Switch Mode

အခန်း ( ၁၅၈ )

ငါ... ငါ ဗိုက်ကြီးနေတာ

ဂိုဏ်းစောင့်အကြီးအကဲကြီး ထိုကဲ့သို့ လက်ညှိုးထိုးလိုက်ပြီးနောက် မြူခိုးများဖြင့် ဖန်တီးထားသည်ဟု ထင်ရသော်လည်း အလင်းရောင်၏ ဝိသေသလက္ခဏာများကိုပါ ပိုင်ဆိုင်ထားသည့် အပြာရောင်အလင်းတန်းတစ်တန်း သူ၏လက်ညှိုးထဲမှ ထိုးထွက်လာ၏။

ထို အလင်းတန်းမှာ အလွန်အင်မတန် မြန်ဆန်ပြီး ကမ္ဘာကြီးကို ထိုးခွင်းသွား၏။ စစ်မြေပြင်ထဲသို့ ရောက်ရှိလာသည့်တိုင်အောင် အဆင့်မြင့်ကျွန်းပေါ်ရှိ လူတိုင်းသာမက ပြိုင်ပွဲထဲရှိ ကျောင်းသားများပါ ထို အလင်းတန်းကို သတိမထားမိကြပေ။ စင်မြင့်များထဲရှိ လူများထဲမှာပင် ထို အလင်းတန်းကို သတိထားမိလိုက်သည့်လူမှာ နှစ်ယောက်သာ ရှိသည်။

တစ်‌ယောက်မှာ စစ်တပ်၏ ထိပ်သီးအကြီးအကဲများထဲမှ တစ်ယောက်ဖြစ်ပြီး အံ့သြဖွယ်ကောင်းသော ကျင့်ကြံခြင်းအဆင့်တစ်ခုကို ပိုင်ဆိုင်ထားသည့် ဗိုလ်ချုပ်ကြီးကျိုးပင် ဖြစ်သည်။

အခြားတစ်ယောက်မှာ ကောင်းကင်တာအိုကျောင်းမှ အနီရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းလူကြီးပင် ဖြစ်သည်။ သူသည် ကောင်းကင်တာအိုကျောင်း၏ လက်ထောက်ဂိုဏ်းချုပ်များထဲမှ တစ်ယောက်ဖြစ်သောကြောင့် အဆင့်မြင့်သော ကျင့်ကြံခြင်းအဆင့်တစ်ခုကို ပိုင်ဆိုင်ထားသည်။

သိုင်းပညာအဆောင်၏ တိုက်ခိုက်ရေးကွင်း တစ်ခုလုံးထဲတွင် သူတို့နှစ်ယောက်သာ ထို ဖျတ်ခနဲ ရောက်ရှိလာသော အပြာရောင်အလင်းတန်းလေးကို သတိထားမိလိုက်ကြ၏။ သူတို့နှစ်ယောက်ပင်လျှင် ထို အပြာရောင်အလင်းတန်းလေးကို ခပ်ရေးရေးမျှသာ အာရုံခံမိလိုက်သည်ဖြစ်ပြီး သူတို့၏ အမူအရာများမှာ ချက်ချင်းပင်ပြောင်းလဲသွား၏။ သူတို့မှာ ရုတ်တရက် ခေါင်းမော့လာကြပြီး မြေပြင်အထက်ရှိ ဟင်းလင်းပြင်ကို ကြည့်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်ကြသည်။

အဘယ့်ကြောင့်ဆိုသော် ထို အပြာရောင်အလင်းတန်းလေးမှာ ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာနေသောကြောင့်ဖြစ်သည်။

ထို အပြာရောင်အလင်းတန်းလေးမှာ ချက်ချင်းဆိုသလိုပင် ဝမ်ပေါင်လဲ့၏ ခန္ဒာကိုယ်ပေါ်သို့ မည်သူမှ သတိမထားမိလိုက်ဘဲ ရောက်ရှိသွား၏။ ထိုအလင်းတန်းလေးမှာ သူ၏ ခန္ဓာကိုယ်နှင့် တစ်သားတည်း ပေါင်းစည်းသွားပြီးနောက် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ ရုတ်တရက်ဆိုသလို တဆတ်ဆတ် တုန်ရီသွား၏။ သူ၏ ဝါးမျိုခြင်းသစ်စေ့မှာ ထို အန္တရာယ်ကို အာရုံခံမိ လိုက်သည့်အလား အလိုလို အသွင်ပြောင်းလဲသွားပြီး ရှစ်လက်မ ဝိညာဉ်အမြစ်အဖြစ်သို့ ရောက်ရှိသွား၏။ ထို့နောက် သူ၏ ဝိညာဉ်သွေးကြောအားလုံးမှာလည်း ပိတ်ဆို့သွားတော့သည်။

