Switch Mode

အခန်း ( ၁၅၃ )

စကားကို ရိုးရိုးတန်းတန်းပြောလို့မရဘူးလား

ထို ခေါင်းတုံးနှင့် လူငယ်လေး မျက်လုံးဖွင့်လိုက်သောအခါ သူ၏ စမ်းရေပမာ ကြည်လင်နေသော မျက်လုံးများမှာ ဖော်ပြ၍ မရနိုင်လောက်အောင် ဆွဲဆောင်မှုအပြည့် ရှိနေ၏။ ၎င်းတို့မှာ လူတစ်ယောက်၏ အသိစိတ်များကို စုပ်ယူကာ ရူးသွပ်သွားအောင် ပြုလုပ်နိုင်စွမ်း ရှိနေသည့်ပုံပင်။

ထို့အပြင် သူသည် နတ်ဘုရား တစ်ပါးကဲ့သို့ သူ၏ခန္ဓာကိုယ်မှ အလင်းရောင်များ ထုတ်လွှတ်နေသည့်အလား ထင်ယောင်ထင်မှားပင် ဖြစ်နေ၏။ ပြိုင်ဘက်အား ကိုးကွယ်ချင်စိတ်များ ပေါက်လာသောကြောင့် ဝမ်ပေါင်လဲ့မှာ တုန်ရီသွားရ၏။ သူ၏ ခန္ဓာကိုယ်ထဲရှိ ကျင့်ကြံခြင်းမှာ ချက်ချင်းဆိုသလိုပင် လည်ပတ်လာပြီး ထိုအခိုက်အတန့်တွင် သူ၏ ဝါးမျိုခြင်း သစ်စေ့မှာလည်း မသိမသာ လည်သွား၏။ ထိုကဲ့သို့ သူ၏ခန္ဓာကိုယ်ထဲ၌ ကျင့်ကြံခြင်းများ လည်ပတ်နေချိန်တွင် သူ၏မျက်လုံးများထဲ၌ ခရမ်းရောင်အလင်းတန်းတစ်ခု ဖျတ်ခနဲလက်သွားသည်ကို ဝမ်ပေါင်လဲ့ကိုယ်တိုင်ပင် သတိမထားမိလိုက်ပေ။

ဝမ်ပေါင်လဲ့မှာ ဝိညာဉ်အမြစ်ရွာထဲတွင် ခရမ်းရောင်အလင်းတန်းကြီးကို စုပ်ယူခဲ့စဉ်တုန်းက ၎င်းမှာ သူ၏ ဝါးမျိုခြင်းသစ်‌စေ့နှင့် တစ်သားတည်း ပေါင်းစည်းသွားခဲ့၏။ ထိုကဲ့သို့ ပေါင်းစည်းသွားရာမှ ပေါ်ထွက်လာခဲ့သည့် အလင်းတန်းမှာ သူ၏ မျက်လုံးများထဲတွင် ဖျတ်ခနဲလက်သွားခဲ့သည့် ခရမ်းရောင် အလင်းတန်းကြီးပင် ဖြစ်သည်။

ထို ခရမ်းရောင်အလင်းတန်းလေး ပေါ်လာသည်နှင့် တရားထိုင်နေသော လူငယ်လေးမှာ ရုတ်တရက် ပင့်သက်ရှိုက်မိသွားရ၏။ သူ၏ တည်ကြည်မှုအပြည့်ရှိပြီး ကြော့ရှင်းနေသော အမူအရာမှာလည်း ထို အခိုက်အတန့်တွင် ပြောင်းလဲသွား၏။ ထို့နောက် သူသည် စိတ်ဝင်တစား ဖြစ်နေသည့် အမူအရာဖြင့် ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်၏။

ထိုကဲ့သို့ သူ၏ အမူအရာ ပြောင်းလဲသွားသည့် အချိန်တွင် သူ့ဆီမှ ထွက်ပေါ်နေသော ဖိအားများမှာလည်း ချက်ချင်းဆိုသလိုပင် မတည်မငြိမ်ဖြစ်ကာ လွင့်စင်ပျောက်ကွယ်သွား၏။ ထို့ကြောင့် တုန်ရီနေသော ခန္ဓာကိုယ်နှင့် သူ၏ခြေလှမ်းများကို မထိန်းနိုင်သည့် ပုံစံဖြင့် ရှေ့သို့လျှောက်လှမ်းနေသော လုကျစ်ဟောင်မှာ အိပ်မက်တစ်ခုမှ နိုးထလာသည့်အလား ဆတ်ခနဲ တုန်သွား၏။ သူ၏ အသက်ရှူသံများမှာလည်း မြန်ဆန်လာပြီး သူ၏ အမူအရာမှာလည်း ကြက်သေသေနေ၏။

