အပိုင်း(၃၀) မရှိသော လုပ်ပိုင်ခွင့်ကို ကြွားဝါခြင်း
အားဟူ အခန်းထဲသို့ ဝင်လာသည်။ “ရွက်ချပ်ဆယ်မွှာ ရွှေသစ်ခွကို လျူလျောင်တောင်တန်းမှာ တွေ့မိတယ်လို့ ကျွန်တော်တို့ သတင်းရပါတယ်”
ရန်ကျောက်ကဲ တခဏမျှ စဉ်းစားပြီး ပြောလိုက်သည်။ “လျူလျောင်တောင်တန်းလား၊ နဂါးချုပ်လှောင်ခြင်းချောက်နက်နဲ့ တော်တော်နီးတာပဲ၊ အရှေ့တန်ပိုင်နက်ထဲမှာလည်း ရှိတယ်”
“ကောင်းပြီ၊ လောလောဆယ် ငါလည်း ဘာမှ လုပ်စရာမရှိသေးတော့ လျူလျောင်တောင်တန်းကို သွားကြည့်တာပေါ့ကွာ၊ ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ် နောက်တစ်ခါ ထွက်လာမလား ကြည့်ကြတာပေါ့”
နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲတွင် မူမမှန်သော အဖြစ်အပျက်များ ဖြစ်ပေါ်နေစဉ် တစ္ဆေရဲဒင်းအဖိုးအို ဟန်ရှန်း ရုတ်တရက် ပေါ်လာသည်။ ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ်ကလည်း ဘေးမှ ခြေရှုပ်နေသည်။ နေသူတော်စင်ဂိုဏ်းသည်လည်း အချိန်မရွေး လှုပ်ရှားနိုင်ရန် အသင့်ပြင်နေသည်။ ကြုံတောင့်ကြုံခဲ တိုက်ဆိုင်မှုပင်။
အရှေ့တန်နိုင်ငံဘုရင်က ဝါဒတောင်ဂိုဏ်းဘက်သို့ ယိမ်းနေသော်လည်း မမျှော်လင့်သော အခြေအနေများ ဖြစ်ပေါ်လာပါက ကိုင်တွယ်ဖြေရှင်းနိုင်ရန် အရှေ့တန်နိုင်ငံတွင် ဝါဒတောင်ဂိုဏ်း၏ တစ်ဦးတည်းသော သိုင်းဆရာသခင်ဖြစ်သည့် ရန်ရှု့တစ်ယောက်ထဲနှင့် မလုံလောက်ပေ။
အခြားတာဝန်များရှိသေးသည့်အတွက် အရှေ့ကောင်းကင်ဒေသ စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲကလည်း အရှေ့တန်တွင် ကြာမြင့်စွာ မနေနိုင်ပေ။ သို့ရာတွင် ဝါဒတောင်ဂိုဏ်းမှလည်း အခြားထိပ်တန်းကျင့်ကြံသူများ စေလွှတ်ထားသည်။ အရှေ့တန်နိုင်ငံတွင် အခြားအင်အားစုများကလည်း ယောက်ယက်ခတ်နေသဖြင့် ဝါဒတောင်ဂိုဏ်းကလည်း ထိုနေရာတွင် လူအင်အား မပြတ်လတ်ပေ။
ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ်က အရဲစွန့်၍ နောက်တစ်ကြိမ် ပေါ်လာမည်လောဆိုသည်ကိုတော့ ရန်ကျောက်ကဲလည်း မသိပေ။
သူ့လက်အောက်ငယ်သားများအား စေလွှတ်၍ ရှာခိုင်းထားသော ရွက်ချပ်ဆယ်မွှာ ရွှေသစ်ခွက ရန်ကျောက်ကဲအတွက် အလွန် အရေးပါသည်။
ရန်ကျောက်ကဲ၏အဖေနှင့် ဒုတိယဦးလေးတို့ကြား ယှဉ်ပြိုင်မှုက အရေးအကြီးဆုံး အခြေအနေသို့ ရောက်နေလေပြီ။