ထိုအပြာရောင်အလင်းတန်းလေးမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်နှင့် တစ်သားတည်း ပေါင်းစည်းသွားပြီးနောက် သူ၏ ခန္ဓာကိုယ်အနှံ့အပြားသို့ လည်ပတ်သွားပြီး ၎င်းအား အကဲခတ် စစ်ဆေးလိုက်၏။ သို့သော် မည်သည့် ချို့ယွင်းချက်ကိုမှ ရှာမတွေ့ခဲ့ပေ။ ၎င်းမှာ ဝမ်ပေါင်လဲ့ ဝိညာဉ်သွေးဆီမှ စုပ်ယူခဲ့သော ဝိညာဉ်ချီများကို ယူဆောင်သွားခြင်းမရှိဘဲ ရေစက်လေးဆီသို့ တည့်မတ်စွာ ဦးတည်သွားလိုက်ပြီး ၎င်း၏အနားသို့ ရောက်လာသောအခါ အနည်းငယ် တုန်ရီသွား၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် မျက်လုံးပြူးသွားရပြီး သူ၏ အစာအိမ်မှာ ဗလောင်ဆူလာရတော့သည်။ ထို့နောက် သူ၏ ပါးစပ်ထဲမှ အသံကျယ်ကြီးတစ်သံ ပေါ်ထွက်လာပြီး သူ မျိုချခဲ့သော ပုံရိပ်ယောင်လက်နက်ကို ပြန်၍ထွေးထုတ်လိုက်ရတော့သည်။

ထိုရေစက်လေးမှာ ကတုံးပြောင်လူငယ်လေးဆီသို့ တည့်မတ်စွာ ဦးတည်သွားလိုက်ပြီး သူ၏ နဖူးထဲသို့ ဝင်သွား၏။ ကတုံးပြောင်လူငယ်လေးမှာ ထို ရေစက်လေးပေါ်တွင် ရှိနေသော ဝမ်ပေါင်လဲ့၏ သွားရည်များနှင့် သလိပ်များကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ၎င်းအား သူ၏ ခန္ဓာကိုယ်နှင့် တစ်သားတည်းပေါင်းစည်းခွင့် ပေးလိုက်၏။

ထိုအဖြစ်အပျက်များကို ဖော်ပြရသည်မှာ အချိန်ကြာမြင့်ပါသော်လည်း လက်တွေ့တွင် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

ထိုအခါမှသာ အပြာရောင်အလင်းတန်းလေးမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားပြီး ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

” ဘာဖြစ်သွားတာလဲဟ ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးပြူးကြီးများဖြင့် ရေရွတ်လိုက်၏။ ယခုတွင် သူ၏ ခန္ဓာကိုယ်မှာ ဧရာမ အသားလုံးကြီးတစ်လုံးနှင့် တူနေပြီဖြစ်သည်။ သူသည် သူ၏ ဝမ်းဗိုက်ကို တို့ထိချင်ပါသော်လည်း သူ၏ လက်များမှာ အလှမ်း မမီနိုင်ဘဲဖြစ်နေရသဖြင့် သူ စိတ်မကောင်းဖြစ်ကာ ဒေါသထွက်နေတော့သည်။ ကတုံးပြောင်လူငယ်လေးက ရေစက်လေးအား ပြန်ယူသွားသည်ကို မြင်လိုက်ရသောအခါ သူသည် အမျက်ချောင်းချောင်း ထွက်သွား၏။

” ဒါ ဓားပြတိုက်တာပဲကွ။ ငါ စားပြီးသားကို မင်းက ပြန်ယူသွားတာပဲ။ အဲ့ပေါ်မှာ ငါ့ရဲ့ တံတွေးတွေတောင် ရှိနေသေးတာကို။ မင်းက တော်တော်ကို ရွံဖို့ကောင်းတဲ့ ကောင်ပဲကွ ”

ကတုံးပြောင်လူငယ်လေးမှာလည်း ဇဝေဇဝါ ဖြစ်နေရပါသော်လည်း ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုကို အမှတ်ရသွား၏။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့၏ အော်ဟစ်သံများကို ဂရုမစိုက်ဘဲ သူ၏ ပုံရိပ်ယောင်လက်နက်ကို ချက်ချင်းထုတ်ယူကာ စစ်ဆေးကြည့်လိုက်၏။ ၎င်း၏ အခြေအနေအား မြင်လိုက်ရပြီးနောက် သူသည် ချက်ချင်းဆိုသလိုပင် မျက်လုံးပြူးသွားရတော့သည်။

” ဝမ်ပေါင်လဲ့။ မင်းရဲ့ အစာခြေနိုင်စွမ်းက ဘယ်လိုမျိုးကြီးလဲကွ။ ဒီလောက် အချိန်တိုလေးအတွင်းမှာ ငါ့ရဲ့ ပုံရိပ်ယောင်လက်နက်က ဘယ်လိုလုပ်ပြီး ဒီလောက်အထိ အားနည်းသွားရတာလဲ ”
ကတုံးပြောင်လူငယ်လေးမှာလည်း ဝမ်းနည်းပက်လက် ဖြစ်သွားရပြီး ခေါင်းမော့၍ ဝမ်ပေါင်လဲ့အား ဒေါသတကြီး စိုက်ကြည့်လိုက်၏။

ရေစက်လေးအား စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် ၎င်းမှာ ယခင်ကလောက် ဝင်းလက်တောက်ပြောင်နေခြင်း မရှိတော့ကြောင်း သူက မြင်လိုက်ရသည်။

ယခုတွင် ၎င်းမှာ အရောင်များ မှိန်နေပြီး တိုက်စားခံထားရသည့်အလား အခေါင်းပေါက်များနှင့် ပြည့်နှက်နေပြီ ဖြစ်သည်။ သူသည် ထို ပုံရိပ်ယောင်လက်နက်အား ပြန်လည်ထိန်းချုပ်နိုင်စွမ်း ရှိသွားပြီးနောက် ရေစက်လေးထဲရှိ ကမ္ဗည်းစာလုံးအားလုံးကို ချက်ချင်းပင်ဖယ်ရှားလိုက်ပါသော်လည်း ၎င်းမှာ ဆိုးဆိုးရွားရွား ပျက်စီးသွားသည့်ပုံ ပေါက်နေဆဲပင်။

ဝမ်ပေါင်လဲ့မှာ ကတုံးပြောင်လူငယ်လေးအား ဒေါသတကြီး စိုက်ကြည့်နေစဉ် သူ၏ လက်ထဲရှိ ရေစက်လေး၏ သနားစဖွယ် အနေအထားကိုလည်း သတိထားမိလိုက်၏။ ထို ရေစက်လေးအား ပြန်ယူသွားပါသော်လည်း ၎င်းမှာ သူ၏ အပြည့်အဝစုပ်ယူခြင်းကို ခံခဲ့ရသည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သိလိုက်ရသဖြင့် မျက်တောင်တဖျတ်ဖျတ် ခပ်နေတော့သည်။

” ပြီးတော့ ငါ့ရဲ့ ဝါးမျိုခြင်းသစ်စေ့ကတောင် အဲဒီ ရေစက်လေးကို ရွံနေခဲ့တာလေ။ ဒီတော့ ဘယ်လောက်များ တန်ဖိုးရှိနိုင်မှာလဲကွာ ”
ဝမ်ပေါင်လဲ့မှာ ပို၍ပင် ကျေနပ်အားရသွားပြီး ရယ်မောလိုက်၏။ ထို့နောက် သူ၏ အကျင့်အတိုင်း သူ၏လက်နှစ်ဖက်ကို နောက်ပစ်ရန် ကြိုးပမ်းလိုက်ပါသော်လည်း ၎င်းတို့မှာ အလှမ်း မမီသေးကြောင်း သိလိုက်ရ၏။

