Switch Mode

အခန်း ( ၁၅၁ )

တာအိုရောင်းရင်းတို့၊ နားထောင်

ပြင်ပကမ္ဘာထဲမှ ပရိသတ်များမှာ ဖြစ်ပျက်သွားခဲ့သည်များကို သဲကြီးမဲကြီး ဆွေးနွေးငြင်းခုံနေကြစဉ် လုကျစ်ဟောင်၏ ပြိုင်ဘက်ဖြစ်သော သိုင်းပညာအဆောင်မှ ဂိုဏ်းသားမှာ စိတ်ဓာတ်ကျစွာဖြင့် အရှုံးပေးလိုက်၏။ သူသည် လုံးဝ အနိုင်ရနိုင်တော့မည်မဟုတ်ပေ။ လုကျစ်ဟောင်တစ်ယောက်တည်းကို တိုက်ခိုက်ရသည်ပင် သူ့အတွက် ခက်ခဲနေပြီဖြစ်သည်။ သူသည် လုကျစ်ဟောင်အား လုံးဝ မယှဉ်နိုင်ပေ။

ထို့အပြင် ထူးဆန်းသော ဓမ္မအဆောင်များ ကိုင်ဆောင်ထားသည့် ဝမ်ပေါင်လဲ့လည်း ရှိနေသေးသည်မဟုတ်ပါလော။ ထို့ကြောင့် သူ၏ ဦးရေခွံမှာ တဆစ်ဆစ် ထုံကျဉ်နေရပြီ ဖြစ်သည်။ သူ၏ အကူအဖွဲ့ဝင်ဖြစ်သော ဂိုဏ်းသူလေးမှာလည်း လက်နှစ်ဖက်ကို နောက်ဘက်တွင် ချုပ်ခံထားရပြီ မဟုတ်ပါလော။ ထို့ကြောင့် သိုင်းပညာအဆောင်မှ ထိုဂိုဏ်းသားလေးမှာ ပြုံးကာ အရှုံးပေးလိုက်ရတော့သည်။

တချိန်တည်းမှာပင် ကောင်းကင်ယံရှိ စင်မြင့်ပေါ်မှ ပရိသတ်များစွာကလည်း စိတ်ဝင်စားနေသည့် အမူအရာများနှင့် ကြည့်ရှုနေကြ၏။ သူတို့မှာ ဝါရင့်သဘာရင့်များ ဖြစ်ကြသည့်တိုင်အောင် ယခုကဲ့သို့ ထူးခြားဆန်းသစ်သည့် တီထွင်မှုလေးများမှာ ကိုယ်ပိုင် အားသာချက်များကို ပိုင်ဆိုင်ထားသည်သု သူတို့က မှတ်ယူထားကြ၏။

သို့သော် သိုင်းပညာအဆောင်မှ အကြီးအကဲကြီးမှာမူ ယမ်းပုံမီးကျ ဒေါသထွက်နေပြီဖြစ်သည်။ အကောင်းပတိ ရှိနေသော သိုင်းပညာအဆောင် ပြိုင်ပွဲကြီးတစ်ခုမှာ ဝမ်ပေါင်လဲ့၏ ကြော်ငြာများကြောင့် ပျက်စီးသွားရပြီဖြစ်သည်။

အကယ်၍ ထိုသူမှာ အခြားဂိုဏ်းသား တစ်ယောက်ယောက်သာ ဆိုပါက ထိုဂိုဏ်းသားမှာ ကြီးလေးသော ပြစ်ဒဏ်များ ခံရမည်ကို စိုးရိမ်နေမည်မှာ အမှန်ပင်။ သို့သော် ဓမ္မလက်နက်အဆောင်မှ အကြီးအကဲကြီးများမှာ ဝမ်ပေါင်လဲ့ဘက်မှလိုက်၍ ကာကွယ်ပြောဆိုပေးနေကြ၏။ ထို့အပြင် သူသည် ကောင်းကင်တာအိုကျောင်းကို များစွာ အကျိုးပြုနိုင်ခဲ့သေးသည် မဟုတ်ပါလော။ ပထမ အကြောင်းပြချက်ကြောင့် သူ၏ အဆင့်အတန်းမှာ ပို၍ မြင့်မားနေရခြင်း ဖြစ်ပြီး ဒုတိယ အကြောင်းပြချက်ကြောင့် သူ့အပေါ် လူအများ၏ ဆက်ဆံ‌ပုံမှာ ထူးခြားနေရခြင်း ဖြစ်သည်။

