သိုင်းပညာအဆောင်မှ ဂိုဏ်းသားနှစ်ယောက်သည် အခြေအနေများကို ရိပ်စားမိသွားကြပြီးနောက် သူတို့၏ လျှို့ဝှက်ပညာရပ်များကို ထုတ်သုံးကာ ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာကြစဉ် ကောင်းကင်ယံရှိ ပရိတ်သတ်စင်မြင့်ပေါ်တွင် ရှိနေကြသော လူများမှာ နယ်မြေငါးခုထဲရှိ စစ်မြေပြင်အသီးသီးကို ကြည့်ရှုနေရာမှ အကြည့်လွှဲလိုက်ကြပြီး မီးရှူးမီးပန်းများ ပေါက်ကွဲနေသည့် ဝမ်ပေါင်လဲ့ရှိသောနေရာသို့ အားလုံးဝိုင်း၍ ကြည့်လိုက်ကြ၏။
” သူက ဘာတွေလုပ်ဖို့ ကြိုးစားနေတာလဲဟ။ မီးရှူးမီးပန်းတွေ ဖောက်နေတာပါလား ”
ကောင်းကင်တာအိုကျောင်းမှ အဆင့်မြင့် အရာရှိကြီးများရှိနေသော စောင်းတန်းများပေါ်တွင် အဆောင်အသီးသီးမှ အကြီးအကဲများမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြပြီး မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်နေကြ၏။
လက်ထောက်ဂိုဏ်းချုပ်နှင့် အနီရောင်ဝတ်ရုံ ဆင်မြန်းထားသည့် သက်လတ်ပိုင်း လူကြီးပင်လျှင် အံ့အားသင့်သွားရ၏။ ဝမ်ပေါင်လဲ့အား သဘောကျသော ဓမ္မလက်နက်အဆောင်မှ အကြီးအကဲကြီးမှာလည်း ရှုံ့မဲ့မဲ့နှင့် ရယ်မောလိုက်ပြီး ရှင်းပြရန် ကြိုးစားလိုက်၏။
” ဒါ… သူ့ရဲ့ ဝှက်ဖဲတစ်ချပ်များ ဖြစ်နေမလား ”
လူအုပ်ကြီးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြစဉ် သူတို့နှင့် မျက်နှာချင်းဆိုင်ရှိ စောင်းတန်းပေါ်တွင် ရှိနေသော ဗိုလ်ချုပ်ကြီးကျိုးမှာလည်း အံ့ဩတုန်လှုပ်နေရပြီ ဖြစ်သည်။ သူ၏ဘေးတွင် ရှိနေသည့် ကျိုးလုမှာလည်း သူကဲ့သို့ပင် အထူးတဆန်း ဖြစ်နေ၏။
သူတို့၏ အမူအရာများမှာ ထိုကဲ့သို့ဖြစ်နေကြသည် ဖြစ်ရာ အဆင့်မြင့်ကျွန်းပေါ်ရှိ ဂိုဏ်းသားပေါင်း ထောင်သောင်းများစွာ၏ အမူအရာများကို မှန်းကြည့်နိုင်ပေသည်။ သူတို့ထဲမှ တချို့မှာ အုတ်အော်သောင်းနင်း ဖြစ်နေကြပြီ ဖြစ်ပြီး သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့အား ပြသနေသော ဖန်သားပြင်ကြီးကို စိုက်ကြည့်နေကြ၏။
ဖန်သားပြင်ပေါ်တွင် ပြနေသော စစ်မြေပြင်ထဲတွင်မူ ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် အခက်တွေ့နေရသည့်ပုံစံ ပေါက်နေ၏။ သူ၏ ဖျောင်းဖျမှုမှာ အလုပ်မဖြစ်ခဲ့ရုံသာမက သိုင်းပညာအဆောင်မှ ဂိုဏ်းသားနှစ်ယောက်မှာ ပို၍ပင် စိတ်ဓာတ်ပြတ်သားသွားသည့်ပုံ ပေါက်နေ၏။ သူတို့မှာ သူတို့ကို တားဆီးရန်ကြိုးပမ်းနေသည့် လုကျစ်ဟောင်ကို ဂရုမစိုက်သလို သူတို့နားသို့ ချဉ်းကပ်လာနေသော ဆီးနှင်းဓားပျံများကိုလည်း လုံးဝဂရုမစိုက်ပေ။ သူတို့မှာ ပွန်းပဲ့ဒဏ်ရာတချို့ ရသွားခဲ့ပါသော်လည်း ဂရုမစိုက်သည့် အမူအရာဖြင့် သူတို့၏ လျှို့ဝှက်ပညာရပ်ကို နောက်ထပ်တစ်ကြိမ် ထပ်၍ အသုံးပြုကာ သူ၏ အမြန်နှုန်းကို မြှင့်တင်လိုက်သဖြင့် မျက်စိတစ်မှိတ်အတွင်း ဝမ်ပေါင်လဲ့အနားသို့ ရောက်ရှိလာတော့သည်။
တချိန်တည်းမှာပင် ဝမ်ပေါင်လဲ့ ထုတ်သုံးလိုက်သည်မှာ အစွမ်းထက်တိုက်ကွက်တစ်ခု မဟုတ်ကြောင်း ရိပ်မိသွားသောကြောင့် သူတို့မှာ လေသံတိုးတိုးနှင့် ကျိန်ဆဲနေကြတော့သည်။ ဝမ်ပေါင်လဲ့၏ မီးရှူးမီးပန်းများမှာ လူတိုင်း၏ အာရုံကို ဖမ်းစားထားသည် ဖြစ်ရာ သူတို့မှာ လူအများရှေ့တွင် အရှက်မကွဲလိုပါက စွမ်းဆောင်ရည် ကောင်းမွန်နေရန်လိုကြောင်း နားလည်သွားကြသဖြင့် အမျက်ချောင်းချောင်း ထွက်နေကြတော့သည်။
ထိုဖြစ်စဉ်တစ်ခုလုံးကို ဖော်ပြရသည်မှာ ကြာမြင့်ပါသော်လည်း ၎င်းမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သိုင်းပညာအဆောင်မှ ဂိုဏ်းသားနှစ်ယောက်ထဲမှ တစ်ယောက်မှာ ဒေါသတကြီး အော်ဟစ်ကာ လက်သီးဖြင့် ထိုးနှက်လိုက်၏။
ထိုလက်သီးချက်၏ ပြင်းအားကိုပင် မဆိုထားနှင့် ၎င်း၏ ဟန်ပန်အမူအရာပင်လျှင် အံ့ဩဖွယ်ရာ ကောင်းနေပြီဖြစ်သည်။ ၎င်းမှာ အရာအားလုံးကို တစ်စစီ ကွဲကြေသွားစေနိုင်လောက်သည့်အထိ အားပြင်းသည့် လက်သီးချက်မျိုး ဖြစ်သည်။
ထိုအခြင်းအရာကို မြင်လိုက်ရသောအခါ အခြားတစ်ယောက်မှာလည်း အစွမ်းကုန်ထုတ်၍ သူ၏ လက်ဖွဲ့အဆောင်များနှင့် ဂါထာမန္တန်များအားလုံးကို ထုတ်သုံးကာ မီးလုံးနှင့် လေဓား အမြောက်အမြား ဖန်တီးလိုက်ပြီး ဝမ်ပေါင်လဲ့ဆီသို့ ပစ်လွှတ်လိုက်၏။
” ဘာလို့ မင်းတို့နှစ်ယောက်စလုံးက စကား နားမထောင်ကြတာလဲ ”
ဝမ်ပေါင်လဲ့မှာ ရှောင်တိမ်းချင်ပါသော်လည်း သူရှိနေသည့်နေရာမှာ သိပ်၍ မကျယ်ဝန်းပေ။ ခဏအကြာတွင် မီးရှူးမီးပန်းများ ကုန်ဆုံးသွားတော့မည်ဖြစ်ရာ အချိန်ဖြုန်း၍ မရတော့သောကြောင့် သူသည် ပူပန်သောက ရောက်သွားပြီး ရွှေခေါင်းလောင်းဒိုင်းကာပုတီးလုံးများကို လက်တစ်ဆုပ်စာ ထုတ်ယူကာ သူ၏ခြေထောက်နားသို့ လှန်းပစ်လိုက်၏။
” နောက်ဆုတ် ”
ဝမ်ပေါင်လဲ့က လေသံတိုးတိုးနှင့် ညည်းညူလိုက်၏။ ထိုပုတီးလုံးများမှာ မြေကြီးပေါ်သို့ ကျသွားသောအခါ အုန်းခနဲ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး အတူတကွ ပေါင်းစည်းသွားကြ၏။ ထို့နောက် ချက်ချင်းဆိုသလိုပင် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့အား သိုင်းပညာအဆောင် ဂိုဏ်းသားနှစ်ယောက်ထံမှ ကာကွယ်ပေးလိုက်၏။
သူသည် လုကျစ်ဟောင်ကို ဆီးနှင်းဓားပျံများ ထုတ်သုံးနိုင်ရန်အတွက် သူတို့အား တားဆီးရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။ သူ၏ အစီအစဉ်များအရဆိုလျှင် ဆီးနှင်းဓားပျံမှာ သူ၏ ဓမ္မအဆောင်ထဲတွင် လူကြိုက်အများဆုံး ဖြစ်နေရမည်ဖြစ်သည်။ ထို့အပြင် သူ၏ အစီအစဉ်များထဲရှိ ဓမ္မအဆောင် အတွဲအစပ်များနှင့် ပတ်သက်သော အသေးစိတ်အချက်အလက် များစွာမှာ ဆီးနှင်းဓားပျံနှင့် ဆက်စပ်နေသည်လည်း ဖြစ်သည်။
သို့သော် နောက်ထပ် ဖြစ်ရပ်ကြီးတစ်ခုကြောင့် ဝမ်ပေါင်လဲ့မှာ အခက်တွေ့သွားရပြန်သည်။
သူ၏ ရွှေခေါင်းလောင်းဒိုင်းကာမှာ ဝင်းလက်တောက်ပလာပြီးနောက် သိုင်းပညာအဆောင်မှ ဂိုဏ်းသားနှစ်ယောက်၏ မန္တန်များနှင့် လက်သီးချက်မှာ ထိုအလင်းတန်းကြီးပေါ်သို့ တည့်မတ်စွာ ကျရောက်လာသောကြောင့် အုန်းခနဲ အသံကျယ်ကြီးတစ်သံ ပေါက်ကွဲထွက်ပေါ်လာသည်။
ထိုအသံကြီး ပဲ့တင်ထပ်သွားသောအခါ သိုင်းပညာအဆောင်မှ ဂိုဏ်းသားနှစ်ယောက်မှာ ကယောင်ချောက်ချား ဖြစ်သွားကြပြီး သူတို့၏ မျက်နှာအမူအရာများမှာလည်း သိသိသာသာ ပြောင်းလဲသွား၏။
” အဲဒါ ဘာ ဓမ္မအဆောင်လဲဟ ”
သူတို့မှာ ထိုကဲ့သို့ တုန်လှုပ်ချောက်ချားနေရင်း မာကျောသော တောင်နံရံကြီးတစ်ခုနှင့် ဝင်တိုက်မိလိုက်သည့်အလား ခံစားလိုက်ရသည်။ သူတို့အား ပို၍ အံ့ဩတုန်လှုပ်သွားစေသည့် အချက်မှာ ထိုအကာအကွယ် ဒိုင်းကာမှ ပေါ်ထွက်လာသော တန်ပြန်အားမှာ သူတို့၏ အစွမ်းထက်တိုက်ကွက်များကို သူတို့ဆီသို့ ပြန်ကန်ထွက်လာအောင် တွန်းထုတ်လိုက်ခြင်းပင်ဖြစ်သည်။
သာမန် တုန်ရီမှုမျိုးသာ ဆိုပါက ရေးကြီးခွင်ကျယ်မဟုတ်ပါသော်လည်း ထို တန်ပြန်အားများထဲမှ ဝိညာဉ်ချီလေမုန်တိုင်းတစ်ခု ပေါ်ပေါက်လာပြီး အရပ်မျက်နှာအနှံ့သို့ တိုက်ခတ်သွား၏။ ထိုဂိုဏ်းသားနှစ်ယောက်မှာ နဂိုကတည်းက ထိပ်တန်းအဆင့် ဂိုဏ်းသားများမဟုတ်ကြပေ။ သူတို့မှာ ဝါရင့်ဂိုဏ်းသားများ ဖြစ်ကြပါသော်လည်း သူတို့၏ ကျင့်ကြံခြင်းအဆင့်မှာ အာနာပါန ပထမအဆင့်တွင် ရှိနေဆဲပင်ဖြစ်ရာ အဆင့်မမြင့်ပေ။ ယခုတွင် ထိုဝိညာဉ်ချီ လေမုန်တိုင်းကြီးမှာ သူတို့ဆီသို့ ဦးတည်တိုက်ခတ်လာပြီး သူတို့၏ ခန္ဓာကိုယ်အား အချိန်မရွေး လွှမ်းခြုံသွားတော့မည် ဖြစ်သည်။
သူတို့မှာ နာကျည်းစွာ အော်ဟစ်မြည်တမ်းရင်း သူတို့ထဲမှတစ်ယောက်မှာ ကယောင်ချောက်ချားနှင့် နောက်သို့ဆုတ်ခွာရန် ကြိုးပမ်းလိုက်ပါသော်လည်း အခြားတစ်ယောက်မှာမူ အချိန်မမီလိုက်ပေ။ သူ၏ ခန္ဓာကိုယ်မှာ ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ လူးလွန့်ကာ လေပေါ်သို့ မြောက်တက်သွားပြီး မြေကြီးပေါ်သို့ပြန်ကျလာသောအခါ သူ၏ ပါးစပ်ထဲမှ သွေးစိမ်းများ ပန်းထွက်လာ၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အားကြည့်ကာ သူသည် အစွမ်းထက်သော ပြိုင်ဘက်တစ်ယောက်နှင့် ကြုံခဲ့ရခြင်းဖြစ်ကြောင်း ရိပ်မိသွား၏။ အကယ်၍ သူ့အား တစ်စုံတစ်ယောက်မှ စောင့်ကြည့်မနေပါက သူသည် ဂရုစိုက်နေမည်မဟုတ်ပေ။ သို့သော် ယခုတွင်မူ သူတို့အား စောင့်ကြည့်နေကြသည့် လူများရှိနေပြီဖြစ်ရာ အကယ်၍ သူသာ ဆက်၍ တိုက်ခိုက်နေဦးမည်ဆိုပါက ကိုယ့်အရှက်ကို ခွဲနေသကဲ့သို့သာ ဖြစ်နေမည် ဖြစ်ကြောင်း သိလိုက်၏။ ထို့ကြောင့် သူသည် အရှုံးပေးရန် ဆုံးဖြတ်လိုက်တော့သည်။
ရှောင်တိမ်းသွားနိုင်ခဲ့သည့် သိုင်းပညာအဆောင်မှ ဂိုဏ်းသားမှာ အကူအဖွဲ့ဝင် တစ်ယောက်သာဖြစ်သည်။ ပြိုင်ပွဲဝင်ကိုယ်တိုင်က အရှုံးပေးလိုက်သည်ကို မြင်လိုက်ရသောအခါ သူသည် ရှုံ့မဲ့မဲ့သာ ရယ်မောလိုက်ပြီး သူ့အတိုင်းလိုက်၍ အရှုံးပေးလိုက်ရတော့သည်။ သူသည် ဝမ်ပေါင်လဲ့၏ ရှေ့တွင်ရှိနေသော ရွှေရောင်အလင်းတန်းကို ကြည့်မိလိုက်သောအခါ သူ၏မျက်ဝန်းများထဲတွင် တုန်လှုပ်ချောက်ချားမှုများကို အထင်းသား မြင်နေရဆဲပင်။
ထိုအဖြစ်အပျက်များမှာ မြန်ဆန်လွန်းနေသောကြောင့် ဆီးနှင်းဓားပျံကို ကိုင်ဆောင်ထားသည့် လုကျစ်ဟောင် ရောက်မလာခင်မှာပင် အရာအားလုံး ပြီးစီးသွား၏။
လုကျစ်ဟောင်မှာ ယခုလေးတင် အရှုံးပေးလိုက်သော ဂိုဏ်းသားနှစ်ယောက်ကို ကြည့်ကာ ရုတ်တရက်ဆိုသလို ဒေါသထောင်းခနဲ ထွက်သွားပြီး ဝမ်ပေါင်လဲ့အား ဒေါသတကြီး စိုက်ကြည့်လိုက်၏။
” ဝမ်ပေါင်လဲ့။ ငါတို့ သဘောတူထားတယ် မဟုတ်ဘူးလား။ မင်းပဲ ဘာမှမလုပ်ပါဘူးဆိုပြီး ကတိပေးခဲ့တာလေ။ ဒါ ငါ့ရဲ့ ပြိုင်ပွဲကွ ”
” ငါလည်း ဘာမှမလုပ်ဘူးဟ။ ငါ့ကိုယ်ငါ ကာကွယ်လိုက်ရုံပဲရှိတာ။ အဲဒါတောင် လုပ်လို့မရဘူးလား ”
ဝမ်ပေါင်လဲ့မှာ အမှန်တကယ်ပင် တိုက်ခိုက်ရန် ရည်ရွယ်ထားခြင်း မရှိသောကြောင့် သူ၏နဖူးကိုရိုက်ကာ ပြန်ပြောလိုက်၏။ သူ၏ ပြိုင်ဘက်များမှာ ယခုလောက် အားအင်ချည့်နဲ့နေလိမ့်မည်ဟု သူက မထင်ထားခဲ့ပေ။ အမှန်တွင် ထိုပုတီးစေ့များမှာ အတော်အတန်အစွမ်းထက်ပြီး ဝိညာဉ်ချီလှိုင်းများကို ထုတ်လွှတ်နိုင်အောင် ဝမ်ပေါင်လဲ့က တန်ပြန်ကမ္ဗည်းစာလုံးများဖြင့် ထပ်၍ အဆင့်မြှင့်ထားပါသော်လည်း ထိုဂုဏ်သတ္တိမှာ သိုင်းပညာအဆောင်မှ အစွမ်းထက်သော ပြိုင်ဘက်တစ်ယောက်အတွက် ဆိုလျှင် သိပ်၍ အံ့ဩတုန်လှုပ်ဖွယ်ရာ ကောင်းမည် မဟုတ်ပေ။
သို့သော် အရှုံးပေးသွားခဲ့သည့် နှစ်ယောက်မှာ ထိပ်တန်းအဆင့် ဂိုဏ်းသားများမဟုတ်ဘဲ သာမန်ဂိုဏ်းသားများသာ ဖြစ်နေသည်ပုံပင်။
ထိုအဖြစ်အပျက်များကို မြင်လိုက်ရသောအခါ သူ၏ အစီအစဉ်များမှာ လုံးဝ ပျက်ပြားသွားရပြီဖြစ်ကြောင်း ဝမ်ပေါင်လဲ့က တွေးလိုက်၏။ သို့သော် သူ၏ တုံ့ပြန်မှုမှာလည်း အလွန် လျင်မြန်၏။ ဝမ်ပေါင်လဲ့မှာ သူ့ကို အာရုံစိုက်နေသည့် လူများစွာ ရှိနေမည်ဖြစ်ကြောင်း သိထားသဖြင့် ချက်ချင်းပင် အဖတ်ဆယ်နိုင်ရန် ကြိုးပမ်းလိုက်၏။ သူသည် ကောင်းကင်ပေါ်သို့ မော့ကြည့်ကာ ကြိုးစား၍ ပြုံးလိုက်၏။
” အကြီးအကဲတို့၊ ဆရာတို့၊ အစ်ကို အစ်မတို့၊ ညီလေး ညီမလေးတို့… နေကောင်းကြရဲ့လား။ အဲ…. ကျနော့်နာမည်က ဝမ်ပေါင်လဲ့ပါ ”
” ဒီနေ့ ကျနော် ဓမ္မအဆောင်တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ အဲဒီ ဓမ္မအဆောင်ကို ရွှေခေါင်းလောင်းဒိုင်းကာလို့ ခေါ်ပါတယ်။ ကြားဖူးကြတယ်မလား။ ဂန္တဝင် ရွှေခေါင်းလောင်းဒိုင်းကာလေ ”
” အခု အားလုံးမြင်လိုက်ရတာကလည်း ရွှေခေါင်းလောင်းဒိုင်းကာပါပဲ။ ဒီ ဓမ္မအဆောင်က တော်တော်လေးကို အစွမ်းထက်တယ်။ အမြုတေနေရာမှာ သက်တံ့ဝိညာဉ်ကျောက်တုံးတွေကို သုံးထားပြီးတော့ ကမ္ဗည်းစာလုံးရေပေါင်း သုံးသောင်းကျော် ရေးထိုးထားတာ။ အဖိုးတန် ကြယ်ခေတ်သဲကို သုံးထားတာဖြစ်သလို မီးအေးအေးနဲ့ လေးဆယ့်ကိုးရက်တိတိ သန့်စင်ပြီးတော့မှ အပြီးသတ် ဖန်တီးပြုလုပ်ထားတာ ”
ထိုသို့ဆိုကာ ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်လိုက်၏။ သူသည် ထိုဓမ္မအဆောင်အကြောင်းကို ရှင်းပြရင်း သူ၏လေသံမှာ ပုံမှန်အတိုင်း ပြန်ဖြစ်လာ၏။
သို့သော် အမှန်တွင်မူ သူသည် စိတ်တိုနေရပြီ ဖြစ်သည်။ မီးရှူးမီးပန်းများကို အလကားအဖြစ်ခံ၍ မရသောကြောင့် လူတိုင်းက သူ့ကို အာရုံစိုက်နေတုန်း ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်ခြင်းဖြစ်သည်။ သူသည် ဆီးနှင်းဓားပျံကို မကြော်ငြာနိုင်တော့သောကြောင့် အကာအကွယ် ပုတီးစေ့များကိုသာ ကြော်ငြာလိုက်ရတော့သည်။
သူ ထိုသို့ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်ယံထဲရှိ ပွဲကြည့်စင်များပေါ်မှ လူတိုင်းမှာ အသားများတုန်ရီသွားကြ၏။ အနီရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းလူကြီးဆိုလျှင် အံ့ဩလွန်းသောကြောင့် ကြက်သေသေနေရပြီ ဖြစ်သည်။
” ဒီဖက်တီးက တကယ်ကို သူ့ရဲ့ပစ္စည်းတွေ ကြေညာနေတာပါလားဟ။ အဲဒါ စည်းမျဉ်းနဲ့ ငြိလား ”
အခြား အကြီးအကဲအားလုံးမှာလည်း ဆွံ့အနေကြပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့အား နှစ်သက်သဘောကျသော ဓမ္မလက်နက်အဆောင်မှ အကြီးအကဲကြီးသာလျှင် ချောင်းဟန့်လိုက်၏။
” ဒါကို စည်းကမ်းဖောက်တယ်လို့ သတ်မှတ်လို့မရပါဘူး။ သူက တခြားပြိုင်ပွဲဝင်တွေကိုမှ မထိခိုက်စေခဲ့တာ။ ဒါကို တိုက်ပွဲဗျူဟာတစ်ခုလို သတ်မှတ်လည်းရတယ်။ ဒီအဖြစ်အပျက်ကို ကြည့်ရင် ဒီကောင်လေးက ဉာဏ်ပြေးတယ်ဆိုတဲ့အချက်ကိုတောင် သိနိုင်တယ်… ”
သူ၏ စကားများကြောင့် အနီရောင်ဝတ်ရုံ ဆင်မြန်းထားသည့် သက်လတ်ပိုင်းလူကြီးနှင့် ဘေးပတ်ပတ်လည်မှ အကြီးအကဲများ၏ အမူအရာများမှာ အထူးတဆန်း ဖြစ်သွားကြ၏။ ဓမ္မလက်နက်အဆောင်မှ အကြီးအကဲကြီးမှာ ဝမ်ပေါင်လဲ့ဘက်မှ ပေါ်ပေါ်ထင်ထင် ရပ်တည်ပေးကာ ကူညီပေးနေရုံသာမက သူ့ကို ချီးကျူးနေသည် မဟုတ်ပါလော။ ဖြစ်ပျက်သွားခဲ့သည့် အရာအားလုံးမှာ တိုက်ပွဲဗျူဟာ တစ်ခုမျှသာဖြစ်ကြောင်း သူ ရှင်းပြလိုက်သည့်ပုံမှာ အမှန်တကယ်ပင် အံ့ဩဖွယ်ရာ ကောင်းနေ၏။
သူတို့၏ မျက်နှာချင်းဆိုင်တွင် ရှိနေသော စစ်တပ်ဘက်မှ စစ်သည်အားလုံးမှာလည်း ဆွံ့အမှင်တက်နေကြပြီ ဖြစ်သည်။ ကျိုးလုပင်လျှင် အံ့ဩတုန်လှုပ်နေပြီး ဗိုလ်ချုပ်ကြီးကျိုးဆိုလျှင် ရယ်မောနေပြီဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့အားကြည့်ကာ ပို၍ စိတ်ဝင်စားလာ၏။ သူ၏မျက်လုံးများထဲတွင်လည်း သဘောကျကျေနပ်နေသည့် အရိပ်အယောင်တစ်ခု ခပ်ရေးရေးခန့် ပေါ်လာ၏။
တချိန်တည်းမှာပင် အပြင်ဘက်ရှိ အဆင့်မြင့်ကျွန်း ပေါ်တွင်လည်း ဆူညံပွက်လော ရိုက်နေကြပြီဖြစ်သည်။ အဆောင်အားလုံးမှ ဂိုဏ်းသားများမှာ မှင်တက်နေကြပြီး တအံ့တဩ အော်ဟစ်လိုက်ကြ၏။
” တော်တော်ကိုအရှက်မရှိတာပဲ။ အရင်တုန်းကလည်း လူတွေ ကြော်ငြာဖူးတယ် ဆိုပေမယ့် ဒီလိုမျိုး တဲ့တိုးကြီးတော့ မဟုတ်ဘူးကွ ”
” တော်တော်ကို အတင့်ရဲလှပါလား။ အရင်တုန်းက ငါလည်း အဲဒီလိုမျိုးလုပ်ဖို့ တွေးခဲ့ဖူးပေမဲ့ မလုပ်ရဲခဲ့တာ ”
” ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်ကတော့… နာမည်ကြီးဦးမှာပဲ ”
ထိုဆူညံပွက်လောရိုက်သံများမှာ ပျံ့နှံ့သွားပြီး ဓမ္မလက်နက်အဆောင်မှ လူတိုင်းမှာမူ အသက်ပြင်းပြင်း ရှူလိုက်ကြတော့သည်။ ယခုလို အတင်းအကြပ် ကြော်ငြာလိုက်ခြင်းကြောင့် သူတို့မှာ ပြောစရာစကားပင် ရှာမတွေ့နိုင်လောက်အောင် ဖြစ်နေ၏။
သို့သော် ဝမ်ပေါင်လဲ့၏ ကြော်ငြာများမှာ ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။
” လူတိုင်းလည်း စိတ်ဝင်စားသွားကြပြီလို့ ထင်ပါတယ်။ ဒါပေမဲ့ ဒီဒုတိယအဆင့် အထွတ်အထိပ် ဓမ္မအဆောင်က ပိုပြီးတော့တောင် တမူထူးခြားတဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားသေးတယ်။ အဲဒီဓမ္မအဆောင်ထဲမှာ ကျနော်ကိုယ်တိုင် အထူးထည့်သွင်းထားတဲ့ တန်ပြန်ဂုဏ်သတ္တိတွေပါနေတဲ့ အပြင် အဲဒါက လူကြီးမင်းတို့အားလုံး အခုလေးတင် မြင်လိုက်ရတဲ့ ဝိညာဉ်ချီ လေမုန်တိုင်းမျိုးကိုလည်း ဖန်တီးပေးနိုင်သေးတယ်။ ဒါပေမဲ့ စောစောက လူကြီးမင်းတို့ မြင်လိုက်ရတဲ့ ပြင်းအားက ဂိတ်ဆုံးလို့ ထင်နေတာလား။ မဟုတ်ဘူးနော်။ ဒီမှာကြည့်လိုက် ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီး အသက်ပြင်းပြင်းရှူကာ သူ၏ညာလက်ကို မြှောက်၍ လင်းလင်နေဆဲဖြစ်သော ရွှေရောင်အလင်းတန်းအား လက်ညှိုးထိုးလိုက်၏။
ထိုအခါ ထိုအလင်းတန်းမှာ ချက်ချင်းဆိုသလိုပင် တွန့်လိမ်ပုံပျက်သွားပြီး ပရိတ်သတ် ထောင်ပေါင်းများစွာ၏ ရှေ့တွင် ကျယ်လောင်စွာပေါက်ကွဲသွား၏။ ထို့နောက် လေဖိအားလှိုင်းတစ်မျိုး ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ထိုအခြင်းအရာကြောင့် သိုင်းပညာအဆောင်မှ ဂိုဏ်းသားနှစ်ယောက်မှာ ထိတ်လန့် ကြောက်ရွံ့သွားကြပြီး ပင့်သက်များ ရှိုက်မိသွားကြ၏။
ထိုအခါ ဝေဟင်ရှိ ပရိတ်သတ်စင်မြင့်ပေါ်တွင် ရှိနေကြသော ကောင်းကင်တာအိုကျောင်းမှ အဆင့်မြင့်အရာရှိကြီးများ၊ စစ်တပ်မှလူများနှင့် ပြည်ထောင်စုအရာရှိကြီးများ၏ အမူအရာများမှာ ရုတ်တရက်ဆိုသလို တည်ကြည်သွားကြ၏။ သူတို့၏ အမြင်တွင် ဒုတိယအဆင့် အထွတ်အထိပ်ဓမ္မအဆောင်တစ်ခုမှာ အော်ဟစ်ကြွားဝါနေစရာ မဟုတ်ပေ။ သို့သော် ထို ဒုတိယအဆင့် ဓမ္မအဆောင်များထဲတွင် ထိုပုတီးစေ့၏ အစွမ်းမှာ သူတို့၏ အာရုံများကို ဖမ်းစားသွားနိုင်၏။
အပြင်ဘက်မှနေ၍ ကြည့်ရှုနေကြသော အဆင့်မြင့်ကျွန်းပေါ်မှ ဂိုဏ်းသားများမှာလည်း ရုတ်တရက်ဆိုသလို ငြိမ်ကျသွား၏။ သူတို့ထဲမှ တချို့ဆိုလျှင် အသက်များပင် မရှူနိုင်တော့ဘဲ တအံ့တဩနှင့် ငေးကြည့်နေကြပြီး တချို့မှာမူ အလွန် စိတ်ဝင်စားလာကြ၏။
ဝမ်ပေါင်လဲ့မှာ ကောင်းကင်ယံရှိ ပရိတ်သတ်စင်မြင့်အား လှမ်း၍ ကြည့်လိုက်၏။ ပရိတ်သတ်များ၏ မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ သူသည် စိတ်လှုပ်ရှားသွားပြီး ဆက်ပြောလိုက်၏။
” ဒါ ဒီ ဓမ္မအဆောင်ရဲ့ နောက်ဆုံး မဟာစွမ်းအားပါပဲ။ အကာအကွယ်အဖြစ်နဲ့ အသုံးပြုမယ်ဆိုရင် ပြိုင်ဘက်တွေက အလွယ်တကူ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး။ အဲဒီအချိန်မှာ ရုတ်တရက် ပေါက်ကွဲသွားမယ်ဆိုရင် အံ့ဩတုန်လှုပ်စရာ ဘယ်လောက်ကောင်းနေမလဲဆိုတာ စဉ်းစားကြည့်လိုက်ပေါ့ ”
” ဒီလိုမျိုး အဖိုးတန်ပြီးတော့ ဘက်စုံသုံးလို့ရတဲ့ဓမ္မအဆောင်ထဲမှာ ဘယ်သူမှ ထင်မှတ်မထားနိုင်တဲ့ အစွမ်းတွေ ကိန်းအောင်းနေတာ… လုကျစ်ဟောင်ရေ။ ဒါ ဘယ်လောက်တန်လိမ့်မယ်လို့ မင်းထင်လဲ ”
ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားနေပြီး လုကျစ်ဟောင်အား မျက်လုံးတစ်ဖက် မှိတ်ပြကာ အရိပ်အမြွက် ပြလိုက်၏။
good