” ဝမ်ပေါင်လဲ့။ ဒီကိစ္စကို ငါ မှတ်ထားတယ်။ မင်းလည်း ငါ့နာမည်ကို မှတ်ထားပေါ့။ ငါ့နာမည်က လီဝူချန်းပဲ ”
ကတုံးပြောင်လူငယ်လေးမှာ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ ဒေါသစိတ်များကို ခက်ခက်ခဲခဲနှင့် ချုပ်တည်းလိုက်၏။ ထို့နောက် ဝမ်ပေါင်လဲ့အား မျက်မုန်းကျိုးစွာ စိုက်ကြည့်ကာ နောက်သို့လှည့်၍ ထွက်ခွာသွားတော့သည်။

သူ၏ဘေးတွင်ရှိနေသော ခရမ်းရောင်ချပ်ဝတ်တန်ဆာနှင့် ကျင့်ကြံသူကြီးမှာလည်း ထိုအဖြစ်အပျက်အားလုံးကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရ၏။ သူသည် ထို ကတုံးပြောင်လူငယ်လေးနောက်သို့လိုက်ကာ ထွက်ခွာသွားပါသော်လည်း ကြောက်ရွံ့တုန်လှုပ်နေသည့် အတွေးများဖြင့် ဝမ်ပေါင်လဲ့အား အကြိမ်အနည်းငယ်ခန့် လှည့်၍ ကြည့်မိနေတော့သည်။ ဤတိုက်ပွဲထဲတွင် ဝမ်ပေါင်လဲ့မှာ သူ့အား အံ့ဩမှင်တက်ကာ အထင်ကြီးသွားအောင် စွမ်းဆောင်နိုင်ခဲ့၏။

” တိုက်ပွဲပြီးမှများ ဘာလို့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်တာလဲဟ။ ကြောင်တောင်တောင်နဲ့ ”
ဝမ်ပေါင်လဲ့မှာ တတွတ်တွတ် ရေရွတ်ကာ ကတုံးပြောင်လူငယ်လေး၏ နောက်ကျောအား လှမ်း၍ ကြည့်လိုက်၏။ သူသည် ထို ကတုံးပြောင်လူငယ်လေး၏ အပြုအမူများကသာမက သူ၏ နာမည်ကပါ ရူးကြောင်ကြောင် ဖြစ်နေသည်ဟု မှတ်ယူလိုက်၏။ သူ၏ စိတ်ထဲတွင် ထို ကတုံးပြောင်လူငယ်လေးအား နာမည်ကောင်းတစ်ခုအား သိအောင်ပြောပြရန် လိုအပ်ကြောင်း တွေးမိလိုက်၏။

” အရူးလေးလီရေ … ငါ့နာမည်ကိုလည်း မှတ်ထားလိုက်။ ဝမ်ပေါင်လဲ့တဲ့ကွ ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်မိပြီနောက် ချက်ချင်းပင်အော်ပြောလိုက်၏။

ကတုံးပြောင်လူငယ်လေးမှာ ဝမ်ပေါင်လဲ့၏ အော်ဟစ်သံများကို ကြားလိုက်ရပြီးနောက် ဒယိမ်းဒယိုင် ဖြစ်သွားပြီး နောက်ထပ်တစ်ကြိမ်ထပ်၍ အမျက်ချောင်းချောင်း ထွက်လာရပြန်သည်။ ထို့နောက် သူသည် အချိန်အနည်းငယ်ခန့် ကြာပြီးမှ သူ၏ ဒေါသများကို ပြန်လည်ချုပ်တည်းလိုက်ပြီး နောက်သို့လှည့်မကြည့်တော့ဘဲ ခပ်သုတ်သုတ် ထွက်ခွာသွားတော့သည်။

ဝမ်ပေါင်လဲ့မှာမူ လီဝူချန်း ထွက်ခွာသွားသည်ကိုကြည့်ရင်း လေတချွန်ချွန်နှင့် ကျန်ရစ်ခဲ့၏။ သို့သော် ခေါင်းငုံ့၍ သူ၏ဗိုက်ကို ပြန်ကြည့်မိလိုက်သောအခါတွင်မူ စိတ်ညစ်သွားရပြန်သည်။ သူ၏ သွယ်လျသော ခန္ဓာကိုယ်လေးနှင့် ချောမောလှပသော မျက်နှာလေး မရှိတော့‌သည်ကို တွေးတောရင်း ဝမ်ပေါင်လဲ့မှာ ရူးသွပ်လုမတတ် ဖြစ်သွားရတော့သည်။

လုကျစ်ဟောင်၏ မျက်နှအမူအရာမှာ အထူးတဆန်းဖြစ်နေပြီး သူသည် မရယ်မိအောင် သူ့ကိုယ်သူ ထိန်းထားရ၏။ သူသည် ဝမ်ပေါင်လဲ့နားသို့ မချဉ်းကပ်ရဲဘဲ သူ၏ အံ့ဩဖွယ်ကောင်းသော ခန္ဓာကိုယ်ကြီးအား အဝေးမှနေ၍သာ လှမ်း၍ ကြည့်နေတော့သည်။ သူသည် ဝမ်ပေါင်လဲ့အား လှောင်ပြောင်ချင်ပါသော်လည်း သူ့အား အပြစ်လုပ်မိ၍ မဖြစ်ကြောင်း အလိုလို တွေးမိသွား၏။ ထိုသို့သာ မဟုတ်ပါက သူသည် ” သား ” ဟု အခေါ်ခံလိုက်ရမည် မဟုတ်ပါလား။

ထို့ကြောင့် သူက လေသံတိုးတိုးဖြင့် မေးလိုက်၏။
” အစ်ကိုဝမ်။ ကျနော်တို့ ဘာဆက်လုပ်ကြမလဲ ”

သူသည် ဝမ်ပေါင်လဲ့အား ” အစ်ကို ” ဟု တရိုတသေ ခေါ်လိုက်ပါသော်လည်း သူ၏ ကိုယ်ကျင့်တရားများကို ဖောက်ဖျက်ရာမကျဟု မှတ်ယူထား၏။ သူသည် အလျှော့ပေးလိုက်ရသည်ဟု လုံးဝမတွေးဘဲ သူ၏ အတန်းဖော်တစ်‌ယောက်ကို ဂရုစိုက်နေခြင်းသာ ဖြစ်သည်ဟု ယုံကြည်ထား၏။

” ငါက ဘယ်လိုလုပ်ပြီးသိမှာလဲ ”
ဝမ်ပေါင်လဲ့မှာ ဝမ်းနည်းပက်လက်ဖြင့် ပြန်ဖြေလိုက်သည်။ တောင်ထိပ်သို့ သွားနိုင်သည့်လမ်းမှာ ပွင့်သွားပြီဖြစ်ပါသော်လည်း သူ၏ ခန္ဓာကိုယ်အား မြင်လိုက်ရပြီးနောက် သူသည် ရှေ့ဆက်သွားလိုစိတ် မရှိတော့ပေ။ ထို့ကြောင့် သူသည် နောက်သို့လှည့်ကာ ထွက်ခွာသွားရန်ပြင်လိုက်၏။ သူသည် လုကျစ်ဟောင်ဆီမှ သူ၏ ဓမ္မအဆောင် ချပ်ဝတ်တန်ဆာကို ပြန်တောင်းရန်ပင် မေ့လျော့နေတော့သည်။

” အဲ… အဲဒါဆို ကျနော် အခု သွားတော့မယ်နော် အစ်ကိုဝမ်။ ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးများကြီး တင်ပါတယ် ”
လုကျစ်ဟောင်က ထိုသို့ကျေးဇူးတင်စကားဆိုလိုက်ပြီး ထိုလမ်းလေးဆီသို့ ချက်ချင်းပင်ပြေးသွားကာ တောင်ထိပ်ပေါ်သို့ ပြေးတက်သွားတော့သည်။ သူသည် ဝမ်ပေါင်လဲ့က သူ့အား ပေးအပ်ခဲ့သည့် ချပ်ဝတ်တန်ဆာနှင့် ဆီးနှင်းဓားပျံများအား ပြန်တောင်းမည်ကို အလွန်အင်မတန်မှ စိုးရိမ်နေသည့်ပုံပင်။

လုကျစ်ဟောင်မှာ တောင်ပေါ်သို့ ပြေးတက်သွားစဉ် ဝမ်ပေါင်လဲ့မှာမူ စိတ်ပျက်လက်ပျက်နှင့် တောင်အောက်သို့ ပြန်ဆင်းလာ၏။ သို့သော် သူ၏ ခန္ဓာကိုယ်ကြီးမှာ ထူးဆန်းလွန်းနေပြီး အဝေးမှ ကြည့်လိုက်ပါက ဧရာမအသားလုံးကြီးတစ်လုံးနှင့် တူနေ၏။ သူသည် အောက်သို့ တလိမ့်လိမ့် လိမ့်ဆင်းလာရင်း တောင်ခြေသို့ ချက်ချင်းပင်ရောက်ရှိသွား၏။

