Switch Mode

အခန်း ( ၁၆၁ )

လက်နက်သဲ

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောရင်း စိတ်နှလုံး လှုပ်ရှားသွားရ၏။ ထို့ကြောင့် အနန္တ လက်နက်အသွင်ပြောင်းပညာရပ် ကျောက်စိမ်းပေလွှာကို ချက်ချင်းဖွင့်ကာ ဖတ်ရှုလိုက်၏။ ထိုသို့ ဖတ်ရှုကြည့်လိုက်ပြီးနောက် ကုန်ကြမ်းပစ္စည်းများကို ထုတ်ယူကာ နတ်ဘုရားရတနာများကို ပထမဆုံးအကြိမ်အဖြစ် ဖန်တီးသန့်စင်ရန် ပြင်လိုက်တော့သည်။

” အရင်ဆုံး လွယ်တဲ့ ပစ္စည်းတစ်ခု စမ်းလုပ်ကြည့်တာပေါ့ ”

ဝမ်ပေါင်လဲ့၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များ ထင်ဟပ်သွား၏။ ဓမ္မလက်နက်အဆောင်မှ ဓမ္မလက်နက်လမ်းညွှန်စာအုပ်ထဲတွင် လှန်လှောရှာဖွေလိုက်ပြီးနောက် ရေစက်ခွဲထုတ်ခြင်းကိရိယာဟု အမည်ရသော နတ်ဘုရားရတနာတစ်မျိုးကို ရှာတွေ့လိုက်၏။ ၎င်းမှာ တတိယအဆင့် နတ်ဘုရားရတနာများထဲတွင် သန့်စင်ရလွယ်ကူသည့် ပစ္စည်းတစ်ခုဖြစ်သည်။ သို့သော် ၎င်းကို ဖန်တီးနိုင်ရန်အတွက် ကမ္ဗည်းစာလုံးရေ တစ်သိန်းတိတိ လိုအပ်သည်။

ထိုကဲ့သို့ လိုအပ်သော ကမ္ဗည်းစာလုံးအရေအတွက်ကို ကြည့်ရင်း ဝမ်ပေါင်လဲ့မှာ ဆွံ့အသွားရ၏။ သို့သော် အသက်ကို မှန်မှန်ရှူလိုက်ပြီးနောက် ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

အချိန်များ ကုန်လွန်သွားပြီး ငါးရက်ခန့် ကြာမြင့်သွားပြီးနောက် ဝမ်ပေါင်လဲ့မှာ သက်ပြင်းအရှည်ကြီးချကာ လက်လျှော့လိုက်ရတော့သည်။ နတ်ဘုရားရတနာများအတွက် လိုအပ်သော ဝိညာဉ်အမြုတေများ ဖန်တီးနိုင်ရန်အတွက်ဆိုလျှင် အနည်းဆုံး ဝိညာဉ်ကျောက်တုံး အတုံးတစ်ရာအထိ လိုအပ်နေသည်။

ကမ္ဗည်းစာလုံး မြောက်များစွာ လိုအပ်သည်ဖြစ်သလို ထို ကမ္ဗည်းစာလုံး အများစုမှာလည်း အဆင့်မြင့် ကမ္ဗည်းစာလုံးများ ဖြစ်ကြရာ ဝမ်ပေါင်လဲ့ပင်လျှင် ရုန်းကန်နေရ၏။ အမှားတစ်ခု လုပ်မိရုံနှင့် ဝိညာဉ်ကျောက်တုံးများမှာ ကြေမွပျက်စီးသွားကာ သန့်စင်ခြင်းလုပ်ငန်းစဉ်မှာလည်း ကျရှုံးသွားမည်သာဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုသန့်စင်ခြင်းနည်းလမ်းကို လေ့လာလိုက်ပြီးနောက် သန့်စင်ခြင်း၏ ဒုတိအဆင့်မှာ ဓမ္မအဆောင်များထက် များစွာပို၍ ခက်ခဲနေကြောင်း သိလိုက်ရ၏။

ပို၍ အရေးကြီးသည့်အချက်မှာ နတ်ဘုရားရတနာများ၏ ကမ္ဗည်းစာလုံးများမှာ ဓမ္မအဆောင်များ၏ ကမ္ဗည်းစာလုံးများနှင့် ဆင်တူနေသည့်တိုင်အောင် အနည်းငယ်ခန့် ကွဲပြားနေသည်ဟု ဝမ်ပေါင်လဲ့က ခံစားနေရခြင်းပင်။ သို့သော် သူသည် ထိုကွဲပြားနေသည့်အချက်ကို အတိအကျ မဖော်ထုတ်နိုင်ပေ။

” ငါက ကိုယ့်ကိုယ်ကိုယ် ရောင့်ရဲနေခဲ့တာပါလား။ ဓမ္မအဆောင်‌တွေနဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေက တော်တော်ကို ကျယ်ပြန့်တာပဲ။ ငါ ဆက်ပြီးတော့ လေ့လာသင်ယူဖို့ လိုသေးတယ် ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ အသက်ပြင်းပြင်းရှူလိုက်၏။ သူရင်ဆိုင်နေရသည့် အကြီးမားဆုံးအခက်အခဲမှာ သူ၏ လက်မှုပညာအတတ် မဟုတ်ဘဲ အဆင့်မြင့်ကျွန်း၏ ဓမ္မလက်နက်များနှင့် ပတ်သတ်သော ပညာရပ်များကို တတ်ကျွမ်းထားခြင်း မရှိသေးသည့် အချက်ပင်ဖြစ်ကြောင်း သူက သိထား၏။ ထို့ကြောင့် နောက်ရက်များတွင် သူသည် ဓမ္မလက်နက်အဆောင်ရှိ ခန်းမအသီးသီးဆီသို့ မကြာခဏ သွားရောက်လည်ပတ်၍ အနန္တလက်နက်အသွင်ပြောင်းပညာရပ်ထဲရှိ သင်ခန်းစာများကို လေ့လာ‌နေသလို ဝိညာဉ်ကွန်ရက်ပေါ်တွင်လည်း ရုပ်သံမှတမ်းများကို ရှာဖွေနေတော့သည်။ ထို့အပြင် သူသည် တစ်ခါတစ်ရံတွင် ချန်းယွီထုံနှင့်လည်း တိုင်ပင်လေ့ရှိသည်။

သူသည် ရေမြှုပ်တစ်ခုကဲ့သို့ ဓမ္မလက်နက်များနှင့် ပတ်သတ်သော အဆင့်မြင့် ပညာရပ်များကို သူ၏ဦးနှောက်ထဲသို့ စုပ်ယူမှတ်သားနေရုံသာမက တတိယအဆင့် နတ်ဘုရားရတနာအား ဖန်တီးနိုင်မည့် နည်းလမ်းများကိုလည်း လေ့လာနေတော့သည်။

ထိုသို့ဖြင့် အချိန်များကုန်လွန်သွားပြီး ဝမ်ပေါင်လဲ့မှာ တဖြည်းဖြည်းနှင့် ဓမ္မအဆောင်များနှင့် နတ်ဘုရားရတနာများကြားရှိ ခြားနားချက်များကို ရှင်းရှင်းလင်းလင်း နားလည်စပြုလာတော့သည်။

” ခန်းမထဲက အစ်ကိုတွေ၊ အစ်မတွေပဲဖြစ်ဖြစ်၊ ချန်းယွီထုံပဲဖြစ်ဖြစ်၊ သူတို့တွေအားလုံးက နတ်ဘုရားရတနာတွေကို သန့်စင်တဲ့လုပ်ငန်းရဲ့ အဓိကသော့ချက်က အပူချိန်နဲ့ ကမ္ဗည်းစာလုံးတွေကို ပြောင်းလဲခြင်းဆိုပြီး ငါ့ကို ပြောထားတာ။ ဒါပေမဲ့ အသေးစိတ်အချက်အလက်တွေကို နားလည်နိုင်ဖို့ကတော့ ငါကိုယ်တိုင် အဖြေရှာကြည့်မှ သိမှာပဲ ”

” ဓမ္မလက်နက်တွေကို ဖန်တီးနိုင်ဖို့ဆိုရင် သဘောပေါက်နားလည်နိုင်စွမ်းတွေ အများကြီးလိုအပ်သလို ပင်ကိုယ်ပါရမီလည်း ရှိနေဖို့ လိုတယ်။ တခြားသူတွေ ရှင်းပြခဲ့တဲ့ သဘောတရားတွေက အခြေခံအဆင့်ပဲ ရှိသေးတာ။ ငါကိုယ်တိုင် နားလည်မှ ကျွမ်းကျင်တတ်မြောက်နိုင်မှာ ”
ဝမ်ပေါင်လဲ့မှာ စမ်းသပ်ကြည့်လိုက်ပြီးနောက် သူသည် အခြေခံသဘောတရားများကို သိထားသည့်တိုင်အောင် သဘောပေါက်နားလည်နိုင်စွမ်း မရှိသေးသောကြောင့် လက်‌တွေ့လုပ်ရသည့်အချိန်တွင် မအောင်မြင်နိုင်ဘဲ ဖြစ်နေရ၏။

ထို့‌ကြောင့် သူသည် စိုးရိမ်စိတ်များ ကြီးထွားလာရပါသော်လည်း ဤကိစ္စကို အလောတကြီး လုပ်၍မဖြစ်ကြောင်း သိထား၏။ အခြား အခွင့်အရေးများ ပေါ်ပေါက်မလာပါက သူသည် ဗဟုသုတများကို ရှာဖွေစုဆောင်းကာ အချိန်မှန် အခါမှန်သို့ရောက်မှ အောင်မြင်မှု အသီးအပွင့်များ ရင့်မှည့်လာမည့်အချိန်ကို စောင့်ဆိုင်းရမည်သာဖြစ်သည်။ ထို့ကြောင့် သူသည် အခြားရွေးချယ်စရာ မရှိတော့သဖြင့် စိတ်ကိုလျှော့ချလိုက်ပြီး တတိယအဆင့်နတ်ဘုရားရတနာများ၏ သန့်စင်မှုကို တာလတ်ပန်းတိုင်မှ ရေရှည်ပန်းတိုင်တစ်ခုအဖြစ် သတ်မှတ်လိုက်၏။

” ဒါပေမဲ့ ငါ ဒီအချိန်အပိုင်းအခြားကို ဖြုန်းတီးနေလို့မဖြစ်ဘူး။ မမလေး ပေးထားတဲ့ နည်းလမ်းကိုသုံးပြီးတော့ သန့်စင်ကြည့်ရမလား ”
ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူကာ တွေးလိုက်၏။ ဓမ္မလက်နက်များ ဖန်တီးရန်မှာ ပို၍ပင် ခက်ခဲလာမည်ဖြစ်ကြောင်း သူက ခံစားနေရ၏။ သို့သော် သူသည် လုံးဝ လက်‌မလျှော့ဘဲ ပို၍ပင် စိတ်ဓာတ်တက်ကြွလာ၏။

နောက်ရက်များတွင် သူသည် နတ်ဘုရားရတနာ ဖန်တီးနိုင်သည့် နည်းလမ်းများကို လေ့လာနေသလို ဓားအိမ်လေးကိုလည်း သန့်စင်နိုင်အောင် ကြိုးစားနေတော့သည်။

ဝမ်ပေါင်လဲ့မှာ ဒုတိယအဆင့် အထွတ်အထိပ် ဓမ္မအဆောင်များနှင့် အလွန်အင်မတန်မှ ရင်းနှီးကျွမ်းဝင်နေပြီးသားဖြစ်ရာ ဓားအိမ်လေးကို သန့်စင်ခဲ့သည့် ယခင်အချိန်များတုန်းက ကြုံတွေ့ခဲ့ရသော အခက်အခဲများမှာ ယခုတွင် သူ့အတွက် ပြဿနာမဟုတ်တော့ပေ။ ဓားပုံစံ ဝိညာဉ်ကျောက်တုံးများနှင့် ပတ်သက်သော အခက်အခဲများ ဖြစ်စေ၊ ဝိညာဉ်အမြုတေများအသွင် ပြောင်းလဲရမည့် အလွန်အင်မတန်မှ ရှုပ်ထွေးသော ကမ္ဗည်းစာလုံးများနှင့် ပတ်သတ်သည့် အခက်အခဲများဖြစ်စေ သူသည် တစ်ကြိမ်တည်းနှင့် မအောင်မြင်နိုင်လျှင်တောင် ကြိမ်ဖန်များစွာ ကျရှုံးသွားပြီးနောက် နောက်ဆုံးတွင်….

ဆယ်ရက်တိတိ ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ ဓားအိမ်ဝိညာဉ်အမြုတေကို အောင်မြင်စွာ သန့်စင်နိုင်သွားတော့သည်။

ထို့အပြင် ၎င်း၏ အရည်အသွေးမှာလည်း အထွတ်အထိပ်အဆင့်တွင် ရှိနေ၏။

ဝမ်ပေါင်လဲ့မှာ ရောင်စုံအလင်းရောင်များ တောက်ပနေသော ဓားအိမ်ပုံစံ ဝိညာဉ်အမြုတေကိုကြည့်ရင်း အတန်ငယ် စိတ်လှုပ်ရှားသွား၏။ သူသည် ထိုဓားအိမ်အား ဖန်တီးနိုင်မည့် နည်းလမ်းကို ရရှိခဲ့သည်မှာ အချိန်အတော်အတန် ကြာခဲ့ပြီဖြစ်ပါသော်လည်း ယခုမှသာ ပထမဆုံးအဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်ရသေးသည် မဟုတ်ပါလော။

” ဓားအိမ်တွေကို သန့်စင်ရတာကလည်း နတ်ဘုရားရတနာတွေလောက် နီးနီးကို ခက်ခဲတာပါလား ”
ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ စိတ်ကိုတည်ငြိမ်အောင် ထားလိုက်၏။ ထို့နောက် ကုန်ကြမ်းပစ္စည်းအဆင့်သို့ ဆက်သွားလိုက်ပြီး ဝိညာဉ်အမြုတေများကို နောက်ဆုံးတွင် အဆောင်များအား သန့်စင်ရာ၌ အသုံးပြုနိုင်သည့် ကုန်ကြမ်းပစ္စည်းအမျိုးမျိုးထဲသို့ ထည့်သွင်းရောနှောလိုက်၏။

သို့သော် ထိုအဆင့်တွင် သူကျော်ဖြတ်ရမည့် အခက်အခဲတစ်ခု ရှိကြောင်း ဝမ်ပေါင်လဲ့က သိထား၏။ ထိုအဆင့်ကို မကျော်ဖြတ်နိုင်ပါက ကုန်ကြမ်းပစ္စည်း ပုံသွင်းခြင်းအဆင့်မှာ အောင်မြင်နိုင်မည်မဟုတ်ပေ။

