Switch Mode

အခန်း ( ၁၅၆ )

မင်းကများ ငါ့ကို အမိန့်ပေးရဲတယ်ပေါ့

ကတုံးပြောင်လူငယ်က ဒေါသတကြီးအော်ပြောနေစဉ် ဝမ်ပေါင်လဲ့က ရေစက်ကမ္ဘာထဲ၌ ခေါင်းမော့ကာ တဟားဟား ရယ်မောလျက်ရှိသည်။ ဝမ်ပေါင်လဲ့ လက်ဝှေ့ယမ်းလိုက်သည်နှင့် ကမ္ဗည်းစာ အားလုံးက ဟင်းလင်းပြင်နှင့် ကမ္ဘာပေါ်တွင် ထင်ဟပ်လာသည်။

တစ်ချက်ငဲ့ကြည့်လိုက်လျှင် ဟင်းလင်းပြင် ကမ္ဘာထက်မှ ကောင်းကင်ယံ၌ ကမ္ဗည်းစာ အမြောက်အများ တွဲလောင်းကျဆင်းနေပြီး အလှဆင်ထားသည့်အလား ထင်ရသည်။ ကမ္ဗည်းစာများက ကောင်းကင်တစ်ပြင်လုံး မဖုံးသေးသော်လည်း ညအချိန် ကြယ်များကို သာမန် မျက်စိဖြင့် မှိတ်တုပ် မှိတ်တုပ် မြင်နေရသကဲ့သို့ ယခု ကမ္ဗည်းစာများမှာလည်း အလားတူပင် ဖြစ်သည်။

“ ဟုတ်တယ်။ မှန်တယ်၊ ဒီခံစားချက်ပဲ”
ဝမ်ပေါင်လဲ့က ရင်ခုန် စိတ်ခုန်လှုပ်ရှားစွာ ပြောလိုက်သည်။ သူ့ဆံပင်မှာ လေနှင့်အတူ လွင့်နေပြီး မျက်လုံးများမှာလည်း စိတ်လှုပ်ရှားမှုအပြည့်နှင့် တောက်ပနေသည်။ ထိုအခိုက်တွင် သူ့ဦးနှောက်ထဲ၌ ကမ္ဗည်းစာ ပုံသေနည်းများဖြင့်သာ ပြည့်နှက်နေခဲ့သည်။ သူ့အတွက် ဤအသွင်ပြောင်းလက်နက် ကမ္ဘာတစ်ခုလုံးမှာ ကစားစရာဖြစ်သွားသည့်ပမာ ထင်ရသည်။

“ ဆက်ပြီး ရေးလိုက်စမ်း၊ ဒီကမ္ဘာကြီးက ကြီးလွန်းလို့ ကမ္ဗည်းစာတွေက ပြီးဖို့ မလွယ်ဘူး”
ဝမ်ပေါင်လဲ့က သူ့ကိုယ်သူ ပြောလိုက်သည်။ သူက စိတ်တက်ကြွသောကြောင့် တုန်ရီနေသည်။ ဤသို့သော အတွေ့အကြုံမျိုးမှာ အမှန်တကယ်ပင် ကံနှင့်ဆိုင်ပြီး ဇွတ်အတင်း လုပ်ယူ၍ မရ‌ပေ။

သူက လက်များ ဝှေ့ယမ်းနေရာ ကမ္ဗည်းစာများက ဆက်လက် ထွက်ပေါ်လာနေပြီး သူ့ဘေးတွင် ပတ်လည်ဝိုင်းနေသည်။ သူ့စိတ်ဆန္ဒကြောင့် ကမ္ဗည်းစာ အားလုံးက ရွေ့လျားသွားပြီး ဤကမ္ဘာကြီးကို နောက်တစ်ဖန် ပိတ်ဆို့လိုက်ပြန်သည်။ မကြာမီ သာမန် မျက်စိ အမြင်အရ ရေငွေ့ကမ္ဘာကြီးတစ်ခုလုံးမှာ မရေမတွက်နိုင်သည့် ကြယ်များဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့ အားလုံးမှာ ကမ္ဗည်းစာများ ဖြစ်ကြသည်။

