” ငါ ဒီဆေးလုံးတွေ သောက်ပြီးသွားရင် အဝလွန်ပြီး ပေါက်ကွဲသွားတာမျိုးတော့ မဖြစ်လောက်ပါဘူးနော် ” ဝမ်ပေါင်လဲ့မှာ ထိုဆေးပုလင်းကို ဆုပ်ကိုင်ကာ ဆေးလုံးနှစ်လုံးကို ထုတ်ယူလိုက်၏။ ထိုဆေးလုံးများမှာ ခရမ်းရောင်ဖြစ်နေပြီး ဆေးနံ့များ မပါဘဲ ၎င်းတို့ပေါ်တွင် ရှုပ်ထွေးသော မန္တန်အမှတ်အသားများသာ ရှိနေသည်။ သူသည် ၎င်းတို့အား နားမလည်ပါသော်လည်း သူ၏ အတွေ့အကြုံများအရ ထိုဆေးလုံးများမှာ အလွန်အင်မတန်မှ အစွမ်းထက်ကြောင်း ခံစားမိနေ၏။
သူသည် အနည်းငယ်ခန့် စိုးထိတ်နေရ၏။ ထိုဆေးလုံးများမှာ ယွမ်ယင်အဆင့်ကျင့်ကြံသူများဆီမှ ရရှိခဲ့သည် မဟုတ်ပါလော။ သူသည် အမြုတေအဆင့်တွင်သာ ရှိနေသေးသည်ဖြစ်ရာ ၎င်းတို့အား သုံးစွဲ၍ ရမရ မသိနိုင်ဘဲ ဖြစ်နေရ၏။
” ရေးကြီးခွင်ကျယ်တွေကွာ။ ဆေးလုံးလေးတစ်လုံးပဲကို။ ယွမ်ယင်အဆင့်ကျင့်ကြံသူတွေတောင် သောက်နိုင်မှာတော့ ငါလည်း သောက်နိုင်ရမှာပေါ့ ” ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် တစ်ခဏမျှ လွန်ဆွဲနေလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်အား ငုံ့ကြည့်လိုက်၏။ ထို့နောက် သူ၏ မျက်ဝန်းများထဲတွင် ဆုံးဖြတ်ချက်ပြတ်သားမှု အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။
” ငါက မောင်ကံကောင်းလေးဆိုတော့ ဒီလောက်နဲ့ သေမှာမဟုတ်ပါဘူး။ ပြီးတော့ ငါက အမှောင်အဆောင်ပစ္စည်းထဲမှာ ရှိနေတုန်းပဲလေ။ အရေးကြီးဆုံးအချက်က ငါက ပြည်ထောင်စုကြီးထဲက ခန္ဓာကိုယ် အကျစ်လျစ်ဆုံးနဲ့ ရုပ်အချောဆုံးလူ ဖြစ်နေတာမလို့ ဝိတ်နည်းနည်း တက်သွားရင်တောင် ကိစ္စမရှိပါဘူး။ ဘာကိုမှ ကြောက်နေစရာမလိုဘူး ” ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးလိုက်ပြီးနောက် ထိုဆေးလုံးအား အားသုံး၍ ထက်ခြမ်းခွဲလိုက်တော့သည်။
” တော်တော် မာတာပဲဟ ” ဝမ်ပေါင်လဲ့မှာ အားပိုစိုက်လိုက်ရ၏။ နောက်ဆုံးတွင် သူသည် ၎င်းအား တစ်ဝက်တိတိ ခြမ်းလိုက်ပြီးနောက် သူ၏ပါးစပ်ထဲသို့ ပစ်ထည့်လိုက်တော့သည်။
ထိုဆေးလုံး သူ၏ပါးစပ်ထဲသို့ ဝင်သွားသည်နှင့် ဝမ်ပေါင်လဲ့၏ ပါးစပ်ထဲတွင် ချဉ်စပ်စပ်ခံစားချက်တစ်ခုမှာ ချက်ချင်းပင်ပြည့်နှက်သွား၏။ ထိုအချဉ်ဓာတ်မှာ စပျစ်သီးရိုင်းများ ထည့်ထားသည့် ဇလုံကြီးတစ်ခုလုံးအား တစ်ခါတည်း မျိုချလိုက်သကဲ့သို့ပင်။ သူ၏ အရသာခံနိုင်စွမ်းများမှာ ချက်ချင်းဆိုသလိုပင် ပျောက်ဆုံးသွားပြီး သူသည် သူ၏ဦးနှောက်ဆီသို့ ခံစားချက်တစ်မျိုး စီးဆင်းလာသည်ကိုသာ အာရုံခံမိနေတော့သည်။ ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားရသလို မျက်နှာတစ်ခုလုံးမှာလည်း ရှုံ့မဲ့ကာ မျက်လုံးများပြူးနေရပြီဖြစ်သည်။
” အခြေအနေ မဟန်ဘူး ”
သို့သော် ဝမ်ပေါင်လဲ့မှာ ထိုခံစားချက်ကြီးအား ကျင့်သားမရသေးခင်မှာပင် ထိုအချဉ်ဓာတ်များမှာ ပျောက်ကွယ်သွား၏။ ၎င်းတို့၏နေရာတွင် သူ ယခင်တုန်းက မျိုချခဲ့ဖူးသည့် သေမင်းဆေးလုံးများထက် အဆပေါင်းများစွာပို၍ သာလွန်သော စပ်ဖျဉ်းဖျဉ်း အရသာကြီးတစ်ခု အစားထိုးဝင်ရောက်လာ၏။ ထို စပ်ဖျဉ်းဖျဉ်း အရသာကြီးမှာ သူ၏ပါးစပ်ထဲ၌ ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ဖြစ်နေပြီး ထိုပြင်းအားများမှာ သူ၏ အသိစိတ်ထဲ၌ ရိုက်ခတ်နေတော့သည်
” အား ” ဝမ်ပေါင်လဲ့မှာ အော်ဟစ်ချင်ပါသော်လည်း အသံတစ်သံမှ ထွက်မလာပေ။ သူသည် ရေသောက်ရန် လိုက်လံရှာဖွေလိုက်ပါသော်လည်း ရှာမတွေ့နိုင်ခင်မှာပင် သူ၏ အသိစိတ်များမှာ ပရမ်းပတာဖြစ်သွားရသောကြောင့် အော်ပင်မအော်နိုင်တော့ပေ။ ထို့ကြောင့် သူသည် သူ၏လည်ပင်းကို တင်းကျပ်စွာ ညှစ်လိုက်ပြီးနောက် တင်ပျဉ်ခွေထိုင်နေရာမှ ခုန်ထလာပြီး အရူးတစ်ယောက်ကဲ့သို့ ပြေးလွှားနေလိုက်တော့သည်။
ထိုကဲ့သို့ ဆယ်မိနစ်တိတိ ကုန်ဆုံးသွားပြီးမှ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ မြေကြီးပေါ်သို့ အသံအကျယ်ကြီးမြည်အောင် လဲကျသွားပြီး သတိမေ့သွားရတော့သည်။ သို့သော် သူသည် အသိစိတ်ပျောက်မသွားခင် သူ၏ အတွေးထဲ၌ အဘယ်ကြောင့် ကိုယ့်သေတွင်းကိုယ်တူးမိခဲ့ရပါသနည်းဟု သူ့ကိုယ်သူ ပြန်မေးမိနေတော့သည်…
သူသည် အသိစိတ်ပျောက်သွားပြီး မည်သည့်အရာကိုမှ ခံစားနိုင်စွမ်း မရှိတော့သည့်တိုင်အောင် သူ၏ ခန္ဓာကိုယ်မှာ အကြောဆွဲနေဆဲပင်။ ဝမ်ပေါင်လဲ့မှာ မြေပြင်ပေါ်သို့ လဲကျသွားပြီ ဖြစ်သည့်တိုင်အောင် သူ၏ ခြေလက်များမှာဆိုလျှင် ဓာတ်လိုက်ထားသကဲ့သို့ဖြစ်ကာ လေပေါ်သို့ အလိုလိုမြောက်တက်သွားလိုက် အောက်သို့ အလိုလိုပြန်ကျလာလိုက် ဖြစ်နေတော့သည်။
ထိုမြင်ကွင်းကြောင့် ဘေးပတ်ပတ်လည်ရှိ သားရဲကြီးများသာမက တစ်ခုခုလွဲနေကြောင်း အာရုံခံမိခဲ့သဖြင့် ရောက်ရှိလာကြသည့် အဆောင်ဝိညာဉ်သုံးခုတို့မှာလည်း အံ့ဩတုန်လှုပ်သွားရ၏။ သူတို့မှာ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်တွင် ဝိုင်းနေကြပြီး သူ၏ အကြောဆွဲနေသော ခန္ဓာကိုယ်ကြီးအား ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေလိုက်ပြီးနောက် ဝေခွဲမရဖြစ်နေသည့် အကြည့်များဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေလိုက်ကြတော့သည်။
” အဲ… ငါတို့ရဲ့ သခင်အသစ်က ဒီလိုကြီး သေသွားတာတော့ မဟုတ်ပါဘူးနော် ” ကောင်ကလေးမှာ ဇဝေဇဝါဖြစ်နေသည့် မျက်ဝန်းများဖြင့် ရေရွတ်လိုက်၏။ သူ၏ရှေ့မှ မြင်ကွင်းကြီးမှာ ယုံကြည်ချင်စရာ မရှိလောက်အောင် ဖြစ်နေသည်မဟုတ်ပါလော။
ထိုအချိန်တွင် ထောင့်တစ်ထောင့်၌ ရပ်နေသော တော်ဝင်ညွှန်ကြားရေးမှူး အဘိုးကြီးမှာ ချောင်းဟန့်လိုက်ပြီး ထိုကောင်ကလေးအား သဘောကျထောက်ခံသည့် အကြည့်ဖြင့်ကြည့်ကာ ညာဘက်လက်ဖြင့် သူ၏ခေါင်းအား ပုတ်ရန် ပြင်လိုက်၏။
” တော်တယ်ကွာ ”
ထိုအခါ ကောင်ကလေးမှာ တော်ဝင်ညွှန်ကြားရေးမှူး အဘိုးကြီး၏လုပ်ရပ်ကို နားမလည်နိုင်သောကြောင့် ဇဝေဇဝါ ဖြစ်သွားရ၏။ သို့သော် သိပ်မကြာခင်တွင် သူသည် အခြေအနေများကို ရိပ်စားမိသွားသောကြောင့် ချက်ချင်းဆိုသလိုပင် တုန်လှုပ်ချောက်ချားသွားရတော့သည်။ ဝမ်ပေါင်လဲ့မှာ သူ ဘေးထွက်ဆိုးကျိုး လုံးဝမရှိဟု အခိုင်အမာပြောဆိုခဲ့သည့် ဆေးလုံးများကို သောက်လိုက်ခြင်းဖြစ်ကြောင်း သူက သိရှိသွား၏…
” ဒါ…. ဒါ… ” ကောင်ကလေးမှာ ငိုမဲ့မဲ့ဖြစ်နေရတော့သည်။ ထို့နောက် တော်ဝင်ညွှန်ကြားရေးမှူးအဘိုးကြီးမှာ သူ့ဆီသို့ ချဉ်းကပ်လာနေပြီး သူ၏ခေါင်းကိုပုတ်ရန် ပြင်နေသည်ကို မြင်လိုက်ရသဖြင့် သူ၏မျက်ဝန်းများထဲတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။ သူ ထိုအဘိုးကြီးအား ပြန်လည်တုံ့ပြန်ရန် ပြင်လိုက်စဉ်မှာပင် အမှောင်သမ္ဗန် အဆောင်ဝိညာဉ်ဖြစ်သည့် လူသန်ကြီးမှာ တည်ကြည်စွာ ဆိုလိုက်၏။
” မင်းတို့နှစ်ယောက်စလုံး တော်ကြတော့။ ဒီကိစ္စက လှော်တက်အိုလေးနဲ့ ဘာမှမဆိုင်ဘူး။ သခင်က ဆေးလုံးတွေကို မျိုမချခင် သူ့ဘာသာသူ ထက်ခြမ်း ခြမ်းပစ်ခဲ့တာ။ ပုံမှန်ဆိုရင်က ဆေးလုံးရဲ့ အပြင်ဘက်အခြမ်းကိုပါ မျိုချရတာ။ အဲ့တာမှ အထဲက အရသာကို မခံစားရမှာ။ ဒါပေမဲ့ ငါတို့ရဲ့သခင်က အစွမ်းထက်ပြီးသားပါ။ ပြီးတော့ ပုံမှန်မဟုတ်လောက်အောင် မြင့်မားနေတဲ့ ခန္ဓာကိုယ်အလေးချိန်တစ်ခုကိုပါ ပိုင်ဆိုင်ထားသေးတာ။ အဲ့တာမလို ဘာမှဖြစ်မှာမဟုတ်ဘူး ” လှေဝိညာဉ်ကြီး ထိုသို့ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် မြေပြင်ပေါ်၌ အကြောဆွဲနေဆဲဖြစ်သည့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ အားကောင်းသော ဝိညာဉ်ချီလှိုင်းများ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာ၏။ အစပိုင်းတွင် ဝိညာဉ်ချီများမှာ သူ၏ အစာအိမ်ထဲမှ စမ်းချောင်းတစ်ခုအဖြစ် စီးဆင်းထွက်ပေါ်လာပါသော်လည်း ခဏအကြာတွင် ၎င်းတို့မှာ ရေစီးသန်သော မြစ်ကြီးတစ်စင်းကဲ့သို့ သူ၏ ခန္ဓာကိုယ်ထဲ၌ စီးဆင်းနေတော့သည်။
လှေဝိညာဉ်ကြီး စကားဆုံးသွားသောအခါ ထိုဝိညာဉ်ချီများမှာ သမုဒ္ဒရာကြီးကဲ့သို့ အရှိန်အဟုန်ပြင်းစွာ ရိုက်ခတ်နေကြပြီ ဖြစ်သည်။ ထို့နောက် ဝမ်ပေါင်လဲ့၏ ချွေးပေါက်များထဲမှ ဝိညာဉ်ချီများ စီးထွက်လာပြီး ဝိညာဉ်မြူခိုးများအဖြစ် ပြောင်းလဲကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကြတော့သည်။
တစ်ချိန်ထဲမှာပင် သတိလစ်နေသော ဝမ်ပေါင်လဲ့မှာ ဝိညာဉ်ချီများ၏ လှုံ့ဆော်ခြင်းကို ခံလိုက်ရသောကြောင့် တစ်ခဏမျှ သတိပြန်ရလာ၏။ သူသည် ရီဝေဝေဖြစ်နေပါသော်လည်း လျှပ်စီးတာအို အတွဲတစ်အား ချက်ချင်းပင် ထုတ်သုံးလိုက်သည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲမှ မိုးခြိမ်းသံများ ထွက်ပေါ်လာ၏။ ထိုအခါ ဝိညာဉ်ချီများမှာ ထိုမိုးခြိမ်းသံများ၏ စုပ်ယူခြင်းကို ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ဝမ်ပေါင်လဲ့၏ စွမ်းအင်စီးဆင်းမှု လမ်းကြောင်းများထဲသို့ တိုက်ရိုက်စီးဝင်သွားကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။ နောက်ဆုံးတွင် ၎င်းတို့မှာ ယခုလေးတင်မှ ပွင့်ဖတ်များပွင့်လာသော တတိယမြောက် ကြာခွက်ထဲသို့ စိမ့်ဝင်သွားကြတော့သည်။
ထိုဝိညာဉ်ချီများမှာ ထိုကဲ့သို့ စိမ့်ဝင်သွားကြပြီးနောက် ကြာပွင့်မဖြစ်လာသေးသော ပွင့်ဖတ်လေးများအတွက် အာဟာရဓာတ်များအဖြစ် ပြောင်းလဲသွားကြ၏။ ထို့ကြောင့် ထိုပွင့်ဖတ်လေးများမှာ လျင်မြန်စွာ ဖူးပွင့်လာကြတော့သည်။ ထိုသို့ဖူးပွင့်နေရင်း စက်ဝန်းပြတ်ပုံစံ လျှပ်စီးတန်းများ ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ၌ လျင်မြန်စွာ စီးဆင်းသွားကြ၏။
ထိုဖြစ်စဉ်ကြီးတစ်ခုလုံးမှာ ခြောက်နာရီတိတိ ကြာမြင့်သွား၏။ နောက်ဆုံးတွင် အားမာန်အပြည့်ဖြင့် ရိုက်ခတ်နေခဲ့ကြသည့် ဝိညာဉ်ချီလှိုင်းများမှာ တဖြည်းဖြည်းနှင့် ငြိမ်ကျသွားပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာလည်း ပုံမှန်အတိုင်းပြန်ဖြစ်သွားတော့သည်။ ထို့နောက် သူသည် ဇဝေဇဝါဖြစ်နေသည့် အမူအရာဖြင့် ဖြည်းဖြည်းချင်း မျက်လုံးများပြန်ပွင့်လာ၏။ တစ်ချိန်ထဲမှာပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးထဲ၌ စူးရှရှ နာကျင်မှုကြီးတစ်ခု ပျံ့နှံ့သွားသောကြောင့် သူသည် မနေနိုင်တော့ဘဲ ငြီးတွားမိလိုက်၏။
အစတုန်းက သူ၏ဘေးတွင် ရှိနေခဲ့သော အဆောင်ဝိညာဉ်သုံးခုမှာ သူ သတိပြန်မရလာခင်ကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ သနားစဖွယ်ကောင်းစွာ အော်ဟစ်မြည်တမ်းနေရင်း မတ်တတ်ပြန်ထနိုင်ရန် ကြိုးပမ်းနေ၏။ ထို့နောက် သူသည် သတိလစ်မသွားခင် အချိန်တုန်းက မြင်ကွင်းကြီးကို ပြန်၍ အမှတ်ရသွားသောအခါ တစ်ကိုယ်လုံး တုန်ရီသွားရတော့သည်။ ထိုချဉ်စပ်စပ် ခံစားမှုကြီးကြောင့် သူသည် ကြောက်ရွံ့တုန်လှုပ်နေရ၏။ ယခုတွင် သူသည် လက်လျှော့လိုက်ရန် အရင်ဆုံး တွေးမိလိုက်ပါသော်လည်း ခဏအကြာတွင် မျက်လုံးများ ပြူးသွားရတော့သည်။ နဂိုတုန်းက သူ၏ ခန္ဓာကိုယ်ထဲရှိ အစိမ်းရောင်ကြာပွင့်လေးပေါ်တွင် ရှိနေခဲ့သော ပွင့်ဖတ်လေးမှာ ယခုတွင် ကြာပွင့်တစ်ပွင့်အဖြစ် တစ်ဝက်တိတိ ပူးဖွင့်နေပြီဖြစ်ကြောင်း သူက အာရုံခံမိလိုက်၏။
” ဆေးစွမ်းပြတယ်ဟ ” ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားကာ ကျေနပ်အားရသွားတော့သည်။ ထို့နောက် သူသည် ချက်ချင်းဆိုသလိုပင် မတ်တတ်ထလာပြီး သူ၏ ကျင့်ကြံခြင်းစွမ်းအားကို အသုံးပြုလိုက်၏။ သူ၏ လက်များကို ဝှေ့ယမ်းလိုက်သောအခါ ကြောက်မက်ဖွယ်ရာ အသံကြီးတစ်သံ ထွက်ပေါ်လာပြီး လျှပ်စီးတန်းများမှာ ပုံသဏ္ဍာန်ပြောင်းလဲသွား၏။ ဝမ်ပေါင်လဲ့မှာ ၎င်းတို့၏ စွမ်းအားကို အကဲခတ်ကြည့်လိုက်ပြီးနောက် သူ၏ လျှပ်စီးတာအိုကျင့်ကြံခြင်းပညာရပ်အား အသုံးပြုနိုင်စွမ်းမှာ အခြေတည်ထိပ်ဆုံးအဆင့်တွင် ရှိနေသော လူတစ်ယောက်ထက် ပို၍သာလွန်သွားပြီဖြစ်ကြောင်း သိလိုက်ရ၏။ သူသည် အမှောင်အမြုတေကို အသုံးပြုစရာမလိုဘဲ အမြုတေအဆင့် ကျင့်ကြံသူအတုတစ်ယောက်နှင့် ဆင်တူနေပြီဖြစ်သည်။
၎င်းမှာ ဆေးလုံးတစ်ဝက်၏ အစွမ်းသာ ဖြစ်၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အပျော်လွန်သွားရတော့သည်။ ထို့နောက် သူသည် အံကြိတ်လိုက်ပြီး ကျန်ရှိနေသေးသည့် ဆေးလုံးတစ်ဝက်အား ကောက်ယူကာ မျိုချလိုက်တော့သည်။ ထိုအခါ သူသည် ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်းဆိုသလိုပင် တောင့်တင်းသွားပြီး လည်ပင်းကို လက်ဖြင့်ညှစ်ရင်း သနားစဖွယ်ကောင်းစွာ အော်ဟစ်မြည်တမ်းကာ မြေပြင်ပေါ်သို့ လဲကျသွားရပြန်သည်။ ထို့နောက် သူသည် တစ်ကိုယ်လုံး အကြောများဆွဲကာ သတိလစ်သွား၏။ ထိုအချိန်တွင် အဆောင်ဝိညာဉ်သုံးခုမှာ ပွဲကြည့်ပရိသတ်များအဖြစ် ပြန်လည်ပေါ်ပေါက်လာတော့သည် ….
” နတ်ဘုရား တစ်ပါးလိုပါပဲလား ”
” တော်တော်ကို ရက်စက်ကြမ်းကြုတ်တဲ့လူပဲ ”
” အစွမ်းထက်လိုက်တာ ”
ထိုအဆောင်ဝိညာဉ်သုံးခုမှာ မှတ်ချက်များ ပေးနေကြတော့သည်။ ဝမ်ပေါင်လဲ့မှာ ထိုမျှလောက်နှင့် သေဆုံးသွားမည်မဟုတ်ကြောင်း သူတို့က သိထားသောကြောင့် သူ သတိပြန်ရမလာခင်တွင် သူတို့အားလုံးမှာ ပျောက်ကွယ်သွားကြပြန်သည်။
ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ နှိပ်စက်ရင်း လေ့ကျင့်နေတော့သည်။ သူသည် ထိုဆေးလုံးအား တစ်လုံးစလုံး မျိုချပစ်ရန် စိတ်ကူးမရှိသည်တော့ မဟုတ်ပေ။ သို့သော် သူသည် တစ်ဆင့်ချင်းစီသာ လုပ်သင့်ကြောင်း တွေးထား၏။ အကယ်၍ သူ စိတ်လိုက်မာန်ပါ လုပ်မိသွားမည်ဆိုပါက မတော်တဆ သေဆုံးသွားနိုင်ပေသည်။
ဝမ်ပေါင်လဲ့၏ တွေးပုံတွေးနည်းမှာလည်း မှန်ကန်သည်ဟု ဆိုရပေမည်။ အကယ်၍ သူသာ ထိုဆေးလုံးအား တစ်ခါတည်း မျိုချလိုက်မည်ဆိုပါက အသက်ရှင်နိုင်ခြေ ရှိပါသော်လည်း သူ၏ ခန္ဓာကိုယ်မှာ သေချာပေါက် ထိခိုက်ဒဏ်ရာသွားမည်သာ ဖြစ်သည်။ ယခုကဲ့သို့ တစ်ဝက်ချင်းစီ မျိုချမှသာ သူ၏ ခန္ဓာကိုယ်က ၎င်းအား စုပ်ယူနိုင်စွမ်းရှိပေသည်။ ထိုနည်းလမ်းမှာ နာကျင်ရပါသော်လည်း နောက်ဆက်တွဲအကျိုးဆက်များ ပေါ်ပေါက်လာမည်မဟုတ်ပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဆေးလုံးနှစ်လုံးတိတိ မျိုချလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲ၌ မိုးကြိုးများ အဆက်မပြတ် ပစ်ခတ်နေတော့သည်။ ကြာပွင့်လေးမှာလည်း တစ်ပွင့်လုံးပွင့်လာပြီးနောက် ကြာခွက်တစ်ခွက် ပေါ်ပေါက်လာ၏။ ထို့နောက် ထိုကြာခွက်ထဲ၌ လျှပ်စီးအမြုတေတစ်ခု ထွက်ပေါ်လာတော့သည်။
ထိုအခါ လျှပ်စီး ဝိသေသလက္ခဏာတစ်ခုရှိသော အမြုတေအဆင့် အငွေ့အသက်တစ်ခုမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှာ ချက်ချင်းဆိုသလို ထိုထွက်လာ၏။ ထို့နောက် ၎င်းမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး သူ၏ စိတ်လှုပ်တရှား ရယ်မောသံကြီးမှာလည်း ပဲ့တင်ထပ်သွားတော့သည်။
ဝမ်ပေါင်လဲ့မှာ သူ့ကဲ့သို့ အမြုတေနှစ်ခု ဖန်တီးနိုင်သည့် အခြားသူများ ရှိမရှိကို မသိပေ။ သို့သော် သူသည် စမ်းသပ်ကြည့်လိုက်ပြီးနောက် ထိုအမြုတေနှစ်ခုမှာ အကူးအပြောင်း နေရာတစ်ခုကဲ့သို့ ဖြစ်နေသည်ကို သိလိုက်ရသည်။ သူ၏ ဝိညာဉ်ချီများ လျှပ်စီးအမြုတေ ကြာခွက်ထဲသို့ စိမ့်ဝင်သွားသောအခါ ထွက်ပေါ်လာသည့် လျှပ်စီးတန်းဆီမှ ထုတ်လွှတ်ပေးနေသည့် စွမ်းအားများမှာ လျှပ်စီးဝိသေသလက္ခဏာတစ်ခု ပိုင်ဆိုင်ထားသည့် အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားများနှင့် ဆင်တူနေ၏။
ထိုဝိညာဉ်ချီများ အမှောင်အမြုတေထဲသို့ စိမ့်ဝင်သွားကြသည့် အခါတွင်မူ အမှောင်အမြုတေ၏ စွမ်းအားများ ချက်ချင်း ပေါ်ထွက်လာသည် ဖြစ်သည်။
ထိုအမြုတေနှစ်ခုမှာ အပြင်အလှန် ဆက်သွယ်နေကြ၏။ ၎င်းတို့၏ကြားမှ ချိတ်ဆက်မှုမှာ ချောမွေ့ခြင်းမရှိသေးပါသော်လည်း အချိန်နှင့်အမျှ သူ၏ခန္ဓာကိုယ်မှာ ကျင့်သားရလာမည်ဖြစ်ကြောင်း သူက ခံစားမိနေ၏။ ထိုအချိန်သို့ရောက်လျှင် ဝမ်ပေါင်လဲ့မှာ တိုက်ပွဲထဲတွင် အလိုရှိသည့်အတိုင်း သူ၏ အမြုတေစွမ်းအားများကို လိုသလိုပြောင်းလဲ၍ အသုံးပြုနိုင်စွမ်း ရှိသွားမည်ဖြစ်သည်။
တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့အား အံ့အားသင့်သွားစေခဲ့သည့် ပြောင်းလဲမှုတစ်ခုလည်း ရှိနေသေးသည်။ ၎င်းမှာ သူ၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ချီများနှင့် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများ၏ သိပ်သည်းမှုများ မြင့်မားနေခြင်းပင်။ သူ အမှောင်အမြုတေအဆင့်သို့ ရောက်ရှိသွားခဲ့စဉ်တုန်းက သူ၏ စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများနှင့် ဝိညာဉ်ချီများမှာလည်း အပြင်ဘက်သို့ အရှိန်အဟုန်ဖြင့် ပေါက်ထွက်သွားခဲ့သည်မဟုတ်ပါလော။ သူ၏ စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများ ထိုကဲ့သို့ ပျံ့နှံ့သွားခဲ့စဉ်တုန်းက သူ၏ ဝိညာဉ်ချီများ တိုးတက်လာခဲ့၏။ ယခုတွင်လည်း ထိုကဲ့သို့ပင် ဖြစ်နေသောကြောင့် သူသည် သူ၏ စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများနှင့် ဝိညာဉ်ချီများမှာ နှစ်ဆတိတိ တိုးတက်သွားသကဲ့သို့ ဖြစ်နေတော့သည်။
ထို့ကြောင့် သူသည် အစောပိုင်း အမြုတေအဆင့်တွင်သာ ရှိနေသေးသည့်တိုင်အောင် သူ၏ တိုက်ရည်ခိုက်ရည် စွမ်းအားများမှာ သူနှင့် ကျင့်ကြံခြင်းအဆင့် အတူတူတွင်ရှိနေသော အခြားသူများထက် ပို၍သာလွန်နေပြီဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုအချက်အား သိလိုက်ရသောအခါ အလွန်အင်မတန်မှစိတ်ကျေနပ်သွား၏။ ထို့ကြောင့် သူသည် ရွှင်လန်းချမ်းမြေ့စွာဖြင့် ပစ္စည်းများအားလုံးကို သိမ်းဆည်းလိုက်ပြီး အကာအရံကြီးထဲမှ ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်တော့သည်။ အဆောင်ဝိညာဉ်သုံးခုက သူ့အား တရိုတသေနှင့် ကြည့်နေကြစဉ် သူသည် စိတ်ဓာတ်တက်ကြွစွာဖြင့် အကာအရံကြီး၏ အပြင်ဘက်သို့ ထွက်သွားလိုက်ပြီးနောက် မြို့တော်ထဲရှိ မြေအောက်စင်္ကြံလမ်းလေးပေါ်သို့ တက်သွားလိုက်တော့သည်။ ထို့နောက် ဝမ်ပေါင်လဲ့မှာ မောက်မာဝင့်ကြွားမှုအပြည့်ဖြင့် သူ၏ဗိုက်ကိုပုတ်ကာ အသံလွှင့်လက်စွပ်ကို ထုတ်ယူလိုက်ပြီး အင်္ဂါဂြိုဟ်ဘုရင်ခံဆီသို့ လှမ်း၍ဆက်သွယ်လိုက်၏။ သို့သော် ဘုရင်ခံမှာ အကြောင်းမပြန်သောကြောင့် ဝမ်ပေါင်လဲ့မှာ အကြောင်းကြားစာတစ်စောင် ချန်ရစ်ထားခဲ့လိုက်တော့သည်။
” ဘုရင်ခံခဗျား။ ဝမ်ပေါင်လဲ့ဆိုတဲ့ ကျနော်က ဘုရင်ခံကို စိတ်ပျက်အောင် ဘယ်တော့မှမလုပ်ပါဘူး။ ကျနော် လပေါင်းများစွာ တံခါးပိတ်ကျင့်ကြံပြီးတဲ့နောက်မှာ ဘာအခက်အခဲမှ မရှိဘဲ ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်သွားနိုင်ခဲ့ပါပြီ။ ကျနော်… အမြုတေအဆင့်ကို ရောက်သွားပါပြီ “