ထိုသို့လှည့်ပတ်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်ထဲ စီးဝင်နေသော ဝိညာဉ်စွမ်းအားများက ရုတ်ခြည်း ဓာတ်နှောပမာဏအမြောက်အမြား စစ်ထုတ်လိုက်လေသည်။
ပြီးသည်နှင့် လက်ကျန် သန့်စင်ပြီးသွားသော ဝိညာဉ်စွမ်းအားများက သွေးကြောများမှတစ်ဆင့် ရွှီချင်း၏ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားရာ အထဲမှ တဂွိဂွိမြည်သံများ ထွက်ပေါ်လာသည်။
ယခင်က သူ့ခန္ဓာကိုယ်ထဲ ပြွတ်သိပ်နေခဲ့သောနေရာများက ပွင့်ထွက်သွားသည့်အလားပင်။ သူ့အသွေးအသားများ အားအင်ပြည့်ဖြိုးလာတော့သည်။
သူသည် ရှောင်ပုံရိပ်အား စိတ်ကူးဖြင့် ပုံဖော်လိုက်သည်။ ထိုအခါ ရှောင်သည် အသက်ဝင်နေဟန်တူပြီး ပုံသဏ္ဍာန်အမျိုးမျိုး လှုပ်ရှားနေသည်။
တောင်တန်းပင်လယ်ပညာရပ်ကို ကျင့်ကြံခြင်းပညာရပ်အဖြစ် သတ်မှတ်ထားပါသော်လည်း ကျင့်ကြံခြင်းနိယာမများ မပါဝင်ဘဲ ခန္ဓာကိုယ်အား သန့်စင်သည့် နည်းလမ်းများသာ ပါဝင်သည်။
ယင်းတွင် ချီစုစည်းခြင်းအဆင့် ( ၁၀ ) ဆင့်နှင့် ညီမျှသော စုစုပေါင်းအဆင့်ဆယ်ဆင့်ရှိသည်။
ကျင့်ကြံသူတစ်ယောက်က အဆင့်တစ်ဆင့်ကို အောင်မြင်သွားပါက ကျားပျိုတစ်ကောင်၏ ခွန်အားမျိုး ပိုင်ဆိုင်သွားမည်ဟု ဝါးပေလွှာက မိတ်ဆက်ထားသည်။ ကျားငါးကောင်ခွန်အားက ရှောင်တစ်ကောင်နှင့် ညီမျှပြီး ရှောင်နှစ်ကောင်က ကွေတစ်ကောင်နှင့် ညီမျှသည်။
မိတ်ဆက်တွင် ဆက်လက်ဖော်ပြထားသည်မှာ ရှောင်က တောင်ကြီးများကို ရွှေ့နိုင်ပြီး ကွေက ပင်လယ်သမုဒ္ဒရာများအား သယ်ဆောင်သွားနိုင်သည်ဟု ဆိုထားသည်။ သို့ဖြစ်၍ ထိုကျင့်ကြံခြင်းပညာရပ်ကို တောင်တန်းပင်လယ်ပညာရပ်ဟု ခေါ်ဆိုခြင်း ဖြစ်သည်။
ထိုစဉ် သူ့ရင်ဘတ်တွင် မြှုပ်ထားသော ခရမ်းရောင်သလင်းကျောက်က ဝိညာဉ်စွမ်းအားများအား လေပွေတစ်ခုပမာ အဆက်မပြတ် စုပ်ယူနေပြီး ဝိညာဉ်စွမ်းအားများသည်လည်း သလင်းကျောက်ထဲသို့ အတားအဆီးမရှိ ဝင်ရောက်နေသည်။ ရလဒ်အနေဖြင့် ရွှီချင်း၏ကျင့်ကြံခြင်းနှုန်းက တမုဟုတ်ချင်း တိုးတက်လာသည်။
အချိန်မည်မျှကြာသွားသည်မသိ ရွှီချင်း၏ခန္ဓာကိုယ်ထဲမှ တဂွိဂွိမြည်သံများ ထွက်ပေါ်လာပြီး အညစ်အကြေးများစွာက သူ့ခန္ဓာကိုယ်ရှိ မွေးညင်းပေါက်များမှတစ်ဆင့် အပြင်သို့ စီးဆင်းသွားလေသည်။
ထို့နောက် ဂူထဲတွင် စူးရှသောအနံ့တစ်မျိုး ထောင်းခနဲ ထလာသည်။
အညစ်အကြေးများ မရှိတော့သည်ဖြစ်၍ ရွှီချင်း၏ခန္ဓာကိုယ်က ယခင်ကထက် ပို၍ ကြည်လင်ဝင်းပလာသည်။ ဖုန်အလိမ်းလိမ်းဖြစ်နေခဲ့သော သူ့မျက်နှာသည်ပင် ယခုအခါ ပေါ်လွင်ထင်ရှားနေတော့သည်။
အချိန်အနည်းငယ်ကြာပြီးနောက် တဂွိဂွိမြည်သံများနှင့် ဝိညာဉ်စွမ်းအား စီးဆင်းနေခြင်းက တဖြည်းဖြည်း ရပ်တန့်သွားသည်။ ထိုအခါ ရွှီချင်း၏မျက်လုံးများ ပွင့်လာသည်။
သူ့မျက်ဝန်းများထဲတွင် ခရမ်းရောင်အလင်းတန်းတစ်တန်း ဖျတ်ခနဲ ပြေးသွားသည်။
ပြန်လည်သက်သာလာပြီးနောက် ရွှီချင်းမှာ အတန်ငယ် စိတ်ရှုပ်ထွေးသွားရသည်။
မကြာခင် မှောင်မည်းနေသော ဂူအတွင်းပိုင်းကို သူ့အမြင်အာရုံထဲတွင် ရှင်းလင်းပြတ်သားစွာ မြင်လာရသည်။ ထို့နောက် သူသည် ခန္ဓာကိုယ်အား ကပျာကယာ ငုံ့ကြည့်လိုက်ရာ မယုံကြည်နိုင်အောင် ဖြစ်နေသော အရိပ်အယောင်များ သူ့မျက်နှာပေါ် ထင်ဟပ်လာသည်။
“ ဒီခံစားချက်က …”
စိတ်လှုပ်ရှားသည့်အရိပ်အငွေ့များ ရွှီချင်း၏မျက်နှာပေါ် ဖြတ်ပြေးသွားသည်။ သူသည် မတ်တတ်ထရပ်၍ လက်သီးဖြင့် ထိုးလိုက်ရာ လေတိုးသံ တရွှီရွှီ ထွက်ပေါ်လာသည်။
ဂူက အလွန်ကျဉ်းမြောင်းလှ၍ သူ့ပြေးနှုန်းကို မစမ်းသပ်နိုင်ပေ။ သို့ပေမည့် သူ့ခြေထောက်များကို မြှောက်ကာ လက်သီးထိုးနေရသည့် ခံစားချက်များအရ သူ့ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းအသီးသီးက ကြီးစွာ တိုးတက်သွားပြီဖြစ်ကြောင်း သူ သိလိုက်သည်။
ထို့နောက် သူသည် ဘယ်လက်ရှိ အင်္ကျီကို ချက်ချင်းလိပ်တင်လိုက်သည်။
ထိုအခါ လက်မောင်းပေါ်တွင် လက်မအရွယ်အနက်ရောင်အစက်လေးတစ်စက်ကို မြင်လိုက်ရသောအခါ ရွှီချင်းသည် သက်ပြင်းရှည်ကြီးတစ်ချက်ရှိုက်သွင်းလိုက်ပြီး စိတ်လှုပ်ရှားနေသည့် ခံစားချက်များကို ချိုးနှိမ်ထားလိုက်သည်။
“ ဒါက ချီစုစည်းခြင်းအဆင့်တစ်ပေါ့ ”
ဝါးပေလွှာထဲတွင် ဖော်ပြချက်များအရ ထိုအနက်ရောင်အစက်မှာ တောင်တန်းပင်လယ်ပညာရပ်အား လေ့ကျင့်ထားသည့် လူတစ်ယောက်ရှိ သန္ဓေပြောင်းအမှတ်မှလွဲ၍ တခြားမဟုတ်ချေ။ ယင်းက ဘက်ဖက်လက်မောင်းတွင် တည်ရှိပြီး ကျင့်ကြံသူတစ်ဦးက အဆင့်တစ်ဆင့် အောင်မြင်သွားသည့်အခါတိုင်း အနက်ရောင်အစက်တစ်စက် တိုးလာမည်ဖြစ်သည်။
သူက လက်မောင်းပေါ်ရှိ သန္ဓေပြောင်းအမှတ်ကို ထိကြည့်လိုက်သည်။ ယခုအခါတွင် သူသည် ရုတ်ခြည်း အင်အားတိုးပွားလာသည့်အပေါ် စိတ်တက်ကြွနေသည်မှာ ထင်ရှားသည်။ ထို့နောက် သူက ခေါင်းမော့ကာ ဝင်ပေါက်ကိုလှမ်းကြည့်လိုက်ပြီး အပြင်ထွက်၍ ပြေးနှုန်းအား စမ်းသပ်ရန် အရုဏ်တက်ချိန်ကို စောင့်နေလေသည်။
မကြာခင် ရွှီချင်း၏မျက်နှာက သံသယများဖြင့် ပြည့်နှက်သွားသည်။ သူက ဝင်ပေါက်အနားတိုးကပ်သွားပြီး အာရုံစိုက်၍ နားထောင်လိုက်သည်။
အပြင်ဘက်လောကကြီးက ပုံမှန်အတိုင်း မည်းမှောင်နေဆဲဖြစ်ပါသော်လည်း မူမမှန်သော အသံစိုးစဉ်းမျှ ထွက်ပေါ်မလာပေ။
ယင်းက ဤရက်များအတွင်း သူ တစ်ခါမှ မကြုံဖူးသော အခြေအနေဖြစ်သည်။
ယခင်က မိုးသောက်ယံမရောက်ခင် သန္ဓေပြောင်းသားရဲများနှင့် မကောင်းဆိုးဝါးများ၏ အသံများ မကြားရပါသော်လည်း မိုးစက်ကျသံတဖျောက်ဖျောက် ရှိနေသေးသည်။
သို့သော်လည်း ယခုအခါ၌ မိုးစက်ကျသံများသည်ပင် ပျောက်ကွယ်နေသည်။
“ ဒါဆိုရင် … ”
ရွှီချင်း၏ရင်ထဲတွင် အတွေးတစ်စ ပေါ်လာ၍ ယောက်ယက်ခတ်သွားရသည်။
သူသည် ဂူဝင်ပေါက်ကိုဖြတ်၍ စူးရှတောက်ပသော အလင်းတန်းတစ်တန်း ကျရောက်လာသည့်တိုင်အောင် စိတ်ရှည်စွာ စောင့်နေလေသည်။
အလင်းတန်းက ရွှီချင်း၏လောကကြီးတစ်ခုလုံးကို ဖြာကျသွားသည့်အလား သူ၏မျက်ဝန်းအိမ်များထဲတွင် ရောင်ပြန်ဟပ်သွားသည်။
အလင်းကို မြင်လိုက်သည်နှင့် ရွှီချင်း၏ခန္ဓာကိုယ် ဆတ်ခနဲ တုန်ရီသွားသည်။
သူသည် ခန္ဓာကိုယ်ပေါ် အလင်းတန်း ဖြာကျလာသည်အထိ ရှေ့သို့ တိုးကပ်သွားပြီး လက်ဖဝါးဖြင့် အလင်းကို ခံလိုက်သည်။ လက်ဖဝါးမှ အနွေးဓာတ်ကို သူ ခံစားလိုက်ရသည်။ အချိန်ကာလကြာမြင့်စွာ သူ မခံစားခဲ့ရသော ယင်းအသိက အိပ်ပျော်နေသော သူ့ဝိညာဉ်အား အသာအယာလှုပ်နှိုးလိုက်ဟန်တူသည်။
“ နေရောင်ခြည် …”
အချိန်အတော်ကြာပြီးနောက် ရွှီချင်း၏မျက်ဝန်းများထဲတွင် စူးရှတောက်ပသော အလင်းတစ်တန်း ဖြတ်ပြေးသွားပြီး သူက ပိတ်ဆို့ထားသည့်ပစ္စည်းများကို ဖယ်လိုက်သည်။ သူက ထွက်ပေါက်ကို တရွေ့ရွေ့ တွားသွားလာသည်နှင့်အမျှ လင်းရောင်ခြည်ကို ပို၍ ထိတွေ့လာရသည်။
ဂူအပြင်သို့ ရောက်ရောက်ချင်း သူက ခေါင်းမော့ကြည့်လိုက်ရာ တိမ်မည်းများကင်းစင်နေပြီး စူးရှတောက်ပသော နေမင်းကြီး ရှိနေသည်ကို မြင်လိုက်ရသည်။
ရက်ပေါင်းများစွာ ဖျားနာနေခဲ့သော အဘိုးကြီးတစ်ယောက်က မနက်ခင်းတွင် အားအင်ပြန်ပြည့်လာခဲ့သည့်ပမာပင်။ နောက်ဆုံး၌ တိမ်မည်းကန့်လန့်ကာကြီး ကွာကျသွားခဲ့ပြီး လောကကြီးအား နုပျိုလန်းဆန်းမှုများ ကျဆင်းခွင့်ပေးလိုက်တော့သည်။
“ မိုးရပ်သွားပြီပဲ ”
ရွှီချင်းသည် နေရောင်ခြည်အနွေးဓာတ်များ ရောယှက်ပါဝင်နေသော လေပြေတစ်ချက်ကို ရှူသွင်းလိုက်ပြီး နေရောင်ခြည်တန်းများအောက်ရှိ မြို့ပျက်ကြီးအား တိတ်ဆိတ်စွာ လှမ်းကြည့်လိုက်သည်။
အနီရင့်ရင့်ကောင်းကင်ပြင်အောက်ဝယ် မြို့ပျက်ကြီးထဲရှိ အရာအားလုံးက အရောင်အသွေးစုံလင်စွာ တောက်ပနေဟန်တူသည်။
အရုဏ်ဦးရောင်ခြည်တန်းများက မိုးသားတိမ်စိုင်များကို ထွင်းဖောက်၍ ရွှေရောင်ရေများ သွန်းဖြိုးရွာကျလာသည့်ပမာ မြို့ထဲရှိ အမှောင်ထုနှင့် မြူခိုးများကို လှည်းကျင်းသွားသည်။
နေရာအနှံ့အပြားတွင် ပြိုကျနေသော အဆောက်အအုံများ၊ မရေမတွက်နိုင်သော အစိမ်းပုပ်ရောင်အလောင်းများ၊ သွေးရောင်လွှမ်းနေသော ရွှံ့ဗွက်များ စသည့် အနိဋ္ဌာရုံမြင်ကွင်းက ဤနေရာတွင် ဖြစ်ပျက်သွားခဲ့သည့်ကပ်ဘေးကြီးကို ရွှီချင်းအား သတိရသွားစေဟန်တူသည်။
ရွှီချင်း၏ အကြည့်ထဲတွင် စိတ်ရှုပ်ထွေးသည့်အရိပ်အယောင်များ ထင်ဟပ်လာသည်။ မြို့အပြင်ဘက်ရှိ ဆင်းရဲသားရပ်ကွက်တွင် ခြောက်နှစ်ကြာ သူ နေထိုင်ခဲ့ပြီး ဤမြို့ကြီးကိုလည်း သူ မြင်ခဲ့ရသည်။
မြို့ကြီးထဲသို့ သူ သွားသည့်အကြိမ်ရေ နည်းပါးသော်လည်း ယင်းနေရာသည် လွန်ခဲ့သည့်ခြောက်နှစ်က သူ အနေချင်ဆုံးနေရာဖြစ်သည်။
“ ဒီမှာ ငါ ကျင့်ကြံခြင်းပညာရပ်တစ်မျိုး ရခဲ့တယ် ”
“ ဒီမှာ ငါ ခရမ်းရောင်သလင်းကျောက်ကို ရခဲ့တယ် ”
“ ဒီမှာ ငါ … အသက်ရှင်ခဲ့တယ် ”
ရွှီချင်းသည် တီးတိုးရေရွတ်လိုက်ပြီး တိတ်ဆိတ်ငြိမ်သက်သွားသည်။
အချိန်အတော်ကြာပြီးသောအခါမှသာ သူသည် သက်ပြင်းချ၍ အစိမ်းပုပ်ရောင်အလောင်းများထံ လျှောက်သွားသည်။ သူက အလောင်းကို ငုံ့ကြည့်နေပြီးနောက် သယ်သွားကာ ရှေ့ဆက်လျှောက်သွားသည်။
ထို့နောက် သူက ကွင်းပြင်ကျယ်ကြီးတစ်ခုထံ လျှောက်သွားကာ အလောင်းကို ချထားလိုက်သည်။ ပြီးသည်နှင့် သူက ချာခနဲလှည့်ကာ ဒုတိယမြောက်အလောင်းကို သယ်လာသည်။ ထို့နောက် တတိယမြောက်၊ စတုတ္ထမြောက် …
အလောင်းတချို့က လမ်းအစွန်အဖျားတွင် ရှိနေပြီး တချို့အလောင်းများမှာမူ အုတ်ကျိုးအုတ်ပဲ့များအောက်တွင် ပိနေလေသည်။
သို့တိုင် သူက ဘေးပတ်ဝန်းကျင်ရှိ အလောင်းများအားလုံးကို ကွင်းပြင်ကြီးထံ သယ်လာပြီး ထပ်ထားရာ တောင်ပုလေးတစ်လုံးပမာ ဖြစ်နေလေသည်။ တချို့အလောင်းများက အကောင်းပကတိရှိနေသေးသော်လည်း တချို့အလောင်းများမှာမူ ခန္ဓာကိုယ်အစိတ်အပိုင်းများ ပျောက်နေသည်။
ရွှီချင်းသည် အလောင်းပုံရှေ့တွင် ရပ်ကာ မီးရှို့လိုက်သည်။ ဓာတ်နှောများကြောင့်ပေလော၊ အလောင်းများကို မီးစွဲသွားသည်နှင့် တဟုန်းဟုန်း တောက်လောင်သွားကာ မီးခိုးထုကြီး ချက်ချင်း လွင့်တက်လာသည်။
မီးခိုးထုကြီးဘေး၌ ရွှီချင်းသည် မီးလောင်ကျွမ်းနေသော အလောင်းများကို မမှိတ်မသုဉ် ကြည့်နေပြီး နောက်ထပ်အလောင်းပုံတစ်ပုံထံ လျှောက်သွားလေသည်။ မကြာခင် ထိုအလောင်းပုံထံမှလည်း မီးခိုးငွေ့များ တလူလူလွင့်ပျံတက်လာပြီး တဖြည်းဖြည်း မီးစွဲသည့် အလောင်းပံအရေအတွက် တိုးပွားလာသည်။
မြို့ထဲသို့ နေရောင်ခြည် ကျရောက်လာသည့် ပထမနေ့၌ နေရောင်ခြည်တန်းမှလွဲ၍ မီးလောင်ကျွမ်းနေသော အလောင်းများထံမှ အနက်ရောင်မီးခိုးများသာ ရှိနေလေသည်။
အနက်ရောင်မီးခိုးတန်းများက ကောင်းကင်ယံသို့ လွင့်ပျံတက်သွားကာ နေရောင်ခြည်တန်းများအား ပိတ်ဆို့လိုက်သည်။ ယခုအခါ မနက်ခင်းရောင်ခြည်တန်းများသည်လည်း ကူကယ်ရာမဲ့သွားဟန်တူသည်။ ယင်းရောင်ခြည်တန်းလေးများက အနီပုပ်ရောင်ပြောင်းသွားကာ ကောင်းကင်ကြီး သက်ပြင်းချနေသည့်အလား ထင်မှတ်ရပေသည်။
မီးခိုးငွေ့တန်းများက မျက်ရည်စက်များအသွင် ပြောင်းလဲလာပြီး မြေပြင်ပေါ်တွင် ထင်ဟပ်နေသော မီးခိုးငွေ့အရိပ်များက မျက်ရည်စီးကြောင်းများ ဖြစ်လာဟန်တူသည်။
နောက်ဆုံးမျက်ရည်စီးကြောင်းထင်ဟပ်ရာနေရာက ခရမ်းရောင်အလင်းတန်းကို ရွှီချင်း ရှာတွေ့ခဲ့သည့်နေရာဖြစ်သည်။
ထိုနေရာ၌ ရွှီချင်းသည် ဆေးဆိုင်မှ အဘိုးအို၏အလောင်းအား ချထားလိုက်သည်။ သူက အလောင်းအား မီးမြှိုက်လိုက်သည်နှင့် အပူလှိုင်းများ ပျံ့လွင့်လာရာ ဘေးမှာ ရပ်နေလိုက်သည်။ မီးတောက်များက ယိမ်းနွဲ့နေကာ သူ့မျက်ဝန်းများထဲတွင် ရောင်ပြန်ဟပ်နေတော့သည်။
အပူရှိန်ကြောင့် သူ၏ ရှုပ်ပွနေသော ဆံပင်ရှည်များသည်လည်း တဖြည်းဖြည်း ကောက်လာဟန်တူသည်။ အချိန်အတော်ကြာပြီးနောက် ရွှီချင်းက ကိုယ်ကိုကိုင်းကာ ဦးညွှတ်၍ ဆုတောင်းစကား ဆိုလိုက်သည်။
“ ခင်ဗျားတို့အားလုံး ငြိမ်းငြိမ်းချမ်းချမ်း အနားယူနိုင်ပါစေလို့ … ကျုပ် ဆန္ဒပြုပါတယ် ”
ထိုအခါ မီးတောက်များက ရုတ်ခြည်း အရှိန်တညီးညီး လောင်ကျွမ်းလာပြီး အပူရှိန်သည်လည်း တဖြည်းဖြည်း မြင့်တက်လာသည်။ မီးပွားလေးများက ဒုဓလီသစ်စေ့များ ဖြန့်ကျဲလိုက်သည့်ပမာ လေနှင့်အတူ လွင့်မျောသွားသည်။
ရစ်ခွေလွင့်ပျံတက်နေသော မီးခိုးငွေ့များထဲတွင် လွင့်ပါးပျောက်ကွယ်သွားအောင် မစွမ်းဆောင်နိုင်သည့် အလိုမကျခြင်းနှင့် နောင်တများ ကိန်းအောင်းနေသည့်အလားပင်၊ လေထုကြီးသည်ပင် ခံစားချက်များကို ခွဲခြားရန် မစွမ်းသာပေ။
မီးခိုးထုကြီးက အထက်သို့ မြင့်တက်သွားသည်နှင့်အမျှ ကောင်းကင်ကြီးတွင် ဒဏ်ရာဒဏ်ချက်များ ပေါ်ပေါက်လာသည့်ပမာပင်။
ယင်းဒဏ်ရာများက ဝိုးတဝါးဖြစ်နေပြီး ကူကယ်ရာမဲ့နေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေပေသည်။
***
အချိန်အတော်ကြာပြီးနောက် ခြေသံတရှပ်ရှပ် ထွက်ပေါ်လာပြီး လူငယ်လေး၏နောက်မှ အမျိုးအမည်ခွဲခြားရခက်သော အသံတစ်သံ လွင့်ပျံလာသည်။
“ ငါတို့လမ်းမှာ အလောင်းတစ်လောင်းမှ မတွေ့ရပါဘူးလို့ ငါ ပြောသားပဲ။ ဒီတော့ ဒီသနားစရာကောင်လေးက အလောင်းတွေကို သင်္ဂြိုဟ်ဖို့ အချိန်တွေ၊ ခွန်အားတွေ ဖြုန်းတီးနေတာကိုး ”
“ မင်းက ဒီလောက်တောင် အဖြစ်သည်းနေမှတော့ သူတို့နောက်ကို အဖော်ပြုပေးဖို့ မင်းကို ငါ မီးထဲ ထည့်ပေးမယ် ”
ထိုစကားများကို ကြားသည်နှင့် ရွှီချင်းသည် ထိုလူများကို ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။
ဘာသာပြန်သူမှတ်စု။ ကွေဆိုသည်မှာ တရုတ်ဒဏ္ဍာရီလာသတ္တဝါတစ်ကောင် ဖြစ်ပေသည်။
***
good
Good