ထိုအခိုက်အတန့်၌ ရေးထိုးထားသည့် ကမ္ဗည်းစာများစွာ ရှိနေပြီး ၎င်းတို့အားလုံးကို ဝမ်ပေါင်လဲ့က ဖန်တီးထားသောကြောင့် သူ့စိတ်ဆန္ဒပါဝင်နေသည်။ ထို့ကြောင့် သူ့အလိုအတိုင်း ကမ္ဗည်းစာများက ပြန့်ကျဲသွားပြီး ရေစက်မှ ဖြစ်ပေါ်နေသည့် ပုံရိပ်ယောင်ကမ္ဘာကြီးထဲ၌ နေရာယူထားကြသည်။ အမှန်တကယ်တွင် ၎င်းကမ္ဗည်းစာများက ကတုံးပြောင်လူငယ်လေးကို မသိမသာ ယှဉ်ပြိုင်နေပြီး ဤကမ္ဘာကို ထိန်းချုပ်ချင်နေသည်။

ပြင်ပကမ္ဘာမှ ကတုံးပြောင်လူငယ်လေးက ဤအခြင်းအရာကို မြင်သည့်အခါ မထိန်းနိုင်လောက်အောင် မျက်နှာပျက်ယွင်းသွားသည်။ သူက တင်ပျဉ်ခွေ ထိုင်နေရာမှ ရုတ်ခြည်းထရပ်ကာ စိတ်ဆိုးမာန်ဆိုး အော်ဟစ်တော့သည်။

“ ဝမ်ပေါင်လဲ့၊ မင်း အရှက်မရှိပါလားကွ။ ဒါက အေးဓါးပြတိုက်တာပဲ။ ခုချက်ချင်း ရပ်လိုက်စမ်း ”

ကတုံးပြောင်လူငယ်လေးမှာ ဒေါသက ငယ်ထိပ်ဆောင့်တက်ကာ မျက်နှာအမူအရာမှာ ပြောင်းပြီးရင်း ပြောင်းနေတော့သည်။ သူသည် တည်တည်ငြိမ်ငြိမ် မနေနိုင်တော့သည့်အပြင် ရူးမတတ် ဒေါသထွက်နေသည်။

သူက အော်ဟစ်လိုက်ပြီး လက်ကွက်များဖော်ကာ သူ၏ မှော်လက်နက်ကို ပြန်လည် ရယူရန် ကြိုးပမ်းသည်။ စိတ်ထဲ၌ သူ၏ အသွင်ပြောင်းလက်နက် စွမ်းရည်အား စမ်းသပ်ရန် ဝမ်ပေါင်လဲ့အား ရှာဖွေ အသုံးချခဲ့သည်ကို နောင်တရနေမိသည်။ ဝမ်ပေါင်လဲ့သည် ဤမျှ ရိုင်းပျကာ သူ့ အသွင်ပြောင်းလက်နက်ကို ကိုယ်ပိုင်ဖြစ်အောင် သန့်စင်ချင်နေသည်ဟု မထင်ထားခဲ့သောကြောင့် ဖြစ်သည်။

ဝမ်ပေါင်လဲ့သာ ဤအသွင်ပြောင်းလက်နက်အား အောင်မြင်စွာ သန့်စင်နိုင်ခဲ့လျှင် ၎င်းလက်နက်အား အလစ်သုတ်သွားသည်နှင့် အလားတူပင် ဖြစ်သည်။ ကတုံးပြောင်လူငယ်မှာ ဤသို့သော အတွေးမျိုး ဘယ်တုန်းကမျှ မတွေးခဲ့ဖူးပေ။ စဉ်းစားကြည့်၍ပင် မရနိုင်သည့် မဖြစ်နိုင်သော အတွေးမျိုး ဖြစ်သည်။

ထိုအခိုက်တွင် သူ့နဖူးပေါ်၌ သွေးကြောများ ထောင်ထလာပြီး လက်ကွက်များကို လျင်မြန်စွာ ဖော်လိုက်သည်ဖြစ်၍ ချက်ချင်းပင် ဝမ်ပေါင်လဲ့၏ ရေစက်ကို ချုပ်နှောင်သွားသည်။ ရေစက်မှာ တခဏချင်း ပုံစံပျက်ယွင်းလာပြီး ပျောက်ကွယ်သွားတော့မည်ဟု ထင်ရသည်။

သို့သော်လည် နောက်ကျသွားခဲ့လေပြီ။

အသွင်ပြောင်းလက်နက် ကမ္ဘာထဲ၌ ဝမ်ပေါင်လဲ့၏မျက်လုံးများမှာ ထူးဆန်းသည့် အရောင်တစ်မျိုး လင်းလက်လာသည်။ သူက လက်မြှောက်လိုက်ပြီး သူ့ရှေ့မှ အာရုံခုနစ်ပါးနှင့် ကာမဂုဏ်ခြောက်ပါး ဝိညာဉ်ကျောက်တုံးများကို ဆုပ်ကိုင်လိုက်ပြီး ရုတ်တရက် ဖိချလိုက်သည်။ သူ့နှုတ်မှ အော်ဟစ်ကြုံးဝါးလိုက်သည့် အသံထွက်လာသည်။

“ ဒီကမ္ဘာကြီးကို ဝိညာဉ်ကျောက်တုံးလို့ မြင်ယောင်ကြည့်မယ်”

“ အဆုံးမရှိ အနန္တ ကမ္ဗည်းစာတွေ ရေးထိုးမယ်”

“ အဲဒီကမ္ဗည်းစာတွေကို …. အထွတ်အထိပ် ဝိညာဉ်အမြုတေအဖြစ် စုစည်းလိုက်မယ် ”

ထိုစာသုံးကြောင်းမှာ အနန္တလက်နက် အသွင်ပြောင်း ပညာရပ်၌ ပါဝင်သည့် စာကြောင်းများ ဖြစ်ပြီး ယခု ဝမ်ပေါင်လဲ့က အနည်းငယ် ပြောင်းလဲကာ အော်လိုက်ခြင်း ဖြစ်သည်။ သို့ရာတွင် သူ အော်လိုက်စဉ် ထိုအော်သံမှာ အထင်ကြီး လေးစားဖွယ်ကောင်းပြီး မဟာပထဝီ မြေပြင်ကိုပါ လှုပ်ခတ်နိုင်စွမ်း ရှိနေဟန်တူသည်။ ကောင်းကင်ယံထက် ထိုစကားလုံးများ ပဲ့တင်ထပ်သွားချိန်တွင် ရေ‌ငွေ့ကမ္ဘာထဲမှ ကမ္ဗည်းစာများ အားလုံးသည် ချက်ချင်းပင် အလင်းများ ပိုမိုတောက်ပလာပြီး ကြယ်များအလား ကမ္ဘာတစ်ခုလုံး ထွန်းလင်းတောက်ပသွားသည်။

ဝမ်‌ပေါင်လဲ့ လက်များ အောက်ဘက်သို့ ဖိချလိုက်ချိန် သူ့လက်ထဲမှ အာရုံခုနစ်ပါးနှင့် ကာမဂုဏ်ခြောက်ပါး ဝိညာဉ်ကျောက်တုံးတို့မှာ ပျက်စီးကာ ပေါက်ကွဲသွားကြသည်။ ကျောက်တုံးများထဲမှ မရေမတွက်နိုင်အောင် များပြားလှသည့် ကမ္ဗည်းစာတို့ ချက်ချင်း လွင့်ပျံထွက်လာကြသည်။ တချိန်တည်းမှာပင် ဝမ်ပေါင်လဲ့၏ ဦးခေါင်းထက်၌ မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။

ဓမ္မလက်နက်များ မိတ်ဆက်မှစကာ ဓမ္မလက်နက်များအကြောင်း စတင် လေ့လာစဉ်ကတည်းက သူတတ်ကျွမ်းထားသမျှ ကမ္ဗည်းစာများ အားလုံးသည် ပုံသေနည်းမှတဆင့် အလွယ်တကူ တွက်ထုတ်နိုင်သောကြောင့် စက္ကန့်ပိုင်းအတွင်း ပေါ်ထွက်လာသည်။ ဤကမ္ဗည်းစာများသည် အာရုံခုနစ်ပါးနှင့် ကာမဂုဏ်ခြောက်ပါး ဝိညာဉ်ကျောက်တုံးများထဲမှ ကမ္ဗည်းစာများနှင့် ပူးပေါင်းသွားကာ ကမ္ဗည်းစာ ပင်လယ်ကြီးတစ်ခု ဖြစ်လာသည်။

ဤကမ္ဗည်းစာများမှာ အဆုံးမဲ့ များပြားလှပြီး ဝမ်ပေါင်လဲ့ဘေးတွင် ဝန်းရံနေသည်။ ၎င်းတို့သည် မြေပြင်ကို လှုပ်ခတ်နိုင်စွမ်း ရှိသည့် မုန်တိုင်းများ ဖြစ်လာကြပြီး ကော်ဇောတစ်ခု ဖြန့်ခင်းလိုက်သည့်အလား နေရာအနှံ့သို့ ဝုန်းဒိုင်းကြဲကာ ပျံ့နှံ့သွားသည်။

အဝေးမှ ကြည့်လျှင် ကမ္ဗည်းစာများသည် ပင်လယ်ပြင်ကြီးအလား ပျံ့နှံ့နေသည်ကို မြင်တွေ့နိုင်သည်။ ရေ‌ငွေ့ကမ္ဘာထဲမှ မြေပြင်မှာ မျက်စိတစ်မှိတ်အတွင်း ကမ္ဗည်းစာများဖြင့် ဖုံးလွှမ်းသွားသည်။

ထိုမျှနှင့် မပြီး‌သေးပေ။ ကမ္ဗည်းစာများက အရှိန်အဟုန်ပြင်းစွာဖြင့် အနားစွန်းထိ ရောက်လာပြီး အပေါ်ဘက်သို့ ပျံ့နှံ့သွားကြသည်။ ဤဖြစ်စဉ်တွင် ကောင်းကင်ယံ၌ ကြယ်များအလား ကမ္ဗည်းစာများ ရှိနေပြီးဖြစ်ရာ အပေါ်ထိ တက်လာသည့် ကမ္ဗည်းစာ ပင်လယ်ကြီးနှင့် ပေါင်းစပ်သွားပြီး ပိုမို ကြီးမားကျယ်ပြန့်ကာ ခံ့ထည်လာသည်။ ကမ္ဗည်းစာများ ပိုမိုလျင်မြန်စွာ ပျံ့နှံ့လျက် ရှိပြီး တခဏချင်း ကောင်းကင်တစ်ပြင်လုံး ဖုံးလွှမ်းသွားသည်။

ကြည့်လိုက်လျှင် ကမ္ဘာကြီးတစ်ခုလုံး၌ ကောင်းကင်သာမက မြေကြီးပါ ကမ္ဗည်းစာများဖြင့် ပြည့်နှက်နေသည်။

ပြင်ပကမ္ဘာမှ လူများအတွက် ဝမ်‌ပေါင်လဲ့အား ချုပ်နှောင်ထားသည့် ထိုရေစက်မှာ ယခုအချိန်၌ အစက်အပြောက်လေးများ ထူထဲများပြားလာပြီး ကမ္ဗည်းစာများ အပြည့်ဖြစ်သွားသည်ကို တွေ့ရသည်။ ထိုမြင်ကွင်းကြောင့် ကြည့်ရှုနေကြသူ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

ကတုံးပြောင်လူငယ်လေးမှာ ဒေါသမီး တဟုန်းဟုန်းတောက်နေသည်။ သူက လျှာကိုက်ကာ သွေးကို ထွေးထုတ်လိုက်ပြီး ကြုံးဝါးအော်ဟစ်ကာ အသွင်ပြောင်းလက်နက်အား ဇွတ်အတင်း ပြန်လည် ရယူ ထိန်းချုပ်ရန် ကြိုးပမ်းနေသည်။ သူသည် အမှန်တကယ် သူ့ဆုံးဖြတ်ချက်အတွက် နောင်တရနေတော့သည်။

“ ဝမ်ပေါင်လဲ့”

သို့ရာတွင် သွေးကို ထွေးထုတ်ကာ ကြုံးဝါးပြီး ဇွတ်အတင်းပြန်လုကာ ထိန်းချုပ်ရန် ကြိုးစားနေခြင်းမှာ အချည်းနှီးသာ ဖြစ်သည်။ အမှန်တကယ်တွင် ဝမ်ပေါင်လဲ့က သဘောပေါက်နားလည်သွားပြီး အသွင်ပြောင်းလက်နက်အား သန့်စင်ချင်စိတ် ပေါက်သွားကတည်းက အရာအားလုံးမှာ နောက်ဆုတ်၍ မရနိုင်တော့ပေ။

သို့ရာတွင် ကတုံးပြောင်လူငယ်လေးက လက်မလျှော့နိုင်သေးပေ။ သူသည် အဆုံးသတ် ထွက်လာမည့် ရလဒ်ကိုလည်း လက်မခံနိုင်ပေ။ ထိုရေစက်မှာ သူ့ကြိုးစားမှုမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အဖိုးတန် ဝိညာဉ်သွေးနှင့် သူ့ဆရာ၏ အကူအညီကြောင့် နောက်ဆုံး အသွင်ပြောင်းလက်နက်အဖြစ် သန့်စင်နိုင်ခဲ့ခြင်းဖြစ်သည်။

“ ဒါက ငါ့ရဲ့ အသွင်ပြောင်းလက်နက်၊ ဘယ်သူမှ လုယူသွားလို့ မရဘူးကွ ”
ကတုံးပြောင်လူငယ်လေးက ပြောလိုက်သည်။ သူ့အမူအရာမှာ ရက်စက်ကြမ်းကြုတ်ပုံ‌ပေါ်ပြီး လက်ကွက်များဖော်ကာ ကြုံးဝါးလိုက်သည်။ သူသည် အရာအားလုံးကို ပေးဆပ်ကာ လက်နက်ကို ပြန်လည် ရယူရန် စိတ်ပိုင်းဖြတ်ထားသည်။

သို့သော် တချိန်တည်းမှာပင် ဝမ်ပေါင်လဲ့၏ ကမ္ဗည်းစာများဖြင့် ပြည့်နှက်နေသည့် ကမ္ဘာကြီးထဲ၌ လက်နှစ်ဖက်ဖြင့် မြေပြင်ကို ဖိချထားသည့် ဝမ်ပေါင်လဲ့က ခေါင်းကို ဖြည်းဖြည်းချင်း မော့ကာ လှည့်ပတ်ကြည့်လိုက်သည်။ ဤရေစက်ကမ္ဘာမှာ တမူထူးခြားနေသည်ကို ခံစားမိသည်။

ယခင် ရေစက်ကမ္ဘာမှာ ဝမ်ပေါင်လဲ့သည် ဆွဲသွင်းခံလိုက်ရသည့် သူစိမ်းတစ်ဦးသာ ဖြစ်ပြီး ယခုမူ သူက ဤကမ္ဘာ၏ သခင်ဖြစ်သွားသည်ကို ခံစားမိသည်။

အတွေးတစ်ခုတည်းက ဤကမ္ဘာကို ပြောင်းလဲနိုင်စွမ်း ရှိပုံပေါ်သည်။

ထို့အပြင် ဤရေစက်ကမ္ဘာ၏ ဖွဲ့စည်းပုံနှင့် ပတ်ဝန်းကျင် အခြေအနေတို့မှာ ဆန့်ကျင်ဘက်ဖြစ်ကာ လုံးဝ ပြောင်းလဲသွားလေသည်။

မြူခိုးများနှင့် မျက်နှာများ လုံးဝ မရှိတော့ပေ။ ကြည့်လိုက်ရုံနှင့် ကောင်းကင်၊ မြေကြီး၊ အရာအားလုံးတို့မှာ ကမ္ဗည်းစာများ ဖြစ်နေသည်ကို တွေ့နိုင်သည်။ ထိုကမ္ဗည်းစာများကြားတွင် လျှပ်စီးတစ်မျိုး ရှိနေသည်။ ထိုမူမမှန်သည့် လျှပ်စီးက ကမ္ဗည်းစာများကြားတွင် အကြားအလှပ် မရှိစေဘဲ လူးလာခေါက်တုံ့ သွားလာနေသည်။ တစ်ခါတရံ လျှပ်စီးတန်းများစွာက တစ်ခုနှင့်တစ်ခု တိုက်မိသွားကြပြီး ပျောက်ကွယ်သွားကြသည်။ သို့မဟုတ် ပိုမို အစွမ်းထက်သည့် လျှပ်စီးတန်းများ ဖြစ်သွားသည်။

ထိုအဖြစ်အပျက်များ အားလုံးကို ကြည့်နေစဉ် ဝမ်ပေါင်လဲ့၏ မျက်လုံးထဲ၌ တစ်ခုခုကို ထိုးထွင်းသိနားလည်သည့်ဟန် ဝင်းလက်သွားသည်။

“ ေဩာ်… ဒါ အရာရာကို ဓမ္မလက်နက်အဖြစ် သန့်စင်လိုက်တဲ့ ခံစားချက်ကိုး”
ဝမ်ပေါင်လဲ့က တီးတိုးရေရွတ်လိုက်သည်။ ဤအတွေ့အကြုံမျိုးမှာ သူ့အတွက် အလွန် အင်မတန် အရေးကြီးလှသည်။ ယခုဖြစ်စဉ်သည် သူ့အတွက် ဓမ္မလက်နက်တံခါးများကို ဖွင့်ပေးလိုက်သည့်အလား ဖြစ်သည်။

“ အရာရာတိုင်းကို ဝိညာဉ်ကျောက်တုံးအဖြစ် မြင်ယောင်ကြည့်မယ်။ အဆုံးအစမဲ့ ကမ္ဗည်းစာတွေကို ရေးထိုးပြီးတော့ အထွတ်အထိပ် ဝိညာဉ်အမြုတေအဖြစ် စုစည်းလိုက်မယ်… ”

ဤစာကြောင်းက ဝမ်ပေါင်လဲ့စိတ်ထဲ တစ်ဖန်ပြန်ပေါ်လာသည်။ သို့ရာတွင် ဤတစ်ကြိမ်တွင်မူ ရုတ်တရက် ပိုမိုနက်နဲစွာ နားလည်သဘောပေါက်သွားသည်ဟု ခံစားလိုက်ရသည်။

“ ဒီတော့ ငါက အခု ငါသန့်စင်ထားတဲ့ ဝိညာဉ်အမြုတေရဲ့ အတွင်းထဲ ရောက်နေတာပေါ့။ လက်တွေ့မှာ ဝိညာဉ်အမြုတေရဲ့ အတွင်းပိုင်းက ဒီပုံစံ ရှိတာပေါ့ ”

“ အမှန်တော့ ကမ္ဗည်းစာတွေက အပြင်ဘက်မှာတင် မကဘူး။ အတွင်းပိုင်းမှာလည်း ရေးထိုးလို့ ရတာပဲ”

ဝမ်ပေါင်လဲ့၏ မျက်လုံးထဲတွင် ထပ်မံ အသိဉာဏ်ပွင့်လင်းသွားဟန်ဖြင့် လက်ခနဲ ဖြစ်သွားပြန်သည်။

“ ကမ္ဗည်းစာတွေဟာ တစ်ခုနဲ့ တစ်ခု သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ဒီလျှပ်စီးတန်းလေးတွေနဲ့ ဆက်သွယ်ထားတယ်။ ဒီနည်းနဲ့ ကမ္ဗည်းစာတွေဟာ အံ့ဩစရာကောင်းတဲ့ စွမ်းအင်တွေ ထုတ်နိုင်ကြတာ”

ဝမ်ပေါင်လဲ့မှာ အသက်ကို ဝဝရှူသွင်းလိုက်ပြီး ရီဝေဆွံ့အနေသည်။ ဤကမ္ဗည်းစာ ကမ္ဘာကြီးမှာ သူ့အတွက် စကြဝဠာတစ်ခွင် ရှိသမျှ အရာအားလုံးထဲ၌ အံ့ဩစရာအကောင်းဆုံး အရာတစ်ခု ဖြစ်နေသည်။ ခဏအကြာတွင် ဝမ်ပေါင်လဲ့က ပြုံးလိုက်သည်။

“ ဆိုတော့ ဒီလျှပ်စီးတန်းတွေက ဘယ်ကနေ ဖြစ်လာကြတာလဲ။ ဒါက ဝိညာဉ်ကျောက်တုံးတွေရဲ့ အလုပ်များ ဖြစ်နေမလား”
ဝမ်ပေါင်လဲ့က စိတ်လှုပ်ရှားမှုအပြည့်နှင့် မျက်လုံးများတောက်ပနေကာ စိတ်ထဲမှ စဉ်းစားလိုက်သည်။ သူက ဘေးဘီဝဲယာကို သေချာကြည့်နေစဉ် ရုတ်တရက် ရွှေရောင်အမျှင်တန်းလေးများက မှိတ်တုပ်မှိတ်တုပ် ဝင်းလက်နေကာ ကမ္ဗည်းစာ ပင်လယ်ကြီးထဲ၌ ရွေ့လျားနေကြောင်း တွေ့လိုက်ရသည်။

“ ဟင်”
ဝမ်ပေါင်လဲ့က ပိုမိုလင်းလက်သွားသည့် မျက်လုံးများဖြင့် ရေရွတ်လိုက်သည်။ ဤရွှေမျှင်လေးများထဲတွင် အစွမ်းထက်လှသည့် ဝိညာဉ်ချီအား ဖိနှိပ်ခြင်းမှ ထွက်ပေါ်လာသည့် အံ့ဩဖွယ် ဝိညာဉ်အငွေ့အသက်များ ပါဝင်နေသည်။ ရွေ့လျားနေစဉ် ၎င်းရွှေမျှင်မှာ အသိစိတ်ရှိနေသည်ဟု ထင်ရပြီး ကမ္ဗည်းစာများကို အဆက်မပြတ် ဖျက်ဆီးပစ်နေသည်။ ၎င်း၏ ရည်ရွယ်ချက်မှာ ဤကမ္ဘာကို မူလ မြူခိုးကမ္ဘာအဖြစ် ပြန်လည် ပြောင်းလဲပစ်ရန် ဖြစ်သည်။

သို့ရာတွင် ကမ္ဗည်းစာများမှာ အလွန် များပြားနေသည့်အပြင် တစ်ခုနှင့်တစ်ခု အားဖြည့်ပံ့ပိုးနေကြသောကြောင့် ဤရွှေမျှင်တန်းများမှာ အစွမ်းထက်သည့်တိုင် ၎င်းတို့သက်သက်မျှနှင့် မ‌အောင်မြင်နိုင်ပေ။ သို့သော် ၎င်းတို့ကို ဟန့်တားရန် လုပ်ဆောင်ခြင်း မရှိပါက အချိန်တစ်ခု ကြာသွားလျှင် အောင်မြင်စွာ ပြောင်းလဲနိုင်ခြေရှိသည်။

“ ဒါက ကတုံးလေး လုပ်နေတာများလား”
ဝမ်ပေါင်လဲ့က ပြုံးကာ ရေရွတ်လိုက်သည်။ သူသည် ဤရွှေမျှင်တန်းလေးများဆီမှ ကတုံးပြောင်လူငယ်လေး၏ အငွေ့အသက်များကို ခံစားမိနေသည်။ သူက ထရပ်လိုက်ပြီး ညာလက်ကို ဝေ့ယမ်းလိုက်ရာ ကမ္ဘာကြီးက ချက်ချင်း လှုပ်ရှားလာသည်။ ကမ္ဗည်းစာ အားလုံးက တဖျပ်ဖျပ်လက်လာပြီး လျှပ်စီးတန်းများက ကမ္ဘာတစ်ခုလုံးကို လျှပ်စီးကန်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားစေကာ မိုးကြိုးသွားဖြင့် အရာအားလုံးကို ဖယ်ရှားဖျက်ဆီးသွားသည်။ ရွှေအမျှင်တန်းလေးများ၏ ကျူးကျော်ရန် ကြံစည်ခြင်းမှာ အချည်းနှီးဖြစ်သွားပြီး လျှပ်စီးပင်လယ်၏ ဖုံးလွှမ်းခြင်းကို တခဏအတွင်း ခံလိုက်ရသည်။

လျှပ်စီးများ ပျောက်ကွယ်သွားပြီးနောက် ရွှေမျှင်တန်းလေးမှာ သွေးရောင် ပြောင်းလဲသွားသည်။ အထဲမှ လူငယ်လေး၏ အငွေ့အသက်မှာ မရှိတော့ပေ။

“ ငါ အခု ထွက်လို့ရပြီ”
ဝမ်ပေါင်လဲ့က ပြောကာ တဟားဟား ရယ်မောလိုက်သည်။ သူက ရှေ့သို့ တိုးကာ အပြင်ဘက်သို့ ခြေလှမ်းချလိုက်သည်။

တချိန်တည်းမှာပင် အသွင်ပြောင်းလက်နက်အား ပြန်လည်ရယူနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသည့် ပြင်ပကမ္ဘာမှ လူငယ်လေးမှာ ရုတ်ခြည်း တုန်ယင်လာပြီး ဖြူဖျော့လာသည်။ သူက ဒယီးဒယိုင်ဖြစ်ကာ နောက်ဆုတ်လိုက်သည်။ ဖော်ပြ၍ မရနိုင်သည့် ဒေါသမီးလျှံများ သူ့မျက်လုံးထဲတွင် တောက်လောင်နေပြီး အော်ဟစ်ကြုံးဝါးရန် ပြင်လိုက်သည်။

သို့သော် သူသည် စကားတစ်ခွန်းမျှ မဟနိုင်မီ ဝမ်ပေါင်လဲ့ကို ချုပ်နှောင်ထားသည့် ရေစက်အသွင်ပြောင်းလက်နက်မှာ တောက်ပသော အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။

ထိုအလင်းမှာ စူးရှချွန်ထက်သည့် ဓါးများ အမြောက်အများ စုထားသည့်အလား ထင်ရသည်။ ထိုအလင်းက တဖြည်းဖြည်း ပျံ့နှံ့လာစဉ် ဝမ်ပေါင်လဲ့က ရေစက်ထဲမှ ခုန်ထွက်လာသည်။

သူက လမ်းလျှောက်ထွက်လာရင်း ညာလက်ကို မြှောက်လိုက်လျှင် ရေစက်ကမ္ဘာမှာ လင်းလက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ရေစက်ငယ်လေးတစ်ခုအဖြစ် ကျုံ့သွားသည်။ ၎င်းရေစက်လေးက ဝမ်‌ပေါင်လဲ့၏ လက်ဖဝါးပြင်ထက်ဝဲနေကာ တောက်ပနေသည်။ ရေစက်နှင့်ပင် မတူဘဲ နတ်သုဒ္ဓါလုံးလေးနှင့်ပင် တူနေသည်။

“ ဝမ်‌ပေါင်လဲ့၊ ငါ့ရဲ့ အသွင်ပြောင်းလက်နက်ကို ခု ပြန်ပေးစမ်း….”
ကတုံးပြောင်လူငယ်ဖြစ်သော လီဝူချန်းက ဝမ်ပေါင်လဲ့ကို စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။

“ မင်းက ငါ့ကို အမိန့်ပေးရဲသေးတယ်ပေါ့၊ ဒီအလုံးလေးက စားကောင်းမဲ့ပုံပဲ…”
ဝမ်ပေါင်လဲ့က ကတုံးပြောင်လူငယ်ကို ငဲ့ကြည့်လိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ထိုရေစက်လေးအား ပါးစပ်ထဲ ဆတ်ခနဲ ပစ်ထည့်လိုက်သည်။ ကတုံးပြောင်လူငယ်လေးက အံ့ဩကာ ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေချိန်တွင် ဝမ်ပေါင်လဲ့က မျိုချလိုက်သည်။

ဝမ်ပေါင်လဲ့က အေ့ခနဲ လေချဉ်တက်ကာ ပြုံးပြုံးကြီး ပြောလိုက်သည်။
“ တော်တော်လေး စားကောင်းတာပဲကွ ”

Comment

Leave a Reply

Options

not work with dark mode
Reset