ရန်ကျောက်ကဲ၏သိုင်းဘိုးဘေးဖြစ်သော လက်ရှိမျိုးဆက် ဝါဒတောင်ဂိုဏ်းချုပ်က သူ တံခါးပိတ်ကျင့်ကြံလိုသည့် ရည်ရွယ်ချက်ကို အစောကတည်းက ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည်။ သူ မည်သည့်အချိန်မှ ပြန်လည်ထွက်ပေါ်လာနိုင်မှန်း မည်သူမျှ မသိပေ။
ဤတစ်ကြိမ် သိုင်းဘိုးဘေး တံခါးပိတ်ကျင့်ကြံခြင်းမှာ ယခင်အကြိမ်များနှင့် မတူပေ။ အတိအကျမသိရဘဲ အချိန်အတိုင်းအတာတစ်ခုအထိ ကြာမြင့်နိုင်သည်။ သူ ပြန်ထွက်လာနိုင်သည့် အချိန်မှာ ခေတ်များစွာ ကျော်လွန်ပြီးမှလည်း ဖြစ်နိုင်သည်။ သူ တံခါးပိတ် ကျင့်ကြံရင်း သေသွားနိုင်ချေပင် ရှိသေးသည်။
ထို့ကြောင့် သိုင်းဘိုးဘေးက တံခါးပိတ်ကျင့်ကြံမှု မစတင်ခင် တရားဝင် ဆက်ခံသူ တစ်ဦး ခန့်အပ်ရန် စီစဉ်နေခြင်းဖြစ်သည်။
တာဝန်ခန်းမမှ အကြီးအကဲများဖြစ်သော ခွိုင်ရှင်းနှင့် ဝမ်နင်ဇီတို့ကို ဖြုတ်ချနိုင်ခြင်းက တကယ်တော့ ရန်ကျောက်ကဲ၏အဖေအတွက် အသေးအမွှားမျှသာဖြစ်သည်။ အခြေအနေအားလုံးကို ခြုံငုံ၍ ကြည့်လိုက်လျှင် ထိုမျှလောက်ဖြင့် သူတို့နှစ်ယောက်ကြား ယှဉ်ပြိုင်မှုကို မသက်ရောက်နိုင်ပေ။
အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကလည်း လက်ရှိအချိန်အထိ အဆင့်မြင့် ဝိဉာဉ်လက်နက်တစ်ခုကိုမျှ မထုတ်လုပ်နိုင်သေးပေ။ အလွန်ဆုံးမှ ရမှတ် အနည်းငယ် ထပ်ပေါင်းပေးနိုင်သည်ဟုသာ သတ်မှတ်နိုင်သည်။ ရန်ကျောက်တို့ဘက်ကို အနိုင်ရသွားနိုင်စေသည့် ပမာဏအထိ မစွမ်းဆောင်နိုင်ပေ။
ရှု့ထောင့်တစ်မျိုးမှ ကြည့်လျှင် ၎င်းတို့က ဂိုဏ်းအတွင်း ရန်ကျောက်ကဲ၏ရပ်တည်မှု တိုးတက်စေရန် ကူညီပေးနေသည်ဟု ထင်ရသည်။
ရန်ကျောက်ကဲကလည်း ဤသည်ကို အပြည့်အဝ နားလည်သည်။ ဖြစ်လာနိုင်သော ကိစ္စအတွက် အစောကတည်းက ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ ထို့ကြောင့် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို အဆင့်မြှင့်ရန် ကြိုးစားနေစဉ်မှာပင် အခြားအစီအစဉ်များကိုလည်း သူ ပြုလုပ်နေခဲ့သည်။
ဆေးလုံးတစ်လုံး ဖော်စပ်ခြင်း……
မဟာကပ်ဘေးခေတ်ကတည်းက ဤတန်ဖိုးကြီးဆေးလုံးသည် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ပေါ်မလာတော့ပေ။
ဤဆေးလုံး ဖော်စပ်ရာ၌ ရန်ကျောက်ကဲ အောင်မြင်မှု ရခဲ့လျှင် ဂိုဏ်းချုပ်ရာထူးနေရာအတွက် သူ့အဖေဘက်မှ အများကြီး အလေးသာလာနိုင်သည်။ တစ်ချက်တည်းနှင့် ဂိုဏ်းချုပ်ရာထူးကိုပါ ရကောင်း ရသွားနိုင်သည်။
အိမ်တော်မှ ထွက်လာပြီး ရန်ကျောက်ကဲသည် ချောက်နက်ကြီးကြပ်ခြင်းမြို့ထဲတွင် လမ်းလျှောက်ရင်း တွေးတောနေသည်။
“အော်၊ မင်းသားလေး၊ ကျွန်တော် တင်ပြစရာ နောက်တစ်ခု ရှိသေးတယ်၊ ခုနတုန်းက ကျွန်တော့ကို ဆေးအမယ်နှစ်မျိုးရှာခိုင်းထားသေးတယ်လေ၊ အဲ့နှစ်ခုက အရှေ့တန်က ဈေးတွေအကုန်လုံးမှာ ပစ္စည်းပြတ်နေတယ်၊ အရှေ့တန်နိုင်ငံတော်လျှို့ဝှက်ဘဏ္ဍာတိုက်ထဲကနေ ပမာဏနည်းနည်းပဲ ရလာတယ်”
“အရှေ့တန်နိုင်ငံရဲ့ အကြီးဆုံး ဆေးပညာရှင် အဖွဲ့အစည်းဖြစ်တဲ့ ဆေးကျောက်တုံးစံအိမ်ထဲမှာ ရှိ၊မရှိ သွားရှာ၊ ရှိရင် ဈေးကို မနှမြောနဲ့၊ ရသလောက်သာ ဝယ်”
“အခု ဆေးကျောက်တုံးစံအိမ်က ပျောက်ကွယ်သွားတာကြာပြီဖြစ်တဲ့ အစွမ်းထက်ဆုံး ဒဏ်ရာကျက်ဆေး တိမ်မီးခိုးအမှုန့်ကို ရုတ်တရက် စရောင်းနေတယ်”
ရန်ကျောက်ကဲက တခဏမျှ စဉ်းစား၍ ပြောလိုက်သည်။ “တိမ်မီးခိုးအမှုန့်၊ ငါမှတ်မိတဲ့အတိုင်းဆို တိမ်မီးခိုးအမှုန့်က ဆေးမီးတောက်ဓားနတ်ဘုရားကော်ဇီရဲ့ လျို့ဝှက်ဆေးဖော်နည်းနဲ့ ဖော်စပ်ထားတာပဲ၊ ကော်ဇီသေတော့ အဲ့ဒီ့ဆေးဖော်နည်းလည်း သူနဲ့အတူ ပျောက်ကွယ်သွားတယ်”
အစွန်းရောက်ရှစ်ပါးကမ္ဘာထဲတွင် အမျိုးမျိုးသော ထိပ်သီးနယ်မြေများ စတင်အင်အားချဲ့ထွင်နေစဉ်ကပင် ဆေးမီးတောက်ဓားနတ်ဘုရားသည် တစ်သီးပုဂ္ဂလထဲ ချွန်ထွက်နေသော ထိပ်တန်းကျင့်ကြံသူအနည်းစုမှ တစ်ဦးဖြစ်သည်။ သူ့နှောင်းပိုင်းနှစ်များတွင် သိုင်းသူတော်စင်အဆင့်သို့ပင် ရောက်နိုင်ခဲ့သည်။
သူ့စိတ်နေစိတ်ထားက အလွန် မောက်မာပြီး မာနကြီးသည်။ သို့သော် သူ့တွင် ထိုသို့ ပြုမူနိုင်သည့် အရည်အချင်းလည်း ရှိသည်။
သူက ဓားပညာတွင် ထူးချွန်ပြောင်မြောက်သလို ထိုခေတ်၏ ထိပ်တန်းဆေးပညာရှင်တစ်ဦးလည်း ဖြစ်သည်။ ဓားပညာနှင့် ဆေးပညာ၊ နယ်ပယ်နှစ်ခုလုံးတွင် ပေါက်ရောက်သော ရှားမှရှားသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
သူနှင့် ဝါဒတောင်ဂိုဏ်း၏ ဆက်ဆံရေးက များစွာ သဟဇာတမဖြစ်လှပေ။
သို့သော်လည်း ထိုပုဂ္ဂိုလ် သေဆုံးသွားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေလေပြီ။
“ဆေးကျောက်တုံးစံအိမ်က ကံကောင်းပြီး ကော်ဇီထားခဲ့တဲ့ လျှို့ဝှက်ဆေးဖော်နည်းကို တွေ့သွားတာ ဖြစ်မယ်” အားဟူက သူ့ထင်မြင်ချက်ကို ပြောသည်။
ရန်ကျောက်ကဲ ခေါင်းငြိမ့်လိုက်သည်။ ထိုစကားက ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူ့အတွက် အရေးမကြီးပေ။
တိမ်မီးခိုးအမှုန့်က အမှန်တကယ်ပင် ယနေ့ခေတ်၏ အကောင်းဆုံးသော ဒဏ်ရာကျက်ဆေးတစ်မျိုးဖြစ်သည်။ လက်ထဲ ရှိနေ၍ မမှားပါ။ သို့သော် ထိုဆေးမှာ သူ မရလျှင် မဖြစ်သော အရာမျိုး မဟုတ်ပါ။
