Switch Mode

အခန်း ( ၁၆၀ )

တိမ်လွှာလက်ချောင်း

” အခေါက်သုံးဆယ်လောက် သုံးပြီးသွားရင် ဝိညာဉ်ချီက လုံးဝ ကုန်ခမ်းသွားတာပဲ။ အားအင် ပြန်ပြည့်လာဖို့အတွက် ငါးမိနစ်တိတိ တရားထိုင်ဖို့လိုတယ် ”
ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားကာ ကျေနပ်အားရနေတော့သည်။ အဘယ့်ကြောင့်ဆိုသော် အာနာပါန ဒုတိယအဆင့်ရှိ အခြားကျောင်းသားများမှာ ထိုမန္တန်များကို အများဆုံး ဆယ်ကြိမ်အထိသာ အသုံးပြုနိုင်ကြောင်းသာ ရေးသားထားသည်ကို ဝိညာဉ်ကွန်ရက်ပေါ်တွင် ဖတ်ရှုလိုက်ရသောကြောင့် ဖြစ်သည်။

မည်သူကမှ အကြိမ်နှစ်ဆယ်ကျော်အထိ အသုံးမပြုနိုင်ခဲ့ပေ။ သို့သော် သူသည် အကြိမ်သုံးဆယ်အထိ အသုံးပြုနိုင်ခဲ့သည်ဖြစ်ပြီး သူ၏ အားအင်ပြန်ရန် လိုအပ်သည့် အချိန်ပမာဏမှာလည်း အခြားသူများထက် အများကြီးပို၍ တိုတောင်းနေ၏။ ထိုအခြင်းအရာကိုကြည့်၍ သူသည် အလွန် အစွမ်းထက်နေကြောင်း သိနိုင်ပေသည်။

” ဝိညာဉ်အမြစ်တွေကို ပုံစံအမျိုးမျိုး ပြောင်းလဲနိုင်တဲ့ ငါ့ရဲ့စွမ်းရည်က တော်တော်ကို အစွမ်းထက်တာပဲကွ ”
ဝမ်ပေါင်လဲ့မှာ ကျေနပ်အားရနေ၏။ ယခုတွင် သူ၏ ဝိညာဉ်ချီမှာ အပြည့်ပြန်ဖြစ်သွားပြီ ဖြစ်သည်။ ထိုအချိန်တွင် သူသည် ကောင်းကင်တိမ်လွှာပညာရပ်၏ ဒုတိယအဆင့်တွင်ပါသော တိမ်လွှာလက်ချောင်းကို အမှတ်ရသွား၏။

ထိုတိမ်လွှာလက်ချောင်းမှာ ကောင်းကင်တိမ်လွှာ ပညာရပ်၏ သီးသန့်မန္တန်တစ်ခု ဖြစ်သည်။ ထို့အပြင် ၎င်းမှာ ကောင်းကင်တာအိုကျောင်းမှ ကျောင်းသားများ၏ အထူးမန္တန်တစ်မျိုးလည်း ဖြစ်နေ၏။ ထိုမန္တန်၏ စွမ်းအားမှာ တမူထူးခြားပေသည်။ သို့သော် အာနာပါန ပထမအဆင့် ကျင့်ကြံသူများမှာ ထို မန္တန်ကို အသုံးမပြုနိုင်ပေ။ ဒုတိယအဆင့်ရောက်မှာသာ ထိုမန္တန်ကို အသုံးပြုနိုင်၏။

ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းကို တွေးတောရင်း ရင်ထဲတွင် နွေးသွား၏။ ထို့ကြောင့် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ကောင်းကင်တိမ်လွှာပညာရပ်အား ရေးသားထားသော ကျောက်စိမ်းပေလွှာကိုထုတ်ယူကာ လေ့လာလိုက်၏။ ထို့နောက် ၎င်းကို စိုက်ကြည့်ကာ သူ၏ ညာလက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်ပြီး ကောင်းကင်တိမ်လွှာပညာရပ်ထဲတွင် ဖော်ပြထားသော နည်းလမ်းအတိုင်း သူ၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ချီစီးဆင်းမှုကို ထိန်းချုပ်လိုက်သည်။ ထိုအခါ မြူခိုးအမျှင်အတန်းလေးတစ်ခု တဖြည်းဖြည်းပေါ်လာပြီး ဝမ်ပေါင်လဲ့၏ ညာဘက်လက်ညှိုးထိပ်မှနေ၍ ထွက်ပေါ်လာ၏။

ထို မီးခိုးရောင်မြူခိုးမှာ သာမန်ဟုသာ ထင်ရပါသော်လည်း လွင့်ပါးပျောက်ကွယ်သွားမည့် လက္ခဏာ လုံးဝမရှိပေ။ ၎င်းမှာ ဝမ်ပေါင်လဲ့ ညာလက်ညှိုးပေါ်တွင် စုစည်းကာ မီးခိုးရောင် မြွေလေးတစ်ကောင်ကဲ့သို့ ၎င်းအား ရစ်ပတ်သွား၏။

” တိမ်လွှာ လက်ချောင်းက ဟင်းလင်းပြင်ထဲရောက်အောင် မှေးမှိန်သွားပြီးတော့ အစအန ရှာလို့မရအောင် ပျောက်ကွယ်သွားနိုင်စွမ်း ရှိတယ်။ ပြီးတော့ အဲဒီလက်ချောင်းက တိမ်တိုက်တွေလိုပဲ ပျံ့နှံ့သွားနိုင်ပြီးတော့ အပြင်ဘက်က ရန်သူ‌တွေကို ပိတ်ဆို့ဟန့်တားနိုင်တဲ့အပြင် ပစ်လွှတ်လို့ပါ ရသေးတယ်။ ကျင့်ကြံခြင်းအဆင့်ပေါ် မူတည်ပြီးတော့ အဲဒီလက်ချောင်းရဲ့ အစွမ်းက အမျိုးမျိုး ရှိနေမှာပဲ ”
ဝမ်ပေါင်လဲ့က တတွတ်တွတ် ရေရွတ်လိုက်၏။ ၎င်းမှာ ကျောက်စိမ်းပေလွှာပေါ်တွင် ဖော်ပြထားသည့် တိမ်လွှာ လက်ချောင်း၏ ပဏာမမိတ်ဆက် ဖြစ်သည်။ သူသည် သူ၏ လက်ညှိုးထိပ်ရှိ မြူခိုးအမျှင်အတန်းလေးကို ကြည့်ရင်း ၎င်းမှာ မည်မျှအထိ အစွမ်းထက်နေမည်ကို အာရုံမခံနိုင်ဘဲ ဖြစ်နေရ၏။ ထို့ကြောင့် သူသည် လက်မြှောက်ကာ ဝှေ့ယမ်းကြည့်လိုက်သည်။

ထိုအခါ သူ၏လက်ညှိုးအား ရစ်ပတ်ထားသည့် မြူခိုးအမျှင်အတန်းလေးမှာ အမှန်တကယ်ပင် မြွေလေးတစ်ကောင်နှင့် တူ‌သွား၏။ ၎င်းမှာ လျင်မြန်ဖျတ်လတ်လွန်းနေပြီး ချက်ချင်းပင် အရှိန်အဟုန်ဖြင့် ထိုးထွက်သွားကာ ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားသောကြောင့် ၎င်း၏လမ်းကြောင်းကို မမြင်နိုင်တော့ပေ။ ထို့နောက် မျက်စိတစ်မှိတ်အတွင်း ၎င်းမှာ နံရံမျက်နှာပြင်နှင့် ထိသွား၏။

အသံကျယ်ကြီး ထွက်ပေါ်မလာဘဲ ဒုတ်ခနဲ မြည်သံတစ်သံသာ ထွက်ပေါ်လာပါသော်လည်း ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြူးသွားကာ အသက်ရှူသံများ မြန်လာပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ်ခန့် လှမ်းသွားလိုက်၏။ ထိုအခါ ထို မြူခိုးအမျှင်အတန်းလေး နံရံနှင့် ထိသွားသောနေရာတွင် အပေါက်လေးတစ်ပေါက် ပေါ်လာသည်ကို မြင်လိုက်ရ၏။ ထိုအပေါက်လေးမှာ သူနှင့် ဘေးချင်းကပ်လျက်ရှိ နတ်ဝိဇ္ဇာဂူ၏ ကျောက်သားနံရံထဲအထိ ထိုးဖောက်သွားခြင်း မရှိပါသော်လည်း အလွန်အင်မတန်မှ ဇောက်နက်၏။ ဝမ်ပေါင်လဲ့၏ အမြင်အရဆိုလျှင် ၎င်း၏ဇောက်မှာ တစ်ပေခန့် ရှိသည်။

ထိုနံရံမှာ သာမန်ကျောက်သားဖြင့် ဆောက်လုပ်ထားခြင်းမဟုတ်ဘဲ အထဲတွင် မန္တန်အစီအရင်တစ်ခု ပါဝင်နေသည်ကို သတိပြုရပေမည်။ သို့သော်ငြားလည်း တိမ်လွှာ လက်ချောင်းမှာ ၎င်း၏ တစ်ပေတိတိနက်အောင် ထိုးဖောက်သွားနိုင်ခဲ့သည်ဖြစ်ရာ ၎င်း၏ ကြီးမားသောစွမ်းအားကို သိမြင်နိုင်ပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်း ရှူလိုက်ရ၏။

တချိန်တည်းမှာပင် သူသည် အားအင်ချည့်နဲ့သွားသလို ခံစားလိုက်ရသည်။ အမှန်တွင် သူ၏ ဝိညာဥ်သွေးကြောများထဲရှိ ဝိညာဉ်ချီ ခြောက်ဆယ်ရာခိုင်နှုန်းခန့်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

” အာနာပါန ဒုတိယအဆင့်က တခြားလူတွေဆိုရင် ဒီ မန္တန်ကို တစ်ခေါက်ပဲ အသုံးပြုနိုင်လောက်တယ်။ ငါတောင်မှ နှစ်ခေါက်အသုံးပြုနိုင်ဖို့ မနည်းကြိုးစားရမှာ … ဒီမန္တန်က တော်တော်ကို အစွမ်းထက်တာပဲကွ ”
တိမ်လွှာ လက်ချောင်းမှာ လက်ရှိတွင် သူ၏ဝှက်ဖဲ ဖြစ်သည်ဟု သူ ချက်ချင်းပင် နားလည်သွား၏။

ဝမ်ပေါင်လဲ့မှာ ထိုသို့ စိတ်လှုပ်တရှား ဖြစ်နေရင်း သူ၏ခန္ဓာကိုယ်အား လှုပ်ရှားကြည့်လိုက်သောအခါ ယခင်ကထက် များစွာပို၍ သန်မာနေကြောင်း ခံစားလိုက်ရသဖြင့် အံ့အားသင့်သွားရ၏။ ထို့ကြောင့် သူသည် လက်သီးချက်အနည်းငယ် ထုတ်လွှတ်ကာ သူ၏ ခန္ဓာကိုယ်၏ အမြန်နှုန်းကို အကဲခတ်ကြည့်လိုက်၏။ သို့သော် သူသည် သူ၏ခန္ဓာကိုယ်အား လှုပ်ရှားလိုက်ရုံမျှဖြင့် နံရံနှင့် ချက်ချင်းပင် ဝင်တိုက်မိလုနီးပါး ဖြစ်သွားရသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားရပြီး သူ၏ ခြေလှမ်းများကို ချက်ချင်းပင်ရပ်တန့်ကာ လက်‌မြှောက်၍ ခန္ဓာကိုယ်အား ရှေ့သို့ကိုင်းကာ သူ့ကိုယ်သူ ပြန်ထိန်းလိုက်ရတော့သည်။

ထိုအခါ နံရံကြီးမှာ ကြီးမားသော ပြင်းအားကြီးတစ်ခု၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရသည့်အလား အသံကျယ်ကြီးတစ်သံ ချက်ချင်းပင် ပေါ်ထွက်လာ၏။ ဝမ်ပေါင်လဲ့မှာလည်း နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် လှမ်းကာ အံ့ဩတုန်လှုပ်သွားပြီး ဝေခွဲမရ ဖြစ်သွားရတော့သည်။

” ငါ့ရဲ့ခွန်အားတွေလည်း တိုးတက်လာတာပဲ။ ဒါပေမဲ့ အဆင့်တက်ရင် ခန္ဓာကိုယ်ပါ ပိုပြီးတော့ သန်မာလာတယ်ဆိုပြီး ဝိညာဉ်ကွန်ရက်ပေါ်မှာ ဘယ်သူမှ မပြောကြပါဘူးဟ။ ငါကတော့ ခွန်အားရော အမြန်နှုန်းပါ အနည်းဆုံး နှစ်ဆကျော် တိုးတက်သွားတာပဲ ”

” ငါ့ရဲ့ ဝါးမျိုခြင်းသစ်စေ့နဲ့ တစ်ရာရာခိုင်နှုန်း အလုပ်လုပ်တဲ့ ဝိညာဥ်သွေးကြောတွေကြောင့်များ ဖြစ်နေမလား ”

သူနှင့် ကျင့်ကြံခြင်းအဆင့်တူသော ရွယ်တူများထက် ပို၍ အစွမ်းထက်နေရသည့် ခံစားချက်ကြီးကြောင့် ဝမ်ပေါင်လဲ့မှာ ပျော်ရွှင်ကျေနပ်နေရတော့သည်။ ထို့ကြောင့် သူသည် ထိုအကြောင်းကို ဆက်၍ တွေးတောမနေတော့ပေ။ သူ မည်မျှခန့် ပို၍ အစွမ်းထက်လာကြောင်း စမ်းသပ်ကြည့်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ အသံလွှင့်လက်စွပ်မှာ ရုတ်တရက်ဆိုသလို တုန်ရီလာတော့သည်။ ဝမ်ပေါင်လဲ့မှာ အောက်သို့ ငုံ့ကြည့်လိုက်သောအခါ အသံလွှင့်လက်စွပ်ထဲတွင် အသံလွှင့်အကြောင်းကြားစာများ ရာဂဏန်းအနည်းငယ်အထိ ရှိနေသည်ကို မြင်လိုက်ရ၏။

၎င်းတို့မှာ သူ သတိလစ်နေခဲ့စဉ်တုန်းက ရောက်လာခဲ့ခြင်း ဖြစ်ရပေမည်။ သူ သတိပြန်ရလာပြီးသည့် တိုင်အောင် ၎င်းကို သတိမထားမိခဲ့ပေ။ ယခုတွင်မူ ၎င်းအား မြင်လိုက်ရသောကြောင့် သူ၏ ဓမ္မအဆောင်များအတွက် အမှာစာများ ပေးပို့ခဲ့ကြသည့် အကြောင်းကို ပြန်၍သတိရသွားပြီး ချက်ချင်းပင် စစ်ဆေးကြည့်ရှုလိုက်၏။

သူသည် တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် ပျော်ရွှင်မြူးထူးစွာ ရယ်မောလိုက်တော့သည်။

သူ၏ မိတ်‌ဆွေရင်းများထံမှ အသံလွှင့် အကြောင်းကြားစာများမှလွဲ၍ အခြားအကြောင်းကြားစာများမှာ သူနှင့် မရင်းနှီးသော အခြားကျောင်းသားများစွာထံမှ အမှာစာများ ဖြစ်ကြ၏။ ဝမ်ပေါင်လဲ့မှာ ထိုအမှာစာများကို တစ်ခုပြီးတစ်ခု လှန်လှောဖတ်ရှုရင်း သူ၏ မျက်လုံးများထဲတွင် စိတ်ကျေနပ်မှု အရိပ်အယောင်များ ထင်ဟပ်လာတော့သည်

” ငါတော့ ထောပြီဟေ့ ”

” ဒီအမှာစာ အများစုက ရွှေခေါင်းလောင်းပုတီးစေ့နဲ့ တိတ်စမ်းတို့ကို ဝယ်ယူချင်ကြတာပဲ။ တခြားပစ္စည်းတွေကို မှာတဲ့လူ သိပ်အများကြီး မရှိဘူးပဲကွ။ ကြည့်ရတာ အဓိကထားပြီး ကြော်ငြာတဲ့ပစ္စည်းက ပိုပေါက်တဲ့ပုံပဲ ”

ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှားဖြင့် ထိုအမှာစာများကို ဆက်လက်လှန်လှောဖတ်ရှုနေရင်း ခဏအကြာတွင် ဇဝေဇဝါ ဖြစ်သွားရ၏။

” ငါ့ရဲ့ မီးရှူးမီးပန်းလွှတ်တဲ့ သစ်သားရေပုံးလေးကိုလည်း ဝယ်ချင်တဲ့လူ ရှိသေးတာလားဟ။ သူတို့အဲဒါကို ဘာလုပ်ဖို့ ဝယ်ချင်ရတာလဲ။ ချစ်ရေးဆိုဖို့များလား ”

ဝမ်ပေါင်လဲ့မှာ အမှာစာအားလုံးကို တအံ့တဩနှင့် ဖတ်ရှုလိုက်ပြီးနောက် မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် အမူအရာဖြင့် ခေါင်းကုတ်လိုက်၏။

” မီးရှူးမီးပန်းတွေလွှတ်တဲ့ သစ်သားရေပုံးကို မှာတဲ့ လူအရေအတွက်က ရွှေခေါင်းလောင်ပတီးစေ့နဲ့ တိတ်စမ်းတို့ကို မှာတဲ့ လူအရေအတွက်ပြီးရင် ဒုတိယပဲဟ ”

သို့သော် သူသည် ချက်ချင်းပင် ကျေနပ်အားရသွား၏။

” ကြည့်ရတာ ဒီပစ္စည်းက နာမည်ရသွားပြီ ထင်တယ်။ ဘာပဲဖြစ်ဖြစ်ပါလေ။ အဲဒီပစ္စည်းတွေကို အချိန်ကြာကြီး ပိုပြီးတော့ အထားခံ‌နိုင်အောင် လုပ်ဖို့လိုသေးတယ်။ ပြီးတော့ အတုအပပစ္စည်းတွေ ထွက်မလာအောင်လို့လည်း အဲဒီဓမ္မအဆောင်တွေပေါ်မှာ ကိုယ်ပိုင်အမှတ်အသားတစ်ခုနဲ့ မှတ်သားထားမှဖြစ်မယ် “

ဝမ်ပေါင်လဲ့မှာ ယခင်က သူ ဖန်တီးသန့်စင်ထားသော ဓမ္မအဆောင်အားလုံးကို သူ၏ သိုလှောင်လက်ကောက်နှင့် သိုလှောင်အိတ်ထဲမှနေ၍ ထုတ်ယူလိုက်ပြီး ၎င်းတို့အား ဝမ်းသာအားရနှင့် ရေတွက်လိုက်၏။ သို့သော် သူသည် ဓမ္မအဆောင်များစွာ ထပ်၍ လိုအပ်နေဆဲပင်။

သို့သော် ဝမ်ပေါင်လဲ့မှာ လုံးဝစိတ်ပူနေခြင်း မရှိပေ။ သူသည် သေသေချာချာ တွေးတောသုံးသပ်လိုက်ပြီးနောက် ” ပျော်ရွှင်မှု ” ဆိုသော စာလုံးကို ထို ဓမ္မအဆောင်အားလုံးပေါ်တွင် ရေးထိုးရန် ဆုံးဖြတ်လိုက်၏။

” ငါ့နာမည်က ဝမ်ပေါင်လဲ့လေ။ ဒီတော့ ငါ့ရဲ့ ရတနာတွေကို အဆင့်သုံးဆင့် ခွဲလိုက်မယ်။ ဒီ အဆင့်မှာရှိတဲ့ ပစ္စည်းတွေပေါ်မှာ ” ပျော်ရွှင်မှု ” ဆိုတဲ့စာလုံးကို ရေးထိုးမယ်။ နတ်ဘုရားရတနာတွေကို ဖန်တီးသန့်စင်ပြီးသွားတဲ့ အချိန်ကျရင် ” ရတနာ ” ဆိုတဲ့ စာလုံးကို ရေးထိုးမယ်။ ဓမ္မလက်နက်တွေ ဖန်တီးသန့်စင်နိုင်တဲ့ အချိန်ကျရင် ” ဘုရင် ” ဆိုတဲ့ စာလုံးကို ရေးထိုးလိုက်မယ် ”

( ဝမ်ပေါင်လဲ့ဆိုသော အမည်မှ ‘ လဲ့ ‘ မှာ ပျော်ရွှင်မှု၊ ‘ ပေါင် ‘ မှာ ရတနာ၊ ‘ ဝမ် ‘ မှာ ဘုရင် အစရှိသဖြင့် အသီးသီး ကိုယ်စားပြုသည် )

” ငါ နတ်ဘုရားလက်နက်တွေကို ဖန်တီးသန့်စင်နိုင်တဲ့ အချိန်ရောက်မှ အဲဒီ ပစ္စည်းတွေပေါ်မှာ ငါ့ရဲ့ နာမည်အပြည့်အစုံကို ရေထိုးရမယ် ”

သူ၏ စကားများမှာ အလွန်အင်မတန်မှ ကြီးကျယ်ခမ်းနားနေသည်ဟု ခံစားနေရပါသော်လည်း စိတ်မကောင်းစွာဖြင့် သူ၏ ဘေးနားတွင် သူ့ကို မြှောက်ပင့်ပေးမည့် လူတစ်ယောက်မှ ရှိမနေခဲ့ပေ။ ထို့ကြောင့် သူသည် ထိုကဲ့သို့ တသသဖြစ်နေစဉ် လျှိုတောက်ပင်းအား ရုတ်တရက် သတိရသွား၏။

” လျှိုတောက်ပင်း ငါ့ကို ကူညီနိုင်ဖို့အတွက် ဒီကို မြန်မြန်ရောက်လာနိုင်အောင် ကြိုးစားနေရင် သိပ်ကောင်းမယ်။ ငါ လူအင်အား လိုနေပြီ ”

ဝမ်ပေါင်လဲ့မှာ သက်ပြင်းချရင်း ဓမ္မအဆောင်အားလုံးပေါ်တွင် ” ပျော်ရွှင်မှု ” ဆိုသောစာလုံးကို ရေးထိုးလိုက်ပြီး ဝိညာဉ်ကွန်ရက်အား တာဝန်ယူထားသော တာအိုကျောင်းထဲရှိ ဌာနတစ်ခုအား ချက်ချင်းပင်လှမ်း၍ ဆက်သွယ်လိုက်၏။ သူသည် သူ၏ ဓမ္မအဆောင်အားလုံးကို ထိုဌာနသို့ပို့ကာ ထိုနေရာရှိ အဝယ်တော်များမှတစ်ဆင့် ရောင်းဝယ်ဖောက်ကားခြင်း ပြုလုပ်မည်ဖြစ်သည်။

” ထို ရောင်းဝယ်ဖောက်ကားခြင်း နည်းလမ်းမှာ အဆင့်မြင့်ကျွန်းပေါ်တွင် လူသုံးအများဆုံး နည်းလမ်းဖြစ်သည်။ ဝိညာဉ်ကွန်ရက်အား တာဝန်ယူထားသော ဌာနမှာ အခကြေးငွေအချို့ ကောက်ခံပါသော်လည်း ထုတ်လုပ်သူများမှာ ဖောက်သည်များကို တစ်ယောက်ချင်းစီ သီးသန့်လိုက်တွေ့နေစရာ မလိုတော့သလို ဓမ္မအဆောင်များကိုလည်း အစစ် ဟုတ်မဟုတ် စစ်ဆေးနေရန် မလိုတော့ပေ။ ထိုနည်းလမ်းဖြင့် မလိုလားအပ်သော ပြဿနာများစွာကို ဖြေရှင်းနိုင်မည် ဖြစ်သည်။

တချိန်တည်းမှာပင် မည်သူမဆို မိမိတို့၏ ဓမ္မအဆောင်များကို အမည်ပျောက်ဖြင့် ရောင်းချနိုင်မည်လည်း ဖြစ်သည်။ ဝိညာဉ်ကွန်ရက်အား တာဝန်ယူထားသောဌာနမှာ နှစ်ပေါင်းများစွာတိုင်အောင် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လုံခြုံစွာ ထိန်းသိမ်းထားနိုင်ခဲ့၏။

ရက်အနည်းငယ်အတွင်း ဝမ်ပေါင်လဲ့၏ ဓမ္မအဆောင် ပထမအသုတ်မှာ ပစ္စည်းများ ပြတ်သွား၏။ ဝမ်ပေါင်လဲ့မှာ ဝိညာဉ်ကျောက်တုံး အမြောက်အမြား ပြန်၍ရရှိလိုက်သောကြောင့် ဒုတိယအသုတ်အား ဖန်တီးသန့်စင်ခြင်းလုပ်ငန်းကို စတင်လိုက်တော့သည်။ လဝက်တိတိ ကုန်ဆုံးသွားပြီးနောက် သူသည် မှာယူထားသော ဓမ္မအဆောင် အားလုံးကို ပြီးစီးစွာ ရောင်းချပြီးသွားပြီ ဖြစ်သည်။ ထို့ကြောင့် သူ အမြတ်ရရှိခဲ့သော ဝိညာဉ်ကျောက်တုံးများကိုကြည့်ရင်း သူ၏ မျက်လုံးများမှာ အရောင်တောက်ပလာတော့သည်။

” ဒီနည်းလမ်းက သက်တံ့ရောင် ဝိညာဉ်ကျောက်တုံးတွေ သန့်စင်ရတဲ့ နည်းလမ်းထက်တောင် ပိုပြီးတော့ ငွေရမြန်တာပဲ။ ပြီးတော့ သိပ်လည်း မပင်ပန်းဘူး ”
ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ ပျော်ရွှင်နေပြီး သူ အမြတ်ရရှိခဲ့သော ဝိညာဉ်ကျောက်တုံး အားလုံးကို အသုံးပြုကာ အဆောင်များသန့်စင်ရာတွင် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို ဝယ်ယူလိုက်၏။ ထို့နောက် ဓမ္မလက်နက်အဆောင်မှ ပေးထားသော ဓမ္မအဆောင်လမ်းညွှန်စာအုပ်ကို ဖွင့်ကာ ဖန်တီးသန့်စင်ရန် အခက်ခဲဆုံးဖြစ်သော ဓမ္မအဆောင်များကို ရှာဖွေလိုက်၏။ ထို့နောက် ထို ဒုတိယအဆင့် အထွတ်အထိပ် ဓမ္မအဆောင်များ ဖန်တီးသန့်စင်နိုင်မည့် နည်းလမ်းကို ရင်းနှီးကျွမ်းဝင်မှုရှိသွားအောင် စတင်လေ့ကျင့်လိုက်တော့သည်။

ထို ဓမ္မအဆောင်များထဲတွင် ယပ်မောင်းယပ်တောင်များ၊ အဖိုးတန်ပုတီးစေ့များ၊ ကြိုးများ၊ ကြာပွင့်စင်မြင့်များနှင့် အခြားပစ္စည်းများစွာ ပါဝင်၏။

သူသည် ဒုတိယအဆင့် အထွတ်အထိပ် ဓမ္မအဆောင်များကို သန့်စင်နိုင်စွမ်း ရှိပါသော်လည်း ကျရှုံးနိုင်ခြေမှာ သိသိသာသာ မြင့်သောကြောင့် သူ၏ အဆင့်မှာ ကျွမ်းကျင်အဆင့်သို့ မရောက်သေးဟု ဆိုနိုင်၏။ ကုန်ကြမ်းပစ္စည်း အလုံအလောက် ဝယ်ယူလိုက်ပြီးနောက် သူသည် တံခါးပိတ်ကာ သူ၏သန့်စင်ခြင်းလုပ်ငန်းကို စတင်လိုက်တော့သည်။

ထိုကဲ့သို့ ဖန်တီးသန့်စင်နေရင်း သိပ်မကြာခင် သူသည် ယခင်ကနှင့် မတူတော့ကြောင်း ရိပ်မိလိုက်သဖြင့် သူ အံ့အားသင့်သွားရ၏။

ကမ္ဗည်းစာလုံးများ ရေးထိုးရာ၌ ဖြစ်စေ၊ ဝိညာဉ်အမြုတေများ ဖန်တီးပြုလုပ်ရာ၌ ဖြစ်စေ၊ သူ၏အာရုံများမှာ ပို၍စူးရှကာ တိကျလာပြီဖြစ်သည်။ သူသည် တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် သူ၏ရှေ့တွင်ရှိနေသော ဝိညာဉ်အမြုတေ၏ အတွင်းပိုင်း တည်ဆောက်ပုံများကိုပါ ခံစားနိုင်စွမ်း ရှိနေသကဲ့သို့ပင်။ ထို့အပြင် သူသည် ကမ္ဗည်းစာလုံးများ ရေးထိုးရာတွင် ဝိညာဉ်အမြုတေများကို ထွင်းဖောက်၍ ၎င်းတို့၏ အတွင်းထဲရှိ အစိတ်အပိုင်းများပေါ်တွင်ပါ ကမ္ဗည်းစာလုံးများကို ရေးထိုးနိုင်စွမ်း ရှိနေပြီဖြစ်သည်။

ထို့ကြောင့် ကမ္ဗည်းစာလုံးများကို စွယ်စုံအသုံးပြု၍ ရလာပြီး လိုအပ်သလို ပြောင်းလဲနိုင်စွမ်း ရှိလာတော့သည်။ ထိုကဲ့သို့ ရွေးချယ်စရာအမြောက်အများ ရှိနေခြင်းကြောင့် သူသည် ဓမ္မအဆောင်များ သန့်စင်ရာတွင် အံ့ဩဖွယ်ကောင်းလောက်အောင် တိုးတက်လာ၏။ ကုန်ကြမ်းပစ္စည်းများနှင့် သန့်စင်ခြင်းနည်းလမ်းများမှာ သိသိသာသာ ပြောင်းလဲသွားခြင်း မရှိပါသော်လည်း ဝိညာဉ်အမြုတေများမှာ အထွတ်အထိပ်အဆင့်သို့ ရောက်လုနီးပါး အနေအထားအထိ ရောက်ရှိလာပြီဖြစ်သည်။

ခိုင်ခံ့ပြီးသား အခြေခံအုတ်မြစ်တစ်ခု ပေါ်သို့ နောက်ထပ် အခြေခံအုတ်မြစ်တစ်ခု ထပ်၍ လောင်းချလိုက်သကဲ့သို့ ၎င်းမှာ အလွန်အင်မတန်မှ ခိုင်ခံ့သွား၏။ ထို့ကြောင့် ကုန်ကြမ်းပစ္စည်းအဆင့်၊ ဖန်တီးခြင်းအဆင့်နှင့် သန့်စင်ခြင်းအဆင့်များတွင် ကျရှုံးနိုင်ခြေများမှာ သိသိသာသာ လျော့ကျသွားရပြီး အထွတ်အထိပ် ပစ္စည်းတစ်ခုကို အောင်မြင်စွာ ဖန်တီးထုတ်လုပ်နိုင်မည့် ရာခိုင်နှုန်းမှာ သိသိသာသာ မြင့်တက်လာရတော့သည်။

” ရေစက်လေးကြောင့် ဉာဏ်အလင်းပွင့်သွားခဲ့လို့ အခုလို ဖြစ်နေတာပဲ ဖြစ်ရမယ် ”
ဝမ်ပေါင်လဲ့၏ မျက်လုံးများထဲတွင် ပျော်ရွှင်မှု အရိပ်အယောင်များဖြင့် တောက်ပနေ၏။

” ဒီအတိုင်းဆိုရင် သိပ်မကြာခင် ငါက တတိယအဆင့် နတ်ဘုရားရတနာတွေ သန့်စင်ပြီးတော့ ဓမ္မလက်နက်စစ်သည်တစ်ယောက် ဖြစ်လာတော့မှာပဲကွ ”

ဝမ်ပေါင်လဲ့မှာ တံခါးပိတ်ကာ မျှော်လင့်ချက်အပြည့်ဖြင့် ဖန်တီးသန့်စင်ခြင်း လုပ်ငန်းများထဲတွင် စိတ်ကိုနှစ်ထားလိုက်၏။ တစ်လတိတိ ကုန်ဆုံးသွားပြီးနောက် သိုင်းပညာအဆောင် ပြိုင်ပွဲနှင့် ပတ်သက်သည့်အကြောင်းများ ငြိမ်ကျသွားချိန်တွင် ဝမ်ပေါင်လဲ့၏ ဒုတိယအဆင့် အထွတ်အထိပ် ဓမ္မအဆောင် သန့်စင်မှုလုပ်ငန်းကြီးမှာ ပြီးဆုံးသွားတော့သည်။

ဝမ်ပေါင်လဲ့မှာ သူ၏ရှေ့တွင် ချထားသည့် အလင်းတန်းများ ထုတ်လွှတ်နေသော ဓမ္မအဆောင်များကိုကြည့်ရင်း မတ်တတ်ထရပ်ကာ ကျယ်လောင်စွာ အော်ရယ်လိုက်၏။

ယခုတွင် သူသည် ဓမ္မလက်နက်အဆောင်၏ စာရင်းထဲရှိ မည်သည့် ဓမ္မအဆောင်ကိုမဆို တစ်ရာရာခိုင်နှုန်းအထိ အောင်မြင်စွာ သန့်စင်နိုင်စွမ်း ရှိသွားပြီဖြစ်သည်။ သန့်စင်ရန် အခက်ခဲဆုံးသော ဓမ္မအဆောင်များပင်လျှင် သူ့အတွက် စာမဖွဲ့လောက်တော့ပေ။

ဓမ္မလက်နက်အဆောင် တစ်ခုလုံးမှာပင် ထိုကဲ့သို့ သန့်စင်နိုင်သည့် လူအရေအတွက်မှာ မရှိသလောက် နည်းပါး၏။ နတ်ဘုရားရတနာများကို သန့်စင်နိုင်သော ဓမ္မလက်နက်စစ်သည်များထဲတွင်မူ ယခုလို သန့်စင်နိုင်သူမှာ အနည်းငယ်ခန့်သာ ရှိသည်။

” အခု နတ်ဘုရားရတနာတွေကို စမ်းပြီးတော့ သန့်စင်လို့ရပြီလား ”
ဝမ်ပေါင်လဲ့မှာ အသက်အောင့်ကာ တွေးတောလိုက်၏။ သူ၏အမြင်တွင် နတ်ဘုရားရတနာများမှာ မှန်းဆ၍မရနိုင်သော စွမ်းအားအမြောက်အမြားကို ပိုင်ဆိုင်ထားပြီး ဓမ္မအဆောင်များနှင့် လုံးဝမတူပေ။ အကယ်၍ ဓမ္မအဆောင်များကို သံအဖြစ် သတ်မှတ်မည်ဆိုပါက နတ်ဘုရားရတနာများကို သံမဏိအဖြစ် သတ်မှတ်ရမည်ဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset