Switch Mode

အခန်း ( ၁၅၉ )

ဒါက ကျောက်ကပ်များ ဖြစ်နေမလား

ဓမ္မလက်နက်အဆောင်၏ နတ်ဝိဇ္ဇာဂူထဲတွင် ဓမ္မအဆောင်လေးမှာ ချာချာလည်နေပြီး ဝမ်ပေါင်လဲ့၏ အမိန့်အား သူ၏ ဦးနှောက်ဆီသို့ အမှားအယွင်းမရှိ လှမ်းပို့လိုက်၏။ ထို့နောက် တခဏမျှ ကြာမြင့်သော ပေါက်ကွဲမှုကြီးတစ်ခု ထွက်ပေါ်လာပြီး သတိလစ်နေသော ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်အဆီများမှာ သိသိသာသာ ပြိုကွဲလျော့နည်းသွားတော့သည်။

သူ၏ ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်းနှင့် ပြန်လည်သက်သာလာ၏။ သို့သော် ဤ ဖြစ်စဉ်ကြီးမှာ သာမန် ဝိတ်ချသည့် အမြန်နှုန်းများထက် သိသိသာသာ ပို၍ မြန်ဆန်နေသောကြောင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်တစ်ခုလုံး အပြင်းအထန် တုန်ရီသွားရတော့သည်။

အကယ်၍ အခြားလူ တစ်ယောက်ယောက်သာ ထိုမြင်ကွင်းကို မြင်လိုက်ရမည်ဆိုပါက ကြောက်ရွံ့တုန်လှုပ်သွားကြမည်သာ ဖြစ်သည်။ သူတို့မှာ ဝိတ်ကျသွားရန် ကြိုးစားနေသည့် ဤဖက်တီး၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် ရဲစွမ်းသတ္တိတို့ကို လေးစားသွားကြမည်မှာ အမှန်ပင်။

တချိန်တည်းမှာပင် ဝမ်ပေါင်လဲ့ သတိလစ်နေစဉ်အတောအတွင်း အဆင့်မြင့်ကျွန်းပေါ်ရှိ တာအိုအလင်းဆောင်အဆောင်၏ တောင်ထိပ်၌ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်၍ မရသော တားမြစ်နယ်မြေတစ်ခု ရှိနေ၏။

အဝေးမှ ကြည့်လိုက်ပါက ထိုတောင်ထိပ်ပေါ်တွင် ရေကန်တစ်ကန်နှင့်တူသော ချိုင့်ကွက်တစ်ခုကို မြင်ရသည်။ ထိုရေကန်၏ဘေးတွင် သစ်သားအိမ်တစ်လုံး ရှိနေ၏။ ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့အား လက်ညှိုးထိုးခဲ့သည့် ဂိုဏ်းစောင့်အကြီးအကဲကြီးမှာ ထိုနေရာတွင်ထိုင်ကာ ရေမျက်နှာပြင်အား စိုက်ကြည့်နေ၏။

သူကြည့်နေသည့် ရေမျက်နှာပြင်၏ အောက်တွင် ဝမ်ပေါင်လဲ့ ဝင်ပြိုင်ခဲ့သည့် ပြိုင်ပွဲကြီးနှင့် တစ်ထေရာတည်းတူသော သိုင်းပညာအဆောင် ပြိုင်ပွဲကြီးမှာ ရှင်းလင်းစွာ ပေါ်ပေါက်လာ၏။ အမှန်တွင် ၎င်းမှာ ရေအောက်တွင် ကျင်းပနေသည့် ပြိုင်ပွဲကြီးတစ်ခုနှင့်ပင် ဆင်တူနေ၏။