တခဏမျှ လမ်းလျှောက်ပြီးနောက် ရန်ကျောက်ကဲ၏စိတ် အနည်းငယ် ပြောင်းလဲသွားသည်။ သူ နောက်သို့ လှည့်ကြည့်လိုက်သောအခါ လမ်းချိုးတစ်ခုမှ လူအနည်းငယ် ပေါ်လာသည်ကို တွေ့ရသည်။
ထိုလူစုမှာ ငြင်းခုံနေကြပုံရသည်။ ရန်ကျောက်ကဲနှင့် အတော်လှမ်းသော်လည်း ရန်ကျောက်ကဲ၏ကျင့်ကြံမှုကြောင့် သူတို့ ပြောနေသည်ကို ရှင်းရှင်းလင်းလင်း ကြားရသည်။
“ဂျူနီယာညီလေးဖေး၊ အဲ့အုပ်စုက မင်းကို တမင်သက်သက် ဒုက္ခပေးချင်နေတာ၊ ဘာလို့ သူတို့ပြောတဲ့အတိုင်း လိုက်လုပ်နေတာလဲ” အရပ်ရှည်ရှည်နှင့် လူငယ်က ပြောလိုက်သည်။ သူသည် သူ့သူငယ်ချင်း အနိုင်ကျင့်ခံရမှုအတွက် မကျေမနပ်ဖြစ်နေပုံရသည်။
သူသည် လေ့ကျင့်ရန်အတွက် ဂိုဏ်းမှ ရန်ကျောက်ကဲ၏ နောက်သို့ လိုက်ပါလာသော လူငယ်တပည့်တစ်ဦးဖြစ်သည်။ သူ့နာမည်မှာ လန်ဝမ်ရန်ဖြစ်ကြောင်း ရန်ကျောက်ကဲ အမှတ်ရမိသည်။
သူ့ဘေးမှ လူများသည်လည်း လေ့ကျင့်ရန်အတွက် ဂိုဏ်းမှ ရန်ကျောက်ကဲနှင့် အတူတူ ထွက်ခွာလာကြသူများ ဖြစ်သည်။
နဂါးချုပ်လှောင်ခြင်းချောက်နက်ရှိ အရင်တာဝန်က ပြီးဆုံးသွားလေပြီ။ ပျောက်နေသော ရီကျင်းမှ လွဲလျှင် ကျန်တပည့် ဆယ့်ငါးယောက်တွင် အချို့က ဝါဒတောင်သို့ ပြန်သွားကြပြီး ကျန်လူများမှာ ဆက်လက်လေ့ကျင့်၍ အတွေ့အကြုံရှာဖွေရန် ချောက်နက်စောင့်ကြပ်ခြင်းမြို့၌ ဆက်ရှိနေကြသည်။
လန်ဝေရန်၏ရှေ့တွင် သူနှင့် သက်တူရွယ်တူနီးပါးရှိသော လူငယ်တစ်ယောက် မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်နေသည်။
သူက ကူကယ်ရာမဲ့စွာ ရယ်မောလိုက်သည်။ “စီနီယာအကိုကြီးမာက ကျွန်တော်တို့ နေ့စဉ် ကျင့်ကြံခြင်းအတွက် တာဝန်ရှိတဲ့သူပဲ၊ သူတောင်းဆိုမှတော့ ကျွန်တော်က လိုက်လုပ်ရမှာပဲ”
လန်ဝမ်ရန်က ဒေါသတကြီးဖြင့် ပြောဆိုလိုက်သည်။ “ဒါပေမယ့် မင်းရဲ့လက်ရှိ ကျင့်ကြံမှုအဆင့်နဲ့ ကြီးမားတဲ့ ရေတံခွန်အောက်မှာ တစ်နာရီလောက်နေရရင် မင်းအတွက် မကောင်းတာ တစ်ခုခု ဖြစ်လာနိုင်တယ်”
“တစ်နာရီလုံးတောင်…..၊ သူက မင်းကို သေစေချင်နေတာလား”
ဖေးမျိုးရိုးလူငယ်၏မျက်နှာက ညှိုးငယ်နေသည်။ “ကျွန်တော်သေတော့ မသေလောက်ပါဘူး၊ အလွန်….ဆုံးမှ…..၊ အရင်တစ်ခါကလို ရေထဲကို ဟပ်ထိုးကျပြီး မေ့လဲသွားတော့ သူ ဆွဲထုတ်ပေးသွားတာပဲ”
တစ်ယောက်က ဘေးမှ ဝင်ပြောလိုက်သည်။ “မင်း သတိမထားမိဘဲ သူ စိတ်ဆိုးအောင် လုပ်မိတာများလား၊ သူက မင်းကို တမင်သက်သက် ဒုက္ခပေးချင်နေရအောင်….”
