ထို ကတုံးလူငယ်လေးမှာ ဆွံ့အမှင်တက်ကာ ကြက်သေသေသွားရတော့သည်။ သူသည် သူမြင်လိုက်ရသည့် မြင်ကွင်းကို လက်မခံနိုင်လောက်အောင် ဖြစ်နေပြီး သူ၏မျက်လုံးများမှာ အသက်မဲ့နေ၏။ ထို့နောက် သူသည် မိန်းမောတွေဝေနေရင်း ရေရွတ်မိလိုက်၏။
” သူ…. သူက ငါ့ရဲ့ ပုံရိပ်ယောင်လက်နက်ကို စားပစ်လိုက်တာလား ”
” သိပ်မှန်တာပေါ့ကွာ။ ငါ စားပစ်လိုက်တာ။ မင်း မယုံဘူးဆိုရင် ငါ ပြလို့ရတယ် ”
ဝမ်ပေါင်လဲ့မှာ ထိုလူငယ်လေး၏ ရေရွတ်သံကို ကြားလိုက်ရပြီးနောက် ပြန်ဖြေလိုက်၏။ ထို့နောက် သူ၏ ပါးစပ်ကိုဟကာ ၎င်းအား အမှန်တကယ်ပင် စားလိုက်ခြင်းဖြစ်ကြောင်း ထိုလူငယ်လေးအား ပြလိုက်၏။
ထိုတိုက်ပွဲအား မျက်ခြည်မပြတ် စောင့်ကြည့်နေသော လုကျစ်ဟောင်ပင်လျှင် ထိုမြင်ကွင်းကို မြင်လိုက်ရပြီးနောက် အထူးတဆန်းဖြစ်သွား၏။ သူသည် ကတုံးလူငယ်လေးအား ကြည့်လိုက်၊ ဝမ်ပေါင်လဲ့အား ကြည့်လိုက် ဖြစ်နေတော့သည်။ သူသည် ထိုလူငယ်လေးအား မနှစ်သက်ပါသော်လည်း ဝမ်ပေါင်လဲ့အား စိတ်ထဲမှနေ၍ ကျိန်ဆဲမိလိုက်၏။
” ဒီ မျိုးမစစ်ကောင်ကတော့ကွာ။ အောက်တန်းကျလိုက်တာ။ သူက ဘယ်အဆောင်ကတုန်းကဟ။ ဓမ္မလက်နက်အဆောင်ကလား အစားအသောက်အဆောင်ကလား။ အဲ့လိုစားလိုက်လို့ သေသွားမှာကို မကြောက်ဘူးလားမသိဘူး ”
လုကျစ်ဟောင်မှာ ထိုကဲ့သို့ တတွတ်တွတ် ရေရွတ်နေစဉ်တွင် ခရမ်းရောင်ချပ်ဝတ်တန်ဆာနှင့် ကျင့်ကြံသူကြီးမှာ ဝမ်ပေါင်လဲ့၏ လုပ်ရပ်ကြောင့် ဆွံ့အမှင်တက်သွားပြီး ထိတ်လန့်ကြောက်ရွံ့နေရတော့သည်။
ကတုံးလူငယ်လေးမှာမူ အံ့ဩမှင်တက်လွန်းနေပြီး ဤအခြင်းအရာအားလုံးကို လက်သင့်မခံနိုင်လောက်အောင် ဖြစ်နေ၏။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့၏ ပါးစပ်အားကြည့်ရင်း အသားများ တုန်ရီလာရတော့သည်။
” မင်း… မင်း တကယ်ကြီးစားပစ်တာပဲ ”
ထို ကတုံးလူငယ်လေးမှာ ရေရွတ်မိလိုက်ပြီး အသက်ရှူသံများ မြန်ဆန်လာတော့သည်။ သူသည် ထိုဖြစ်ရပ်ကြီးကို တဖြည်းဖြည်းနှင့် လက်သင့်ခံလိုက်ရပြီးနောက် ကယောင်ချောက်ချား ဖြစ်လာရတော့သည်။
သူ၏ ဦးနှောက်ထဲတွင် မိုးကြိုးအချက်ရေပေါင်း ထောင်ပေါင်းများစွာ ပစ်ခတ်နေသကဲ့သို့ ဖြစ်နေ၏။ ထို မိုးကြိုးပစ်သံများမှာ တဖြည်းဖြည်းပို၍ ပြင်းထန်ကျယ်လောင်လာပြီး နောက်ဆုံးတွင် အဆုံးမရှိသော ပဲ့တင်သံများ ထွက်ပေါ်လာပြီး သူ၏ အသိစိတ်နှင့်ဝိညာဉ်များကို ရိုက်ခတ်နေသောကြောင့် သူ၏ခန္ဓာကိုယ် တစ်ခုလုံးမှာ ထိန်းမနိုင်သိမ်းမရ တုန်ရီနေတော့သည်။ ထို့နောက် သူသည် ရုတ်တရက်ဆိုသလို ခေါင်းမော့လာပြီး သွေးကြောကြီးများဖြင့် နီမြန်းနေသော မျက်ဝန်းတစ်စုံဖြင့် အော်ဟစ်လိုက်တော့သည်။