ကံကောင်းသည်မှာ သူ တောင်ခြေသို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် စကားတစ်ခွန်းတစ်လေပင် မပြောရသေးခင်မှာပင် သူ၏ရှေ့၌ တည်နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်တစ်ခု ပေါ်ပေါက်လာခြင်းပင်။ ထို့ကြောင့် သူသည် စိတ်ဒုက္ခကြီးစွာဖြင့် ထို မန္တန်အစီအရင်ထဲသို့ ဝင်ရောက်သွားပြီးနောက် ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

သူ ပြန်ပေါ်လာသောအခါတွင်မူ အဆင့်မြင့်ကျွန်းပေါ်ရှိ ရင်ပြင်ထဲသို့ ပြန်ရောက်နေပြီဖြစ်သည်။ သူ မန္တန်အစီအရင်ထဲမှ ပြန်ထွက်လာသောအခါ အဆင့်မြင့်ကျွန်းပေါ်ရှိ အဆောင်အသီးသီးမှ ပွဲကြည့်ပရိသတ်များ၏ လက်ခုပ်သြဘာသံများဖြင့် ချက်ချင်းပင် ဆူညံပွက်လော ရိုက်သွားကြတော့သည်။

” ဝမ်ပေါင်လဲ့ ပြန်ရောက်လာပြီဟေ့ ”

အကယ်၍ ဝမ်ပေါင်လဲ့မှာ ဝဖီးနေခြင်း မရှိဘဲ စိတ်နှလုံး ရွှင်ပျနေမည်ဆိုပါက ထိုပွဲကြည့်ပရိသတ်များနှင့် စကားစမြည်ပြောဆိုကာ သူတို့၏ အာရုံစိုက်မှုကို ခံနေရတုန်း သူ၏ ဓမ္မအဆောင်များကိုပါ ရောင်းချလိုက်မည်သာ ဖြစ်သည်။

သို့သော် ယခုတွင်မူ သူသည် လုံးဝ စိတ်မပါတော့ပေ။ အထူးသဖြင့် သူ၏ အဖေက သူ့အား ပြခဲ့သော မျိုးရိုးစဉ်ဆက်ဇယားကို ပြန်၍ အမှတ်ရသွားသောအခါ သွားလေသူများ ဖြစ်ကြသော ဖက်တီးဘိုးဘေးကြီးများက သူ့အား လက်ပြ၍ နှုတ်ဆက်နေသည့်အလား ခံစားလိုက်ရ၏။

” ဘာလို့ ဒီလိုတွေ ဖြစ်သွားရတာလဲ။ ငါက အကူအညီပေးဖို့ပဲ သွားခဲ့တာလေ။ ငါ့ရဲ့ ဓမ္မအဆောင်တွေကို ကြော်ငြာချင်ရုံလေးပါပဲကွာ ”
ဝမ်ပေါင်လဲ့မှာ မျက်ရည်စက်လက်ဖြင့် အော်ဟစ်လိုက်၏။ ထို့နောက် သူ၏ သင်္ဘောပျံကို ထုတ်ယူကာ ပွဲကြီးပရိသတ်များကို နောက်တွင် ချန်ရစ်ခဲ့ပြီး ဓမ္မလက်နက်အဆောင်ရှိ သူ၏ နတ်ဝိဇ္ဇာဂူဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားလိုက်တော့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ပွဲကြည့်ပရိသတ်များ၏ မျက်နှာအမူအရာများမှာ အမျိုးမျိုးပြောင်းလဲသွားကြ၏။ သူတို့အားလုံးမှာ အမြော်အမြင်ရှိကြသူများ ဖြစ်သောကြောင့် ယမ်းပုံမီးကျ ပေါက်ကွဲသွားမည်မှာ သေချာသလောက် ဖြစ်နေသော ဝမ်ပေါင်လဲ့အား သွား၍ မနှောင့်ယှက်ရန် ဆုံးဖြတ်လိုက်ကြတော့သည်။

ဝမ်ပေါင်လဲ့၏ သင်္ဘောပျံမှာ သူ၏ နဂိုမူ ခန္ဓာကိုယ်အချိုးအစားအတိုင်း လိုက်လျောညီထွေမှုရှိအောင် ဖန်တီးတည်ဆောက်ထားသည်ဖြစ်ရာ ယခုတွင် အမြင့်ကြီးသို့ မပျံသန်းနိုင်တော့ပေ။ ဝမ်ပေါင်လဲ့မှာ စိတ်အားညှိုးငယ်နေစဉ်တွင် ထို သင်္ဘောပျံလေးမှာ လမ်းတစ်လျှောက်လုံး ယိမ်းထိုးရင်း ဓမ္မလက်နက်အဆောင်ရှိ သူ၏ နတ်ဝိဇ္ဇာဂူ‌ဆီသို့ ပြန်လည်ရောက်ရှိသွားတော့သည်။

နတ်ဝိဇ္ဇာဂူသို့ ပြန်ရောက်သွားပြီးနောက် ဝမ်ပေါင်လဲ့မှာ နတ်ဝိဇ္ဇာဂူ၏ တံခါးပေါက်ကို ဖြတ်နိုင်ရန် ခက်ခက်ခဲခဲ ကြိုးစားနေရသောကြောင့် နောက်ထပ်တစ်ကြိမ် ဒေါသထွက်သွားရပြန်သည်။ သူ ပင်ပန်းကြီးစွာ ကြိုးစားအားထုတ်လိုက်ပြီးမှ နတ်ဝိဇ္ဇာဂူထဲသို့ ပြန်လည်ရောက်ရှိသွား၏။

ဝမ်ပေါင်လဲ့မှာ သူ၏ နတ်ဝိဇ္ဇာဂူထဲသို့ ပြန်ရောက်သွားသောအခါ သူ၏ တင်ပါးထက် အဆပေါင်းများစွာ ပို၍သေးနေသော တရားထိုင်ခုံပေါ်တွင် ထိုင်ချလိုက်၏။ ထို့နောက် သူသည် နတ်ဝိဇ္ဇာဂူအား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် အော်ငိုလိုက်ရတော့သည်။ သူသည် ချန်းယွီထုံ သူ့အား ပေးထားသော ဓမ္မအဆောင်ကို ထုတ်ယူလိုက်ပြီး သူ၏ခေါင်းပေါ်သို့ တင်လိုက်၏။ ထို့နောက် ရက်စက်ကြမ်းကြုတ်သော မျက်ဝန်းများဖြင့် ၎င်းအား ချက်ချင်းပင် ဖွင့်လိုက်တော့သည်။

” ငါ အစာမစားရတာ ဆယ်နှစ်ရှိပြီ ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်လိုက်ပြီး ကြုံတွေ့ရမည့် အရာများအတွက် သူ့ကိုယ်သူ ပြင်ဆင်လိုက်၏။ သို့သော် အချိန်အတော်အတန် ကုန်ဆုံးသွားပြီးသည့်တိုင်အောင် ဘာမှဖြစ်မလာသောကြောင့် သူသည် မှင်တက်သွားရတော့သည်။ ထို့ကြောင့် သူသည် ထိုဓမ္မအဆောင်ကို ထုတ်ယူကာ သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်၏။ ချို့ယွင်းမှုများ ရှိမနေကြောင်း သေချာအောင် စစ်ဆေးကြည့်လိုက်ပြီးနောက် သူသည် ၎င်းအား သူ၏ခေါင်းပေါ်သို့ ပြန်၍တင်ကာ ဆိုလိုက်ပြန်သည်။

” ငါ ခြေလှမ်းပေါင်း တစ်သန်းတိတိ ပြေးပြီးသွားပြီ ”
သူ ထိုသို့ဆိုလိုက်သောအခါ ထို ဓမ္မအဆောင်ထဲမှနေ၍ တတီတီမြည်သံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှားဖြစ်သွားပြီး နာကျင်မှုများကို တောင့်ခံနိုင်ရန် သူ့ကိုယ်သူ ပြင်ဆင်လိုက်၏။ သို့သော်လည်း သူသည် နောက်ထပ်တစ်ကြိမ် ထပ်၍ ဆွံ့အသွားရပြန်သည်။ တတီတီမြည်သံများ ထွက်ပေါ်လာပြီးလျှင် ဝိတ်ချရာ၌ အလွန်အင်မတန် အသုံးဝင်ခဲ့သော ဓမ္မအဆောင်လေးမှာ ယခုတွင်မူ ဒုံရင်းအတိုင်း ရှိနေဆဲပင်။ သူ၏ ဦးနှောက်မှာ နှစ်ပေါင်းများစွာ အစာမစားရသည့် ဖြစ်ရပ်များနှင့် ခြေလှမ်းသန်းပေါင်းများစွာ ပြေးပြီးသွားသည့် ဖြစ်ရပ်များကို ကျင့်သားရသွားဟန်တူသည်။

” မဖြစ်နိုင်ဘူး ”
ဝမ်ပေါင်လဲ့မှာ စိုးရိမ်စိတ်များ ကြီးထွားလာတော့သည်။

” ငါ ချော်ရည်အခန်းထဲမှာနေခဲ့တာ ဆယ်နှစ်ရှိသွားပြီ ”

” ငါ ဓားနဲ့ အချက်ပေါင်း တစ်ရာတိတိ အထိုးခံရတာတောင် အသက်ရှင်နေတုန်းပဲ။ ဒီတော့ ဒဏ်ရာတွေပျောက်ကင်းဖို့ အာဟာရဓာတ်တွေ လိုအပ်တယ် ”

” ငါ မိုးကြိုးပစ်ခံလိုက်ရလို့ ဝိညာဉ်အဆီတွေအကုန်လုံး အရည်ပျော်သွားပြီ ”

ဝမ်ပေါင်လဲ့မှာ ညွှန်ကြားချက်များစွာ ထုတ်ပြောလိုက်ပါသော်လည်း ဓမ္မအဆောင်လေးမှာ မလှုပ်မယှက်သာ ငြိမ်နေသောကြောင့် အသက်ရှူသံများ မြန်ဆန်လာရပြီး အသိစိတ်ပျောက်လုမတတ် ရူးသွပ်သွား၏။ သူသည် အတွေးပေါင်းစုံ စတင်တွေးတောနေလိုက်တော့သည်။ နောက်ဆုံးတွင် သူ၏ လုံးဝန်းနေသော ဗိုက်ကြီးကို လှမ်းကြည့်မိလိုက်သောအခါ သူ၏ အသိစိတ်ထဲတွင် အတွေးတစ်ခု ဖျတ်ခနဲပေါ်လာ၏။

” ငါ… ငါ ဗိုက်ကြီးနေတာ။ ဒီတော့ အာဟာရဓာတ်တွေ ထောက်ပံ့ပေးနိုင်ဖို့အတွက် ဝိညာဉ်အဆီတွေကို အရည်ပျော်ကျသွားအောင် လုပ်ဖို့လိုတယ် ”

သူ ထိုသို့ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ဓမ္မအဆောင်လေးမှာ ရုတ်တရက် တုန်ရီသွား၏။ ဝမ်ပေါင်လဲ့၏ စကားများမှာ ၎င်းအား လှုပ်နိုးလိုက်သကဲ့သို့ ဖြစ်သွားပြီး ၎င်းမှာ စတင် လည်ပတ်လာတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ကျေနပ်အားရသွားပြီး ချက်ချင်းပင် ထပ်၍ အော်ပြောလိုက်ပြန်သည်။
” ငါ ကလေးတွေ အများကြီး လွယ်ထားရတာ။ အယောက်တစ်ရာ… မဟုတ်ဘူး အယောက်တစ်ထောင်တောင် ”

ထိုအခါ ဓမ္မအဆောင်မှာ ပေါက်ကွဲသွားတော့မည့်အလား အုန်းခနဲ အသံအကျယ်ကြီး မြည်သွား၏။ ထို့နောက် ၎င်းမှာ ယခင်ကနှင့် လုံးဝမတူသော အမြန်နှုန်းမျိုးဖြင့် စတင်လည်ပတ်သွားတော့သည်။

ဝမ်ပေါင်လဲ့မှာ ကောင်းကောင်းပင် မပျော်ရသေးချိန်တွင် ခေါင်းထဲ၌ အသံကျယ်ကြီးတစ်သံကို ကြားလိုက်ရပြီး ချက်ချင်းပင် သတိလစ်သွားတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset