” စာအိတ် ဟုတ်လား။ မင်း ဖွင့်တတ်လား ” တော်ဝင်ညွှန်ကြားရေးမှူး အဘိုးကြီး၏အဖြေကြောင့် ဝမ်ပေါင်လဲ့မှာ သိချင်စိတ်များ ပြင်းပြလာရ၏။ ဝမ်ပေါင်လဲ့မှာ ထိုသို့မေးမြန်းလိုက်ပြီးနောက် တော်ဝင်ညွှန်ကြားရေးမှူး အဘိုးကြီး ခေါင်းယမ်းပြလိုက်သည်ကို မြင်လိုက်ရသဖြင့် ထိုကျောက်တုံးသေတ္တာအား ကောက်ယူလိုက်ပြီး သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်၏။
သူသည် မည်သည့်ဘက်မှကြည့်ကြည့် ၎င်းမှာ စာအိတ်တစ်အိတ်နှင့် လုံးဝ တူမနေခဲ့ပေ။ သို့သော် တော်ဝင်ညွှန်ကြားရေးမှူးမှာ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေသည့်ပုံ ပေါက်နေသောကြောင့် ဝမ်ပေါင်လဲ့မှာ ယုံတစ်ဝက် မယုံတစ်ဝက်နှင့် ဓမ္မရတနာတစ်ခု ထုတ်ယူလိုက်ပြီး တော်ဝင်ညွှန်ကြားရေးမှူး အဘိုးကြီးဆီသို့ လှမ်းပစ်ပေးလိုက်၏။ ထို့နောက် သူသည် ကောင်ကလေးအား စိုက်ကြည့်နေလိုက်တော့သည်။
ထိုအခါ ထိုကောင်ကလေးမှာ ချက်ချင်းဆိုသလိုပင် ရင်တထိတ်ထိတ် ဖြစ်သွားရပါသော်လည်း ဝမ်ပေါင်လဲ့အား အပြစ်မတင်ရဲပေ။ ထို့ကြောင့် သူသည် သူ၏ မကျေနပ်ချက်များအားလုံးကို တော်ဝင်ညွှန်ကြားရေးမှူးပေါ်သို့သာ ပုံချလိုက်ရ၏။ အဝတ်စုတ်တစ်ခုကိုသာ ဆင်မြန်းထားသည့် အဘိုးကြီးမှာ ထိုသေတ္တာ၏ အကြောင်းကို သိထားပါသော်လည်း ချက်ချင်းထုတ်ပြောခဲ့ခြင်းမရှိဘဲ သူပြောပြီးသောအခါမှသာ နောက်မှ လိုက်ပြောခဲ့သောကြောင့် ကောင်ကလေးမှာ ကလိမ်ကကျစ်ကျခံလိုက်ရသကဲ့သို့ ခံစားနေရ၏။
ထို့ကြောင့် ကောင်ကလေးမှာ သူ၏ဂုဏ်သိက္ခာကို ပြန်၍အဖတ်ဆယ်ရန် ကြိုးပမ်းလိုက်၏။ ထို့နောက် ၎င်းမှာ ဆေးပုလင်းများကို မြင်လိုက်ရသောအခါ မျက်လုံးများ အရောင်လက်သွားပြီး အလောတကြီး ဆိုလိုက်တော့သည်။
” သခင်။ အဲဒီဆေးလုံးတွေကို လက်လွတ်စပယ် မစားပစ်နဲ့နော်။ လူမှုအဖွဲ့အစည်းတစ်ခုချင်းစီရဲ့ လည်ပတ်မှု နည်းစနစ်တွေက တူညီမှုမရှိတော့ သူတို့ဆီက လူတွေရဲ့ ခန္ဓာကိုယ်တွေရဲ့ အလုပ်လုပ်ပုံကလည်း ကျနော်တို့နဲ့ မတူဘဲ ကွဲပြားနေလောက်တယ်။ အဲ့တာမလို့ သူတို့အတွက် အားဖြည့်ဆေးတွေက ကျနော်တို့အတွက် အဆိပ်အတောက်တွေ ဖြစ်ရင်ဖြစ်နေနိုင်တယ် ”
” ဒါပေမဲ့ ကျနော်က ဆေးလုံးတွေကို အမျိုးအစားခွဲခြားတဲ့နေရာမှာ ကျွမ်းတယ်ဗျ။ အဲ့တာမလို့ ဒီပြဿနာကို သခင့်အတွက် ကျနော် ဖြေရှင်းပေးနိုင်ပါတယ် ” ကောင်ကလေးမှာ ထိုသို့ဆိုလိုက်ပြီးနောက် ဆေးပုလင်းများဆီသို့ ချက်ချင်းပင်ရောက်ရှိလာ၏။ ထို့နောက် သူသည် ထိုဆေးပုလင်းများအား တို့ထိနမ်းရှုပ်ကြည့်လိုက်ပြီး နောက်ဆုံးတွင် ဆေးပုလင်းနှစ်ပင်းကို ယူကာ ဝမ်ပေါင်လဲ့၏ရှေ့၌ ချထားလိုက်၏။
” သခင်။ ဒီဆေးပုလင်း နှစ်ပုလင်းထဲက ဆေးလုံးတွေကတော့ ဘာ ဘေးထွက်ဆိုးကျိုးမှမရှိဘူး။ အဲတာ ယွမ်ယင်အဆင့်ကျင့်ကြံသူတွေ နေ့စဉ်သောက်ရတဲ့ အားဖြည့်ဆေးလုံးတွေ။ တခြားဆေးလုံးတွေကတော့ ဘေးထွက်ဆိုးကျိုးတချို့ ရှိနေကြပေမဲ့ သူတို့ရဲ့ အညစ်အကြေးတွေကို သန့်စင်ပြီးတော့ သခင်သုံးစွဲလို့ရအောင် လုပ်ပေးဖို့ အချိန်နည်းနည်းရယ် သက်စောင့်စွမ်းအား နည်းနည်းရယ်ပဲ လိုပါတယ် ” ကောင်ကလေးမှာ အလျင်အမြန် လျှောက်တင်လိုက်၏။ ထို့နောက် ဝမ်ပေါင်လဲ့တစ်ယောက် စိတ်ကျေနပ်သည့်ပုံ ပေါက်သွားသောအခါမှသာ ထိုကောင်ကလေးမှာ စိတ်အေးသွားရပြီး သက်ပြင်းချနိုင်တော့သည်။ ထို့နောက် သူသည် အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားပြီး သူ့ကိုယ်သူ ကျေနပ်နေသည့် အမူအရာဖြင့် တော်ဝင်ညွှန်ကြားရေးမှူး အဘိုးကြီးအား လှမ်းကြည့်လိုက်၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သက်ပြင်းချမိသွားသလို တစ်ချိန်ထဲမှာပင် တော်ဝင်ညွှန်ကြားရေးမှူးအဘိုးကြီးကိုလည်း သနားမိသွား၏။ တော်ဝင်ညွှန်ကြားရေးမှူးမှာ သူ၏ ပြိုင်ဘက်များ သူ့ထက်ပို၍ အစွမ်းထက်နေမည်ကို ကြောက်ရွံ့နေခြင်းမဟုတ်ဘဲ သူ့ထက်ပို၍ တုံးအ,နေမည်ကိုသာ စိုးရိမ်နေရခြင်း ဖြစ်ပေသည်။
သို့သော် ဝမ်ပေါင်လဲ့မှာ ထိုကိစ္စများကို တွေးပူနေစရာမလိုပေ။ သူသည် ကောင်ကလေးအား အထင်ကြီးမိသွားသောကြောင့် သူ၏အပြုံးမှာ ပို၍ပင် အသက်ဝင်လာရတော့သည်။ ထိုအခါ ကောင်ကလေးမှာလည်း ပို၍ပင်စိတ်လှုပ်ရှားသွား၏။ သူသည် ကျန်ရှိနေသေးသော ဆေးလုံးများကို သိမ်းဆည်းကာ ရင်ဘတ်အား လက်သီးဖြင့် ထုပြလိုက်ပြီးနောက် လအနည်းငယ်အတွင်းတွင် ၎င်းတို့ထဲမှ အညစ်အကြေးများကို ဖယ်ရှားပေးမည်ဟု ကတိပေးလိုက်၏။ ထို့နောက် သူသည် နောက်သို့လှည့်သွားပြီး ပျောက်ကွယ်သွားတော့သည်။
တော်ဝင်ညွှန်ကြားရေးမှူးအဘိုးကြီးမှာ အလွန်အင်မတန်မှ စိတ်ကသိကအောက် ဖြစ်နေရပါသော်လည်း ထိုခံစားချက်များကို သူ၏မျက်နှာပေါ်၌ ထုတ်ပြခြင်းမရှိပေ။ သူသည် ဝမ်ပေါင်လဲ့အား တရိုတသေ နှုတ်ဆက်လိုက်ပြီးနောက် သူ၏ရှေ့မှနေ၍ ပျောက်ကွယ်သွားတော့သည်။ လှေဝိညာဉ် လူသန်ကြီးမှာမူ အစမှအဆုံးအထိ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ခြင်းမရှိပေ။ သူသည် ဉာဏ်ထိုင်းနေသည်တော့ မဟုတ်ဘဲ ဝမ်ပေါင်လဲ့တစ်ယောက် အောင်မြင်မှုများ ဆွတ်ခူးနိုင်အောင် ကူညီပေးရန် အတိုင်းအတာတစ်ခုအထိ တာဝန်ယူထားရသည်မဟုတ်ပါလော။ ထို့အပြင် သူသည် ဝမ်ပေါင်လဲ့ အယုံကြည်ဆုံးဖြစ်သည့် အမှောင်အဆောင်ပစ္စည်း၏ အစောင့်အရှောက်လည်း ဖြစ်နေသေးသည်။
ထိုသို့ဖြင့် ထို အဆောင်ဝိညာဉ်သုံးခုမှာ လူစုများခွဲသွားကြစဉ်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ညာဘက်လက်ကို ညှစ်လိုက်ပြီး သုံးရောင်ခြယ်ဓားပျံလေးအား သူ့ဆီသို့ ပျံဝဲလာစေလိုက်၏။ သူသည် ၎င်းအား သေသေချာချာ ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် ၎င်းဆီမှ ထွက်ပေါ်နေသည့် အားကောင်းသော အငွေ့အသက်များကြောင့် ထိုရတနာလေးမှာ သတ္တမအဆင့် အဆောင်ပစ္စည်းတစ်ခု မဟုတ်နိုင်ဘဲ အဋ္ဌမအဆင့်နှင့် အထက်တွင် ရှိနေရမည်ဟု ကောက်ချက်ချလိုက်၏။ သူသည် ၎င်း၏ အဆင့်အတန်းအား အတိအကျ မသိနိုင်သည့်တိုင်အောင် ထိုကဲ့သို့ ခံစားနေရသည်။
” နဝမအဆင့် ဓမ္မလက်နက်များလား။ မဟုတ်လောက်ပါဘူး… ဒီရတနာလေးတွေထဲမှာ ဓမ္မလက်နက်ရဲ့ ဝိသေသလက္ခဏာတစ်ခုဖြစ်တဲ့ ဝိညာဉ်အသိစိတ်အကြွင်းအကျန်တွေ တစ်ခုမှ ရှိမနေဘူး။ သူတို့ရဲ့ပုံစံက ရိုးရိုး ဓမ္မပစ္စည်းတွေအတိုင်းပဲ ”
ဝမ်ပေါင်လဲ့မှာ အချိန်အနည်းငယ်ခန့် တွေးတောကြည့်လိုက်ပြီးနောက် မျက်လုံးများမှေးသွားကာ သူ၏ညာဘက်လက်ဖြင့် မန္တန်လက်ကွက်များဖော်လိုက်ပြီး ထို သုံးရောင်ခြယ် ဓားပျံလေးအား လက်ညှိုးထိုးလိုက်၏။ ထိုအခါ ထိုဓားပျံလေးမှာ ချက်ချင်းဆိုသလိုပင် တုန်ရီသွားပြီး ဝမ်ပေါင်လဲ့၏ ဝိညာဉ်ချီများ ၎င်းထဲသို့ ဝင်ရောက်သွားသောအခါ အကြိမ်အနည်းငယ်ခန့် မှိတ်တုတ်မှိတ်တုတ် လင်းလက်တောက်ပလာပြီးနောက် ချက်ချင်းဆိုသလိုပင် ပြန်၍ မှေးမှိန်သွားတော့သည်။
” ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့် နိမ့်နေသေးလို့မဟုတ်ဘဲ ဒီပစ္စည်းကို အသုံးပြုတဲ့နည်းလမ်း မှားနေလို့ပဲ ဖြစ်ရမယ်… ” အကယ်၍ အခြားတစ်ယောက်ယောက်သာဆိုပါက ယခုလောက်ဆိုလျှင် အကြံကုန်နေလောက်ပြီဖြစ်ပြီး ဓမ္မလက်နက် ကျင့်ကြံသူတစ်ယောက်အား သွား၍ အကူအညီတောင်းလိုက်မည်သာဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ ဓမ္မလက်နက် ကျင့်ကြံသူတစ်ယောက် ဖြစ်နေရုံသာမက သတ္တမအဆင့် ဓမ္မလက်နက်များကိုပင် ကျွမ်းကျင်စွာ သန့်စင်နိုင်စွမ်း ရှိနေသည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် မျက်လုံးများ အရောင်လက်သွားပြီး သူ၏ ညာဘက်လက်ကို မြှောက်လိုက်သောအခါ မီးလုံးတစ်လုံး ပေါ်ပေါက်လာ၏။
ထိုအပူချိန်မှာ လုံလောက်မှုမရှိသေးဟု ဝမ်ပေါင်လဲ့က ခံစားနေရသောကြောင့် သူ၏ ညာဘက်လက်ကို ထပ်၍ဝှေ့ယမ်းလိုက်သောအခါ သူ၏ လက်ဖဝါးထဲမှ မိုးကြိုးသွားတစ်ခု ပေါ်ပေါက်လာပြီး ထိုမီးလုံးထဲသို့ တိုးဝှေ့ဝင်ရောက်သွား၏။ ၎င်းမှာ ထိုမီးလုံးအား လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်သွားသဖြင့် ထိုမီးလုံးကြီးမှာ ချက်ချင်းဆိုသလိုပင် နှစ်လုံးကွဲသွားတော့သည်။ ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော အမှောင်အမြုတေမှာလည်း တုန်ရီသွားသဖြင့် သူ၏ အမှောင်အမြုတေကျင့်ကြံခြင်းစွမ်းအားများ ထွက်ပေါ်လာတော့သည်။ ထို့ကြောင့် မီးလုံးကြီး၏ အပြင်ဘက်ပတ်ပတ်လည်တွင် အေးစက်စက် အငွေ့အသက်တစ်မျိုး ပေါ်ပေါက်လာရ၏။
အတွင်းပိုင်းတွင်ပူနေပြီး အပြင်ပိုင်းတွင် အေးစက်နေသည့် မီးလုံးကြီးနှစ်လုံးမှာ အစပိုင်းတွင် တစ်လုံးနှင့်တစ်လုံး တွန်းကန်နေသကဲ့သို့ ဖြစ်နေကြပါသော်လည်း မိုးကြိုးသွားလေးမှာ ၎င်းတို့အား ဆက်သွယ်ပေးထား၏။ ထို့အပြင် ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ၎င်းတို့အား ဖိနှိပ်နေကြသည် ဖြစ်သောကြောင့် ထိုမီးလုံးနှစ်လုံးမှာ တစ်သားတည်း ပေါင်းစည်းသွားကြတော့သည်။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ ထိုမီးလုံးအား လက်ညှိုးဖြင့်ထိုးလိုက်သောအခါ ၎င်းမှာ သုံးရောင်ခြယ် ဓားပျံလေးအား ချက်ချင်းဆိုသလိုပင် ဖုံးလွှမ်းသွားတော့သည်။
ထိုမီးလုံးကြီး ဓားပျံလေးအား လွှမ်းခြုံသွားသည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် မန္တန်လက်ကွက်များ ဖော်လိုက်၏။ ထို့နောက် လေထဲတွင် ကမ္ဗည်းစာလုံးများ ပေါ်ပေါက်လာပြီး ဓားပျံလေးမှာ မီးလုံးကြီး၏ ဖုံးလွှမ်းခြင်းကိုခံထားရစဉ် သူသည် ထိုကမ္ဗည်းစာလုံးများအား သုံးရောင်ခြယ်ဓားပျံလေးပေါ်၌ ရေးထိုးလိုက်၏။ သူသည် ထိုဓားပျံလေးအား ဒုတိယအကြိမ်အဖြစ် သန့်စင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
၎င်းမှာ သန့်စင်ခြင်းလုပ်ငန်းစဉ်တစ်ခုနှင့် တူပါသော်လည်း အမှန်တကယ်တွင်မူ ၎င်းအား ဖျက်ဆီးပစ်သည့် လုပ်ငန်းစဉ်တစ်ခုသာ ဖြစ်ပေသည်။
ထို ကမ္ဗည်းစာလုံးများမှာ သော့တစ်ချောင်းကဲ့သို့ ပြုမူကာ ပြည်ထောင်စုကြီး လက်ခံကျင့်သုံးသည့် နည်းစနစ်နှင့် မတူသော အခြားနည်းစနစ်တစ်ခု၏ လျှို့ဝှက်ဆန်းကြယ်မှု သော့ခလောက်များအား ဆက်တိုက်ဆိုသလို ဖွင့်လှစ်ပေးလိုက်၏။ ထိုအခါ အစပိုင်းတွင် တောင့်ခံနေခဲ့သည့် ဓားပျံလေးမှာ ချက်ချင်းဆိုသလိုပင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားရပြီး ၎င်း၏ အတွင်းပိုင်းတွေရှိနေသော အနက်ရောင် အမျှင်အတန်းများ ပေါ်ပေါက်လာရတော့သည်။
ထို ပါးလွှာသော အမျှင်အတန်းလေးများမှာ စွမ်းအင်တစ််မျိုးမျိုးကြောင့် ပေါ်ပေါက်လာခဲ့သည့်ပုံပင်။ ၎င်းတို့မှာ အစိတ်အပိုင်းအားလုံးကို အတူတကွ ချိတ်ဆက်ပေးထားသည့် ကြိုးတစ်ချောင်းကဲ့သို့ ဖြစ်နေ၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်တောက်လာရတော့သည်။ ပြည်ထောင်စုကြီးထဲ၌ မရှိသော ဓမ္မရတနာတစ်ခု၏ ဖွဲ့စည်းတည်ဆောက်ပုံကို သူသည် ယခုမှ ပထမဆုံးအကြိမ်ဖြစ် မြင်ဖူးခြင်းဖြစ်၏။ သူသည် အခြားဂြိုဟ်မှ ဓမ္မရတနာများအား တစ်စစီဖျက်ဆီးနေရင်း ဓမ္မလက်နက်များ၏ အကြောင်းကို တဖြည်းဖြည်းနှင့် ပို၍ နားလည်လာရတော့သည်။ သူသည် ဗဟုသုတ နှံ့စပ်ကြွယ်ဝသော လူတစ်ယောက်ဆီမှ သင်ယူလေ့လာနေရသကဲ့သို့ ခံစားနေရ၏။
သူတို့၏ ဓမ္မရတနာများထဲတွင် ကမ္ဗည်းစာလုံးများ မပါပေ… ၎င်းတို့အား ယခုကဲ့သို့ တမူထူးခြားသော စွမ်းအင်အမျှင်အတန်းလေးများဖြင့် ချိတ်ဆက်ထားသည့် အလွန်အင်မတန်မှ သေးငယ်သော အစိတ်အပိုင်းပေါင်း မြောက်မြားစွာအား အတူတကွ စုပေါင်းကာ ဖန်တီးထားခြင်း ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ လက်နှစ်ဖက်စလုံး အသုံးပြုကာ အချုပ်အနှောင်များ ဖန်တီးနေသောကြောင့် ပို၍ပင် မြန်ဆန်နေတော့သည်။ နာရီဝက်တိတိ ကုန်ဆုံးသွားပြီးနောက် သူသည် သုံးရောင်ခြယ် ဓားပျံလေးအား သေးငယ်သော အစိတ်အပိုင်းပေါင်း မြောက်မြားစွာအဖြစ် ခွဲခြမ်းပြီးသွားပြီဖြစ်သည်။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ သူ၏ဘယ်ဘက်လက်ကို မြှောက်လိုက်ပြီး ထိုအစိတ်အပိုင်းများကြားရှိ လက်သီးဆုပ်အရွယ်အစားရှိသော ကျောက်တုံးတစ်တုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်တော့သည်။
ထိုကျောက်တုံးမှာ ဤဓမ္မရတနာ၏ အမြုတေဖြစ်သလို စွမ်းအင်အတန်းများ၏ အင်အားအရင်းအမြစ်လည်း ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ သူ၏လက်ထဲရှိ ကျောက်တုံးကို အကဲခတ်ကြည့်ရှုနေ၏။ သူသည် သိပ်မကြာခင်တွင် ၎င်းမှာ ကြယ်တာရာရင်းမြစ်တစ်ခုဖြစ်ကြောင်း သိလိုက်ရတော့သည်။
၎င်းမှာ အဆောင်ဝိညာဉ်ကြီး ယူသွားသော ကြယ်တာရာရင်းမြစ်နှင့် မတူဘဲ တမူထူးခြားသည့် သန့်စင်ခြင်းလုပ်ငန်းစဉ်တစ်ခုအား ကျော်ဖြတ်ခဲ့ရသည့်ပုံ ပေါက်နေ၏။ ဝမ်ပေါင်လဲ့မှာ ဓမ္မလက်နက်သခင်တစ်ယောက် ဖြစ်နေသည့်တိုင်အောင် ထိုကျောက်တုံးအား ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းမရှိဘဲ ဖြစ်နေရသည်။
သို့သော် ယခုအဆင့်အထိ ရောက်ရှိလာပြီးသည့်တိုင်အောင် ထို ဓမ္မရတနာအား ထိန်းချုပ်နိုင်စွမ်းရှိနေဆဲပင်။ ၎င်းဆီမှ ထုတ်ယူနိုင်သော စွမ်းအားပမာဏသာ အနည်းငယ်ခန့် လျော့နည်းနေမည်ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သေသေချာချာ တွေးတောလိုက်ပြီးနောက် ၎င်းအား အသုံးပြု၍မရတော့သော အဆင့်အထိ ရောက်သွားအောင် လုပ်မည့်အစား သူ့နည်းသူ့ဟန်ဖြင့် ထိန်းချုပ်ကြည့်ရန် ဆုံးဖြတ်လိုက်၏။ ထိုသို့သာဆိုပါက ၎င်းမှာ အလကားဖြစ်သွားတော့မည် မဟုတ်ပေ။
ဝမ်ပေါင်လဲ့မှာ ထိုသို့ထိန်းချုပ်နိုင်ရန်အတွက်လည်း ၎င်းအား တစ်စစီ ခွဲခြမ်းခဲ့စဉ်တုန်းက နည်းလမ်းတစ်ခု ရှာတွေ့ခဲ့ပြီးဖြစ်သည်။ သူသည် ထိုရတနာအား ထိန်းချုပ်နိုင်အောင် ကြယ်တာရာရင်းမြစ်ပေါ်တွင် ကမ္ဗည်းစာလုံးများ ရေးထိုးလိုက်မည် ဖြစ်သည်။ ၎င်းမှာ သစ်သားရုပ်သေးရုပ်တစ်ရုပ်၏ ခြေလက်များ၏ စက်ယန္တရားများထဲ၌ ကြိုးတစ်ချောင်း ချည်လိုက်ခြင်းနှင့် ဆင်တူပေသည်။ ထိုကြိုးကို ထိန်းချုပ်မည့်လူမှာ ဝမ်ပေါင်လဲ့ ဖြစ်၏။ သူသည် ထိုရတနာကို ထိန်းချုပ်နိုင်စွမ်း မရှိပါသော်လည်း ကြိုးများကို ထိန်းချုပ်နိုင်စွမ်းရှိနေမည်ဖြစ်ရာ အခြားဂြိုဟ်မှ ဓမ္မလက်နက်ကြီး၏ စွမ်းအားများကို သွယ်ဝိုက်သောနည်းဖြင့် တစ်စိတ်တစ်ပိုင်းခန့် ထုတ်လွှတ်နိုင်စွမ်း ရှိနေမည်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ဖဲကြိုးနှင့် အကြေးခွံများကိုလည်း ထိုကဲ့သို့ပင် လုပ်လိုက်၏။ ထိုသို့ဖြင့် ရက်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် သူသည် ၎င်းတို့ပေါ်၌ ကမ္ဗည်းစာလုံးများ အောင်မြင်စွာ ရေးထိုးပြီးသွားပြီ ဖြစ်သည်။ ထို့ကြောင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ သုံးရောင်ခြယ် ဓားပျံလေးမှာ ဝင်းလက်တောက်ပလာပြီးနောက် ဓားပျံပေါင်း မြောက်မြားစွာမှာ သူ၏ ပတ်ပတ်လည်၌ ဝန်းရံကာ ဓားအစီအရင်တစ်ခုကို ဖန်တီးပေးလိုက်၏။
တစ်ချိန်ထဲမှာပင် ဖဲကြိုးလေးမှာလည်း သူ၏ ပတ်ပတ်လည်၌ လည်ပတ်နေသောကြောင့် သူသည် ဒဏ္ဍာရီထဲမှ နီကျားနှင့်ပင် တူနေပြီး အလွန်အင်မတန်မှ အံ့ဩမှင်တက်ဖွယ်ကောင်းနေတော့သည်။
ထို ဓမ္မရတနာနှစ်ခုမှာ အံ့ဩမှင်တက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်လွန်းနေသောကြောင့် အဋ္ဌမအဆင့် ဓမ္မလက်နက်များနှင့်ပင် ဆင်တူနေတော့သည်။
” ငါ အခွင့်အရေးရရင် တခြားဂြိုဟ်က ဓမ္မရတနာတွေကို သန့်စင်နိုင်တဲ့ နည်းလမ်းတွေ လေ့လာထားဖို့လိုတယ် ” ဝမ်ပေါင်လဲ့မှာ သူ၏ဘေးတွင်ရှိနေသော ဓားပျံလေးအား စိတ်ကျေနပ်မှုအပြည့်ဖြင့် ကြည့်နေလိုက်၏။ ထို့နောက် သူ၏လက်ကို ဝှေ့ယမ်းကာ ဓားပျံလေးနှင့် ဖဲကြိုးတို့ကို သိမ်းဆည်းလိုက်ပြီးနောက် သူ၏ လက်ဖဝါးကို ပြန်လှန်လိုက်သောအခါ အကြေးခွံသုံးခု ပေါ်ပေါက်လာ၏။
” ဒီအက်ကွဲကြောင်းတွေက ကြီးလွန်းနေတော့ ဒီအကြေးခွံတွေကို တစ်ခါသုံး ဗုံးတွေလိုပဲ အသုံးပြုနိုင်မှာ နှမြောစရာပဲ။ သူတို့က တော်တော်လေးကို အစွမ်းထက်လောက်တယ် ” ဝမ်ပေါင်လဲ့မှာ သူ၏ဗိုက်ကိုပုတ်ကာ ရေရွတ်လိုက်၏။ ထို့နောက် သူသည် အားရကျေနပ်သွားပြီး ဤနေရာမှ ယခုချက်ချင်း ထွက်ခွာသွားသင့်သည်လောဟု စဉ်းစားလိုက်သည်။ ထို့နောက် သူသည် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု၏ မြို့နယ်အသစ်အား အထူးဒေသတစ်ခုအဖြစ် ပြောင်းလဲလိုသည့် အစီအစဉ်ကြီးအကြောင်းကို ပြန်၍သတိရသွားသောအခါ မျက်လုံးများပင့်မိသွားတော့သည်။
ယခင်တုန်းကသာဆိုလျှင် သူသည် ထိုကိစ္စကြောင့် အမျက်ချောင်းချောင်း ထွက်နေရမည်သာဖြစ်သည်။ သို့သော် ယခုတွင်မူ အခြေအနေ အားလုံးမှာ ပြောင်းလဲသွားပြီဖြစ်သည်။ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု၏ အစီအစဉ်ကြီးမှာ ဝမ်ပေါင်လဲ့အတွက် အခွင့်အရေး တစ်ခုကဲ့သို့ပင်။
” ဒါပေမဲ့ ပြဿနာတစ်ခုတော့ ရှိနေသေးတယ် …. ငါက အမှောင်အမြုတေတစ်ခုကိုပဲ ဖန်တီးရသေးတာ။ ဒါပေမဲ့ ငါက ကောင်းကင်တာအိုကျောင်းမှာတုန်းက လျှပ်စီးပညာရပ်ကို လေ့ကျင့်ထားတဲ့ လူတစ်ယောက်လေ။ အဲ့တာမလို့ ငါ့ရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေ ကုန်သွားတာနဲ့ အမှောင်အမြုတေက သူ့အလိုလို ပေါ်လာမှာ… ” ဝမ်ပေါင်လဲ့မှာ သူ၏နဖူးကို ပွတ်ကာ အံကြိတ်လိုက်ပြီးနောက် ဆေးလုံးများကို ငုံ့ကြည့်လိုက်၏။
” လျှပ်စီးတာအို အတွဲတစ်ကို သုံးပြီးတော့ လျှပ်စီးအမြုတေတစ်ခုကို ဖန်တီးဖို့ ကြိုးစားကြည့်ရမယ်။ အဲလိုသာဆိုရင် ငါက အပြင်ပန်းမှာ လျှပ်စီးတာအို အမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်ပုံစံ ပေါက်နေမှာဆိုပေမဲ့ တကယ်လက်တွေ့မှာတော့ တခြားသူတွေနဲ့မတူဘဲ အမြုတေနှစ်ခုတိတိ ပိုင်ဆိုင်ထားသလို ဖြစ်နေမှာ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ ချောင်းဟန့်လိုက်ပြီး သူ၏ညာဘက်လက်ကို မြှောက်လိုက်၏။ ထို့နောက် သူ၏စွမ်းအားဖြင့် အမှောင်အဆောင်ပစ္စည်းကို ထိန်းချုပ်ကာ သူ၏ ဘေးပတ်ဝန်းကျင်အား အလုံပိတ်လိုက်ပြီးနောက် တင်ပျဉ်ခွေထိုင်ချလိုက်၏။ ထို့နောက် ကောင်ကလေးပြောခဲ့သည့် ဘေးထွက်ဆိုးကျိုးမရှိဘဲ ကျင့်ကြံခြင်းစွမ်းအား မြှင့်တင်နိုင်သည်ဆိုသော ဆေးလုံးများကို ထုတ်ယူလိုက်တော့သည်။
” တကယ်လို့ ယွမ်ယင်အဆင့် ကျန်သူတွေတောင် ဒီဆေးလုံးသောက်ပြီး သူတို့ရဲ့ကျင့်ကြံခြင်းစွမ်းအားတွေကို မြှင့်တင်နိုင်တယ်ဆိုရင် ငါ သောက်လိုက်ရင် ပိုပြီးတော့တောင်မှ ဆေးစွမ်းထက်နေဦးမယ် “