ထိုဂိုဏ်းသားနှစ်ယောက်အား ဝန်းရံထားသည့် ဓမ္မအဆောင်များမှာ သူတို့ကို တိုက်ခိုက်ခြင်းမရှိပေ။ ထို့ကြောင့် ၎င်းမှာ တိုက်ကွက်တစ်ခုကဲ့သို့ အစွမ်းမထက်ပါသော်လည်း ဒါဇင်ပေါင်း များစွာသော ဓမ္မအဆောင်များ၏ ဝန်းရံခြင်းကို ခံထားရပြီး ၎င်းတို့ တဖျတ်ဖျတ် လက်နေသည်ကိုကြည့်၍ ၎င်းတို့၏ လျင်မြန်သွက်လက်ပြီး အစွမ်းထက်သော ဂုဏ်သတ္တိများကို ခန့်မှန်းကြည့်နိုင်ပေသည်။ ၎င်းတို့ကို တစ်ချက်ခန့် တို့ထိလိုက်ရုံမျှဖြင့် ပေါက်ကွဲသွားကြမည့်ဟန်တူသည်။
၎င်းမှာ မည်သည့်အချိန်တွင် မိမိ၏ ခေါင်းကို တိခနဲ ဖြတ်သွားမည်မှန်း မသိနိုင်သည့် ဓားတစ်လက်က မိမိ၏ လည်ပင်းနောက်တွင် တွဲလောင်းခိုနေသော ခံစားချက်မျိုးနှင့် ဆင်တူနေ၏။ ထို့ကြောင့် ထိုဂိုဏ်းသားနှစ်ယောက်မှာ ရူးသွပ်လုမတတ် ဖြစ်နေရတော့သည်။ အကယ်၍ သူတို့မှာ ထို ဓမ္မအဆောင်များ၏ အစွမ်းများကို သိမထားပါက အရဲစွန့်လိုက်ကြမည် ဖြစ်သော်လည်း ဝမ်ပေါင်လဲ့မှာ သူ့ဓမ္မအဆောင်များ၏ အစွမ်းများကို အသေးစိတ် ရှင်းပြထားခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူတို့၏ ပတ်ပတ်လည်တွင် ရစ်ဝဲနေကြသည့် ဓမ္မအဆောင်များကို ကြည့်ရင်း ၎င်းတို့၏ အစွမ်းများနှင့် ၎င်းတို့ကို တို့ထိမိလိုက်ပါက ပေါ်ထွက်လာနိုင်မည့် အကျိုးဆက်များ၏ ပုံရိပ်များမှာ သူတို့၏ အသိစိတ်ထဲတွင် ပေါ်လာကြတော့သည်။
ထို့ကြောင့် သူတို့မှာ ထိတ်ထိတ်ပျာပျာ ဖြစ်နေရတော့သည်။ သူတို့မှာ ကြောက်စိတ်များကြောင့် ရင်တဒိန်းဒိန်း ခုန်နေရသည့်အပြင် မယုံကြည်နိုင်လောက်အောင် ဝမ်းနည်းကာ အမျက်ချောင်းချောင်း ထွက်နေ၏။ သူတို့မှာ လှည့်စားခံလိုက်ရပြီဖြစ်ကြောင်း စိတ်ထဲတွင် သိနေသောကြောင့် နောင်တကြီးစွာ ရနေကြတော့သည်။ အမှန်တွင် သူတို့မှာ လုကျစ်ဟောင်အား မဟုတ်ဘဲ ဓမ္မလက်နက်အဆောင်မှ သူ၏ အကူအဖွဲ့ဝင်ကိုသာ ထောင်ချောက်ဆင်၍ ထောင်ဖမ်းခဲ့ရမည် ဖြစ်သည်။
” ငါ အဲ့ လုကျစ်ဟောင်ဆိုတဲ့ကောင်ကို သိတယ်။ သူက အမြဲတမ်း လှည့်ကွက်တွေ အသုံးပြုတတ်တယ်ကွ။ စောစောက သူ အသံအကျယ်ကြီးနဲ့ အော်ဟစ်ပြီးတော့ ငါတို့ဆီ ပြေးလာခဲ့တာက တမင်တကာ လုပ်တာပဲ ဖြစ်ရမယ်။ သူက ငါတို့ကို အာရုံလွှဲပြီးတော့ သူ့ကို ထောင်ချောက်ဆင်အောင်လို့ တမင် ဉာဏ်ဆင်ခဲ့တာ။ ငါတို့တွေ သူတို့ရဲ့လှည့်ကွက်ထဲမှာ မိသွားပြီ ”