ဂျူနီယာညီလေးဖေး သက်ပြင်းချသည်။ “အရင်တုန်းက ကျွန်တော်က လောကကြီးအကြောင်း မသိနားမလည်သေးဘူး၊ သူ လာဘ်စားနေတဲ့အချိန်မှာ ကျွန်တော်က သူ့အကြံကို ဖျက်စီးမိတယ်၊ အဲ့တာကြောင့် သူက ကျွန်တော့ကို ပြန်လက်စားချေချင်နေတာပဲ”
“အဲ့တာက ပြီးသွားပြီ မဟုတ်ဘူးလား၊ မင်းလဲ မှားတာမှ မဟုတ်တာ၊ ဘာကြောက်စရာလိုလဲ၊ သူ မင်းကို လုပ်သမျှကို အဆင့်နိမ့်အကြီးအကဲဆီ ပြန်တိုင်လို့ ရတာပဲ”
ဂျူနီယာညီလေးဖေးက ပလုံးပထွေးဖြင့် ဖြေကြားလိုက်သည်။ “အဲ့လို လုပ်လို့မရဘူး၊ ကျွန်တော်လည်း နောက်မှ သဘောပေါက်တာ၊ သူ့နောက်မှာ အဆင့်နိမ့်အကြီးအကဲ ရှိလောက်တယ်၊ သူ့နောက်မှာ အဆင့်နိမ့်အကြီးအကဲရှိလို့လည်း သူ ဘာမှမဖြစ်ဘဲ ပြန်ထွက်လာပြီး ကျွန်တော့ကို နောက်ထပ် ဒုက္ခပေးနိုင်တာပေါ့”
“ကျွန်တော်က ဒီအကြောင်းကို အဆင့်နိမ့်အကြီးအကဲဆီ တိုင်ကြားရင်တောင် ကျွန်တော့ကို ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးဖို့ လုပ်တာဆိုပြီး အကိုကြီးမာက ဆင်ခြေပေးလိုက်ရုံပဲ၊ သူက အေးအေးဆေးဆေး ပြန်ထွက်လာလို့ရတယ်၊ ပြီးကျ ကျွန်တော့ကို နောက်တစ်မျိုး နှိပ်စက်ဦးမှာပဲ၊ ဘာပြစ်ဒဏ်မှ မခံရတဲ့အပြင် အရင်ကထက်တောင် ကျွန်တော့ကို ပိုပြီး နှိပ်ကွပ်ဖို့ အားထုတ်လောက်တယ်”
ဂျူနီယာညီလေးဖေးမှာ လန်ဝမ်ရန်နှင့် အခြားသူများကို ကြည့်ရင်း မတ်တပ်ရပ်၍ အားကိုးရာမဲ့စွာ ရယ်မောလိုက်သည်။ “ပထမတုန်းက ကျွန်တော်က နည်းနည်း ပိုကောင်းတဲ့ ကျင့်ကြံခြင်းအရင်းအမြစ်တွေ ရလိုရငြား ဂိုဏ်းက ထွက်ပြီး ဒီရောက်လာတာပဲ၊ ဒီလိုသာ ဖြစ်မှန်းသိရင် ကျွန်တော် မလာပါဘူးဗျာ၊ ကျွန်တော် အတိတ်တုန်းက ကိစ္စတွေကို ရိုးရိုးလေး တွေးခဲ့မိတယ်”
“အခု ကျွန်တော် ပင်မဂိုဏ်းကို ပြန်ချင်ရင် အဆင့်နိမ့်အကြီးအကဲကို ဆက်သွယ်ပြီး ပြန်ချင်တဲ့အကြောင်း ပြောရမယ်၊ ဒါပေမယ့် အကိုကြီးမာက အကြီးအကဲရဲ့ ဘေးနားကနေ မဟုတ်မမှန်တွေ လျှောက်ပြောနေတယ်၊ ကျွန်တော် ပြန်ချင်လည်း ပြန်လို့မရ၊ သူ့ဆီက ပုန်းနေချင်ရင်တောင် ပုန်းလို့မရ ဖြစ်နေတယ်”
လန်ဝမ်ရန်၏မျက်ခုံးများ တင်းတင်းကြပ်ကြပ် ကျုံ့သွားသည်။ ဂိုဏ်းသို့ သူနှင့် ဂျူနီယာညီလေးဖေး အတူတူ ဝင်ရောက်ခဲ့သဖြင့် သူတို့နှစ်ယောက်ကြားတွင် အလွန် ရင်းနှီးသော ဆက်ဆံရေး ရှိသည်။ သည်တစ်ခါ ချောက်နက်ကြီးကြပ်ခြင်းမြို့သို့ ရောက်သောအခါ မိတ်ဆွေဟောင်းချင်း ပြန်လည်တွေ့ဆုံရသည့်အတွက် ပျော်စရာကောင်းလိမ့်မည်ဟု သူ အစက ထင်ခဲ့သည်။ သို့သော် သူ့မိတ်ဆွေဟောင်းက ဤသို့သော အဖြစ်ဆိုးနှင့် ကြုံတွေ့နေရသည်ကို သူ တွေ့ခဲ့ရသည်။
တခဏမျှ စဉ်းစားပြီးနောက် လန်ဝမ်ရန်က ချီတုံချတုံဖြင့် ပြောလိုက်သည်။ “ဒီတစ်ကြိမ်မှာ ငါတို့က စီနီယာအကိုကြီးရန်နဲ့ လာခဲ့တာပဲ၊ အကိုကြီးရန်ရဲ့ အဆင့်အတန်းက ထူးခြားတယ်၊ မင်း အကိုကြီးရန်ကို အကူအညီတောင်းရင် အကိုကြီးမာက မင်းကို နှောက်ယှက်ရဲမှာ မဟုတ်တော့ဘူး၊ မင်းလည်း ချောက်နက်ကြီးကြပ်ခြင်းမြို့ကနေ ပြောင်းရွေ့လို့ ရလောက်တယ်”
“မင်းတို့ပြောတဲ့ စီနီယာအကိုကြီးရန်ဆိုတာ အကိုကြီးရန်ကျောက်ကဲကို ပြောတာလား” ဂျူနီယာညီလေးဖေး၏မျက်လုံးများ တခဏမျှ တောက်ပသွားသည်။ သို့သော် လျင်မြန်စွာ မှေးမှိန်သွား၏။ “ဒီလို အသေးအမွှားကို စီနီယာအကိုကြီးရန်က ဂရုစိုက်မှာ မဟုတ်ဘူး၊ ပြီးကြတော့ ချောက်နက်ကြီးကြပ်ခြင်းမြို့အကြီးအကဲရှု့ချွမ်နဲ့ သူ့ အကြား ဆက်ဆံရေးက အရမ်းကောင်းတယ် ကြားတယ်”
လန်ဝမ်ရန်က ပြောလိုက်သည်။ “အဲ့တာဆို မင်းအကြောင်းကို ငါတို့ ပင်မဂိုဏ်းဆီ သတင်းပို့ပေးမယ်”
“စီနီယာအကိုကြီးမာ ကျွန်တော့ကို ဒုက္ခပေးတာက အသေးအမွှားကိစ္စပါ၊ ပြီးတော့ သူ့အမှားလို့လည်း သက်သေပြလို့ မရဘူး၊ ဂိုဏ်းက လူတွေ လာမေးရင်တောင် သူ ငြင်းနေလို့ရတယ်”
သူက စိတ်ပျက်လက်ပျက် ပြုံးလိုက်သည်။ “ထားလိုက်ပါတော့ အကိုကြီးတို့ရာ၊ ကျွန်တော် ဆက်သည်းခံရုံပဲ ရှိတာပေါ့၊ သူ စိတ်ပြေသွားရင်တော့ ကျွန်တော့ကို အလွှတ်ပေးလောက်မှာပါ၊ ကျွန်တော့ကို သတ်တော့ မသတ်လောက်ပါဘူး၊ ကိုယ့်ကိုကိုယ်လေ့ကျင့်တယ်လို့ပဲ သဘောထားတာပေါ့ဗျာ”
ရန်ကျောက်ကဲက ထိုမြင်ကွင်းကို ငြိမ်သက်စွာ ကြည့်နေသည်။ သူ့အမူအရာက နည်းနည်းလေးမျှပင် မပြောင်းလဲပေ။
သူ့ခေါင်းကို တစ်ဖက်သို့ စောင်းလိုက်သည်။ “ငါသိတဲ့အတိုင်းဆို ရှု့ချွမ်ရဲ့ ကိုယ်ပိုင်တပည့်တွေထဲမှာ မာမျိုးရိုးနဲ့စတဲ့သူ မရှိပါဘူး၊ သူ့အမျိုးတွေထဲမှာလည်း မာမျိုးရိုး မရှိဘူးမလား”
“ဟုတ်ပါတယ် မင်းသား” အားဟူ ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် ရန်ကျောက်ကဲ၏ ဘေးမှ ထွက်သွားလေသည်။
အချိန်အနည်းငယ်ကြာပြီးနောက် သူ ပြန်ရောက်လာသည်။ “အဲ့လူရဲ့နာမည်က မာယွဲ့ပါ၊ သူက ကျွန်တော်တို့ဂိုဏ်းက အကြီးအဟောင်းတစ်ယောက်ရဲ့ မျိုးဆက်ပါ၊ ရှု့ချွမ် ငယ်စဉ်တုန်းက အဲ့ဒီ့ အကြီးအကဲမာရဲ့ အကူအညီကို တစ်ခါ ရရှိဖူးတယ်၊ အဲ့တာကြောင့် သူက အဲ့ဒီ့အကြီးအကဲရဲ့မျိုးဆက် မာယွဲ့ ပြန်ကြည့်ပေးနေတာပဲ”
ရန်ကျောက်ကဲ မျက်ခုံးပင့်သွားသည်။ “မကောင်းတာမှန်သမျှ ကင်းရှင်းပါတယ်ဆိုတဲ့ ရှု့ချွမ်က သူ့ကျေးဇူးရှင်ရဲ့ မျိုးဆက်ကို စောင့်ရှောက်နေတယ်၊ သူ အဲ့ကောင်ရဲ့ အကျင့်ပျက်မှုကို သည်းခံနိုင်ရဲ့လား”
အားဟူ ခေါင်းယမ်းလိုက်သည်။ “အလျင်စလို စုံစမ်းလာရလို့ ကျွန်တော် အသေးစိတ်ကို မသိရသေးပါဘူး၊ ရှု့ချွမ်လည်း ဒီကိစ္စကို သိပုံမရပါဘူး”
“ရှု့ချွမ်ရဲ့ ရှေ့မှာဆို ဒီမာယွဲ့က အရမ်း ရို့ကျိုးတယ်၊ အမှားအယွင်းသေးသေးလေး လုပ်မိရင်တောင် ရှု့ချွမ်က အကြီးအကဲမာမျက်နှာနဲ့ သူ့ကို ခွင့်လွှတ်ပေးလောက်တယ်”
“အဲ့တော့ မာယွဲ့က သူ့မှာမရှိတဲ့ လုပ်ပိုင်ခွင့်ကို ကြွားလုံးထုတ်ပြီး အခြားသူတွေကို ဖြဲခြောက်နေတာပေါ့”
အားဟူ ရယ်မောလိုက်သည်။ “အထက်လူကြီးကို လှည့်ဖျားပြီး အောက်ကို ဖိနှိပ်တယ်ဆိုတာ သာမာန်ဖြစ်ရပ်မျိုးတွေပါပဲ”
သို့သော် ရန်ကျောက်ကဲက လိုက်မရယ်ပေ။
ထိုအစား သူ့မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ “မဟုတ်သေးဘူး၊ ရှု့ချွမ်ရဲ့ ပါးနပ်မှုနဲ့ဆို မာယွဲ့နဲ့ လက်အောက်ငယ်သား နည်းနည်းလောက်က သူ့ကို လှည့်စားနိုင်မှာ မဟုတ်ဘူး”
“မာယွဲ့ကို ကူညီပေးနေတဲ့သူ တစ်ယောက်ယောက် ရှိလောက်တယ်၊ သူ့ရဲ့ ပစ်မှတ်က ရှု့ချွမ် ကိုယ်တိုင်ပဲ”
“ဒီမာယွဲ့က တဖြည်းဖြည်းနဲ့ ရှု့ချွမ်ရဲ့ အားနည်းချက်အဖြစ် ပြောင်းလဲလာမှာပဲ၊ သူ ပြန်မဆယ်နိုင်လောက်တဲ့ အမှားမျိုး လုပ်ပြီး ရှု့ချွမ်ပါ ဆွဲချသွားမလားဆိုတာ ဘယ်သူ သိမှာလဲ”
“အထူးသဖြင့် ရှု့ချွမ်က လေဝိဉာဉ်တောင်ကြားနဲ့ ချောက်နက်ကြီးကြပ်ခြင်းမြို့နှစ်ခုလုံးရဲ့ အကြီးအကဲအဖြစ် တာဝန်ယူနေရတဲ့အချိန်မှာ တစ်ဖက်လူက လှုပ်ရှားဖို့ ပြင်ဆင်နေလောက်ပြီ”
ဂျူနီယာညီလေးဖေး၏မျက်နှာပေါ်မှ မချိပြုံးကို တွေ့ပြီး လန်ဝမ်ရန်နှင့် အခြားသူတို့ တစ်ခုခု ဆက်ပြောမည့် အချိန်မှာတင် ဘေးမှ အသံတစ်ခု ကြားဖြတ် ဝင်ရောက်လာသည်။ “ဂျူနီယာညီလေးဖေး၊ မသွားသေးဘူးလား၊ မင်းအတွက် စီနီယာအကိုကြီးမာ ကိုယ်တိုင်က ရေတံခွန်မှာ စောင့်ပေးနေရဦးမှာလား”
အရပ်အမောင်း အသင့်အတင့်ရှိသော လူတစ်ယောက် လျှောက်လာသည်။ သူက ပြုံးရင်း လူအုပ်ကို ကြည့်နေရာမှ ဟက်ခနဲ ရယ်မောလိုက်သည်။ “ဟုတ်တယ်၊ ကျွန်တော်က သူ့ကို တမင်သက်သက် ဒုက္ခပေးတာ၊ အဲ့တော့ ခင်ဗျားတို့ ဘာလုပ်နိုင်လဲ”
အသစ်ရောက်လာသူမှာ မာယွဲ့ဖြစ်၏။ ဖေးမျိုးရိုး လူငယ်၏မျက်နှာ ရှုံ့မဲ့သွားသည်။ သို့သော် သူ မည်သည့်အသံမျှ မထွက်ရဲပေ။ ဖေးမျိုးရိုး လူငယ်သည် လန်ဝမ်ရန်အား အားကိုးရာမဲ့စွာ ပြုံးပြလိုက်ပြီး မာယွဲ့ဆီသို့ လျှောက်သွားသည်။
“ရှင် သူနဲ့ လိုက်သွားစရာ မလိုဘူး” အေးစက် ကြည်လင်သော အသံက ရုတ်တရက် ထွက်ပေါ်လာပြီး စစ်ခုန်ချင်းက လူအုပ်၏ ရှေ့၌ ပေါ်လာသည်။
လန်ဝမ်ရန်၏ မျက်နှာတွင် စိတ်လှုပ်ရှားမှု တစ်စွန်းတစ်စ ပေါ်ပေါက်လာပြီး စစ်ခုန်ချင်းကို အလျင်အမြန် နှုတ်ဆက်လိုက်သည်။ “စီနီယာအမ စစ်ခုန်”
စစ်ခုန်ချင်း၏အကြည့်က ဖေးမျိုးရိုးလူငယ်ကို ကျော်ကာ မာယွဲ့ဆီသို့ ရောက်သွားသည်။
“ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီး အခက်အခဲတွေကို ဇွဲရှိရှိနဲ့ တောင့်ခံနိုင်တယ်ဆိုတာ ကောင်းတဲ့ အရာတွေပဲ၊ ဂိုဏ်းတချို့က စီနီယာမျိုးဆက်တွေဆို သူတို့ရဲ့တပည့်တွေကို အဲ့လိုအခက်အခဲတွေထဲမှာ တမင် လေ့ကျင့်စေကြတယ်”
“ဒါပေမယ့် အဲ့လို ခိုင်းတာက ကြင်နာမှုကြောင့်ပဲ၊ သဘောထားသေးသိမ်တဲ့ လက်စားချေလိုမှုကြောင့် မဟုတ်ဘူး”
မာယွဲ့က သူ့အဖြုရောင်ဝတ်စုံကို ကြည့်သည်။ ထို့နောက် စစ်ခုန်ချင်း၏ အပြာရောင်အနားသတ်သော အဖြူရောင်ဝတ်စုံကို ကြည့်လိုက်သည်။ ထိုအကြည့်ထဲ၌ ရက်စက်မှု တစ်စုံတစ်ရာက ဖျတ်ခနဲ လှုပ်ခတ်သွားသည်။
သူ ရယ်မောလိုက်သည်။ “ဂျူနီယာညီမ စစ်ခုန် နောက်နေတာဖြစ်မယ်၊ ကျွန်တော်က သူတို့ကို ပျော်စရာ သေးသေးလေးလုပ်ပြီး စနောက်မလို့ပါ”
စစ်ခုန်ချင်းက အေးတိအေးစက် ပြောလိုက်သည်။ “ဒါ နောက်စရာ မဟုတ်ဘူး”
မာယွဲ့က အက်တက်တက်အသံဖြင့် ရယ်မောလိုက်သည်။ “ခင်ဗျား၊ အပြာရောင်အနားသတ်ဝတ်စုံနဲ့ ဂျူနီယာညီမ စစ်ခုန်၊ ကျွန်တော် ခင်ဗျားကို မယှဉ်နိုင်ပါဘူး”
“ဒါပေမယ့် ခင်ဗျား ချောက်နက်စောင့်ကြပ်ခြင်းမြို့မှာ ဘယ်အချိန်ထိ နေနိုင်မှာလဲ၊ သူ ခင်ဗျားကို ဘယ်လောက်ကြာကြာ အားကိုးနိုင်မှာလဲ၊ ကျွန်တော် မှတ်မိတဲ့အတိုင်းဆို ခင်ဗျားမှာ သူ့ကို ဒီနေရာက ရွေ့ပြောင်းနိုင်တဲ့ အခွင့်အာဏာ မပိုင်ဆိုင်သလို ကျွန်တော့ကိုလည်း ဒီကနေ မမောင်းထုတ်နိုင်ဘူး”
“ခင်ဗျား ပင်မဂိုဏ်းကို ပြန်သွားတဲ့အချိန်ကြရင် သူ ဘာလုပ်နိုင်မှာလဲ”