” အဲဒီ ကုတ်ချောင်းချောင်းနဲ့ ဖက်တီးက ငါတို့ရဲ့ကျောင်းကို အများကြီးအကျိုးပြုခဲ့တဲ့ ဝမ်ပေါင်လဲ့ ဆိုတဲ့ကောင်လား ”
ကောင်းကင်ယံထဲရှိ စောင်းတန်းများထဲရှိ ပွဲကြည့်စင်ပေါ်မှ အနီရောင် ဝတ်ရုံတစ်ခုကို ဆင်မြန်းထားသော သက်လတ်ပိုင်း လူကြီးတစ်ယောက်မှာ ဝမ်ပေါင်လဲ့တစ်ယောက် သူတို့အား ခိုး၍လှမ်းကြည့်နေသည်ကို သတိထားမိလိုက်သဖြင့် ပြုံးကာမေးလိုက်၏။
ထို ဝတ်ရုံနီ သက်လတ်ပိုင်း လူကြီး၏ ဘေးတွင် အကြီးအကဲတစ်ယောက်ထိုင်နေ၏။ ဝမ်ပေါင်လဲ့မှာ သူ့အား သေသေချာချာ မကြည့်မိလိုက်ပါသော်လည်း ထိုလူမှာ သူ အဆင့်နိမ့်ကျွန်းတွင် ရှိခဲ့စဉ်တုန်းက သူ့အား အထင်ကြီးသဘောကျခဲ့သောကြောင့် ဓမ္မအဆောင်များ လက်ဆောင်ပေးခဲ့သည့် ဓမ္မလက်နက်အဆောင်မှ အကြီးအကဲကြီးပင် ဖြစ်သည်။
ယခုတွင်မူ သူသည် ပြုံးရွှင်နေပြီး သူ၏ မျက်ဝန်းများထဲတွင်လည်း သဘောကျကျေနပ်နေသည့် အရိပ်အယောင်များနှင့် ပြည့်နှက်နေ၏။ သူ၏ဘေးရှိ သက်လတ်ပိုင်း လူကြီး၏ မေးခွန်းကို ကြားလိုက်ရပြီးနောက် သူသည် ရွှင်ပျစွာ ပြန်ဖြေလိုက်သည်။
” လက်ထောက်ဂိုဏ်းချုပ်။ အဲဒါ သူပါပဲ ”
ဓမ္မလက်နက်အဆောင်မှ အကြီးအကဲကြီးက ထိုသို့ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ဘေးတွင်ရှိနေသော အခြားအကြီးအကဲကြီး တစ်ယောက်မှာ စပ်စပ်စုစုနှင့် မေးလိုက်၏။
” အဲဒီဖက်တီးက တော်တော်လေးကို ဟိတ်ဟန်ကြီးပြီးတော့ မှန်တစ်ချပ်ကို အမြဲတမ်း ကိုယ်နဲ့မကွာ ဆောင်ထားတတ်တယ်လို့ ငါ ကြားထားတယ်။ အဲဒါ အမှန်ပဲလား ”
ထိုအခါ ဝတ်ရုံနီ သက်လတ်ပိုင်း လူကြီး၏ နောက်တွင်ထိုင်နေသော ကောင်းကင်တာအိုကျောင်း၏ လက်ထောက်ဂိုဏ်းချုပ်ဆိုသူမှာ ရွှင်ပျစွာ
ဆိုလိုက်၏။
” ငါလည်း ဒီဖက်တီးအကြောင်းကို တခြားလူတွေဆီက ကြားဖူးထားတယ်။ သူက အရာရှိလုပ်ရတာ ကြိုက်ပြီးတော့ ပြည်ထောင်စုကြီးရဲ့ ဥက္ကဋ္ဌဖြစ်လာဖို့ ရည်မှန်းထားတာဆို ”
” ဒီကောင်လေးက စိတ်ရင်းတော့ ကောင်းတယ် ”
” ဟားဟား။ ဂိုဏ်းစောင့်အကြီးအကဲကြီးဆိုရင် သူ့ကို သဘောကျလိမ့်မယ်လို့ ငါထင်တယ် ”
လူအုပ်ကြီးထဲမှ ရယ်မောသံများစွာ ပေါ်ထွက်လာ၏။ ထိုနေရာတွင် ထိုင်ခွင့်ရသူများအားလုံးမှာ အဆင့်မြင့်ကျွန်းပေါ်ရှိ အဆောင်များမှ အကြီးအကဲများ ဖြစ်ကြသည်။ ပုံမှန်ဆိုလျှင် သူတို့ကို မြင်ရကြားရလေ့ မရှိပါသော်လည်း သူတို့၏ အမူအရာများမှ တင်းမာခက်ထန်ကြသည်ဟု လူအများက ဆိုကြ၏။ သို့သော် ယခုတွင်မူ သူတို့အားလုံးမှာ အတူတူ ရှိနေကြသောကြောင့် သူတို့၏ အမူအရာများမှာ ပုံမှန်ထက်ပို၍ ရွှင်ပျနေကြ၏။ သူတို့မှာ ဝမ်ပေါင်လဲ့အား လှမ်းကြည့်ရင်း တစ်ယောက်နှင့်တစ်ယောက် ကျီစယ်နေကြ၏။ သူတို့၏ မျက်ဝန်းများထဲတွင်မူ ဝါရင့်ကြီးများက လူငယ်မျိုးဆက်သစ်များကို ကြည့်နေသကဲ့သို့ သဘောကျ ကျေနပ်နေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။
တချိန်တည်းမှာပင် စစ်တပ်ဘက်မှ လူများ၏ ပရိတ်သတ်စင်မြင့်ပေါ်ရှိ အနက်ရောင်ဝတ်ရုံတစ်ခုကို ဆင်မြန်ထားပြီး မျက်နှာပေါ်တွင် အမာရွတ်တစ်ခု ရှိနေသည့် လူထွားကြီးမှာ ခံစားချက်များ ရှုပ်ထွေးနေသည့် အမူအရာဖြင့် ဝမ်ပေါင်လဲ့ထံမှ အကြည့်လွှဲလိုက်၏။
” ကျိုးလု … အဲဒါ သမီးပြောတဲ့ ကောင်လား ”
” ဗိုလ်ချုပ်ကြီးရှင့်။ အဲဒါ သူပါပဲ။ သူနဲ့ ပတ်သတ်ပြီး သမီးလေ့လာစုံစမ်းထားတဲ့ အချက်အလက်တွေအရဆိုရင် သူက ဒီတာဝန်ကို ထမ်းဆောင်နိုင်မှာ မလွဲမသွေပါပဲ။ သူ့ကို အလားအလာရှိတဲ့ မျိုးစေ့တစ်ခုလိုမျိုး သတ်မှတ်လို့ရပါတယ်။ ဗိုလ်ချုပ်ကြီး ခဏနေလို့ သူ့ရဲ့စွမ်းဆောင်ရည်တွေကို မြင်လိုက်ရရင် သိသွားပါလိမ့်မယ်။ သူက ဓမ္မအဆောင်တွေ သန့်စင်တဲ့နေရာမှာတင် ကျွမ်းကျင်တာမဟုတ်ဘူး။ သူ့ရဲ့ အပြင်ခန္ဓာကလည်း တော်တော်ကိုအံ့သြဖို့ကောင်းပြီး သူနဲ့ခေတ်ပြိုင် ပညာသင်ဖက်တွေထက် အများကြီးပိုပြီး သာလွန်တယ် ”
ထို လူထွားကြီး၏ ဘေးတွင်ထိုင်နေသော ကျိုးလုမှာ သူ၏စကားသံကို ကြားလိုက်ရသောအခါ အမူအရာ တည်ကြည်သွား၏။ ထိုလူကြီးမှာ သူမ၏ဦးလေး ဖြစ်သည့်တိုင်အောင် အပြင်ဘက်၌ ရှိနေသည့် အချိန်များတွင် သူမသည် သူ့အား တရိုတသေ ပြောဆိုဆက်ဆံနေဆဲပင်။
” ဒါပေမဲ့ သမီးနဲ့ သူ့ရဲ့ကြားမှာ ကတောက်ကဆလေးတွေ ဖြစ်ထားတယ်လို့ ဦးလေး ကြားထားတယ်နော် ”
အနက်ရောင်ဝတ်ရုံနှင့် ဗိုလ်ချုပ်ကြီးကျိုးက ကျိုးလုအားကြည့်ကာ မေးလိုက်၏။
ကျိုးလုကမူ မည်သည့်စကားမှ ပြန်မပြောဘဲ ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ကာ ဗိုလ်ချုပ်ကြီးကျိုးအား ပေးလိုက်၏။ ထိုကျောက်စိမ်းပေလွှာထဲတွင် ဝမ်ပေါင်လဲ့နှင့် ပတ်သက်၍ သူမကိုယ်တိုင် လေ့လာစုံစမ်းထားသည့် အသေးစိတ်အချက်အလက်များ ပါဝင်၏။ ဗိုလ်ချုပ်ကြီးကျိုးမှာ ထိုကျောက်စိမ်းပေလွှာလေးအား ဖတ်ကြည့်လိုက်ပြီးနောက် သူ၏မျက်လုံးများထဲတွင် စူးစမ်းလိုစိတ်များ ပေါ်ပေါက်လာတော့သည်။
” အဲဒါဆိုလည်း အရင်ဆုံး သူ့ရဲ့ စွမ်းဆောင်ရည်ကို ကြည့်ကြတာပေါ့ ”
ဗိုလ်ချုပ်ကြီးကျိုးမှာ ရယ်မောကာ ဆိုလိုက်ပြီး ကျောက်စိမ်းပေလွှာလေးကို သိမ်းဆည်းကာ သိုင်းပညာအဆောင်ပြိုင်ပွဲအား အာရုံပြန်စိုက်လိုက်၏။
သိုင်းပညာအဆောင်ပြိုင်ပွဲ စတင်ခါနီးတွင် ခက်ထန်သော အသံကြီးတစ်သံက စည်းမျဉ်းစည်းကမ်းများကို ကြေညာလိုက်၏။
ထိုစည်းမျဉ်းများမှာ ရိုးရှင်းပေးသည်။ အရှေ့ဘက်နယ်မြေမှာ အာနာပါန ပထမအဆင့် ဝါရင့်များအတွက်ဖြစ်ပြီး တောင်ဘက်နယ်မြေ အာနာပါန ဒုတိယအဆင့် ဝါရင့်များအတွက် ဖြစ်သည်။ တတိယအဆင့်နှင့် စတုတ္ထအဆင့်မှာလည်း ထိုကဲ့သို့ပင် နယ်မြေတစ်ခုစီဖြစ်၏။ အလယ်ဗဟိုတွင်မူ အာနာပါန ပဉ္စမအဆင့် ဝါရင့်များက ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။
ပြိုင်ပွဲငါးခုကို တစ်ပြိုင်နက်တည်း ကျင်းပမည်ဖြစ်သည်။ နယ်မြေတစ်ခုချင်းစီတွင် တောင် သုံးဆယ့်နှစ်လုံးစီ ရှိကြပြီး ထိုတောင်များမှာ သီးခြား စစ်မြေပြင်တစ်ခုစီကို ဖန်တီးပေးထားသည့် အသေးစား တိုက်ခိုက်ရေးကွင်းတစ်ခုကဲ့သို့ ဖြစ်နေကြ၏။ ရှုံးထွက်စနစ်ဖြင့် ယှဉ်ပြိုင်တိုက်ခိုက်ပြီးနောက် လူတစ်ယောက်သာ ကျန်ရစ်ခဲ့မည်ဖြစ်သည်။
ထိုသို့ဖြင့် နယ်မြေတစ်ခုချင်းစီထဲမှ လူသုံးဆယ့်နှစ်ယောက်တိတိ ပေါ်ထွက်လာမည်ဖြစ်သည်။ ထို့နောက် ထိုသုံးဆယ့်နှစ်ယောက်မှာ ပြိုင်ပွဲ၏ ဒုတိယအဆင့်သို့ တက်လှမ်းကာ အဆင့်သတ်မှတ်ချက်တစ်ခု ထွက်ပေါ်လာသည်အထိ ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။ ထိုနည်းဖြင့် အာနာပါန ပထမအဆင့်မှ ပဉ္စမအဆင့်ရှိ အစွမ်းအထက်ဆုံး ပြိုင်ပွဲဝင်များကို ရွေးချယ်မည် ဖြစ်သည်။
ဒုတိယအဆင့်သို့ ရောက်သည်နှင့် အကူအဖွဲ့ဝင်များမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိတော့ပေ။ သူတို့မှာ ပထမအဆင့် တစ်ဆင့်တည်းတွင်သာ ကူညီပေးခွင့် ရှိသည်။ ၎င်းမှာ သိုင်းပညာအဆောင်အတွက် ကျင်းပပေးသည့် ပြိုင်ပွဲတစ်ခု မဟုတ်ပါလော။
ပထမအဆင့်မှာ တောင်တစ်လုံးချင်းစီပေါ်တွင် ယှဉ်ပြိုင်တိုက်ခိုက်ရမည့် ပြိုင်ပွဲများ ဖြစ်သည်။ တောင်တစ်လုံးချင်းစီပေါ်တွင် ဝင်ပေါက် ခြောက်ဆယ့်လေးပေါက်အထိရှိရာ အရပ်မျက်နှာတစ်ခုစီတွင် ဝင်ပေါက် ဆယ့်ခြောက်ပေါက်အထိ ရှိသည်ဟု သတ်မှတ်နိုင်၏။ ထို ဝင်ပေါက် ဆယ့်ခြောက်ပေါက်ထဲတွင် တောင်ဆီသို့ ဖောက်ထားသည့် လမ်းဆယ့်ခြောက်လမ်း ရှိနေ၏။
