ဝမ်ပေါင်လဲ့မှာ အတွေးများထူပူသွားပြီး အသက်ရှူသံများ ရပ်တန့်သွား၏။ ထို့နောက် သူ၏ရှေ့တွင်ရှိနေသော ဓားအိမ်လေးကို စိုက်ကြည့်ရင်း သူ၏မျက်လုံးများမှာ စူးရှစွာတောက်ပလာပြီး ပြူးကျယ်သွားတော့သည်။
” ဒီ ဖိအားက…. ဒါက တကယ်ရော ပထမအဆင့် ဓမ္မအဆောင် ဟုတ်ရဲ့လား ”
ဝမ်ပေါင်လဲ့မှာ ပင့်သက်ရှိုက်ကာ ထိုဓားအိမ်လေးအား သေသေချာချာ ကြည့်ရှုစစ်ဆေးလိုက်၏။ ၎င်းမှာ အမှန်တကယ်ပင် ပထမအဆင့်ဓမ္မအဆောင်သာ ဖြစ်ကြောင်း သေချာသွားသောအခါ သူသည် အံ့ဩတုန်လှုပ်ကာ စိတ်နှလုံး လှုပ်ရှားသွားရတော့သည်။
” ဒီလောက် ယုံချင်စရာမကောင်းတဲ့ ဖိအားက ပထမအဆင့်ဓမ္မအဆောင် တစ်ခုကနေ ထွက်လာတာတဲ့လား။ ဒီဓားအိမ်သာ ဒုတိယအဆင့် ဒါမှမဟုတ် တတိယအဆင့် ဖြစ်နေမယ်ဆိုရင် ဘယ်လောက်တောင်ပိုပြီးတော့ အစွမ်းထက်နေမလဲ မသိဘူး ”
ဝမ်ပေါင်လဲ့မှာ တအံ့တဩ ရေရွတ်မိလိုက်သည်။
သူသည် ထိုကဲ့သို့ တွေးလိုက်ရုံမျှဖြင့် သူ၏ နှလုံးသားမှာ ဝုန်းဒိုင်းကြဲသွားရ၏။ အချိန်အနည်းငယ် ကြာမှသာ သူ၏ အံ့ဩတုန်လှုပ်မှုများကို ချုပ်တည်းနိုင်လိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထားလိုက်ရ၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ ထူးဆန်းစွာ တောက်ပသွားပြီး မမလေး ပြောခဲ့သောစကားများကို ပြန်၍ အမှတ်ရသွား၏။ ၎င်းမှာ ထိုဓားအိမ်လေး အမြင့်ဆုံးအဆင့်သို့ ရောက်သွားလျှင် ရှေးဟောင်း ကြေးညိုရောင်ဓားကြီးကို ဆွဲငင်နိုင်စွမ်း ရှိသွားမည်ဆိုသော စကားပင် ဖြစ်သည်။ တထစ်ချယုံကြည်၍ မရနိုင်ပါသော်လည်း ဖြစ်နိုင်ခြေတော့ ရှိပေသည်။
ဝမ်ပေါင်လဲ့မှာ အခြေအနေများကို တွေးတောသုံးသပ်ရင်း ထိုဓားအိမ်လေး အပူချိန်ကျကာ အေးမြသွားသည်အထိ စောင့်ဆိုင်းလိုက်ပြီးနောက် လှမ်း၍ ယူလိုက်၏။ ထို့နောက် အရောင်လက်နေသော မျက်ဝန်းများဖြင့် သူ၏ ဝိညာဉ်ချီများကို ထိုဓားအိမ်လေးထဲသို့ ထည့်သွင်းကာ ၎င်း၏အစွမ်းကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ထိုဓားအိမ်မှာ အရောင်တလက်လက် တောက်ပလာရုံမှလွဲ၍ အခြား မည်သည့်အရာမှ ဖြစ်ပျက်မသွားခဲ့ပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရပြီး အခွံသက်သက် ဖြစ်နေပါသော်လည်း ဝိညာဉ်ချီများ ထုတ်လွှတ်နေသည် ဓားအိမ်လေးအား စိုက်ကြည့်လိုက်၏။ ၎င်း၏ အတွင်းပိုင်းအား စစ်ဆေးကြည့်ရှုလိုက်သောအခါ ဝိညာဉ်အမြုတေပေါ်ရှိ ကမ္ဗည်းစာလုံးများမှာ သူ နောက်ဆုံး မြင်ခဲ့ရသည့် အကြိမ်တုန်းက ကမ္ဗည်းစာလုံးများနှင့် မတူတော့သည်ကို မြင်လိုက်ရသည်။ ကမ္ဗည်းစာလုံးများမှာ မရေမတွက်နိုင်လောက်အောင်များပြားကာ ထူထဲသိပ်သည်းနေသောကြောင့် လျှို့ဝှက်စာလုံးများအသွင် ပြောင်းလဲသွားကြသည့် အလားပင်။ ဝမ်ပေါင်လဲ့ပင်လျှင် ၎င်းတို့အား သေသေချာချာ အကဲခတ်လေ့လာပြီးသည့်တိုင်အောင် အပေါ်ယံမျှသာ နားလည်လိုက်သည်။ ကမ္ဗည်းစာလုံးများကို တတ်ကျွမ်းခြင်း မရှိသော အပြင်လူများအတွက်ဆိုလျှင် ဤစာလုံးများကို အပြည့်အဝ နားလည်ရန်မှာ အလွန်အင်မတန်မှ ခဲယဥ်းနေမည်ဖြစ်သည်။
” ဟင်။ ကမ္ဗည်းစာလုံး သန္ဓေပြောင်းလဲခြင်းများလား။ ဒါနဲ့ ဒီဓားအိမ်ပေါ်မှာ ဓားနဲ့တူတဲ့ ဝိညာဉ်ချီအပ်ချောင်းလေးတစ်ချောင်း ပေါ်လာမယ်လို့ မမလေး ပြောခဲ့တယ် မဟုတ်ဘူးလား ”
ဝမ်ပေါင်လဲ့မှာ သတိရသွားပြီးနောက် သက်ပြင်းအရှည်ကြီး ချလိုက်၏။ သူ၏ ယုံကြည်ချက်များ ထွေပြားသွားမည်ကို လက်မခံလိုသောကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ ဝိညာဉ်ချီများကို နောက်ထပ်တစ်ကြိမ် ထပ်၍ စုစည်းလိုက်ပြီး ဓားအိမ်လေးထဲသို့ ထည့်သွင်းကာ ၎င်းအား ဝှေ့ယမ်းကြည့်လိုက်ပြန်သည်။ သို့သော် ထို ဓားအိမ်လေးမှာမူ ယခင်ကအတိုင်း ရှိနေဆဲပင်။
” ငါ့ကို လိမ်သွားတာလား ”
ဝမ်ပေါင်လဲ့မှာ အနည်းငယ် ဒေါသထွက်သွားသော လေသံဖြင့် ရေရွတ်မိလိုက်၏။ သို့သော် သူသည် အရှုံးမပေးလိုသောကြောင့် ဓားအိမ်လေးထဲမှ ထွက်ပေါ်နေသောဖိအားများကို နောက်ထပ်တစ်ကြိမ်ထပ်၍ စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်ပြန်သည်။ ၎င်းမှာ အမှန်တကယ် အံ့ဩဖွယ်ရာကောင်းသော အားတစ်မျိုးဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဇဝေဇဝါ ဖြစ်နေရင်း ထိုဓားအိမ်လေးကို ဓားမြှောင်တစ်ချောင်းကဲ့သို့ အသုံးပြုကာ သူ၏ဘေးရှိနံရံကို ထိုးလိုက်၏။
ထိုအခါ အသံကျယ်ကြီးတစ်သံ ပေါ်ထွက်လာပြီး ထိုနံရံကြီးမှာ အနည်းငယ် ကွဲအက်သွားပါသော်လည်း အခြားမည်သည့်အရာမှ ဆက်ဖြစ်မလာခဲ့ပေ။ ဝမ်ပေါင်လဲ့မှာမူ ထိုမြင်ကွင်းကြောင့် ခေတ္တမျှ ဆွံ့အသွားရတော့သည်။ ထို့နောက် သူသည် ဒေါသထောင်းခနဲ ထွက်သွားပြီး ပုံရိပ်ယောင်ခေါင်းအုံးကို ထုတ်ယူကာ မမလေးအား ရှင်းရှင်းလင်းလင်း ရှင်းပြခိုင်းရန် ဆုံးဖြတ်လိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ ပုံရိပ်ယောင်ခေါင်းအုံးကို ထုတ်ယူရန် ပြင်လိုက်စဉ်မှာပင် ခေတ္တမျှ ရပ်တန့်သွား၏။ ထို့နောက် မမလေး၏ မျက်နှာဖုံးနောက်ကွယ်ရှိ အများနှင့်မတူ တမူထူးခြားသော ဒေါသအကြောင်းကို ပြန်၍အမှတ်ရသွားသဖြင့် သူသည် အနည်းငယ်ခန့် ချင့်ချိန်သုံးသပ်လိုက်ပြီးနောက် နောက်သို့လှည့်ကာ နတ်ဝိဇ္ဇာဂူထဲမှ ထွက်ခွာသွားတော့သည်။ ထို့နောက် ဈေးထဲမှ ပန်းစည်းတစ်စည်း ဝယ်ယူကာ ပြန်လာပြီးမှ ပုံရိပ်ယောင်နယ်မြေထဲသို့ ဝင်ရောက်သွားတော့သည်။
သူသည် မျက်နှာဖုံးကို ဖယ်ရှားလိုက်ပြီးနောက် မြေကြီးပေါ်သို့ချကာ ကြင်နာယုယသော မျက်ဝန်းများဖြင့် ညင်ညင်သာသာလေး ဆိုလိုက်၏။
” မမလေး … ကျနော် မမလေးကို လာတွေ့တာပါ။ ဒီနေ့ ဘာမှ လုပ်စရာ သိပ်မရှိလို့လေ။ ကျနော် ကျောက်ကမ်းပါးတစ်ခု ဘေးနားကနေ ဖြတ်လျှောက်သွားတုန်း ဒီပန်းတွေကို မြင်လိုက်ရတော့ မမလေးကို ချက်ချင်း သတိရသွားလို့ပါ ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီး သူ ဝယ်ယူလာသော ပန်းစည်းအား မျက်နှာဖုံး၏ဘေးတွင် ချထားလိုက်၏။
ထို ပန်းပွင့်များမှ ခရမ်းရောင် ပွင့်ဖတ်များနှင့် အနက်ရောင် မျက်နှာဖုံးတို့မှာ အတူတကွ ပေါင်းစည်းကာ နှစ်လိုဖွယ်ကောင်းသော အလင်းရောင်တစ်ခုကို ထုတ်လွှတ်နေသကဲ့သို့ပင်။ ထို့အပြင် ဆောင်းရာသီတမျှ အေးစက်နေသည့် ပုံရိပ်ယောင်နယ်မြေထဲတွင် တိုက်ခိုက်နေသော လေပြည်လေညင်းလေးများကြောင့် ထိုပွင့်ဖတ်များမှာ လူးလွန့်ကာ လေထဲတွင် မျောလွင့်၍ ပါသွားကြ၏။
” မမလေး … ဒီ ပန်းပွင့်တွေက ချောက်ကမ်းပါပေါ်မှာ အထီးကျန်နေတာမလို့ ကျနော်က မမလေးလည်း အထီးကျန်နေမှာပဲ ဆိုပြီးတော့ သတိရသွားတာ။ ကျနော်က မမလေးဆီကို ခဏခဏ လာမလည်နိုင်တော့ ဒီ ပန်းပွင့်လေးတွေက ကျနော့်ကိုယ်စား မမလေးကို အဖော်ပြုပေးနိုင်ဖို့ မျှော်လင့်ပါတယ် ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်လိုက်ပြီး မျက်နှာဖုံးလေးကို ချက်ချင်းပင်လှမ်း၍ အကဲခတ်လိုက်၏။ သို့သော် မည်သည့် ပြောင်းလဲမှု အရိပ်အယောင်ကိုမှ မမြင်ရသောကြောင့် သူသည် စိတ်ပျက်သွားရတော့သည်။
” ကြည့်ရတာ မမလေးက အတွေ့အကြုံရှိတဲ့ပုံပဲ။ သူ့ကို ပျော်အောင်လုပ်ပေးဖို့က ခက်လိုက်တာ… ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချလိုက်ပြီး မျက်တောင်တဖျတ်ဖျတ် ခပ်ကာ ချောင်းဟန့်လိုက်၏။
” ဪဒါနဲ့ မမလေး။ ကျနော် အခုမှ သတိရတယ်။ ကျနော် မမလေး ကျနော့်ကို သန့်စင်ခိုင်းထားတဲ့ ဓားအိမ်လေးကို သန့်စင်ပြီးသွားပြီဗျ။ ဒါပေမဲ့ ပြဿနာတစ်ခုက အဲ့ဓားအိမ်ကို ဘယ်လိုအသုံးပြုရမလဲဆိုတာ မသိတာပဲ။ ကျနော် သုံးလေးခေါက်လောက် စမ်းကြည့်ပြီးတာတောင်…
”
ဝမ်ပေါင်လဲ့မှာ စကားဆုံးအောင် မပြောရသေးခင်မှာပင် လေပြင်းတစ်ချက် တိုက်ခတ်သွားသဖြင့် ပန်းပွင့်လေးများမှာ မျက်နှာဖုံးနှင့် ပွတ်တိုက်မိသွားကြ၏။ ထို ပန်းပွင့်လေးများမှာ အဝေးသို့ လွင့်ထွက်သွားကြတော့မည့် ပုံပင်။
ထိုအခိုက်အတန့်တွင် မျက်နှာဖုံးဆီမှ မျက်လုံးဖြင့် မမြင်နိုင်သော လက်တစ်ဖက်ပေါ်လာပြီး လူးလွန့်နေသည့် ပန်းပွင့်လေး၏ ပွင့်ဖတ်လေးတစ်ခုကို အသာအယာ ဆိတ်လိုက်၏။ ထိုအခါ ထို ပန်းပွင့်လေးမှာ လေထဲတွင် ရပ်တန့်သွားတော့သည်။
ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရပြီး အသက်ရှူသံများ မြန်ဆန်လာတော့သည်။ သူသည် လေထဲတွင် မျောနေသည့် ပန်းပွင့်လေးကို ကြည့်နေရင်း လုတစ်ယောက်က ထိုပန်းပွင့်လေးအား နမ်းရှုပ်ရန် နှာခေါင်းနားသို့ ကပ်လိုက်သည့်အလား လေပေါ်သို့ အနည်းငယ်ခန့် မြောက်တက်သွားသည်ကို မြင်လိုက်ရသည်။
ပုံရိပ်ယောင်တစ်ခု ဟုတ်မဟုတ်တော့ မသေချာပေ။ ဝမ်ပေါင်လဲ့မှာ ထိုမျက်နှာဖုံး၏ အထက်တွင် အမျိုးသမီးတစ်ယောက်၏ လူရိပ်ကို ခပ်ရေးရေးခန့် မြင်လိုက်ရသည်။ သူမ၏ ဆံပင်ရှည်များမှာ ယိမ်းနွဲ့နေပြီး မျက်နှာအသွင်အပြင်ကိုမူ ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သူမသည် ရှေးဟောင်းနန်းတွင်းအဝတ်အစားများကို ဆင်မြန်းထားပြီး ဤကမ္ဘာကြီးနှင့် သက်ဆိုင်မှုလုံးဝမရှိသည့်အလား တသီးတခြား ဖြစ်နေ၏။ ထိုအခိုက်အတန့်တွင် သူမမှာ နူးညံ့သွယ်လျသော လက်ကလေးများဖြင့် ထိုပန်းပွင့်လေးကိုကိုင်ရင်း နမ်းရှုံ့ကြည့်လိုက်၏။
” ကျေးဇူးတင်ပါတယ် ”
ဝမ်ပေါင်လဲ့မှာ ရင်တဒိန်းဒိန်း ခုန်နေစဉ် အနက်ရောင်မျက်နှာဖုံးထဲမှ တည်ငြိမ်အေးချမ်းသော အေးစက်စက် စကားသံတစ်သံ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာ၏။ ထို ရုတ်တရက် ထွက်ပေါ်လာသောအသံကြောင့် ဝမ်ပေါင်လဲ့မှာ ထိတ်လန့်သွားရပြီး ချက်ချင်းပင် နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်မိသွား၏။ ထို့နောက် သူ၏ တအံ့တဩဖြစ်နေသော စိတ်များကို ချုပ်တည်းလိုက်ပြီး မျက်တောင်တဖျတ်ဖျတ်ခပ်ကာ အလျင်စလို ချီးမွမ်းလိုက်၏။
” မမလေးရဲ့ စကားသံက တော်တော့်ကို နားဝင်ချိုတာပဲ ”
အနက်ရောင် မျက်နှာဖုံးလေးမှာမူ ဆိတ်ငြိမ်နေဆဲပင်။ အချိန်အနည်းငယ်ခန့် ကြာမြင့်သွားပြီးမှ နဂိုမူလတုန်းက အေးစက်နေခဲ့သည့် စကားသံမှာ ယခင်ကလောက် မအေးစက်တော့ဘဲ ခံစားချက်များစွာ ကိန်းအောင်းနေသည့်လေသံဖြင့် ဆက်၍ စကားပြောလိုက်၏။
” အဲဒီဓားအိမ်က တိုးတက်မှုအမျိုးအစား ဓမ္မအဆောင်တစ်ခုပဲ။ တတိယအဆင့်အထိရောက်အောင် သန့်စင်ပြီးမှ ဓားနဲ့တူတဲ့ ဝိညာဉ်ချီအပ်ချောင်းတွေကို ထုတ်လွှတ်နိုင်မှာ။ ဒီ ဓားအိမ်ကို တိုးတက်လာအောင် လုပ်ပေးဖို့အတွက် မင်းရဲ့ ခန္ဓာကိုယ်ထဲကို ထည့်သွင်းနိုင်မယ့် နည်းလမ်းတစ်ခုကို ငါသင်ပေးမယ်။ အဲဒီ နည်းလမ်းနဲ့သာဆိုရင် မင်းနဲ့ မင်းရဲ့လက်နက်က တစ်သားတည်း ဖြစ်သွားမှာမလို့ မင်းစိတ်ကြိုက် အဲဒီလက်နက်ကို အလွယ်တကူ ထိန်းချုပ်လို့ရသွားမှာ ”
” ပြီးတော့ ဒီ ကျင့်ကြံခြင်းကာလတစ်ခုလုံးမှာ ဒီဓားအိမ်လေးက မင်းရဲ့ ကိုယ်ပိုင်ဓမ္မရတနာအဖြစ် ရှိနေဦးမှာ။ ပြီးရင် အနာဂတ်မှာ ဒီဓားအိမ်ရဲ့ အလုပ်လုပ်ပုံနဲ့ အပြင်ပိုင်း ပုံစံတွေက မင်းရဲ့ အမူအကျင့်ရယ်၊ စိတ်အနေအထားရယ်အပေါ်လိုက်ပြီးတော့ ပြောင်းလဲသွားဦးမှာ ”
” ဒါ့အပြင် ဒီ ဓားအိမ်ကို တတိယအဆင့်ထိ သန့်စင်နိုင်မယ့် နည်းလမ်းကိုလည်း မင်းကို ငါ သင်ပေးဦးမှာ။ မင်း သေချာမှတ်ထားရမှာက ဒီဓားအိမ်ကို တတိယအဆင့်ထိရောက်အောင် မြန်မြန်လေး သန့်စင်ဖို့ပဲ ”
မမလေးမှာ ထိုသို့ရှင်းပြနေရင်း ဝမ်ပေါင်လဲ့မှာ စိတ်ဓာတ်များတတ်ကြွကာ ပို၍ စိတ်လှုပ်ရှားလာတော့သည်။
ယခုမှာ ဝမ်ပေါင်လဲ့ ထိုမျက်နှာဖုံးအားရရှိခဲ့သည့် အချိန်မှစ၍ ထိုမျက်နှာဖုံးနှင့် အချိန်အကြာဆုံး စကားပြောဖူးခြင်းပင် ဖြစ်သည်။ ယခုအကြိမ်တွင်မူ ထိုစကားသံမှာ ယခင်ကလောက် အေးတိအေးစက် ဖြစ်မနေတော့ကြောင်း အထင်အရှား သိနိုင်ပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားသွားရပြီး သူပေးခဲ့သော လက်ဆောင်မှာ မှန်ကန်သွားပြီဖြစ်ကြောင်း တွေးမိလိုက်၏။ ထို့နောက် သူသည် ယခင်အကြိမ်များတုန်းက တုံးအခဲ့ခြင်းဖြစ်ကြောင်း တွေးတောမိနေတော့သည်။ သူ သေသေချာချာ နားလည်လာအောင် လုပ်ရမည့် အချက်များစွာ ရှိနေသေးကြောင်း သူက နားလည်သွား၏။
” ဟင်း… ကြည့်ရတာ နောက်ကျရင် သူ့ကို ပျော်အောင်ထားနိုင်ဖို့ ပိုကြိုးစားရမယ့်ပုံပဲ… ဒီအခွင့်အရေးကို အမြန်ဆုံး အသုံးချပြီးတော့ သူနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေအားလုံးကို နားလည်အောင်လုပ်ပြီး နှစ်ဦးနှစ်ဖက်ကြားက ဆက်ဆံရေးကို တိုးတက်လာအောင် လုပ်ရမယ် ”
ဝမ်ပေါင်လဲ့မှာ ကျေနပ်အားရသွားပြီး မမလေး သူ့အား သင်ကြားပေးခဲ့သော အရာများကို သေသေချာချာ မှတ်မိသွားအောင် လုပ်လိုက်၏။ သူ၏ ဓားအိမ်လေးကို သူ၏ ကိုယ်ပိုင်ဓမ္မအဆောင်အဖြစ် အသုံးပြုနိုင်မည့် နည်းလမ်းနှင့် ၎င်းအား တတိယအဆင့်ထိ သန့်စင်နိုင်မည့် နည်းလမ်းတို့ကို လေ့လာသင်ယူလိုက်ပြီးနောက် ထွက်ခွာသွားရန်ပြင်လိုက်၏။
သူသည် ထို မျက်နှာဖုံးကို ကောက်ကိုင်လိုက်ပြီး ပုံရိပ်ယောင်နယ်မြေထဲမှ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် မမလေး၏ အေးတိအေးစက် စကားသံကြီးမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ပဲ့တင်ထပ်သွားပြန်သည်။
” ငါ ဒီမှာ နေခဲ့ချင်တယ် ”
” ဟင် ”
ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားကာ ခေတ္တမျှ ရပ်တန့်သွားပြီးမှ ပုံရိပ်ယောင်နယ်မြေထဲမှ သူတစ်ယောက်တည်း ပြန်၍ထွက်ခွာလာတော့သည်။ သူသည် အပြင်သို့ ပြန်မထွက်ခင် ပန်းပွင့်လေးကိုကိုင်၍ လေထဲတွင် မျောလွင့်နေသော မျက်နှာဖုံးလေးကို လှည့်ကြည့်လိုက်၏။
သူမမှာ ထိုပန်းပွင့်လေးအား စိုက်ကြည့်ကာ ၎င်း၏မွှေးရနံ့များကို ရှူရှိုက်နေသည့်ပုံပင်။
ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်နှလုံး လှုပ်ရှားသွားရပြီး ထိုအမျိုးသမီး၏ အထီးကျန်ဆန်မှုကို အမှန်တကယ် ခံစားမိသွားသကဲ့သို့ ဖြစ်သွား၏။
အရာအားလုံးမှာ ဆိတ်ငြိမ်နေစဉ် ဝမ်ပေါင်လဲ့မှာ သတိပြန်လည်လာ၏။ သူ၏မျက်လုံးကို ဖွင့်ကြည့်လိုက်သောအခါ ထိုမျက်နှာဖုံးလေးမှာ အမှန်တကယ်ပင် ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သိလိုက်ရ၏။ ပုံရိပ်ယောင် ခေါင်းအုံးတစ်လုံးသာ ကျန်ရစ်ခဲ့တော့သောကြောင့် သူသည် ၎င်းအား သေသေချာချာ သိမ်းဆည်းလိုက်ပြီး အသက်ပြင်းပြင်းရှူကာ တင်ပျဉ်ခွေ ထိုင်ချလိုက်၏။ ထို့နောက် မမလေး သင်ကြားပေးခဲ့သော နည်းလမ်းများအတိုင်း ဓားအိမ်လေးကို တိုးတက်လာအောင် လုပ်ပေးရန်အလို့ငှာ သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းထည့်သွင်းနိုင်ရန် ကြိုးစားလိုက်၏။
မမလေး၏ နည်းလမ်းများမှာ ရိုးရှင်းပြီး ချောချောမွေ့မွေ့ပင် အောင်မြင်ပြီးစီးသွား၏။ စက္ကန့်ပိုင်းလေးအတွင်း ထို ဓားအိမ်လေးမှာ ပြင်ပကမ္ဘာထဲမှ ပျောက်ကွယ်သွားပြီး သူ၏ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားတော့သည်။
ထိုဓားအိမ်လေးအား ဒုတိယအဆင့်ထိရောက်အောင် သန့်စင်နိုင်မည့် နည်းလမ်းအတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများမှာ ပထမအဆင့်တုန်းကထက် များစွာပို၍ တန်ကြေးမြင့်သလို လိုအပ်သော အရေအတွက်မှာလည်း အနည်းဆုံး ဆယ်ဆအထိ ပိုများနေ၏။
ထို့အပြင် သူသည် လက်နက်သဲကို အပွင့်တစ်ရာမဟုတ်ဘဲ အပွင့်တစ်ထောင်တိတိ လိုအပ်ဦးမည် ဖြစ်သည်။
၎င်းမှာ စာမဖွဲ့လောက်သေးပေ။ ထို ဓားအိမ်လေးအား တတိယအဆင့်အထိ သန့်စင်ရန် လိုအပ်သော ကုန်ကြမ်းပစ္စည်းများဆိုလျှင် အဆမတန် များပြားလွန်းနေ၏။ အထူးသဖြင့် လက်နက်သဲဆိုလျှင် အပွင့်ပေါင်းတစ်သောင်းအထိ လိုအပ်ပေသည်။
ဝမ်ပေါင်လဲ့မှာ သက်တံ့ရောင်ဝိညာဉ်ကျောက်တုံးများကို သူကိုယ်တိုင် ဖန်တီးသန့်စင်နိုင်စွမ်းရှိနေလျှင်တောင် ထိုပမာဏမှာ မည်သူ့ကိုမဆို ဆွံ့အသွားစေနိုင်သည့် အံ့ဩမှင်တက်ဖွယ်ရာ ပမာဏမျိုး ဖြစ်သည်။
သို့သော် ဝမ်ပေါင်လဲ့မှာ ဓားအိမ်လေး၏ အစွမ်းများအကြောင်း တွေးရင်း အံကြိတ်လိုက်၏။ ထို့နောက် မျှော်လင့်ချက်ကြီးစွာဖြင့် လက်နက်သဲများကို စတင် သန့်စင်လိုက်တော့သည်။ သို့သော် ထိုကဲ့သို့သန့်စင်နေရင်း ဝမ်ပေါင်လဲ့၏ ဦးနှောက်ထဲတွင် အတွေးတစ်ခု ဖျတ်ခနဲပေါ်လာ၏။
” ဟင်း…. လက်နက်သဲက ဓားအိမ်ရဲ့ စွမ်းအင်တွေကို အပြည့်အဝ ထုတ်ပေးပြီးတော့ ကမ္ဗည်းစာလုံးတွေကို ဆင့်ကဲပြောင်းလဲသွားအောင် လုပ်ပေးနိုင်ခဲ့တာဆိုတော့… အဲဒီလက်နက်သဲကို တခြား ဓမ္မအဆောင်တွေပေါ်မှာ အသုံးပြုလို့များ ရမလားမသိဘူး ”
ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့တွေးရင်း စိတ်လှုပ်တရှား ဖြစ်သွား၏။
” ဓားအိမ်လေးက အဆင့်မမြင့်သေးတော့ အစွမ်းအကုန် ထုတ်သုံးလို့မရသေးဘူး။ အခု ပထမအဆင့်အထိ သန့်စင်ပြီးတာတောင် ဘာအစွမ်းသတ္တိမှ ရေရေရာရာ ပေါ်လာသေးတာ မဟုတ်ဘူးလေ။ ဒါပေမဲ့ ငါ့ဆီမှာ ရှိနေတဲ့ ဒုတိယအဆင့် အထွတ်အထိပ် ပြိုင်ဘက်ကင်းဓမ္မအဆောင်တွေက သူမတူလောက်အောင်ကို အစွမ်းထက်နေတာ။ အဲဒီအဆောင်တွေရဲ့ စွမ်းအင်ကို အပြည့်အဝ ထုတ်လွှတ်ပြီးတော့ ကမ္ဗည်းစာလုံးတွေကို ဆင့်ကဲပြောင်းလဲသွားအောင် လုပ်နိုင်မယ်ဆိုရင် ငါ့ရဲ့ အစွမ်းကလည်း အဆမတန် တိုးတက်လာမှာပဲမလား ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောရင်း မျက်လုံးများ အရောင်လက်သွားပြီး သက်ပြင်းချလိုက်၏။ ထို့နောက် ဖြစ်နိုင်ခြေအားလုံးကို တွေးတောရင်း ဒုတိယအဆင့်ဓမ္မအဆောင်များကို သန့်စင်ကာ ရလဒ်ကို အကဲခတ်ကြည့်ရန် ဆုံးဖြတ်လိုက်၏။ ထို့ကြောင့် သူ့တွင်ရှိသော အဖိုးတန် ဓမ္မအဆောင်များ မဟုတ်ဘဲ သူ ယခင်က သန့်စင်ထားပြီး ရောင်းမထွက်ခဲ့သော လက်ကျန် ဒုတိယအဆင့် ဓမ္မအဆောင်များကို ထုတ်ယူလိုက်၏။ ထို့နောက် အရည်ကျိုမီးဖိုဆီသို့ ပြေးသွားလိုက်ပြီး သန့်စင်ခြင်းလုပ်ငန်းကို စတင်လိုက်တော့သည်။
” ငါ မအောင်မြင်လည်း ကိစ္စတော့မရှိပါဘူး။ ဒါပေမဲ့ အောင်မြင်သွားပြီဆိုရင်တော့ ငါ့ရဲ့ ဓမ္မအဆောင်တွေက စိတ်ကူးနဲ့တောင် မှန်းဆလို့မရတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်သွားတော့မှာ အသေအချာပဲ။ ဒါပေမဲ့ ဆင့်ကဲပြောင်းလဲခြင်းရဲ့ ထိန်းချုပ်လို့မရတဲ့ သဘောသဘာဝကြောင့် ဒီ ဓမ္မအဆောင်တွေ ဆင့်ကဲပြောင်းလဲသွားမယ်ဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာ ငါကိုယ်တိုင်တောင် သိနိုင်မှာမဟုတ်ဘူး ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးများထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပြီး သူ၏ စိတ်ဆန္ဒများကို ချုပ်တည်းနိုင်စွမ်း မရှိတော့ပေ။
” ယွမ်ယင်အဆင့် နတ်ဘုရားလက်နက်တွေများ ထွက်လာမလား “