” ဒါ ဘယ်လို မန္တန်မျိုးကြီးလဲဟ ”
လုကျစ်ဟောင်မှာ အံ့ဩတုန်လှုပ်နေသော မျက်ဝန်းများဖြင့် အလန့်တကြား ရေရွတ်မိလိုက်၏။

ခေါင်းတုံးလူငယ်လေးမှာမူ လုကျစ်ဟောင်၏ အမူအရာကို ဂရုမစိုက်ဘဲ သူ၏ခေါင်းကို အနည်းငယ်ခန့် လှည့်လိုက်၏။ သူ၏ ကိုယ်ဟန်အမူအရာမှာ မြင့်မြတ်ကာ အထက်တန်းဆန်နေ၏။ သူ၏ ဘေးတွင်ရှိနေသော သိုင်းပညာအဆောင်မှ ပြိုင်ပွဲဝင်ဖြစ်သည့် သက်တော်စောင့်မှာ ချက်ချင်းပင် ဦးညွှတ်ကာ သူ၏စကားကို နားထောင်လိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူသည် လုကျစ်ဟောင်ဆီသို့ ဦးတည်လျှောက်လှမ်းလာပြီး ဆုံမှတ်၏ အလယ်ဗဟိုနားအထိ ရောက်ရှိလာ၏။ ထိုနေရာသို့ ရောက်လာသောအခါ သူသည် လက်မြှောက်ကာ တိုက်ခိုက်ရန် စိန်ခေါ်သည့်အမူအရာဖြင့် လုကျစ်ဟောင်အား လက်ယပ်ခေါ်လိုက်၏။

ထိုအခါ လုကျစ်ဟောင်မှာ အမူအရာပြောင်းလဲသွားပြီး ခေါင်းတုံးလူငယ်လေးအား ကြောက်ကြောက်လန့်လန့်နှင့် ကြည့်လိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား အကူအညီတောင်းနေသော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်သည်။ သူမည်မျှပင် မာနကြီးခဲ့စေကာမူ ယခုတွင် အရေးမပါတော့ပေ။ ထိုအချက်များကို သူက မေ့ထားလိုက်ပြီ ဖြစ်သည်။ သူ၏ ပြိုင်ဘက်မှာအစွမ်းထက်သောကြောင့် ဤပြိုင်ပွဲမှာ အလွန် အန္တရာယ်များမည် ဖြစ်ကြောင်း သူက သိထားသည်။ သို့သော် သူ၏ အတွေးထဲတွင် ဝမ်ပေါင်လဲ့မှာလည်း ထိုနည်းတူပင် အစွမ်းထက်သည်ဟု သတ်မှတ်ထားသောကြောင့် သူသည် ဝမ်ပေါင်လဲ့အား အလိုလို လှမ်းကြည့်ကာ အကူအညီတောင်းမိလိုက်ခြင်းဖြစ်သည်။

” မင်းဆီမှာ သက်တော်စောင့်တစ်ယောက်တောင် ရှိနေတာလားဟ။ ဒီလောက်ကြီး ဟိတ်ဟန်တွေ ကြီး‌မနေပါနဲ့ကွာ ”
ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်ကာ အေးစက်စက် နှာမှုတ်လိုက်၏။ သူသည် ထို ခေါင်းတုံးလူငယ်လေး၏ ကိုယ်ဟန်မူအရာကို သဘောမတွေ့ပါသော်လည်း ထိုလူ‌ငယ်လေး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ဖိနှိပ်အားများကို အာရုံခံမိနေ၏။ ထိုလူငယ်လေးမှာ သူကြုံတွေ့ခဲ့ဖူးသည့် သူနှင့် ကျင့်ကြံခြင်းအဆင့်တူသော ပြိုင်ဘက်များထဲတွင် အစွမ်းအထက်ဆုံးပြိုင်ဘက် ဖြစ်ရမည်ဟု ဝမ်ပေါင်လဲ့က မှတ်ယူလိုက်၏။ ထို့ကြောင့် သူသည် ထို ခေါင်းတုံးလူငယ်လေးအတိုင်း လိုက်လုပ်ကာ တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး တည်ကြည်စွာ ဆိုလိုက်၏။

” ကျစ်ဟောင်… တိုက်ခိုက်ရတာ ပြဿနာ မရှိပါဘူး။ ဒါ မင်းရဲ့ ပြိုင်ပွဲကြီးပဲလေ။ တစ်ယောက်ချင်း ယှဉ်ပြိုင်တိုက်ခိုက်ရရင်က နိုင်နိုင် ရှုံးရှုံး မင်းအပိုင်းပဲ။ ဒါပေမဲ့ နှစ်ယောက်တစ်ယောက် တိုက်ခိုက်လာမယ်ဆိုရင်တော့ ဝမ်ပေါင်လဲ့ဆိုတဲ့ ငါ လက်ခံမလား၊ လက်မခံဘူးလားဆိုတဲ့ အချက်ပေါ်မှာ မူတည်သွားပြီ ”

ဝမ်ပေါင်လဲ့၏ စကားများကို ကြားလိုက်ရသောအခါ လုကျစ်ဟောင်မှာ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်ရ၏။ သူသည် ဝမ်ပေါင်လဲ့အား မနှစ်သက်သလို သူနှင့် မတည့်ပါသော်လည်း ဝမ်ပေါင်လဲ့၏ စကားများကြောင့် သူ၏ စိတ်နှလုံးမှာ ပို၍ တည်ငြိမ်သွားရ၏။ ထို့ကြောင့် သူသည် ခေါင်းမော့ကာ သူ့အား လက်ယပ်ခေါ်နေသည့် ခရမ်းရောင် ချပ်ဝတ်တန်ဆာတစ်ခုကို ဆင်မြန်းထားသော ကျင့်ကြံသူအား ကြည့်လိုက်သောအခါ လုကျစ်ဟောင်၏ မျက်လုံးများထဲတွင် တိုက်ခိုက်လိုစိတ်များ ပေါက်ကွဲထွက်ပေါ်လာ၏။ ထို့နောက် သူသည်‌ လေသံတိုးတိုးဖြင့် ညည်းတွားလိုက်ပြီး ထို ခရမ်းရောင် ချပ်ဝတ်တန်ဆာနှင့် ကျင့်ကြံသူကြီးဆီသို့ ပြေးထွက်သွားတော့သည်။

သူသည် အံ့ဩတုန်လှုပ်ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် ထို ခရမ်းရောင် ချပ်ဝတ်တန်ဆာနှင့် ကျင့်ကြံသူကြီး၏ အနားသို့ ချက်ချင်းပင် ရောက်ရှိသွားသည်။ ထို့နောက် သူသည် မန္တန်လက်ကွက် အနည်းငယ် ဖော်လိုက်ပြီး ဆီးနှင်းဓားပျံငါးချောင်းအား သူ၏ ပတ်ပတ်လည်တွင် ဝဲပျံနေအောင် ပြုလုပ်လိုက်၏။ ထို့အပြင် အဆောင်များစွာကိုလည်း ပစ်လွှတ်လိုက်ပြီး ၎င်းတို့ကို မန္တန်များအဖြစ် ပြောင်းလဲလိုက်သောကြောင့် အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာ၏။ ထိုစဉ် ခရမ်းရောင် ချပ်ဝတ်တန်ဆာနှင့် ကျင့်ကြံသူကြီးမှာမူ အေးစက်စက်ပြုံးကာ ရှေ့သို့လှမ်းလာပြီး သူ၏ ညာခြေထောက်ကို ဆောင့်ချလိုက်သည်။ ထိုအခါ ဝိညာဉ်ချီများမှာ သူ၏ခြေထောက်အောက်မှ မုန်တိုင်းတစ်ခုကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာပြီး သူသည် လုကျစ်ဟောင်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာ၏။

သွက်လက်မှုနှင့် အမြန်နှုန်းအပိုင်းတွင် လုကျစ်ဟောင်မှာ သိသိသာသာ အသာစီးရနေ၏။ ထို့ကြောင့် သူသည် လှစ်ခနဲ လှုပ်ရှားကာ ရှောင်တိမ်းလိုက်ပြီး ထပ်၍ တိုက်ခိုက်လိုက်၏။

လျှက်တစ်ပြက်အတွင်း သူတို့နှစ်ယောက်မှာ ဆုံမှတ်၏အလယ်၌ လုံးထွေးသတ်ပုတ်နေကြတော့သည်။

ဤတိုက်ပွဲတွင် ဝမ်ပေါင်လဲ့မှာ မီးရှူးမီးပန်းများ မလွှတ်ခဲ့သည့်တိုင်အောင် ကောင်းကင်ယံထဲရှိ ပွဲကြည့်စင်မြင့်ပေါ်မှနေ၍ ကြည့်ရှုနေသော ပြည်ထောင်စုအရာရှိကြီးများ၊ စစ်တပ်မှလူများနှင့် ကောင်းကင်တာအိုကျောင်းမှ အကြီးအကဲကြီးများ၏ အာရုံကို ဖမ်းစားနိုင်ဆဲပင် ဖြစ်သည်။

” သူက ဟိုတစ်ယောက်ရဲ့ တပည့်လား ”

စစ်တပ်ဘက်ရှိ ပွဲကြည့်စင်မြင့်ပေါ်တွင် ဗိုလ်ချုပ်ကြီးကျိုးမှာ မျက်လုံး အနည်းငယ်ခန့် မှေးကာ ထို ခေါင်းတုံးလူငယ်လေးအား လှမ်း၍ကြည့်လိုက်၏။

” သူ့နာမည်က လီဝူချန်းတဲ့။ သူက ကောင်းကင်တာအိုကျောင်းရဲ့ ဂိုဏ်းစောင့် အကြီးအကဲကြီးရဲ့ တစ်ဦးတည်းသော တပည့်လေ။ သမီးရဲ့ လုပ်ပိုင်ခွင့်အာဏာနဲ့တောင် သူ့ရဲ့နောက်ခံအင်အားနဲ့ ကိုယ်ရေးအကျဉ်းကို ရှာလို့မတွေ့ဘူး ”
သူ၏ဘေးတွင် ရှိနေသော ကျိုးလုက တိုးတိုးလေးပြောလိုက်၏။
( ဝူချန်းဆိုသည်မှာ အစက်အပျောက်ကင်းသော၊ ပြစ်မျိုးမှည့်မထင်သောဟု အဓိပ္ပါယ်ရသည် )

” သမီးက ဘယ်တွေ့နိုင်ပါ့မလဲ…. ဒီနှစ်ဆို သူ့အသက်က နှစ်ဆယ်ရှိပြီ ထင်တယ်… ”
ဗိုလ်ချုပ်ကြီးကျိုးမှာ အတွေးများထဲတွင် နစ်မျောနေပြီး သူ၏ မျက်ဝန်းများမှာ အေးစက်စက် ဖျတ်ခနဲ လက်သွား၏။ သို့သော် သူသည် ထိုအ‌တွေးများကို ချက်ခြင်းပင်ပြန်၍ ချုပ်တည်းလိုက်၏။ ထို့နောက် ထို ခေါင်းတုံးလူငယ်လေး၏ နာမည်ကို စိတ်ထဲတွင် အကြိမ်အနည်းငယ်ခန့် ရေရွတ်လိုက်ပြီးနောက် ဆိတ်ငြိမ်သွား၏။

တချိန်တည်းမှာပင် ပြည်ထောင်စုအရာရှိကြီးများ အားလုံးမှာလည်း ထိုခေါင်းတုံးလူငယ်လေးကို ဝိုင်းကြည့်နေကြသည်။ သူတို့မှာလည်း သူ၏ ဆရာမှာ မည်သူမည်ဝါဖြစ်ကြောင်း သိထားကြသည့်ပုံ ပေါ်ပါသော်လည်း သူတို့၏ အမူအရာများမှာ ဗိုလ်ချုပ်ကြီးကျိုးလောက် အထူးတဆန်း ဖြစ်မနေကြပေ။ သူတို့မှာ သူ့အား အာရုံစိုက်၍သာ အကဲခတ်နေကြ၏။

သို့သော် ကောင်းကင်တာအိုကျောင်းမှ အကြီးအကဲ အားလုံးမှာမူ ထို ခေါင်းတုံးလူငယ်လေးအား မြင်လိုက်ရသောအခါ သူတို့၏ အမူအရာများမှာ ခံစားချက်များ ရှုပ်ထွေးသွားကြသည့် ပုံပင်။ အနီရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းလူကြီးပင်လျှင် ထိုကဲ့သို့ဖြစ်နေရ၏။ အခြားသူများ မမြင်နိုင်သော သူ၏ မျက်လုံးများထဲတွင်လည်း အေးစက်စက် အလင်းရောင်တစ်ခု ဖျတ်ခနဲလက်သွား၏။

ဆုံမှတ်နေရာ၌ တအုန်းအုန်းမြည်သံများ ပဲ့တင်ထပ်နေစဉ် ဝမ်ပေါင်လဲ့နှင့် ထို ခေါင်းတုံးလူငယ်လေးတို့ နှစ်ယောက်စလုံးမှာ တရားထိုင်နေကြ၏။ သူတို့မှာ တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်နေကြသည့်အလား တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။ အချိန်အနည်းငယ်ခန့် ကြာပြီးနောက် ဝမ်ပေါင်လဲ့မှာ ပျင်းရိလာသောကြောင့် ချောင်းဟန့်၍ မေးလိုက်၏။

” အစ်ကို။ ဘာလို့ ကျနော့်ကို မခွာတမ်း ကြည့်နေရတာလဲဗျ ”

” ငါက မင်းရဲ့ အတိတ်ဘဝတွေနဲ့ လက်ရှိဘဝကို ကြည့်နေတာ ”
ထိုခေါင်းတုံးလူငယ်လေးက တည်ကြည်စွာ ပြန်ဖြေလိုက်၏။

ဝမ်ပေါင်လဲ့မှာ ထိုစကားကို ကြားလိုက်ရပြီနောက် သူ၏ မျက်နှာအမူအရာမှာ အထူးတဆန်း ဖြစ်သွား၏။ ထိုလူငယ်လေးမှာ ရူးနေရမည်ဖြစ်ကြောင်း သူက ကောက်ချက်ချလိုက်၏။

ထိုအခိုက်အတန့်တွင် လုကျစ်ဟောင်နှင့် ခရမ်းရောင်ချပ်ဝတ်တန်ဆာနှင့် ကျင့်ကြံသူတို့၏ တိုက်ပွဲကြီးမှာ ပို၍ပြင်းထန်လာ၏။ အချိန်ကြာလာသည်နှင့်အမျှ လုကျစ်ဟောင်မှာ အ‌ရေးနိမ့်နေကြောင်း ပို၍ မြင်သာလာ၏။ သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် တိုက်ပွဲအတွေ့အကြုံမှာ ခရမ်းရောင်ချပ်ဝတ်တန်ဆာနှင့် ကျင့်ကြံသူကြီးကို ယှဉ်၍မရသည်မှာ သိသာထင်ရှားနေသည် မဟုတ်ပါလော။

သူ ရှုံးနိမ့်ခါနီးဆဲဆဲမှာပင် ခရမ်းရောင်ချပ်ဝတ်တန်ဆာနှင့် ကျင့်ကြံသူကြီးမှာ ရုတ်တရက်ဆိုသလို နောက်သို့ ဆုတ်ခွာသွား၏။ သူသည် သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲ လှုပ်ရှားကာ ခေါင်းတုံးလူငယ်လေး၏ ဘေးသို့ပြန်ရောက်သွားပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ လုကျစ်ဟောင်အား ဦးညွှတ်ကာ အရိုအသေပေးလိုက်၏။

” သရေကျပါတယ် ”

ထိုစကားကြောင့် လုကျစ်ဟောင်မှာ အံအားသင့်သွားရ၏။ သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ခေါင်းတုံးလူငယ်လေး၏ မျက်လုံးများထဲတွင် ရုတ်တရက်ဆိုသလို ထူးဆန်းသော အလင်းရောင်တစ်ခု ပေါ်လာ၏။ ထို့နောက် ထိုလူငယ်လေးမှာ အနည်းငယ်‌ခန့် ခေါင်းမော့လာပြီး ဝမ်ပေါင်လဲ့အားကြည့်ကာ လေသံတိုးတိုးဖြင့် ဆိုလိုက်၏။

” ကဲ။ ယှဉ်ပြိုင်တိုက်ခိုက်ကြတာပေါ့ ”

လုကျစ်ဟောင်မှာ အသက်ရှူသံများ မြန်ဆန်လာတော့သည်။ သူသည် ခေါင်းတုံးလူငယ်လေးအားကြည့်လိုက် ဝမ်ပေါင်လဲ့အားကြည့်လိုက် ဖြစ်နေ၏။ သူ၏ တုံ့ပြန်နိုင်စွမ်းမှာ မည်မျှပင် နှေးကွေးနေစေကာမူ လက်ရှိတွင် သူ့ ပြိုင်ဘက်များ၏ ပစ်မှတ်မှာ သူမဟုတ်ဘဲ ဝမ်ပေါင်လဲ့သာ ဖြစ်နေကြောင်း သူက နားလည်သွား၏။

သူ၏ပြိုင်ဘက်များမှာ သူ့အပေါ် အမည်မသိသော နည်းလမ်းတစ်ခု အသုံးပြု၍ ဝမ်ပေါင်လဲ့က သူ့အား ကူညီပေးနေသည့် အချက်ကို သိအောင်လုပ်ကာ ပြိုင်ပွဲထဲသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်လိမ့်မည်ဟုပင် သူက သံသယရှိနေ၏။ သူတို့၏ နောက်ခံအင်အားများမှာ တမူထူးခြားနေမည်မှာ မလွဲဧကန်ပင်။ ထို့ကြောင့် သူတို့မှာ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့နှင့် ဆုံတွေ့ကာ ယခုလို တိုက်ခိုက်နိုင်ခြင်း ဖြစ်သည်။

လုကျစ်ဟောင်မှာ ထိုအတွေးများကြောင့် ဇဝေဇဝါ ဖြစ်နေရပါသော်လည်း စကားတစ်ခွန်းမှ ဆက်ပြောမနေတော့ဘဲ ဝမ်ပေါင်လဲ့၏ဘေးသို့ ပြန်ရောက်လာပြီး ဆိတ်ငြိမ်နေလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာမူ ခေါင်းမော့လာပြီး ခေါင်းတုံးလူငယ်လေးအား ကြည့်လိုက်၏။ သူသည် ထို ခေါင်းတုံးလူငယ်လေးအား ပထမဆုံးအကြိမ်အဖြစ် မြင်လိုက်ရကတည်းက ထိုလူငယ်လေးမှာ သူ့အား ထိုနေရာတွင် ထိုင်၍ စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်ကြောင်း ခံစားမိခဲ့၏။

သို့သော် ၎င်းမှာ သိပ်၍ အဓိပ္ပာယ်မရှိသောကြောင့် ဝမ်ပေါင်လဲ့မှာ ရှည်ရှည်ဝေးဝေး တွေးမနေခဲ့ပေ။ သို့သော် ထို ခေါင်းတုံးလူငယ်လေး၏ လုပ်ရပ်များနှင့် စကားများမှာ သိသာလွန်းနေသောကြောင့် သူသည် မနေနိုင်တော့ဘဲ မေးလိုက်တော့သည်။

” ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက် သိလို့လား ”

” ဆရာက လူတချို့ဆီမှာ အလားအလာတွေ အများကြီးရှိတယ်လို့ ပြောခဲ့တာ။ ပြီးတော့ အဲဒီလူတွေကို ဖိတ်ခေါ်ပြီး တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကူညီထောက်ပံ့ပေးဖို့ ဆရာက ငါ့ကို ခွင့်ပြုခဲ့တာလေ။ မင်းက အဲဒီ လူတွေထဲက တစ်ယောက်ပဲ။ ငါ့ အမြင်မှာတော့ မင်းက သာမန်လူတစ်ယောက်လိုပါပဲ။ ဒါပေမဲ့ ငါက မင်းကို အခွင့်အရေးတစ်ခုလောက် ပေးချင်လို့ မင်းကို စမ်းသပ်ဖို့အတွက် မရ ရအောင် ရှာဖွေခဲ့တာ ”
ခေါင်းတုံးလူငယ်လေးက ခေါင်းမော့လာပြီး တည်ကြည်စွာ ရှင်းပြလိုက်၏။ သူ စကားပြောနေစဉ် သူ၏ ခန္ဓာကိုယ်ထဲမှနေ၍ အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည့်ပုံ ပေါက်နေ၏။

” မင်း စကားကို ရိုးရိုးတန်းတန်း မပြောတတ်ဖူးလား။ ဟိတ်ဟန်ကြီးတွေ ထုတ်မနေပါနဲ့ဟ ”
ဝမ်ပေါင်လဲ့မှာ ဆွံ့အနေသည့် အမူအရာဖြင့် နဖူးကို ရိုက်ရန် လက်မြှောက်လိုက်၏။ သို့သော် သူသည် ထိုကဲ့သို့ လက်မြှောက်လိုက်ပြီးနောက် သူ၏နဖူးကို မရိုက်ဘဲ လက်ဖဝါးကို လှန်ကာ မြေကြီးပေါ်သို့ ရိုက်ချလိုက်၏။

ထိုအခါ အုန်းခနဲ အသံကျယ်ကြီးတစ်သံ ပေါ်ထွက်လာပြီး သူသည် ထိုရိုက်ချက်မှ ထွက်ပေါ်လာသော ပြင်းအားကိုအသုံးပြုကာ ယုန်တစ်ကောင်ကဲ့သို့ မြေကြီးပေါ်မှ ခုန်တက်သွား၏။ ထို့နောက် သူသည် ပစ်လွှတ်လိုက်သော မြားတစ်ချောင်းကဲ့သို့ မြေကြီးနှင့် သူ၏ခန္ဓာကိုယ်အား ထိကပ်လုနီးပါး အနေအထားဖြင့် ထိုခေါင်းတုံးလူငယ်လေးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာတော့သည်။

သူ၏ လှုပ်ရှားမှုများမှာ တသွင်သွင် စီးဆင်းနေသော ရေများကဲ့သို့ ချောမွေ့လွန်းနေပြီး အမှားအယွင်း အထစ်အငေါ့ လုံးဝမရှိပေ။ ထို အခိုက်အတန့်တွင် ဝမ်ပေါင်လဲ့မှာ ထိမ်ချန်ထားခြင်းမရှိဘဲ သူ့အမြန်နှုန်းကို အမြင့်ဆုံးအဆင့်အထိ ထုတ်လွှတ်လိုက်သောကြောင့် သူ၏ပုံစံမှာ လေပေါ်တွင် ပျံသန်းနေသကဲ့သို့ပင် ဖြစ်နေ၏။ သူ၏ ကျင့်ကြံခြင်း တစ်ခုလုံးမှာလည်း ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏ ပတ်ပတ်လည်တွင် ဝိညာဉ်ချီ မုန်တိုင်းများကို ဖန်တီးပေးလိုက်၏။ အဝေးမှ ကြည့်လိုက်ပါက သူ၏ပုံစံမှာ ဟိတ်ဟန်အပြည့် ရှိနေသည်။ ထိုသို့ဖြင့် သူသည် မျက်စိတစ်မှိတ် အတွင်း ခေါင်းတုံးလူငယ်လေး၏ အနားသို့ ချဉ်းကပ်လာပြီး သူ့အား လှမ်း၍ ဆွဲလိုက်၏။

ထိုအဖြစ်အပျက်အားလုံးမှာ မြန်‌ဆန်လွန်းနေသောကြောင့် ခေါင်းတုံးလူငယ်လေးမှာ ခေတ္တမျှ မှင်တက်သွားရပြီး တုံ့ပြန်ချိန် မရလိုက်ပေ။ သို့သော် သူ၏ ဘေးတွင်ရှိနေသည့် ခရမ်းရောင်ချပ်ဝတ်တန်ဆာနှင့် သက်တော်စောင့်၏ တစ်ခုတည်းသော ဘဝပေးတာဝန်မှာ လီဝူချန်းအား ကာကွယ်ပေးရန် ဖြစ်နေသည့်အလားပင်။ သူသည် တိုက်ရည်ခိုက်ရည်ကြွယ်ဝပြီး ဝမ်ပေါင်လဲ့၏ လှုပ်ရှားမှုများကို မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့သောကြောင့် ရှေ့သို့ထွက်လာပြီး ဝမ်ပေါင်လဲ့အား ပိတ်ပင်တားဆီးလိုက်၏။

ထိုအခါ အုန်းခနဲ အသံကျယ်ကြီးတစ်သံ ချက်ချင်းပင် ထွက်ပေါ်လာပြီး ခရမ်းရောင်ချပ်ဝတ်တန်ဆာနှင့် ကျင့်ကြံသူကြီး၏ ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ရီသွားရ၏။ ထို့နောက် သူ၏ မျက်နှာပေါ်တွင် အံ့ဩတုန်လှုပ်မှု အရိပ်အယောင်များ ထင်ဟပ်သွားသလို သူ၏ နှုတ်ခမ်းထောင့်တွင်လည်း သွေးစိမ်းများ စီးကျလာသဖြင့် သူသည် စိတ်ပျက်လက်ပျက်နှင့် နောက်သို့ဆုတ်ခွာသွားရတော့သည်။ မည်သို့ပင် ဆိုစေကာမူ သူ၏ ပိတ်ပင်တားဆီးမှုမှာ အလုပ်ဖြစ်သွားသောကြောင့် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် နှေးကွေးသွားရ၏။

ခေါင်းတုံးလူငယ်လေးမှာ အသက်ရှူသံများ မြန်လာပြီး ထို စက္ကန့်ပိုင်း အချိန်လေးကိုအသုံးချကာ ဝမ်ပေါင်လဲ့ အနားသို့ ရောက်လာစဉ် နောက်သို့ ချက်ချင်းပင် ဆုတ်ခွာသွား၏။ သူသည် ဝမ်ပေါင်လဲ့၏ သူ့အား လှမ်းဆွဲလိုက်သော လက်ကို ရှောင်တိမ်းလိုက်သောကြောင့် ၎င်းမှာ သူ၏ မျက်နှာရှေ့မှ ဝှီးခနဲ ဖြတ်သွား၏။ ထို့နောက် သူသည် သူ၏ညာဘက်လက်ကိုမြှောက်ကာ ဝမ်ပေါင်လဲ့ရှိရာဘက်သို့ ဆန့်ထုတ်လိုက်၏။

ထိုအခါ သူတို့နှစ်ယောက််ကြားတွင် အုန်းခနဲ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ပြင်းထန်သော အားတစ်မျိုး ပေါက်ကွဲထွက်ပေါ်လာ၏။ ထိုပြင်းအားကြောင့် ရှေ့သို့ ထပ်၍ ပြေးထွက်လာရန် ပြင်နေသည့် ဝမ်ပေါင်လဲ့မှာ နောက်သို့ ခြေလှမ်းများစွာ ဆုတ်ခွာသွားလိုက်ရပြီး သူ၏မျက်လုံးများထဲတွင် နောင်တရသွားသည့် အရိပ်အယောင်များ ပေါ်လာရတော့သည်။

” မင်းရဲ့ တုံ့ပြန်နှုန်းက တော်တော်လေး မြန်ပေမဲ့ အခုက နှစ်ယောက်တစ်ယောက် ယှဉ်ချတာဆိုတော့ မင်းကို ယောက်ျားအစစ်တစ်ယောက်လို့ သတ်မှတ်လို့ မရဘူးကွ ”

” မင်းက တော်တော် အရှက်မရှိတာပဲ။ မင်းက ငါ့ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့တာလေ ”
ထို ခေါင်းတုံးလူငယ်လေးမှာ ဒေါသတကြီး အော်ပြောလိုက်တော့သည်။ သူသည် စိတ်ကို တည်တည်ငြိမ်ငြိမ် မထားနိုင်တော့ဘဲ ချက်ချင်းပင် နောက်သို့ ဆုတ်ခွာသွားရ၏။

” နောက်ဆုံးတော့လည်း ဟိတ်ဟန်တွေ ကြီးမနေတော့ပါလားကွ ”
ဝမ်ပေါင်လဲ့က သူ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ သရော်လိုက်၏။

ကောင်းကင်ယံထဲရှိ စင်မြင့်ပေါ်မှနေ၍ ထိုမြင်ကွင်းကို မြင်လိုက်ရသော လူတိုင်း အံ့အားသင့်သွားကာ စိတ်ကျေနပ်သွားကြ၏။ ဗိုလ်ချုပ်ကြီးကျိုးနှင့် အနီရောင်ဝတ်ရုံဆင်မြန်းထားသည့် ကျင့်ကြံသူတို့မှာဆိုလျှင် မျက်လုံးများ အရောင်တောင်ပလာကြတော့သည်။
” သိပ်ကောင်းတယ် ”

သို့သော် ကျိုးလုကမူ မရွှင်မပျ ဖြစ်နေသည့် အမူအရာဖြင့် တတွတ်တွတ် ရေရွတ်လိုက်၏။
” ဒါက ချောင်းမြောင်းတိုက်ခိုက်တာပဲ။ ဘာမှ ဂုဏ်ယူနေစရာ မရှိဘူး ”

” မင်းက သမင်ဖြူတာအိုကျောင်းမှာ နေတာများပြီးတော့ ဦးနှောက်ချောင်သွားတာလား။ စာအုပ်ကြီးအတိုင်း တွေးနေရတယ်လို့ ”
ဗိုလ်ချုပ်ကြီးကျိုးမှာ မျက်မှောင်ကြုတ်သွားပြီး ကျိုးလုအား မဆူစဖူး ဆူပူကြိမ်းမောင်းလိုက်တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset