အပိုင်း (၃) စိတ်အာရုံစူးစိုက်ခြင်း
ထွန်းထားသည့် မြက်မွှေးမီးစာလေးများ လောင်ကျွမ်း သွားသည်နှင့် ဆန်းလျန် မျက်လုံးများကို ဖွင့်လိုက်သည်။ သူ့အကြည့်များမှာ ပိုပြီး ကြည်လင်နေကာ စိတ် စွမ်းအားများနှင့် ပြည့်နေလေသည်။ ငြိမ်သက်ခြင်းက တိတ်ဆိတ်ခြင်းနောက် လိုက်ပါသွားပြီး တိတ်ဆိတ်ခြင်းက ငြိမ်းချမ်းခြင်းနောက် လိုက်ပါသွားသည်။ ဆန်းလျန်မှာ ဝိညာဉ် အားဖြည့်ခြင်းနှင့် စိတ်ဝိညာဉ် စွမ်းအား ခိုင်မာအောင် လေ့ကျင့်သည့် ကျင့်စဉ်ကို ဆက်လက် မလေ့ကျင့်တော့ သော်လည်း “စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” စာအုပ်ထဲမှာ အာရုံ စူးစိုက်မှု ကျင့်စဉ်ကိုတော့ ဆက်လက် လေ့ကျင့်ခဲ့လေသည်။
လူသားများသည် စိတ်အာရုံ ပျံ့လွင့်မှုများ၏ တိုက်ခိုက်ခြင်းကို ခံနေကြရသည်။ ပျံ့လွင့်နေသော အတွေးများနှင့် စိတ်အာရုံကို ထိန်းချုပ်ပြီး စိတ်ကို သန့်စင်အောင် ထားရန်မှာ မဖြစ်မနေ အရေးပါ သောအရာ ဖြစ်လေသည်။ ထိုအခါမှ စိတ်ဝိညာဉ် လောင်ကျွမ်း သွားခြင်းကို ရှောင်ရှား နိုင်မည် ဖြစ်လေသည်။ ထို့အပြင် လူတစ်ယောက်၏ မိုက်မဲမှုကို အခြားသူတစ်ဦးက အရေးတယူ လုပ်နေခြင်းမှာ ထိုသူကိုယ်တိုင် ပျက်စီးခြင်းကို ဦးတည်ရာ ရောက်လေသည်။
စိတ်အစဉ် ပျံ့လွင့်မှုများကို စုစည်း ပြီးသည့်နောက် ဆန်းလျန်သည် ဆင်ခြင် တွေးတောသည့် အလုပ်ကို စတင် လိုက်လေသည်။
တကယ့် ဆန်းလျန်အစစ်၏ မှတ်ဉာဏ်များနှင့် ရွာသားများ၏ ပြုမူ ပြောဆိုပုံများကို ဝေဖန် ပိုင်းခြား ကြည့်လိုက်ပြီး သူရောက်နေသည့် နေရာမှာ ကမ္ဘာပေါ်မှ ရှေးဟောင်းတရုတ် လူမျိုးများ နေထိုင်ရာနှင့် ဆင်တူသည်ဟု ဆန်းလျန် ကောက်ချက် ချမိသည်။ ခြားနားချက် တစ်ခုမှာ သူသိသည့် တရုတ် ရှေးဟောင်း မင်းဆက်များ ဖြစ်သည့် ရှမင်းဆက်၊ ရှန်မင်းဆက်၊ ချင်မင်းဆက်၊ ဟန်မင်းဆက်နှင့် ထန်မင်းဆက်တို့မှာ ဆန်းလျန်အစစ်၏ မှတ်ဉာဏ်ထဲတွင် ပါဝင်ခြင်း မရှိပေ။
ကိုးကွယ် ယုံကြည်မှုများမှာလည်း သူသိသည်များနှင့် လားလားမျှမတူ။
မတ်တတ်ရပ်လိုက်ပြီး ဆန်းလျန်က ဆီမီးအိမ်လေးကို ထွန်းညှိလိုက်သည်။ တောက်ပသော မီးရောင်က အခန်းထဲတွင် ထူးဆန်းသည့်အလင်းဓာတ်ကို ပေးနေလေသည်။
သူက ညာဘက်ရှိ နံရံကို စမ်းသပ် ကြည့်လိုက်တော့ အစိမ်းရောင် အုတ်ကြွပ် နံရံကို စမ်းသပ်မိသည်။ အုတ်ကြွပ်ကို ဖယ်လိုက်သည့် အခါတွင်တော့ လျှို့ဝှက် အံဝှက် အကန့်လေး ထွက်ပေါ် လာလေသည်။ အံဝှက်ထဲတွင် ရှိနေသည့် စာအုပ်မှာ “စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” စာအုပ် ဖြစ်လေ တော့သည်။
ထိုစာအုပ်မှာ တကယ့် ဆန်းလျန်အစစ် ချန်ထားခဲ့သည့် လျှို့ဝှက်ကျင့်စဉ် စာအုပ် ဖြစ်လေသည်။ သို့မဟုတ် ဆန်းလျန်၏ ဖခင် ချန်ထားခဲ့သည့် စာအုပ်ဖြစ်လေသည်။
စာအုပ် အဖုံးပေါ်တွင် နတ်သမီး ရုပ်တုပုံ တစ်ပုံကို ရေးဆွဲထားသည်။ ရေးဆွဲထားပုံမှာ ပြည့်စုံ လှသောကြောင့် နတ်သမီးပုံမှာ တကယ့် နတ်သမီးအလား အသက် ဝင်လွန်းလှသည်။ ထိုနတ်သမီးပုံမှာ စိတ်ဖိစီးစရာ အတွေးများ ဝင်ရောက်လာလျှင် သူ့စိတ်ကို သန့်စင်စေရန်အတွက် သူရေးဆွဲ နေကျပုံ ဖြစ်လေသည်။ သူ့စိတ်ထဲတွင် ရှိသည့် နတ်သမီးပုံကို ဆွဲခြင်းသည် အာရုံ စူးစိုက်မှုကို ဖြစ်စေသည်။
ကျင့်စဉ်စာအုပ် တစ်ဝက်ခန့်မှာ အဓိကအားဖြင့် လူသား ခန္ဓာကိုယ်နှင့် ဆိုင်သည့် ပုံများ ဖြစ်လေသည်။ ဒဏ္ဍာရီဆန်သော “ချီ” စွမ်းအင် အတွင်းအားနှင့် ခန္ဓာကိုယ်မှ ဝိညာဉ် မည်သို့ လွှင့်ရမည်ကို အသေးစိတ် ဖော်ပြထားလေသည်။ ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အစာ စားရသလို ဝိညာဉ် ခိုင်ခန့် စေရန်အတွက် အားဖြည့်ရပြီး တဖြည်းဖြည်းနှင့် ဝိညာဉ် စွမ်းအားမှာ “ကျူချောင့်” ဟုခေါ်သည့် မျက်လုံးနှစ်ခု ကြားတွင်ရှိသည့် ဆုံချက်နေရာတွင် မူလ ထွက်ပေါက် အဖြစ်သို့ ပြောင်းလဲသွားသည်။
ကျင့်စဉ်မှာ အပေါ်ပိုင်း ပတ်ဝန်းကျင်တွင် အာရုံ စူးစိုက်ထားရသည့် ကျင့်စဉ် ဖြစ်လေသည်။ ရှေးဟောင်း အခေါ်အဝေါ်အရ ဆိုလျှင် ဝိညာဉ်စွမ်းအား တိုးတက်စေသည့် ပညာရပ် ဖြစ်လေသည်။ ထို့ပြင် လူအများစု ဝိညာဉ် စွမ်းအားကို အသုံးပြုကြသည့် အာကာသဓာတ်လည်း ဖြစ်သည်။ သို့သော် ရုပ်ခန္ဓာကတော့ ကမ္ဘာပေါ်တွင် ကျောက်ချထားသည့် အရာပင် ဖြစ်လေသည်။
“စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” စာအုပ်မှာ ဝိညာဉ်စွမ်းအား တိုးတက်စေရန် အာရုံစိုက်သည့် ကျင့်စဉ်စာအုပ် ဖြစ်ပြီး ရုပ်ခန္ဓာကို ကြံ့ခိုင်စေရန် လေ့ကျင့်မှုကို လျော့နည်း စေလေသည်။ ထိုအချက်က လူတစ်ယောက်၏ ခန္ဓာကိုယ်တွင် မညီညွတ်မှု များစွာကို ဖြစ်ပေါ်စေပြီး ပျက်စီးခြင်းသို့ ဦးတည် သွားနိုင်လေသည်။
သူသာ စိတ်ဝိညာဉ် အားဖြည့်သည့် ကျင့်စဉ်ကို ဆက်လက် လေ့ကျင့်မည် ဆိုလျှင် သူ၏ အတွင်းအားများ အားလုံး ခမ်းခြောက် သွားရမည်မှာ အသေအချာပင်ဖြစ်သည်။
လက်ရှိ ခေတ်ကာလ၏ သတင်း အချက်အလက်များနှင့် သူ၏ ခေတ်မီ ဆေးပညာ အတွေ့အကြုံကို ပေါင်းစပ်ပြီးမှ ဆန်းလျန်မှာ ယခုလောက် သိရှိလာရခြင်း ဖြစ်လေသည်။
ထို့ပြင် တကယ့် ဆန်းလျန်အစစ်မှာ အသိဉာဏ် နည်းသည့် မိဘမဲ့ ဆယ်ကျော်သက် လူငယ် တစ်ယောက် ဖြစ်သောကြောင့် ကျင့်စဉ်ကို ဆယ်စုနှစ် အနည်းငယ် လေ့ကျင့်ပြီးလျှင် မြေရှိုး မိုးပျံနိုင် လိမ့်မည်ဟု မှားယွင်းစွာ တွေးထင်ထားခဲ့သူ ဖြစ်လေသည်။
ဝတ္ထုများထဲတွင်တော့ ထိုကိစ္စက ဖြစ်နိုင်ချေ ရှိသော်လည်း တကယ့်လက်တွေ့ ဘဝတွင်တော့ ဖြစ်နိုင်ချေ သိပ်မရှိ။
“ဆရာက တံခါးဝအထိ လိုက်ပို့ပေးလိမ့်မည်၊ ကျန်သည့် ကိစ္စကတော့ ကိုယ်တိုင် လုပ်ယူရမည်” ဆိုသည့် စကားပုံ ကဲ့သို့ပင် ဆရာမရှိလျှင် အမှားနှင့် အဆုံးသတ်ရ ပေလိမ့်မည်။
ကံကောင်းသည်မှာ ကျင့်စဉ်စာအုပ်မှာ ဝိညာဉ်စွမ်းအား တိုးတက်စေရန်အာရုံစိုက်သည့် ကျင့်စဉ်စာအုပ်ဖြစ်နေခြင်းပင် ဖြစ်လေသည်။ ထိုစာအုပ်မှာ ရုပ်ခန္ဓာ ကြံ့ခိုင်မှုအတွက် လေ့ကျင့်ရသည့် သိုင်းကျမ်း စာအုပ်ဖြစ်ခဲ့လျှင် တကယ့် ဆန်းလျန်အစစ်မှာ အတွင်းဒဏ်ရာရပြီး ဒုက္ခိတ ဖြစ်သွားနိုင် လေသည်။ ယခုလက်ရှိ ဆန်းလျန် အသစ်ကတော့ အများကြီး လုပ်နိုင်စွမ်းရှိသည်။
သူ့ခန္ဓာကိုယ်ကို ပြန်လည် ကျန်းမာအောင် အားဖြည့်ပြီးနောက် ဆန်းလျန် အသစ်သည် ကျင့်ကြံသည့် လမ်းစဉ်ကို တကယ့် ဆန်းလျန်အစစ် လေ့ကျင့်ခဲ့သလို အလောတကြီး မလေ့ကျင့်ဘဲ လေးလေးနက်နက် စဉ်းစားနေခဲ့သည်။
များစွာဆင်ခြင် စဉ်းစားပြီးမှ ဤ ကျင့်ကြံခြင်း လမ်းစဉ်မှ ထိုးထွင်းသိမြင် နိုင်စွမ်းများ ရနိုင် သည်ဟု သူဆုံးဖြတ်ချက် ချလိုက်သည်။ အကောင်းဆုံး နည်းလမ်းမှာ ဆရာသခင်များကို ရှာဖွေပြီး သင် ယူရန် ဖြစ်လေသည်။ သတိကြီးစွာ ထားရမည်ကိုတော့ သူအပြည့်အဝ သိထားသည်။ မကောင်း သောမိစ္ဆာ ဆရာနှင့် တွေ့ပါက ပျက်စီးခြင်း ရလဒ်သာ ရရှိ နိုင်လေသည်။
ဆန်းလျန်အသစ်မှာ သူ၏ ဆေးခန်းတွင် အလုပ်လုပ်စဉ်ကပင် အန္တရာယ်ရှိသည့် ကိစ္စရပ်များတွင် သတိထားလေ့ ရှိသည်။ ဝိညာဉ်ကို အားဖြည့်ရန် အတွက် အတွင်းအားများ ပြန်လည် စုစည်းမိသည့်တိုင် စိတ်အာရုံ စူးစိုက်သည့် ကျင့်စဉ် လေ့ကျင့်စဉ်တွင် ဝိညာဉ်စွမ်းအား ထုကြီးကို ထိန်းသိမ်း ထားခဲ့လေသည်။ ဝိညာဉ်စွမ်းအား မြင့်ခြင်းကြောင့် ရရှိသည့် အကျိုးကျေးဇူးကတော့ မှတ်ဉာဏ် စွမ်းအား မြင့်မားလာခြင်း ပင်ဖြစ်သည်။ မှတ်ဉာဏ်များကို စာလုံးပေါင်း ရာနှင့်ထောင်နှင့် ချီပြီး အေးအေး ဆေးဆေးပင် သူပြန်မှတ်မိ နိုင်လေသည်။
နေ့စဉ် ဖြစ်ပျက်မှုများကိုပင် မိနစ်ပိုင်းအထိ အသေးစိတ် သူပြန်မှတ်မိ နိုင်သည်။
သူ၏ ခန္ဓာကိုယ်က အားမပြည့် သေးသော်လည်း ခန္ဓာကိုယ်ဖြင့် ထိန်းချုပ်နိုင်သည့် အဆင့် တစ်ခုကိုတော့ သူရောက်ရှိ နေပြီဖြစ်သည်။
စာအုပ်ကို တစ်ကြိမ် ဖတ်ဖူးရုံဖြင့်ပင် သူမှတ်မိနိုင်နေပြီ။ အဓိက အကြောင်းရင်းမှာ “လူ၏ ခန္ဓာကိုယ်သည် အကောင်းဆုံး စက်ပစ္စည်း” ဖြစ်သည်ဆိုသည့် အချက်ပင် ဖြစ်သည်။
သူ၏ မယုံကြည် နိုင်လောက်အောင် ခိုင်မာသည့် ဝိညာဉ်မှ ပေးသည့် အမိန့်များကို ဆန်းလျန်၏ ခန္ဓာကိုယ်က တိကျစွာ လိုက်နာ ဆောင်ရွက်သည်။
အားမပြည့် သေးသည့်အတွက် သူစုစည်းထားသည့် အတွင်းအားများကို အလေအလွင့် မရှိအောင် သုံးရသည်။
သူအာရုံ စူးစိုက်လိုက်သည့်အခါ သူ့ခန္ဓာကိုယ် တစ်ခုလုံးသို့ စီးဆင်းသွားသည့် သွေးများမှာ သွေးကြောထဲတွင် မြစ်တစ်စင်း စီးဆင်း သွားသကဲ့သို့ပင်။ သူ့ကိုယ်သူလည်း ဒဏ်ရာ မရအောင် ကာကွယ်ရသည်။ ထို့ပြင် လူသား ခန္ဓာဗေဒ အကြောင်း သိခဲ့ရသည့် သူ၏ အသိပညာကြောင့် ကုလုံ၏ ဝတ္ထုထဲမှ သိုင်းလောကသားများကဲ့သို့ ရန်သူများကို ရိုက်ချက် တစ်ချက်တည်းဖြင့် သူ့ဘက်က ချက်ချင်း တုန့်ပြန်နိုင်သည်။
သူ၏ ခန္ဓာကိုယ် အားနည်းမှုကြောင့် လူတစ်ရာခန့်ကို တစ်ယောက်တည်းတော့ တိုက်ခိုက် နိုင်မည် မဟုတ်သေးပေ။
သိုင်းလောကသားများနှင့် နှိုင်းယှဉ် ကြည့်ရလျှင် အဖျက်စွမ်းအား အလွန်များသည်ကို တွေ့ရမည် ဖြစ်လေသည်။ ရန်သူသည် ရွှေဒိုင်းနှင့် သံချပ်ကာ ဝတ်ဆင်ထားသလို အကာအကွယ် ရှိနေသည့်တိုင် သူတို့၏ အားနည်းချက်ကို ဆန်းလျန်အနေဖြင့် မရှာနိုင်လျှင် ရှက်စရာပင် ကောင်းနေပေလိမ့်မည်။
သူ၏ ခန့်မှန်းချက်များမှာ ဆူမို နပန်းသမားကြီးဆီသို့ ပြေးသွားသည့် ကလေး တစ်ယောက်နှင့် အလားသဏ္ဌာန်တူလေသည်။ သူ့တွင် လွတ်မြောက်ရန် ရွေးခြယ်စရာ လမ်းမရှိ။
အိမ်တော်ထိန်းဝူနှင့် ချက်ချင်း ပြန်လိုက်သွားရန် ဆန်းလျန် ငြင်းဆန်လိုက်သော်လည်း နှစ်ရက်အတွင်း ပြန်လိုက်မည်ဟု ပြောခဲ့သည့် ကတိကိုတော့ သူတည်ရမည် ဖြစ်လေသည်။ သူ့ကိုယ်သူ ကာကွယ်ဖို့ အတွက် ကြိုတင် ပြင်ဆင်မှုများကို လုပ်ထား ရလေသည်။
ကျင့်စဉ်စာအုပ်ကို သူကောက်ယူလိုက်ပြီး ဆီမီးအိမ်ထဲတွင် မီးရှို့ လိုက်လေသည်။ မီးတောက်ကြီးမှာ တစ်ခန်းလုံး ထိန်လင်းသွားပြီး စာအုပ်ပြာများ ကြမ်းပြင်ပေါ်သို့ ကျသွားလေသည်။
ဆန်းလျန် ထိုင်လိုက်ပြီး ပြာများကို စစ်ဆေး ကြည့်လိုက်သည်။ စာအုပ် အပိုင်းအစဟူ၍ တစ်ခုမှ မကျန်တော့။
အစွမ်းထက်လွန်းသည့် ကျင့်စဉ်ကို ရေးသားသွားသည့် ဆန်းလျန်၏ ဖခင်သည် အကောင်းစား စာရွက်ကို သုံးကာ ရေးသား သွားသည်မှာ အံ့သြစရာ မရှိတော့ပါ။
“စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” စာအုပ်မှာ တကယ်ပင် ကောင်းကင်ဘုံနှင့် သက်ဆိုင်သည့် စာအုပ် ဖြစ်ကောင်းဖြစ်သည် မဟုတ်ပါလား။
စာအုပ်တွင် အခြားအကြောင်းအရာ ရှိမရှိကို စစ်ဆေးကြည့်သည့်အခါ ဆန်းလျန်က အဓိပ္ပါယ် အားလုံးကို သိနေလေသည်။ ထိုစာအုပ်မှာ ဝိညာဉ် အားဖြည့်ခြင်း အပိုင်းပြီးလျှင် နိဂုံးချုပ်သည့် အပိုင်းသို့ ရောက်သွားပြီး တခြားမည်သည့် အကြောင်းအရာမျှ မရှိတော့ချေ။
သို့သော်လည်း ဆန်းလျန် စိတ်မပျက်သည့်အပြင် သူ့ကိုယ်သူ ကံကောင်းသည်ဟုပင် တွေးမိ သေးသည်။
အချိန်နှင့် နေရာကြား အချိန်ခရီးသွားသည့် ဖြစ်ရပ်များတွင် လူတိုင်းနီးပါးမှာ တိရစ္ဆာန် သို့မဟုတ် မိန်းကလေးဘဝဖြင့် အဆုံးသတ် သွားတတ်စမြဲ ဖြစ်လေသည်။ သူကတော့ ယောက်ျားလေး တစ်ယောက် ဖြစ်နေသေးသည့်အတွက် ဝမ်းသာစရာပင် ဖြစ်နေခဲ့သည်။
သူအဘယ်ကြောင့် ကျင့်စဉ်စာအုပ်ကို မီးရှို့လိုက်ရသနည်း။ ထိုကိစ္စက ရိုးရှင်းလွန်းပါသည်။ စာအုပ် တစ်အုပ်လုံးကို သူ့မှတ်ဉာဏ်ထဲတွင် အလွတ် မှတ်သားထားပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ပြင် သူနှင့် ဆန်းမိသားစု၏ ဆွေမျိုး တော်စပ်မှုမှာလည်း တကယ်တမ်း ပြောရလျှင် ဘာမှ မက်မော လောက်စရာ မရှိပေ။
ဝတ္ထုတွေထဲက အတိုင်း လျှို့ဝှက်ကျင့်စဉ် ကျမ်းစာအုပ်ကြီးကို သယ်ဆောင်ကာ ဆရာ လိုက်ရှာ သည့် အလုပ်ကို သူမလုပ်ချင်။
ပြီးတော့ အခြားသူများက သူ၏ ကျင့်ကြံမှု လမ်းစဉ်ကို သိသွားလျှင် မည်သည့် အကျိုး ကျေးဇူးမျှ မရှိနိုင်ဟု သူယူဆ ထားသည်။ ထို့ကြောင့် စာအုပ်ကို ပြာဖြစ်သည့်တို မီးရှို့ ဖျက်စီးပစ်ဖို့ သူဆုံးဖြတ်ခဲ့ခြင်း ဖြစ်လေသည်။
အမှတ်တရ အနေဖြင့်လည်း စာအုပ်ကို သူသိမ်းမထားချင်။ သူက ဇာတ်လမ်းထဲမှ သူရဲကောင်း တစ်ယောက်မဟုတ်။ သူက ဆန့်ကျင်သူ တစ်ယောက် ဖြစ်ဖို့သာ ရည်ရွယ်သည်။ သို့သော် သူက သူနှင့် ဝိညာဉ်စွမ်းအား ညီမျှသည့် သူရဲကောင်း တစ်ယောက်ကိုတော့ မလိုချင်ပါ။
သူရဲကောင်း တစ်ယောက်ရိုက်တာ ခံရဖို့တော့ သူတွေးတောင် မတွေးကြည့်ချင်။
သူပိတ်မိနေသည့် ခန္ဓာကိုယ် ပိုင်ရှင်၏ ဖခင်ဖြစ်သူ ချန်ထားခဲ့သည့် စာအုပ် ဖြစ်သော်လည်း အနာဂတ်တွင် သူ့ဖခင်ကို ရှာဖွေ တွေ့နိုင်ရန် အတွက်လည်း စာအုပ်ကို သိမ်းဆည်း မထားချင်။