” ဝမ်ပေါင်လဲ့ ”
သူသည် မိုးကောင်းကင်ကိုမော့ကြည့်ကာ အသံကုန်အော်ဟစ်လိုက်ပြီး သွက်သွက်ခါအောင် ရူးသွပ်သွား၏။ ထို့နောက် သူသည် အသက်ရှူသံများမြန်လာပြီး တစ်ကြိမ်တစ်ခါမှ မကြုံတွေ့၊ မခံစားဖူးသော ရူးသွပ်မှုမျိုးနှင့် ရယ်စရာကောင်းသော ဖြစ်ရပ်ကြီးကြောင့် သူ၏ သွေးကြောများမှာ ပေါက်ကွဲထွက်လာလုမတတ် ဖြစ်နေတော့သည်။ သူသည် ထိုဒေါသစိတ်များကြောင့် သွေးပွက်တစ်ပွက်ပင် အန်ထွက်လာ၏။
” မင်းးး … တကယ်ကြီး စားပစ်တာပဲကွ ”
ကတုံးနှင့်လူငယ်လေးမှာ အသံကုန်အော်ဟစ်လိုက်၏။ သူသည် ဝမ်ပေါင်လဲ့အား သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်ပါသော်လည်း ဤ ဆုံးရှုံးမှုကြီးကြောင့် အမြင်အာရုံများ ဝေဝါးသွားပြီး ခြေလှမ်းအနည်းငယ်ခန့်သာ လှမ်းလိုက်ပြီးနောက် ဒယိမ်းဒယိုင် ဖြစ်သွားရတော့သည်။ သူ၏ရှေ့ရှိ ကမ္ဘာကြီးတစ်ခုလုံးမှာ ချာချာလည်နေသကဲ့သို့ ခံစားလိုက်ရ၏။
ကံကောင်းသည်မှာ ခရမ်းရောင်ချပ်ဝတ်တန်ဆာနှင့် ကျင့်ကြံသူကြီးက ချက်ချင်းပင် သူ့အနားသို့ ရောက်လာပြီး သူ လဲကျမသွားအောင် တွဲထားပေးလိုက်၏။ သို့သော် သူ၏ မျက်လုံးများမှာ သွေးစက်များကဲ့သို့ နီမြန်းနေပြီဖြစ်ပြီး အကယ်၍ မျက်လုံးများကိုသာ လက်နက်များအဖြစ် အသုံးပြုနိုင်မည် ဆိုပါက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အပေါက်များဖြင့် ပြည့်နှက်နေလောက်ပြီ ဖြစ်သည်။
” ဝမ်ပေါင်လဲ့။ ပြန်ထွေးထုတ်လိုက်စမ်း။ ငါ့ရဲ့ ပုံရိပ်ယောင်လက်နက်ကို ပြန်ပေး။ အဲဒါ ငါ့ရဲ့ပစ္စည်းကွ…. ငါ့ရဲ့ သွေးချွေးတွေနဲ့ အဲ့ပစ္စည်းကို ဖန်တီးထားရတာ။ ဘယ်လိုလုပ်ပြီးတော့ မင်းက စားပစ်နိုင်ရတာလဲ ”
ထို ကတုံးနှင့်လူငယ်လေးမှာ အော်ဟစ်ကြိမ်းဝါးလိုက်၏။ သူသည် ခရမ်းရောင် ချပ်ဝတ်တန်ဆာနှင့် ကျင့်ကြံသူ၏ လက်မောင်းများကို ကိုင်၍ မတ်တတ်ရပ်နိုင်အောင် သူ့ကိုယ်သူ မနည်းထိန်းထားရ၏။ နောက်ဆုံးတွင်မူ သူသည် မနေနိုင်တော့ဘဲ ရှိုက်ကြီးတငင် ငိုကြွေးကာ အော်ဟစ်လိုက်ရတော့သည်။
ထိုကဲ့သို့ သူ အပိုလုပ်နေသည်ကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် သတိကြီးကြီးထားကာ နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်သွား၏။ ထို့နောက် သူသည် မျက်တောင်တဖျတ်ဖျတ် ခပ်၍ အသာအယာ ချောင်းဟန့်လိုက်၏။ သူသည် ထို ကတုံးနှင့်လူငယ်လေးအား အနိုင်ကျင့်ကာ သူ့အား ငိုသွားအောင်ပင် လုပ်လိုက်မိသည်ဟု ခံစားနေရ၏။ ထို့ကြောင့် သူသည် လက်ကို ဝှေ့ယမ်းကာ ရွှေခေါင်းလောင်းဒိုင်းကာ ပုတီးစေ့တစ်လုံးကို ထုတ်ယူလိုက်၏။ ထို့နောက် ၎င်းအား ထိုလူငယ်လေးဆီသို့ ပစ်ပေးလိုက်ပြီး ချော့မော့ပြောဆိုလိုက်၏။
” ရေစက်လေး တစ်စက်တည်းကိုကွာ။ ကဲ ရော့… ဒါ မင်းအတွက် နစ်နာကြေး ”
” မင်းက ငါ့ကို အခုထိ အရှက်ခွဲနေတုန်းပါလားကွ။ ဒါက ဘာကြီးလဲ။ ငါက ဝိညာဉ်သွေးကို အသုံးပြုပြီးတော့ အဲဒါကို ဖန်တီးခဲ့ရတာ။ ဝိညာဉ်သွေးကွ။ နားလည်လား ”
ကတုံးနှင့်လူငယ်လေးမှာ အသံပိုကျယ်လာ၏။ ထို့နောက် သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းကာ ထိုပုတီးစေ့အား အဝေးသို့ ပုတ်ထုတ်လိုက်၏။
” မင်းက ငါ့ကို ကလိမ်ကျဖို့ ကြံနေတာလား။ ငွေညစ်ဖို့ ကြံနေတာလားကွ ”
ဝမ်ပေါင်လဲ့မှာ သူ့အားစိုက်ကြည့်ကာ မေးလိုက်၏။ ထို့နောက် စကားထပ်ပြောရန် ပြင်လိုက်စဉ်မှာပင် သူ မျိုချလိုက်သော ရေစက်လေးမှာ ထူးဆန်းစွာ ပြောင်းလဲစပြုလာသောကြောင့် သူ၏ အမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။
ဝမ်ပေါင်လဲ့ ထို ရေစက်လေးကို မျိုချရဲခဲ့သည့် အကြောင်းအရင်းမှာ သူသည် လက်ဗလာအနေအထားမှ ၎င်းအား ဖန်တီးကာ ဝိညာဉ်အမြုတေအဖြစ်သို့ ပြောင်းလဲခဲ့သောကြောင့်ဖြစ်သည်။ ထို့အပြင် ၎င်း၏ အတွင်းပိုင်းထဲတွင် သူ၏ အမှတ်တံဆိပ်လည်း ရှိနေသေးသည်ဖြစ်ရာ သူ၏ ခန္ဓာကိုယ်မှာ ထိုပစ္စည်းနှင့် ပေါင်းစည်းသွားလိမ့်မည်ဟု သူက တွေးခဲ့၏။
ထို့ကြောင့် သူသည် ၎င်းအား မျိုချခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ သူ၏ အစာအိမ်ထဲသို့ စတင်ရောက်ရှိသွားခဲ့သည့် အချိန်တုန်းက လုံးဝ ပြောင်းလဲသွားခြင်းမရှိခဲ့ပေ။ သို့သော် ယခုတွင်မူ ထို ရေစက်လေးထဲမှနေ၍ သွေးအမျှင်အတန်းလေးတစ်ခု ထွက်ပေါ်လာ၏။
ထို သွေးအမျှင်အတန်းလေးမှာ ဝမ်ပေါင်လဲ့ ရေစက်ကမ္ဘာထဲတွင် တွေ့မြင်ခဲ့ရသည့် သွေးအမျှင်အတန်းနှင့် တစ်ထေရာတည်းပင်။ ထို သွေးအမျှင်အတန်းလေးမှာ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဝိညာဉ်အင်အားများကို စတင်ထုတ်လွှတ်လိုက်ပြီး ရုတ်ခြည်းဆိုသလို အရှိန်မြင့်တက်လာ၏။ ၎င်းမှာ ရေစက်ကလေးကိုပင် ရစ်ပတ်ကာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အပြင်ဘက်သို့ ထိုးထွက်ရန် ပြင်နေ၏။
တချိန်တည်းမှာပင် အမျက်ချောင်းချောင်းထွက်နေသော ကတုံးနှင့်လူငယ်လေးမှာ ထိုအချင်းအရာကို သတိထားမိသွားသောကြောင့် သူ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များဖြင့် ပြည့်နှက်သွားတော့သည်။
” ရှိနေသေးတာပဲ ”
သူသည် ထိုသို့ရေရွတ်ကာ ချက်ချင်းပင် တင်ပျဉ်ခွေ ထိုင်ချလိုက်၏။ ထို့နောက် မန္တန်လက်ကွက်များဖော်ကာ သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ နေရာသို့ လက်ညှိုးဖြင့်ထိုးလိုက်၏။ ထိုအခါ သူ၏ ခန္ဓာကိုယ်မှာ တုန်ရီလာပြီး အမည်မသိ မန္တန်တစ်မျိုး ထွက်ပေါ်လာသောကြောင့် ထို သွေးအမျှင်အတန်းလေးမှာ ချက်ချင်းပင် ပြန့်ကားလာ၏။ ဝမ်ပေါင်လဲ့မှာလည်း ထိတ်လန့်ကြောက်ရွံ့သွားပြီး ၎င်းအား ထွေးထုတ်ရန် ပြင်လိုက်၏။
သို့သော် ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့၏ ဝမ်းဗိုက်အလယ်ပိုင်းရှိ ဝါးမျိုခြင်းသစ်စေ့လေပွေကြီးမှာ ရုတ်တရက်ဆိုသလို လည်ပတ်လာ၏။ ထို့နောက် အံ့သြဖွယ်ကောင်းသော စုပ်အားတစ်မျိုးမှာ သူ၏ ခန္ဓာကိုယ်အပြင်ဘက်သို့ စိမ့်ထွက်လာပြီး ချက်ချင်းပင် ပျောက်ကွယ်သွား၏။
၎င်းမှာ တစ်ခဏမျှသာ ထိုးထွက်လာခဲ့ခြင်း ဖြစ်ပါသော်လည်း ထို အားကောင်းသော စုပ်အားများမှာ သွေးအမျှင်အတန်းလေးကို ချက်ချင်းပင် နောက်သို့ ပြန်လည်စုပ်ယူလိုက်၏။
ထိုအခါ ထို သွေးအမျှင်အတန်းလေးမှာ မျက်လုံးဖြင့် မမြင်ရသော လက်တစ်ဖက်၏ ဖမ်းဆွဲထားခြင်းကို ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ ၎င်းမှာ ရုန်းကန်ပါသော်လည်း အချည်းနှီးပင်။ ၎င်းမှာ ဝါးမျိုခြင်းသစ်စေ့ထဲသို့ အတင်းအဓမ္မ ဆွဲငင်ခံလိုက်ရပြီး ထို ဝါးမျိုခြင်းသစ်စေ့၏ အမှုန့်ချေကာ စုပ်ယူခြင်းကို ခံလိုက်ရသကဲ့သို့ပင်။
ထို အချင်းအရာအားလုံးမှာ တစ်ပြိုင်နက်တည်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သည်။ ဝမ်ပေါင်လဲ့ မတုံ့ပြန်နိုင်ခင်မှာပင် သူ၏ ဝါးမျိုခြင်းသစ်စေ့မှာ သွေးအမျှင်အတန်းလေးကို စုပ်ယူပြီးသွားပြီဖြစ်သည်။ ရေစက်လေးကိုမူ ဝါးမျိုခြင်းသစ်စေ့က ရွံရှာစက်ဆုပ်နေသည့်အလား ထိပင် မထိပေ။
ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရပြီး အမူအရာ ထပ်မံ ပြောင်းလဲသွားရပြန်သည်။ သူ၏ ဝါးမျိုခြင်းသစ်စေ့မှာ သွေးအမျှင်အတန်းလေးအား ဝါးမျိုလိုက်ပြီးနောက် ထိုသွေးများကို အစာခြေလိုက်သည့်ပုံပင်။ အံ့ဩဖွယ်ရာ ကောင်းသော ဝိညာဉ်ချီလှိုင်းတစ်လှိုင်းမှာ သူ၏ ဝမ်းဗိုက်အလယ်ပိုင်းမှနေ၍ အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်ပေါ်လာ၏။
ထို ဝိညာဉ်ချီများမှာ အလွန် အားကောင်းကာ ထူထဲသိပ်သည်းနေ၏။ ၎င်းမှာ ဝမ်ပေါင်လဲ့ လက်ရှိအချိန်အထိ စုပ်ယူပြီးခဲ့သော စုစုပေါင်း ဝိညာဉ်ချီပမာဏထက်ပင် ပို၍များပြားနေသည်။ ထို ဝိညာဉ်ချီများမှာ ဝါးမျိုခြင်းသစ်စေ့ထဲမှ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာပြီနောက် နှင်းတောင်ကြီး ပြိုကျလာသကဲ့သို့ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ထို အလွန်အင်မတန် ထူထဲသိပ်သည်းသော ဝိညာဉ်ချီများမှာ အရှိန်အဟုန်ပြင်းစွာ ပျံ့နှံ့သွားပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ၌ စုဝေးလာသောကြောင့် သူသည် အဆက်မပြတ် လေထိုးထည့်ခံနေရသည့် ဘောလုံးတစ်လုံးကဲ့သို့ ဖြစ်သွား၏။ ဝမ်ပေါင်လဲ့မှာ ပေါက်ကွဲလုဆဲဆဲ ဖြစ်နေသော သူ၏ခန္ဓာကိုယ်အား မြင်လိုက်ရသောအခါ မျက်နှာဖြူဆုတ်သွားပြီး သနားစဖွယ်ကောင်းစွာ အော်ဟစ်မြည်တမ်းလိုက်၏။
” ဘာတွေ ဖြစ်နေတာလဲဟ။ ချက်ချင်းကို ဖြစ်သွားတာပါလား ”
ဝမ်ပေါင်လဲ့မှာ အသက်အောင့်လိုက်ပြီး ကောင်းကင်တိမ်လွှာပညာရပ်ကိုအသုံးပြု၍ ဝိညာဉ်ချီများကို ချက်ချင်းပင် စုပ်ယူလိုက်သည်။
ကောင်းကင်တိမ်လွှာပညာရပ်ကို အသုံးပြုလိုက်သောအခါ ဝိညာဉ်ချီပမာဏ အမြောက်အမြားမှာ သူ၏ ဝိညာဥ်သွေးကြောများထဲသို့ စုပ်ယူခံလိုက်ရ၏။ ၎င်းတို့မှာ သူ၏ ခန္ဓာကိုယ်အနှံ့ လည်ပတ်သွားပြီးနောက် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ မြင့်တက်လာတော့သည်။ မျက်စိတစ်မှိတ်အတွင်း သူသည် အာနာပါန ပထမအဆင့်၏ အလယ်အလတ်အဆင့်ထိ ရောက်ရှိသွားတော့သည်။
သို့သော် သူ့တွင် ပျော်ရွှင်ကျေနပ်ကာ တအံ့တဩဖြစ်နေရန် အချိန်မရှိပေ။ ထိုကဲ့သို့သော အန္တရာယ်များသည့် အခြေအနေမျိုးတွင် အခြားမည်သည့် ကိစ္စအကြောင်းကိုမှ တွေးတောနိုင်စွမ်းမရှိတော့ပေ။ သူသည် သူတတ်မြောက်ထားသော စွမ်းရည်များကို အရူးတစ်ယောက်လို အသုံးပြုလိုက်သဖြင့် ခဏအကြာတွင် အာနာပါန ပထမအဆင့်၏ အထွတ်အထိပ်အဆင့်အထိ ရောက်သွားတော့သည်။
ထိုကဲ့သို့ အဆင့်တက်သွားသည့် အမြန်နှုန်းမှာ သူ ဒဏ္ဍာရီလာ နတ်ဆေးလုံးတစ်လုံးကို သုံးစွဲလိုက်သည့်အလား အလွန် မြန်ဆန်လွန်းနေ၏။
သို့သော် သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ချီများမှာ စိတ်ကူးနှင့်ပင် မှန်းဆ၍ မရနိုင်လောက်အောင် ထူထဲသိပ်သည်းနေဆဲဖြစ်ကြောင်း သိလိုက်ရသဖြင့် ဝမ်ပေါင်လဲ့မှာ အော်ဟစ်မြည်တမ်းနေရဆဲပင်။ သူသည် ကောင်းကင်တိမ်လွှာပညာရပ်ကို အသုံးပြုခဲ့ပြီး သူ၏ ဝိညာဥ်သွေးကြောများနှင့် ၎င်းတို့ကို စုပ်ယူခဲ့ပါသော်လည်း သူ၏ခန္ဓာကိုယ်အား ပေါက်မကွဲသွားရုံလောက်သာ ထိန်းထားနိုင်၏။
သူသည် ၎င်းတို့ကို တားဆီနိုင်ရန် မျှော်လင့်ချက်ကင်းမဲ့စွာ ကြိုးပမ်းနေသည့်တိုင်အောင် အချိန်တိုအတွင်း စုပ်ယူ၍ မရလိုက်သည့် ဝိညာဉ်ချီများမှာ ဝမ်ပေါင်လဲ့၏ အတွင်းကလီစာများ၊ အသားများနှင့် သွေးများထဲတွင် အလိုလို စုဝေးသွားကြပြီး ဝိညာဉ်အဆီများအဖြစ် ပြောင်းလဲသွားကြ၏။
ထို ဝိညာဉ်အဆီများမှာ စဉ်ဆက်မပြတ် တဖြည်းဖြည်းနှင့် ထူထဲသိပ်သည်းလာပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ကြီးမှာလည်း အလျင်အမြန် ပြန့်ကားလာ၏။ မျက်စိတစ်မှိတ်အတွင်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဘောလုံးတစ်လုံးအသွင် ပြောင်းလဲသွားသောကြောင့် လူတိုင်း ဆွံ့အမှင်တက်သွားကြတော့သည်။
” ငါ… ငါ …. ”
ဝမ်ပေါင်လဲ့မှာ အမျက်ချောင်းချောင်းထွက်ကာ စကားများပင် ထစ်သွားရ၏။ သူသည် သူ၏ ခန္ဓာကိုယ်အား ကြည့်နိုင်ရန် ခေါင်းငုံ့ကြည့်လိုက်ပါသော်လည်း မငုံ့နိုင်တော့သည်ကို သိလိုက်ရသည်။ သူသည် ထိုကဲ့သို့ ခံစားချက်မျိုးနှင့် ရင်းနှီးထားပြီးသား ဖြစ်သောကြောင့် ပို၍ပင် မျှော်လင့်ချက်ကင်းမဲ့သွားရပြီး အော်ဟစ်မြည်တမ်းလိုက်ရပြန်သည်။
” ဘယ်လိုလုပ်ပြီး ငါက ဝသွားရပြန်တာလဲဟ။ ဝိတ်ကျဖို့အတွက် ငါ အများကြီး ကြိုးစားထားရတာလေ။ ငါ့ရဲ့ သွယ်လျတဲ့ ခန္ဓာကိုယ်လေး၊ ငါ့ရဲ့ ချောမောတဲ့ မျက်နှာလေး… မဖြစ်ဘူး…. ”
” မဝလာပါနဲ့ကွာ။ ငါ မှားသွားပါတယ်။ ငါ အစားမကြူးခဲ့သင့်ဘူး။ ငါ ပြည်ထောင်စုဥက္ကဋ္ဌ ဖြစ်မလာသေးဘူးကွ။ အဝလွန်ပြီး မသေချင်သေးဘူး ”
ဝမ်ပေါင်လဲ့မှာ အမျက်ချောင်းချောင်း ထွက်နေသောကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့် အာနာပါန ပထမအဆင့်၏ အထွတ်အထိပ်အဆင့်မှ အာနာပါန ဒုတိယအဆင့်အထိ ဖောက်ထွက်သွားသည်ကိုပင် ဂရုမစိုက်နိုင်တော့ပေ။ မုန်းတီးမှုများနှင့် နောင်တများဖြင့် ပြည့်နှက်နေသော သူ၏ သနားဖွယ်ရာ အော်ဟစ်မြည်တမ်းသံများမှာ နေရာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။
ထိုအချိန်တွင် အဆင့်မြင့်ကျွန်းပေါ်ရှိ ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ကျောင်းသားတိုင်း တုန်လှုပ်ချောက်ချားသွားရတော့သည်။ လူတိုင်းမှာ ဆွံ့အမှင်တက်နေကြပြီး အသက်ပြင်းပြင်း ရှူနေကြ၏။
သူတို့ထဲမှ အများစုမှာ ဝမ်ပေါင်လဲ့နှင့် ကတုံးနှင့်လူငယ်လေးတို့၏ တိုက်ပွဲတစ်ခုလုံးကို ကြည့်ရှုခဲ့ကြသည်။ သူတို့မှာ သေသေချာချာ နားမလည်ပါသော်လည်း နောက်ဆုံးတွင်ပေါ်ထွက်လာခဲ့သည် ဝမ်ပေါင်လဲ့၏ ဟိတ်ဟန်အပြည့်ရှိသော ပုံရိပ်ကြီးမှာ သူတို့၏ အာရုံများကို အချိန်အကြာကြီး ဖမ်းစားထားနိုင်ခဲ့၏။ သို့သော် နောက်ထပ် ဆက်ဖြစ်သွားခဲ့သည့် အဖြစ်အပျက်များကို မည်သူကမှ ကြိုတွေးမထားမိခဲ့ကြပေ။ ဝမ်ပေါင်လဲ့ ထိုရေစက်ကလေးကို မျိုချလိုက်သည်မှာ ပြဿနာမရှိသလို သူ ဖက်တီးတစ်ယောက် ဖြစ်လာသည့် အချက်ကိုလည်း သူတို့က နားလည်ပေးနိုင်ပါသော်လည်း သူတို့၏ရှေ့တွင် သူ၏ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်သွားခဲ့သည်ကို လက်မခံနိုင်လောက်အောင် ဖြစ်နေ၏။
” ဒါက သိုင်းပညာအဆောင်ရဲ့ အဓိကပြိုင်ပွဲတစ်ခုလေ။ အဲဒါကို သူက…. ဖောက်ထွက်သွားသေးတယ် ”
” ဘယ်လိုတောင် ကံကောင်းရတာလဲဟ။ ငါလည်း ဖောက်ထွက်ချင်တယ်ကွာ။ ငါသာ ဖောက်ထွက်နိုင်မယ်ဆိုရင် ဖက်တီးတစ်ယောက် ဖြစ်လာတော့ရော ဘာလုပ်ရမှာလဲ ”
” ဝိညာဉ်သွေးဆိုပါလား။ ဝိညာဉ်သွေးဆိုတာ ဘာလဲကွ ”
အဆင့်မြင့်ကျွန်းပေါ်တွင် အုတ်အော်သောင်းနင်းဖြစ်ကာ ဆွေးနွေးငြင်းခုံသံများဖြင့် ဆူညံနေကြစဉ်တွင် တိုက်ခိုက်ရေးကွင်းထဲမှ ကောင်းကင်ယံထဲရှိ စင်မြင့်ပေါ်တွင် ရှိနေကြသော စစ်တပ်မှလူများ၊ ပြည်ထောင်စုအရာရှိကြီးများနှင့် ကောင်းကင်တာအိုကျောင်း၏ ထိပ်သီးအဆင့် အကြီးအကဲများအားလုံးမှာ ဆွံ့အနေကြပြီး မျက်လုံးပြူးကြီးများဖြင့် အသားလုံးကြီးတစ်ဖြစ်လဲ ဝမ်ပေါင်လဲ့အား ငေးကြည့်နေကြ၏။
” ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က လက်ရဲဇက်ရဲရှိလောက်တယ်လို့ ငါက ထင်ခဲ့တာ။ သူက ပုံရိပ်ယောင်လက်နက်ကို မျိုချရဲလောက်တဲ့အထိ သတ္တိကောင်းနေတာပဲ ”
” ဒီလီဝူချန်းဆိုတဲ့ကောင်က အာနာပါနအဆင့်မှာတင် ပုံရိပ်ယောင်လက်နက်တစ်ခုကို ပိုင်ဆိုင်ထားတာ မဆန်းပါဘူး။ ဝိညာဉ်သွေးကိုသုံးပြီး အဲဒါကို ဖန်တီးထားတာပဲကွ။ ဝိညာဉ်သွေးဆိုတာ ရှေးဟောင်းဓားကြီးထဲမှာရှိတဲ့ ရှားပါးတိရိစ္ဆာန်တွေဆီကနေ ထုတ်ယူရတာမလို့ တော်တော်လေးကို အဖိုးတန်တယ်။ လီရှင်းဝမ်က သူ့တပည့်နဲ့ ပတ်သက်လာရင် တော်တော်လေးကို လက်ဖွာတာပဲ ”
လူတိုင်း မှင်တက်နေစဉ်တွင် ဗိုလ်ချုပ်ကြီးကျိုးမှာမူ ပို၍ပင် စိတ်ဝင်စားလာပြီး ဝမ်ပေါင်လဲ့အား အပြည့်အဝ ကျေနပ်အားရနေသည့် အမူအရာဖြင့် ပြုံးလိုက်၏။ ကောင်းကင်တာအိုကျောင်းမှ ထိပ်သီးအဆင့် အကြီးအကဲများမှာမူ မျက်နှာအမူအရာများ ထူးဆန်းနေကြ၏။ အချိန်အနည်းငယ်ခန့် ကြာမြင့်သွားပြီးနောက် သူတို့ထဲမှ အချို့မှာ တီးတိုးပြောဆိုနေကြတော့သည်။
” အဲ…. ဂိုဏ်းစောင့်အကြီးအကဲကြီးက ပြန်ရောက်မလာသေးဘူးမလား ”
” သူက တော်တော်လေးကို စိတ်ဆတ်တာနော်… ”
ကောင်းကင်တာအိုကျောင်းမှ မဟာအကြီးအကဲများမှာ ခေါင်းခဲနေကြစဉ်တွင် အနီရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းလူကြီးမှာမူ ရယ်ရမလို ငိုရမလို ဖြစ်နေ၏။ ထိုအချိန်တွင် သူတို့အာရုံမခံနိုင်သော ကမ္ဘာကြီး၏ အမြင့်ဆုံး တစ်နေရာတွင် ရေမျက်နှာပြင်တစ်ခု ရှိနေ၏။ ထို ရေမျက်နှာပြင်၏ အထက်တွင် အကြီးအကဲတစ်ယောက်မှာ အဖြူရောင်တိမ်တိုက်များနှင့် အပြာရောင်ကောင်းကင်ကြီး၏ အောက်တွင် တင်ပျဥ်ခွေထိုင်နေ၏။
ထို အကြီးအကဲကြီးမှာ ဆံပင်များဖွေးဆွတ်နေပြီး ပညာရှိကြီးတစ်ယောက်နှင့် တူနေ၏။ သူသည် ကောင်းကင်တာအိုကျောင်း၏ ဂိုဏ်းစောင့်အကြီးအကဲ တစ်ဖြစ်လဲ ထိုကတုံးလူငယ်လေး၏ ဆရာပင် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် သူသည် ခေါင်းငုံ့ကာ တောင်တန်းများထဲရှိ ဆုံမှတ်နေရာတွင် ရှိနေသော ခန္ဓာကိုယ် လုံးဝန်းနေသည့် ဝမ်ပေါင်လဲ့အား လှမ်း၍ကြည့်လိုက်၏။ အချိန်အနည်းငယ်ခန့် ကြာမြင့်သွားပြီးနောက် ထိုအကြီးအကဲကြီးမှာ ဝမ်ပေါင်လဲ့၏ အော်ဟစ်မြည်တမ်းသံများကို ကြားလိုက်ရသဖြင့် အံ့ဩမှင်တက်သွားရ၏။ ထို့နောက် သူသည် မနေနိုင်တော့ဘဲ ရယ်မောမိလိုက်တော့သည်။
” ဒီဖက်တီးကတော့ကွာ။ အစားလွန်ပြီး သေသွားမှာ မကြောက်ဘူးလား မသိဘူး ”
သူသည် ထိုသို့ရေရွတ်လိုက်ပြီး သူ၏လက်ကို မြှောက်ကာ အောက်ဘက်သို့ လက်ညှိုးထိုးလိုက်၏။