သိုင်းပညာအဆောင်မှ အကြီးအကဲကြီးက မကျေမနပ် ဖြစ်သွားပြီးနောက် ခဏအကြာတွင် ဝမ်ပေါင်လဲ့အား အသေးစားပြစ်ဒဏ်တစ်ခု ပေးလိုက်၏။ ၎င်းမှာ ကောင်းကင်ယံ စင်မြင့်ထဲရှိ ကောင်းကင်တာအိုကျောင်း ရှိရာဘက်မှ ထွက်ပေါ်လာသော သတိပေး စကားတစ်ခွန်းသာ ဖြစ်သည်။
” ဓမ္မလက်နက်အဆောင်က ဂိုဏ်းသား ဝမ်ပေါင်လဲ့။ အကူအညီပေးဖို့ပဲ အာရုံစိုက်ထားပါ။ မင်းရဲ့ ဓမ္မအဆောင်တွေကို လူအများကြီးရှေ့မှာ ပေါ်တင်ကြီး ကြော်ငြာတာတွေ ရပ်လိုက်ပါတော့ ”

ထိုသတိပေးစကားသံကြီးမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး ပြိုင်ပွဲကျင်းပရာ နေရာတစ်ခုလုံးကို လွှမ်းခြုံသွား၏။ တိုက်ခိုက်နေကြသော ဂိုဏ်းသားများစွာ ထိုအသံကြီးကိုကြားလိုက်ရသောအခါ အံ့အားသင့်သွားကြ၏။ မီးရှူးမီးပန်းများကို တွေ့မြင်ခဲ့ကြသည့် လူတချို့ဆိုလျှင် ဖြစ်ကြောင်းကုန်စင်ကို သုံးသပ်ခန့်မှန်းနိုင်သွား၏။

အဆင့်မြင့်ကျွန်းပေါ်ရှိ ပရိတ်သတ်အားလုံးမှာလည်း ထိုစကားသံကြီးကို ကြားလိုက်ရသည်။ ထိုအခါ ဝမ်ပေါင်လဲ့အတိုင်း လိုက်လုပ်ရန် ကြံစည်နေသော လူများမှာ ထိုအတွေးများကို ချက်ချင်းပင် စွန့်လွှတ်လိုက်ရတော့သည်။

ဝမ်ပေါင်လဲ့မှာမူ ကောင်းကင်ပေါ်သို့ မော့ကြည့်နေရာမှ ခေါင်းပြန်ငုံ့သွား၏။ သူသည် အလွန် စိတ်လှုပ်ရှားနေခဲ့ပါသော်လည်း ထိုသတိပေးစကားသံကြီးကို ကြားလိုက်ရသောအခါ ဆက်၍ ကြော်ငြာရန်မဖြစ်နိုင်တော့ကြောင်း သိလိုက်ရသဖြင့် စိတ်ဓာတ်ကျကာ နောင်တရသွား၏။

” နှမြောစရာပဲ…. ကြော်ငြာနိုင်မယ့် အခွင့်အလမ်းကောင်းကြီးတစ်ခုကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီ ”
ဝမ်ပေါင်လဲ့မှာ ဝမ်းနည်းပူဆွေးကာ တဖြည်းဖြည်းနှင့် မကျေမချမ်း ဖြစ်လာ၏။ သူသည် လိမ်လည်လှည့်ဖျားခဲ့ခြင်း မရှိသလို သူတို့၏ တိုက်ပွဲကိုလည်း ဝင်ရောက်နှောင့်ယှက်ခြင်း မရှိခဲ့ပေ။ သို့ဖြစ်ရာ အဘယ့်ကြောင့် သူတို့မှာ သူ့အား သူ၏ ဓမ္မအဆောင်များ ကြော်ငြာသည့် လုပ်ရပ်ကို ပိတ်ပင်တားဆီးခွင့် ရှိနေရပါသနည်း။

ဘေးနားတွင် ရပ်နေသည့် လုကျစ်ဟောင်မှာ စိတ်လှုပ်ရှားသွား၏။ အမှန်အတိုင်းဆိုရလျှင် သူသည် ဤပြိုင်ပွဲထဲတွင် နာမည်ကျော်ကြားလာနိုင်လိမ့်မည်ဟု မျှော်မှန်းထားပါသော်လည်း ဝမ်ပေါင်လဲ့မှာ ထိုအခွင့်အရေးကို သူ့ဆီမှ ခိုးယူသွားခဲ့၏။ တစ်ကြိမ်တည်းသာဆိုလျှင် ကိစ္စမရှိပါသော်လည်း ယခုတွင် ဒုတိယမြောက်အကြိမ်အဖြစ် ထပ်မံ ခိုးယူသွားပြန်ပြီ မဟုတ်ပါလော။ ထို့ကြောင့် သူသည် ထိုအကြောင်းကို တွေးမိလိုက်တိုင်း မအီမလည် ဖြစ်နေရ၏။

ယခုတွင် တာအိုကျောင်းက ဝမ်ပေါင်လဲ့အား ကြော်ငြာခြင်းမပြုလုပ်ရန် ပိတ်ပင်တားဆီးလိုက်ပြီဖြစ်ရာ သူတို့၏ ကိုင်တွယ်ဖြေရှင်းပုံမှာ အထူးကောင်းမွန်လှပေသည်ဟု လုကျစ်ဟောင်က မှတ်ချက်ပြုလိုက်၏။ သူ၏ စိတ်ထဲတွင် ဒေါသစိတ်များ အနာပြည်တည်နေသေးပါသော်လည်း ဝမ်ပေါင်လဲ့၏ စိတ်ဓာတ်ကျနေသော မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ နှာမှုတ်၍သာ အကြည့်လွှဲလိုက်တော့သည်။

” ဒါ လုံးဝ မျှတမှု မရှိဘူး ဝမ်ပေါင်လဲ့ရာ။ ငါသာ မင်းနေရာမှာဆိုရင် ငြိမ်ခံနေမှာ မဟုတ်ဘူး။ တာအိုကျောင်းက မင်းကို ပစ်မှတ်ထားနေတာ အသိအသာကြီး။ ငါ အကြံပေးရမယ်ဆိုရင် မင်း တာအိုကျောင်းကို ဆန့်ကျင့်လိုက်ကွာ။ သူတို့တွေက မင်းကို ဘာလုပ်နိုင်မှမလို့လဲ။ ဒီကိစ္စမှာ မင်းက မှားမှ မမှားတာကို။ ပြီးတော့ မင်းက ကျောင်းကို အများကြီး အကျိုးပြုထားခဲ့တဲ့ လူလေ ”
လုကျစ်ဟောင်မှာ ဝမ်ပေါင်လဲ့၏ နားနားကပ်၍ တိုးတိုးလေးပြောကာ သူ့အား အားပေးအားမြှောက် လုပ်လိုက်၏။ သူသည် ဝမ်ပေါင်လဲ့တစ်‌ယောက် တာအိုကျောင်းအား ဆန့်ကျင်သည်ကို အမှန်တကယ် မြင်ချင်နေ၏။

သို့သော် လုကျစ်ဟောင်မှာ ထိုကဲ့သို့ သူတစ်ပါးအား သွေးထိုးလှုံ့ဆော်ရတွင် ဝါနုလွန်းနေသေးသည်ကို အထင်အရှားမြင်နိုင်၏။ ဝမ်ပေါင်လဲ့မှာ သူ၏စကားကို ကြားလိုက်ရသောအခါ လုကျစ်ဟောင်အား မျက်စောင်းထိုး၍ ကြည့်လိုက်၏။

” မင်းဆိုရင် ငြိမ်ခံမနေဘူး ဟုတ်လား။ အဲဒါဆို မင်းလုပ်‌ပါလားကွ။ လာ လာ။ ဖေ့သားလေး လာခဲ့စမ်းပါ။ သားလေး တာအိုကျောင်းကို ဆန့်ကျင့်နေတုန်း ဖေကြီး မီးရှူးမီးပျံတွေ လွှတ်ပေးမယ်။ မင်း အကြီးအကဲကြီးတွေကို ရှင်းထုတ်နိုင်ရင် ငါ့ကို အဖေလို့ ခေါ်ခေါ်၊ မခေါ်ခေါ် ငါ ဂရုမစိုက်တော့ဘူး ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီး လက်နှစ်ဖက်ကို မြှောက်ကာ သစ်သားရေပုံးလေးကို ထုတ်ယူလိုက်၏။

” ငကြောက်ပါကွာ။ မင်းနဲ့ အတူတူရှိနေရတာ ရှက်ဖို့ကောင်းတယ် ”
လုကျစ်ဟောင်ကလည်း ဒေါသတကြီး ပြန်ပြောလိုက်၏။ ဝမ်ပေါင်လဲ့၏ လက်ထဲမှ သစ်သားရေပုံးလေးကို မြင်လိုက်ရသောအခါ သူသည် တုန်လှုပ်သွားရ၏။ ထို့ကြောင့် သူသည် နှာမှုတ်ကာ ချက်ချင်းပင် နောက်သို့ဆုတ်သွားပြီး တတိယမြောက် ဆုံမှတ်ဆီသို့ ဦးတည်လျှောက်လှမ်းသွားလိုက်တော့သည်။

” ဒီမှာ။ မင်း သတ္တိအရမ်းကောင်းနေရင် မင်းကိုယ်တိုင် လုပ်လိုက်ပါလားကွ။ ငါ့ကို လာပြီးတော့ လှည့်စားမနေနဲ့ ”
ဝမ်ပေါင်လဲ့ကလည်း ထိုသို့ပြန်ပြောကာ မျက်လုံးများ ပင့်လိုက်၏။ ထို့နောက် စိတ်ဓာတ်ညှိုးငယ်စွာဖြင့် ရှေ့သို့ လျှောက်လှမ်းသွားတော့သည်။ လုကျစ်ဟောင်မှာ ထိုစကားကို ကြားလိုက်ရသောအခါ ဒေါသတကြီးနှင့် နောက်သို့ ချာခနဲလှည့်လာပြီး သူ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်၏။

” ဝမ်ပေါင်လဲ့။ ငါပြောမယ်။ ပထမဆုံး နှစ်ကြိမ်တုန်းက ငါ မင်းကို ခွင့်လွှတ်ပေးခဲ့ပြီးပြီ။ ဒါပေမဲ့ တတိယအကြိမ် ဒီလို ထပ်ဖြစ်မယ်ဆိုရင်… မင်း ငါ့ရဲ့ နာမည်ကျော်နိုင်မယ့် အခွင့်အရေးကို ထပ်ပြီးတော့ ခိုးယူမယ်ဆိုရင်…. မင်းနဲ့ ရန်သတ်ရလိမ့်မယ်။ ငါ နောက်နေတာ မဟုတ်ဘူးနော် ”
လုကျစ်ဟောင်မှာ မျက်ထောင့်နီကြီးများဖြင့် သတိပေးလိုက်၏။

” ဒီတစ်ခေါက် မင်းငါ့ကို ဘာပစ္စည်းပေးပေး ငါ ဂရုမစိုက်ဘူး။ ငါ့ကို လာဘ်ထိုးဖို့ မစဉ်းစားနဲ့။ လုကျစ်ဟောင်ဆိုတဲ့ ငါက ကိုယ်ကျင့်တရားကို ခါးဝတ်ပုဆိုး ဝတ်ထားသလို မြဲမြံနေအောင် ထိန်းသိမ်းတဲ့ ယောက်ျားတစ်ယောက်ကွ။ ဒါ ငါ့ရဲ့ ပြိုင်ပွဲပဲ ”
လုကျစ်ဟောင်က မာန်ပါပါ ကြိမ်းဝါးလိုက်ပြီး ဝမ်ပေါင်လဲ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ နောက်သို့လှည့်၍ တတိယမြောက် ဆုံမှတ်နေရာဆီသို့ ပြေးသွားလိုက်တော့သည်။

” ဘာ စိတ်ပူနေစရာ လိုသေးလို့လဲ။ တာအိုကျောင်းက ငါ့ကို ကြော်ငြာခွင့် ပိတ်လိုက်ပြီလေ။ စိတ်မပူနဲ့။ ငါ လုံးဝ ဝင်မတိုက်ဘူး ”
ဝမ်ပေါင်လဲ့မှာ လက်ကိုဝှေ့ယမ်းကာ ဆိုလိုက်၏။ သူသည် ထပ်၍ ကြော်ငြာခွင့် မရှိတော့သည့်အကြောင်းကို တွေးတောရင်း နောင်တရနေဆဲပင် ဖြစ်သောကြောင့် မည်သည့် တိုက်ကွက်ကိုမှ ထုတ်ချင်စိတ် မရှိတော့ပေ။

ထိုသို့ဖြင့် သူတို့မှာ ထိုဆုံမှတ်နှင့် သိပ်မဝေးသောနေရာသို့ ရောက်လာ၏။ ထိုအချိန်တွင် လမ်းကလေး၏ အဆုံးရှိ လမ်းဆုံ၌ သူတို့ကို စောင့်နေသော လူရိပ်နှစ်ခုကို ခပ်ရေးရေးခန့် လှမ်းမြင်လိုက်ရ၏။

