” အဲ ”
လုကျစ်ဟောင်မှာ အခြားသူများ တုန်လှုပ်နေသလား၊ အံ့အားသင့်နေသလား မသိပါသော်လည်း ဝမ်ပေါင်လဲ့ထံမှ ရုတ်တရက် ထွက်ပေါ်လာသော စကားများကြောင့် သူကိုယ်တိုင်ကမူ မှင်တက်နေရပြီ ဖြစ်သည်။
သို့သော် သူ ထိုကဲ့သို့ လွှတ်ခနဲ ရေရွတ်မိလိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့သည် သူ၏ပေါင်ကို လက်ဝါးဖြင့်ရိုက်ကာ စိတ်လှုပ်တရှား ဖြစ်နေသည့် လေသံဖြင့် ဆိုလိုက်၏။
” သိပ်မှန်တာပေါ့ကွာ။ ဒီလိုမျိုး ဓမ္မအဆောင်က ဝိညာဉ်ကျောက်တုံး အတုံးသုံးထောင်အထိ တန်တာပေါ့ ”
ထိုစကားကြောင့် လုကျစ်ဟောင်မှာ တအံ့တဩဖြစ်ကာ ဆွံ့အသွားရတော့သည်။
သို့သော် အဆင့်မြင့်ကျွန်းပေါ်မှ လူများအတွက်မူ ထိုကဲ့သို့ အတင်းအကြပ် ကြော်ငြာမှုကြီးမှာ အတုအယောင်တစ်ခုသာ ဖြစ်နေမှန်း သိသာလွန်းနေ၏။ ထိုပုတီးစေ့များ၏ အရည်အသွေးမှာ အမှန်တကယ်ပင် ထူးခြားကောင်းမွန်ပါသော်လည်း ၎င်း၏ ဈေးနှုန်းမှာ မတန်တဆ ဖြစ်နေ၏။ ထို့အပြင် သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့အပေါ် အာရုံရောက်နေကြသည်ဖြစ်ရာ သိုင်းပညာအဆောင်၏ အရှိန်အဝါမှာ အနည်းငယ်ခန့်ပင် မှေးမှိန်သွားရ၏။
မည်သို့ပင် ဆိုစေကာမူ ရွှေခေါင်းလောင်းပုတီးစေ့များ၏ ဂုဏ်သတင်းမှာ ဟိုးလေးတကျော်ကျော် ဖြစ်သွားပြီဖြစ်သည်။ အဆင့်မြင့်ကျွန်းပေါ်မှ ကျောင်းသားအားလုံး နီးပါးပင်လျှင် ထိုအကြောင်းကို သိရှိသွားပြီဟု ဆိုနိုင်၏။ အာနာပါန ပဉ္စမအဆင့်မှ ကျောင်းသားဟောင်းများပင် ထိုအကြောင်းကို သိနေလောက်ပြီဖြစ်သည်။
ပရိတ်သတ်ကြီးမှာ အထူးတဆန်း ဖြစ်နေကြစဉ်တွင် ဝမ်ပေါင်လဲ့မှာမူ အားအင်အပြည့်နှင့် တက်ကြွနေဆဲပင်။ ထို့နောက် သူသည် အလွန် စိတ်လှုပ်ရှားကာ တက်ကြွနေသည့် အမူအရာဖြင့် သူ၏ပေါင်ကို ဖျန်းခနဲမြည်အောင် ရိုက်လိုက်၏။
” ဒါပေမဲ့… ဒီနေ့ လူကြီးမင်းတို့ အားလုံးအတွက် ကျနော့်မှာ သတင်းကောင်းတစ်ခုရှိပါတယ်။ အရင်ဆုံး မှာယူတဲ့ တာအိုရောင်းရင်း အယောက်တစ်ရာက ဝိညာဉ်ကျောက်တုံး အတုံးသုံးထောင်အထိ ပေးစရာမလိုပါဘူး။ အတုံးတစ်ထောင်ပဲ လိုပါတယ်ဗျာ။ ဟုတ်ပါတယ်။ လူကြီးမင်းတို့ နားကြားမမှားပါဘူး။ ဝိညာဉ်ကျောက်တုံး အတုံးတစ်ထောင်တည်းနဲ့ ဒီရတနာကို ပိုင်ဆိုင်နိုင်မှာပါ ”
ဝမ်ပေါင်လဲ့မှာ ကျယ်လောင်စွာ အော်ပြောလိုက်ပြီး သူ၏ အသံလွှင့်လက်စွပ်အား ဆက်သွယ်နိုင်မည့် နံပါတ်အား လူတိုင်းသိသွားအောင် ကြေညာပေးလိုက်၏။ သူ စကားဆုံးသွားသည်နှင့် တစ်ပြိုင်နက် သူ၏ အသံလွှင့်လက်စွပ်မှာ အဆက်မပြတ် တုန်ရီလာတော့သည်။
ဝမ်ပေါင်လဲ့၏ အသံလွှင့်လက်စွပ်ဆီသို့ အကြောင်းကြားစာများ တစ်စောင်ပြီးတစ်စောင် ချက်ချင်းပင် ရောက်ရှိလာ၏။ လုကျစ်ဟောင်နှင့် သိုင်းပညာအဆောင်မှ အခြား ကျောင်းသားနှစ်ယောက်မှာ ပေါက်ကွဲတော့မည့် အလား တုန်ရီနေသော ဝမ်ပေါင်လဲ့၏ အသံလွှင့်လက်စွပ်အား တအံ့တဩနှင့် စိုက်ကြည့်နေကြတော့သည်။
မျက်စိတစ်မှိတ်အတွင်း သူ့ဆီသို့ အကြောင်းကြားစာများ ရာနှင့်ချီ၍ ရောက်ရှိလာ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အလွန် စိတ်လှုပ်ရှားသွားပြီး အံ့အားသင့်သွားရ၏။ သူ၏ ကြော်ငြာမှာ အလဟဿ ဖြစ်သွားလိမ့်မည်မဟုတ်ဟု သူက ယုံကြည်ထားပါသော်လည်း ယခုလောက်အထိ အစွမ်းထက်နေလိမ့်မည်ဟု လုံးဝထင်မထားခဲ့ပေ။
ဝိညာဉ်ကျောက်တုံး အတုံးတစ်ထောင်ဆိုသော တန်ကြေးမှာ အတော်အတန် ဈေးကြီးသည်ဟု ဆိုနိုင်ပါသော်လည်း လူအများ လက်သင့်ခံနိုင်သည့် ပမာဏတွင် ရှိသည်။ ထို့အပြင် ၎င်းမှာ ဒုတိယအဆင့် ဓမ္မအဆောင်တစ်ခု ဖြစ်နေသည့်အပြင် ဝမ်ပေါင်လဲ့၏ ကြော်ငြာလည်း ရှိနေသေးသည် မဟုတ်ပါလော။ အဆင့်မြင့်ကျွန်းပေါ်ရှိ ထောင်သောင်းများစွာသော ကျောင်းသားများမှာ ထိုကြော်ငြာအား အတုအယောင်တစ်ခုဟုသာ ယူဆနေကြပါသော်လည်း ဝမ်ပေါင်လဲ့မှာ ထိုဓမ္မအဆောင်အား လေ့လာချင်သောကျောင်းသားများနှင့် အသုံးပြုချင်သော ကျောင်းသားများထံမှ မှာယူမှု ရာဂဏန်းအနည်းငယ်အထိ လက်ခံရရှိလိုက်၏။
သိုင်းပညာအဆောင်မှ ကျောင်းသားနှစ်ယောက်ပင် အသိစိတ်ပြန်ဝင်လာပြီးနောက် ထိုပုတီးစေ့များကို ချက်ချင်းပင် ဝယ်ယူလိုက်ကြ၏။ သူတို့မှာ ၎င်း၏ အစွမ်းကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည်ဖြစ်ပြီး ယခုတွင် ၎င်းမှာ အလွန် အရောင်းသွက်နေသည် မဟုတ်ပါလော။ ဝမ်ပေါင်လဲ့မှာ အလွန် ပျော်ရွှင်နေသောကြောင့် သူတို့နှစ်ယောက်အား လျှော့စျေးနှင့် ရောင်းပေးလိုက်၏။
” မင်းတို့တွေက တော်တော် အမြင်ရှိတာပဲကွ ”
ဝမ်ပေါင်လဲ့က ရယ်မောကာ ချီးကျူးလိုက်ပြီး ပရိတ်သတ်ကြီး၏ ရှေ့တွင် သိုင်းပညာအဆောင်မှ ကျောင်းသားနှစ်ယောက်နှင့် အရောင်းအဝယ်လုပ်လိုက်၏။ ထို့နောက် သူသည် ဆွံ့အနေဆဲဖြစ်သော လုကျစ်ဟောင်အား ဆွဲခေါ်ကာ သူ၏ရှေ့ရှိ အလင်းရောင်ဖန်သားပြင်ကြီး ပျောက်ကွယ်သွားပြီးနောက် ပေါ်ပေါက်လာသော လမ်းကလေးဆီသို့ တည့်မတ်စွာ ဦးတည်သွားလိုက်တော့သည်။
မီးရှူးမီးပန်းများမှာမူ ပျောက်ကွယ်သွားပြီ ဖြစ်ပြီး ဝမ်ပေါင်လဲ့၏ ကြော်ငြာကဏ္ဍမှာလည်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ သို့သော် ကောင်းကင်ယံထဲရှိ စင်မြင့်ပေါ်တွင် ရှိနေသော ပရိတ်သတ်ကြီးထဲမှ လူပေါင်းများစွာနှင့် အဆင့်မြင့်ကျွန်းပေါ်မှ ကျောင်းသားများစွာမှာ ဝမ်ပေါင်လဲ့အပေါ် အာရုံစိုက်နေကြဆဲဖြစ်ပြီး သူတို့၏ ဆူညံပွက်လောရိုက်နေသော ဆွေးနွေးငြင်းခုံသံများမှာလည်း ပြီးဆုံးသွားခြင်း မရှိသေးပေ။
” ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က ပွဲစဉ်တိုင်း ကြော်ငြာနေမှာတော့ မဟုတ်လောက်ဘူးမလား ”
” အဲဒီလိုဆိုရင်လည်း ငါကတော့ သူ နောက်ထပ်ကြော်ငြာမယ့် ဓမ္မအဆောင်ကို ကြည့်ချင်နေပြီ ”
ပရိတ်သတ်များမှာ ထို့ကဲ့သို့ ဆွေးနွေးငြင်းခုံနေကြစဉ် ကောင်းကင်တာအိုကျောင်းနှင့် စစ်တပ်တစ်တပ်လုံးမှာ အမူအရာ အမျိုးမျိုးဖြင့် တောင်ပေါ်သို့ တက်သွားနေသော ဝမ်ပေါင်လဲ့နှင့် လုကျစ်ဟောင်တို့အား ငေးကြည့်နေကြတော့သည်။
ဝမ်ပေါင်လဲ့မှာ အခြားလူများ သူ့အပေါ် အာရုံရောက်နေသည်ကို ဂရုမစိုက်ပေ။ သူသည် စိတ်ဓာတ်တက်ကြွစွာဖြင့် လုကျစ်ဟောင်အား လှမ်းကြည့်လိုက်၏။ လုကျစ်ဟောင်မှာမူ အသိစိတ်ပြန်ဝင်လာသောအခါမှသာ ဝမ်ပေါင်လဲ့၏ဘေးတွင် ရပ်နေမှန်း ပြန်၍သတိရသွားပြီး သူ၏အမူအရာမှာ အလွန် ရှုံ့မဲ့သွားတော့သည်။ သို့သော် လုကျစ်ဟောင်မှာ သူ့ကို အော်ဟစ်ရန် ပြင်နေသည်ကို မြင်လိုက်ရသဖြင့် ဝမ်ပေါင်လဲ့မှာ သူ၏ပုခုံးအားပုတ်၍ သဘောထားကြီးစွာ ဆိုလိုက်၏။
” လုကျစ်ဟောင်ရာ။ ငါတို့က ဆွေမျိုးသားချင်းတွေပဲကို။ စိတ်မပူပါနဲ့။ ငါတို့တွေ ရသမျှအမြတ်အစွန်းအားလုံးကို ခုနစ်ဆယ်ရာခိုင်နှုန်းနဲ့ သုံးဆယ်ရာခိုင်နှုန်းစီ ပြန်ခွဲပေးပါ့မယ် ”
သူ ထိုသို့ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် လုကျစ်ဟောင်၏ ပေါက်ကွဲလုမတတ်ဖြစ်နေသော ဒေါသမီးတောက်များမှာ ချက်ချင်းဆိုသလိုပင် ငြိမ်ကျသွား၏။ ထို့နောက် သူကိုယ်တိုင်ပင် မထိန်းချုပ်လိုက်ရဘဲ ထိုဒေါသမီးတောက်များမှာ လွင့်စင်ပျောက်ကွယ်ကာ ငြိမ်းသက်သွားတော့သည်။
” ဒါ ငါ့ရဲ့ ကိုယ်ကျင့်တရားတွေကို ဖောက်ဖျက်နေတာမှမဟုတ်ဘဲ။ ငါနဲ့ထိုက်တန်တဲ့ အဖိုးအခကို ယူရုံလေးပဲလေ ”
လုကျစ်ဟောင်မှာ စိတ်ထဲတွင် ကြိတ်၍ တွေးလိုက်၏။ ထို့နောက် သူသည် နှလုံးခုန်သံများ ထိန်းချုပ်၍ မရနိုင်လောက်အောင် မြန်ဆန်လာပြီးနောက် သူရရှိနိုင်မည့် ငွေကြေးပမာဏ အတိအကျကို တွက်ချက်နေလိုက်တော့သည်။ ထိုသို့တွက်ချက်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့မှာ သူ၏ နာမည်ကျော်နိုင်မည့် အခွင့်အရေးကို ခိုးယူခဲ့ခြင်းဖြစ်ကြောင်း သတိပြန်ရသွားသဖြင့် ဒေါသပြန်ထွက်လာရပြန်သည်။
” ဝမ်ပေါင်လဲ့။ လုကျစ်ဟောင်ဆိုတဲ့ ငါက ငွေအတွက် ဘာမဆိုလုပ်မယ့် လူစားမျိုးမဟုတ်ဘူးကွ။ ငါကြိုပြောထားမယ်။ မင်း လုပ်ခဲ့သမျှ အရာအားလုံးကို ငါ ခွင့်လွှတ်ပေးလိုက်မယ်။ ဒါပေမဲ့ နောက်လာမဲ့ ဒုတိယမြောက်တိုက်ပွဲက ငါ့အတွက်နော်။ ငါ့ရဲ့ နာမည်ကြီးနိုင်မယ့် အခွင့်အရေးကို ခိုးယူမယ်မကြံနဲ့။ ဒါ ငါ့ရဲ့ ပြိုင်ပွဲကွ ”
” နားလည်ပါပြီကွာ။ လာ။ ဒီ ချပ်ဝတ်တန်ဆာကို ဝတ်လိုက်။ ပြီးရင် သွားပြီးတော့ တိုက်ခိုက်လိုက်တော့ ”
လုကျစ်ဟောင်၏ ဒေါသများ ထပ်၍ ပေါက်ကွဲထွက်လာတော့မည့် အရိပ်အယောင်ကို မြင်လိုက်ရသဖြင့် ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် သဘောတူလိုက်ပြီး တဖိတ်ဖိတ် တောက်ပနေသော ချပ်ဝတ်တန်ဆာတစ်ခုကို လှမ်း၍ပစ်ပေးလိုက်၏။
လုကျစ်ဟောင်မှာ ထိုချပ်ဝတ်တန်ဆာအား မြင်လိုက်ရသောအခါ ဒေါသစိတ်များ ပြေပျောက်သွားပါသော်လည်း စိတ်ထဲတွင်ကြိတ်၍ ချောင်းဟန့်လိုက်၏။ ၎င်းအား လက်ခံရယူခြင်းမှာ သူ၏ ကိုယ်ကျင့်တရားကို ဖောက်ဖျက်နေခြင်း မဟုတ်ကြောင်း သူက မှတ်ယူလိုက်၏။ ထို့နောက် သူသည် စိတ်ဓာတ်များ တက်ကြွနေသော ဝမ်ပေါင်လဲ့နှင့်အတူ ရှေ့သို့လျှောက်လမ်းသွားပြီး နောက်ဆုံးတွင် ဒုတိယမြောက် ဆုံမှတ်နေရာဆီသို့ ရောက်ရှိသွား၏။
ပထမဆုံး ဆုံမှတ်နေရာမှာ ဆယ့်ခြောက်သင်းအဆင့်ဖြစ်ပြီး ဒုတိယမြောက် ဆုံမှတ်နေရာမှာ ရှစ်သင်းအဆင့်ဖြစ်သည်။ ရှစ်သင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့် လူများမှာ အားအင်ချည့်နဲ့သူများ လုံးဝ မဖြစ်နိုင်သောကြောင့် သူတို့၏ကိုယ်ပိုင် အရည်အချင်းများကို ပိုင်ဆိုင်ထားမည်မှာ အသေအချာပင် ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့နှင့် လုကျစ်ဟောင်တို့မှာ ပေါပေါ့ဆဆ မနေရဲကြပေ။
ဝမ်ပေါင်လဲ့ဆိုလျှင် ပို၍ပင် သတိကြီးကြီး ထားနေ၏။ သူသည် ယခင်တိုက်ပွဲမှ အတွေ့အကြုံများစွာ ရရှိခဲ့သောကြောင့် လုကျစ်ဟောင်နှင့်အတူ ဒုတိယမြောက် ဆုံမှတ်သို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ရွှေခေါင်းလောင်းပုတီးစေ့တစ်လုံးကို ထုတ်ယူ၍ သူ၏ခြေထောက်နားသို့ပစ်ချကာ အသုံးပြုလိုက်၏။ ထို့နောက် ရွှေရောင် အလင်းတန်း ဖန်သားပြင်ကြီးတစ်ခု ပေါ်ပေါက်လာပြီး ဝမ်ပေါင်လဲ့မှာ အထဲတွင် ရပ်ကာ သူ၏ရင်ဘတ်ကို ထုပြလိုက်၏။
” ကျစ်ဟောင်။ ကျန်တာ မင်းအပိုင်းပဲ။ ကံကောင်းပါစေ ”
လုကျစ်ဟောင်မှာ သူ့အား ဝမ်ပေါင်လဲ့က စိတ်ရင်းအမှန်ဖြင့် အားပေးနေခြင်းဖြစ်ကြောင်း ယုံကြည်လိုက်၏။ ထို့ကြောင့် သူသည် အသက်ပြင်းပြင်းရှူကာ စကားပြောရန် ပြင်လိုက်၏။
” သူတို့တွေလာပြီ ကျစ်ဟောင်ရေ။ သွားတော့ ”
ဝမ်ပေါင်လဲ့မှာ သူ့အား ချက်ချင်းပင်သတိပေးလိုက်၏။ ထိုအခါ လုကျစ်ဟောင်၏ အမူအရာမှာ ပြောင်းလဲသွားပြီး သူ၏ မျက်ဝန်းထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်တစ်ခု ပေါ်ထွက်လာ၏။ ထို့နောက် သူသည် နောက်သို့လှည့်၍ အခြားတစ်ဖက်မှ လမ်းအား လှမ်း၍ ကြည့်လိုက်သောအခါ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာနေသည်ကို မြင်လိုက်ရ၏။
အမျိုးသားဖြစ်သူမှာ ခန္ဓာကိုယ်ကြီးမားပြီး ဟိတ်ဟန်အပြည့်ရှိကာ သူ၏မျက်လုံးများမှာ တောက်ပနေ၏။ သူသည် ခရမ်းရောင် ချပ်ဝတ်တန်ဆာတစ်စုံကို ဆင်မြန်းထားပြီး ဓားပျံသုံးလက်မှာ သူ့အား ဝန်းရံထား၏။ သူ၏ နောက်မှ အမျိုးသမီးမှာ ခန္ဓာကိုယ် သေးသွယ်ပြီး သူမ၏ ပုံစံမှာ အလွန် နှစ်လိုဖွယ်ကောင်း၏။ သူမ၏ နှင်းမှုန်များကဲ့သို့ ဖြူဆွတ်နေသော လက်ကောက်ဝတ်ပေါ်တွင် ခေါင်းလောင်းများကို ကြိုးနှင့်ချည်ကာ တပ်ဆင်ထားသဖြင့် ၎င်းတို့မှာ တဒေါင်ဒေါင် မြည်နေ၏။
ထိုမျှသာ မဟုတ်သေးပေ။ သူမ၏ ဘေးတွင် ရက်စက်ကြမ်းကြုတ်ပြီး လူတစ်ယောက်၏ ခန္ဓာကိုယ်တစ်ဝက်ကျော်အထိ မြင့်သော ဝံပုလွေသုံးကောင်လည်း ရှိနေသေးသည်။ ထိုဝံပုလွေများမှာ မျက်လုံးများ အရောင်လက်နေကြပြီး ပြေးလွှားရင်း အော်ဟစ်ညည်းတွားနေကြ၏။ သူတို့၏ ပါးစပ်အပြင်ဘက်သို့ ထိုးထွက်နေသောအစွယ်များမှာ မယုံကြည်နိုင်လောက်အောင် ချွန်ထက်နေပြီး အလွန် ကြောက်မက်ဖွယ် ကောင်းနေ၏။
” သားရဲသခင်ပါလား ”
လုကျစ်ဟောင်မှာ မျက်မှောင်ကြုတ်သွားပါသော်လည်း တခဏအကြာတွင် သူ၏မျက်လုံးများမှာ ဖျတ်ခနဲ လက်သွား၏။ သားရဲမွေးမြူရေးအဆောင်မှ ကျောင်းသားများမှာ တိုက်ခိုက်ရခက်ခဲသောကြောင့် သူသည် ထိုကျောင်းသားများနှင့် မဆုံချင်ပါသော်လည်း နောက်ဆုံးတွင် တိုက်ခိုက်ရမည်သာ ဖြစ်ကြောင်း သိထားသဖြင့် တိုက်ခိုက်လိုစိတ်များ ပြင်းထန်လာ၏။
ထို့ကြောင့် သူသည် သူ၏ ခန္ဓာကိုယ်အား လှုပ်ယမ်းလိုက်ပြီး သူ၏ လက်များကို ဝှေ့ယမ်းလိုက်သောအခါ ဆီးနှင်းဓားပျံ ငါးလက်မှာ ချက်ချင်းပင် ထွက်ပေါ်လာ၏။ ထိုအခါ ရေခဲတမျှ အေးစက်နေသည့် အငွေ့အသက်များက သူ့ကို ဝန်းရံသွားသောကြောင့် သူသည် စစ်နတ်ဘုရားတစ်ပါးနှင့်ပင် တူသွားတော့သည်။ ထို့နောက် သူသည် သိုင်းပညာအဆောင်မှ ကျောင်းသားဆီသို့ တည့်မတ်စွာ ဦးတည်သွားလိုက်၏။
သိုင်းပညာအဆောင်မှ ကျောင်းသားမှာ မျက်စိမှေး၍ လှမ်းကြည့်လိုက်သောအခါ ဝမ်ပေါက်လဲ့၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ဝန်းရံနေသော အကာအကွယ် ဖန်သားပြင်ကြီးကို မြင်လိုက်ရ၏။ ထို့ကြောင့် သူသည် ၎င်းအား လျစ်လျူရှုလိုက်ပြီး သားရဲကြီး တစ်ကောင်ကဲ့သို့ လုကျစ်ဟောင်ဆီသို့ ပြေးလာတော့သည်။
ထိုနှစ်ယောက်မှာ ချက်ချင်းဆိုသလိုပင် လုံးထွေးသတ်ပုတ်နေကြပြီ ဖြစ်သည်။ သူတို့ တိုက်ခိုက်နေကြသော အသံများ ပျံ့နှံ့လာစဉ် သူတို့၏ ဓားပျံမှာလည်း လေပေါ်တွင် ဝဲပျံကာ တစ်လက်နှင့်တစ်လက် ရိုက်ခတ်နေကြပြီး မိမိပြိုင်ဘက်၏ အကာအကွယ်များကို ဖျက်ဆီးနိုင်ရန် ကြိုးပမ်းနေကြ၏။ တချိန်တည်းမှာပင် လက်ဖွဲ့အဆောင်များ ပျံထွက်လာပြီး သူတို့နှစ်ယောက်စလုံးမှာ အပြင်အားများကို အစွမ်းကုန်ထုတ်ကာ အပြန်အလှန် ထိုးကြိတ်ကန်ကျောက်နေကြတော့သည်။
လုကျစ်ဟောင်မှာလည်း အစွမ်းအကုန် ထုတ်ထား၏။ သူ၏ ဆီးနှင်းဓားပျံများကို ထိန်းချုပ်နိုင်စွမ်းနှင့် မန္တန်များကို ပြောင်းလဲနိုင်စွမ်းမှာ လျင်မြန်သွက်လက်ကာ ကြောက်မက်ဖွယ် ကောင်းနေ၏။ သူသည် မန္တန်လက်ကွက် အနည်းငယ်ခန့် ဖော်လိုက်ပြီး သူ၏ညာလက်ကို နှစ်ဆတိတိ ကြီးမားသွားအောင် ပြုလုပ်လိုက်၏။ ထို့နောက် ထိုလက်ထဲမှ အနက်ရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူသည် လက်သီးချက်တစ်ချက်ကို ထုတ်လွှတ်လိုက်တော့သည်။
သိုင်းပညာအဆောင်မှ ကျောင်းသားမှာ ထူးချွန်ထက်မြက်သော ကျောင်းသားတစ်ယောက် ဖြစ်ပါသော်လည်း လုကျစ်ဟောင်ကို မယှဉ်နိုင်ပေ။ ထို့ကြောင့် သူ၏ အမူအရာ ပြောင်းလဲသွားချိန်တွင် သူ၏နောက်မှ အမျိုးသမီးမှာ မျက်လုံးများ အေးစက်စွာ တောက်ပသွားပြီး မန္တန်လက်ကွက်တစ်ခု ဖော်လိုက်၏။ ထိုအခါ သူမ၏ဘေးမှ ဝံပုလွေသုံးကောင်မှာ အော်ဟစ်ညည်းတွားကာ လုကျစ်ဟောင်ဆီသို့ တန်းတန်းမတ်မတ် ပြေးလာကြတော့သည်။
ထိုဝံပုလွေသုံးကောင်မှာ နှေးကွေးနေခြင်း မရှိသလို သူတို့၏ အစွယ်များမှာလည်း အလွန် ကိုက်ဖြတ်အား ကောင်း၏။ သူတို့မှာ ဓမ္မအဆောင်များကိုပင် တစ်ချက်ခန့် ကိုက်လိုက်ရုံဖြင့် ချိုးဖျက်ပစ်နိုင်ဟန်တူသည်။
ဝမ်ပေါက်လဲ့မှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဒေါသအမျက်ချောင်းချောင်း ထွက်သွားပြီး သူ၏ အကာအကွယ် ဖန်သားပြင်ထဲမှနေ၍ လှမ်းအော်လိုက်၏။
” ဟိတ်။ မင်းတို့က မျှမျှတတ လည်း မလုပ်ဘူး။ သူ့ကို အနိုင်ကျင့်နေကြတာပဲ ”
ထိုအခါ ထိုအမျိုးသမီးမှာ ဝမ်ပေါက်လဲ့ဘက်သို့ လှည့်ကာ ရွံရှာစက်ဆုပ်သည့်အကြည့်ဖြင့် ကြည့်လိုက်၏။ ထို့အပြင် သူမမှာ ရပ်တန့်သွားခြင်းမရှိဘဲ ရှေ့သို့လှမ်းခုန်ကာ လုကျစ်ဟောင်ဆီသို့ ပြေးလာ၏။
ထိုအခြေအနေများနှင့် ကြုံနေရသည့်တိုင်အောင် လုကျစ်ဟောင်မှာ သူတို့နှင့် လက်ရည်တူနေဆဲပင်။ အဘယ့်ကြောင့်ဆိုသော် ဝမ်ပေါက်လဲ့မှာ ဆီးနှင်းဓားပျံများထဲတွင် သံလိုက်အားများကို ထည့်သွင်းထားခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် ၎င်းတို့ကို ထိန်းချုပ်ရန် ဝိညာဉ်စွမ်းအင် အမြောက်အမြား အသုံးပြုနေစရာမလိုပေ။ လုကျစ်ဟောင် ဆင်မြန်းထားသည့် ချက်ဝတ်တန်ဆာကိုလည်း ဝမ်ပေါက်လဲ့မှာ အလွန် ခိုင်ခံ့မှုရှိအောင် ဖန်တီးပြုလုပ်ထားခြင်း ဖြစ်သည်။ ထို ချပ်ဝတ်တန်ဆာထဲတွင် တန်ပြန်ဂုဏ်သတ္တိတစ်ခုပင် ပါဝင်နေ၏။
ထို့ကြောင့် လုကျစ်ဟောင်မှာ တိုက်ခိုက်ရင်းနှင့် ပို၍ပင် အစွမ်းထက်လာတော့သည်။
လုကျစ်ဟောင် အဆင်ပြေနေသည်ကို မြင်လိုက်ရသောကြောင့် ဝမ်ပေါက်လဲ့မှာ စိတ်ပူမနေတော့ဘဲ သူ၏ သိုလှောင်လက်ကောက်ထဲမှ နောက်ထပ် သစ်သားရေပုံးလေးတစ်ပုံးကို ထုတ်ယူလိုက်ပြန်သည်။ ထို့နောက် သူသည် တဟားဟား ရယ်မောကာ ထိုရေပုံးလေးအား ကောင်းကင်ပေါ်သို့ လှမ်းပစ်လိုက်သောအခါ ၎င်းမှာ ချက်ချင်းဆိုသလိုပင် ကောင်းကင်ထဲ၌ ပေါက်ကွဲသွား၏။
ထိုအခါ မီးရှူးမီးပန်းများ ချက်ချင်းပင် ဖြာထွက်လာသဖြင့် ကောင်းကင်ယံထဲရှိ စင်မြင့်ပေါ်မှ ပရိသတ်များနှင့် အဆင့်မြင့်ကျွန်းပေါ်မှ ကျောင်းသားများ၏ အာရုံမှာ ဝမ်ပေါက်လဲ့ပေါ်သို့ ထပ်မံရောက်ရှိလာကြပြန်သည်။ ထိုအချိန်တွင် သိုင်းပညာအဆောင်မှ ကျောင်းသားနှင့် အမျိုးသမီးတို့၏ အမူအရာမှာ ပြောင်းလဲသွား၏။ သူတို့မှာ ယခင်အခေါက်တုန်းက ထိုမီးရှူးမီးပန်းများကို လှမ်းမြင်ခဲ့ရပါသော်လည်း မည်သည့်အခြင်းအရာများ ဖြစ်ပျက်သွားခဲ့မှန်း မသိခဲ့ရပေ။ ထို့ကြောင့် သူတို့မှာ ယခုအကြိမ်တွင် ထိုမီးရှူးမီးပန်းများကို ထပ်၍ မြင်လိုက်ရသောကြောင့် သတိကြီးကြီး ထားလိုက်ကြ၏။
သူတို့နှစ်ယောက်မှာ ထိုကဲ့သို့ သတိကြီးကြီး ထားနေကြစဉ် လုကျစ်ဟောင်၏ အမူအရာမှာ ဒေါသစိတ်များနှင့် ဝမ်းနည်းစိတ်များဖြင့် ဖုံးလွှမ်းသွားတော့သည်။ ဝမ်ပေါက်လဲ့မှာမူ သူ၏ အကာအကွယ် ဖန်သားပြင်ထဲမှနေ၍ ချောင်းဟန့်ကာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်လိုက်ပြီး ကောင်းကင်ကြီးအား လှမ်းကြည့်လိုက်၏။
” ချစ်ခင်လေးစားရပါသော အကြီးအကဲများ၊ ဆရာများနဲ့ ကျောင်းနေဖော် ကျောင်းနေဖက်တို့ခင်ဗျား။ ကျေးဇူးပြုပြီး ဒီဘက်ကို ကြည့်ပေးကြပါ ”
” လူကြီးမင်းတို့တွေ သားရဲမွေးမြူရေးအဆောင်က ကျောင်းသားတစ်ယောက်ကို မြင်ရတိုင်း ခေါင်းခဲသွားရမယ်ဆိုတာ သေချာပါတယ်။ သူတို့ဘေးမှာ ကြောက်ဖို့ကောင်းတဲ့ သားရဲကြီးတွေ ရှိနေတော့ ကျနော်တို့က သူတို့နဲ့ တိုက်ခိုက်ရရင် လုံးဝကို အသာစီးရနိုင်မှာ မဟုတ်ပါဘူး။ လူကြီးမင်းတို့ မြင်တဲ့အတိုင်း ကျနော့်ရဲ့ သား…. အဲ… မိတ်ဆွေကောင်း လုကျစ်ဟောင်က အဲဒီလို အခြေအနေမျိုးနဲ့ ကြုံနေရပြီ။ ဒီတော့ ကျနော်တို့ ဘာလုပ်သင့်လဲဗျ ”
ဝမ်ပေါက်လဲ့မှာ နောက်ထပ်တစ်ကြိမ်ထပ်၍ စိတ်လှုပ်ရှားနေသည့်လေသံ ပေါက်လာပြန်သည်။ သူသည် လုကျစ်ဟောင်အား ” သား ” ဟု ခေါ်မိလုနီးပါး ဖြစ်သွားခဲ့ပါသော်လည်း ချက်ချင်းပင် စကား ပြန်ပြင်နိုင်လိုက်ပြီး သူ၏ လက်ကောက်ဝတ်ကို ဝှေ့ယမ်းလိုက်၏။
” ဒီနေ့။ ဝမ်ပေါက်လဲ့ဆိုတဲ့ ကျနော်က လူကြီးမင်းတို့ကို တခြား ဓမ္မအဆောင်တစ်ခုနဲ့ တခမ်းတနား မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ အဲဒီ ဓမ္မအဆောင်ရဲ့ နာမည်ကတော့…. ‘ တိတ်စမ်း ‘ ပဲ ဖြစ်ပါတယ်ခင်ဗျား “