ထို လမ်း ဆယ့်ခြောက်လမ်းမှာ တောင်ပေါ်သို့ ဝေ့ဝိုက်ကာ တက်သွားရင်း လမ်းနှစ်လမ်းစီ ထိပ်တိုက်တွေ့ဆုံကာ တစ်လမ်းထဲအဖြစ် ပေါင်းစည်းသွားမည့် လမ်းဆုံရှစ်ခု ရှိမည်ဖြစ်သည်။
ထိုလမ်းဆုံများတွင် အဖွဲ့နှစ်ဖွဲ့မှာ ယှဉ်ပြိုင်တိုက်ခိုက်ကြရမည် ဖြစ်သည်။
ရှုံးနိမ့်သွားသူများမှာ ပြိုင်ပွဲမှ နှုတ်ထွက်ရမည်ဖြစ်ပြီး အနိုင်ရရှိသူမှာ လမ်းအတိုင်း ရှေ့သို့ ဆက်သွားကာ နောက်ထပ် လမ်းဆုံတစ်ခုတွင် အခြားတစ်ဖွဲ့နှင့် ထပ်၍ တိုက်ခိုက်ရမည်ဖြစ်သည်။ ထိုသို့ဖြင့် တောင်ထိပ်အနားသို့ ရောက်သွားသည်အထိ ဆက်လက် တိုက်ခိုက်ကြရမည်ဖြစ်သည်။ အရပ်မျက်နှာ တစ်ခုချင်းစီမှ တောင်ပေါ်သို့ တက်လာကြမည့် ဆယ့်ခြောက်ဖွဲ့ထဲတွင် အဖွဲ့တစ်ဖွဲ့သာ တောင်ထိပ်ပေါ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်မည် ဖြစ်သည်။ ထိုအဖွဲ့မှာ တောင်ထိပ်ပေါ်သို့ရောက်လျှင် အခြားအရပ်မျက်နှာ သုံးခုမှ အနိုင်ရရှိလာကြသည့် အဖွဲ့သုံးဖွဲ့နှင့် ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။
ထိုအဆင့်သို့ရောက်လျှင် အကူအဖွဲ့ဝင်များ၏ ပြိုင်ပွဲများမှာလည်း ပြီးဆုံးသွားလောက်ပြီ ဖြစ်သည်။ ထို့ကြောင့် ပြိုင်ပွဲဝင်များမှာ နောက်လာမည့် ပွဲများတွင် မိမိကိုယ်ကိုယ်သာ အားကိုးရတော့မည်ဖြစ်သည်။ နောက်ဆုံးတွင် အနိုင်ရရှိသူ တစ်ယောက်သာလျှင် ပြိုင်ပွဲ၏ ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခွင့်ကို ရရှိမည်ဖြစ်သည်။
စည်းမျဉ်းစည်းကမ်းများကို ရှင်းရှင်းလင်းလင်း နားလည်သွားပြီးနောက် အာနာပါန ပထမအဆင့်မှ ပြိုင်ပွဲဝင်များမှာ သိုင်းပညာအဆောင် စီစဉ်ပေးထားသည့်အတိုင်း မိမိနှင့် သက်ဆိုင်ရာ တောင်အသီးသီးထဲသို့ ဝင်ရောက်သွားကြ၏။ လုကျစ်ဟောင်မှာမူ ဝမ်ပေါင်လဲ့အား အရေးမလုပ်ဘဲ နောက်သို့လှည့်ကာ ရှေ့ဆုံးမှနေ၍ ပြေးထွက်သွား၏။
လုကျစ်ဟောင် တစ်ယောက် အလျင်လိုနေသည့်ပုံကို ကြည့်၍ ဝမ်ပေါင်လဲ့မှာ ခေါင်းသာယမ်းလိုက်၏။
” သူက ကလေးပဲ ရှိသေးလို့ပါ…. ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောကာ တဖြည်းဖြည်းနှင့် ရှေ့သို့ လှမ်းလာရင်း သူတို့အတွက် သတ်မှတ်ပေးထားသည့် တောင်ဆီသို့ ရောက်သွား၏။ ထို့နောက် သူတို့မှာ လမ်းတစ်လမ်းကို ရွေးချယ်လိုက်ကြပြီး တောင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် တက်သွားလိုက်ကြတော့သည်။
တချိန်တည်းမှာပင် ကောင်းကင်တာအိုကျောင်း၏ အထက်ရှိ ကောင်းကင်ယံတွင် ရှိနေခဲ့သော မန္တန်အစီအရင်ကြီးမှာ အသွင်ပြောင်းလဲသွားပြီဖြစ်သည်။ ယခုတွင် ဖန်သားပြင်ပေါင်း ထောင်ပေါင်းများစွာ ပေါ်ပေါက်လာပြီး လေပေါ်တွင် ရစ်ဝဲကာ တောင်တိုင်းပေါ်ရှိ အသင်းအဖွဲ့များအားလုံး၏ တိုက်ပွဲများကို ထုတ်လွှင့်ပြသနေ၏။ ထိုပြိုင်ပွဲကြီးကို ကြည့်ရှုနေကြသော အဆင့်မြင့်ကျွန်းပေါ်မှ ဂိုဏ်းသားပေါင်း ထောင်သောင်းများစွာမှာ ထိုဖန်သားပြင်များအပေါ် အာရုံအပြည့်စိုက်ထားကြ၏။
စည်းမျဉ်းများအရဆိုလျှင် အဖွဲ့တစ်ဖွဲ့ချင်းစီ ပြိုင်ပွဲမှ နှုတ်ထွက်ရပြီးတိုင်း သူတို့၏ ဖန်သားပြင်များမှာ ပျောက်ကွယ်သွားကြမည်ဖြစ်သည်။ နောက်ဆုံးတွင် ကျန်ရစ်ခဲ့ပြီး အာနပါန ပထမအဆင့်မှ ပဉ္စမအဆင့်ရှိ အနိုင်ရရှိသူများကိုသာ ဖော်ပြနေသည့် ဖန်သားပြင်ငါးခုသာ ကျန်ရစ်ခဲ့မည်ဖြစ်သည်။
” စပြီဟေ့ ”
” ဟားဟား။ ဒီပြိုင်ပွဲရဲ့ ရလဒ်က အရေးမကြီးဘူး။ အရေးကြီးဆုံးက ဘယ်လိုမျိုး ဆေးလုံးအသစ်တွေ၊ ဓမ္မအဆောင်အသစ်တွေ၊ မန္တန်အစီအရင်အသစ်တွေနဲ့ သားရဲအသစ်တွေကို ထုတ်သုံးမလဲဆိုတာကို မြင်ရဖို့ပဲ ”
အဆင့်မြင့်ကျွန်းပေါ်မှ ဂိုဏ်းသားပေါင်း ထောင်သောင်းများစွာမှာ ဖန်သားပြင်ပေါ်တွင် ထုတ်လွှင့်နေသော တောင်တက်လမ်များအပေါ် အာရုံစိုက်ထားကြစဉ်တွင် ရှေ့မှဦးဆောင်သွားနေသည့် လုကျစ်ဟောင်မှာ လမ်းဆုံတစ်ခုနားသို့ ချဉ်းကပ်သွား၏။ သူသည် တဖြည်းဖြည်းနှင့် အရှိန်လျှော့လိုက်ကာ နောက်သို့လှည့်လာပြီး လမ်းတစ်လျှောက်ရှိ ရှုခင်းများကို ရှုစားနေသော ဝမ်ပေါင်လဲ့အား မျက်မှောင်ကြုတ်၍ ကြည့်လိုက်၏။
” ဝမ်ပေါင်လဲ့။ ငါ နောက်ပိုင်းရောက်ရင် မင်းရဲ့ အကူအညီကို လိုမှာမဟုတ်ဘူး။ ဒါ ငါ့ရဲ့ ပြိုင်ပွဲပဲ ”
” စိတ်အေးအေး ထားစမ်းပါကွာ။ ငါ မင်းနဲ့ မပြိုင်ပါဘူးကွ လုကျစ်ဟောင်ရ။ မင်း စကားမပြောခင် နှာမမှုတ်လို့ မရဘူးလား။ အဲ့အပြုအမူက တော်တော်ကို ရိုင်းတယ်ကွ ”
ဝမ်ပေါင်လဲ့က လုကျစ်ဟောင်အား ပြန်ပြောလိုက်ပြီး လုကျစ်ဟောင် စကားပြန်မပြောနိုင်ခင်မှာပင် သူ၏လက်ကို ချက်ချင်း မြှောက်လိုက်ပြီး ဓားပျံငါးလက်ကို ထုတ်ယူလိုက်၏။
” ဒီဓားပျံတွေကို ယူလိုက်။ ပြီးမှ ငါ မင်းကို မကူညီလို့ပါဆိုပြီး စောဒက မတက်နဲ့နော်။ ဒီ ဆီးနှင်းဓားပျံ ငါးလက်နဲ့ဆိုရင် မင်း ပထမဆုံးပွဲကို အသာအယာလေး အနိုင်ယူလို့ရတယ်။ ဒါပေမဲ့ မင်း ထပ်ပြီးတော့ နှာမှုတ်နေဦးမယ်ဆိုရင်တော့ ငါ အဲဒီဓားပျံတွေကို ပြန်သိမ်းရလိမ့်မယ် ”
ဝမ်ပေါင်လဲ့က တည်ကြည်စွာဆိုလိုက်ပြီး ဂေါ်ဖီထုပ်များ ပစ်ပေးလိုက်သကဲ့သို့ ထို ဓားပျံငါးလက်အား လုကျစ်ဟောင်ဆီသို့ လှမ်း၍ ပစ်ပေးလိုက်၏။
ဝမ်ပေါင်လဲ့၏ စကားများကို ကြားလိုက်ရသောအခါ လုကျစ်ဟောင်မှာ အမျက်ချောင်းချောင်း ထွက်သွား၏။ ထို့ကြောင့် သူသည် ငြင်းဆိုရန် ပြင်လိုက်ပါသော်လည်း ထိုဓားပျံများဆီမှ ထွက်ပေါ်လာနေသော အေးစက်စက် အငွေ့အသက်များမှာ အလွန် အစွမ်းထက်ကာ အံ့ဩဖွယ်ရာ ကောင်းနေကြောင်း သတိထားမိလိုက်သောအခါ အံ့အားသင့်သွားရ၏။ ထို့ကြောင့် သူသည် အသက်ပြင်းပြင်း ရှူကာ သေသေချာချာ အကဲခတ်ကြည့်လိုက်သော အခါမှ ထိုဓားပျံ ငါးလက်စလုံးမှာ ဒုတိယအဆင့် အထွတ်အထိပ် ဓမ္မအဆောင်များ ဖြစ်နေသည့်ကို သိလိုက်ရ၏။
ထိုဓားပျံများ၏ အရည်အသွေးကြောင့် လုကျစ်ဟောင်မှာ သူ၏ ငြင်းဆန်လိုသော ဆန္ဒများကို မျိုသိပ်လိုက်ရတော့သည်။ ဝမ်ပေါင်လဲ့မှာ သူ၏ အကူအဖွဲ့ဝင် ဖြစ်သောကြောင့် သူပေးသော ဓားပျံများကို လက်ခံရယူရန်မှာ ရှက်စရာမဟုတ်ကြောင်း ရှာကြံတွေးတောကာ ၎င်းတို့ကို ချက်ချင်းပင် လက်ခံလိုက်၏။ သူသည် မောက်မာဝံ့ကြွားသည့် အမူအရာဖြင့် နှာမှုတ်ရန် ပြင်လိုက်ပါသော်လည်း ဝမ်ပေါင်လဲ့ သူ့အား ထိုဓားပျံများကို ပေးအပ်ခဲ့စဉ်တုန်းက ပြောခဲ့သည့် စကားများကို ပြန်၍အမှတ်ရသွားသောကြောင့် တိတ်တိတ်ကလေးသာ ငြိမ်နေရန် ဆုံးဖြတ်လိုက်၏။ ထို့ကြောင့် သူသည် နောက်သို့ပြန်လှည့်သွားပြီး မေးငေါ့ကာ လမ်းဆုံဆီသို့ လျှောက်လှမ်းသွားလိုက်တော့သည်။
လုကျစ်ဟောင်၏ မောက်မာဝင့်ကြွားချင်ယောင် ဆောင်နေသော အမူအရာကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ ရယ်မောလိုက်၏။ သူသည် ကျေနပ်အားရနေပြီး ထိုဓားပျံငါးလက်ကို လှမ်းပစ်ပေးလိုက်သည့် အမူအရာမှာ အထင်ကြီးအံ့ဩဖွယ်ရာ ကောင်းနေသောကြောင့် လုကျစ်ဟောင်မှာ စိတ်သောက ရောက်နေရမည်ဟု တွေးတောလိုက်၏။ ထို့နောက် သူသည် လုကျစ်ဟောင်နှင့်အတူ ပထမဆုံး လမ်းဆုံဆီသို့ ရောက်ရှိသွားတော့သည်။
သူတို့မှာ လမ်းနှစ်လမ်း ဆုံသောနေရာတွင် ရပ်နေ၏။ ထိုနေရာမှာ ကြီးကြီးမားမားကြီးမဟုတ်ပေ။ သူတို့ရှေ့တွင် ရှိနေသော အကြည်ရောင် ဖန်သားပြင်ကြီးတစ်ခုမှာ သူတို့အား ရှေ့သို့ဆက်မသွားနိုင်အောင် လမ်းကို ပိတ်ဆို့ထား၏။ ထိုနေရာတွင် အဖွဲ့တစ်ဖွဲ့ ပြိုင်ပွဲမှ နှုတ်ထွက်ပြီးသွားသော အခါမှသာ ရှေ့သို့ဆက်၍ သွားနိုင်မည့်ပုံပင်။
သူတို့နှစ်ယောက် ထိုလမ်းဆုံသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် အခြားတစ်ဖက်ရှိ လမ်းပေါ်တွင်လည်း လူရိပ်နှစ်ခုမှာ ချက်ချင်းဆိုသလို ပေါ်လာ၏။ အာနာပါနအဆင့် ဝါရင့်တစ်ယောက်၏ အငွေ့အသက်များမှာ အနီးသို့ရောက်လာလေလေ ပို၍ အားကောင်းလာလေလေ ဖြစ်၏။
” သူတို့နှစ်ယောက်စလုံးက သိုင်းပညာအဆောင်က ဝါရင့်အဖွဲ့ဝင်တွေပဲ ”
လုကျစ်ဟောင်မှာ သူတို့နှစ်ယောက်ကို သိနေသောကြောင့် ချက်ချင်းပင် မန္တန်လက်ကွက်များ ဖော်လိုက်ပြီး ဆီးနှင်းဓားပျံ ငါးလက်ကို အရှိန်အဟုန်ပြင်းစွာ ထုတ်လွှတ်ကာ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။ ထိုအခါ အေးစက်စက် အငွေ့အသက်များမှာ ထိုပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
” ကျစ်ဟောင်။ ချသာချ။ မကြောက်နဲ့။ မင်းနာမည်ပိုကြီးသွားအောင် ငါ ကူညီပေးမယ်။ ဒီတိုက်ပွဲပြီးရင် အဆင့်မြင့်ကျွန်းပေါ်မှာ မင်း နာမည်ကျော်သွားစေရမယ် ”
ဝမ်ပေါင်လဲ့ကလည်း အသံအကျယ်ကြီးဖြင့် အော်ဟစ်အားပေးလိုက်သဖြင့် လုကျစ်ဟောင်၏ ဟိတ်ဟန်အမူအရာမှာ ပို၍ပင် ကြောက်စရာကောင်းသွား၏။ သူ၏ မျက်လုံးများထဲတွင်လည်း မျှော်လင့်ချက် အရိပ်အယောင်များ ထင်ဟပ်နေ၏။ ထို့နောက် သူသည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး သူ၏လက်ကိုဝှေ့ယမ်း၍ သိုလှောင်လက်ကောက်ထဲမှ သစ်သားရေပုံးလေး တစ်ပုံးကို ချက်ချင်းပင်ထုတ်ယူကာ ကောင်းကင်ပေါ်သို့ လှမ်းပစ်လိုက်၏။
ထိုအခါ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ထို ရေပုံလေးမှာ လေထဲတွင် အလွန် အရောင်စုံသော မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲသွား၏။ ထို့ကြောင့် ပွဲကြည့်စင်မြင့်ပေါ်ရှိ လူများ၏ အာရုံမှာ ထိုမြင်ကွင်းပေါ်သို့ ရောက်လာကြတော့သည်။ ထို မီးရှူးမီးပန်းများ ထွက်ပေါ်လာသောအခါ အဆင့်မြင့်ကျွန်းပေါ်ရှိ ဝမ်ပေါင်လဲ့နှင့် လုကျစ်ဟောင်တို့ကို ပြသနေသော ဖန်သားပြင်ကြီးမှာ ချက်ချင်းဆိုသလိုပင် လင်းလက်တောက်ပသွားသောကြောင့် ထောင်ပေါင်းများစွာသော ဖန်သားပြင်များထဲတွင် အကွဲထွက်ဆုံး ဖြစ်နေတော့သည်။ ထို့ကြောင့် အဆင့်မြင့်ကျွန်းပေါ်မှ လူတိုင်း စိတ်ဝင်စားသွားကြ၏။
” ဘာဖြစ်သွားတာလဲဟ ”
” လူတစ်ယောက်က တကယ်ကြီးကို မီးရှူးမီးပန်းတွေ လွှတ်နေတာပါလား။ ငါ အမြင်မှားနေတာတော့ မဟုတ်ပါဘူးနော် ”
” သူ ဘာတွေလုပ်နေတာလဲဟ ”
အဆင့်မြင့်ကျွန်းပေါ်ရှိ လူတိုင်းသာမက လေပေါ်တွင်ရှိနေကြသည့် စစ်တပ်နှင့် ကောင်းကင်တာအိုကျောင်းမှ အဆင့်မြင့် အရာရှိကြီးများအပါအဝင် ပြည်ထောင်စုကြီး၏ အရာအရှိများပင်လျှင် အံ့အားသင့်သွားကြ၏။ သူတို့မှာ သိုင်းပညာအဆောင်ပြိုင်ပွဲများကို နှစ်စဉ်နှစ်တိုင်းကြည့်ရှုခဲ့ပါသော်လည်း ယခုကဲ့သို့ လူတစ်ယောက်က မီးရှူးမီးပန်းများ ထုတ်လွှတ်လိုက်သည်ကိုမူ ပထမဆုံးအကြိမ်အဖြစ် ကြုံတွေ့ဖူးခြင်းဖြစ်သည်။
ထိုလူအုပ်ကြီးပင်လျှင် ထိုကဲ့သို့ လှည့်ကြည့်လိုက်ရသည်ဖြစ်ရာ သိုင်းပညာအဆောင်မှ ဝါရင့်ဂိုဏ်းသားနှစ်ယောက်ဆိုလျှင် ဆွံ့အမှင်တက်သွားရမည်မှာ သေချာပေါက်ပင်။
” သူက ဘာတွေလုပ်နေတာလဲဟ ”
” ဒါ သူ့ရဲ့ ကြောက်စရာအကောင်းဆုံး လှည့်ကွက်လား ”
ထိုဝါရင့်ဂိုဏ်းသားနှစ်ယောက်စလုံးမှာ ချက်ချင်းပင် အံ့ဩတုန်လှုပ်သွားကြပြီး ရင်ခုံသံများ မြန်လာတော့သည်။ ဆီးနှင်းဓားပျံများ သူတို့၏ အနီးသို့ ရောက်လာကြသောအခါ သူတို့မှာ သူတို့၏ လျှို့ဝှက်ပညာရပ်များကို ချက်ချင်းပင် ထုတ်သုံးလိုက်ကြသဖြင့် အဆပေါင်းများစွာပို၍ လျင်မြန်သွား၏။ သူတို့မှာ ဆီးနှင်းဓားပျံများကြောင့် ပွန်းပဲ့ဒဏ်ရာများ ရသွားကြပါသော်လည်း ဝမ်ပေါင်လဲ့ဆီသို့ ချက်ချင်းပင် ပြေးဝင်လာ၏။
ဝမ်ပေါင်လဲ့မှာ မည်သူမည်ဝါဖြစ်ကြောင်း သူတို့ မသိသေးသည့်အချက်မှာ သိသာထင်ရှားပေသည်။ ထို့အပြင် ဝမ်ပေါင်လဲ့တစ်ယောက် အစွမ်းထက်တိုက်ကွက်တစ်ခု ထုတ်လွှတ်လိုက်သည်ကို သူတို့က မြင်လိုက်ရသောကြောင့် သူတို့မှာ အနားယူရန်ခက်ခဲမည့် လုကျစ်ဟောင်အား မတိုက်ခိုက်ခင် ဤဖက်တီးအား အရင်ဆုံးရှင်းထုတ်ရန် ဆုံးဖြတ်လိုက်ကြ၏။
အဖြစ်အပျက်များမှာ သူစီစဉ်ထားသည့်အတိုင်း ဖြစ်မလာသောကြောင့် ဝမ်ပေါင်လဲ့မှာ စိုးရိမ်စိတ်များ ကြီးထွားလာရတော့သည်။ မီးရှူးမီးပန်းများမှာ အချိန်အတိုင်းအတာ တစ်ခုအထိသာ ပေါက်ကွဲနေမည်ဖြစ်ပြီး ကြာကြာခံမည် မဟုတ်ပေ။ သူသည် လုကျစ်ဟောင် သူ၏ ဆီးနှင်းဓားပျံများကို ထုတ်သုံးနိုင်ရန်အတွက် လူအများ၏ အာရုံကို တမင်တကာ ဖမ်းစားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အချိန်ဖြုန်းနေ၍မရမှန်းသိထားသဖြင့် သူသည် ချက်ချင်းပင် နောက်သို့ဆုတ်ကာ အော်ဟစ်လိုက်၏။
” ခင်ဗျားတို့ နှစ်ယောက်စလုံး မလောပါနဲ့ဦး။ ကျုပ်က ဓမ္မလက်နက်အဆောင်ကဆိုတော့ ဓမ္မအဆောင်တွေ သန့်စင်ရတဲ့ တာဝန်ကိုပဲ ယူထားတာပါ။ ကျုပ် သားနဲ့ပဲ တိုက်ခိုက်လေဗျာ “
good