သူတို့ထဲမှ တစ်ယောက်မှာ အရပ်ပုပြီး အခြားတစ်ယောက်မှာ အရပ်ရှည်၏။ သူတို့ နှစ်ယောက်စလုံး၏ အမူအရာမှာ တည်ကြည်နေပါသော်လည်း သူတို့၏ မျက်လုံးများထဲတွင် အားမာန်အပြည့် ရှိနေ၏။ သူတို့မှာ ထိုနေရာတွင် မတ်တတ်ရပ်ရင်း ဝမ်ပေါင်လဲ့နှင့် လုကျစ်ဟောင်တို့ကို လှမ်းကြည့်လိုက်သောအခါ သူတို့၏ အကြည့်များမှာ စူးရှခက်ထန်သွား၏။ ထိုနှစ်ယောက်မှာ တန်း၍ မတိုက်ခိုက်ကြသေးပေ။ ပြိုင်ပွဲဝင်ကျင့်ကြံသူမှာ မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် သူ့အကူအဖွဲ့ဝင်၏ နောက်ခံအင်အားမှာ မည်မျှရှိကြောင်းကို သူတို့က မသိသေးပေ။

လုကျစ်ဟောင်မှာ ထိုနှစ်ယောက်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် မျက်လုံးများ အရောင်လက်သွား၏။ ဝမ်ပေါင်လဲ့မှာ လုံးဝ ဝင်မတိုက်ဟု ကတိပေးထားပါသော်လည်း လုကျစ်ဟောင်မှာ သူ နောက်ထပ်တစ်ကြိမ်ထပ်၍ အခွင့်ကောင်း ယူသွားဦးမည်ကို စိုးရိမ်နေ၏။ ထို့ကြောင့် သူသည် အရှိန်မြှင့်တင်ကာ မာန်ပါပါအော်ဟစ်၍ ထိုလူရိပ်နှစ်ခုဆီသို့ တန်းတန်းမတ်မတ် ပြေးသွားလိုက်တော့သည်။

လုကျစ်ဟောင်၏ စိတ်အားထက်သန်နေပုံကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ လမ်းလျှောက်နေရာမှ ရပ်တန့်လိုက်၏။ သို့သော် ချက်ချင်းဆိုသလိုပင် သူ၏ အမူအရာမှာ ပြောင်းလဲသွား၏။ ဆုံမှတ်တွင် ရပ်နေသော ထိုလူရိပ်နှစ်ခုမှာ တစ်ခုခု ထူးဆန်းနေကြောင်း သူက ရိပ်မိလိုက်ခြင်း ဖြစ်သည်။

” ခဏနေဦး ”

သို့သော် သူသည် တိတ်တိတ်နေလိုက်ရမည်သာ ဖြစ်သည်။ သူ ထိုသို့ သတိလှမ်းပေးလိုက်သည်နှင့် တစ်ပြိုင်နက် လုကျစ်ဟောင်မှာ အမြီးတက်နင်းခံလိုက်ရသည့်အလား အရှိန်မြှင့်တင်လိုက်၏။ ထို့နောက် အသံကုန်အော်ဟစ်ကာ ရှေ့သို့ပြေးထွက်သွားတော့သည်။

သို့သော် သူသည် အလွန် မြန်ဆန်လွန်းနေ၏။ ဝမ်ပေါင်လဲ့ လှမ်း၍ သတိပေးလိုက်စဉ်မှာပင် အရပ်ပုပုနှင့် လူရိပ်၏ မျက်လုံးမှာ ဖျတ်ခနဲလက်သွား၏။ ထို့နောက် သူသည် လှစ်ခနဲ လှုပ်ရှားကာ သံလိုက်အိမ်မြောင်တစ်ခုကို ထုတ်ယူလိုက်ပြီး မြေကြီးပေါ်သို့ချိန်ကာ ခလုပ်ကို အားပါပါ ဖိနှိပ်လိုက်၏။ ထိုအခါ ဘေးပတ်ပတ်လည်တွင် လေမုန်တိုင်းကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး လှောင်အိမ်တစ်လုံးကဲ့သို့ အသွင်ပြောင်းလဲကာ လုကျစ်ဟောင်၏ ရှေ့တည့်တည့်တွင် ပေါက်ကွဲသွားတော့သည်။

” မဖြစ်ဘူး ”
လုကျစ်ဟောင်မှာ ကယောင်ချောက်ချား ဖြစ်သွားပြီး အော်ဟစ်မြည်တမ်းလိုက်ရ၏။ သူ၏ မျက်လုံးများထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီး သူ၏ အော်သံကြီးမှာလည်း ထိုနေရာတစ်ခုလုံးတွင် ပဲ့တင်ထပ်သွား၏။ သို့သော် သူသည် ထိုလေမုန်တိုင်းကြီးထံမှ မရှောင်တိမ်းနိုင်သဖြင့် ချက်ချင်းပင် အထဲတွင် ပိတ်မိသွားတော့သည်။ အဝေးမှ ကြည့်လိုက်ပါက သူသည် ဧရာမ လေမုန်တိုင်းကြီး တစ်ခုထဲတွင် ပိတ်မိနေသည့်ပုံနှင့် တူနေပြီး ၎င်းမှာ ပြင်ပကမ္ဘာက သူ၏ အော်သံများကို မကြားနိုင်အောင် တားဆီးပိတ်ဆို့ထား၏။ ထို့ကြောင့် သူ၏ အော်ဟစ်ညည်းတွားသံများမှာ ရပ်တန့်သွားရတော့သည်။

” မန္တန် ကျင့်ကြံသူတစ်ယောက်လား ”
ဝမ်ပေါင်လဲ့မှာ အထူးတဆန်း ဖြစ်နေသည့် အမူအရာဖြင့် သူ့ကိုယ်သူ ပြန်မေးလိုက်၏။ သူသည် စိတ်ထဲတွင်မူ လုကျစ်ဟောင်အား စာနာသနားမိနေတော့သည်။ သူသည် စဉ်းစားဆင်ခြင်နိုင်စွမ်း မရှိနိုင်လောက်အောင် စိတ်လောနေခဲ့သောကြောင့် ထိုမန္တန်အစီအရင် ထောင်ချောက်ထဲတွင် မိသွားခြင်းဖြစ်ကြောင်း ဝမ်ပေါက်လဲ့က သုံးသပ်လိုက်၏။

” ဒီ ကံဆိုးတဲ့ ကောင်လေးကတော့ကွာ။ ဘာလို့ ဒီလောက်ကြီး လောနေရတာလဲ။ ငါ မတိုက်ခိုက်ပါဘူးလို့ ပြောထားပြီးသားကို။ အခုတော့ကွာ ”
ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာဆိုလိုက်၏။ ထို့နောက် သူသည် မျက်တောင်တဖျတ်ဖျတ် ခပ်လိုက်ပြီး လှောင်ပြုံးပြုံးကာ သူ့ဆီသို့ ချဉ်းကပ်လာနေသော ဂိုဏ်းသားနှစ်ယောက်အား လှမ်း၍ ကြည့်လိုက်၏။ သူတို့၏ အကြံအစည်မှာ အကူအဖွဲ့ဝင်ကို အရင်ဆုံး နှိမ်နင်းပြီးမှ အတူတကွ ပူးပေါင်းကာ ပြိုင်ပွဲဝင်ကို အနိုင်တိုက်ရန်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သူဆီသို့ ဦးတည်လာနေသော ဂိုဏ်းသားနှစ်ယောက်ကို ကြည့်ရင်း မျက်လုံးများ အရောင်လက်သွား၏။ ၎င်းမှာ သူ့အတွက် အခွင့်ကောင်းတစ်ခု ဖြစ်ရပေမည်ဟု သူက ယူဆလိုက်၏။ သူ့အား ကြော်ငြာခြင်းမပြုရန် ပိတ်ပင်တားမြစ်ထားပါသော်လည်း မီးရှူးမီးပန်း မလွှတ်ရဟု မည်သူကမှ ပိတ်ပင်ထားခြင်း မရှိပေ။ အမှန်တွင် ထို သစ်သားရေပုံလေး ကိုယ်တိုင်မှာလည်း ဓမ္မအဆောင်တစ်ခု ဖြစ်နေ၏။

ထိုဂိုဏ်းသားနှစ်ယောက် သူ့ဆီသို့ ပြေးလာနေချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ညာလက်ကို မြှောက်လိုက်၏။ ထိုအခါ သစ်သား‌ရေပုံးတစ်ပုံး ချက်ချင်းပင်ပေါ်လာပြီး ကောင်းကင်ပေါ်သို့ မြောက်တက်သွား၏။ ထို့နောက် ၎င်းမှာ အသံအကျယ်ကြီးမြည်အောင် ပေါက်ကွဲသွားသဖြင့် ဝင်းလက်တောက်ပသော အလင်းတန်းများ ကောင်းကင်တစ်ခွင် ဖြာထွက်သွားတော့သည်။

ထို မီးရှူးမီးပန်းများ ပေါက်ကွဲသွားသည်နှင့် တစ်ပြိုင်နက် အဆင့်မြင့်ကျွန်း တစ်ကျွန်းလုံးမှာ ထိုဘက်သို့ အလိုလို လှည့်ကြည့်မိလိုက်ကြ၏။

ဂိုဏ်းသားနှစ်ယောက်မှာလည်း မီးရှူးမီးပန်းများ၏ အရောင်ပြောင်းလဲမှုကြောင့် အံ့ဩတုန်လှုပ်သွားကြ၏။ တချိန်တည်းမှာပင် ထိုနှစ်ယောက် သူ့ဆီသို့ ရောက်မလာနိုင်ခင် သူ၏ မျက်လုံးများမှာ ဝင်းလက်တောက်ပသွား၏။ ထို့နောက် သူသည် စိတ်လှုပ်တရှားဖြင့် သူ၏ညာလက်ကို ဝှေ့ယမ်းလိုက်သောအခါ သူ၏ တော့လောင်လက်ကောက်ထဲမှ ဆီးနှင်းဓားပျံ သုံးလက် ပျံထွက်လာ၏။

” တာအိုရောင်းရင်း နှစ်ယောက်။ နားထောင်။ အဲဒါ ငါ့ရဲ့ ပထမအဆင့် ဓမ္မအဆောင် ပေါက်ကွဲမှုပဲ ရှိသေးတာနော်။ အခု ငါကိုင်ထားတာက ဒုတိအဆင့် အထွတ်အထိပ် ဓမ္မအဆောင်ပဲ။ ဒီဓားတွေကို ဘာနဲ့မှ ဖျက်ဆီးလို့မရဘူး။ ပြီးတော့ အမြုတေနေရာမှာ သက်တန့်ရောင် ဝိညာဉ်ကျောက်တုံးတွေကို အသုံးပြုထားဆိုတော့ သူတို့ရဲ့ စွမ်းအားက တော်တော်ကို ကြောက်ဖို့ကောင်းတယ် ”
ဝမ်ပေါင်လဲ့က အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏။ ထို ဓားသုံးလက် ပေါ်လာသည်နှင့် တစ်ပြိုင်နက် အေးစက်မှုများ ပျံ့နှံ့လာပြီး ထို ဂိုဏ်းသားနှစ်ယောက်ဆီသို့ ဦးတည်သွား၏။

၎င်းတို့မှာ အလွန် မြန်ဆန်လှသောကြောင့် ဟင်းလင်းပြင်ကြီးကိုပင် ထိုးခွင်းသွားသည့် အလားပင်။ ထို့ကြောင့် ထိုဂိုဏ်းသားနှစ်ယောက်၏ အမူအရာမှာ ပြောင်းလဲသွား၏။ သူတို့မှာ ချက်ချင်းဆိုသလိုပင် ထိုဓားများကို တားဆီးရန် ပြင်လိုက်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူ၏လက်နှစ်ဖက်ကို ဝှေ့ယမ်းကာ တံဆိပ်တော်သုံးခုကို ထုတ်လွှတ်လိုက်ပြန်သည်။

” တာအိုရောင်းရင်းနှစ်ယောက်။ သေချာနားထောင်ဦး။ ဒါက ငါ့ရဲ့ ဒုတိယအဆင့် အထွတ်အထိပ် ဓမ္မအဆောင်တစ်ခုဖြစ်တဲ့ တောင်တံဆိပ်တော်ပဲ။ ဒီ တံဆိပ်တော်က လေနဲ့ထိလိုက်ရင် ပြန့်ကားလာပြီးတော့ အထဲမှာ စွမ်းအားလုံးတွေ ရေးထိုးထားတာ။ ပြိုင်ဘက်ကို တောင်ကြီးတစ်လုံးနဲ့ ခြေမွလိုက်သလိုမျိုး လုပ်လို့ရတယ် ”

” တာအိုရောင်းရင်းနှစ်ယောက်။ ငါ့ရဲ့ ဓမ္မအဆောင်တစ်ခုဖြစ်တဲ့ နတ်ချုပ်ကြိုးကို သတိထားဦးနော်။ အဲဒီကြိုးက အလျှော့အတင်း ကြိုက်သလို လုပ်လို့ရသလို လောင်ကျွမ်းနိုင်တဲ့ ကမ္ဗည်းစာလုံးတွေကိုပါ ပိုင်ဆိုင်ထားသေးတာ။

” မင်းတို့နှစ်ယောက်စလုံး ကြည့်လိုက်စမ်း။ ဒါက ဖျက်ဆီးရေးတုတ်တံပဲ။ ဒီတုတ်တံနဲ့ဆိုရင် ကျောက်တုံးတွေတောင် တစ်စစီ ကွဲကြေသွားရမှာ။ အဲဒါကို သွားမထိလိုက်နဲ့နော်။ ပေါက်ကွဲသွားလိမ့်မယ် ”

” ဒါက ကောင်းကင်ချေမှုန်းရေး ကြာပွတ်ပဲ။ ဒီကြာပွတ် ပေါက်ကွဲသွားတာနဲ့ သွေးချောင်းစီးသွားစေရမယ် ”

” ဒါကတော့ ဝိညာဉ်ထုတ်မှန်ပဲ။ ဒီ မှန်ထဲကို ကြည့်လိုက်တာနဲ့ ဝိညာဉ်ပျောက်သွားမှာ ”

ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုရင်း သူ၏ သိုလှောင်လက်ကောက်ထဲမှ ဓမ္မအဆောင်များကို တစ်ခုပြီးတစ်ခု ထုတ်ယူနေသောကြောင့် ထိုနေရာတစ်ခုလုံးတွင် ထိုဓမ္မအဆောင်များဖြင့် ပြည့်နှက်သွားတော့သည်။ ၎င်းတို့မှာ အားပြင်းသော လှိုင်းလုံးကြီးများကဲ့သို့ ထိုဂိုဏ်းသားနှစ်ယောက်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားကြ၏။

ထိုနေရာတွင် ရောင်စုံ ပစ္စည်းများဖြင့် ပြည့်နှက်နေသောကြောင့် ထိုနယ်မြေကြီး တစ်ခုလုံးကို ဓမ္မအဆောင်များက လွှမ်းခြုံသွားသည့်အလားပင်။ တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် ထိုဓမ္မအဆောင်များမှာ တစ်ခုနှင့်တစ်ခု မတူဘဲ ကွဲပြားခြားနားနေသည်ကို သိနိုင်သလို ဝမ်ပေါင်လဲ့မှာ ထို ဓမ္မအဆောင် တစ်ခုချင်းစီ၏ အလုပ်လုပ်ပုံကိုပါ ရှင်းပြနေသည် မဟုတ်ပါလော။ ထို့ကြောင့် ထိုဂိုဏ်းသားနှစ်ယောက်မှာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြပြီး မှင်တက်နေကြတော့သည်။

” သူက ဘာလုပ်ချင်နေတာလဲဟ။ ဒီလိုမျိုး အသေးစိတ် ရှင်းပြတာက သူ့ရဲ့ အကျင့်လား ”

” တောက်ကွာ။ ဘာလို့ သူ့ဆီမှာ ဓမ္မအဆောင်တွေ ဒီလောက် အများကြီးရှိနေရတာလဲ ”

ထိုဂိုဏ်းသားနှစ်ယောက်မှာ ဒေါသများထွက်နေသလို ဝမ်းနည်းပူဆွေးမှုများကိုလည်း ခံစားနေရတော့သည်။ သူတို့မှာ ပြန်လည်တုံ့ပြန် တိုက်ခိုက်ချင်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ဓမ္မအဆောင်များကို ထုတ်ထားသည်ဖြစ်ရာ မစွမ်းနိုင်ပေ။ ထို့အပြင် သူသည် တစ်ခုချင်းစီကို အသေးစိတ် ရှင်းပြခဲ့သောကြောင့် သူတို့မှာ ပို၍ပင် စိတ်ဖိစီးနေရတော့သည်။ ထိုမျှသာမက ထို ဓမ္မအဆောင်များမှာ အလွန် မြန်ဆန်နေ၏။

အဆင့်မြင့်ကျွန်းပေါ်နှင့် ကောင်းကင်ယံရှိ လူတိုင်းမှာ ထူးဆန်းသော အမူအရာများဖြင့် ဓမ္မအဆောင်ပင်လယ်ကြီးထဲ ရုတ်ခြည်း နစ်မြုပ်သွားသော ထိုကျင့်ကြံသူနှစ်ယောက်ကို ကြည့်နေကြတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset