင်းငုံ့ပြီး သိုလှောင်အိတ်ထဲမှ အမှိုက်ကဲ့သို့ ဓမ္မအဆောင်များကို ကြည့်ကာ တဖြည်းဖြည်း မျက်လုံးများ တောက်ပလာသည်။
“ ဒါတွေက အမှိုက် မဟုတ်တာလည်း…. ဖြစ်နိုင်တာပဲ”
ဝမ်ပေါင်လဲ့က စဉ်းစားကြည့်လိုက်ပြီးနောက် နာမည်ကြီးနေသည်ကို အသုံးချရန် သူ၏ အမှိုက်ဆန်ဆန် ဓမ္မအဆောင် ဒုတိယအသုတ်ကို ရောင်းချရန် ကြေညာလိုက်သည်။ ထိုအချိန်၌ ဝိညာဉ်ကွန်ရက်ပေါ်တွင် နောက်ထပ် ပို့စ်တစ်ခု တက်လာသည်။
ထိုပို့စ်မှာ ဓမ္မလက်နက်အဆောင်မှ မာနခပ်ကြီးကြီး အဖွဲ့ဝင်တစ်ယောက်က သူ့ရှေ့မှ ဓါးပျံကို ခွဲစိတ်နေသည့်အလား ဖြည်းဖြည်းချင်း တစ်စစီ ဆွဲဖြုတ်နေသည့် ဗီဒီယို ဖြစ်သည်။
“ တာအိုရောင်းရင်းတို့၊ ဒီကြက်ခြေခတ်ဓမ္မအဆောင်တွေ အကြောင်းကို တခြားလူတွေဆီက ကြားနေရတယ်၊ နောက်ပြီး ကျုပ်အနေနဲ့ အဲဒီအဆောင်တွေကို ဘယ်လိုသဘောရသလဲဆိုတာ လူအတော်များများက လာမေးကြတာရှိတယ်။ ဒါကြောင့်မလို့ ကျုပ်က သိချင်စိတ်နဲ့ အဲဒီအဆောင်တစ်ခုကို ဈေးကြီးကြီးပေးဝယ်လိုက်တယ်။ အစကတော့ စိတ်လှုပ်ရှား၊ ရင်ခုန်နေတာပေါ့။ ဒါပေမဲ့ သေချာလည်း စစ်ဆေးကြည့်လိုက်ရော၊ ဟား….”
ဗီဒီယိုထဲမှ ဓမ္မစစ်သည်က ဓါးပျံကို မြန်ဆန်စွာ ဖြုတ်ပြနေရင်း နှိမ့်ချဟန် ရယ်မောလိုက်သည်။
မကြာမီ ဓါးပျံမှ ကျန်နေသည်မှာ ဝိညာဉ်အမြုတေသာ ရှိတော့သည်။ ဝိညာဉ်အမြုတေပေါ်မှ ကမ္ဗည်းစာများကို ဖတ်ကြည့်ပြီးနောက် ဓမ္မစစ်သည်က သဘောမတွေ့ဟန် ခေါင်းယမ်းလိုက်သည်။
“ ကျုပ်ရဲ့ ဆန်းစစ်ချက်အရ ဒီဓမ္မအဆောင်က အမှိုက်တစ်စပဲ။ သူ့ရဲ့ လုပ်ဆောင်ချက် အားလုံးနီးပါးကို အသုံးမဝင် ဖြစ်တဲ့အထိ ရင်းထားပြီးမှ တချို့ လုပ်ဆောင်ချက်တွေက အင်မတန် အစွမ်းထက်နေတာ။ အဲဒါ ဘာလုပ်ရမှာလဲ၊ ဒါကြီးက လူတွေကို ပိုက်ဆံလိမ်ယူတဲ့ မရိုးမသား လုပ်ရပ်ကြီး”
“ ဘယ်သူမှ ဒီလို ဓမ္မအဆောင်မျိုး မလုပ်ချင်ဘူး။ ဒါကြောင့်လည်း လူတွေရဲ့ အာရုံစိုက်တာကို ခံနေရတာ။ အမှန်တော့ ကျုပ်သာ စိတ်ပါလို့ လုပ်ချင်ရင် ဒီလိုဟာ ဆယ်ခုလောက်ကတော့ တစ်ရက်တည်းနဲ့ သန့်စင်ဖန်တီးလို့ ရတယ်။ ဒီလို အမှိုက်က အသုံးမဝင်ပါဘူး”
ဓမ္မစစ်သည်က တည်ငြိမ်စွာ ပြောသွားသည်။ ဝိညာဉ်အမြုတေပေါ်မှ ကမ္ဗည်းစာများသည် ထပ်ဆောင်းအကာအကွယ် ထည့်ထားသောကြောင့် ဖျက်မရပေ။ သို့ရာတွင် သူက အရေးမစိုက်ဘဲ ဘေးပစ်ထားလိုက်သည်။
“ နောက်ဆုံးအနေနဲ့၊ အားလုံးပဲ ပစ္စည်းဝယ်ရာမှာ သေချာစိစစ်၊ စဉ်းစား ဆုံးဖြတ်ပြီးမှ ဝယ်ကြပါလို့ မှာချင်ပါတယ်။ ဒီအမှိုက်လို ဓမ္မအဆောင်တွေကို ဖန်တီးနေတဲ့ သူကိုလည်း ဓမ္မလက်နက်အဆောင်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် မလုပ်ဖို့ ဒီနေရာကနေ သတိပေးချင်ပါတယ်”
ထိုဗီဒီယို ထွက်လာသည့်အချိန်မှစ၍ ဝိညာဉ်ကွန်ရက်ပေါ်၌ အုတ်အော်သောင်းနင်း ဖြစ်လာပြန်သည်။ ဗီဒီယိုထဲမှ ဓမ္မစစ်သည်မှာ ရာထူးမြင့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သတိပြုမိရန် အရေးကြီးသည်။ သူသည် ဓမ္မလက်နက်အဆောင် စာရင်းစစ်ဌာန၏ ခေါင်းဆောင် ဖြစ်သည်။ ၎င်းဌာနသည် ဓမ္မလက်နက်အဆောင်တွင်းမှ ဌာနအားလုံး၏ စာရင်းစစ်တာဝန် ယူရသူဖြစ်ပြီး မည်သူမျှ အကြောင်းမရှိဘဲ သူ့ကို သွားမစရဲပေ။
သူ့ဗီဒီယိုမှာ အာရုံစိုက်သူ အများအပြား ရှိခဲ့သည်။ ကြည့်ရှုသူ အရေအတွက် များပြားလာသည်နှင့်အမျှ လူအများကြားတွင် ပြောဆိုဝေဖန်မှုများ မြင့်တက်လာခဲ့သည်။
“ ငါသိပြီ…. ဒါက လိမ်လည်မှု မဟုတ်ဘူးလား၊ ငါတို့ကို အမှိုက်တွေ ရောင်းနေတာ”
“ အဲဒါ ဘယ်သူလဲ။ ဒီလောက် စုတ်ပြတ်သတ်နေတဲ့ ပစ္စည်း၊ ငါကတော့ ရတနာတစ်ခုလို့ သတ်မှတ်ထားတာ။ တကယ့်လက်တွေ့မှာ အဝေးကြီးပါပဲ”
ထိုသို့ မှတ်ချက်ချကြသူများမှာ ကြက်ခြေခတ်ဓမ္မအဆောင်များ ဝယ်ယူခွင့် မရခဲ့ကြသူများဖြစ်သည်။ သို့ရာတွင် ဓမ္မအဆောင်များကို အောင်မြင်စွာ ဝယ်ယူခွင့် ရရှိခဲ့ကြသူများက ၎င်းဓမ္မအဆောင်များ၏ အသုံးဝင်ပုံကို သက်သေအနေဖြင့် ချပြကာ ခုခံကာကွယ်ပေးကြသည်။ သို့တိုင်အောင် လူအများကြားထဲ၌ မလိုလားအပ်သည့် ဝေဖန်မှုများကို ဖယ်ရှားရန် သိပ်အသုံးမဝင်ပေ။
ဝမ်ပေါင်လဲ့သည် အခြေအနေကို သတိပြုကြည့်ပြီးနောက် ချက်ချင်းပင် ဒေါသတကြီး ဖြစ်လာသည်။ ထိုဗီဒီယိုသည် သူ၏ ဓမ္မအဆောင်များအပေါ် လူအများစိတ်ဝင်စားမှု ပျောက်ကွယ်သွားအောင် လုပ်နေပြီး မူလရောင်းချမည့် အစီအစဉ်များကို ဆိုးဆိုးရွားရွား ထိခိုက်စေသည်။
သူ၏ ဓမ္မအဆောင်များမှာ ဂုဏ်ယူဝံ့ကြွားစွာ ပြောရလောက်အောင် မဟုတ်သော်လည်း တစ်ဖက်လူပြောနေသကဲ့သို့ မဆိုးဝါးသေးပေ။ ထို့ပြင် ထိုဓမ္မစစ်သည် ပြောထားသည့် ထိုအဆောင်မျိုး တစ်နေ့တည်း ဆယ်ခု သန့်စင်နိုင်သည်ဟူသော စကားမှာ ဝမ်ပေါင်လဲ့ မျက်လုံးထဲ၌ အလွန်အမင်း ကြွားဝါရာကျပြီး မဖြစ်နိုင်ဟု ခံစားရသည်။ ထိုသို့ လုပ်နိုင်ခဲ့လျှင်ပင် ၎င်းတို့မှာ ဝမ်ပေါင်လဲ့၏ ဓါးပျံကဲ့သို့ မာကျောမည် မဟုတ်ပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့က အေးစက်စက် ရယ်မောလိုက်ပြီး သိုလှောင်အိတ်ထဲမှ နောက်ထပ် ဓါးပျံတစ်လက်ကို ချက်ချင်း ဆွဲထုတ်လိုက်သည်။ သူက ၎င်းကို ဝိညာဉ်ကွန်ရက်တွင် အမည်မဖော်ပြဘဲ ရောင်းချရန် ကြေညာလိုက်ပြီး ဓမ္မစစ်သည်ကို ဦးတည်သည့် ပို့စ်တစ်ခုကို အထူးတလည် တင်လိုက်သည်။
“ ဟေး၊ စာရင်းစစ်ဌာနက ဓမ္မစစ်သည်ရေ၊ ခင်ဗျားမှာ ဒီဟာကို သေချာနားလည်နိုင်တဲ့ အရည်အချင်း ရှိတယ်ဆို၊ ကျုပ် ရှုံးကြောင်း ဝန်ခံမယ်”
ဝမ်ပေါင်လဲ့သည် ယခုကြေညာလိုက်သည့် ဓါးပျံကြောင့် ပြဿနာတက်နေရသည်။ ထို့ကြောင့်ပင် ယခင်က အရူးကဲ့သို့ အစိုးမရသည့် ဤဓါးပျံကို ဝိညာဉ်ကွန်ရက်တွင် မကြေညာခြင်းဖြစ်သည်။ အသက်သွင်းလိုက်သည်နှင့် မကြာခဏ မှားယွင်းလုပ်ဆောင်ခြင်းများ ဖြစ်ကာ သူ့ဘက်၊ ကိုယ်ဘက် မခွဲခြားနိုင်တော့ပေ။ ၎င်းသည် ရန်သူဆီသို့ ဦးတည်သွားနိုင်ခြေရှိသကဲ့သို့ အလားတူ ပိုင်ရှင်နှင့် ဖြတ်သွားဖြတ်လာများဆီသို့ ဦးလှည့်လာနိုင်ခြေ ညီမျှစွာ ရှိနေသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့အနေဖြင့် မူလက ရောင်းချရန် အစီအစဉ် မရှိခဲ့ခြင်း ဖြစ်သည်။ ယခု ဝမ်ပေါင်လဲ့ စိတ်ဆိုးလာသောကြောင့် ဤအန္တရာယ်များသည့် လက်နက်အား ရောင်းချရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
စာရင်းစစ်ဌာနမှ ဓမ္မစစ်သည်ဖြစ်သော ကျောက်ဟိုင်လင်းသည် ထိုဓါးအကြောင်းကို ကြားပြီးနောက် အေးစက်စွာ ရယ်မောလိုက်သည်။ သူသည် မူလက ထိုဓါးကို အာရုံမစိုက်မိသော်လည်း ဝိညာဉ်ကွန်ရက်ပေါ်၌ အချိန်နှင့်အမျှ ပို၍ ပွက်လောရိုက်လာခဲ့သည်။ အမှန်တွင် ထိုဓါးကို ဝယ်ယူသည်မှာ ကျောက်ဟိုင်လင်းက ပထမဆုံး မဟုတ်ပေ။ အခြားတစ်ယောက်က ဝယ်ယူပြီး စမ်းကြည့်ရာ မယုံနိုင်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရသည်။ ထိုဝယ်ယူထားသူက ဗီဒီယိုတစ်ပုဒ် တင်ထားသည်။
ထိုဗီဒီယိုထဲ၌ ဓါးမှာ အရူးတစ်ယောက်ကဲ့သို့ တွေ့သမျှ လူတိုင်းကို ရန်ပြုတိုက်ခိုက်လျက် ရှိသည်။ ထိုမြင်ကွင်းကြောင့် အားလုံးမှာ အံ့ဩတကြီး ဖြစ်ကုန်ကြကာ လူအများအကြား တစ်ဆင့် ပြန်လည်ရောင်းချပြီးနောက် အလားတူ ဗီဒီယိုများ ထွက်ပေါ်လာသည်။
နောက်ဆုံးတွင် လှိုင်းလုံးများအလား ဖြည်းဖြည်းချင်း ဖြစ်နေသည့် မငြိမ်မသက်ခြင်းမှာ ပိုအားပြင်းလာပြီး မုန်တိုင်းတစ်လုံးအဖြစ် ပြောင်းလဲသွားကာ အာရုံစိုက်မှုများ ပိုများလာခဲ့သည်။
ထိုသို့ လူအများ၏ စိတ်ဝင်စားမှုကြောင့် ကျောက်ဟိုင်လင်းအား ဓါးပျံကို ခွဲခြမ်းဆန်းစစ်ပြရန် တောင်းဆိုမှုများ များပြားလာခဲ့သည်။ နောက်ဆုံးတွင် သူ၏ ကျော်ကြားမှုကို ပိုမိုမြှင့်တင်နိုင်သည့် အခွင့်အရေးကြောင့် ကျောက်ဟိုင်လင်းက စိတ်ပါလာပြီး သူ့အတွက် ထိုဓါးကို ဝယ်ခိုင်းလိုက်ကာ နားလည်အောင် ကြိုးစားကြည့်တော့သည်။
သို့ရာတွင် သူက ဓါးပျံကို ဖြုတ်ကြည့်နေရင်း အလန့်တကြား မျက်လုံးပြူးသွားသည်။ သူ့အသက်ရှူသံမှာလည်း ရုတ်တရက် မြန်လာသည်။ ဝိညာဉ်အမြုတေပေါ်မှ ကမ္ဗည်းစာများမှာ အကာအကွယ် ထပ်မံထည့်သွင်းထားရုံမက ကမ္ဗည်းစာများ၏ ဖွဲ့စည်းပုံ၊ စီစဉ်ထားရှိပုံတို့မှာလည်း အလွန်တရာ ရှုပ်ထွေးလှသည်။ ဤသည်မှာ တတိယအဆင့် နတ်ဘုရား ရတနာများမှာပင် တွေ့ရန်ခဲယဥ်းသည့် အရာမျိုး ဖြစ်သည်။
ထိုအခြင်းအရာကြောင့် ဓါးပျံ၏ လုပ်ဆောင်ချက် မှားယွင်းနေခြင်းနောက်ကွယ်မှ အကြောင်းရင်းကို ရှာဖွေရန်မှာ ခက်ခဲလှသည့် စိန်ခေါ်မှုတစ်ခု ဖြစ်လာသည်။
သို့ရာတွင် ဤဓါး၏ ဖွဲ့စည်းပုံ အသေးစိတ်ကို နားလည်နိုင်ရန် ဝယ်ယူပြီး ဖြစ်သည့် သတင်းမှာ ပျံ့နှံ့နေပြီး လူအများ၏ အာရုံစိုက်ခြင်းကို ခံနေရသည်။ ကျောက်ဟိုင်လင်းမှာ ရှောင်ထွက်မရနိုင်သည့် အနေအထား ရောက်နေသောကြောင့် အသံမထွက်ဘဲ ကြိတ်ဆဲလိုက်သည်။
“ ဒီဓမ္မအဆောင်ကို ဘယ်အရူးက သန့်စင်ခဲ့တာတုံးဟ”
ရွေးချယ်စရာ မရှိသောကြောင့် ကျောက်ဟိုင်လင်းမှာ သူငယ်ချင်းများဆီမှ အကူအညီတောင်းရုံမှတပါး မတတ်နိုင်တော့ပေ။ သူ့နည်းတူ အခြား ဓမ္မစစ်သည် သုံးဦးဆီမှ အကူအညီအား ရယူကာ ဓါးကို နားလည်ရန် ကြိုးစားတော့သည်။ ထိုသုံးယောက်မှာ ဓါးပျံ၏ ဝိညာဉ်အမြုတေပေါ်မှ ကမ္ဗည်းစာများကို တွေ့သောအခါ အလန့်တကြား ဖြစ်သွားကြသည်။ ထို့ကြောင့် သူတို့အားလုံး မအိပ်မနေ၊ ခုနစ်ရက်တိုင်တိုင် စိတ်ရောလူပါ ခြေကုန်လက်ပန်းကျသည်အထိ ကြိုးစားပြီး နောက်ဆုံးတွင် ၎င်းဓါးပျံ၏ ဖွဲ့စည်းပုံကို နားလည်သွားကြသည်။
“ အားလုံးပဲ၊ ကျေးဇူးပါ ”
ထိုသုံးယောက်ကို ကျေးဇူးတင်စွာ လိုက်ပို့ပြီးနောက် ကျောက်ဟိုင်လင်းက သူ့ဂူသို့ မည်းပုပ်နေသည့် မျက်နှာဖြင့် ပြန်လာသည်။ သူသည် ဤသို့ ဓမ္မအဆောင်မျိုးကို ဖန်တီးသန့်စင်နိုင်စွမ်း ရှိသူမှာ အနည်းဆုံး သူ့လို ဓမ္မစစ်သည်တစ်ယောက် ဖြစ်ရမည်ဟု ခံစားမိသဖြင့် ထိုဖန်တီးသူကို စိတ်ထဲမှ သတိထား စောင့်ကြည့်မိသည်။
သို့သော် သူသည် အကြောင်းအရင်းမရှိ၊ ရန်သူတစ်ယောက် မတိုးချင်ပေ။ ထို့ကြောင့် သူ့အဆက်အသွယ်များမှတဆင့် ဝိညာဉ်ကွန်ရက် တာဝန်ယူသည့် ဌာနနှင့် ဆက်သွယ်ကာ သန့်စင်သူ၏ အမည်ကို စုံစမ်း ရှာဖွေခဲ့သည်။
ဝိညာဉ်ကွန်ရက် တာဝန်ယူသည့် ဌာနမှာ သတ်မှတ်ထားသည့် စည်းမျဉ်းများကြောင့် အချက်အလက်အားလုံး မထုတ်ပြနိုင်သော်လည်း သန့်စင်သူမှာ ဓမ္မလက်နက်ဂိုဏ်းသားတစ်ယောက် ဖြစ်ကြောင်း ပြောလိုက်သည်။ ထိုစကားကို ကြားပြီးနောက် ကျောက်ဟိုင်လင်းမှာ သက်ပြင်းတစ်ချက် ရှိုက်ထုတ်လိုက်သည်။ သို့သော် မကြာခင် သူ့မျက်လုံးထဲ၌ အေးစက်စက် အကြည့်တစ်ချက် နေရာယူလာသည်။
“ မင်းက ခုမှ ဓမ္မလက်နက်ဂိုဏ်းသားတစ်ယောက်ပဲ ရှိသေးတာကို ငါ့ကိုများ စိန်ခေါ်ချင်သေးတာလား”