ထိုဂိုဏ်းသားနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နောက်သို့လှည့်ကာ လေမုန်တိုင်းထဲတွင် ပိတ်မိနေဆဲဖြစ်သည့် လုကျစ်ဟောင်အား လှမ်း၍ ကြည့်လိုက်ကြ၏။ လုကျစ်ဟောင်မှာမူ ပြင်ပကမ္ဘာတွင် ဖြစ်ပျက်နေသည့် အရာများကို လုံးဝ သတိမထားမိဘဲ အားမာန်အပြည့်ဖြင့် ရိုက်ပုတ်ကန်ကျောက်နေ၏။
” ဒီ ခွေးကောင်က တော်တော်ကို ဉာဏ်များတာပဲကွ။ အခုထိကို ဟန်ဆောင်နေတုန်း ”
ထိုဂိုဏ်းသားနှစ်ယောက်က အံကြိတ်ကာ မှတ်ချက်ပေးလိုက်ပြီး အခြားရွေးချယ်စရာမရှိတော့သဖြင့် အရှုံးပေးလိုက်ရတော့သည်။ ထိုတိုက်ပွဲ ပြီးဆုံးသွားပြီးနောက် အဆင့်မြင့်ကျွန်းပေါ်မှ ပရိသတ်များမှာ ဝမ်ပေါင်လဲ့ အသုံးပြုခဲ့သော ဓမ္မရတနာများကို နှစ်သက်သဘောကျသွားကြ၏။ ထို့ကြောင့် ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာပြီးနောက် ဆူညံပွက်လော ရိုက်သွားကြတော့သည်။
” သူ့နည်းလမ်းတွေက ပြောင်းသွားပြီဟ။ ဒီတစ်ခေါက် သူက အပျော့နည်းနဲ့ ကြော်ငြာနေတာပဲ ”
” တိုက်ကွက်တွေနဲ့ ဓမ္မအဆောင်တွေရဲ့ နာမည်တွေကို အော်ဟစ်ပြီးတော့ အသုံးပြုတတ်တဲ့ တိုက်ခိုက်ရေးသမားတွေကို ငါ မြင်ဖူးပါတယ်ကွာ။ ဒါပေမဲ့ ဒီလိုမျိုး အသေးစိတ် ရှင်းပြတဲ့လူမျိုးကို တစ်ခါမှ မမြင်ဖူးဘူး ”
ဝမ်ပေါင်လဲ့မှာ သတိပေးခံလိုက်ရပြီးနောက် ရပ်တန့်သွားလိမ့်မည်ဟု အဆင့်မြင့်ကျွန်းပေါ်မှ ဂိုဏ်းသားပေါင်း ထောင်သောင်းများစွာက တွေးထားကြ၏။ သူသည် ယခုလို သူ၏ ဓမ္မအဆောင်များကို ဆက်လက်ကြော်ငြာနေလိမ့်မည်ဟု သူတို့က လုံးဝ မတွေးထားခဲ့ကြပေ။ သူသည် ကြော်ငြာနေခြင်းဖြစ်ကြောင်း လူတိုင်းက သိပါသော်လည်း စောဒကတက်၍ မရနိုင်ပေ။
သူသည် ယခင်အကြိမ်များတုန်းကလောက် တဲ့တိုးကြီး ကြော်ငြာခဲ့ခြင်း မဟုတ်ဘဲ အသံအကျယ်ကြီးဖြင့် အော်ဟစ်ကာ တိုက်ခိုက်ခဲ့ခြင်းသာဖြစ်သည်။ ထို့ကြောင့် သူ၏ လုပ်ရပ်များကို ယတိပြတ် သတ်မှတ်၍ မရနိုင်ပေ။ ထိုသို့ အော်ဟစ်ခြင်းမှာ သူ၏ အကျင့်တစ်ခုသာဖြစ်ကြောင်း ဆင်ခြေပေး၍ရသလို သူ မတိုက်ခိုက်ခင် သူ၏ ပြိုင်ဘက်များအား စေတနာဖြင့် သတိပေးခဲ့ခြင်းသာ ဖြစ်ကြောင်းကိုလည်း ရှင်းပြနိုင်၏။
အမှန်အတိုင်းဆိုရလျှင် သူတစ်ယောက်တည်းသာ ထိုကဲ့သို့ လုပ်ဖူးသည်တော့ မဟုတ်ပေ။ အခြားသူများမှာလည်း သူ့အတိုင်းပင် လုပ်ခဲ့ဖူး၏။ သို့သော် မည်သူကမှ မတိုက်ခိုက်ခင် မီးရှူးမီးပန်းများပါ ဖောက်ခဲ့သော ဝမ်ပေါင်လဲ့လောက် ပေါ်ပေါ်ထင်ထင်ကြီး မလုပ်ခဲ့ပေ။
ကောင်းကင်ယံရှိ စင်မြင့်ပေါ်မှ ပရိသတ်များမှာမူ ဝမ်ပေါင်လဲ့၏ သွေးတိုးစမ်းသော လုပ်ရပ်များကြောင့် ရယ်ရအခက် ငိုရအခက် ဖြစ်နေတော့သည်။ ဗိုလ်ချုပ်ကြီးကျိုးမှာဆိုလျှင် ဝမ်ပေါင်လဲ့အား စိတ်ဝင်တစား စိုက်ကြည့်နေရင်း သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ အော်ရယ်မိလိုက်၏။
ဝမ်ပေါင်လဲ့မှာ ဗိုလ်ချုပ်ကြီးကျိုး၏ အာရုံကို အောင်မြင်စွာ ဖမ်းစားသွားနိုင်ခဲ့ပြီဖြစ်ကြောင်း သိလိုက်ရသောအခါ ဘေးနားတွင် ရပ်နေသည့် ကျိုးလုမှာ စိတ်လှုပ်တရှား ပြုံးလိုက်၏။ ထို့နောက် သူမ၏ လက်တုံ့ပြန်မှုကြီးမှာ ပြီးစီးအောင်မြင်သွားတော့မည် ဖြစ်ကြောင်း ယုံကြည်သွား၏။
” ဟွန်း။ ဝမ်ပေါင်လဲ့ရာ။ ကျိုးလုဆိုတဲ့ ငါက ကိုယ်ရေးကိုယ်တာ ပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက် အာဏာကို အလွဲသုံးစားလုပ်တတ်တဲ့ လူစားမျိုး မဟုတ်ဘူး။ နင်က တကယ့်ကို အဲဒီ တာဝန်ကို ထမ်းဆောင်ဖို့ အသင့်တော်ဆုံး ဖြစ်နေလို့ပါ ”
ကောင်းကင်တာအိုကျောင်းမှ အကြီးအကဲများမှာလည်း ဖြစ်ကြောင်းကုန်စင်ကို တွေးတောသုံးသပ်နေကြ၏။ အနီရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းလူကြီးမှာ သက်ပြင်းချလိုက်ပြီး မျက်နှာထားတင်းမာနေသော သိုင်းပညာအဆောင်မှ အကြီးအကဲကြီးကို ခိုး၍ လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် ချောင်းဟန့်လိုက်ပြီး ပထမဆုံးအကြိမ်ဖြင့် သတိပေးလိုက်၏။
” ဝမ်ပေါင်လဲ့။ မင်း မီးရှူးမီးပန်းတွေကို ထပ်ပြီးတော့ဖောက်ခွင့် မရှိတော့ဘူး ”
ထိုစကားသံမှာ ဖိအားများဖြင့် ပြည့်နှက်နေပြီး ထိုပြိုင်ပွဲကျင်းပရာ နေရာတစ်ခုလုံးတွင် ချက်ချင်းပင် ပဲ့တင်ထပ်သွား၏။ ထိုအခါ သိုင်းပညာအဆောင် ပြိုင်ပွဲထဲမှ လူတိုင်း တအံ့တဩ ဖြစ်သွားကြတော့သည်။ အချိန်တိုလေးအတွင်း သူတို့မှာ ဝမ်ပေါင်လဲ့၏ နာမည်ကို နှစ်ကြိမ်တိတိ ကြားခဲ့ရသည် မဟုတ်ပါလော။
ဝမ်ပေါင်လဲ့ကမူ စိတ်ကျေနပ်သွား၏။ သူသည် တစ်ယောက်တည်းကွက်၍ အပြစ်ပေးခံရပါသော်လည်း နောင်တရမနေခဲ့ပေ။ သူ ရောင်းချလိုသည့် ဓမ္မအဆောင်အားလုံးကို ကြော်ငြာပြီးသွားပြီဖြစ်ရာ သူသည် အလွန် ပျော်ရွှင်နေတော့သည်။ ထို့နောက် ဂိုဏ်းသားနှစ်ယောက် အရှုံးပေးလိုက်သည်ကို မြင်လိုက်ရသောအခါ သူသည် သူ၏ညာလက်ကိုမြှောက်၍ ဝှေ့ယမ်းလိုက်သောအခါ ဓမ္မအဆောင်အားလုံး သူ့ဆီသို့ ပျံဝဲလာကြ၏။
အဝေးမှကြည့်လိုက်ပါက ထိုမြင်ကွင်းကြီးမှာ အံ့ဩတုန်လှုပ်ဖွယ်ရာ ကောင်းနေ၏။ ဝမ်ပေါင်လဲ့အား ဝန်းရံနေသည့် ဒါဇင်ပေါင်းများစွာသော ဓမ္မအဆောင်များဆီမှ ထွက်ပေါ်နေသည့် အလင်းတန်းများကြောင့် သူ၏ ခန္ဓာကိုယ်မှာ အရောင်အဝါများ တောက်ပလာ၏။ ထိုမြင်ကွင်းကြီးမှာ အဆင့်မြင့်ကျွန်းပေါ်ရှိ ထောင်သောင်းများစွာသော ဂိုဏ်းသားများ၏ အသိစိတ်ထဲတွင် စွဲထင်သွားတော့သည်။
ထိုအချိန်တွင် အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး လုကျစ်ဟောင်မှာ လေမုန်တိုင်းထဲမှ လွတ်မြောက်လာ၏။ ထို့နောက် သူသည် အော်ဟစ်ကြိမ်းဝါးကာ အားမာန်အပြည့်ဖြင့် ပြေးထွက်လာ၏။
” လာလေ။ ငါ့ကို လာချစမ်းပါ ”
သူက ဟိတ်ဟန်အပြည့်နှင့် ကြိမ်းဝါးလိုက်၏။ သူ၏ ပတ်ပတ်လည်တွင် ရှိနေကြသော ဆီးနှင်းဓားပျံများမှာ အေးစက်နေခြင်း မရှိတော့ပေ။ သူသည် ခြေလှမ်းအနည်းငယ်ခန့် လှမ်းလိုက်ပြီးနောက် တုံ့ခနဲ ရပ်တန့်သွားပြီး သူ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်နေသည့် ဂိုဏ်းသားနှစ်ယောက်ကို အူကြောင်ကြောင် အမူအရာဖြင့် ငေးကြည့်နေမိတော့သည်။ ထို့နောက် ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်တွင် ဝိုင်းနေသော ဓမ္မအဆောင်များကို မြင်လိုက်ရသောအခါမှသာ အခြေအနေများကို ရိပ်စားမိသွား၏။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်မှာ စတင်တုန်ရီလာပြီး သူ၏ မျက်လုံးများမှာလည်း ပို၍ပင် နီမြန်းလာတော့သည်။
” ဝမ်ပေါင်လဲ့။ မင်းပဲ ဝင်မတိုက်ဘူးဆို။ မင်း ငါ့ရဲ့ အခွင့်အရေးကို ထပ်ပြီးတော့ ခိုးသွားပြန်ပြီ ”
လုကျစ်ဟောင်မှာ ဒေါသတကြီး အော်ပြောလိုက်ပြီး မကျေမချမ်း ဖြစ်သွား၏။
ဝမ်ပေါင်လဲ့ကမူ သူ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ စကားပြောရန် ပြင်လိုက်စဉ် ဂိုဏ်းသားနှစ်ယောက်မှာ အေးစက်စက် နှာမှုတ်လိုက်၏။
” လုကျစ်ဟောင်။ ဟန်ဆောင်မနေပါနဲ့တော့။ မသိရင် တကယ်ကျနေတာပဲ ”
ထိုဂိုဏ်းသားနှစ်ယောက်မှာ သူ့အား စိုက်ကြည့်ကာ ဆိုလိုက်၏။ ထို့နောက် သူတို့မှာ ဝမ်ပေါင်လဲ့ဘက်သို့လှည့်ကာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ အရိုအသေပေးလိုက်၏။
” အစ်ကို ဝမ်ပေါင်လဲ့။ ကျနော်တို့ ဒီအရှုံးကို ကျေကျေနပ်နပ် လက်ခံပါတယ် ”
ထိုဂိုဏ်းသားနှစ်ယောက်မှာ အမူအရာများ ပြန်လည်တည်ငြိမ်သွားပြီးနောက် အရှုံးပေးလိုက်၏။ သူတို့မှာ ဝမ်ပေါင်လဲ့ ထုတ်သုံးခဲ့သော တိုက်ကွက်များကို ပြန်၍အမှတ်ရသွားကြပြီး ဝမ်ပေါင်လဲ့က သူတို့အား အရှက်မခွဲခဲ့သဖြင့် စိတ်နှလုံး လှုပ်ရှားသွားရ၏။ သူ၏ ဓမ္မအဆောင် အားလုံးမှာ အလွန် အံ့သြစရာကောင်းလှပေသည်။
ထိုသို့ အရိုအသေ ပေးလိုက်ပြီးနောက် မန္တန်အစီအရင်အဆောင်မှ ဂိုဏ်းသားလေးမှာ မနေနိုင်တော့ဘဲ မေးလိုက်၏။
” အစ်ကိုပေါင်လဲ့။ အစ်ကို စောစောက ထုတ်သုံးခဲ့တဲ့ ဓမ္မအဆောင်တွေက ရောင်းတာလားဗျ ”
” ဟုတ်တယ်။ ရောင်းတာ ”
ဝမ်ပေါင်လဲ့ကလည်း မျက်လုံးများအရောင်လက်သွားပြီး ပြန်ဖြေလိုက်၏။ ထို့နောက် သူသည် ချက်ချင်းပင် ရှေ့သို့လှမ်းသွားကာ ထိုဂိုဏ်းသားနှစ်ယောက်နှင့် အသံလွှင့်လက်စွပ် နံပါတ်များကို ဖလှယ်လိုက်ပြီးနောက် သူတို့အား လျှော့ဈေးဖြင့် ရောင်းချပေးလိုက်၏။ ထိုသို့ဖြင့် အချိန်တိုအတွင်း သူတို့မှာ ရင်းနှီးသွားကြတော့သည်။ ဝမ်ပေါင်လဲ့မှာ သူတို့နောက်သို့ ခြေလှမ်းအနည်းငယ်ပင် လိုက်သွားပြီး လက်ပြ၍ နှုတ်ဆက်လိုက်၏။
လုကျစ်ဟောင်မှာမူ သူ၏ရှေ့တွင် မြင်နေရသော မြင်ကွင်းကြီးကြောင့် အမျက်ချောင်းချောင်း ထွက်နေရပြီဖြစ်သည်။ သူ၏ဦးနှောက်မှာ ပေါက်ကွဲထွက်လာလုမတတ် ဖြစ်နေပြီး သူသည် မတရားခံလိုက်သကဲ့သို့ ခံစားနေရသောကြောင့် နောက်ထပ်တစ်ကြိမ်ထပ်၍ အော်ဟစ်လိုက်ပြန်သည်။
” ဝမ်ပေါင်လဲ့… မင်း … ”
” မင်းဘေးမှာ ရှိနေတဲ့ ဆီးနှင်းဓားပျံ ငါးလက်ထဲက နှစ်လက်ကို မင်းကိုပေးမယ်ကွာ ”
ဝမ်ပေါင်လဲ့မှာ ကြားဖြတ်ဝင်ပြောလိုက်ပြီး ရက်ရောမှုအပြည့်ရှိသည့် အမူအရာဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။ သူသည် လုကျစ်ဟောင်၏ အကျင့်စရိုက်ကို သိထားသောကြောင့် ကလေးတစ်ယောက်လို ပြုမူနေရန် ဆန္ဒမရှိပေ။ ယခုလို ကိစ္စမျိုးမှာ သကြားလုံးအနည်းငယ်မျှဖြင့် ဖြေရှင်းနိုင်၏။
” လု… လုကျစ်ဟောင်ဆိုတဲ့ ငါက…. ကိုယ်ကျင့်တရား ဖြောင့်မတ်တဲ့ ယောက်ျားကွ ”
လုကျစ်ဟောင်မှာ မျက်လုံးပြူးကြီးများဖြင့် ပြန်ပြောလိုက်လိုက်၏။ ချက်ချင်းဆိုသလိုပင် သူ၏ အငွေ့အသက်များမှာ ထိန်းမနိုင်သိမ်းမရ အားအင်ယုတ်လျော့လာပါသော်လည်း သူ၏ ဒေါသစိတ်များမှာ ပို၍ကြီးထွားလာ၏။
” ကဲ။ အကုန်ပေးမယ်ကွာ ”
ဝမ်ပေါင်လဲ့က မျက်ခုံးတစ်ဖက်ပင့်ကာ ထပ်၍ ကမ်းလှမ်းလိုက်ပြန်သည်။
ထိုအခါ လုကျစ်ဟောင်မှာ အသက်ပြင်းပြင်းရှူလိုက်၏။ အရာအားလုံးမှာ ဖြစ်ပျက်ပြီးသွားခဲ့ပြီဖြစ်ရာ သူဘာပြောပြော ထူးလာတော့မည် မဟုတ်ပေ။ ထို့အပြင် အကူအဖွဲ့ဝင်မှာ လေးပွဲတိတိသာ ကူညီပေးနိုင်သည်။ ထို့ကြောင့် နောက်ထပ် တိုက်ပွဲတစ်ပွဲသာ ကျန်ရှိတော့၏။ ထိုတိုက်ပွဲ ပြီးဆုံးသွားသည်နှင့် နောက်ဆုံးတိုက်ပွဲထဲတွင်ဖြစ်စေ၊ ပြိုင်ပွဲတစ်ခုလုံး၏ ဒုတိယအဆင့်တွင်ဖြစ်စေ သူသည် ဝမ်ပေါင်လဲ့ကို ထပ်၍ မြင်တွေ့ရတော့မည် မဟုတ်ပေ။
အရေးအကြီးဆုံးအချက်မှာ သူ၏ ကိုယ်ကျင့်တရားများကို ထိပါးနေပါသော်လည်း သူသည် ဝမ်ပေါင်လဲ့၏ အပေါ်ယံ သကာရည်လောင်းထားသော လှည့်ကွက်များကို ယုံစားခြင်း မရှိပေ။ လုကျစ်ဟောင်မှာ ထိုသို့တွေးလိုက်မိသည်နှင့် တစ်ပြိုင်နက် ဒေါသစိတ်များ ပြေပျောက်သွားရ၏။ သူသည် နှာမှုတ်ချင်စိတ်များ ပေါ်လာပါသော်လည်း ဝမ်ပေါင်လဲ့၏ သတိပေးချက်များကို ပြန်၍အမှတ်ရသွားသောကြောင့် စိတ်ထဲတွင်သာကျိတ်၍ နှာမှုတ်လိုက်ရ၏။ ထို့နောက် သူသည် မှိုင်တွေငေးငိုင်စွာဖြင့် စတုတ္ထမြောက်ဆုံမှတ်ဆီသို့ ပြေးသွားလိုက်တော့သည်။
စတုတ္ထမြောက်ဆုံမှတ်မှာ သူ၏ အကူအဖွဲ့အတွက် နောက်ဆုံးတိုက်ပွဲဖြစ်သည်။
ထိုနေရာတွင် ဖြစ်ပွားမည့် တိုက်ပွဲမှာ တောင်ထိပ်၏ ပတ်ပတ်လည်ရှိ အရပ်မျက်နှာလေးဘက်ထဲမှ တစ်ဘက်ချင်းစီရှိ အစွမ်းအထက်ဆုံးပြိုင်ပွဲဝင်များကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။ ထိုနေရာမှ အနိုင်ရရှိလာသော ပြိုင်ပွဲဝင်လေးယောက်သာလျှင် တောင်ထိပ်ပေါ်သို့ တက်လှမ်းနိုင်မည်ဖြစ်ပြီး လေးသင်းအဆင့် တိုက်ပွဲထဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။ ထို့နောက် တောင်ထိပ်ပေါ်တွင် နောက်ဆုံးကျန်ရစ်ခဲ့သည့် ပြိုင်ပွဲဝင်မှာ သိုင်းပညာအဆောင်ပြိုင်ပွဲ၏ ဒုတိယအဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်သည်။
အခြေခံအားဖြင့်ဆိုလျှင် စတုတ္ထမြောက် ဆုံမှတ်အထိ ရောက်လာနိုင်ခဲ့ကြသည့် သူများမှာ အားနည်းသောသူများ လုံးဝမဖြစ်နိုင်ပေ။ လုကျစ်ဟောင်မှာ ထိုနေရာဆီသို့ ချဉ်းကပ်သွားရင်း အစွမ်းကုန်ကြိုးစား၍ စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီး အာရုံအပြည့် စူးစိုက်ထားလိုက်၏။
အကူအဖွဲ့ဝင်တစ်ယောက်၏ နေရာတွင်ရှိသော ဝမ်ပေါင်လဲ့မှာ အလွန် ယုံကြည်အားထားစရာ ကောင်းခဲ့သလို သူ၏ တာဝန်များကိုလည်း အမှားအယွင်း လုံးဝမရှိလုနီးပါး ဆောင်ရွက်နိုင်၏။ ပထမဆုံး သုံးပွဲတွင် လုကျစ်ဟောင်မှာ သိပ်၍ အားမစိုက်ခဲ့ရပေ။ ထို့ကြောင့် စွမ်းအင်နှင့် လက်နက်ပစ္စည်းအပိုင်းတွင် လုကျစ်ဟောင်မှာ ထိပ်ဆုံးအဆင့်၌ ရှိနေ၏။
လုကျစ်ဟောင်မှာ ဝမ်ပေါင်လဲ့အား လုံးဝ အဖက်မလုပ်ပေ။ သူတို့မှာ တောင်ထိပ်နားရှိ နေရာတစ်ခုဖြစ်သော စတုတ္ထမြောက် ဆုံမှတ်ဆီသို့ ရှေ့ဆင့်နောက်ဆင့် လျှောက်လှမ်းသွားကြ၏။ လမ်းနှစ်လမ်း စုဆုံသည့် နေရာသို့ရောက်သွားသောအခါ လမ်းဆုံးလေးကို မြင်လိုက်ရ၏။ ထိုနေရာတွင် အလင်းရောင် ဖန်သားပြင်ကြီးတစ်ခု ရှိနေပြီး ၎င်း၏အလွန်တွင် တောင်ထိပ်ဆီသို့ ဖောက်ထားသည့် လမ်းတစ်လမ်း ရှိနေသည်။
ဝမ်ပေါင်လဲ့မှာ စိတ်ကြည်လင်နေသောကြောင့် လုကျစ်ဟောင်နှင့် ရန်ဖြစ်မနေခဲ့ပေ။ သူသည် သူ၏ တာဝန်ကို ပြီးမြောက်စွာ ထမ်းဆောင်သွားနိုင်ခဲ့ပြီဖြစ်ကြောင်း မှတ်ယူထားသောကြောင့် စိတ်အေးလက်အေးဖြစ်နေ၏။ သူ၏ အတွေးထဲတွင် သူ၏ အကူအဖွဲ့ဝင်တာဝန် ပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် ဓမ္မအဆောင်များကို ဝယ်ယူလိုသည့် အမှာစာများ သောက်သောက်လဲ ရောက်ရှိလာမည့် ပုံရိပ်များနှင့် ပြည့်နှက်နေတော့သည်။
” ဒီတစ်ခေါက်တော့ ငါ အမြတ်အစွန်းတွေ မြိုးမြိုးမြတ်မြတ် ရလောက်တယ်။ ငါ့ရဲ့ လေ့လာမှု လုပ်ငန်းတွေနဲ့ ကျင့်ကြံခြင်း လုပ်ငန်းစဉ်တွေအတွက် လုံလောက်သွားလောက်ပြီ ”
ဝမ်ပေါင်လဲ့မှာ ပျော်ရွှင်မြူးထူးစွာ တွေးရင်း လေချွန်ကာ လက်နှစ်ဖက်ကို နောက်ပစ်၍ ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ၏။ လုကျစ်ဟောင်မှာ ဆုံမှတ်နားသို့ ရောက်ရှိသွားသောအခါ တုံ့ခနဲ ရပ်တန့်သွား၏။
သူ၏ တစ်ကိုယ်လုံးတွင်လည်း ကြက်သီးမွေးညင်းများ ထလာပြီး ချွေးများပြန်လာ၏။ ထို့နောက် လုကျစ်ဟောင်မှာ အသက်ပြင်းပြင်းရှူလိုက်သောကြောင့် ရင်ခုန်နှုန်းများ မြန်ဆန်လာတော့သည်။ စတုတ္ထမြောက် ဆုံမှတ်ရှိ လူရိပ်နှစ်ခုကို မြင်လိုက်ရသောအခါ သူ၏မျက်နှာအမူအရာမှာ လုံးဝ တည်ကြည်သွား၏။
” ဝမ်ပေါင်လဲ့။ မင်း… မင်း ဒီတစ်ခေါက်တော့ ငါ့ကို ကူညီပေးမှဖြစ်မယ် …. ”
လုကျစ်ဟောင်မှာ အသက်ပြင်းပြင်းရှူလိုက်ပြီး လေသံတိုးတိုးဖြင့် အထစ်ထစ် အငေါ့ငေါ့ ဆိုလိုက်၏။ ဝမ်ပေါင်လဲ့မှာ သူ၏စကားကို ကြားလိုက်ရသောအခါ အံ့အားသင့်သွားရ၏။ ထို့နောက် သူသည်လည်း အနားသို့ရောက်သွားသောအခါ ထိုလူရိပ်နှစ်ခုကို မြင်လိုက်ရတော့သည်။
သူတို့ထဲမှ တစ်ယောက်မှာ တရားထိုင်နေပြီး အခြားတစ်ယောက်မှာ သက်တော်စောင့် တစ်ယောက်ကဲ့သို့ သူ၏ဘေးတွင် ရပ်နေ၏။
ထိုသက်တော်စောင့်မှာ ခန္ဓာကိုယ် ထွားကြိုင်းပြီး ခရမ်းရောင် ချပ်ဝတ်တန်ဆာတစ်ခုကို ဆင်မြန်းထား၏။ သူ၏ ဆံပင်ရှည်များမှာလည်း လေထဲတွင် တလူလူလွင့်နေပြီး သူ၏ပုံစံမှာ တောင်ငယ်လေးတစ်လုံးနှင့်ပင် ဆင်တူနေ၏။ သူ့ဆီမှ ထွက်ပေါ်နေသော အငွေ့အသက်များမှာ အာနာပါနထိပ်ဆုံးအဆင့်နှင့် ဆင်တူပြီး သူသည် လက်ရှိအဆင့်မှနေ၍ အချိန်မရွေး ဖောက်ထွက်သွားနိုင်သည့် အနေအထားတွင် ရှိနေ၏။
သူတို့မှာ ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးတစ်ကောင်ကို ကြည့်နေရသကဲ့သို့ပင်။ သူ၏ အကြည့်များမှာလည်း အလွန် စူးရှခက်ထန်နေပြီး သူသည် ပေါက်ကွဲလုဆဲဆဲ အနေအထားသို့ ရောက်နေသည့် မီးတောင်ကြီးတစ်လုံးနှင့် တူနေ၏။
သူနှင့် ယှဉ်လိုက်ပါက တရားထိုင်နေသည့် လူငယ်လေး၏ အငွေ့အသက်မှာ လုံးဝ တူညီမှုမရှိပေ။ သူ၏ အငွေ့အသက်မှာ အေးချမ်းတည်ငြိမ်နေပြီး သူ၏ ပုံစံမှာလည်း ကမ္ဘာပေါ်ရှိ မည်သည့်အရာကမှ သူ၏ အာရုံကို ဖမ်းစားနိုင်စွမ်း မရှိမည့်အလား ဂရုမစိုက်သည့်ပုံ ပေါက်နေ၏။
သူသည် ခေါင်းတုံးဖြစ်ပါသော်လည်း ရုပ်ရည်ချောမောကာ နူးညံ့သိမ်မွေ့သည့် အမူအရာတစ်ခုကို ပိုင်ဆိုင်ထား၏။ သူသည် တစ်စုံတစ်ခုကို အာရုံခံနေသည့်အလား သူ၏ မျက်လုံးများကို မှိတ်ထား၏။ လေပြည်လေညင်းလေးများမှာလည်း သူ့အား သဘောကျ နှစ်သက်နေသကဲ့သို့ သူ၏ ပတ်ပတ်လည်တွင် တိုက်ခတ်နေကြ၏။
ထိုလူငယ်လေးမှာ တာအိုအလင်းဆောင်ဌာနရှိ တောင်ထိပ်ပေါ်တွင် ရှိခဲ့စဉ်တုန်းက အာရုံစိုက်လိုက်ရုံမျှဖြင့် ခွက်အလွတ်ထဲတွင် ရေစက်တစ်စက် ပေါ်လာအောင် လုပ်နိုင်ခဲ့သည့် တာအိုအလင်းဆောင်ဌာနမှ အမည်မဲ့ဂိုဏ်းသားလေးပင် ဖြစ်သည်။
ထို့အပြင် သူသည် ပြည်ထောင်စုဥက္ကဋ္ဌဟောင်း တစ်ဖြစ်လဲ ကောင်းကင်တာအိုကျောင်း၏ လက်ရှိ ဂိုဏ်းစောင့်အကြီးအကဲကြီး၏ တစ်ဦးတည်းသော တပည့်ရင်းလည်း ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုလူငယ်လေးကို မသိပါသော်လည်း သူ့အား မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် သူ၏ခြေလှမ်းများမှာ တဖြည်းဖြည်းနှင့် ရပ်တန့်သွား၏။ ထို့နောက် မာနကြီးသော လုကျစ်ဟောင်က သူ၏ အကူအညီကို တောင်းရသည့် အကြောင်းပြချက်ကို နားလည်သွားတော့သည်။ အမှန်အတိုင်း ဆိုရလျှင် ထိုသက်တော်စောင့်မှာ ပါမွှားအဆင့်သာ ရှိပါသော်လည်း ထို တရားထိုင်နေသည့် လူငယ်လေး ထုတ်လွှတ်နေသော ဖိအားမှာ နဖူးတည့်တည့် ချိန်ထားသည့် အသွားထက်သော ကိုယ်ပျောက်ဓားတစ်လက်နှင့် တူနေခြင်းပင် ဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားရပြီး ပြုံးနေရာမှ ပြန်လည်တည်ကြည်သွား၏။ သူသည် စိတ်အေးလက်အေး ဖြစ်မနေတော့ဘဲ သူ၏မျက်လုံးများမှာ ချက်ချင်းပင် ဖျတ်ခနဲလက်သွား၏။
ဝမ်ပေါင်လဲ့ ထိုလူငယ်လေးအား ကြည့်မိလိုက်သည့် အချိန်တွင်ပင် ထိုလူငယ်လေးမှာ မျက်လုံးများ ပွင့်လာတော့သည်။