ဝမ်ပေါင်လဲ့မှာ ဓမ္မအဆောင်များကို တစ်ခုချင်းစီ ကြက်ခြေခတ် အမှတ်အသားများ ရေးထွင်းလိုက်ပြီးနောက် စိတ်အေးသွားရတော့သည်။ အနာဂတ်တွင်လည်း သူ စိတ်တိုင်းမကျသော ဓမ္မအဆောင်များပေါ်တွင် ကြက်ခြေခတ်တစ်ခုစီ ရေးထွင်းလိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။
ထိုသို့သာဆိုလျှင် ၎င်းတို့ကို အမျိုးအစားခွဲခြားရာ၌ ပိုမိုလွယ်ကူသွားမည်သာမက အရည်အသွေး မပြည့်မီသော ဓမ္မအဆောင်များ အခြားလူများဆီသို့ ရောက်ရှိသွားလျှင်တောင် သူ၏ ဂုဏ်သတင်းကို ထိပါး၍ ရတော့မည် မဟုတ်ပေ။
” ဟင်း… ငါက ဒီ အမှိုက်တွေကို သုံးစရာ သိပ်မှမလိုပဲ။ ရောင်းလိုက်ရမလား ”
ဝမ်ပေါင်လဲ့မှာ သူ၏မေးစေ့ကို ပွတ်ကာ တွေးလိုက်၏။ သူသည် ယခင် အတွေ့အကြုံများကြောင့် ဓမ္မအဆောင်များ ရောင်းချရာ၌ ကျွမ်းကျင်နေပြီဖြစ်သည်။ ထို့ကြောင့် သူသည် ထို ဓမ္မအဆောင်များကို ကြည့်ရင်း အရှုံးငွေအချို့ကို ပြန်လည် အဖတ်ဆယ်နိုင်ရန်အတွက် သုံးစားမရသော ဓမ္မအဆောင်များကို ရောင်းချရန်မှာ အကြံကောင်းတစ်ခုဖြစ်ကြောင်း တွေးလိုက်၏။
” ဒါပေမဲ့ ဒါတွေကို ငါ့ နာမည်နဲ့ ရောင်းလို့မဖြစ်ဘူး။ အဲဒီလို ရောင်းလိုက်မယ်ဆိုရင် ငါ ပင်ပင်ပန်းပန်း တည်ဆောက်ထားရတဲ့ ငါ့ရဲ့အမှတ်တံဆိပ်က ပျက်စီးသွားလိမ့်မယ်…. ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောလိုက်ပြီး ဝိညာဉ်ကွန်ရက်အား ထိန်းချုပ်ထားသော စီမံရေးဌာနထဲတွင် ထိုပစ္စည်းများကို အမည်ဖော်ပြခြင်းမရှိဘဲ စာရင်းတင်လိုက်၏။
ထို့ကြောင့် ဝိညာဉ်ကွန်ရက် စီမံရေးဌာနမှလွဲ၍ အခြားမည်သူကမှ ထို ဓမ္မအဆောင်များ၏ မူရင်းပိုင်ရှင်ကို သိကြမည်မဟုတ်ပေ။ ထို့အပြင် ထို စီမံရေးဌာနမှာ ကိုယ်ရေးကိုယ်တာလုံခြုံမှုကိစ္စနှင့် ပတ်သက်လာလျှင် အမြဲတမ်း စည်းကမ်းတင်းကျပ်ခဲ့သည်သာ ဖြစ်သည်။
” ငါ ရောင်းချင်တာ ရောင်းလို့ရတယ်လေ။ ဘယ်သူကမှ မဝယ်ရင်လည်း ဒီအတိုင်း ထားလိုက်တာပေါ့ ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောလိုက်ပြီး ချက်ချင်းပင် လှုပ်ရှားလိုက်၏။ သူသည် ထိုဓမ္မအဆောင်များ အားလုံးကို တစ်ပြိုင်နက်ထဲ စာရင်းမတင်ဘဲ အချို့အဝက်ကိုသာ ခွဲ၍ စာရင်းတင်လိုက်၏။
လူအများ၏အာရုံကို ဖမ်းစားနိုင်ရန်အတွက် ဝမ်ပေါင်လဲ့မှာ သူ စာရင်းပေးသွင်းထားသည့် ဓမ္မအဆောင်များကို အထင်ကြီးစရာကောင်းသော နာမည်များ တပ်ထားလိုက်၏။ ၎င်းတို့၏ ဈေးနှုန်းများမှာလည်း မြင့်မားနေခြင်းမရှိပေ။
ထိုလုပ်ငန်းအားလုံး ပြီးစီးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ ထိုကိစ္စကို ခေါင်းထဲမှ ထုတ်လိုက်တော့သည်။ ထို့နောက် သူ၏ဘဝမှာ လွန်ခဲ့သော တစ်လခန့်က အခြေအနေသို့ တဖြည်းဖြည်းနှင့် ပြန်လည်ရောက်ရှိသွား၏။ သူသည် လေ့လာခြင်းနှင့် စမ်းသပ်ခြင်းတို့အပြင် ဓမ္မအဆောင်များနှင့် လက်နက်သဲများကို သန့်စင်ခြင်းတို့ဖြင့် သူ၏နေ့ရက်များကို ကုန်ဆုံးစေခဲ့၏။
နှစ်ပတ်ဆိုသော အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွား၏။ ဝမ်ပေါင်လဲ့မှာ လက်နက်သဲပွင့်များကို ရာနှင့်ချီ၍ စုဆောင်းမိနေပြီဖြစ်သည်။ သူသည် သဲပွင့်အရေအတွက် တစ်ထောင်တိတိ စုဆောင်းမိနိုင်ရန် ဆက်လက်ကြိုးစားနေတုန်း ဝိညာဉ်ကျောက်တုံး အတုံးငါးရာတိတိကို ငွေပေးချေမှုတစ်ခုအဖြစ် လက်ခံရရှိလိုက်၏။
ထို ငွေပေးချေမှုမှာ တာအိုကျောင်းရှိ သူ၏ ငွေစုစာရင်းထဲသို့ ချက်ချင်းပင် ရောက်ရှိသွား၏။ ဝမ်ပေါင်လဲ့မှာ ထိုအသိပေးစာကို ရရှိလိုက်သောအခါ အနည်းငယ်ခန့် ဇဝေဇဝါ ဖြစ်သွားရသည်။ ၎င်းအား စစ်ဆေးကြည့်လိုက်သောအခါ လူတစ်ယောက်မှာ သူစာရင်းတင်ထားခဲ့သော အညံ့စား ဓမ္မအဆောင်တစ်ခုကို ဝယ်ယူသွားခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
ထို ဓမ္မအဆောင်မှာ ယခင်က ဝမ်ပေါင်လဲ့ ၎င်းအား လက်နက်သဲနှင့် အောင်မြင်စွာ ပေါင်းစည်းသွားနိုင်ခဲ့ရာမှ ထွက်ပေါ်လာခဲ့သော အလွန်အင်မတန်မှ မာကျောသည့် ဓားပျံလေးပင် ဖြစ်သည်။
” ကြည့်ရတာ အဆင့်မြင့်ကျွန်းပေါ်မှာ ရတနာတွေကို ကောင်းကောင်း ရွေးချယ်တတ်တဲ့ ရွက်ပုန်းသီးလေးတွေ ရှိနေတာပဲကွ ”
ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ ကျေနပ်အားရသွား၏။ ထို့နောက် သူသည် ထို ဓားပျံအား အံ့ဩစရာကောင်းသော နာမည်တစ်ခု ပေးခဲ့ခြင်းဖြစ်ကြောင်း ပြန်၍သတိရသွား၏။
သူသည် ပျော်ရွှင်ကျေနပ်စွာဖြင့် လက်နက်သဲများကို ဆက်လက်သန့်စင်နေရင်း သူ၏ အညံ့စား ဓမ္မအဆောင်များ ထပ်၍ ရောင်းထွက်သွားစေရန် မျှော်လင့်နေတော့သည်။
မျက်စိတစ်မှိတ် အတွင်း ခုနစ်ရက်တိတိ ကုန်ဆုံးသွား၏။
ထိုနေ့တွင် သိုင်းပညာအဆောင်၏ ပြည်သူ့ရင်ပြင်ထဲတွင် ရိုးရှင်းသော မီးခိုးရောင် တာအိုဝတ်ရုံတစ်ခုကို ဆင်မြန်းထားသည့် ရုပ်ဆိုးဆိုး လူငယ်လေးတစ်ယောက် ရပ်နေ၏။ သူသည် သိုင်းပညာအဆောင်၏ ကျောင်းသားသစ်တစ်ယောက်ဖြစ်သော ရှီနန်း ဖြစ်သည်။ သူသည် လက်သီးများဆုပ်ကာ မျက်လုံးနီကြီးများဖြင့် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ကို စိုက်ကြည့်နေ၏။
ထိုအမျိုးသမီးဖြစ်သူမှာ အတော်အတန် စွဲဆောင်မှုရှိပြီး တာအိုကျောင်း၏ ဝတ်ရုံဖြင့် ဖုံးကွယ်၍မရသော စွဲမက်ဖွယ်ရာ ကိုယ်လုံးကိုယ်ပေါက်တစ်ခုကို ပိုင်ဆိုင်ထား၏။ သူမ၏ဘေးရှိ အမျိုးသားမှာ ပိန်ပါးပါးနှင့် သာမန်ရုပ်ရည်သာ ရှိပါသော်လည်း အရပ်အမောင်းကောင်း၏။ ယခုတွင်မူ သူသည် အသာအယာ ခေါင်းငုံ့၍ ထိုလူငယ်လေးအား အထင်သေးသည့် အကြည့်ဖြင့်ကြည့်ကာ မေးလိုက်၏။
” ရှီနန်း။ မင်းက ငါနဲ့ တိုက်ခိုက်ချင်တာ သေချာလို့လားကွ ”
ရှီနန်းမှာ အသက်ရှူသံများ မြန်လာပြီး သူ၏ မျက်လုံးများထဲတွင်လည်း ဒေါသများနှင့် နာကျည်းမှုများဖြင့် ပြည့်နှက်နေ၏။ သူနှင့် ထိုအမျိုးသား၏ ဘေးရှိ အမျိုးသမီး နှစ်ယောက်စလုံးမှာ ယခုလေးတင်မှ အဆင့်မြင့်ကျွန်းသို့ ဝင်ခွင့်ရခဲ့သည့် ကျောင်းသားများဖြစ်ကြသည်။ သူတို့မှာ သမီးရည်းစားများ ဖြစ်ကြပါသော်လည်း ထိုအမျိုးသမီးမှာ အဆင့်မြင့်ကျွန်းသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် သူ့အား စွန့်ခွာသွားပြီး ဝါရင့်ဂိုဏ်းသားတစ်ယောက်ဖြစ်သော လီဖေးနှင့် တွဲသွားလိမ့်မည်ဟု သူက လုံးဝထင်မှတ်မထားခဲ့ပေ။
ထို့ကြောင့် သူသည် မကျေမချမ်းနှင့် ထိုအမျိုးသားအား ထိပ်တိုက်ရင်ဆိုင်တွေ့လိုက်သောအချိန်တွင် စော်ကားခံလိုက်ရခြင်း ဖြစ်သည်။ သူ၏ ဒေါသစိတ်များကြောင့် စဉ်းစားဆင်ခြင်နိုင်စွမ်း မရှိတော့ဘဲ တိုက်ခိုက်ရန် စိန်ခေါ်မိလိုက်ခြင်းဖြစ်သည်။
” ကောင်းပြီလေ။ မင်းကမှ တိုက်ခိုက်ချင်နေမှတော့ ငါက မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့ ”
ရှီနန်းမှာ သူ့အား ဒေါသတကြီး စိုက်ကြည့်နေသောကြောင့် လီဖေးမှာ စိတ်အနှောင့်အယှက် ဖြစ်လာရတော့သည်။ ထို့ကြောင့် သူ၏ ညာလက်ကို မြှောက်ကာ အားပါပါ ရိုက်ချလိုက်၏။ ထိုအခါ ဓားပျံတစ်လက် ချက်ချင်းပင် ပေါ်လာပြီး ရှီနန်းဆီသို့ တည့်မတ်စွာ ဦးတည်လာတော့သည်။
၎င်းမှာ အလွန်အင်မတန် မြန်ဆန်နေပြီး တရွှီရွှီမြည်သံများ ထွက်ပေါ်လာခြင်း မရှိပါသော်လည်း လေထဲတွင် တောက်ပသော ဓားအမှတ်အသားတစ်ခု ပေါ်လာ၏။ မျက်စိတစ်မှိတ်အတွင်း ထိုဓားပျံမှာ ရှီနန်း၏ ရှေ့သို့ ရောက်ရှိလာ၏။ ထိုအခါ ရှီနန်းမှာ အံ့အားသင့်သွားရပြီး ထိုဓားပျံ၏ နောက်တွင်ပါလာသော လေပြင်းတစ်ချက်က သူ၏မျက်နှာကို တိုက်ခတ်သွားသောအခါ ရေအေးများဖြင့် ပက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် စိတ်လှုပ်ရှားမှုများကြောင့် မိန်းမောတွေဝေနေရာမှ အသိစိတ်ပြန်ဝင်လာ၏။
သူသည် ယခုမှ အဆင့်မြင့်ကျွန်းသို့ ဝင်ခွင့်ရခဲ့သည့် ကျောင်းသားသစ်တစ်ယောက် ဖြစ်သောကြောင့် သူနှင့် လီဖေး၏ကြားတွင် ကွာခြားချက်များစွာ ရှိနေ၏။ ယခုတွင်မူ သူသည် ထိတ်ထိတ်ပျာပျာနှင့် နောက်သို့ဆုတ်ခွာသွားပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားရတော့သည်။ ထို့နောက် သူ၏ သိုလှောင်အိတ်ထဲမှ ဓမ္မအဆောင်အချို့ကို ချက်ချင်းပင် ထုတ်ယူလိုက်၏။ သို့သော် ၎င်းတို့ထဲမှ အများစုမှာ ပထမအဆင့် ဓမ္မအဆောင်များသာ ဖြစ်ကြပြီး ဓားပျံလေးတစ်လက်သာ ဒုတိယအဆင့် ဓမ္မအဆောင်တစ်ခု ဖြစ်သည်။
သူသည် ခုခံလိုသောကြောင့် စဉ်းစားတွေးတောမနေတော့ဘဲ ထိုဓားပျံလေးကို ပစ်လွှတ်လိုက်သည်။ သို့သော် လီဖေး၏ ဓားပျံမှာ ဒုတိယအဆင့် အထွတ်အထိပ်ဓမ္မအဆောင်တစ်ခု ဖြစ်သောကြောင့် အလွန်အင်မတန်မှ အသွားချွန်ထက်ကာ အစွမ်းထက်၏။ ထို့ကြောင့် ၎င်းမှာ အနားသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ရှီနန်း၏ ဓမ္မအဆောင်များစွာကို တစ်စစီ ကြေမွသွားအောင် ဖျက်ဆီးပစ်လိုက်၏။ ၎င်းမှာ ရှီနန်း၏ နဖူးနှင့် ဆံချည်တစ်မျှင် အကွာဝေးသို့ ရောက်လာသည့်အချိန်တွင် သာမန်ဟုသာ ထင်ရသော ဓားပျံတစ်လက်က ၎င်းအား တားဆီးလိုက်၏။
ထိုဓားနှစ်လက် ရိုက်ခတ်သွားသည်နှင့် တစ်ပြိုင်နက် အသံကျယ်ကြီးတစ်သံ ပေါ်ထွက်လာသောကြောင့် လမ်းသွားလမ်းလာများမှာ အံ့ဩတုန်လှုပ်သွားကြပြီး ရပ်တန့်သွားကြ၏။ ရှီနန်းမှာလည်း မျက်နှာများ ဖြူဆုတ်သွားပြီး ချက်ချင်းပင် နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်ခွာသွား၏။
သူ၏ ရှေ့မှ ဓမ္မအဆောင် အများစုမှာ ပျက်စီးသွားကြပြီ ဖြစ်သည်။ ဒုတိယအဆင့် ဓားပျံလေးတစ်လက်သာ သူ၏ရှေ့တွင် ဒိုင်းကာတစ်ခုကဲ့သို့ ရစ်ဝဲနေပြီး မျက်စိကျိန်းမတတ် စူးရှသော အလင်းရောင်တစ်ခုကို ထုတ်လွှတ်နေ၏။
အခြားတစ်ဖက်တွင်မူ လီဖေး၏ ဓားပျံမှာ ဖယ်ရှား၍ မရနိုင်သော ကျောက်တုံးကြီးတစ်တုံးနှင့် ရိုက်ခတ်မိသွားသည့်အလား ချက်ချင်းပင် နောက်သို့ ပြန်ကန်ထွက်လာပြီး အသံကျယ်ကြီး အဆက်မပြတ် ပဲ့တင်ထပ်သွားတော့သည်။ ထို့နောက် အက်ကွဲသံများ ပေါ်ထွက်လာပြီး ထိုဓား၏ ထိပ်မှာ တုံးသွား၏။ ထိုဓား၏ ကိုယ်ထည်ပင်လျှင် သိသိသာသာ ကျိုးပဲ့ပျက်စီးသွားပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အက်ကွဲကြောင်းကြီးတစ်ခု ပေါ်ထွက်လာ၏။
လီဖေးမှာ ထိုအခြင်းအရာကို မြင်လိုက်ရသောအခါ အံ့ဩမှင်တက်သွားပြီး အတွေးများ ထူပူသွားတော့သည်။ သူသည် အံ့အားသင့်သွားရပြီး သူ့ဆီသို့ ဒယိမ်းဒယိုင်နှင့် ပြန်လည်ရောက်ရှိလာသော တစ်ဝက်တိတိ ပျက်စီးနေပြီ ဖြစ်သည့် ဓားပျံလေးကိုကြည့်လိုက်၊ ရှီနန်း၏ရှေ့တွင် ရစ်ဝဲနေသော ဓားပျံလေးကိုကြည့်လိုက် ဖြစ်နေ၏။ ထို့နောက် သူ၏နှလုံးသားမှာ တဆစ်ဆစ်နှင့် နာကျင်ကိုက်ခဲလာတော့သည်။
” ငါက မင်း ဘာလို့ ငါ့ကို စိန်ခေါ်ရဲနေတာလဲဆိုတာ သိချင်နေတာ… လက်စသတ်တော့ မင်းက ဒီဓမ္မအဆောင် အားကိုးနဲ့ကိုးကွ ”
လီဖေးမှာ မျက်လုံးများ မှေးသွားပြီး အေးစက်စက်ကြည့်လိုက်၏။ ထို့နောက် ထိုဖြစ်ရပ်ကို မယုံကြည်နိုင်သောကြောင့် သူ၏လက်ကို ထပ်၍ ဝှေ့ရမ်းလိုက်ပြန်သည်။ ထိုအခါ သူ၏ သိုလှောင်အိတ်ထဲမှ ချက်ချင်းဆိုသလိုပင် ဓားပျံခုနစ်လက် ပျံထွက်လာ၏။
ထို ဓားပျံ တစ်လက်ချင်းစီတိုင်း ဒုတိယအဆင့် အထွတ်အထိပ် ဓမ္မအဆောင်များ ဖြစ်ကြပြီး အမြန်နှုန်းသာမက ချွန်ထက်မှု အပိုင်းတွင်ပါ အံ့ဩဖွယ်ကောင်း၏။ သူသည် နှစ်နှစ်တိတိ အချိန်ပေး၍ ၎င်းတို့ကို စုဆောင်းထားခဲ့ရသည့်ဖြစ်ပြီး ယခုတွင် သူ၏ မန္တန်လက်ကွက်များကို ဖော်လိုက်သောအခါ ထို ဓားပျံများမှာ အံ့ဩမှင်တက်ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် ရှေ့သို့ ပျံထွက်လာကြ၏။
” အဲဒါဆိုလည်း…. ငါက မင်းရဲ့ ဓမ္မအဆောင်ကို ဖျက်ဆီးပေးရတာပေါ့။ အဲဒါပြီးရင် မင်း အခုလိုဆက်ပြီးတော့ မောက်မာနိုင်ဦးမလားဆိုတာ ကြည့်ကြတာပေါ့ကွာ ”
လီဖေးမှာ ထိုသို့ ကြိမ်းဝါးလိုက်စဉ် ထိုဓားပျံမှာ ကြက်သေသေနေဆဲဖြစ်သော ရှီနန်း၏အနီးသို့ အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာ၏။
ထို့နောက် ချက်ချင်းဆိုသလိုပင် အသံကျယ်ကြီးများ ထွက်ပေါ်လာသဖြင့် ဘေးမှ ကြည့်နေကြသည့်လူများမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြပြီး ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေကြတော့သည်။ သူတို့ထဲမှ အချို့ဆိုလျှင် မျက်လုံးများ ပြူးကျယ်သွားကြပြီး ဆွံ့အမှင်တက်သွားကြ၏။
” ဘုရားရေ။ ငါ အမြင်မှားနေတာ မဟုတ်ပါဘူးနော်။ အဲဒီ ဓားပျံက ယုံချင်စရာ မကောင်းလောက်အောင် မာကျောနေတာပါလား ”
” အဲ…. အဲဒါ ဘာ ဓမ္မအဆောင်ကြီးလဲကွ။ ဓားပျံပုံစံ ဖြစ်နေတဲ့ ဓမ္မဒိုင်းကာတစ်ခုလား ”
” ကြည့်ရတာ အဲဒီ ဓားပျံရဲ့ထိပ်မှာ ကြက်ခြေခတ်တစ်ခု ရှိနေတဲ့ပုံပဲ။ အဲဒီ ကြက်ခြေခတ်က ဘာကို ကိုယ်စားပြုတာပါလိမ့် ”
သူတို့၏အမြင်မှကြည့်လျှင် လီဖေး၏ ဓားပျံများမှာ ဓားမိုးများ ရွာကျလာသကဲ့သို့ စုစည်းသွားကြပြီး ရှီနန်း၏ ဓားပျံလေးနှင့် ရိုက်ခတ်သွားကြ၏။ သို့သော် မျက်စိတစ်မှိတ်အတွင်း ထိုဓားပျံအားလုံးမှာ နောက်သို့ တွန်းထုတ်ခံလိုက်ရပြီး ၎င်းတို့၏ အမြန်နှုန်းနှင့် ပြင်းအားတို့ကြောင့် လုံးဝနီးပါး ပျက်စီးသွားကြ၏။ ၎င်းတို့ထဲမှတချို့ဆိုလျှင် ချက်ချင်းပင် တစ်စစီ ဖြစ်သွားကြသည်။ ပျက်စီးမှု အနည်းဆုံးသော ဓားပျံများပင် ၎င်းတို့၏ ဓားထိပ်များမှာ ကျိုးပဲ့သွားကြသည်။
ထိုအခြင်းအရာ အားလုံးမှာ ပုံမှန်မဟုတ်ဘဲ ထူးဆန်းလွန်းနေ၏။ တခဏအကြာတွင် ပေါက်ကွဲသံကြီးများ ငြိမ်သက်သွားပြီးနောက် ဓားအကျိုးအပဲ့ အပိုင်းအစ များစွာ ရှီနန်း၏ ဘေးပတ်ပတ်လည်တွင် ရစ်ဝဲနေကြတော့သည်။ သူသည် ရီဝေဝေ ဖြစ်နေဆဲဖြစ်ပြီး လီဖေးမှာမူ ကြက်သေသေနေရပြီဖြစ်သည်။ သူသည် ရှီနန်း၏ရှေ့တွင် ရစ်ဝဲနေသော ဓားပျံလေးအား စိုက်ကြည့်ရင်း သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား တဆတ်ဆတ် တုန်ရီနေတော့သည်။
” ဒါ နတ်ဘုရားရတနာ တစ်ခုလားကွ။ ရှီနန်း … မင်းက တော်တော်ကို အရှက်မရှိတာပဲ။ ပညာသင်ဖက်တွေ အချင်းချင်း တိုက်ခိုက်တာကို မင်းက နတ်ဘုရားရတနာတစ်ခု သုံးရတယ်လို့ ”
လီဖေးမှာ အသားများတုန်ရီနေပြီး တုန်လှုပ်ချောက်ချားလွန်းနေသောကြောင့် စိတ်နှလုံးထဲတွင် နာကျင်နေရတော့သည်။ ထို့နောက် သူသည် မျက်လုံးပြူးကြီးများဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်ခွာသွား၏။ ထိုဓားမှာ နတ်ဘုရားရတနာနှင့် လုံးဝမတူပါသော်လည်း ယခုကဲ့သို့ အံ့ဩမှင်တက်ဖွယ် ကောင်းလောက်အောင် မာကျောခိုင်ခံ့နေမည့် ဓမ္မအဆောင် တစ်ခုတလေပင် သူ၏အတွေးထဲ၌ ပေါ်မလာခဲ့ပေ။
ဘေးနားမှ ကြည့်နေကြသည့် လူများမှာလည်း တအံ့တဩဖြစ်ကာ ပင့်သက်များ ရှိုက်နေကြ၏။ ရှီနန်း၏ ရည်းစားဟောင်းပင်လျှင် မိန်းမောတွေဝေသွားရ၏။
ရှီနန်းမှာမူ အံ့ဩတုန်လှုပ်ကာ အာစေးထည့်ထားသကဲ့သို့ ဖြစ်နေပြီ ဖြစ်သည်။ သူသည် အသက်ရှူသံများ မြန်လာပြီး သူ၏ရှေ့တွင်ရှိနေသော ဓားပျံလေးကို စိုက်ကြည့်နေ၏။ လွန်ခဲ့သော တစ်ပတ်ခန့်က ထိုဓားပျံလေးမှာ ဈေးပေါသည်ဟု သူက ယူဆခဲ့သောကြောင့် ၎င်းကို ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အတိအကျ မှတ်မိနေ၏။ သို့သော် သူသည် ထိုဓားပျံလေးအား ဝယ်ယူခဲ့ပြီးနောက် ၎င်းမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလောက်အောင် နှေးကွေးနေသလို ချွန်ထက်မှုလည်း လုံးဝမရှိကြောင်း သိခဲ့ရ၏။
၎င်းမှာ မာကျောခိုင်ခံ့ပါသော်လည်း ဓားပျံတစ်လက်မှာ အမြန်နှုန်းနှင့် ချွန်ထက်မှုမရှိပါက အသုံးဝင်မည်မဟုတ်ဟု သူက ယူဆခဲ့၏။ ငွေပြန်မအမ်းသော စနစ်ကြောင့်သာ မဟုတ်လျှင် သူသည် ၎င်းအား ပြန်ရောင်းပြီးနေလောက်ပြီ ဖြစ်သည်။
သို့သော် ယခုတွင်မူ သူ၏ခေါင်းထဲတွင် ထိုအတွေးများ ရှိမနေတော့ပေ။ သူသည် အသိစိတ်ပြန်ဝင်လာပြီး စိတ်လှုပ်တရှား ဖြစ်နေသည့်အမူအရာဖြင့် သူ၏ရှေ့တွင်ရှိနေသော ဓားပျံလေးကို ဆုပ်ကိုင်လိုက်၏။
” ဒါ နတ်ဘုရားရတနာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ တစ်ပတ်တုန်းက ငါဝယ်ထားတဲ့ ဒုတိယအဆင့် ဓမ္မအဆောင်တစ်ခုကွ။ သူ့နာမည်က…. ‘ ကျိုးရင် အလကားယူ ‘ တဲ့ ”
ရှီနန်းက စိတ်လှုပ်တရှားဖြင့် အော်ပြောလိုက်၏။
လီဖေးမှာ ထိုစကားများကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် မျက်လုံးများ ကျွတ်ကျလုမတတ် ဖြစ်သွား၏။ သူ၏အမြင်တွင် ထို ဓမ္မအဆောင်မှာ ထိပ်သီးအဆင့်တွင် ရှိနေပါသော်လည်း ၎င်း၏ နာမည်မှာ ပို၍ပင် အံ့ဩဖွယ်ရာကောင်းနေ၏။ သို့သော် ၎င်း၏နာမည်နှင့် ဂုဏ်သတ္တိများမှာ အလွန်ကိုက်ညီနေကြောင်း သူက လက်ခံလိုက်ရ၏။
ဘေးနားမှ ကြည့်နေကြသူများမှာလည်း ထိုဓားပျံလေး၏ နာမည်အား ကြားလိုက်ရပြီနောက် ဇဝေဇဝါ ဖြစ်သွားကြ၏။ သို့သော် ချက်ချင်းဆိုသလိုပင် လူတစ်ယောက်မှာ တစ်စုံတစ်ခုကို မှတ်မိသွားသည့်အလား စူးရှကျယ်လောင်စွာ အော်ပြောလိုက်၏။
” အဲ့နာမည်က…. ငါ မှတ်မိသွားပြီ။ အဲဒီဓားပျံကို အရောင်းအဝယ်နယ်မြေမှာ လူတစ်ယောက် ဝယ်သွားတာကို ငါ မြင်လိုက်တယ်။ တန်ကြေးက ဝိညာဉ်ကျောက်တုံး အတုံးငါးရာပဲ ရှိတာ ”
” ငါလည်း မြင်လိုက်သေးတယ်။ ငါ့အထင် အဲဒီလိုမျိုး နောက်ထပ် ခုနစ်ခု ရှစ်ခုလောက် ထပ်ရောင်းနေ သေးသလားလို့။ အဲဒီ ဓမ္မအဆောင်တွေ အကုန်လုံးပေါ်မှာ ကြက်ခြေခတ်တစ်ခုစီ ပါတယ် ”
” ဝိညာဉ်ကျောက်တုံး အတုံးငါးရာပဲ ပေးရတာတဲ့လား။ အဲဒါဆို ငါလည်း တစ်ခုလောက် ဝယ်ချင်တယ်ဟေ့ ”
လူတိုင်း ထို စကားများကိုနားထောင်ရင်း ရုတ်တရက်ဆိုသလို စိတ်လှုပ်ရှားလာကြတော့သည်။ သူတို့ထဲမှ အချို့ဆိုလျှင် ထိုပစ္စည်းများကို ဝယ်ယူရန် ဝိညာဉ်ကွန်ရက်ပေါ်သို့ ချက်ချင်းပင် တက်သွားကြ၏။ လီဖေးပင်လျှင် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူတို့နည်းတူ ဝိညာဉ်ကွန်ရက်အား ဖွင့်လိုက်၏။
ထိုအခြင်းအရာများကို မြင်လိုက်ရသောအခါ ရှီနန်းမှာလည်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး နောက်ထပ် ထပ်၍ ဝယ်ယူရန် ကြိုးစားကြည့်လိုက်၏။
ချက်ချင်းဆိုသလိုပင် လူတိုင်း တိုက်ပွဲကြီးအကြောင်း မေ့ပျောက်သွားကြတော့သည်။ သူတို့အားလုံးမှာ ဝိညာဉ်ကွန်ရက်ပေါ်တွင် ထိုပစ္စည်းများကို အလုအယက် ရှာဖွေနေကြသဖြင့် ခဏအကြာတွင် ဝမ်ပေါင်လဲ့ စာရင်းတင်ထားသော ဓမ္မအဆောင်အားလုံး ရောင်းထွက်သွားတော့သည်။
တချို့မှာ ကျေနပ်အားရသွားကြပြီး တချို့မှာမူ စိတ်ပျက်လက်ပျက်နှင့် ကျန်ရစ်ခဲ့ကြ၏။ ဓမ္မလက်နက်အဆောင်ထဲတွင် လက်နက်သဲများ သန့်စင်နေသည့် ဝမ်ပေါင်လဲ့မှာ သူ၏ အသံလွှင့်ကျောက်စိမ်းပေလွှာပေါ်တွင် ဆက်တိုက်ဆိုသလို ပေါ်လာသော အကြောင်းကြားစာများကို ဖတ်ကာ ဝေခွဲမရ ဖြစ်သွားရတော့သည်။
” သင့်စာရင်းထဲသို့ ဝိညာဉ်ကျောက်တုံး အတုံးငါးရာ ရောက်လာပါသည်။ သင်၏ လက်ရှိငွေပမာဏမှာ…. ”
” သင့်စာရင်းထဲသို့ ဝိညာဉ်ကျောက်တုံး အတုံးခုနစ်ရာ ရောက်လာပါသည်…. ”
” သင့်စာရင်းထဲသို့ ဝိညာဉ်ကျောက်တုံး အတုံးတစ်ထောင် ရောက်လာပါသည်…. ”
***
ထိုအခါ ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် သူ၏ လက်နက်သဲများကို သိမ်းဆည်းကာ ကြည့်ရှုစစ်ဆေးလိုက်ရတော့သည်။
” ဘာတွေ ဖြစ်နေတာလဲဟ “
aaaaaaaaaaaaaaaaaaaaaaaaaaaaaaq
163 ဘယ်ရောက်လဲ bro