Switch Mode

အခန်း (၁၀)

ခွန်လွန်တောင်မှမှော်ရုံနယ်မြေများ

အခန်း (၁၀) ခွန်လွန်တောင်မှမှော်ရုံနယ်မြေများ

ထိုသို့ဖြင့်…

မျက်စိတစ်မှိတ်အတွင်းမှာပင် (၃)နှစ်ဆိုသောအချိန် ကုန်ဆုံးသွားခဲ့လေသည်။

ကျန်းလန် မရဏဂူထဲတွင် ထိုင်နေလေသည်။

သူ့လက်ထဲတွင်တော့ ဆေးလုံးတစ်လုံးကို ကိုင်ဆောင်ထား၏။ ထိုဆေးလုံးက လွန်ခဲ့သည့်တစ်လခန့်က စနစ်တွင် မှတ်ပုံတင်ရင်း ရရှိထားသည့် ဆေးလုံး ဖြစ်သည်။

ဆေးလုံး၏ နာမည်က “ရွှေပြဒါးရင်းမြစ်” ဆေးလုံး ဖြစ်၏။

ရွှေပြဒါးအမြုတေ စတင်ဖြစ်တည်နိုင်ရန် လွန်ခဲ့သည့် (၃)နှစ်က သူတောင့်တခဲ့သည့် ဆေးလုံးက ယခုမှ လက်ဝယ် ရရှိလာခြင်း ဖြစ်သည်။

“ငါ…ရွှေပြဒါးအမြုတေ ဖြစ်တည်ဖို့အတွက် ဒီဆေးအပေါ် မူတည်မယ်ထင်တယ်…”

ဆေးလုံးကို လက်ထဲတွင် ချိန်ချိန်ဆဆကိုင်ထားရင်း ကျန်းလန် ရေရွတ်လိုက်လေသည်။

(၃)နှစ်ဆိုသည့်အချိန်အတွင်း…  ကျန်းလန် အလကား ထိုင်မနေခဲ့ပေ။

ရွှေပြဒါးအမြုတေ စတင်ဖြစ်တည်သည့်အဆင့် ရောက်ရှိရန် လိုအပ်သည့် ပြင်ဆင်မှုများအားလုံးကို ပြုလုပ်နေခဲ့လေသည်။

မရဏဂူထဲတွင် မနားမနေကျင့်ကြံနေခဲ့သလို အသိပညာဗဟုသုတများ တိုးတက်လာစေရန်လည်း စာကြည့်တိုက်သို့ အမြဲတမ်းသွားကာ လေ့လာနေခဲ့သည်။ သူကြိုးစားနေသမျှသည် ရွှေပြဒါးအမြုတေဖြစ်တည်ရန် ရည်ရွယ်ချက် တစ်ခုတည်းသာရှိ၏။

စနစ်တွင် အဆက်မပြတ် မှတ်ပုံတင်နေသည့်တိုင် ကျင့်ကြံခြင်းတွင်လည်း လုံးဝမပေါ့လျော့ခဲ့ပေ။

ယနေ့တော့ … သူမျှော်လင့်ခဲ့သော ရွှေပြဒါးအမြုတေ စတင်ဖြစ်တည်သည့် ခရီးစဉ် စတင်တော့မည် ဖြစ်သည်။

ခွန်လွန်စိတ်ကျမ်းမှ တန်ခိုးစွမ်းအားလှိုင်းလုံးက ဖုံးကွယ်ပေးထားသောကြောင့် အခြားသူများအမြင်တွင် ကျန်းလန်က ချီစွမ်းအားသန့်စင်ခြင်းအဆင့် အောင်မြင်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့် စတင်ကျင့်ကြံမည့် သာမန်ကျင့်ကြံသူတစ်ယောက်ဟု ထင်မှတ်စရာရှိသည်။

သို့သော်… တကယ်တမ်းတွင် ကျန်းလန်က ရွှေပြဒါးအမြုတေအဆင့်သို့  စတင်ခြေလှမ်းနေပြီ ဖြစ်သည်။

သိပ်အများကြီးမတွေးတော့ဘဲ ကျန်းလန် ရွှေပြဒါးရင်းမြစ်ဆေးလုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။ ထို့နောက် ခွန်လွန်စိတ်ကျမ်းကို ချက်ချင်းပင် ကျင့်ကြံလိုက်သည်။

မရဏဂူထဲတွင် ကျန်းလန် ငြိမ်သက်စွာဖြင့် ထိုင်နေလေသည်။

သူ၏ စိတ်အစဉ်က ငြိမ်သက်နေသည့် ကန်ရေပြင်အလား တည်ငြိမ်လျှက် ရှိ၏။

ဤသည်က မတုန်လှုပ်သောဉာဏ်ပညာဘုရင်မန္တန်ကို မကြာခဏ ကျင့်ကြံခဲ့ခြင်း၏ အကျိုးကျေးဇူးပင် ဖြစ်လေသည်။

အချိန်ခဏအတွင်းမှာပင် ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့်က တစ်ရှိန်ထိုးမြင့်တက်လာလေသည်။ ထို့ကြောင့်… ကျန်းလန် ကျင့်ကြံနေခြင်းကို လုံး၀ မရပ်တန့်ရဲပေ။

ကျင့်ကြံခြင်းအဆင့်များက ကျန်းလန်ပင် မလိုက်နိုင်လောက်အောင် လျှင်မြန်စွာဖြင့် မြင့်တက်နေလေသည်။ သို့သော်… သူ့အတွက် ပြဿနာ သိပ်မရှိပေ။

ရွှေပြဒါးအမြုတေ စတင်ဖြစ်တည်လာသည့် အခြေအနေက ကျန်းလန်အတွက် အနည်းငယ် ကမောက်ကမနိုင်လေသည်။ သို့သော်… ကြီးမားသည့်ပြဿနာမဟုတ်သောကြောင့် စိတ်ပူစရာ မရှိပေ။

ကျန်းလန်၏ ပတ်ပတ်လည်တွင် ဝိညာဉ်စွမ်းအားများ အများအပြားဝန်းရံနေလေသည်။ ထိုဝိညာဉ်စွမ်းအားများမှာ မရဏဂူထဲမှ မရဏအငွေ့အသက်များ ဖြစ်၏။

ပုံမှန်ဆိုလျှင်… မရဏအငွေ့အသက်များက ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ကို ဒုက္ခပေးလေ့ရှိကြသည်။ သို့သော်… ကျန်းလန်ကိုတော့ ဒုက္ခမပေးနိုင်ပေ။

မရဏအငွေ့အသက်များက ကျန်းလန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် ဝိညာဉ်စွမ်းအားအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။

ကျန်းလန် ငြိမ်သက်စွာထိုင်ပြီး ကျင့်ကြံနေလေသည်။

သိပ်မကြာမီ… ကျန်းလန်၏ ခန္ဓာကိုယ်မှ အလင်းရောင်များ ထွက်ပေါ်လာသည်။ အလင်းရောင်များက ရွှေရောင်မှိန်ပျပျ ဖြစ်သည်။

မြူခိုးတိမ်တိုက်များကလည်း ကျန်းလန်၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းလျှက် ရှိလေသည်။

စွမ်းအင်ဗဟိုချက်…။

များပြားလှစွာသော ဝိညာဉ်စွမ်းအားများက တိမ်တိုက်ပင်လယ်ကြီးအလား ကျန်းလန်၏ စွမ်းအင်ဗဟိုချက်တွင် လာရောက်စုဝေးလေသည်။

ထို့နောက် စွမ်းအင်ဗဟိုချက်တွင် ဗလာနယ်တစ်ခု ဖြစ်တည်လာသည်။

ခွန်လွန်စိတ်ကျမ်းမှ တန်ခိုးစွမ်းအားများ လှည့်ပတ်သွားပြီး စွမ်းအင်ဗဟိုချက် ဗလာနယ်ထဲတွင် ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

အစပိုင်းတွင် အလင်းတန်းက သိပ်ပြီး တောက်ပခြင်း မရှိပေ။

သို့သော်… သိပ်မကြာမီ အလင်းတန်းက တဖြည်းဖြည်း လင်းလက်တောက်ပလာပြီး စွမ်းအင်ဗဟိုချက်တစ်ခုလုံးကို ဖုံးလွှမ်းသိမ်းပိုက်သွားလေသည်။

တိမ်တိုက်ပင်လယ်ကြီးအလားဖြစ်နေသည့် ဝိညာဉ်စွမ်းအားများက စွမ်းအင်ဗဟိုချက်မှ ရွှေရောင်အလင်းတန်းဖြင့် အဆက်မပြတ် ပေါင်းစည်းသွားသည်။

အချိန်အတန်ကြာပြီးနောက်… စွမ်းအင်ဗဟိုချက်တွင် တောက်ပနေသည့် အလင်းရောင်များကြားတွင် ရွှေပြဒါးအမြုတေ ထွက်ပေါ်လာသည်။ အမြုတေသည် စွမ်းအင်ဗဟိုချက်ရှိ ဗလာနယ်ထဲတွင် မျောလွင့်လျှက် ရှိလေသည်။

ရွှေပြဒါးအမြုတေဖြစ်တည်လာသည့်မြင်ကွင်းကို စိတ်အာရုံထဲတွင် တွေ့မြင်လိုက်ရသည်နှင့် ကျန်းလန် စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက် ချလိုက်မိသည်။

ထို့နောက်… ရွှေပြဒါးအမြုတေမှ တန်ခိုးစွမ်းအားများက ကျန်းလန်၏ ခန္ဓာကိုယ်အတွင်းသို့ စတင်ပျံ့နှံ့သွားလေသည်။

ကျန်းလန်၏ ခန္ဓာကိုယ်တစ်ခုလုံး ကြီးမားသော တန်ခိုးစွမ်းအားများနှင့် ပြည့်နက်လာလေသည်။

ကျန်းလန်ရရှိထားသည့် နွားရိုင်းကိုးကောင်တန်ခိုးစွမ်းအားသည် နွားရိုင်းသုံးကောင်စွမ်းအားတွင် ရပ်တန့်နေပြီး ရှေ့ဆက် အဆင့်မတက်နိုင်သည်မှာ အချိန် (၃)နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ယခု… ရွှေပြဒါးအမြုတေ ဖြစ်တည်လာသည့်အခါ နွားရိုင်းကိုးကောင်တန်ခိုးစွမ်းအားက စတင်လှုပ်ရှားလာသည်။ ထို့နောက် တစ်ခဏအတွင်း နွားရိုင်းလေးကောင် တန်းခိုးစွမ်းအားသို့ အဆင့်မြင့်တက်သွားတော့သည်။

ကျင့်ကြံခြင်းအဆင့် မြင့်တက်သွားသည်နှင့် နွားရိုင်းကိုးကောင်စွမ်းအားမှာလည်း ပိုပြီး စွမ်းအားကြီးမားလာကြောင်း ကျန်းလန် ခံစားသိရှိလိုက်သည်။

ထို့ပြင် ကျန်းလန် ရွှေပြဒါးအမြုတေအဆင့်သို့ အဆင့်တက်ရောက်သွားသည်နှင့် ကောင်းကင်ဘုံ ခြေလှမ်းကိုးလှမ်း တန်ခိုးစွမ်းအားမှာလည်း ပြောင်းလဲမှု အသစ်ဖြစ်ပေါ်သွားလေသည်။

ရွှေပြဒါးအမြုတေအဆင့်ကို မည်သူမှ ကျန်းလန်လောက် လျှင်လျှင်မြန်မြန်ဖြင့် အဆင့်တက်ရောက်နိုင်မည် မဟုတ်ပေ။

ကျန်းလန် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ပြီး မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။

ထို့နောက် … သူ၏လက်များကို တစ်ချက်ငုံ့ကြည့်လိုက်ပြီး ဆုပ်ချည်ဖြန့်ချည် လုပ်ကြည့်လိုက်သည်။ သူ့လက်များထဲတွင် ကြီးမားသည့် စွမ်းအားကြီးတစ်ခု တည်ရှိနေသည်ကို ခံစားလိုက်ရသည်။

“ရွှေပြဒါးအမြုတေအဆင့်တော့ အောင်မြင်သွားပြီ… ၊ နောက်တစ်ဆင့် မူလဝိညာဉ်ရအောင် ကျင့်ကြံဖို့ပဲ ကျန်တော့တယ်…”

ရွှေပြဒါးအမြုတေအဆင့် အောင်မြင်ပြီးလျှင် ဝိညာဉ်ပြောင်းလဲသန့်စင်ရသည့် မူလဝိညာဉ်အဆင့်သို့ ရောက်ရှိမည် ဖြစ်သည်။

ထိုအဆင့်တွင် မူလဝိညာဉ်ဖြစ်တည်အောင် ကျင့်ကြံရမည် ဖြစ်လေသည်။

မူလဝိညာဉ်ဖြစ်တည်ပြီဆိုလျှင် ခန္ဓာကိုယ်၏ ရုပ်ပိုင်းဆိုင်ရာ အကန့်အသတ်များကို ကျော်လွန်သွားမည် ဖြစ်သည်။ ရုပ်ခန္ဓာပျက်စီးသွားသည့်တိုင် အသက်သေဆုံးမည် မဟုတ်တော့ပေ။

မူလဝိညာဉ်အဆင့်က တန်ခိုးစွမ်းအားရရှိအောင် ကျင့်ကြံသည့်အဆင့် မဟုတ်ဘဲ ဝိညာဉ်ကို ပြောင်းလဲသန့်စင်သည့်အဆင့် ဖြစ်လေသည်။

မူလဝိညာဉ်အဆင့်သို့ ရောက်ရှိလာလျှင် အင်မော်တယ်လမ်းကြောင်းသို့ စတင်ဦးတည်ပြီဟု ဆိုနိုင်သည်။

သို့သော် ကျန်းလန်အနေဖြင့် အလျှင်လိုစရာ မရှိပေ။

ထို့နောက်…  ကျန်းလန် ကျင့်ကြံခြင်း ရပ်နားလိုက်ပြီး မရဏဂူထဲမှ ထွက်ခွာလာခဲ့သည်။

ဆရာဖြစ်သူ သူ့ကို စစ်ဆေးထားသည်မှာ သိပ်မကြာသေးပေ။ ထို့ကြောင့် ဆရာဖြစ်သူထံ သွားရောက် အစစ်ဆေးခံစရာ မလိုသေးပေ။

ထို့ပြင်… ဆရာဖြစ်သူက စစ်ဆေးတိုင်းလည်း ကျန်းလန်တွင် မည်သည့်ပြဿနာမှ မတွေ့ရှိရပေ။ ထို့ကြောင့်… ကျန်းလန်၏ အခြေအနေကိုကြည့်ပြီး မော့ကျန်းသုန့်လည်း တစ်နေ့တခြား စိတ်ချလာခဲ့လေသည်။

ကျန်းလန် ခွန်လွန်တောင်သို့ ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း သူ့ကို စိတ်ရင်းနှင့်ဆက်ဆံသူဆို၍ ဆရာဖြစ်သူတစ်ယောက်သာလျှင် ရှိသည်။

(၃)နှစ်ခွဲဆိုသည့် အချိန်ကာလကို ဖြတ်သန်းခဲ့ပြီးနောက်…

အပေါ်ယံကြည့်မည်ဆိုလျှင် ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့်က ချီစွမ်းအားသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဟု ထင်စရာရှိသည်။

ချီစွမ်းအားသန့်စင်ခြင်းအဆင့် (၉)ဆင့်လုံး အောင်မြင်သွားပြီ ဖြစ်သောကြောင့် အခြေခံတည်ဆောက်ခြင်းအဆင့်ကို စတင်ကျင့်ကြံရတော့မည် ဖြစ်သည်။

ထို့ကြောင့် ဆရာဖြစ်သူက သူ့ကို အခြေခံတည်ဆောက်ခြင်းအဆင့်ကို စတင်သင်ပြပေးရန် ပြင်ဆင်နေခဲ့သည်။

သို့သော်… ကျန်းလန်ကတော့ လွန်ခဲ့သည့် (၃)နှစ်က စနစ်မှ ပေးအပ်သည့် “မိုးနဲ့မြေကိုဖန်ဆင်းခြင်း” တာအိုကျမ်းစာကို ရရှိပြီးကတည်းက အခြေခံတည်ဆောက်ခြင်းအဆင့် အောင်မြင်သွားခဲ့ပြီ ဖြစ်လေသည်။

ထို့ကြောင့်… သူ့အတွက် ပြဿနာ သိပ်မရှိတော့ပေ။

(၃)နှစ်ဆိုသည့်အချိန်အတွင်း… စနစ်မှ နောက်ထပ် တာအိုကျမ်းစာများ ထပ်မံရရှိခြင်း မရှိတော့ပေ။

သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် မှတ်ပုံတင်ခြင်းစနစ်က ဆက်စပ်မှုရှိနေကြောင်းကို စနစ်တွင် မှတ်ပုံတင်ရင်း ကျန်းလန် နားလည်ခဲ့ရသည်။

ကျင့်ကြံခြင်းအဆင့်မြင့်မားလာလေ စနစ်မှရရှိသည့် မှော်ဝင်ပစ္စည်းများ ၊ ဆေးဝါးများနှင့် ကျင့်စဉ်များကလည်း ပိုမို အဆင့်မြင့်လာလေဖြစ်သည်။

သို့သော်… အစောပိုင်းကာလ စနစ်တွင်မှတ်ပုံတင်ခဲ့စဉ်ကကဲ့သို့ ထူးဆန်းသည့် တန်ခိုးစွမ်းအားများနှင့် ကျင့်စဉ်များကိုတော့ ထပ်မံရရှိခြင်း မရှိတော့ပေ။

အထူးသဖြင့် “မိုးနဲ့မြေကိုဖန်ဆင်းခြင်း” တာအိုကျမ်းစာကဲ့သို့ တန်ခိုးစွမ်းအားမြင့်မားသည့် တာအိုကျမ်းစာမျိုးကို ထပ်မံရရှိခြင်း မရှိတော့ပေ။

ယခုအချိန်… တာအိုကျမ်းစာတစ်ခုသာ ထပ်မံရရှိပါက (၃)လအတွင်း  မူလဝိညာဉ်အဆင့်သို့ အဆင့်တက်သွားနိုင်မည် ဖြစ်သည်။

သို့သော်… မဟာတာအိုလမ်းကြောင်း အသစ်တစ်ခုရှာမတွေ့မချင်း နောက်ထပ်တာအိုကျမ်းစာတစ်ခု ထပ်မံရရှိနိုင်မည် မဟုတ်ပေ။

မဟာတာအိုလမ်းကြောင်း အသစ်ကို ရှာဖွေရန်မှာလည်း မဖြစ်နိုင်သေးပေ။ အဘယ်ကြောင့်ဆိုသော်… ကျန်းလန် နဝမတောင်ထွတ်မှ တစ်ဖဝါးမှ မခွာလိုသောကြောင့် ဖြစ်လေသည်။

ကျန်းလန်၏ တန်ခိုးစွမ်းအားများက အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခြင်း မရှိသေးရာ အခြားနေရာများသို့ ထွက်ခွာပြီး စွန့်စားမှုများမပြုလုပ်လိုပေ။

ထိုအချိန်…

“ကျန်းလန် ဆရာ့ဆီ လာခဲ့ပါဦး…”

ဆရာဖြစ်သူ၏ ခေါ်သံကို ကျန်းလန် စိတ်အာရုံထဲမှ ကြားလိုက်ရသည်။

ဆရာဖြစ်သူ သူ့ကို အဘယ့်ကြောင့် ခေါ်ရပါသနည်း။ ကျန်းလန် အစစ်ဆေးခံရမည့် နေ့ရက်လည်း မရောက်သေးပေ။

သို့သော်… ကျန်းလန် ရှည်ရှည်ဝေးဝေး စဉ်းစားမနေတော့ဘဲ ဆရာဖြစ်သူနေထိုင်သည့် နဝမတောင်ထွတ်အစွန်းသို့ ထွက်ခွာလာခဲ့လေသည်။

နဝမတောင်ထွတ်အစွန်းသို့ ရောက်ရှိသည့်အခါတွင်တော့… ထုံးစံအတိုင်းပင် မော့ကျန်းသုန့်က နဝမတောင်ထွတ် အစွန်းတွင် မတ်တတ်ရပ်နေလေသည်။

သူက တောင်ထွတ်အစွန်းမှ အခြားဘက်သို့ ငေးကြည့်နေလေရာ ကျန်းလန်ကို ကျောပေးထားသည့် အနေအထား ဖြစ်သည်။

“ဆရာ…”

ကျန်းလန်က ဆရာဖြစ်သူကို နှုတ်ဆက်လိုက်သည်။

ကျန်းလန်၏ ခေါ်သံကြားသည်နှင့် မော့ကျန်းသုန့် ချက်ချင်း လှည့်ကြည့်လာလေသည်။

သူက ကျန်းလန်ကို တွေ့သည်နှင့် ပြုံးလိုက်ရင်း…

“ကြည့်ရတာ မင်းတော့ ချီစွမ်းအားသန့်စင်ခြင်းအဆင့် အောင်မြင်သွားပြီပဲ… သိပ်ကောင်းတယ်… သိပ်ကောင်းတယ်…”

ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့်နှင့်ပတ်သက်ပြီး မော့ကျန်းသုန့် အလွန်ကျေနပ်နေဟန် ရှိသည်။

ယခုကဲ့သို့ အောင်မြင်မှုရရှိသည်မှာ ကျန်းလန်၏ စိတ်နေစိတ်ထား ၊ ပင်ကိုယ်စွမ်းရည်နှင့် လုံ့လဝီရိယများကြောင့်ဖြစ်ကြောင်း မော့ကျန်းသုန့် ကောင်းကောင်းနားလည်ထားသည်။

ကျန်းလန်က သိပ်ပြီး ပါရမီကောင်းသူ မဟုတ်သည့်တိုင် မော့ကျန်းသုန့် ကျေနပ်နေမိသည်။

ကျန်းလန်က ခေါင်းငုံ့လိုက်ရင်း…

“ဒါတွေအားလုံး ဆရာ့ကျေးဇူးကြောင့်ပါ…”

ကျန်းလန် စိတ်ရင်းဖြင့် ကျေးဇူးတင်စကား ပြောလိုက်သည်။

အမှန်တော့… ဆရာဖြစ်သူက သူ့ကို အစွမ်းကုန်ပညာသင်ပေးခဲ့သူ ဖြစ်သည်။ ဆရာဖြစ်သူ၏ စေတနာကို ကျန်းလန် ခံစားနားလည်မိလေသည်။

မော့ကျန်းသုန့်က…

“တကယ်တော့… မင်းကိုယ်တိုင်ကြိုးစားအားထုတ်မှုကြောင့်သာ ဒီလိုအောင်မြင်မှုတွေ ရခဲ့တာပါ…”

တပည့်တစ်ယောက် အောင်မြင်မှုရရန်မှာ ဆရာဖြစ်သူ၏ သင်ပြပေးမှုက အကြောင်းရင်းတစ်ခု ဖြစ်သော်လည်း တကယ်တမ်းတွင် တပည့်ဖြစ်သူကိုယ်တိုင် ကြိုးစားအားထုတ်မှုက ပိုပြီး အဓိကကျလေသည်။

ကျန်းလန်က…

“ဆရာ… ဘာအကြောင်းများရှိလို့ တပည့်ကို ခေါ်ရတာလဲ…”

ကျန်းလန်ကမေးလိုက်တော့ မော့ကျန်းသုန့်က ခေါင်းတစ်ချက်ညိတ်လိုက်ရင်း…

“မင်းကိုခေါ်လိုက်ရတာ အကြောင်းရှိတယ်…  မင်း … ခရီးတစ်ခုထွက်ရလိမ့်မယ်…”

ကျန်းလန် အံ့အားသင့်သွားသည်။

“ခရီးထွက်ရမယ် … ဟုတ်လား…”

မော့ကျန်းသုန့်က ခေါင်းညိတ်လိုက်ရင်း…

“ဟုတ်တယ်… အခြားတောင်ထွတ်က တပည့်တွေနဲ့အတူ မှော်ရုံနယ်မြေထဲကို မင်း လိုက်သွားရမယ် ၊ မှော်ရုံနယ်မြေထဲမှာ ရလာတဲ့အတွေ့အကြုံတွေက အခြေခံတည်ဆောက်ခြင်းအဆင့် စတင်ကျင့်ကြံဖို့အတွက် အများကြီး အထောက်အကူပြုလိမ့်မယ်…”

“မှော်ရုံနယ်မြေ… ဟုတ်လား…”

ကျန်းလန် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

ထိုသို့သောနေရာမျိုးကို ကျန်းလန် တစ်ခါမှ မကြားဖူးခဲ့ပေ။ သို့သော်… မှော်ရုံနယ်မြေသို့ သွားရမည့် ခရီးစဉ်ကို ကျန်းလန် ငြင်းဆန်မည် မဟုတ်ပေ။

သူ့အနေဖြင့် မှော်ရုံနယ်မြေဆိုသည့် နေရာအသစ်အဆန်းတစ်ခုတွင် စနစ်မှတ်ပုံတင်နိုင်မည် မဟုတ်ပါလား။

မှော်ရုံနယ်မြေတွင် မှတ်ပုံတင်ပါက မည်သို့သော မှော်ဝင်ပစ္စည်းမျိုး ရရှိမည်လဲ ကျန်းလန် မသိပေ။ ထို့ပြင်… ကံကောင်းပါက မှော်ရုံနယ်မြေတွင် မဟာတာအိုလမ်းကြောင်းတစ်ခု ရှိနေနိုင်လေသည်။

မဟာတာအိုလမ်းကြောင်းသာ ရှိနေပါက ကျန်းလန်အတွက် သေချာပေါက် အခြေအနေထူးခြားမည် ဖြစ်သည်။

“ဟုတ်တယ်… မှော်ရုံနယ်မြေပဲ…”

မော့ကျန်းသုန့်က ကျန်းလန်ကို တစ်ချက်ကြည့်လိုက်ပြီး မှော်ရုံနယ်မြေအကြောင်း စတင် ရှင်းပြသည်။

“ခွန်လွန်တောင်မှ မှော်ရုံနယ်မြေ(၇)ခု ရှိတယ်… ၊ ဒုတိယတောင်ထွတ်ကနေစပြီး အဌမတောင်ထွတ်အထိ စုစုပေါင်း မှော်ရုံနယ်မြေ (၇) ခုပေါ့ ၊ မှော်ရုံနယ်မြေတစ်ခုစီတိုင်းမှာ ထူးခြားတဲ့ ဝိသေသလက္ခဏာတွေရှိတယ်… ၊ ဒီတစ်ခေါက် တတိယတောင်ထွတ်က မှော်ရုံနယ်မြေကို မင်း… သွားရလိမ့်မယ်… ၊ တတိယတေင်ထွတ်က မှော်ရုံနယ်မြေက မင်း… ကျင့်ကြံခြင်းအဆင့်တက်ဖို့အတွက် အသင့်တော်ဆုံး နေရာလို့ ဆရာထင်တယ်…”

ဆရာဖြစ်သူ၏ စကားကိုနားထောင်ပြီးနောက် မှော်ရုံနယ်မြေများအကြောင်း ကျန်းလန် အကြမ်းဖျင်း နားလည်သွားသည်။

သို့သော်… သူ ပိုပြီး သိချင်နေမိသေးသည်။

“ဒုတိယတောင်ထွတ်ကနေ အဌမတောင်ထွတ်အထိ မှော်ရုံနယ်မြေတွေ ရှိတယ်ဆိုတော့…ကျွန်တော်တို့ နဝမတောင်ထွတ်မှာရော ဘာလို့ မှော်ရုံနယ်မြေမရှိတာလဲ…”

မော့ကျန်းသုန့်က မည်သည့်စကားမှ မပြောဘဲ ကျန်းလန်ကို ပြုံး၍သာ ကြည့်နေလေသည်။

ဆရာဖြစ်သူ၏ ၏ မျက်နှာအမူအရာကို ကြည့်ပြီး ကျန်းလန် မှန်းဆကြည့်လိုက်သည်။

နဝမတောင်ထွတ်တွင် ငရဲတံခါးရှိလေသည်။ ထို့ကြောင့်… မှော်ရုံနယ်မြေ မရှိခြင်း ဖြစ်နိုင်လေ၏။

“ဆရာ… ပထမတောင်ထွတ်မှာလည်း မှော်ရုံနယ်မြေမရှိဘူး မဟုတ်လား ၊ ဒါဆို ပထမတောင်ထွတ်မှာလည်း ကျွန်တော်တို့ နဝမတောင်ထွတ်လိုပဲ အခြားလောကတစ်ခုကိုသွားတဲ့ တံခါးတစ်ခုခုများ ရှိနေတာလား…”

အချိန်ကြာမြင့်စွာ စိတ်ထဲသိမ်းဆည်းထားသည့် မေးခွန်းကို ကျန်းလန် ထုတ်ဖော်မေးမြန်းလိုက်လေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset