Switch Mode

အပိုင်း(၅)

အိမ်ပြန်ပို့ခြင်း

အဆုံးသတ်တွင် လူငယ် ၁၁ ယောက်လုံး စမ်းသပ်မှုအား မကျော်ဖြတ်နိုင်ခဲ့ပေ။ မိန်းမငယ် တစ်ယောက်သာ ဝမ်လင်းကဲ့သို့ ကျော်ဖြတ်နိုင်ခဲ့သည်။

ထိုနေ့တွင်ပင် စမ်းသပ်မှုတွင် ကျရှုံးသည့် လူငယ်အားလုံးအား တောင်ခြေသို့ ပြန်လည် ပို့ဆောင်စေသည်။ ဟုန်ယွီဂိုဏ်းက သူတို့အား တစ်ယောက်ပြီး တစ်ယောက် အိမ်သို့ ပြန်လည် ပို့ဆောင်စေ၏။ ဝမ်လင်းအား အိမ်ပြန်ပို့သော တစ်ယောက်ကား အရင်တစ်ခါ ဝမ်လင်းကို လာခေါ်သော တစ်ယောက် ဖြစ်သည်။ သူ့နောက်တွင်ကား ဝမ်ကျောက်နှင့် ဝမ်ဟိုတို့ဖြစ်ကြသည်။

လူငယ်က လက်နှစ်ဖက်ကို ဆုပ်ကာ ပြောလိုက်သည်။

“ဆရာဦးလေး တပည့် ဖြစ်သွားလို့ ဂုဏ်ပြုပါတယ် အစ်ကိုဝမ်ကျောက်.. ခင်ဗျားက ကောင်းမွန်တဲ့ အနာဂတ် တစ်ခုကို ပိုင်ဆိုင်သွားပါပြီ… ”

ဝမ်ကျောက်က မောက်မာသည့် ပုံစံဖြင့် ဝင့်ကြွားစွာ ပြောလိုက်သည်။

” ဒါက သာမန်ပါပဲ… ဆရာက ငါ့ကို လောကီရေးရာ ကိစ္စတွေ အပြီးသတ် လုပ်ဆောင်ပြီး ပြန်လာတာနဲ့ တန်ခိုးကျင့်စဉ်တွေ စတင် သင်ကြားပေးမယ်လို့ ပြောတယ်…”

ဝမ်ဟိုသည် ခေါင်းမော့ရင်းက ဘေးတစ်စောင်းကြည့်ကာ ပြောသည်။

“မင်းကိုယ်မင်း သွေးနားထင် ရောက်နေတာကို ငါက ဘယ်တုန်းကမှ ကြည့်မရခဲ့ဘူး … မင်းမှာ ဆရာရှိတော့ ဘာအရေးလဲ .. မသေဆေး ဖော်ဖို့ ငါသင်လို့ရသေးတာပဲ…”

ဝမ်ကျောက်က ဝမ်ဟိုအား မျက်မှောင်ကြုတ် ကြည့်ပီးနောက် တိတ်တဆိတ် ရပ်နေသည့် ဝမ်လင်းအား ကြည့်ကာ ပြုံးပြသည်။

“ဘယ်လိုလဲ ထေ့ကျူး … ငါ မင်းကို အခွင့်အရေး မရှိဘူးလို့ ပြောခဲ့တာကို မင်းအဖေနဲ့မင်းက ယုံမှ မယုံတာကိုး …အခု ရလဒ်ကို သိပြီမို့လား…”

ထေ့ကျူးက ခေါင်းမော့ရင်း ဝမ်ကျောက်အား တချက်ကြည့်ကာ ဟုန်ယွီဂိုဏ်းသား လူငယ်ကို ပြောသည်။

“ဆရာ… ကျွန်တော့် မိဘတွေ အိမ်မှာ စောင့်နေလိမ့်မယ်… ကျွန်တော့်ကို အိမ်ကို မြန်မြန် ပြန်ပို့ပေးပါ့လား…”

ဝမ်လင်းက သူ့အား လျစ်လျူရှု ထားသည်ကို ဝမ်ကျောက်က မြင်သည်တွင် ဒေါသတကြီးနှင့် ပြောလိုက်သည်။

” သောက်တောသားလေး … မင်းအဖေလို ရွာလေးမှာ တစ်သက်လုံး လက်သမားဖြစ်နေတာ ပိုကောင်းမယ်…”

အင်မော်တယ် လူငယ်က သူ့ရှေ့မှ လူငယ် သုံးယောက်အား ကြည့်ကာ တချက် ပြုံးလိုက်သော်လည်း စကားတစ်ခွန်းမှ မပြောပေ။ သူ့ဝတ်ရုံအား သိမ်းလိုက်ပြီး လူငယ် သုံးယောက်အား ခေါ်ဆောင်ကာ ဟုန်ယွီဂိုဏ်း တည်ရှိရာ တောင်ပေါ်မှ ပျောက်ကွယ် သွားလေသည်။

ဖြစ်စဉ်အစမှ အဆုံးကို ခြုံငုံကြည့်လျှင် ဝမ်လင်း၏ ခံစားချက်က ကောင်းကင်နှင့် မြေကြီးကဲ့သို့ ခြားနားနေသည်။ မူလအစတွင် သူက မျှော်လင့်ချက် အပြည့် ရှိနေခဲ့သော်လည်း အဆုံးသတ်တွင် စိတ်ပျက် အားလျော့ခြင်းကသာ ကြီးစိုးနေတော့သည်။

အနည်းငယ် ကြာပြီးနောက် သူတို့က ဝမ်အိမ်တော်ထံသို့ ပြန်လည် ရောက်ရှိလာကြသည်။ ဝမ်လင်းက မျက်လုံးများအား ဖွင့်လိုက်သည်။ အိမ်တော်တစ်ခုလုံး ပျော်ရွှင်ပွဲ ကျင်းပရန် သက်ဝင် လှုပ်ရှား နေသည်ကို မြင်တွေ့ရသည်။ သူ့အဖေက ရွာတွင် စားသောက်ပွဲ ကျင်းပစဉ် ကထက်ပင် စားပွဲများ ပိုမိုများပြားကာ ခြံဝင်းတစ်ခုလုံး ပြည့်လုမတက် ဖြစ်နေလေသည်။

ဝမ်မိသားစု အားလုံး ရောက်ရှိနေကြပြီး ဖြစ်သည်။ အဝေးကို ကုန်ရောင်းကုန်ဝယ် အနေဖြင့် သွားနေကြသည့် လူများပင် ပြန်ရောက်နေကြသည်။ အခမ်းအနား ပွဲကား လူတိုင်း၏ ပြုံးပန်း ဝေဆာသော လှုပ်ရှားမှုများ ခွက်ချင်း တိုက်သံများ စကားပြောသံများဖြင့် ပြည့်နှက်နေ၏။

ပွဲတော်ကို ဦးဆောင် ကျင်းပသူကား ဝမ်ထန်းရွှီ၏ အစ်ကိုကြီး ၊ ဝမ်ထန်းရွှီနှင့် ဝမ်ထန်းရွှီ၏ တတိယ ညီငယ်တို့ပင် ဖြစ်ကြသည်။ ထိုသုံးယောက်၏ ဆွေမျိုးသားချင်း အားလုံးက ထို သုံးယောက်အား ဂုဏ်ပြုနေကြသည့် မြင်ကွင်းကား ပျော်ရွှင်ဖွယ် ဖြစ်သည်။

သူတို့ မျက်ဝန်းထဲတွင် မနာလိုမှုများ ပြည့်နှက် နေသော်လည်း မြှောက်ပင့် စကားများသာ ပြောဆိုနေကြသည်။ အထူးသဖြင့် တစ်ဦးတစ်ယောက်မှ မကူညီခဲ့ကြသော်လည်း ဝမ်လင်းအဖေ၏ အတိတ်မှ ဝမ်းနည်းစရာ အကြောင်းကို နားလည်စာနာဟန် ပြောဆိုကြသည်။

ဝမ်လင်း၏ ဦးလေးခြောက်က ပြောသည်။

“အကိုနှစ် ဒီတစ်ကြိမ် အစ်ကို့သား သေချာပေါက် အရွေးခံမှာပဲ … နောက်ပိုင်း အစ်ကိုက လက်သမား လုပ်စရာမလိုတော့ဘူး … လူတိုင်းက အကို့ကို မြင်တာနဲ့ အကြီးအကဲလို့ ခေါ်ကြမှာပဲ…”

ဝမ်ထန်းရွှီ၏ ညီငါး ကလည်း ပြောသည်။

“လောင်အာ … အရင်ကတည်းက မင်းဘဝက မလွယ်ကူခဲ့ဘူး ဆိုတာ ငါသိပြီးသားပါ… မင်းဘဝကို ထေ့ကျူးအတွက် ပေးဆပ်ခဲ့တယ် … အခုသူက အင်မော်တယ် ဖြစ်တော့မယ်ဆိုတော့ သူ့အဖေဖြစ်တဲ့ မင်းကလည်း သာမန် မဟုတ်တော့ဘူး…”

“အကိုနှစ်… ဒီတခါ ခင်ဗျားသား ထေ့ကျူးရော ကျုပ်သားရော အရွေးခံရလိမ့်မယ်… ကျွန်တော်တို့ ညီအကိုတွေ မတွေ့ရတာ ဆယ်နှစ်လောက်ရှိပြီ… အခု ဘာပဲဖြစ်ဖြစ် အတူတူသောက်ကြစို့… ”

ဝိုင်ခွက်ကို ကိုင်ရင်းနှင့် ဝမ်ဟို၏ အဖေ(ဝါ)ဝမ်ထျန်းရွှီ၏ တတိယ ညီငယ်က ပြောလိုက်သည်။

ထေ့ကျူး၏ ဖခင်က သူ့အား အထင်သေးခဲ့သည့် ဆွေမျိုးများအား ကြည့်လိုက်သည်။ အတိတ်မှ အထင်အမြင် သေးခြင်းများကား ယခုအချိန်တွင် စုပ်စမြုပ်စ လွင့်ပျောက် သွားကြလေပြီ။ သို့သော်လည်း အဘယ်ကြောင့်မှန်းမသိ၊ သူ့ရင်ကို ကျောက်တုံးကြီး တစ်တုံးက ဖိနှိပ်ထားသယောင် ခံစားနေရသည်။

“ထေ့ကျူး …. မင်းအရွေးခံရမှ ဖြစ်မယ်…

ဝမ်လင်း၏ အဖေ တိတ်တဆိတ် အားတင်းသည်။

“မရီးနှစ် … အစ်ကိုနှစ်ကို ခင်ဗျား လက်ထပ်ခဲ့တာ ကံကောင်းတာပဲ … ထေ့ကျူးလို သားမျိုးကို ရထားမှတော့ ဒီဒေသတဝိုက်မှာ မရီးကို မသိတဲ့လူ မရှိလောက်တော့ဘူး… ”

“မရီးနှစ် … ခင်ဗျား ကလေး ထေ့ကျူးက ကျွန်တော့်သားထက် ပိုစွမ်းနိုင်တယ် … ထေ့ကျူးက ငယ်ငယ်ကတည်းက ညဏ်ကောင်းတယ်…”

“ထေ့ကျူးအမေရေ ကျုပ်တို့က တစ်မိသားစုတည်း ဖြစ်ပေမဲ့ အခုခေတ်မှာ ဆွေမျိုးနီးစပ်တွေ အချင်းချင်း လက်ထပ်ကုန်ကြပြီ … ထေ့ကျူးက ရုပ်လည်း ချောတယ် ကျုပ်လည်း သူ့ကို သဘောကျတယ် …. ကျုပ်တို့ မိသားစုနှစ်ခု ပေါင်းစည်းကြရင် မကောင်းဘူးလား … ”

ထေ့ကျူး၏ ဖခင်ကဲ့သို့ပင် သူ၏ မိခင်ကိုလည်း အမျိုးသမီး ဆွေမျိုးများက စကားဝိုင်းဖွဲ့ ပြောဆိုနေကြသည်။

ဝမ်ကျောက်၏ ဖခင်မူကား တစ်ချိန်လုံး တင်းမာသော မျက်နှာထားဖြင့် ထိုင်နေသည်။ အင်မော်တယ် ရောက်ရှိလာကာ ထေ့ကျူး အရွေးမခံရသည့် သတင်းစကား လာပြောရန်သာ သူက တိတ်တဆိတ် မျှော်လင့်နေသည်။ ထိုအခါကျမှ သူက သူ့ညီနှစ်၏ ခံစားချက်အား မိန့်မိန့်ကြီး ကြည့်မည်ဖြစ်သည်။

ထိုသို့တွေးကာ သူက တစ်ချက် ရယ်မောလိုက်ပြီး သူ့ရှေ့ရှိ သူ့သားအကြောင်း မြှောက်ပင့် ပြောနေသော ဆွေမျိုးအား ခွက်ချင်း တိုက်လိုက်သည်။

မြင်ကွင်းကား တက်ကြွစွာဖြင့် လှုပ်ရှား အသက်ဝင်နေသည်။ ထိုအချိန်တွင်ပင် ဓားအလင်းတန်း တစ်ခု ခြံဝင်းထဲသို့ ကျရောက်ပြီး လူလေးယောက် ပေါ်ထွက်လာသည်။

ရုတ်တရက် ခြံဝင်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ဝမ်မိသားစုဝင် တစ်ဦး တစ်ယောက်မှပင် စကားတစ်ခွန်း မပြောရဲကြပေ။

ဟုန်ယွီဂိုဏ်း တပည့်က ပတ်ဝန်းကျင်ကို အကဲခတ်ရင်း တိတ်တဆိတ် သက်ပြင်းချ လိုက်သည်။ သူ ဟုန်ယွီဂိုဏ်း တပည့်အဖြစ် အရွေးခံရစဉ်က သူ့ဇာတိမြို့တွင်လည်း ထိုသို့ ကျင်းပခဲ့ဖူးသည်။ ဝမ်လင်းကို ကရုဏာသက်စွာ ကြည့်ရင်းနှင့် အရွယ်နှင့် မလိုက်သည့် ပြင်းထန်သော အခြေအနေ တစ်ခုအား ထိုကလေး ရင်ဆိုင်ရတော့မည်ကို သိလိုက်သည်။

“သူ့ဘဝရှေ့ခရီး ခက်ခဲ ကြမ်းတမ်းတော့မှာပဲ…..”

ဟုန်ယွီဂိုဏ်း တပည့်က ခေါင်းယမ်းရင်း ဓားအလင်းအဖြစ် အသွင်ပြောင်းကာ ထွက်ခွာသွားသည်။

“အင်မော်တယ် လမ်းစဉ် လျှောက်လှမ်းသူတွေဟာ လောကီကိစ္စတွေနဲ့ မအပ်စပ်တော့ဘူး. .. လုပ်စရာရှိတာ လုပ်ထား … မင်းတို့ကို သုံးရက်အတွင်း ငါပြန်လာခေါ်မယ်….”

အဝေးမှ သူ့အသံကား ပဲ့တင် ထပ်သွားသည်။

အင်မော်တယ် ထွက်သွားသည်ကို မြင်သောအခါ ဝမ်ကျောက်၏ အဖေက အလျင်အမြန် သူ့သားဆီသို့ သွားကာ မေးလိုက်သည်။

“အင်မော်တယ်တွေက မင်းကို တပည့်အဖြစ် လက်ခံလိုက်လား ”

ဝမ်ကျောက်က ရင်ကိုကော့ကာ မာန ဝင့်ထည်စွာဖြင့် ပြောလိုက်သည်။

” ကျွန်တော်က ဆယ်နှစ်အတွင်း ဟုန်ယွီဂိုဏ်း တပည့်တွေရဲ့ ခေါင်းဆောင် ဖြစ်လာလိမ့်မယ်လို့ ဆရာက ပြောလိုက်တယ်…”

ဝမ်ကျောက်၏ ဖခင်က အလွန်အမင်း ဝမ်းမြောက်သွားကာ သူ့သား ပခုံးအား တင်းတင်း ဆုပ်ကိုင်လျက် ရယ်မောလိုက်သည်။

“တော်တယ် … ဝမ်ကျောက် … နောင်တစ်ချိန်မှာ မင်းက အင်မော်တယ် ဖြစ်လာလိမ့်မယ် … ငါတို့ ဝမ်မိသားစုမှာ အင်မော်တယ် ရှိလာတော့မယ်ကွ…”

ဝမ်ဟို၏ ဖခင်လည်း ဝမ်ဟို၏ အား စိုးရိမ်တကြီး ကြည့်လိုက်သည်။ သူမေးရန် ကြံရွယ်စဉ်တွင် ဝမ်ဟိုက သက်ပြင်းချပြီး ပြောလိုက်လေသည်။

“အဖေ မေးစရာ မလိုတော့ဘူး … အဖေ့သားက ဟုန်ယွီဂိုဏ်း တပည့် ဖြစ်ပြီးသား … ”

ဝမ်ဟို၏ ဖခင်လည်း ဝမ်းမြောက်ဝမ်းသာဖြင့် ခွက်ကို ကိုင်ကာ တစ်ရှိန်ထိုး မော့ချလိုက်သည်။

ဝမ်ကျောက်က မနှစ်မြို့သည့် မျက်နှာဖြင့် မထီလေးစား ပြောလိုက်သည်။

“ဦးလေးသုံးက သားကောင်း တစ်ယောက် မွေးထားတာပဲ… သူ့ကြောင့် ဝမ်မိသားစု မျက်နှာငယ်ရတယ်… လူတိုင်းရဲ့ရှေ့မှာ အင်မော်တယ်ကို မြှောက်ပင့် ပြောပြီးတော့ အကူဖြစ်လာခဲ့တယ်…”

ဝမ်ဟို မျက်ခုံးပင့်ကာ ပြောလိုက်သည်။

“အဲ့တော့ ဘာဖြစ်လဲ ငါပျော်တယ်… နောင်တစ်ချိန် ဘယ်သူက အစွမ်းထက်တဲ့ ကျင့်စဉ်တွေ ရပီးတော့… ဘယ်သူက မိသားစုပုံရိပ် ကျဆင်းစေမလဲ မင်း ကောင်းကောင်း သိရမယ်… ”

ထေ့ကျူး၏ ဖခင်က သူ့သား မျက်နှာပေါ်မှ စိတ်ဓာတ်ကျသည့် ပုံစံကို မြင်သောအခါ တုန်လှုပ်သွားပြီး မကောင်းသည့် ခံစားချက်များ ရရှိလိုက်သည်။

“ထေ့ကျူး … သားရော ဘယ်လိုလဲ…”

ထေ့ကျူး၏ မိခင် မျှော်လင့်တကြီး မေးလိုက်သည်။

***

Comment

  1. ဆောင်းရတီ says:

    good

Leave a Reply

Options

not work with dark mode
Reset