သူ ထိုသို့ကြည့်နေစဉ်တွင် လီဝူချန်းဟု အမည်ရသော ကတုံးပြောင် လူငယ်လေးမှာ ရှံု့မဲ့နေသော မျက်နှာအမူအရာဖြင့် ခပ်လှမ်းလှမ်းမှနေ၍ လျင်မြန်စွာ လျှောက်လှမ်းလာ၏။ သူ၏ အနားသို့ရောက်လာသောအခါ ထိုလူငယ်လေးမှာ အသက်ပြင်းပြင်းရှူကာ စိတ်ကိုတည်ငြိမ်အောင် ထားလိုက်၏။ ထို့နောက် ထိုအကြီးအကဲကြီး၏ ဘေးသို့ လျှောက်လှမ်းလာပြီး ဦးညွှတ်ကာ လေသံတိုးတိုးဖြင့် ဂါရဝပြုလိုက်၏။

” ဆရာ ”

” မင်း ဘယ်လိုခံစားနေရလဲ ”
သူ၏ဆရာဖြစ်သူမှာ နောက်သို့လှည့်မလာသလို ရေမျက်နှာပြင်ပေါ်မှလည်း အကြည့်မခွာဘဲ မေးလိုက်၏။ ထိုအခိုက်အတန့်တွင် သိုင်းပညာအဆောင်ထဲတွင် ကျင်းပနေသည့် ပြိုင်ပွဲကြီးမှာ တောင်ထိပ်တစ်ခုချင်းစီမှ အစွမ်းအထက်ဆုံး ပြိုင်ပွဲဝင်များမှာ မည်သူမည်ဝါဖြစ်ကြောင်း ဆုံးဖြတ်ပေးပြီးသွားပြီ ဖြစ်သည်။ ထို့ကြောင့် ပြိုင်ပွဲကြီး၏ ဒုတိယအဆင့်မှာ စတင်နေပြီဖြစ်သည်။

လီဝူချန်းမှာ သူ့ဆရာ၏ စကားကို ကြားလိုက်ရသောအခါ စိတ်ကိုတည်ငြိမ်အောင် မထားနိုင်တော့သဖြင့် အကြိမ်အနည်းငယ်ခန့် အသက်ပြင်းပြင်းရှူကာ သူ၏ ဒေါသများကို ချုပ်တည်းလိုက်ရ၏။ ထို့နောက် အံကြိတ်ကာ ဖြေလိုက်၏။
” အဲဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က တော်တော်ကို အရှက်မရှိတာပဲဗျ။ ကျနော်က သူ့ကို စမ်းသပ်ချင်ရုံလေးကို သူက ကျနော့်ရဲ့ ပုံရိပ်ယောင်လက်နက်ကို မျိုချလိုက်တဲ့အထိ အောက်တန်းကျနေတဲ့အပြင် တစ်ဝက်ကျော်ကျော်ကိုပါ စုပ်ယူသွားသေးတာ။ ဆရာ.. သူက သားရဲတစ်ကောင် ဘဝကနေ ဒီဘဝကို ရောက်လာတယ်လို့ ကျနော် ထင်တယ် ”
လီဝူချန်းမှာ ပို၍ပင် မကျေမချမ်း ဖြစ်နေတော့သည်။

ထိုအကြီးအကဲကြီးကမူ သူ၏တပည့်စကားကို နားထောင်ရင်း အမူအရာ အနည်းငယ်ခန့် ပြောင်းလဲသွား၏။ ထို့နောက် ဖြစ်ပျက်သွားခဲ့သည့် အရာများကို ပြန်လည်တွေးတောလိုက်ပြီးနောက် ဟက်ဟက်ပက်ပက် ရယ်မောကာ ဒေါသထွက်နေဆဲဖြစ်သော လီဝူချန်းအား လှည့်ကြည့်လိုက်၏။

” ဝူချန်း … ဝမ်ပေါင်လဲ့ကို မင်းရဲ့ ဆရာတူညီလေးအဖြစ် သတ်မှတ်ဖို့ကို ဘယ်လိုသဘောရလဲ ”
ထိုအကြီးအကဲကြီးက ချင့်ချိန်သုံးသပ်လိုက်ပြီးနောက် အရောင်လက်နေသည့် မျက်ဝန်းများဖြင့် မေးလိုက်၏။

” ဗျာ ”
သူ၏ဆရာမှာ ယခုလိုပြောလိမ့်မည်ဟု လီဝူချန်းက လုံးဝမထင်ခဲ့ပေ။ ထို့ကြောင့် သူသည် ကယောင်ချောက်ချား ဖြစ်သွားရတော့သည်။ အကယ်၍ ဝမ်ပေါင်လဲ့မှာ သူ၏ ဆရာတူညီလေး ဖြစ်လာခဲ့မည်ဆိုပါက အနာဂတ်တွင် ဖြတ်သန်းရမည့် နေ့ရက်များမှာ အင်မတန်မှ ဆိုးရွားသွားမည်ဖြစ်ကြောင်း တွေးမိလိုက်သဖြင့် သူသည် စိုးရိမ်သောက ရောက်သွားရတော့သည်။ သို့သော် ယခုကဲ့သို့ အခြေအနေမျိုးတွင် သူ၏ ဆရာကို နားချရန်မှာ မဖြစ်နိုင်ကြောင်း သူကသိထားသောကြောင့် မကျေမချမ်း ဖြစ်နေသည့်အမူအရာဖြင့်သာ ပြန်ဖြေလိုက်၏။

” ဆရာ … ဒီလိုဆုံးဖြတ်ချက်မျိုးချတဲ့ အချိန်ကျရင် သတိကြီးကြီး ထားမှ ဖြစ်မယ်နော်။ နောက်ရောက်မှ ဆရာ နောင်တရမှာ စိုးလို့ပါ ”

ထိုအခါ ထိုအကြီးအကဲကြီးမှာ ခပ်ရေးရေးမျှသာ ပြုံးလိုက်ပြီး နောက်သို့ပြန်လှည့်ကာ ရေမျက်နှာပြင်ကြီးအား တိတ်ဆိတ်ငြိမ်သက်စွာ စိုက်ကြည့်နေလိုက်တော့သည်။ သို့သော် သူ၏ မျက်ဝန်းများရှိ အလင်းရောင်မှာမူ ပို၍ပင် စူးရှတောက်ပလာ၏။ သူ၏ အပြုံးမှာလည်း အချိန်အတော်အတန်ကြာသည်အထိ ပျောက်ကွယ်မသွားခဲ့ပေ။

သူ၏ ဆရာမှာ ဆုံးဖြတ်ချက် ချပြီးသွားသည့်ပုံ ပေါက်နေသောကြောင့် လီဝူချန်းမှာ စိတ်ဓာတ်ကျသွားပြီး သူ၏ ပုံရိပ်ယောင်လက်နက်ကမ္ဘာထဲရှိ ရေစက်များကိုသာ ကြည့်နေလိုက်တော့သည်။ ထိုလက်နက်မှာ ဝမ်ပေါင်လဲ့၏ ပါးစပ်ထဲမှ ပြန်ထွက်လာခဲ့ခြင်းဖြစ်ကြောင်း ရုတ်တရက်ဆိုသလို ပြန်၍ အမှတ်ရသွားသောအခါ သူသည် ဒေါသထောင်းခနဲ ထွက်သွားရပြီး မျက်နှာပျက်ကာ အသက်ပြင်းပြင်း ရှူလိုက်ရ၏။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားကာ သုံးရက်ကြာပြီးနောက် သိုင်းပညာအဆောင်၏ ပြိုင်ပွဲကြီးမှာ ပြီးဆုံးသွား၏။ လုကျစ်ဟောင်မှာ အဆင့်ကောင်းပါသော်လည်း နောက်ဆုံးပြိုင်ပွဲတွင် အာနာပါန ပထမအဆင့်၏ အောင်နိုင်သူ ဖြစ်မလာခဲ့ပေ။ သို့သော် သူသည် အာနာပါန ပထမအဆင့်၏ ထိပ်ဆုံးဆယ်ယောက်ထဲတွင် ပါသွားခဲ့၏။

ထိုဆယ်ယောက်ထဲတွင် ကျိုးရိဖန်က အဆင့်တစ်ဖြစ်၏။

တတိယနေရာတွင်မူ ချန်းကျစ်ဟန်ဖြစ်သည်။ ဒုတိယနေရာတွင်မူ ဝူဟွေ့ဟု အမည်ရသော ကျောင်းသူတစ်ယောက်ဖြစ်သည်။ သူမမှာ သိပ်၍ နာမည်မကြီးပေ။ သို့သော် သူမ ဖိတ်ခေါ်ခဲ့သည် အကူအဖွဲ့ဝင်မှာ ကျောက်ယမုန့်ဖြစ်သည်။ သူမ၏ အကူအညီဖြင့် ဝူဟွေ့မှာ ထောင်ထိပ်ထိ‌ရောက်အောင် တက်လှမ်းနိုင်ခဲ့၏။ ထို့အပြင် ထိုပထမအဆင့် ပြိုင်ပွဲပြီးနောက် ကျောက်ယမုန့် ပေးအပ်ခဲ့သော မန္တန်အစီအရင်ကြောင့် သူမမှာ ပို၍ အစွမ်းထက်သွားခဲ့ပြီး ပြိုင်ပွဲကြီးတစ်ခုလုံး၏ ဖျက်မြင်းတစ်ကောင် ဖြစ်လာခဲ့၏။

ယခုတွင် သိုင်းပညာအဆောင်၏ ပြိုင်ပွဲကြီးမှာ အဆုံးသတ်သွားပြီဖြစ်သည်။ စစ်တပ်မှလူများနှင့် ပြည်ထောင်စုအရာရှိကြီးများ ထွက်ခွာသွားကြပြီးနောက် သိုင်းပညာအဆောင်ရှိ အာနာပါန ပထမအဆင့်မှ ပဉ္စမအဆင့်ရှိ ထိပ်ဆုံးပြိုင်ပွဲဝင် ဆယ်ယောက်စီမှာ အဆင့်မြင့်ကျွန်းပေါ်တွင် ချက်ချင်းပင် နာမည်ကျော်ကြားလာကြပြီး လူအများ၏ အာရုံကို ဖမ်းစားလိုက်ကြတော့သည်။

ပြီးခဲ့သောနှစ်များတုန်းက ပြိုင်ပွဲကြီးပြီးဆုံးသွားသည့်အချိန်တွင် အခြားအဆောင်များမှ အကူအဖွဲ့ဝင်များမှာ လူအများ၏ စကားဝိုင်းများထဲတွင် ပါလေ့ရှိကြပါသော်လည်း ပြိုင်ပွဲကြီးတွင် အနိုင်ရရှိခဲ့သည့် လူများလောက် ကျော်ကြားမှုမရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော ၎င်းမှာ သိုင်းပညာအဆောင်၏ ပြိုင်ပွဲဖြစ်နေသည် မဟုတ်ပါလော။

သို့သော် ယခုအကြိမ်တွင်မူ ယခင်ကနှင့် မတူတော့ပေ။ အဘယ်ကြောင့်ဆိုသော ဝမ်ပေါင်လဲ့ပေါ်ပေါက်လာခဲ့သောကြောင့် ဖြစ်သည်။ မီးရှူးမီးပန်းများ အသုံးပြုကာ ကြော်ငြာခဲ့သည့် ဓမ္မအဆောင်များ ဖြစ်စေ၊ လီဝူချန်းနှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲကြီးပင်ဖြစ်စေ၊ သို့မဟုတ် ရေစက်များကို မျိုချကာ ဧရာမ ဖက်တီးတစ်ယောက် ဖြစ်သွားခဲ့ပြီးနောက် ဖောက်ထွက်နိုင်ခဲ့ခြင်းပင်ဖြစ်စေ၊ ထိုအခြင်းအရာအားလုံးမှာ လူအများ၏ နှုတ်ဖျားတွင် ရက်ပေါင်းများစွာတိုင်အောင် ကျန်ရစ်နေခဲ့၏။

ထို့ကြောင့် သူ၏အမည်ကို ခေါ်‌ဆိုနေကြသည့် အကြိမ်အရေအတွက်မှာ သိုင်းပညာအဆောင်မှ လူရည်ချွန်များထက်ပင် တဖြည်းဖြည်းနှင့် ပို၍များလာသဖြင့် သူသည် နာမည်ကျော်ကြားနေတော့သည်။ ပြိုင်ပွဲကြီးကို အနိုင်ရရှိခဲ့သည့် ကျောင်းသားများပင်လျှင် ဝမ်ပေါင်လဲ့၏ လုပ်ရပ်များကို ကြားသိသွားကြသောအခါ ဆွံ့အသွားကြ၏။

သို့သော် လက်ရှိအချိန်တွင်မူ ဝမ်ပေါင်လဲ့မှာ သူ၏ နတ်ဝိဇ္ဇာဂူထဲတွင် မလှုပ်မယှက် လဲလျောင်းကာ သတိမေ့မြောနေဆဲပင်။ သူ၏ ခန္ဓာကိုယ်မှာ ရံဖန်ရံခါ ဆတ်ခနဲ တုန်ရီနေ၏။ တချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်မှာ သိသိသာသာ ပိန်ကျသွားပြီး သူ ပြန်ရောက်လာခဲ့သည့် အချိန်တုန်းကလောက် ကြီးမားနေခြင်း မရှိတော့ဘဲ သူ၏ နဂိုမူလအရွယ်အစားသို့ တဖြည်းဖြည်းနှင့် ပြန်ရောက်သွား၏။

နှစ်ရက်တိတိကုန်ဆုံးသွားပြီး အရုဏ်တက်အချိန်သို့ ရောက်ရှိလာသောအခါမှသာ ထိုနေရာတွင် လဲလျောင်းနေဆဲဖြစ်သော ဝမ်ပေါင်လဲ့မှာ ဆတ်ခနဲတုန်ရီသွားပြီး သတိပြန်လည်လာ၏။ သူသည် ရီဝေဝေ ဖြစ်နေသည့် အမူအရာဖြင့် မျက်လုံးများ တဖြည်းဖြည်းနှင့် ပွင့်လာ၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ အသိစိတ် ပြန်ဝင်လာပြီး ရုတ်တရက် မတ်တတ်ထရပ်ကာ အသက်ပြင်းပြင်း ရှူလိုက်ပြီး ခေါင်းငုံ့၍ သူ၏ ခန္ဓာကိုယ်အား ကြည့်ရှုစစ်ဆေးလိုက်၏။

သူ၏ ဗိုက်မှာ အရွယ်အစားအများကြီး သေးငယ်သွားပြီဖြစ်ပြီး သူ၏ ခန္ဓာကိုယ်မှာ အကောင်းပတိအတိုင်း ပြန်ဖြစ်သွားပြီဖြစ်ကြောင်း သိလိုက်ရသောအခါ အလွန် စိတ်လှုပ်ရှားသွားပြီး ချက်ချင်းပင် မှန်တစ်ချပ်ကို ထုတ်ယူကာ သူ၏ တစ်ကိုယ်လုံးကို ကြည့်ရှုစစ်ဆေးလိုက်၏။ ထို့နောက် မှန်ထဲရှိ သူ မြင်ဖူးနေကျ မျက်နှာလေးကို မြင်လိုက်ရသောအခါ အသံအကျယ်ကြီးဖြင့် အော်ရယ်လိုက်တော့သည်။

” အောင်မြင်သွားပြီဟေ့။ ပိန်အောင် လုပ်ရတာ ငါ့အတွက် လွယ်လွန်းပါတယ်ကွ ”
ဝမ်ပေါင်လဲ့မှာ အရူးတစ်ယောက်လို ရယ်မောကာ မတ်တတ်ထရပ်လိုက်ပြီး မှန်ရှေ့တွင် သူ၏ခန္ဓာကိုယ်အား အဆက်မပြတ် လှည့်ကာ ကြည့်ရှုရင်း ပို၍ပင် စိတ်လှုပ်ရှားလာတော့သည်။

” ငါက ဒီလို ပိန်သွယ်သွယ်လေးနဲ့ ရုပ်ရည်ချောမောနေတုန်းပဲကွ ”
ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ကျေနပ်သွားပြီး စိတ်ဓာတ်များ တက်ကြွနေသောကြောင့် လက်မြှောက်ကာ သူ၏ဗိုက်ကို ရိုက်လိုက်၏။ ထို့နောက် သက်ပြင်းချရန် ပြင်လိုက်စဉ်မှာပင် သူသည် မှင်တက်သွားရပြီး သံသယစိတ်များဖြင့် ချက်ချင်းပင် အောက်သို့ ငုံ့ကြည့်မိလိုက်၏။

” ဘာလို့ တစ်ခုခုကို ရိုက်မိလိုက်သလို ခံစားနေရတာလဲ ”
ဝမ်ပေါင်လဲ့မှာ လက်ဖြင့် သေသေချာချာ စမ်းကြည့်လိုက်ပြီးနောက် သူ၏ မျက်နှာအမူအရာမှာ အရုပ်ဆိုးသွားရတော့သည်။

” ဒီ လုံးလုံး လုံးလုံးနဲ့က ဘာကြီးလဲဟ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးများ ပြူးကျယ်သွားသလို အသက်ရှူသံများပင် ရပ်တန့်သွားတော့သည်။ ထို့နောက် သူ သတိမလစ်ခင်က သူ၏ ဦးနှောက်ဆီသို့ ပေးပို့လိုက်သော အမိန့်ကို ချက်ချင်းပင် ပြန်၍ သတိရသွားတော့သည်။

” မဖြစ်နိုင်တာ… ”
ဝမ်ပေါင်လဲ့မှာ ထူပူသွားပြီး ကြောက်စိတ်များကြောင့် မျက်နှာများ ဖြူဆုတ်သွား၏။ ထို့နောက် ချက်ချင်းပင် ကြည့်ရှုစစ်ဆေးလိုက်ပြီးမှ စိတ်အေးသွားရပြီး သက်ပြင်းချနိုင်သွား၏။ သို့သော် သူသည် အချိန်အတော်အတန်ကြာအောင် မှင်တက်နေရဆဲပင်။

ယခုတွင် သူ၏ ဝမ်းဗိုက်အလယ်ရှိ ဝါးမျိုခြင်းသစ်စေ့၏ ထိပ်နားတွင် လက်သီးဆုပ်အရွယ် သလင်းကျောက်လေးတစ်လုံး ရှိနေ၏။ ၎င်းမှာ ဝိညာဉ်ကျောက်တုံးတစ်တုံးနှင့် တူပါသော်လည်း ၎င်း၏အရောင်မှာ သွေးစက်များကဲ့သို့ ရဲရဲနီနေ၏။ ၎င်း၏ အတွင်းပိုင်းထဲတွင် အံ့ဩဖွယ်ရာ ဝိညာဉ်ချီများ ကိန်းအောင်းနေသည့်ပုံပင်။ ဝမ်ပေါင်လဲ့မှာ ၎င်းအား အနည်းငယ်ခန့် အာရုံခံမိလိုက်ပြီးနောက် ချက်ချင်းပင် အသက်ပြင်းပြင်းရှူလိုက်၏။ သူ၏ ဝမ်းတွင်း အသိစိတ်အရဆိုလျှင် ထိုသလင်းကျောက်လေးမှာ ဗုံးတစ်လုံးနှင့် တူနေသည်။

ထို သလင်းကျောက်လေး ပေါက်ကွဲသွားသည်နှင့် ထွက်ပေါ်လာမည့် တစ်ပြိုင်နက် ဝိညာဉ်ချီ ပမာဏ အမြောက်အမြားကြောင့် သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် ပေါက်ကွဲသွားမည် ဖြစ်သည်။

” ဘာကြီးလဲဟ။ ထူထဲသိပ်သည်းတဲ့ ဝိညာဉ်ချီ‌တွေကနေ ပေါ်လာတဲ့ ကျောက်ကပ်များ ဖြစ်နေမလား ”
ဝမ်ပေါင်လဲ့မှာ အလွန် စိုးထိတ်နေပြီး ၎င်းအား သေသေချာချာ ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် အံ့အားသင့်သွားရ၏။

သူ၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်အဆီ ကိုးဆယ်ရာခိုင်နှုန်းခန့်မှာ ပျောက်ကွယ်သွားပြီဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အနည်းငယ်ခန့် မြင့်တက်လာပါသော်လည်း ထိုခံစားချက်များမှာ သိသာမှု မရှိပေ။ သူ သတိမလစ်ခင် သူ၏ ဦးနှောက်ဆီသို့ ပေးပို့ခဲ့သော အမိန့်နှင့် ဆက်စပ်၍ တွေးတောကြည့်လိုက်သောအခါ ထို သလင်းကျောက်၏ မူလဇာတ်မြစ်မှာ အထင်အရှား ပေါ်လာတော့သည်။

” ငါက ကိုယ်ဝန်ရှိနေတယ်ဆိုပြီး ငါ့ရဲ့ဦးနှောက်ကို လှည့်စားလိုက်လို့ ပြိုကွဲသွားတဲ့ ဝိညာဉ်အဆီတွေကနေ ထုတ်လွှတ်လိုက်တဲ့ ဝိညာဉ်ချီတွေက စုပေါင်းသွားပြီးတော့ ဒီသလင်းကျောက်လေးကို ဖန်တီးပေးလိုက်တာပဲ ဖြစ်ရမယ် ”
ဝမ်ပေါင်လဲ့မှာ မယုံနိုင်လောက်အောင် ဖြစ်နေသည့် အမူအရာဖြင့် ရေရွတ်လိုက်ပြီး အချိန်အတော်အတန်ကြာအောင် ရှုံ့မဲ့မဲ့ ပြုံးနေလိုက်တော့သည်။

ကံကောင်းသည်မှာ ဝိညာဉ်ချီများ၏ ဝိညာဥ်သွေးကြောများမှာ ဝိညာဉ်အမျှင်အတန်းများ မဟုတ်တော့ကြောင်း ယခင်က သူ ကြိုသိထားခဲ့ခြင်းပင်။ ၎င်းမှာ မရေမတွက်နိုင်လောက်အောင် များပြားသော အမျှင်အတန်းလေးများ စုပေါင်းကာ စမ်းချောင်းလေးတစ်ခုအသွင် ပြောင်းလဲသွားပြီး သူ၏ ဝိညာဥ်သွေးကြောများတစ်လျှောက် စီးဆင်းကာ သူ၏ ခန္ဓာကိုယ်အား ယခင်ကထက် များစွာပို၍ သန်မာလာအောင် ကူညီပေးလိုက်သည့် ပုံပင်။

” အာနာပါနအဆင့်ရဲ့ ဒုတိယအဆင့်ကို ရောက်ပြီကွ ”
သူ၏ ခန္ဓာကိုယ် ပုံစံပြောင်းလဲသွားပြီးနောက် သူ၏ကျင့်ကြံခြင်းအဆင့်ကို အာရုံခံမိလိုက်သဖြင့် ဝမ်ပေါင်လဲ့မှာ ပျော်ရွှင်ကျေနပ်လာတော့သည်။ သူသည် တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ထိုကျောက်တုံးလေးမှာ အင်မတန်မှ အစွမ်းထက်ရမည်ဖြစ်ကြောင်း ခန့်မှန်းလိုက်၏။ အကယ်၍ သူသည် ၎င်းအား တဖြည်းဖြည်းချင်း စုပ်ယူလိုက်မည်ဆိုပါက ဆေးလုံးများ မှီဝဲခြင်းနှင့် ဆင်နေမည်ဖြစ်ပြီး သူ၏ကျင့်ကြံခြင်းနှင့် သန့်စင်ခြင်းလုပ်ငန်းများကို တိုးတက်လာအောင် ကူညီပေးနိုင်မည် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောကာ စိတ်လှုပ်ရှားသွားပြီး ချက်ချင်းပင် စမ်းသပ်ကြည့်လိုက်၏။ သူ၏ ကျင့်ကြံခြင်းကို လည်ပတ်စေလိုက်ပြီး ဝိညာဉ်စမ်းချောင်းလေးမှာ သူ၏ ဝိညာဥ်သွေးကြောများထဲတွင် စီးဆင်းသွားသောအခါ ထို အနီရောင်ကျောက်တုံးလေးထဲမှ အမှန်တကယ်ပင် ဝိညာဉ်စွမ်းအင်များ ပေါ်ထွက်လာတော့သည်။ ထိုစွမ်းအင်များကို ဝိညာဉ်စမ်းချောင်း ကွန်ယက်ပေါင်းများစွာက စုပ်ယူလိုက်သောအခါ ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် စိတ်လှုပ်ရှားလာရတော့သည်။

” ဒါ ရေစက်ပဲ ”
ဝမ်ပေါင်လဲ့မှာ ကျေနပ်အားရစွာ အော်ဟစ်ရယ်မောလိုက်၏။ သူသည် အမှန်တကယ်ပင် အာနာပါန ဒုတိယအဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း သိလိုက်ရပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ချီများကို စိတ်လှုပ်တရှား ထိန်းချုပ်လိုက်ပြီး ကောင်းကင်တိမ်လွှာပညာရပ်ထဲတွင် မှတ်တမ်းတင်ထားသော မန္တန်များအတိုင်း သူ၏ လက်ဖဝါးနှစ်ဖက်ပေါ်တွင် စုဝေးသွားအောင် ပြုလုပ်လိုက်၏။ ထို့နောက် သူ၏လက်ကိုမြှောက်၍ လက်သီးဆုပ်လိုက်သောအခါ အုန်းခနဲ အသံတစ်သံ မြည်ဟည်းသွားပြီး လက်သီးဆုပ် အရွယ်အစားရှိသော မီးလုံးလေးတစ်လုံး ချက်ချင်းပင် ထွက်ပေါ်လာ၏။

” တကယ်ကို လက်ဖွဲ့အဆောင်တွေကို အားကိုးနေစရာ မလိုတော့ဘူးပဲ ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်လက်သွားပြီး သူ၏ လက်ကိုဝှေ့ယမ်းကာ ထိုမီးလုံးလေးကို ငြှိမ်းသတ်လိုက်၏။ ထို့နောက် နောက်ထပ်တစ်ကြိမ်ထပ်၍ စမ်းကြည့်လိုက်သောအခါ အသေးစား လေဓာတ်လေးများ ချက်ချင်းပင်ပေါ်ပေါက်လာ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားသွားရပြီး ထပ်ခါတလဲလဲ စမ်းကြည့်နေတော့သည်။ သို့သော် သူ၏ ဝိညာဥ်သွေးကြောများထဲမှ ဝိညာဉ်ချီများမှာ လျင်မြန်စွာ ကုန်ခန်းသွားသောကြောင့် သူသည် ဆက်လက် မတောင့်ခံနိုင်တော့ပေ။

ထိုအခါ ဝမ်ပေါင်လဲ့မှာ သူ၏ စမ်းသပ်မှုများကို ချက်ချင်းပင် ရပ်တန့်လိုက်၏။ ထို့နောက် အချိန်အနည်းငယ်ခန့် တရားထိုင်‌လိုက်ပြီးနောက် သူ၏ ဝိညာဥ်သွေးကြောများထဲရှိ ဝိညာဉ်ချီများမှာ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သိလိုက်ရ၏။ ထို့ကြောင့် သူသည် စိတ်လှုပ်ရှားမှုများကို မချုပ်တည်းနိုင်တော့ဘဲ မျက်လုံးများ ပြန်ပွင့်လာတော့သည်။

Comment

  1. ဦးဝိေကာ လသ says:

    Good

Leave a Reply

Options

not work with dark mode
Reset