ကျိုးလုအတွက် စစ်တပ်ထဲ စဝင်ကတည်းက ယခုကဲ့သို့ အငေါက်ခံရခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်သည်။ ထိုအခိုက် သူမ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။ သူမသည် ပြန်ပြောကာ အတွန့်တက်ချင်သော်လည်း မလုပ်ရဲပေ။ ထို့ကြောင့် ခေါင်းငုံ့ကာ နေရသော်လည်း စိတ်ထဲမှ မတရားဟု ခံစားရသဖြင့် မခံမရပ်နိုင်ဖြစ်ခြင်းမှာ ပိုဆိုးလာသည်။
နောက်ဆုံးတွင် သူမက မနေနိုင်ဘဲ တိုးတိုးလေး ပြောလိုက်မိသည်။
“ ကျွန်မတို့ မျိုးဆက်က ကျင့်ကြံသူတွေက ကြီးမြတ်တဲ့ တာအိုကို လိုက်နာဖို့ တရားမျှတပြီး ပွင့်ပွင့်လင်းလင်း ရှိသင့်တယ် မဟုတ်ဘူးလား ”
“ အရာရာကို မျှတမှန်ကန်စွာ လုပ်ရမှာက လူတစ်ယောက်အတွက် အရေးအကြီးဆုံး တာဝန် ဟုတ်တယ်။ တစ်ဖက်ရန်သူကို တိုက်ခိုက်တာက နည်းလမ်း အမျိုးမျိုး ရှိတာပဲ။ အဲ့နှစ်ခုက တူသလား၊ ကြီးမြတ်တဲ့ တာအိုဆိုတာ ဘာကြီးမလို့လဲ။ ကျင့်ကြံခြင်းရဲ့ ရည်ရွယ်ချက်က ကြီးမြတ်တဲ့ တာအိုကို လိုက်နာဖို့လို့များ ထင်နေတာလား ”
ဗိုလ်ချုပ်ကြီးကျိုးက မျက်နှာထားတင်းတင်းနှင့် ကျိုးလုကို စိုက်ကြည့်လိုက်သည်။
“ ကျင့်ကြံခြင်းရဲ့ ရည်ရွယ်ချက်က ကိုယ့်ဘာသာကိုယ် ကာကွယ်ဖို့၊ အသက်ဆက်ရှင်နိုင်ဖို့နဲ့ သတ်ဖို့ပဲ။ ဒီပြဿနာတွေ အားလုံးကို ဖြေရှင်းနိုင်မှပဲ အဲဒီကြီးမြတ်တဲ့တာအို ဆိုတာကို လိုက်နာဖို့ အခွင့်အရေးရမှာ ”
ဗိုလ်ချုပ်ကြီးကျိုးမှာ များများ မပြောချင်သောကြောင့် ကျိုးလုကို မကြည့်တော့ဘဲ လျစ်လျူရှုလိုက်သည်။
ကျိုးလုမှာလည်း အံ့အားသင့်သွားသည်။ သူမအနေဖြင့် ထိုသို့သော အတွေးမျိုးကို သမင်ဖြူတာအိုကျောင်းတွင် ရှိစဉ်က မကြားဖူးသည်မှာ သေချာသည်။ ဤသည်မှာ ပထမဆုံးကြားဖူးခြင်း ဖြစ်ပြီး အနည်းငယ် တွေဝေသွားပြီး ခေါင်းငုံ့ကာ စဉ်းစားနေမိသည်။
ထိုစဉ် အားလုံးစောင့်ကြည့်နေကြသည့် တိုက်ပွဲကွင်းပြင်ထဲ၌ ကတုံးလူငယ်၏ တိုက်ကွက်အပြီး ဝမ်ပေါင်လဲ့ ခန္ဓာကိုယ် နောက်သို့ လွင့်ပျံထွက်လာပြီး သူတို့နှစ်ယောက် ကြားမှ အကွာအဝေးမှာ ပိုကျယ်လာသည်။ ကတုံးလူငယ်လေးက ဝမ်ပေါင်လဲ့ကို စိုက်ကြည့်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူကာ စိတ်ကို ငြိမ်အောင် ထိန်းလိုက်ပြီးနောက် သူ၏ မျက်လုံးထဲ၌ ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာသည်။ သူက ညာဘက်လက်မှ လက်တစ်ချောင်းကို မြှောက်ကာ မျက်နှာနားသို့ ကပ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ ဆရာက ပြောဖူးတယ်။ ကောင်းကင်တာအိုကျောင်းရဲ့ တာအိုအလင်းဆောင်ဌာနက ကောင်းကင်နဲ့ မြေကြီးရဲ့ ကြီးမြတ်သော တာအိုကို နားလည်ကြတယ်။ အဲဒီထဲက တစ်ခုကို ရွေးပြီး ပေါင်းစပ်ကြတယ်၊ အဲဒီကနေ ကမ္ဘာတစ်ခု ဖန်တီးဖြစ်ပေါ်လာစေတယ်။ ငါ၊ ဝူချန်းက တုံးလို့ ရေတစ်စက်ကိုပဲ ဖန်တီးနိုင်ခဲ့တယ်။ ကျေးဇူးပြုပြီး သင်ပြပေးပါဦး၊ တာအိုရောင်းရင်းဝမ် ”
ထိုအခိုက် သူ၏အသံမှာ တမူထူးခြားကာ နက်နဲသည့် ဇွဲလုံ့လကို ဖော်ပြနေသည်။
သူသည် ပါးစပ်ဟ၍ စကားပြောကာ လက်တစ်ချောင်းထောင်လိုက်သည်နှင့် ချက်ချင်းပင် ရေတစ်စက်က ပတ်ဝန်းကျင်ရှိ လေထုထဲမှ ထွက်ပေါ်လာသည်။ ထိုရေစက်မှာ သူ၏ လက်ချောင်းထိပ်တွင် ပေါ်လာသည်။
ထိုရေစက်မှာ ကြည်လင်ပြီး အဘက်ဘက်မှ အလင်းရောင်များ ထင်ဟပ်နေသည်။ မျက်စိတစ်မှိတ်အတွင်း အလွန်တောက်ပလာပြီး ပေါ်လာသည့်အခိုက်အတန့်မှစပြီး ဘေးမှ အလင်းရောင်များ မှိန်သွားသည့်အလား ထင်ရသည်။ ဤရေစက်လေးမှာ မယုံနိုင်စရာ ကောင်းလောက်အောင် တောက်ပနေပြီး လူတကာ၏ အာရုံစိုက်ခြင်းကို ခံရတော့သည်။
ရေစက်ပေါ်လာသည့် အခိုက်အတန့်၌ လုကျစ်ဟောင်၏ မျက်နှာအမူအရာမှာ လုံးဝ ပြောင်းလဲသွားသည်။ မျက်စိဖြင့် မမြင်နိုင်သည့် အန္တရာယ် ခံစားချက်ကြောင့် အသက်ရှူမှားကာ ဤနေရာမှ ဝေးဝေးထွက်ခွာချင်နေသည့် မသိစိတ်ကြောင့် အလိုလို နောက်ဆုတ်သွားသည်။
ထိုရေစက်မှာ တွန်းလှန်၍ မရနိုင်သည့် ခံစားချက်မျိုး ပေးစွမ်းနိုင်သည်။ အမှန်တွင် ဤရေစက်ကို တစ်ချက် ကြည့်လိုက်မိသည်နှင့် မိုးကြိုးလျှပ်စီး ထိမှန်သွားသည့်အလား တုန်လှုပ်သွားရသည်။
“ ဒါက ဘယ်လို ဓမ္မမန္တန်မျိုးလဲ။ သူက အဆောင်တွေတောင် မသုံးဘူး။ သူက တကယ်ပဲ အာနာပါန ပထမအဆင့်လား။ သူက တာအိုအလင်းဆောင်ဌာနကလို့တော့ ပြောတာပဲ”
လုကျစ်ဟောင်၏ စိတ်မှာ တုန်လှုပ်ခြောက်ခြားသွားစဥ် ဝမ်ပေါင်လဲ့က မျက်လုံးများကို မှေးစင်းလိုက်သည်။ ထိုရေစက်ပေါ်လာခြင်းကြောင့် သူလည်း အန္တရာယ် နီးကပ်လာသည့် ခံစားချက်မျိုး ဖြစ်လာသည်။ ထိုရေစက်မှာ သူနားမလည်နိုင်သည့် စွမ်းအင်အချို့ ပိုင်ဆိုင်ထားသည့် အလားပင် ဖြစ်သည်။ ယင်းက တံတွေးတစ်စက်ဖြစ်သည့်တိုင် ဤတံတွေးစက်မှာ ပတ်ဝန်းကျင်တစ်ခုလုံးကို မွှေနှောက်ကာ စိတ်ခံစားချက်ကိုပါ သက်ရောက်မှု ရှိစေသည့် ထူးဆန်းသော စွမ်းအင်ကို ပိုင်ဆိုင်ထားသည့်အလားပင်။
“ ဒီကောင်က တာအိုအလင်းဆောင် ဌာနကပေါ့”
ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ ပုံမှန်မဟုတ် ဖြစ်လာသည်။ မူလက ဝမ်ပေါင်လဲ့သည် တာအိုအလင်းဆောင် ဌာနကို အထင်မကြီးပေ။ ယခုမူ ထိုရေစက်ပေါ်လာသည်ကို မြင်လိုက်ရသည့် အချိန်မှစ၍ တာအိုအလင်းဆောင်ဌာနအပေါ်ထားသည့် အမြင်မှာ အနည်းငယ် ပြောင်းလဲသွားသည်။
“ ဒါပေမဲ့ သူတို့က တာအိုအလင်းဆောင်ဌာနကဆိုရင်တော့ ဘာဖြစ်လဲ။ ခုနတုန်းက ငါ့တိုက်ကွက်ကို သူ အသေအလဲ ရှောင်လိုက်ရတယ်။ ဒီတော့ ငါသာ သူ့အနား ရအောင် ကပ်နိုင်ရင် လက်သီးတစ်လုံးလောက် ပစ်ကျွေးလို့ ရမှာ သေချာတယ် ”
ခေတ္တမျှ ထိတ်လန့်သွားပြီးနောက် ဝမ်ပေါင်လဲ့ မျက်လုံးမှ အလင်းရောင်များ ထွက်လာပြီး မျက်လုံးအတွင်းတစ်နေရာ၌ ခရမ်းရောင်လင်းသွားသည်။ ထိုအခိုက်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် အရှိန်အဝါများကို ထုတ်လွှတ်ကာ ကတုံးလူငယ်လေးဆီ ပြေးဝင်သွားသည်။
ဝမ်ပေါင်လဲ့၏ အံ့မခန်း အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး သူ့ကိုကြည့်ရသည်မှာ ဓါးအိမ်မှ ဆွဲထုတ်လိုက်သည့် ချွန်မြသည့် ဓါးတစ်လက်အလား ထင်ရသည်။ ရှေ့သို့ တိုးလိုက်သည်နှင့် လူငယ်လေးမှာ ဝမ်ပေါင်လဲ့၏ အားကို ခံစားမိသွားသည်။ လူငယ်က မျက်လုံးကို မှေးကာ ညာလက်ကို လှုပ်ရမ်းလိုက်သည်။ ချက်ချင်းပင် ထိုရေစက်လေးက တောက်ပသော အမှတ်အသားတစ်ခုကို ချန်ထားကာ ဝမ်ပေါင်လဲ့ဆီသို့ ပြေးဝင်သွားသည်။
“ မင်း ငါ့နားကို နောက်တစ်ခါ ရောက်လာနိုင်တဲ့ အခွင့်အရေး မရှိစေရဘူး”
လူငယ်လေးက ထိုစကား ပြောလိုက်သည့် အခိုက်အတန့်၌ ဝမ်ပေါင်လဲ့က ခြေထောက်တစ်ချောင်းပေါ်သို့ အားပြုကာ လေထဲသို့ ခုန်တက်ပြီး ဦးတည်ချက် ပြောင်းလိုက်သည်။ သူက ရေစက်ကို ရှောင်ရှားလိုခြင်း ဖြစ်သော်လည်း ထိုရေစက်မှာ ထူးခြားလှသည်။ ထိုအခိုက် ပေါက်ကွဲသွားပြီး ရေငွေ့တိမ်တိုက်တစ်ခု ဖြစ်ပေါ်လာသည်။ အလွန်လျင်မြန်လှသော အရှိန်၊ ရူးခါလောက်သည့် လှုပ်ရှားမှုမျိုးဖြင့် အဘက်ဘက်သို့ ပျံ့နှံ့သွားကာ ဝမ်ပေါင်လဲ့ကို အုပ်ဆိုင်းသွားသည်။
ရေခိုးရေငွေ့များက ဝိုင်းရံထားသောကြောင့် ဝမ်ပေါင်လဲ့မှာ အမြင်အာရုံ ဝေဝါးသွားသည်။ ထင်ရှားပြတ်သားစွာ မြင်ရချိန်၌ သူ့မျက်လုံးများမှာ ချက်ချင်းပင် ကျဉ်းမြောင်းသွားသည်။ ထိုအခိုက်တွင် သူ့ပတ်ဝန်းကျင်မှ အရာအားလုံးမှာ ပြောင်းလဲသွားပြီဖြစ်သည်။ လုကျစ်ဟောင်နှင့် တောင်ထိပ်များမှာ ပျောက်ကွယ်သွားလေပြီ။
ကောင်းကင်မှ ပွဲကြည့်စင်မြင့်ပင်လျှင် ပျောက်ကွယ်သွားပြီဖြစ်သည်။ ကမ္ဘာကြီးတစ်ခုလုံးတွင် ရေခိုးရေငွေ့များသာ ကျန်ရှိသည့်အလား ထင်ရသည်။ ထိုနေရာတွင် ရပ်နေရခြင်းမှာ ရေငွေ့ပင်လယ်ကြီးထဲတွင် ရပ်နေရသည့်အလား ပုံရိပ်ယောင်တစ်ခုထဲသို့ အတင်းဆွဲသွင်းခြင်း ခံလိုက်ရသည်။
“ ပုံရိပ်ယောင်လား”
ဝမ်ပေါင်လဲ့မှာ အနည်းငယ် အသက်ရှူသံမြန်လာပြီး သတိမလွတ်ရဲပေ။ ရုတ်တရက် ပတ်ဝန်းကျင်မှ ရေငွေ့များမှာ ဝရုန်းသုန်းကား ဖြစ်သွားပြီး ထူးဆန်းသည့် အော်သံများက ပဲ့တင်ထပ်လာကာ မျက်နှာများ ရေငွေ့ထဲမှ ထွက်လာသည်။ ထိုမျက်နှာများအားလုံးမှာ ချွင်းချက်မရှိ ဝမ်ပေါင်လဲ့နှင့် တစ်ထေရာတည်း တူနေသည်။
သူတို့အားလုံး၌ မတူညီသည့် မျက်နှာအမူအရာများ ရှိကြသည်။ အချို့မှာ ရယ်မောနေကြပြီး အချို့မှာ ငိုယိုနေကြသည်။ အချို့မှာ ဒေါသတကြီး အံကြိတ်နေကြပြီး အချို့မှာ စိတ်ပျက်လက်ပျက် သွေးပျက်ဖွယ် အော်ဟစ်ငိုယိုနေကြသည်။ လောဘတကြီး ပုံစံပေါက်နေသည့် မျက်နှာများလည်း ရှိသည်။ ၎င်းတို့မှာ လူတို့၏ အာရုံခုနစ်ပါးနှင့် ကာမဂုဏ်ခြောက်ပါးတို့ကို မတူညီသော မျက်နှာအမူအရာများဖြင့် ဖော်ပြလိုဟန် ရှိသည်။ သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့ဆီသို့ တဝီဝီ ပျံသန်းလာနေကြသည်။
ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြီး ညာလက်ဖြင့် လက်တံဆိပ်ကို သုံးကာ နှင်းဓါးပျံကို ဆင့်ခေါ်လိုက်သည်။ အကာအကွယ် ပုလဲလုံးများ ပေါက်ကွဲကာ ဒိုင်းတစ်ခုသဖွယ် ဝမ်ပေါင်လဲ့ကို ကာရံပေးထားသည်။ သို့သော် အာရုံခုနစ်ပါးနှင့် ကာမဂုဏ်ခြောက်ပါးတို့ကို ဖော်ပြနေသည့် မျက်နှာများအတွက်မူ အကျိုးသက်ရောက်ခြင်း မရှိပေ။ ထိုမျက်နှာများက ဝမ်ပေါင်လဲ့၏ ခန္ဓာနှင့် နာမ်အား ဖျက်ဆီးပြီး အားရပါးရ တစ်စစီ ကိုက်ဖြဲဝါးမျိုချင်သည့်အလား အကာအကွယ်ဒိုင်းကို လုံးဝ လျစ်လျူရှု၍ ဖြတ်သန်းလာကြသည်။
“ အဆုံးမဲ့မျိုးနွယ်စုနဲ့ တော်တော်လေး…. တူတာပဲ”
ဝမ်ပေါင်လဲ့၏ မျက်နှာ အမူအရာမှာ ပြောင်းလဲသွားလေသည်။ ဤမျက်နှာများကို မြင်ရသည်မှာ ဓါးကျိုးတောင်မှ သူတွေ့ကြုံခဲ့ရသည်များကို ပြန်ပြောင်း အမှတ်ရစေသည်။
ဝမ်ပေါင်လဲ့မှာ တုန်လှုပ်လျက် ရှိနေစဉ် လီဝူချန်း၏ အသံက ရေငွေ့ကမ္ဘာထဲ၌ ပဲ့တင်ထပ်လာသည်။
“ တာအိုရောင်းရင်းဝမ်၊ ငါတို့ တာအိုအလင်းဆောင်ဌာနက လူတွေက ကောင်းကင်နဲ့ မြေကြီးရဲ့ ကြီးမြတ်တဲ့တာအိုကို နားလည်အောင် လုပ်ကြတယ်။ ငါ ရေငွေ့နဲ့ ပေါင်းစပ်ပြီးနောက်မှာ ဆရာပေးထားတဲ့ ကမ္ဘာခြားဝိညာဉ်သွေးမျှင်တန်းနဲ့ ကမ္ဘာတစ်ခု ဖန်တီးခဲ့တယ်။ ဆရာ့ရဲ့ မန္တန်နဲ့ သန့်စင်ပြီး နောက်ဆုံးမှာ ငါ ဒီနေရာကို ရလာခဲ့တာ_ အန္တိမအသွင်ပြောင်းလက်နက်…”
“ ငါရဲ့ အသွင်ပြောင်းလက်နက် ကမ္ဘာမှာ အရာအားလုံးက မင်းရဲ့ စိတ်ကူးအတိုင်းပဲ။ မင်းက ဒီနေရာကို သိစိတ်ရဲ့ ပုံရိပ်ယောင်ကမ္ဘာတစ်ခုအဖြစ် မှတ်ယူနိုင်တယ်။ အဲဒီတော့ ဒီမှာ မင်း ကြိုက်သလောက် စိတ်ကူးယဉ်လို့ ရတယ်။ မင်းက ပြိုင်ဘက်ကင်း ဆရာကြီးတစ်ယောက် ဖြစ်သွားပြီလို့ စိတ်ကူးယဉ်ပြီး ငါ့ကို လာတိုက်လို့တောင် ရသေးတယ်”
“ ဒါပေမဲ့ ဒါက ငါ့ရဲ့ အသွင်ပြောင်းလက်နက်ဖြစ်တဲ့ အတွက်ကြောင့် မင်း ဒီမှာ ဘာတွေပဲ စိတ်ကူးယဉ်ပစေ၊ ငါက အမြဲတမ်း မင်းထက် အစွမ်းထက်နေမှာပဲ။ ဆရာက မင်းမှာ အလားအလာကောင်း ရှိတယ်လို့ ပြောဖူးတယ်။ ဒီတော့ ဒီကမ္ဘာထဲမှာ မင်းရဲ့ အာရုံခုနစ်ပါးနဲ့ ကာမဂုဏ်ခြောက်ပါးတို့နဲ့ ရင်ဆိုင်ရတဲ့အခါမှာ မင်းရဲ့ စိတ်ကူးစိတ်သန်း၊ ရည်မှန်းချက် ဘယ်လောက်ကောင်းမလဲဆိုတာ ငါ တကယ် သိချင်မိတယ် ”
လီဝူချန်း၏ စကားများ ပဲ့တင်ထပ်လာချိန်တွင် ဝမ်ပေါင်လဲ့ဆီ လာနေသည့် မျက်နှာအားလုံးမှာ ပိုမို ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ သူတို့က ရုတ်တရက်ကြီး နီးကပ်လာလျှင် ဝမ်ပေါင်လဲ့ မျက်လုံးထဲ၌ အေးစက်စက်အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး ချက်ချင်း နောက်ဆုတ်လိုက်သည်။
“ အသွင်ပြောင်းလက်နက်၊ အဲဒါ ဘာကြီးလဲ ”
“ စိတ်ကူးပေါ်မှာ အခြေခံပြီး တိုက်ခိုက်ရမယ်။ အဲဒီလို တိုက်ပွဲဆိုင်လို့ ရသလား။ တာအိုအလင်းဆောင်ဌာနက လူတွေက ဘယ်လိုပဲပြောပြော တကယ်ကြီး အကုန်လုံး ရူးနေကြတယ် ထင်တာပဲ…”
သံသယစိတ်ဖြင့် ဝမ်ပေါင်လဲ့က သူ့ကိုယ်သူ မရပ်မနား ကြီးထွားနေသည့် လူသန်ကြီးတစ်ယောက် အဖြစ် စိတ်ကူးယဉ်ကြည့်လိုက်သည်။ ထိုအတွေးကို တွေးလိုက်မိသည်နှင့် သူ့ခန္ဓာကိုယ်မှာ မျက်စိတစ်မှိတ်အတွင်း ကြီးမားလာသည်။ ဤကမ္ဘာထဲတွင် သူသည် မယုံနိုင်ဖွယ်ရာ ကြီးမားလှပြီး ကောင်းကင်ကို ထိကာ မြေကြီးကို ထောက်ပံ့ပေးနိုင်သည့်အလား ထင်ရသည်။
“ တကယ်လုပ်လို့ ရတာပဲဟ”
ဝမ်ပေါင်လဲ့မှာ တုန်လှုပ်သွားပြီး ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါနိုင်စွမ်းရှိကာ အရာရာကို ဖျက်ဆီးပစ်နိုင်သည့် စွမ်အားတစ်မျိုးက သူ့ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲထွက်လာသည်ကို ခံစားလိုက်ရသည်။ သို့ရာတွင် ထိုအခိုက်၌ ပုံရိပ်ယောင် ရေငွေ့ကမ္ဘာမှာလည်း သူနှင့်အတူ လိုက်ပါ ကြီးမားလာသည်။ ဤကမ္ဘာကြီးမှာ ဝမ်ပေါင်လဲ့ စိတ်ကူးသမျှ မည်သို့သော အရာဖြစ်စေ အားလုံးကို ပါဝင်ဖန်တီးပေးနိုင်သည့် အလားထင်ရသည်။
ထိုအခိုက် တဝီဝီလာနေသည့် မျက်နှာများမှာလည်း တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားကာ ကျယ်ပြန့်လာသည်။ နောက်ဆုံးတွင် ကောင်းကင်တစ်ခြမ်းခန့်ကို ဖုံးအုပ်နေသည်ဟု ထင်ရသည့် မျက်နှာကြီးတစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။ ဝမ်ပေါင်လဲ့ထက်ပင် ပိုမို ကြောက်စရာကောင်းသော အရှိန်အဝါမျိုးဖြင့် သူ့ဆီ ပျံသန်းလာသည်။
ထိုမျက်နှာမှာ သူ့ရှေ့တွင် ဧရာမဘီလူးကြီးတစ်ကောင် ရှိမနေသည့်အလား အရှိန်ဖြင့် ပျံသန်းလာသည်။
ထိုအခိုက် ပုံရိပ်ယောင်၏ ပြင်ပ၊ သိုင်းပညာအဆောင်ပြိုင်ပွဲ၏ ကောင်းကင်စင်မြင့်ထက်၌ စစ်သည်တော်များ၊ ပြည်ထောင်စုအရာရှိများနှင့် ကောင်းကင်တာအို အကြီးအကဲတို့၏ မျက်လုံးများမှာ ပြူးထွက်ကုန်ကြသည်။ အမှန်တွင် လူအတော်များများက မတ်တတ်ထရပ်ကုန်သည်။
“ ဒါက…”
“ အသွင်ပြောင်းလက်နက်၊ ဒါက အရင်ဥက္ကဋ္ဌဟောင်း လီရှင်းဝမ် ဓမ္မလက်နက်တွေပေါ်မှာ တာအိုအလင်းရှာဖွေနေစဉ်က သူ ကိုယ်တိုင်ဖန်တီးခဲ့တဲ့ မန္တန်မလား။ သူတစ်ခါ ပြောခဲ့ဖူးတယ်… သူက ဒီမန္တန်ကို အသုံးပြုပြီးတော့ ပြည်ထောင်စုထဲက ဓမ္မလက်နက်တွေနဲ့ ပတ်သက်ပြီး ခေတ်သစ်တစ်ခုကို ဖော်ဆောင်မယ်တဲ့။ သူက ဒီမန္တန်ကို သုံးပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ ခွင့်ပြုချက်ကို ရယူပြီး ဖောက်ထွက်ဖို့ ကြိုးစားရင်းနဲ့ ပြည်ထောင်စုရဲ့ တစ်ဦးတည်းသော ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာမှာ ”
“ လီရှင်းဝမ်က ဘုရားပေးတဲ့ ပါရအမီရှင်တစ်ယောက်ပဲ။ တာအိုအလင်းနဲ့ ပတ်သက်ရင် သူ့မှာပါလာတဲ့ အထုံပါရမီက ပြည်ထောင်စုမှာ အကောင်းဆုံးလို့ ပြောရင်လည်း မမှားဘူး။ သူ့တပည့်ကလည်း သူ့လိုပဲ တာအိုအလင်းမှာ အထုံပါလာတာ အံ့ဩမိတယ်။ သူက ခုမှ အာနာပါနအဆင့် အဖွဲ့ဝင်တစ်ယောက်ပဲ ရှိသေးပေမဲ့ ဒီမန္တန်ကို သုံးနိုင်နေပြီ”
ကောင်းကင်ယံထက် ပွဲကြည့်စင်မြင့်မှ ကြည့်နေကြသည့် မြင်ကွင်းတွင် ဝမ်ပေါင်လဲ့နှင့် လီဝူချန်းတို့ ရှိနေသည့် တိုက်ပွဲကွင်းပြင်ထဲ၌ လီဝူချန်းက မျက်လုံးမှိတ်ကာ တင်ပျဉ်ခွေ ထိုင်နေသည်ကို တွေ့ရသည်။ သူ့နှုတ်ခမ်းမှာ အနည်းငယ် တုန်ခါနေပြီး အပြင်လူများ မကြားနိုင်သည့် မန္တန်တစ်ပုဒ်ကို ရွတ်ဆိုနေသည်။
သူ့ရှေ့၊ ဆယ်ပေခန့်အကွာ၌ ဧရာမ ရေဘောလုံးကြီးတစ်လုံး ရှိသည်။ ဤရေဘောလုံးမှာ ဝေဝါးနေပြီး အထဲတွင် ရေငွေ့များ လှုပ်ရှားရိုက်ခတ်နေသည့် အလား ထင်ရသည်။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ကို ထင်ရှားစွာ မမြင်ရသော်လည်း သူသည် ထိုရေဘောလုံးထဲ၌ ပိတ်လှောင်ခံထားရသည်။