Switch Mode

အခန်း ( ၁၅၅ )

ရပ်လိုက်စမ်း

ဝမ်ပေါင်လဲ့သည် ကောင်းကင်စင်မြင့်မှ ကြည့်ရှူသူတို့၏ အံဩနေမှုကို မသိပေ။

ရေငွေ့ကမ္ဘာထဲတွင် သူသည် ဧရာမ ဘီလူးကြီးအဖြစ် ပြောင်းလဲသွားပြီး ခြေလှမ်းတိုင်းတွင် တဝုန်းဝုန်း မြည်ဟီးသံများကို ထုတ်လွှတ်နေသည်။ သူက မိစ္ဆာကို မယုံကြည်သည့် မျက်လုံးများဖြင့် ကောင်းကင်မှ မျက်နှာကြီးဆီသို့ လက်သီးတစ်လုံး ပစ်လွှတ်လိုက်သည်။

“ ပျက်စီးစေ”

ထိုလက်သီးချက်မှာ ကောင်းကင်ကို လှုပ်ခတ်သွားစေကာ ပတ်ဝန်းကျင်တစ်ခုလုံးကို မွှေနှောက်သွားသည်။ အရာရာကို ဖျက်ဆီးနိုင်စွမ်းရှိသည့် မုန်တိုင်းတစ်စင်းကိုပါ ဖိတ်ခေါ်လိုက်သည်ဟု ထင်ရသည်။ မကြာခင် ထိုလက်သီးချက်က တဝီဝီြမည်သံပေး၍ သူ့ဆီ ဝင်လာနေသည့် မျက်နှာကြီးကို ရိုက်ခတ်သွားသည်။

အုန်းခနဲ တိုက်မိသွားသည့် မြည်သံမှာ ကောင်းကင်ကို လှုပ်ခါသွားစေပြီး မျက်နှာမှာ တုန်ခါသွားသည်။ ၎င်းမျက်နှာပြင်၌ အက်ကွဲရာများစွာ ပေါ်လာပြီး လက်သီးချက်ကို ခံနိုင်ရည် မရှိသည့်အလား တစ်ခါတည်း ပြိုလဲကျသွားသည်။

သို့ရာတွင် ပြိုလဲကျသွားသည့် အခိုက်အတန့်၌ ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားသည်။ သူက နောက်ဆုတ်ချင်သော်လည်း နောက်ကျသွားလေပြီ။ ပြိုလဲကျလာသည့် မျက်နှာမှာ မရေမတွက်နိုင်အောင် များပြားလှသည့် မျက်နှာလေးများအဖြစ် ပြောင်းလဲသွားသည်။ ယခင်ထက် လျင်မြန်သည့် အရှိန်တစ်ခုဖြင့် ရှေ့သို့ တဟုန်ထိုး ပြေးဝင်လာပြီး ဝမ်‌ပေါင်လဲ့၏ လက်မောင်းမှတဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ သွေးကြောများတစ်လျှောက် လှည့်ပတ်နေသည်။

“ ထူးဆန်းလိုက်တာ ”
သူ့ခန္ဓာကိုယ်မှာ အရှိန်အဝါ အလင်းတန်းများ ပြည့်နေသည့်အလား ခံစားရကာ သူက ချက်ချင်း ပင့်သက် ရှိုက်သွင်းလိုက်သည်။ ထိုအလင်းတန်းတစ်ခုစီသည် အာရုံခုနစ်ပါးနှင့် ကာမဂုဏ်ခြောက်ပါးတို့ကို ကိုယ်စားပြုသည်။ ၎င်းတို့သည် ဝမ်ပေါင်လဲ့ ခန္ဓာကိုယ်ထဲအား ဆွဲဖြဲကာ ဖောက်ထွက်ချင်နေသည့်အလား ဟိုတိုးသည်တိုက် ဆောင့်တွန်းနေကြသည်။

“ ငါ ဘယ်လိုလုပ်ပြီး တိုက်ရပါ့မလဲ။ ဒါက သူ့နယ်မြေကြီးဆိုတော့၊ ငါ ဘယ်လိုပဲ စိတ်ကူးယဥ်နေနေ၊ သူက ငါ့ထက် အမြဲတမ်း အစွမ်းထက်နေမှာ။ နောက်ပြီး စိတ်ကူးအရာမှာ ငါ အရူးတစ်ယောက်နဲ့ ယှဉ်ပြီး မတိုက်နိုင်ဘူး။ ငါ့ကိုယ်ငါ ပြည်ထောင်စု ဥက္ကဋ္ဌလို့ စိတ်ကူးယဉ်ကြည့်တောင် မရဘူး ”
ဝမ်‌ပေါင်လဲ့မှာ ဒေါသကြောင့် မျက်လုံးများ ပေါက်ထွက်တော့မည့်အလား ထင်ရသည်။ သူက ဤသို့သော စိတ်ကူးယဉ်တိုက်ပွဲမျိုးကို အသားမကျနိုင်သေးပေ။ ထိုအခိုက် သူ့ခန္ဓာကိုယ်၌ အက်ကွဲကြောင်းများ ပေါ်လာနေသည်ကို တွေ့ရသောအခါ ဝမ်ပေါင်လဲ့က ပူပန်သောကများကာ ဝါးမျိုခြင်းသစ်စေ့ စုပ်ယူပုံကို စိတ်ကူးယဉ်ရန် ဟန်ပြင်လိုက်သည်။ ထိုစဉ် ရုတ်တရက် ခေါင်းထဲ၌ အကြံတစ်ခု ထွက်လာသည်။

“ မဟုတ်သေးပါဘူး…. ငါက ဘာလို့ ငါ့ရဲ့ စိတ်ကူးယဉ်အတွေးနဲ့ပဲ တိုက်ရမှာလဲ။ ငါ သူ့ကို ဓမ္မအဆောင် ဖန်တီးပြီး ယှဉ်ပြိုင်ရမယ်။ ဓမ္မအဆောင်တွေ ဖန်တီးဖို့ စိတ်ကူးယဉ်ရုံနဲ့ မရဘူး။ လုပ်ရတဲ့ အဆင့်တွေက မယုံနိုင်လောက်အောင် ရှုပ်ထွေးတယ်။ သူက အခြေခံတွေ၊ နောက်ကွယ်က စည်းမျဉ်းစည်းကမ်းတွေ မသိခဲ့ဘူးဆိုရင် ဓမ္မအဆောင်တွေ စိတ်ကူးယဉ်မယ်ဆိုရင်တောင် တံလှပ်ရေထင်သလို ဖြစ်နေမှာပဲ ”

ဝမ်ပေါင်လဲ့သည် မဖြစ်မနေ၊ သေရေးရှင်ရေးများမှ လွဲ၍ ဝါးမျိုခြင်းသစ်စေ့ကို လူအများရှေ့ ထုတ်သုံးခြင်း မပြုမိရန် မသိစိတ်က အလိုလို ထိန်းချုပ်ထားမိသည်။

“ ငါ့ ခန္ဓာကိုယ်ထဲက အရှိန်အဝါတွေကိုတော့….. သန့်စင်ဖို့ ဝိညာဉ်ချီသို့ သတ်မှတ်လိုက်မယ် ”
ဝမ်ပေါင်လဲ့၏ မျက်လုံးထဲ၌ ရက်စက်ကြမ်းတမ်းသည့် အငွေ့အသက်များ ပေါ်လာပြီး ညာလက်ကို မြှောက်လိုက်သည်။ သူက ဝိညာဉ်ကျောက်တုံးများ သန့်စင်နေသည့်အလား ပတ်ဝန်းကျင်မှ ဝိညာဉ်ချီကို စုပ်ယူလိုက်သည်။ ညာလက်ကို ချက်ချင်း ဖြန့်လိုက်ကာ ခန္ဓာကိုယ်ထဲမှ အာရုံခုနစ်ပါးနှင့် ကာမဂုဏ်ခြောက်ပါးတို့ကို ဖော်ပြနေသည့် အ‌ငွေ့အသက်များကို အာရုံစိုက်ထားလိုက်သည်။

လျှပ်တစ်ပြက်အတွင်း ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး ပုံရိပ်ယောင် ကမ္ဘာထဲ၌ ကတုံးလူငယ်လေး၏ အလန့်တကြား ရေရွတ်သံများ ထွက်ပေါ်လာသည်။ လူငယ်လေး၏ အသံထွက်လာချိန်၌ ဝမ်ပေါင်လဲ့ ခန္ဓာကိုယ်ထဲမှ အာရုံခုနစ်ပါးနှင့် ကာမဂုဏ်ခြောက်ပါးတို့သည် ဆင့်ခေါ်ခံလိုက်ရသောကြောင့် ညာလက်ဆီသို့ ပျံသန်းလာကာ စုဝေးသွားသည်။

မျက်စိတစ်မှိတ်အတွင်း အာရုံခုနစ်ပါးနှင့် ကာမဂုဏ်ခြောက်ပါးတို့ကို အသုံးပြုကာ ဖန်တီးလိုက်သည့် ဝိညာဉ်ကျောက်တုံးတစ်တံုး ဝမ်ပေါင်လဲ့၏ ညာဘက် လက်ဖဝါးထဲ၌ လျင်မြန်စွာ ပေါ်ပေါက်လာသည်။

ဤဝိညာဉ်ကျောက်တုံးမှာ အလွန်အမင်း တောက်ပလင်းလက်နေပြီး ယခင် ဝမ်ပေါင်လဲ့ ဖန်တီးခဲ့သည့် ဝိညာဉ်ကျောက်တုံးများထက် သာလွန်နေသည်။ ထိုကျောက်တုံး ပေါ်လာသည့် အခိုက်အတန့်၌ ၎င်းဆီမှ တောက်ပလင်းလက်နေသည့် အလင်းရောင်က အတူတကွ ထွက်ပေါ်လာသည်။ ထိုအခြင်းအရာကြောင့် နှင်းစက်နှင်းပွင့်များ အပူနှင့်တွေ့သည့်ပမာ ပတ်ဝန်းကျင်မှ ရေခိုးရေငွေ့များမှာ သိသိသာသာ ကွယ်ပျောက်သွားသည်။

“ အသိပညာဟာ အင်အားတစ်ရပ်ပဲ။ ကတုံးလေးရေ၊ ဒါက မင်း ဓမ္မအဆောင်တွေကို ဘယ်လို ဖန်တီးရမလဲမသိတဲ့ ရလဒ်ပဲ”

ဤအချက်မှာ အသုံးဝင်သွားသောကြောင့် ဝမ်ပေါင်လဲ့မှာ အံ့ဩသွားသည်။ သူသည် ရယ်မောကာ အားကုန်သုံး၍ လက်ထဲမှ ဝိညာဉ်ကျောက်တုံးကို အသက်သွင်းလိုက်ရာ တောက်ပသည့် အလင်းရောင်က နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။ ဘေးပတ်လည်ကို အလင်းပျံ့နှံ့သွားပြီး ရေခိုးရေငွေ့များမှာ မငြိမ်မသက်ဖြစ်ကာ ချက်ချင်း ပါးလျလာပြီး ပျောက်ကွယ်လာကြသည်။

ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ ခြေချမိသည်နှင့် ရေငွေ့ကမ္ဘာထဲ၌ အက်ကွဲရာများ အမှန်တကယ် ပေါ်ပေါက်လာပြီး မှန်တစ်ချပ်သဖွယ် ဖြစ်လာသည်။ ရေငွေ့ကမ္ဘာမှာ သက်ရောက်မှုဒဏ်ကို မခံနိုင်သည့်အလား ပြိုကွဲပျက်စီးတော့မည်ဟု ထင်ရသည်။ ထိုအက်ကွဲကြောင်းများကြားမှ အပြင်ဘက် တောင်တက်လမ်း တိုက်ပွဲကွင်းပြင်ကို သေချာ ရှင်းလင်းစွာ မြင်နေရသည်။

ဘေးတစ်ဖက်သို့ ကပ်နေသည့် လုကျစ်ဟောင်၊ ကောင်းကင်ယံမှ ပွဲကြည့်စင်မြင့် အားလုံးကို မြင်တွေ့နိုင်သည်။ သူ့ရှေ့တည့်တည့် ဆယ်ပေအကွာ၌ ကတုံးလူငယ်လေးနှင့် နားလည်ရခက်သော မျက်နှာအမူအရာပိုင်ရှင် ခရမ်းဝတ် ကျင့်ကြံသူတစ်ယောက်ကို တွေ့ရသည်။

“ ဒီပုံရိပ်‌ယောင်ကမ္ဘာက အတော်လေး စိတ်ဝင်စားစရာ ကောင်းတာပဲ”
ဝမ်ပေါင်လဲ့၏မျက်လုံးများက တောက်ပနေသည်။ အာရုံခုနစ်ပါးနှင့် ကာမဂုဏ်ခြောက်ပါးတို့မှ ဖန်တီးထားသည့် ဝိညာဉ်ကျောက်တုံးမှ အလင်းများ ဖြာထွက်လာပြန်သည်။ သူ့ခန္ဓာကိုယ်မှာ ထိုအလင်းရောင်နှင့် တစ်သားတည်းဖြစ်သွားသည့်အလား ရှေ့သို့ လှစ်ခနဲ ရွေ့လျားသွားသည်။ သူက အက်ကွဲကြောင်းများ ပေါ်နေပြီဖြစ်သည့် ဤမှန်ပြင်ကဲ့သို့ ကမ္ဘာကြီးကို ခွဲခြေပစ်ရန် ရည်ရွယ်ထားသည်။

ထိုအခိုက် တောင်ထိပ် တိုက်ပွဲကွင်းပြင်ထဲ၌ ခရမ်းရောင်ဝတ်ကျင့်ကြံသူမှာ အံ့ဩသွားဟန် ရှိသည်။ သူ့အမြင်၌ ဝမ်ပေါင်လဲ့မှာ နေမြဲတိုင်းရှိနေပြီး သူ့ခန္ဓာကိုယ်အား ရေစက်ကြီးတစ်ပေါက်က ဝန်းရံချုပ်နှောင်ထားသည်။

ထိုရေစက်မှာ ဝမ်‌ပေါင်လဲ့ကို ပိတ်ဆို့ထားသည်။ ဝေးဝေးမှ ကြည့်လျှင် ၎င်းမှာ ပယင်းတစ်လုံးအလား ထင်ရသော်လည်း အနီးကပ်ကြည့်ပါက အက်ကွဲကြောင်းများ ထင်နေသည်ကို တွေ့နိုင်သည်။ ၎င်းရေစက်မှာ ဝမ်ပေါင်လဲ့၏ အရှိန်အဝါကို မခံနိုင်သဖြင့် ပြိုကွဲပျက်စီးတော့မည်ဖြစ်သည်။

တရားထိုင်နေသည့် ကတုံးလူငယ်လေးမှာ မျက်နှာပျက်နေသည်။ ဝမ်ပေါင်လဲ့ကို စိုက်ကြည့်နေရင်း နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာပြီး မခံမရပ်နိုင်ဖြစ်နေသည်။

အမှန်တကယ်တွင် မကြာသေးခင်က ဝမ်ပေါင်လဲ့အား သူ ပြောလိုက်သည့် စကားများသည် ဝမ်ပေါင်လဲ့ကို လှည့်စားရန် ဖြစ်သည်။ သူသည် ရေစက်အား သူ့ကိုယ်ပိုင် အရည်အချင်းဖြင့် ဖန်တီးကာ သူ့ဆရာ အကူအညီဖြင့် အသွင်ပြောင်းလက်နက်အဖြစ် ဖန်တီးထားသည် မှန်သော်လည်း အသိပညာ၊ စွမ်းရည်များ လိုအပ်နေသေးသည်။ သူသည် မှော်ဆေးရည်၊ ဓမ္မအဆောင် သန့်စင်ခြင်း၊ မန္တန်အစီအရင်စသည့် နယ်ပယ်တိုင်း၌ ဆရာတစ်ဆူ မဖြစ်နိုင်ပေ။ ထို့ကြောင့်ပင် အသွင်ပြောင်းလက်နက်ကို ယခုအချိန်၌ ကောင်းစွာ မထိန်းချုပ်နိုင်သေးပေ။

သို့ဖြစ်၍ ဝမ်ပေါင်လဲ့အား ဤအချက်ကို လျစ်လျူရှုထားပြီး စိတ်ကူးသက်သက်ကိုသာ အသုံးပြုတိုက်ခိုက်စေရန် လှည့်စားထားခြင်း ဖြစ်သည်။ ဤနည်းဖြင့် သူက အသွင်ပြောင်းလက်နက်ကို သုံးကာ မည်သူမျှ မကျော်နိုင်သည့် နေရာတစ်ခုကို ရယူရန် ကြံစည်ထားခဲ့သည်။

သို့သော် ဝမ်ပေါင်လဲ့သည် ဤမျှ လျင်မြန်စွာ သဘောပေါက်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ယခုအခိုက်အတန့်၌ ကတုံးလူငယ်လေးမှာ စိတ်ထဲမှ မခံမရပ်နိုင်ဖြစ်နေခြင်းကြောင့် မျက်လုံးမှ အရောင်များ ထွက်နေသည်။ ရေစက်မှာ ပျက်စီးတော့မည့်ဆဲဆဲတွင် သူ့မျက်လုံးထဲ၌ တစ်ခုခုကို ဆုံးဖြတ်လိုက်သည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။ သူက ညာလက်ကို မြှောက်ကာ ဝမ်ပေါင်လဲ့ ရှိနေသည့် ရေစက်ကို ညွှန်ပြလိုက်သည်။

“ ငါ့ရဲ့ အသွင်ပြောင်းလက်နက် ကမ္ဘာကြီးက ဖျက်ဆီးလို့ မရနိုင်ဘူး။ ချုပ်နှောင်ထားစေ”

ထိုစကားလုံးများက ပတ်ဝန်းကျင်တစ်ခွင် လွင့်ပျံသွားသည်နှင့် ဝမ်ပေါင်လဲ့ကို ပိတ်လှောင်ထားသည့် ရေစက်မှာ ပြန်လည် ကောင်းမွန်လာစေသည်။ ရေစက်ပေါ်မှ အက်ကွဲကြောင်းများမှာ သိသာစွာ ပြန်စေ့ပိတ်သွားပြီး မူလတောက်ပမှုမျိုး ပြန်ရလာသည်။ ရေစက်ထဲ၌ မျက်နှာများ ပေါ်လာပြန်သည်။ သူတို့သည် ဝမ်ပေါင်လဲ့နှင့် မတူတော့ဘဲ ပိုမို အကျည်းတန်ကာ ကြောက်စရာ ကောင်းလာကြသည်။

ထိုရေစက်ပုံရိပ်ယောင်ထဲ၌ ဝမ်ပေါင်လဲ့သည် အပြင်ဘက်မှ ဖြစ်ပျက်နေသည့် အရာအားလုံးကို သူ့ရှေ့မှ အက်ကွဲရာများမှတဆင့် မြင်နေရသည်။ အက်ကွဲကြောင်းများက လျင်မြန်စွာ ပိတ်ဆို့သွားစဉ် ညာလက်ကို မြှောက်ကာ ဝမ်‌ပေါင်လဲ့က အေးစက်စက် ရယ်မောလိုက်သည်။
“ အသုံးမဝင်ဘူးကွ ”

ဝမ်ပေါင်လဲ့၏ မျက်လုံးများထဲ၌ အေးစက်စက် အရိပ်တစ်ခု ဖြတ်ပြေးသွားသည်။
“ ဓမ္မအဆောင်တွေ ဖန်တီးသန့်စင်တာက ဝိညာဉ်ကျောက်တုံး ဖန်တီးတာတစ်ခုပဲ ပါတာမဟုတ်ဘူး။ ကမ္ဗည်းစာတွေနဲ့ ဝိညာဉ်အမြုတေတွေလည်း ပါသေးတယ် ”

ညာလက်ကို မြှောက်လိုက်စဉ် သူ့ဘေးမှ မရေမတွက်နိုင်အောင် များပြားလှသည့် ကမ္ဗည်းစာများက တောင်ကို ဖြိုကာ ပင်လယ်ကို ရွှေ့ပစ်မည့်ဟန်ဖြင့် တဟုန်ထိုး ပြေးထွက်သွားသည်။

အကယ်၍ အခြားတစ်နေရာရာ၌ ရောက်ရှိနေပါက ဤကမ္ဗည်းစာများသည် ဝမ်ပေါင်လဲ့၏ မှတ်ဉာဏ်များထဲ၌သာ ရှိပြီး ယခုကဲ့သို့ ဆင့်ခေါ်ခြင်း မပြုနိုင်ပေ။ သို့ရာတွင် ဤရေငွေ့ကမ္ဘာမှာ စိတ်ကူးပေါ်၌ အခြေခံသောကြောင့် ယခုအချိန်တွင် ဝမ်ပေါင်လဲ့ စိတ်ကူးအတိုင်း ကမ္ဗည်းစာ အများအပြား ပေါ်လာသည်။

ကမ္ဗည်းစာများမှာ အလွန်တရာ များလွန်းနေသည်။ အရေအတွက်မှာ တစ်သန်းနီးနီး ရှိသည့်အပြင် ဝမ်ပေါင်လဲ့သည် သူလေ့ကျင့်ထားသည့် ပုံသေနည်းကို သုံးကာ ထပ်မံဖန်တီးနိုင်သေးသည်။ ရေစက်ထဲ၌ အဆင့်မြင့် ကမ္ဗည်းစာများပင် ရောက်ရှိနေသည်။ ၎င်းတို့သည် ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားကာ ရေငွေ့ကမ္ဘာကြီး တစ်ခုလုံးအား အပိုင်စီးတော့မည့်အလား ထင်ရသည်။ မုန်တိုင်းများပင် ဖြစ်ပေါ်စေကာ မြေပြင်တစ်လျှောက် ဖြတ်သန်းတိုက်ခတ်လာသည်။ ၎င်းတို့၏ အရှိန်အဝါက‌ ကောင်းကင်ကို လှုပ်ခတ်စေပြီး မျက်နှာများနှင့် ထိပ်တိုက်တွေ့ကာ အုန်းခနဲ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာနေသည်။

“ ငါ အရင်က ဒီအကြောင်းတွေးသေးတယ်။ ငါ ဝိညာဉ်ကျောက်တုံးတစ်တုံးတည်းကို ကမ္ဗည်းစာတွေ အားလုံး စုထည့်လိုက်ရင် ဘယ်လိုဖြစ်သွားမလဲလို့။ စိတ်မကောင်းစရာက အဲ့နည်းက လက်တွေ့မဆန်တဲ့အပြင် ဘယ်သူမှ မလုပ်နိုင်ဘူး။ ဒါပေမဲ့ ဒီမှာတော့ … ဒီကမ္ဘာကြီးက ဖျက်ဆီးမရနိုင်ဘူးလို့ မင်းက ပြောထားတော့… ငါ့ရဲ့ အိမ်မက်ကို ဒီရေစက်က ခံနိုင်ရည်ရှိမလား ကြည့်ကြတာပေါ့ ”

ဝမ်ပေါင်လဲ့သည် ဤစိတ်ကူးယဉ် ကမ္ဘာမှာ အမှန်တကယ်တွင် သူ့အတွက် အဖိုးမဖြတ်နိုင်သည့် အခွင့်အရေးတစ်ခုဖြစ်ကြောင်း သဘောပေါက်လိုက်ပြီး သူ့မျက်လုံးထဲ၌ ထူးဆန်းသည့် အလင်းရောင်တစ်ခု လင်းလက်လာသည်။

ဤနေရာ၌ သူသည် စိတ်ကူးယဉ်ကာ သူသိထားသမျှဖြင့် ဓမ္မအဆောင်တစ်ခု ဖန်တီးကြည့်နိုင်သည်။ ဤဓမ္မအဆောင် သန့်စင်ခြင်းလုပ်ငန်းတွင် သန့်စင်ခြင်း ပစ္စည်းများ မလိုသည့်အပြင် ကျရှုံးနိုင်ခြေလည်း မရှိပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့အတွက် ဤသို့ ဖန်တီးရသည့် အတွေ့အကြုံမှာ အလွန့်အလွန် အဖိုးတန်လှသည်။

ထိုအတွေးဖြင့် ဝမ်ပေါင်လဲ့၏ မျက်လုံးများမှာ ချက်ချင်း တောက်ပလာပြီး သူ့ခန္ဓာကိုယ်မှာ နောက်ဆုတ်သွားသည်။ ဤကမ္ဘာကြီး၏ အက်ကွဲရာများ လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာသည်ကို အရေးမစိုက်တော့ပေ။ သူက ထွက်ခွာရန် စိတ်ကူးလည်း မရှိတော့ပေ။ ထိုအစား သူ့မျက်လုံးများမှာ တက်ကြွမှုများဖြင့် ပြည့်နှက်နေသည်။

တဟားဟား ရယ်မောကာ သူက ဘယ်လက်ကို မြှောက်ကာ ပတ်ဝန်းကျင်မှ ကမ္ဗည်းစာများကို ဦးတည် ဝှေ့ရမ်းလိုက်သည်။ အာရုံခုနစ်ပါးနှင့် ကာမဂုဏ်ခြောက်ပါးတို့ကို အသုံးပြုကာ ဖန်တီးထားသည့် ဝိညာဉ်ကျောက်တုံးပေါ်၌ ကမ္ဗည်းစာများ စတင်ရေးထိုးတော့သည်။

မျက်စိတစ်မှိတ်အတွင်း အာရုံခုနစ်ပါးနှင့် ကာမဂုဏ်ခြောက်ပါး ဝိညာဉ်ကျောက်တုံးပေါ်၌ ကမ္ဗည်းစာများ ပေါ်လာသည်။ ဤကမ္ဗည်းစာများမှာ ဝိညာဉ်ကျောက်တုံးတစ်တုံးလုံး၌ သိပ်သည်းထူထပ်စွာ ပြည့်နှက်နေသည်။

“ မလောက်သေးဘူး။ ငါ ဆက်ပြီး ရေးနေရမယ်”
ဝမ်ပေါင်လဲ့က ဆံပင်များကို ထိုးဖွကာ ကမ္ဗည်းစာများ ဆက်လက်ရေးထိုးနေသည်။ မကြာခင် ဝိညာဉ်ကျောက်တုံးပေါ်မှ ကမ္ဗည်းစာများမှာ တစ်လွှာပြီး တစ်လွှာ ထပ်လာသည်။

ကမ္ဗည်းစာများ အထပ်ထပ် ဖြစ်လာသည်နှင့်အတူ ဤဝိညာဉ်ကျောက်တုံးမှ ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်လာသည်။ တခဏအတွင်း ဤအရှိန်အဝါမှာ အသည်းထိတ်စရာ အဆင့်တစ်ခုသို့ ရောက်ရှိလာသည်။

ဘေးပတ်လည်မှ လေထုမှာ ပုံစံပျက်ယွင်းလာပြီး ရေခိုးရေငွေ့များမှာလည်း မလှုပ်မယှက် ဖြစ်လာကာ အထဲမှ မျက်နှာများကလည်း နောက်ဆုတ်သွားကြသည်။ ထိုမျက်နှာများမှာ ကြောက်ရွံ့နေသည့် အမူအရာများဖြင့် သူ့နား မကပ်လာရဲပေ။ ဝမ်ပေါင်လဲ့ရှိနေသည့်နေရာ၌ ကြောက်မက်ဖွယ် တစ်စုံတစ်ရာ ရှိနေသည့်အလား ထင်ရသည်။

“ ဒါလည်း မလုံလောက်သေးဘူး။ သေစမ်းကွာ၊ ဒီဝိညာဉ်ကျောက်တုံးကို ကြီးအောင် လုပ်ရမယ်”
ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်လာပြီး ထိုအခိုက်၌ တစ်စုံတစ်ယောက်ကို တိုက်ခိုက်လျက် ရှိသည်ကိုပါ မေ့သွားသည်။ သူ့မျက်လုံးထဲ၌ ကမ္ဗည်းစာများကိုသာ မြင်နေပြီး လက်ထဲမှ ဝိညာဉ်ကျောက်တုံးကို လွှင့်ပစ်လိုက်ရာ လေထဲ၌ လွင့်မြောသွားသည်။ သူက ကြောက်လန့်တကြား နောက်ဆုတ်နေကြသည့် ပတ်ပတ်လည်မှ မျက်နှာများကို ညာလက်ဖြင့် ဆွဲယူလိုက်သည်။

စူးရှကာ သွေးရူးသွေးတန်း အော်ဟစ်သံများ ပေါ်ထွက်လာသည်။ ယခင်က ရက်စက်ကြမ်းတမ်းပုံပေါ်သည့် မျက်နှာများမှာ ယခု ဝမ်ပေါင်လဲ့ကို ကမန်းကတန်း ရှောင်ရှားနေရသည်။ သို့တိုင် လွတ်အောင် ထွက်မပြေးနိုင်ကြပေ။ ဝမ်ပေါင်လဲ့၏ စုပ်အားကြောင့် မျက်နှာအားလုံးမှာ သူ့ဆီရောက်လာပြီး ဝိညာဉ်ကျောက်တုံးထဲသို့ ပစ်ထည့်ခြင်း ခံလိုက်ရပြီး ဝိညာဉ်ကျောက်တုံးမှာ ဆက်တိုက် ကြီးမား ကျယ်ပြန့်လာသည်။ တချိန်တည်းမှာပင် ဝမ်ပေါင်လဲ့က ပတ်ဝန်းကျင်မှ ကမ္ဗည်းစာများကို ထိန်းချုပ်ကာ အလောတကြီး စုစည်းလိုက်ပြန်သည်။

ထိုအခိုက် ဝိညာဉ်ကျောက်တုံးမှ ထွက်ပေါ်နေသည့် အရှိန်အဝါမှာ အလွန် ကြောက်စရာ ကောင်းသည့် အနေအထားတစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။ အမှန်တကယ်တွင် ရေခိုးရေငွေ့ ကမ္ဘာကြီးတစ်ခုလုံး တုန်ခါနေပြီ ဖြစ်သည်။

အပြင်လူများမှာ ဤသည်ကို မခံစား၊ မမြင်တွေ့ရသော်လည်း ကတုံးလူငယ်လေး၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲလာပြီး အသက်ရှူသံများ မြန်လာသည်။ သူက ဤတိုက်ပွဲကို အဆုံးသတ်၊မသတ် စဉ်းစားနေစဉ် ဝမ်ပေါင်လဲ့က ရေငွေ့ကမ္ဘာထဲ၌ ရုတ်တရက် ခေါင်းမော့လာသည်။

“ ဒီဝိညာဉ်ကျောက်တုံးက သေးလွန်းနေတယ်။ ဘယ်လိုမှ မလောက်နိုင်ဘူး။ ငါ ကမ္ဗည်းစာတွေကို ထပ်လိုက်ရင်တောင် မလောက်သေးဘူး”
ဝမ်ပေါင်လဲ့၏မျက်လုံးထဲ၌ ရက်စက်ကြမ်းတမ်းမှုများ ထွက်ပေါ်လာသည်။ ဘေးဘီကို ကြည့်လိုက်ပြီးနောက် သူ့မျက်လုံးများသည် ရုတ်တရက် လက်ခနဲ ဖြစ်သွားပြီး နဖူးကို ပိတ်ရိုက်လိုက်သည်။
“ ငါ အရူးပဲ။ ဘာလို့ ဝိညာဉ်ကျောက်တုံးပေါ်မှာပဲ ကမ္ဗည်းစာ ရေးထိုးဖို့ စဉ်းစားနေမိတာလဲ။ ငါ ဒီကမ္ဘာကြီးမှာ ကမ္ဗည်းစာတွေ ရေးလို့ ရတယ်လေ။ ဓမ္မလက်နက်အဖွဲ့ဝင်တွေက ဒီစကြဝဠာကြီးထဲက ရှိသမျှ ဘယ်အရာမဆို သန့်စင်နိုင်တယ်လေ။ ဒီကမ္ဘာကြီးကို သန့်စင်ပြီးတော့ ဓမ္မလက်နက်တစ်ခုအဖြစ် ဖန်တီးကြည့်ရအောင် ”

ထိုအတွေးဖြင့် ဝမ်ပေါင်လဲ့က စိတ်လှုပ်ရှားလွန်းသောကြောင့် တစ်ကိုယ်လုံး တုန်လာသည်။ သူသည် ခေါင်းမော့ကာ ရယ်မောလိုက်ပြီး လက်နှစ်ဖက်လုံးကို ဝှေ့ရမ်းလိုက်သည်။ ချက်ချင်းပင် ထိုကမ္ဘာကြီးထဲမှ ကမ္ဗည်းစာများအားလုံးမှာ ပေါက်ကွဲထွက်သွားသည်။ ၎င်းတို့မှာ လေထဲတွင် မျောလွင့်နေခြင်းမရှိတော့ဘဲ ရေငွေ့ကမ္ဘာနှင့်အတူ ပေါင်းစပ်သွားပြီး ကမ္ဗည်းစာများ စတင်ရေးထိုးသည်။

တချိန်တည်း၌ အပြင်ဘက်မှ ကတုံးလူငယ်လေးမှာ အံ့ဩထိတ်လန့်သွားသည်။ ကံဆိုးမိုးမှောင်ကျတော့မည့် ခံစားချက်က ဒီလှိုင်းများအလား သူ့ရင်ထဲ တမုဟုတ်ချင်း ဆောင့်တက်လာပြီး အသက်ရှူသံများ မြန်လာကာ မျက်လုံးများ ပြူးထွက်လာသည်။

“ ဝမ်ပေါင်လဲ့၊ ရပ်လိုက်စမ်း။ ငါ ပြိုင်ပွဲကို ရပ်လိုက်တော့မယ်။ ခွေးကောင်…. ရပ်လိုက်စမ်း”

Comment

Leave a Reply

Options

not work with dark mode
Reset