” လက်နက်သဲပွင့်ပေါင်း အပွင့်တစ်ရာတိတိ လိုတာပဲဟ ”
ဝမ်ပေါင်လဲ့မှာ တတွတ်တွတ် ရေရွတ်လိုက်၏။ သူသည် ထိုဓားအိမ်အား ဖန်တီးနိုင်သည့် နည်းလမ်းကို လေ့လာခဲ့စဉ်တုန်းက ထိုကုန်ကြမ်းပစ္စည်းကို မြင်ခဲ့ရသောကြောင့် ဝိညာဉ်ကွန်ရက်ပေါ်တွင် ရှာဖွေခဲ့၏။ သို့သော် သူ မည်မျှပင် ရှာဖွေစေကာမူ ဝိညာဉ်ကွန်ရက်ပေါ်တွင်ဖြစ်စေ၊ ဓမ္မလက်နက်အဆောင်၏ ကုန်ကြမ်းပစ္စည်း စာရင်းထဲတွင်ဖြစ်စေ ထို လက်နက်သဲအကြောင်းကို လုံးဝ ရှာမတွေ့ခဲ့ပေ။

သူသည် ရှဲ့ဟေးရန်ဆီသို့ပင် သွားရောက်မေးမြန်းခဲ့ပါသော်လည်း သူသည်လည်း ထိုအကြောင်းကို လုံးဝမကြားဖူးပေ။ ထို့ကြောင့် လက်နက်သဲဆိုသည်မှာ ပြည်ထောင်စုကြီးက ရှာဖွေတွေ့ရှိထားခြင်း မရှိသေးသော ကုန်ကြမ်းပစ္စည်းတစ်ခုဖြစ်ကြောင်း ဝမ်ပေါင်လဲ့က ရိပ်မိသွား၏။ ၎င်းအား ရယူနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ မမလေးကို မေးမြန်းရန်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ ဆုံးဖြတ်လိုက်ပြီးနောက် သူ၏ ပုံရိပ်ယောင်ခေါင်းအုံးကို ထုတ်ယူကာအိပ်မက်ထဲသို့ ချက်ချင်းဝင်သွားလိုက်ပြီး စတင်မေးမြန်းလိုက်တော့သည်။

ယခုအကြိမ်တွင်မူ အနက်ရောင်မျက်နှာဖုံးတစ်ခု တပ်ထားသော မမလေးမှာ ဝမ်ပေါင်လဲ့အား ပြဿနာမရှာခဲ့ပေ။ ဝမ်ပေါင်လဲ့မှာ သူ၏မေးခွန်းကို မေးမြန်းလိုက်ပြီးနောက် သူမသည် သူ ထိုကဲ့သို့ လာရောက်မေးမြန်းမည်ကို ကြိုသိနေခဲ့သည့်အလား ချက်ချင်းပင် အဖြေပြန်ပေးလိုက်၏။

သို့သော် ဝမ်ပေါင်လဲ့မှာ ထိုအဖြေအား စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် သံသယဝင်သွား၏။

” လက်နက်သဲ ဖန်တီးနည်းဆိုပါလား။ ဒီ လက်နက်သဲက ကုန်ကြမ်းပစ္စည်းတစ်ခု မဟုတ်ဘဲ ဓမ္မအဆောင်တစ်ခု ဖြစ်နေတာလားဗျ ”
ဝမ်ပေါင်လဲ့မှာ ဇဝေဇဝါ ဖြစ်နေသည့် အမူအရာဖြင့် သေသေချာချာ အကဲခတ်ကြည့်လိုက်၏။ ထို့နောက် သူသည် တဖြည်းဖြည်းနှင့် အံ့ဩမှင်တက်သွားရတော့သည်။ လက်နက်သဲမှာ ကုန်ကြမ်းပစ္စည်းတစ်ခု ဖြစ်ပါသော်လည်း ၎င်းကို ဖန်တီးရန် လိုအပ်သည်။ ထိုသို့ ဖန်တီးနိုင်ရန် လိုအပ်သော ကုန်ကြမ်းပစ္စည်း အများစုမှာ သာမန်ပစ္စည်းများသာဖြစ်သည်။ အဓိက လိုအပ်သည့် အစိတ်အပိုင်းမှာဆိုလျှင် ပို၍ပင် ရိုးရှင်း၏။ ၎င်းမှာ သက်တံ့ရောင် ဝိညာဉ်ကျောက်တုံးများပင် ဖြစ်သည်။

” ဒီတာဝန်က ငါ့အတွက် သီးသန့်ပြင်ဆင်ပေးထားတယ်လို့ ငါ ဘာလို့ ခံစားနေရတာပါလိမ့် ”
ဝမ်ပေါင်လဲ့မှာ တစ်ခဏာမျှ တုံ့ဆိုင်းသွားပြီး အနက်ရောင် မျက်နှာဖုံးအား မယုံသင်္ကာနှင့် ကြည့်လိုက်၏။ ထို့နောက် သူသည် ခေါင်းပြန်ငုံ့သွားပြီး လက်နက်သဲဖန်တီးနည်းကို ဆက်လက်လေ့လာနေလိုက်တော့သည်။

ထိုဖန်တီးနည်းအရဆိုလျှင် လက်နက်သဲမှာ အလွန်အင်မတန်မှ ထူးခြားသော ဝိညာဉ်ကုန်ကြမ်း ပစ္စည်းတစ်ခုဖြစ်သည်။ ၎င်းကို အောင်မြင်စွာ ဖန်တီးပြီးသွားလျှင် မှော်စွမ်းအားများ ရရှိသွားမည်ဖြစ်သည်။

၎င်း၏ ဂုဏ်သတ္တိမှာ ဓမ္မအဆောင်ထဲတွင် ပါဝင်သော စွမ်းအင်အားလုံးကို ထုတ်ပေးနိုင်ခြင်းပင် ဖြစ်ပြီး ပုပ်ပွပျက်စီးနေသော ပစ္စည်းတစ်ခုကို မှော်ဝင်အစွမ်းများ ရရှိပိုင်ဆိုင်နိုင်မည့် အဆင့်အထိ မြှင့်တင်ပေးနိုင်၏။ သို့သော် ၎င်းကို အသုံးပြုပါက ကျရှုံးနိုင်ခြေများသလို ရောစပ်ခြင်းအဆင့်သို့ ရောက်လျှင်လည်း သေသေချာချာ ထိန်းချုပ်နိုင်ရန် လိုအပ်သေးသည်။

လက်နက်သဲကို ဖန်တီးနိုင်သော နည်းလမ်းမှာမူ အရင်ဆုံး ကုန်ကြမ်းပစ္စည်းများကို အရည်ကျိုပစ်ရန် လိုအပ်သည်။ ထို့နောက် သက်တံ့ရောင်ဝိညာဉ်ကျောက်တုံးများကို ချက်ချင်းထည့်သွင်း၍ ထိုကုန်ကြမ်းပစ္စည်းများကို စုပ်ယူကာ အေးမြသွားအောင် လုပ်ရမည်ဖြစ်သည်။ ထို့နောက် ကမ္ဗည်းစာလုံးများကို ဝိညာဉ်ကျောက်တုံးများပေါ်တွင် ရေထိုးရမည်ဖြစ်သည်။ ထို ကမ္ဗည်းစာလုံးများမှာ ထူးခြားလွန်းသောကြောင့် ဝမ်ပေါင်လဲ့ပင်လျှင် ၎င်းတို့ကို လုံးဝ မမြင်ဖူးပေ။

ဖန်တီးနည်းထဲတွင် ရေးသားထားသည့် အတိုင်းဆိုလျှင် ထို ကမ္ဗည်းစာလုံးများကြောင့် ဝိညာဉ်ကျောက်တုံးများကို ကျုံ့ဝင်သွားမည်ဖြစ်ပြီး နောက်ဆုံးတွင် သဲပွင့်တစ်ပွင့် ရရှိလာမည်ဖြစ်သည်။

၎င်းမှာ လက်နက်သဲပင်ဖြစ်သည်။

သို့သော် ဝမ်ပေါင်လဲ့မှာ တွေဝေတုံ့ဆိုင်းနေပါသော်လည်း အနည်းငယ်ခန့် ချင့်ချိန်သုံးသပ်လိုက်ပြီးနောက် စမ်းကြည့်ရန် ဆုံးဖြတ်လိုက်၏။ ထို့ကြောင့် သူသည် ပုံရိပ်ယောင်နယ်မြေထဲမှ ထွက်ခွာလာပြီးနောက် လက်နက်သဲဖန်တီးရန် လိုအပ်သော ကုန်ကြမ်းပစ္စည်း အမြောက်အမြားကို ချက်ချင်းပင် ဝယ်ယူလိုက်၏။ ထို့နောက် သူသည် လုပ်ငန်းစလိုက်တော့သည်။

ကုန်ကျစရိတ်ကိုသာ ထည့်မတွက်လျှင် လက်နက်သဲအား ဖန်တီးရသည်မှာ ဝမ်ပေါင်လဲ့အတွက် အခက်အခဲတစ်ခုမဟုတ်ပေ။ အရည်ကျိုခြင်းနှင့် ကမ္ဗည်းစာလုံး ရေးထွင်းခြင်းလုပ်ငန်းစဉ် နှစ်ခုစလုံးမှာ ချောချောမွေ့မွေ့ ပြီးဆုံးသွား၏။ ထိုသို့ဖြင့် သူသည် ပထမဆုံး လက်နက်သဲတစ်ပွင့်ကို အောင်မြင်စွာ ဖန်တီးပြီးသွားတော့သည်။

ဝမ်ပေါင်လဲ့မှာ ထို လက်နက်သဲပွင့်ကို သူ၏ လက်ပေါ်သို့တင်ကာ မျက်လုံးနားသို့ မြှောက်လိုက်ပြီး အချိန်အတော်အတန်ကြာအောင် သေသေချာချာ ကြည့်ရှုစစ်ဆေးကြည့်လိုက်၏။ ထို လက်နက်သဲပွင့်မှာ လုံးဝမည်းနက်နေပြီး အနည်းငယ်လေးပင် ထူးခြားဆန်းပြားနေသည့်ပုံ မပေါ်ပေ။ အခြားလူအများစုဆိုလျှင် ၎င်းမှာ သာမန်သဲပွင့် တစ်ပွင့်သာ ဖြစ်သည်ဟု မှတ်ယူလိုက်ကြမည်ဖြစ်သည်။

” ဒီဟာက မမလေးပြောသလောက်ရော အစွမ်းထက်ပါ့မလား ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ ရေရွတ်လိုက်ပြီးနောက် ထို လက်နက်သဲပွင့်ကို သိမ်းဆည်းကာ နောက်ထပ် လက်နက်သဲပွင့်များကို ထပ်၍ ဖန်တီးနေလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ လက်နက်သဲပွင့် တစ်ရာတိတိ အောင်မြင်စွာ ဖန်တီးပြီးသွားသောအခါ အသုံးပြုလိုက်ရသော ကုန်ကြမ်းပစ္စည်း ပမာဏကြောင့် အံ့ဩတုန်လှုပ်သွားရ၏။ အသုံးပြုရသော ပစ္စည်းများမှာ သက်တံ့ရောင် ဝိညာဉ်ကျောက်တုံးများ ဖြစ်နေသည်မဟုတ်ပါလော။ အကယ်၍ အခြားသူများကသာ လက်နက်သဲကို ဖန်တီးမည်ဆိုပါက ကုန်ကျစရိတ်မှာ စိတ်ကူးနှင့်ပင် မှန်းဆ၍ မရနိုင်လောက်အောင် ကြီးမားနေမည်ဖြစ်သည်။ ဝမ်ပေါင်လဲ့ပင်လျှင် ဝိညာဉ်ကျောက်တုံးများကို သန့်စင်ရင်း လက်နက်သဲများကို ဖန်တီးနေရသည့် အချိန်အတောအတွင်းတွင် အလွန်အင်မတန်မှ မောပန်းနွမ်းနယ်ခဲ့ရသောကြောင့် အခြားမည်သည့်အလုပ်ကိုမှ မလုပ်နိုင်ခဲ့ပေ။

” ဒါ သက်တံ့ရောင်ဝိညာဉ်ကျောက်တုံး အတုံးတစ်ရာဖိုးပဲ။ တကယ်ပဲ မှော်စွမ်းအားတွေ ရှိနေမယ်ထင်တယ် ”

လက်နက်သဲအား အောင်မြင်စွာ ဖန်တီးပြီးသွားတော့မည် ဖြစ်ကြောင်း သိလိုက်ရသဖြင့် သူ၏ မျက်လုံးများမှာ အရောင်လက်လာ၏။ ထို့နောက် သူ၏ ဓားအိမ်ပုံစံ ဝိညာဉ်အမြုတေကို ထုတ်ယူလိုက်ပြီး ဖန်တီးနည်းထဲတွင်ပါသည့် ညွှန်ကြားချက်များအတိုင်း ကုန်ကြမ်းပစ္စည်းများအတူ ရောစပ်လိုက်တော့သည်။

ဝမ်ပေါင်လဲ့ ထိုကဲ့သို့ အဖိုးတန် ကုန်ကြမ်းပစ္စည်းများကို တစ်ခုပြီးတစ်ခု ရောစပ်လိုက်သောအခါ အချိန်တိုအတွင်း သူ၏ရှေ့တွင်ရှိသော အရည်ကျိုမီးဖိုပေါ်၌ အပြာရောင်ဓားအိမ်လေးတစ်ခု တဖြည်းဖြည်းနှင့် ပေါ်ထွက်လာတော့သည်။

ထို့အပြင် ပထမအဆင့် ဓမ္မအဆောင်များထက် အများကြီးပို၍ သာလွန်သည့် ဖိနှိပ်အားတစ်မျိုး ထို ဓားအိမ်ထဲမှနေ၍ ထွက်ပေါ်လာ၏။ ဝမ်ပေါင်လဲ့မှာ ထို ဖိနှိပ်အားကို အာရုံခံမိလိုက်သောအခါ မျက်လုံးများ အရောင်လက်သွားတော့သည်။

” အဆောင်တစ်ခု ဖြစ်မလာသေးတာတောင် ဒီလောက်အားကောင်းတဲ့ ဝိညာဉ်အင်အားတွေကို ပိုင်ဆိုင်ထားတာပါလား ”

ဝမ်ပေါင်လဲ့မှာ မျှော်လင့်ချက်ကြီးစွာဖြင့် လက်နက်သဲမှလွဲ၍ အခြား ကုန်ကြမ်းပစ္စည်းအားလုံးကို အာရုံစိုက်ကာ ထည့်သွင်းလိုက်၏။ ထိုအခါ ဓားအိမ်လေးတစ်ခု ချက်ချင်းပင် ပေါ်ထွက်လာတော့သည်။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ပြီး လက်နက်သဲပွင့် အပွင့်တစ်ရာလုံးကို ထိုဓားအိမ်လေးထဲသို့ ထည့်သွင်းလိုက်၏။

ထိုသဲပွင့်လေးများမှာ ဓားအိမ်နှင့် ထိသွားသည်နှင့် တစ်ပြိုင်နက် အရည်ပျော်ကျသွားပြီး အနက်ရောင် အစင်းကြောင်းများအသွင် ပြောင်းလဲကာ ဓားအိမ်လေးနှင့် ပေါင်းစည်းသွား၏။

ထိုအခါ ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားရပြီး သူ၏ ကျင့်ကြံခြင်းကို ထုတ်လွှတ်၍ သူ၏ ဝိညာဉ်စွမ်းအင်များကို ပျံ့လွင့်သွားစေလိုက်ပြီး ထိုလုပ်ငန်းစဉ်ထဲတွင် စိတ်ရောကိုယ်ပါ နှစ်မြုပ်လိုက်တော့သည်။ သူသည် လက်နက်သဲများကြောင့် ပေါ်ပေါက်လာသော အနက်ရောင်အစင်းကြောင်းများကို ထိန်းချုပ်လိုက်ပြီး ၎င်းတို့အား ဓားအိမ်နှင့် တဖြည်းဖြည်းချင်း ပေါင်းစည်းသွားနိုင်အောင် ကူညီပေးလိုက်၏။ ထို လုပ်ငန်းစဉ်ကြီး တစ်ခုလုံးမှာ နှေးကွေးနေပြီး ဝမ်ပေါင်လဲ့မှာလည်း အာရုံထွေပြားသွားခြင်း မရှိအောင် ကြိုးပမ်းနေရ၏။

ခြောက်နာရီဆိုသော အချိန်မှာ အလျင်အမြန် ကုန်လွန်သွား၏။ ဝမ်ပေါင်လဲ့၏ နဖူးပေါ်တွင်လည်း ချွေးများဖြင့် ရွှဲနေပြီဖြစ်သည်။ သူ၏ သတိကြီးကြီးထား၍ ဆောင်ရွက်မှုများကြောင့် လက်နက်သဲများကြောင့် ပေါ်လာသည့် အနက်ရောင် အစင်းကြောင်းများမှာ ဓားအိမ်လေးနှင့် အောင်မြင်စွာ တစ်သားတည်း ပေါင်းစည်းသွားပြီ ဖြစ်သည်။ ထို့အပြင် သူ သေသေချာချာ ကြည့်ရှုစစ်ဆေးကြည့်လိုက်သောအခါ ထို အနက်ရောင် အစင်းကြောင်းများမှာ ဓားအိမ်ကို ဖုံးအုပ်ထားသော ပစ္စည်းများကိုပါ ထိုးဖောက်၍ ဝိညာဉ်အမြုတေအား သွား၍ ထိနေသည်ကို မြင်လိုက်ရသည်။

သို့သော် ၎င်းတို့မှာ ဝိညာဉ်အမြုတေနှင့် ထိသွားသည်နှင့် တစ်ပြိုင်နက် ထို ဝိညာဉ်အမြုတေပေါ်တွင် ဝမ်ပေါင်လဲ့ရေးထိုးထားသော ကမ္ဗည်းစာလုံးများမှာ ဝင်းလက်တောက်ပကာ အသက်ဝင်လာသကဲ့သို့ ဖြစ်သွားပြီး ဝိညာဉ်အမြုတေပေါ်တွင် အလိုအလျောက် မျောလွင့်နေကြတော့သည်။ သူတို့မှာ ထို အနက်ရောင် အစင်းကြောင်း အကြောင်းတစ်ရာနှင့် တို့ထိချင်နေသည့်အလား ရှေ့ဘက်ခြမ်းသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားကြ၏

ထို ကမ္ဗည်းစာလုံးများမှာ အချင်းချင်းပင် ယှဉ်ပြိုင်နေကြပြီး တစ်လုံးနှင့်တစ်လုံး ဝါးမျိုကာ စတင်ပေါင်းစည်းနေကြတော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းကြောင့် မျက်လုံးပြူးသွားရပြီး တအံ့တဩ အော်ဟစ်မိလိုက်၏။

” ဘာတွေ ဖြစ်နေတာလဲဟ ”

ဝမ်ပေါင်လဲ့မှာ သူ၏ရှေ့တွင် မြင်နေရသော မြင်ကွင်းကြောင့် တစ်ကိုယ်လုံး တုန်ရီနေရပြီဖြစ်သည်။ ထိုအချိန်တွင် အနက်ရောင် အစင်းကြောင်း အကြောင်းတစ်ရာမှာ တစ်ပြိုင်နက်တည်း တစ်စစီ ပြိုကွဲပျက်စီးသွားပြီး ဓားအိမ်လေးနှင့် တစ်သားတည်း ပေါင်းစည်းသွားကြတော့သည်။

ဝမ်ပေါင်လဲ့မှာမူ ထခုန်မိလိုက်ပြီး သူ၏ မျက်လုံးများကို ပွတ်လိုက်၏။ ကြိမ်ဖန်များစွာ တွေးတောသုံးသပ်ကြည့်လိုက်ပြီးမှ သူ အမြင်မှားနေခြင်း မဟုတ်ကြောင်း သေချာသွားရတော့သည်။ ထို့ကြောင့် သူသည် အသက်ရှူသံများ တဖြည်းဖြည်းနှင့် မြန်လာပြီး မျက်လုံးများ အရောင်တောက်လာ၏။

” တကယ် အလုပ်ဖြစ်တာပဲ ”

သူသည် စိတ်ဓာတ်တက်ကြွသွားပြီး ဓားအိမ် ဝိညာဉ်အမြုတေနှင့် လက်နက်သဲတို့ကို ချက်ချင်းပင် သန့်စင်လိုက်၏။ ဆယ်ရက်တိတိ မရပ်မနား ကြိုးစားလိုက်ပြီးနောက် နောက်ဆုံးတွင် ကြိုတင်ပြင်ဆင်ထားသော ကုန်ကြမ်းပစ္စည်းများကို အသုံးပြုကာ ဓားအိမ်များသန့်စင်သည့် လုပ်ငန်းကို ပြန်၍စတင်လိုက်၏။ ဝမ်ပေါင်လဲ့မှာ လွန်ခဲ့သော ဆယ်ရက်တုန်းကကဲ့သို့ပင် ဓားအိမ်လေး ရုပ်လုံးပေါ်မလာခင် လက်နက်သဲများကို ထည့်သွင်းလိုက်၏။ ထို့နောက် အစွမ်းကုန်ထုတ်ကာ ထိုလုပ်ငန်းစဉ်ကြီးကို ထိန်းချုပ်လိုက်ပြန်သည်။

ယခုအကြိမ်တွင် သူသည် စိတ်ရောကိုယ်ပါ ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ကမ္ဗည်းစာလုံးများ အသက်ဝင်လာပြီး အနက်ရောင် အစင်းကြောင်းများနှင့် ပေါင်းစည်းသွားရန် တာဆူနေကြသည်ကို ထပ်၍ မြင်လိုက်ရသောအခါ အတန်ငယ် အံ့အားသင့်သွားရသည့် တိုင်အောင် ယခင်အကြိမ်တုန်းကထက် ပို၍ တည်ငြိမ်နေပြီဖြစ်သည်။ သူ သေသေချာချာ ကြည့်ရှုစစ်ဆေးနေစဉ်မှာပင် ကမ္ဗည်းစာလုံးများမှာ တစ်လုံးနှင့်တစ်လုံး စဉ်ဆက်မပြတ်‌ ပေါင်းစည်းကာ ဝါးမျိုသွားကြပြီး ဝမ်ပေါင်လဲ့ လုံးဝမမြင်ဖူးသော ကမ္ဗည်းစာလုံး အလုံးတစ်ရာအသွင် ပြောင်းလဲသွားကြ၏။

ထို ကမ္ဗည်းစာလုံးများမှာ ကဆုန်ပေါက်ရင်း အနက်ရောင် အစင်းကြောင်း အကြောင်းတစ်ရာကို စုပ်ယူလိုက်ကြ၏။ ထို့နောက် ဓားအိမ်လေးမှာ ဝင်းလက်စွာ တောက်ပလာပြီး အရည်ကျိုမီးဖိုကြီး တစ်ခုလုံး တုန်ရီလာရတော့သည်။ ဝမ်ပေါင်လဲ့မှာလည်း အံ့ဩတုန်လှုပ်သွားရပြီး နောက်သို့ခြေလှမ်းအနည်းငယ်ခန့် ဆုတ်မိသွား၏။ ထို့နောက် သူ၏ညာလက်ကို မြှောက်ကာ လေထဲတွင် လက်သီးဆုပ်လိုက်၏။

ထိုအခါ အပြာရောင် အလင်းတန်းတစ်တန်း ချက်ချင်းပင် ဖျတ်ခနဲလက်သွားကာ ဓားအိမ်လေးမှာ အရည်ကျိုမီးဖိုထဲမှ ပျံထွက်လာပြီး ဝမ်ပေါင်လဲ့၏ရှေ့တွင် ရစ်‌ဝဲနေတော့သည်။ ထို့နောက် ထို ဓားအိမ်လေးမှာ တုန်ရီသွားပြီး ပထမအဆင့်ထက်သာလွန်သော ဖိနှိပ်အားတစ်မျိုးကို ထုတ်လွှတ်လိုက်၏။ အမှန်အတိုင်း ဆိုရမည်ဆိုလျှင် ၎င်းမှာ အချို့ကဏ္ဍများတွင် ဒုတိယအဆင့် အထွတ်အထိပ်ထက်ပင် ပို၍ သာလွန်နေသေးသည်။

Comment

Leave a Reply

Options

not work with dark mode
Reset